အခန်း (၁၆၅-၁၆၆)
Vol. 17 Ch. 165-166
အခန်း (၁၆၅)
ကျွန်တော် တက်ဂယူနဲ့အတူ မြေအောက်ကားပါကင်ကို ဆင်းလာခဲ့တယ်။
"ကိုရီးယားပြန်ရောက်တာနဲ့ ဘာလို့ ချက်ချင်း ကိစ္စပေါ်လာရတာလဲ"
"တကယ်တော့ မင်းဆီ ပိုစောစော ဆက်သွယ်မလို့ပဲ၊ ဒါပေမဲ့ မင်းပြန်လာမယ့်အချိန်ကိုပဲ စောင့်နေလိုက်တာ"
"ဘာကိစ္စမလို့လဲ"
"သူ့မှာ ပြစရာတစ်ခုခု ရှိနေသလိုပဲကွ"
ကျွန်တော် ကားထုတ်ဖို့ လုပ်နေတုန်း တက်ဂယူက ယာဉ်မောင်းနေရာမှာ အရင်ဦးအောင် ဝင်ထိုင်လိုက်တယ်။
"ခဏလောက်တော့ ကားမမောင်းနဲ့ဦး၊ လိုအပ်ရင် ဒရိုင်ဘာတစ်ယောက် ငှားလိုက်"
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
"အဲဒါ ပိုကောင်းလိမ့်မယ်"
ပြီးခဲ့တဲ့တစ်ခေါက် နတ်မျက်စိကို မြင်ပြီးနောက်ပိုင်း လဲကျသွားသလိုမျိုး နောက်ထပ်မဖြစ်ဘူးလို့ မပြောနိုင်ဘူး။ တကယ်လို့ အဝေးပြေးလမ်းမပေါ်မှာ အဲဒါမျိုး ဖြစ်သွားရင် ကြီးမားတဲ့ မတော်တဆမှု ဖြစ်သွားနိုင်ပါတယ်။ ကားမမောင်းရုံတင်မကဘဲ တစ်အောင့်လောက်အထိ အစွန်းရောက်တဲ့အားကစားတွေမှာလည်း ပါဝင်တာမျိုး မလုပ်သင့်ဘူးလို့ ကျွန်တော်တွေးမိတယ်။
"မင်းကိုယ်တိုင်လည်း ကားမောင်းတာတို့၊ အားကစားလုပ်တာတို့ကို ဘယ်တုန်းကမှ လုပ်ချင်ခဲ့တာမှ မဟုတ်တာ"
"အဲဒါတော့ ဟုတ်တယ်"
ကျွန်တော် သက်ပြင်းချလိုက်တယ်။
"ငါက အိပ်မက်မက်ပြီး ရုတ်တရက် အိပ်ပျော်သွားတတ်တဲ့ ဝေဒနာရှင်လည်း မဟုတ်ဘဲနဲ့ကွာ"
အခုအချိန်ထိတော့ အဲဒီလိုပြဿနာမျိုးတွေကို တကယ်ကြီး မစိုးရိမ်ခဲ့မိဘူး။ ဒါပေမဲ့ တစ်ပတ်လောက် အိပ်ပျော်သွားပြီးမှ နိုးလာတယ်ဆိုတာကိုတော့ အနည်းငယ်တော့ စိတ်ပူမိတယ်လေ။ အနည်းဆုံးတော့ ခန္ဓာကိုယ်မှာ တိုက်ရိုက်ထိခိုက်တဲ့ ပြဿနာမျိုးမရှိလို့ တော်သေးတယ်လို့ ပြောရမလားပဲ။
OTK ကုမ္ပဏီရဲ့ ဘတ္ထရီသုတေသနဌာနဖြစ်တဲ့ OTK သုတေသနဌာနက ယုံအင်းမှာ တည်ရှိပါတယ်။ ဂန်နမ်နဲ့ မဝေးသလို ဆိုဆောင်း SB သုတေသနဌာနကလည်း အနီးအနားမှာပဲ ရှိတယ်။ ယုံအင်းက ဒုံတန်နဲ့လည်း သိပ်မဝေးလှဘူး။
ဒီလိုဖြစ်မယ်မှန်းသာ သိရင် အမေနဲ့အတူ တစ်ခါတည်း ဆင်းသွားခဲ့သင့်တာ။
တက်ဂယူ ကားမောင်းနေတုန်း အမေ ဘေးကင်းကင်းနဲ့ ရောက်သွားပြီလားဆိုတာ သိရအောင် ကျွန်တော် ဖုန်းဆက်ကြည့်လိုက်တယ်။
"ဒါနဲ့ သုတေသနဌာနမှာ ဘာတွေ သုတေသနလုပ်နေတာလဲ"
"သူတို့က ဘတ္ထရီ ကုန်ကြမ်းအသစ်တွေကို တီထွင်နေကြတာလေ"
ကျွန်တော် OTK သုတေသနဌာနကို တည်ထောင်ဖို့ အလုပ်ရှုပ်နေတုန်း တက်ဂယူကလည်း အလားတူပဲ ပရော်ဖက်ရှင်နယ် ဂိမ်းကစားခြင်းအသင်းဖြစ်တဲ့ OTK Magicians ကို တည်ထောင်ဖို့ အလုပ်များနေခဲ့တယ်။ အဲဒါကြောင့် ကျွန်တော် ပါမောက္ခ ကင်ဟိုမင်နဲ့ တစ်ခါမှမတွေ့ဖူးသလို သုတေသနဌာနရဲ့ အခြေအနေကိုလည်း သိပ်မသိခဲ့ဘူး။
ကျွန်တော် အကျဉ်းချုပ် ရှင်းပြလိုက်တယ်။
"လောလောဆယ် ဈေးကွက်ထဲမှာ သုံးနေတဲ့ ဘတ္ထရီအများစုက NCM ဘတ္ထရီတွေပဲ"
"NCM ဆိုတာ အတိုကောက်လား"
"ဟုတ်တယ်၊ နီကယ်၊ ကိုဘော့နဲ့ မန်ဂနိစ်တို့ရဲ့ အတိုကောက်ပဲ။ အဲ့ဒါတွေကို အတူတူ ရောစပ်ထားတာမလို့ Ternary ဘတ္ထရီလို့လည်း ခေါ်တယ်။ ဒါပေမဲ့ ပြဿနာက ကိုဘော့ဈေးနှုန်းတွေက အရမ်းမြင့်နေတာပဲ"
"ဘာလို့ အဲဒီလောက် ဈေးကြီးရတာလဲ"
"ရှားပါးသတ္တု ဖြစ်နေလို့လေ၊ ကမ္ဘာ့အရန် သတ္တုသိုက်ရဲ့ ထက်ဝက်က ကွန်ဂိုနိုင်ငံမှာ မြှုပ်နှံထားပြီး ကွန်ဂိုမှာက ပြည်တွင်းစစ်ကြောင့် ထောက်ပံ့မှုက မတည်ငြိမ်ဘူး"
အခြေခံအားဖြင့် ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းကို ဝယ်လိုအားနဲ့ ထောက်ပံ့မှုကပဲ ဆုံးဖြတ်တာပါ။ ထောက်ပံ့မှုက ဝယ်လိုအားထက် ကျော်လွန်ရင် ဈေးနှုန်းတွေ ကျဆင်းပြီး ဝယ်လိုအားက ထောက်ပံ့မှုထက် ကျော်လွန်ရင် ဈေးနှုန်းတွေ တက်လာတတ်တယ်။
"အဲဒီကြားထဲမှာ ဈေးကစားတာတွေလည်း ရှိသေးတယ်"
ကိုဘော့သတ္တုရိုင်းမှာ များသောအားဖြင့် အာဆင်းနစ် ဒါမှမဟုတ် ဆာလဖာလိုမျိုး အညစ်အကြေးတွေ ရောနှောနေပြီး ကိုဘော့ သန့်သန့်က ၃၀ ရာခိုင်နှုန်းခန့်ပဲ ပါဝင်တတ်တယ်။ အဲဒီထဲကနေ ကိုဘော့ကို ထုတ်ယူဖို့အတွက် အဆင့်မြင့် ပြုပြင်ထုတ်လုပ်မှု နည်းပညာ လိုအပ်ပါတယ်။
"ဒါပေမဲ့ ဒီပြုပြင်ထုတ်လုပ်တဲ့ ဈေးကွက်က ကုမ္ပဏီသုံးခုရဲ့ လက်ဝါးကြီးအုပ်မှု ဖြစ်နေတာကွ"
ပုံမှန်အားဖြင့်တော့ ဝက်ကမွေးပြီး လူက စားသလိုမျိုးပေါ့။ ပြုပြင်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ အမြတ်အစွန်းက သတ္တုတွင်း ကုမ္ပဏီတွေထက် ပိုများပါတယ်။ စျေးကစားဖို့အတွက် ဝယ်လိုအားကလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာပါ။
"သူတို့က မသုံးဘဲနဲ့တောင် ဝယ်ထားကြတာလား"
"ပိုက်ဆံရမယ်ဆိုရင် သူတို့က ဘာမဆို လုပ်မှာပေါ့ကွ"
ဒီလိုအခြေအနေမျိုးတွေက အတိတ်မှာ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ဖူးတယ်။
ငွေကြေးအကြပ်အတည်း မတိုင်ခင် ရေနံဈေးနှုန်းတွေ ထိုးတက်သွားတုန်းက စျေးကစားသူတွေနဲ့ Hedge Fundတွေက ရေနံတွေကို သိုလှောင်သိမ်းဆည်းခဲ့ကြတယ်။ ကုန်စည်ဒိုင်စာချုပ်တွေတင်မကဘဲ ရေနံအစစ်တွေကိုပါ အမြောက်အမြား ဝယ်ယူခဲ့ကြလို့ သိုလှောင်ရုံတွေ ပြတ်လပ်တဲ့အထိ ဖြစ်ခဲ့ရတယ်။ နောက်ဆုံးမှာတော့ သိုလှောင်ထားတဲ့ ရေနံတွေကို ပင်လယ်ထဲမှာ သိမ်းဆည်းဖို့အတွက် ရေနံတင်သင်္ဘောတွေကိုပါ ငှားရမ်းခဲ့ကြတယ်။
ရွှေနဲ့ ရေနံအတွက်တော့ ကံကောင်းထောက်မစွာပဲ အရောင်းအဝယ်ပမာဏ ကြီးမားလွန်းတာကြောင့် ဈေးနှုန်းအတက်အကျအပေါ် စျေးကစားမှု သက်ရောက်မှုက အကန့်အသတ်ပဲ ရှိပါတယ်။
ဒါပေမဲ့ ကိုဘော့ကျတော့ ထောက်ပံ့မှုက ကန့်သတ်ချက်ရှိနေပြီး စျေးကစားမှုကြောင့် ဈေးနှုန်းတွေက အကြီးအကျယ် အတက်အကျ ဖြစ်နေတာပါ။ ကွန်ဂိုမှာ ပြည်တွင်းစစ်ဖြစ်ပြီး နှစ်အနည်းငယ်အတွင်းမှာတင် ဈေးနှုန်းတွေက လေးဆထက်မက မြင့်တက်သွားခဲ့ပြီး နောက်ထပ် ဘယ်လောက်အထိ ထပ်တက်ဦးမလဲဆိုတာ မရေမရာ ဖြစ်နေပါတယ်။
"အဲဒီတော့ မင်းက ကိုဘော့နေရာမှာ အစားထိုးနိုင်မယ့် ကုန်ကြမ်းအသစ်ကို တီထွင်ဖို့ ကြိုးစားနေတာပေါ့လေ"
"မှန်တယ်"
ကျွန်တော်တို့တင်မကဘဲ ဘတ္ထရီကုမ္ပဏီအားလုံးကလည်း ဒီအခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ အားလုံးက Cathode ကုန်ကြမ်းတွေမှာ သုံးတဲ့ ကိုဘော့ပါဝင်မှုကို လျှော့ချဖို့အတွက် တက်တက်ကြွကြွ သုတေသနလုပ်နေကြတာလေ။
ကုမ္ပဏီတွေဆိုတာ သက်ရှိသတ္တဝါတွေလိုပါပဲ။ ဘယ်တော့မှ တစ်နေရာထဲမှာ ငြိမ်မနေပါဘူး။
FaceIt နဲ့ MPizza တို့က သုံးလပတ်တိုင်းမှာ သိသာထင်ရှားတဲ့ အမြတ်အစွန်းတွေ ထုတ်ပေးနေပေမဲ့ ဈေးကွက်ကို ချဲ့ထွင်ဖို့နဲ့ ဈေးကွက်ဝေစု တိုးလာစေဖို့အတွက် အဲဒီအမြတ်အားလုံးနီးပါးကို ပြန်လည်ရင်းနှီးမြှုပ်နှံခဲ့ကြတယ်။ အမြတ်ဝေစု ခွဲဝေပေးခြင်း မရှိတဲ့အတွက် OTK ကုမ္ပဏီထဲကိုလည်း ပိုက်ဆံ ဝင်မလာခဲ့ဘူး။ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံထားတဲ့ အခြားကုမ္ပဏီအများစုကလည်း ဒီအတိုင်းပါပဲ။
အခြားတစ်ဖက်မှာတော့ OTK Games က အနည်းငယ် ကွဲပြားပါတယ်။
ထုတ်လုပ်ရေး အကြီးအကဲဖြစ်တဲ့ အိချီကာဝါ ရှီဂဲရုက RPG ဂိမ်းတွေရဲ့ သမိုင်းကြောင်းနဲ့အတူ ရှိနေခဲ့တဲ့သူပါ။ RPG ဂိမ်းတွေရဲ့ တိုးတက်မှုနဲ့ ပျော်ရွှင်မှုတွေကို အခြားဘယ်သူ့ထက်မဆို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်ထားတဲ့အပြင် အသေးစား ငွေပေးချေမှုတွေ လုပ်လာအောင် ဘယ်လိုတွန်းအားပေးရမလဲ ဆိုတာကိုပါ သိထားတယ်။
ရလဒ်အနေနဲ့ Lost Fantasy M က မိုဘိုင်းလ်ဂိမ်းတွေထဲမှာ ထွက်ရှိလာကတည်းက ထိပ်ဆုံးနေရာကို တောက်လျှောက် ရယူထားနိုင်ခဲ့ပြီး ကိုရီးယားနဲ့ ဂျပန်မှာ စတင်မိတ်ဆက်ပြီးနောက် အရှေ့တောင်အာရှ၊ ဥရောပနဲ့ အမေရိကန်တို့မှာလည်း ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တယ်။
ထုတ်လုပ်ရေးကဏ္ဍမှာ လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်းနှုန်းက ပျမ်းမျှ ၁၀ ရာခိုင်နှုန်းဝန်းကျင်မှာ ရှိနေတတ်ပေမဲ့ ဂိမ်းလုပ်ငန်းမှာတော့ ၅၀ ရာခိုင်နှုန်းထက် ကျော်လွန်သွားနိုင်ပါတယ်။
ထုတ်လုပ်မှုကုန်ကျစရိတ်တွေမှာ အဓိကအားဖြင့် လုပ်အားခနဲ့ စျေးကွက်ရှာဖွေရေး စရိတ်တွေ ပါဝင်ပြီး အဲဒါတွေက အရောင်းပမာဏနဲ့ မသက်ဆိုင်တဲ့ ပုံသေကုန်ကျစရိတ်တွေပါ။ အဲဒါကြောင့် အရောင်းပမာဏက သတ်မှတ်ထားတဲ့ အဆင့်တစ်ခုထက် ကျော်လွန်သွားတာနဲ့ ကျန်တာအားလုံးက အသားတင်အမြတ် ဖြစ်လာတော့တာပဲ။
Lost Fantasy M ရဲ့ အောင်မြင်မှုကြောင့် OTK Games က ကြီးမားတဲ့ စည်းစိမ်ဥစ္စာတွေကို စုဆောင်းနိုင်ခဲ့တယ်။ စီမံကိန်းအသစ်တွေ အတွက် ထုတ်လုပ်ရေးကုန်ကျစရိတ်တွေကိုပဲ ချန်ထားပြီး အမြတ်ဝေစုတွေကို သုံးလပတ်အလိုက် ခွဲဝေပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
မူလက OTK Games ကို OTK ကုမ္ပဏီက ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတာ ဖြစ်ပေမဲ့ ဂိမ်းအောင်မြင်သွားပြီးနောက်မှာ အိချီကာဝါ ရှီဂဲရုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့က စတော့ရှယ်ယာ ဝယ်ယူခွင့်ကို အသုံးချပြီး ၁၂ ရာခိုင်နှုန်းကို ရယူခဲ့ကြတယ်။ အဲဒါကြောင့် အခု OTK ကုမ္ပဏီက ၈၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။
ကျွန်တော်တို့က အမြတ်ဝေစု ဒေါ်လာသန်းပေါင်းများစွာကို ကောက်ခံရရှိထားပြီးသား ဖြစ်လို့ အဲဒီပိုက်ဆံတွေကို ဘတ္ထရီသုတေသနဌာနထဲကို ရက်ရက်ရောရော ရင်းနှီးမြှုပ်နှံလိုက်တယ်။
သုတေသနဌာနဆိုတာ ရလဒ်တွေ ထွက်မလာရင် ပိုက်ဆံမျိုတဲ့ တွင်းနက်ကြီးတစ်ခုနဲ့ တူပါတယ်။ တကယ်လို့ OTK Games သာ မရှိခဲ့ရင် ကျွန်တော် အဲဒါကို တည်ထောင်ဖို့တောင် ရဲရဲဝံ့ဝံ့ တွေးရဲမှာ မဟုတ်ဘူး။
အဲဒါကြောင့် တက်ဂယူက OTK သုတေသနဌာနကို တည်ထောင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။
ပထမဆုံး စတင်တည်ထောင်တုန်းက ကျွန်တော် တစ်ခေါက် လာလည်ဖူးပေမဲ့ အလုပ်များတဲ့ အချိန်ဇယားကြောင့် ထပ်ပြီး မလာနိုင်ခဲ့ဘူး။ ဒါက ကျွန်တော့်ရဲ့ ဒုတိယအကြိမ်မြောက် အလည်အပတ်ခရီး ဖြစ်ပြီး တက်ဂယူအတွက်တော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ကျွန်တော်တို့ ရောက်ပြီဖြစ်ကြောင်း ဆက်သွယ်လိုက်တဲ့အခါ ပါမောက္ခ ကင်ဟိုမင်က သုတေသနဌာနမှာ ကျွန်တော်တို့ကို ထွက်ကြိုခဲ့တယ်။ ပထမဆုံးအကြိမ် တုန်းကလိုပဲ ပါမောက္ခ ကင်ဟိုမင်ရဲ့ ပုံစံက တော်တော်လေး နွမ်းဖတ်နေပုံရတယ်။
"မင်္ဂလာပါ။ မတွေ့ရတာ ကြာပြီနော်"
"ကျန်းကျန်းမာမာ ရှိပုံရတယ်၊ အခု အဆင်ပြေရဲ့လား"
ကျွန်တော် ပြုံးပြလိုက်တယ်။
"ခဏလောက် လဲကျသွားရုံတင်ပါ၊ သတင်းတွေက ချဲ့ကားရေးကြတာလေ။ မီဒီယာတွေက အမြဲတမ်း အဲဒီလိုပါပဲ"
"အဲဒီလို ကြားရမှပဲ စိတ်အေးသွားရတော့တယ်။ ငါ တော်တော်လေး စိတ်ပူနေခဲ့တာ"
ပါမောက္ခ ကင်ဟိုမင်က တက်ဂယူကိုလည်း နှုတ်ဆက်လိုက်တယ်။
"အခု အထဲကို ဝင်ကြရအောင်"
ကျွန်တော်တို့ ပါမောက္ခ ကင်ဟိုမင်ရဲ့ နောက်ကို လိုက်ပြီး အထဲကို ဝင်လာခဲ့တယ်။
သုတေသနဌာနက လုံခြုံရေး အလွန်မြင့်မားတာကြောင့် စောင့်ကြည့်ကင်မရာတွေ အပါအဝင် လုံခြုံရေးပစ္စည်း အမျိုးမျိုးကို တပ်ဆင်ထားပြီး X-Cop လုံခြုံရေးဝန်ထမ်းတွေက ၂၄ နာရီပတ်လုံး အလှည့်ကျ တာဝန်ထမ်းဆောင်နေကြပါတယ်။
ကျွန်တော် သုတေသနဌာနရဲ့ ဒါရိုက်တာကို စျေးကြီးတဲ့ စက်ပစ္စည်းတွေ ဝယ်ယူခွင့်နဲ့ လိုအပ်တဲ့ ဝန်ထမ်းတွေကို ခန့်အပ်ခွင့် အာဏာ ပေးထားပါတယ်။ လစာနဲ့ ဝယ်ယူမှုဆိုင်ရာ ညှိနှိုင်းမှုတွေကိုတော့ ကျွန်တော်တို့ကပဲ ကိုင်တွယ်ခဲ့တာပါ။
ပါမောက္ခ ကင်ဟိုမင်က သုတေသနဌာနကို ပြောင်းရွှေ့လာတဲ့အခါ သူနဲ့အတူ အလုပ်လုပ်ခဲ့တဲ့ သုတေသနပညာရှင် အားလုံးလည်း လိုက်ပါလာခဲ့ကြတယ်။ ပါမောက္ခ ကင်ဟိုမင်က မြင့်မားတဲ့ လူမှုရေးအဆင့်အတန်းနဲ့ ဂုဏ်သတင်းကို ကောင်းမွန်စွာရရှိခဲ့ပြီး ဝင်ငွေကောင်းကောင်း ရရှိခဲ့ပေမဲ့ လက်ထောက်တွေနဲ့ သုတေသနပညာရှင် အများစုကတော့ လစာနည်းပါးမှုနဲ့ အလုပ်အကိုင် မရေရာမှုတွေဒဏ်ကို ခံစားခဲ့ရတာပါ။
ကျွန်တော် သူတို့ကို လုပ်သက်အပေါ် မူတည်ပြီး ကော်ပိုရေးရှင်းကြီးတွေထက် ပိုများတဲ့ လစာတွေကို ပေးခဲ့တဲ့အပြင် အနည်းဆုံး ဆယ်နှစ်အထိ အလုပ်အကိုင် အာမခံချက်လည်း ပေးခဲ့တယ်။
ဒါ့အပြင် ပါမောက္ခ ကင်ဟိုမင်က MIT မှာ ပါရဂူဘွဲ့နဲ့ ဘွဲ့လွန်သင်တန်းတွေ တက်ရောက်နေတုန်းက ဆုံတွေ့ခဲ့တဲ့သူတွေ ကိုလည်း သုတေသနဌာနကို ဖိတ်ခေါ်ခဲ့တယ်။ သူတို့ရဲ့ သုတေသန နယ်ပယ်တွေ ဒါမှမဟုတ် အောင်မြင်မှုတွေအပေါ် ဝင်ရောက်စွက်ဖက်မှုတွေ ရှိမှာမဟုတ်တဲ့အတွက် သူတို့က သဘောကျခဲ့ကြပါတယ်။
ပြည်တွင်း တက္ကသိုလ်တွေ ဒါမှမဟုတ် အစိုးရ ရန်ပုံငွေပံ့ပိုးပေးထားတဲ့ သုတေသန အဖွဲ့အစည်းတွေမှာတော့ သုတေသနပညာရှင်တွေက သူတို့ အလိုရှိတဲ့ သုတေသနကို လုပ်ဆောင်ရမယ့်အစား အထက်လူကြီးတွေ သတ်မှတ်ပေးထားတဲ့ လေ့လာမှုတွေကိုပဲ လုပ်ဆောင်ရပါတယ်။ တကယ်လို့ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ ရလဒ်တွေ ထွက်မလာရင် ပံ့ပိုးကူညီမှုတွေ ရပ်ဆိုင်းခံရနိုင်သလို တခြားနေရာကို ပြောင်းရွှေ့ရတာမျိုးလည်း ရှိနိုင်တယ်လေ။
လိုအပ်တဲ့ နည်းပညာတွေကို လျင်လျင်မြန်မြန် တီထွင်ဖို့ကလည်း မရှိမဖြစ် လိုအပ်တာကြောင့် ဒီနည်းလမ်းကို လုံးဝမှားတယ်လို့တော့ သတ်မှတ်လို့ မရပါဘူး။ ဒီနည်းလမ်းကနေတစ်ဆင့် အောင်မြင်မှုတွေ အများကြီး ရရှိခဲ့တာလည်း အမှန်ပါပဲ။
ဒါပေမဲ့ သုတေသန စီမံကိန်းပေါ် မူတည်ပြီး တချို့သော ရလဒ်တွေကိုတော့ ရေတိုရလဒ်တွေ အကဲဖြတ်နိုင်မှာ မဟုတ်ဘဲ ရေရှည်မှာပဲ အကဲဖြတ်နိုင်မှာပါ။
ကျွန်တော် ဒီလိုပြောနေရပေမဲ့ ပါမောက္ခ ကင်ဟိုမင်ကို ပံ့ပိုးပေးရတဲ့ ကျွန်တော့်ရဲ့ တကယ့်စိတ်ရင်းကတော့ သူဟာ နိုဘယ် ဓာတုဗေဒဆုကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ယုံကြည်နေလို့ပါပဲ။
ပါမောက္ခ ကင်ဟိုမင်က ကျွန်တော်တို့ကို ဓာတ်ခွဲခန်းထဲကို လမ်းညွှန်ခေါ်ဆောင်သွားခဲ့ပြီး အဲဒီမှာ သုတေသနပညာရှင်တွေက စုဝေးရောက်ရှိနေကြပါပြီ။
သုတေသနဌာနတစ်ခုကို တွေးလိုက်ရင် များသောအားဖြင့် ရုပ်ရှင်တွေ ဒါမှမဟုတ် ဒရာမာတွေထဲကလိုမျိုး ခေတ်မီဆန်းသစ်တဲ့ စက်ပစ္စည်းတွေနဲ့ ထိပ်တန်းသုတေသနပညာရှင်တွေကိုပဲ မြင်ယောင်မိကြပါလိမ့်မယ်။
ဒါပေမဲ့ အမှန်တကယ် သုတေသနဌာနကတော့ သာမန်အဆောက်အဦးတစ်ခုနဲ့ ဘာမှမထူးခြားဘဲ သုတေသနပညာရှင်တွေကလည်း အားကစားဝတ်စုံတွေနဲ့ Crocsတွေကိုပဲ ဝတ်ဆင်ထားကြတာပါ။ သူတို့ရဲ့ ဆံပင်တွေက ရက်ပေါင်းများစွာ ရေမချိုးရသေးတဲ့ ပုံစံမျိုး ဖြစ်နေပြီး သူတို့ရဲ့ အဖြူရောင် ကုတ်အင်္ကျီတွေမှာလည်း အရောင်တွေ စွန်းထင်နေပါတယ်။
တကယ်လို့ သူတို့သာ ဂျာကင်အင်္ကျီတွေကို ဝတ်မထားရင် အိုးမဲ့အိမ်မဲ့တွေလို့တောင် ထင်မှတ်မိနိုင်တယ်။
သူတို့ရဲ့ နွမ်းဖတ်တဲ့ ပုံစံနဲ့ ဆန့်ကျင်ဘက်ပဲ သူတို့ရဲ့ မျက်လုံးတွေထဲမှာတော့ အောင်နိုင်သူတစ်ယောက်ရဲ့ အကြည့်နဲ့ အရောင်အဝါတွေ ရှိနေပုံရတယ်။
"ဘာကိစ္စရှိလို့လဲ"
ကျွန်တော့်ရဲ့ မေးခွန်းကို ပါမောက္ခ ကင်ဟိုမင်က ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်တယ်။
"ငါတို့တွေ ကိုဘော့နေရာမှာ အစားထိုးနိုင်မယ့် ကုန်ကြမ်းအသစ်ကို တီထွင်လိုက်နိုင်ပြီ"
အဲဒီစကားကြောင့် တက်ဂယူနဲ့ ကျွန်တော် နှစ်ယောက်စလုံး အံ့အားသင့်သွားရတယ်။
"အဲဒါ တကယ်ပဲလား"
ကျွန်တော်တို့က နှစ်အနည်းငယ်အတွင်း ရလဒ်ထွက်လာလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာပါ။ ဒါပေမဲ့ ဒါက မြန်လွန်းနေပါတယ်။
လောလောဆယ်မှာ ကိုဘော့က ထုတ်လုပ်မှုကုန်ကျစရိတ်ရဲ့ ၃၀ ရာခိုင်နှုန်းထက်မက ရှိနေတာလေ။ တကယ်လို့ ကျွန်တော်တို့က ကိုဘော့မဟုတ်တဲ့ အခြားကုန်ကြမ်းတွေနဲ့ လီသီယမ်အိုင်ယွန် ဘတ္ထရီကို ဖန်တီးနိုင်မယ်ဆိုရင် ဘတ္ထရီဈေးနှုန်းတွေကို သိသိသာသာ လျှော့ချနိုင်ပါလိမ့်မယ်။ တစ်နည်းအားဖြင့်ပြောရရင် ကျွန်တော်တို့က အခြားကုမ္ပဏီတွေထက် သာလွန်တဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ဈေးနှုန်းအသာစီးကို ရရှိသွားမှာပါ။
ပါမောက္ခ ကင်ဟိုမင်က ခေါင်းကို ကုတ်လိုက်တယ်။
"အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့ဦး၊ ပြဿနာတချို့တော့ ရှိသေးတယ်"
"ဘာပြဿနာမျိုးလဲ"
"ငါတို့ နောက်ထပ် သုတေသနတွေ လုပ်ဖို့ လိုအပ်သေးတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ကုန်ကြမ်းအသစ်ကို ထုတ်လုပ်တဲ့ ကုန်ကျစရိတ်က ကိုဘော့ထက် ၂၀ ရာခိုင်နှုန်း ပိုများနေသေးတယ်"
"......ဟမ်"
ကျွန်တော်တို့ အံ့အားသင့်ပြီး ဆွံ့အသွားခဲ့ရတယ်။
တက်ဂယူက မျက်တောင်ခတ်ရင်း ကျွန်တော့်ကို တိုးတိုးလေး မေးလာတယ်။
"ဒါက အတုလုပ်ထားတဲ့ ဒေါ်လာ ၁၀၀ တန်ကို ဖန်တီးဖို့ ဒေါ်လာ ၁၂၀ လိုအပ်တာနဲ့ ဘာကွာလို့လဲ"
"……."
ဟုတ်တယ်။ အတူတူပဲ။
ကိုဘော့က ဈေးကြီးလွန်းလို့ အစားထိုးပစ္စည်းတစ်ခုကို တီထွင်ဖို့ တွန်းအားပေးခဲ့တာပါ။ အခုကျတော့ သူတို့က ပိုပြီး စျေးကြီးတဲ့အရာကို တီထွင်လိုက်တာပဲ။
ကျွန်တော် စိတ်ပျက်မိသွားပေမဲ့ ချက်ချင်းပဲ ပြန်လည်သုံးသပ်လိုက်တယ်။ အခုလောလောဆယ်မှာ ပိုပြီး စျေးကြီးနေပေမဲ့ အနာဂတ်မှာ ကိုဘော့ဈေးနှုန်းတွေက ပိုပြီး မြင့်တက်လာရင် အခြေအနေက ပြောင်းလဲသွားနိုင်တယ် မဟုတ်လား။
စဉ်းစားကြည့်ရင် ရှေးလ်ဂက်စ်ကလည်း အလားတူ ကိစ္စမျိုးပဲ။ ရှေးလ်ကျောက်လွှာတွေထဲကနေ ဂက်စ်နဲ့ ရေနံတွေကို ထုတ်ယူတဲ့ နည်းလမ်းက ဟိုးအရင်ကတည်းက တီထွင်ထားတာ ဖြစ်ပေမဲ့ စီးပွားရေး အခြေအနေတွေက အဆင်မပြေခင်အထိတော့ ကြိုးစားပမ်းစား ထုတ်လုပ်မှုတွေ မလုပ်ခဲ့ကြဘူး။ နောက်ပိုင်းမှာ ရေနံဈေးနှုန်းတွေ ဆက်တိုက် မြင့်တက်လာတာနဲ့အမျှ အဲ့ဒါက နည်းပညာအသစ်တစ်ခုအနေနဲ့ အာရုံစိုက်မှုကို ရရှိခဲ့တာပါ။
ပြီးတော့ထောက်ပံ့မှု မတည်ငြိမ်တဲ့ ပြဿနာမရှိဘဲ ကုန်ကြမ်းတွေကို တည်တည်ငြိမ်ငြိမ် အာမခံချက်ရှိရှိ ရရှိနိုင်တာက ကြီးမားတဲ့ အားသာချက်တစ်ခုပဲ။ ကျွန်တော်တို့က အမြောက်အမြား ထုတ်လုပ်ခြင်းကနေတစ်ဆင့် ကုန်ကျစရိတ်တွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာဖွေနိုင်ကောင်း ရှာဖွေနိုင်မှာပါ။
ကျွန်တော်တို့ရဲ့ မျက်နှာအမူအရာကို မြင်လိုက်ရတဲ့အခါ ပါမောက္ခ ကင်ဟိုမင်က ပြုံးလိုက်တယ်။
"စိတ်ပျက်ဖို့ စောပါသေးတယ်၊ နောက်ထပ် အရာတစ်ခု ရှိသေးတယ်"
" ဘာများလဲ"
ကင်ဟိုမင်က လက်နှစ်ဖက်စလုံးမှာ စက်ဝိုင်းပုံစံ ဘတ္ထရီနှစ်လုံးကို မြှောက်ပြလိုက်တယ်။ အဲ့ဒီဘတ္ထရီတွေက အရွယ်အစားတူညီကြပေမဲ့ ဘယ်ဘက်တစ်ခုက အနီရောင်ဖြစ်ပြီး ညာဘက်တစ်ခုကတော့ အပြာရောင်ပါ။
"ဒါက ဘာလဲဆိုတာ သိလား"
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
"အဲဒါ 18650 ပဲ"
"မှန်တယ်၊ ဒါက စမတ်ဖုန်းတွေ၊ တက်ဘလက်တွေ၊ လက်ပ်တော့တွေ၊ ဒရုန်းတွေ အပါအဝင် မင်းတွေးမိသမျှ အရာအားလုံးမှာ သုံးလို့ရတဲ့ ဘက်စုံသုံး ဘတ္ထရီပဲ"
"အဲဒါကို လျှပ်စစ်ကားတွေမှာလည်း သုံးတယ်"
အကြောင်းရင်းကတော့ ဈေးသက်သာလို့ပါပဲ။ Nikola လျှပ်စစ်ကားတစ်စီးမှာ အဲဒီလို စက်ဝိုင်းပုံစံ ဘတ္ထရီပေါင်း ၁၀၀၀၀ နီးပါးကို အသုံးပြုထားတာပါ။
"ဘယ်ဘက်တစ်ခုက လက်ရှိသုံးနေတဲ့ NCM ဘတ္ထရီဖြစ်ပြီး ညာဘက်တစ်ခုကတော့ ကုန်ကြမ်းအသစ်တွေကို သုံးထားတဲ့ ဘတ္ထရီပဲ။ ယေဘုယျအားဖြင့် 18650က 3000mAhလောက် ရှိတတ်တယ်။ အဲဒီတော့ ကုန်ကြမ်းအသစ်တွေ သုံးထားတဲ့ ဒီဘတ္ထရီရဲ့ ပမာဏက ဘယ်လောက်ရှိမယ် ထင်လဲ"
"အင်း..."
ပါမောက္ခ ကင်ဟိုမင်က ပေါ့ပေါ့ပါးပါးပဲ ဆက်ပြောတယ်။
"ငါ့ရဲ့ ညာဘက်လက်ထဲက အပြာရောင် ဘတ္ထရီက 7000mAh ရှိတယ်"
"တကယ်ကြီးလား"
ကျွန်တော် စောနကထက် ပိုပြီး အံ့အားသင့်သွားရတယ်။ ဒါပေမဲ့ သူ့ရဲ့ စကားက မပြီးသေးပါဘူး။
"အားသွင်းနှုန်းကလည်း လက်ရှိရှိနေတဲ့ အရာတွေထက် လေးဆ ပိုမြန်တယ်။ တစ်နည်းအားဖြင့် ပမာဏကို နှစ်ဆ တိုးလိုက်ရင်တောင် အားသွင်းချိန်ကို ထက်ဝက် လျှော့ချနိုင်လိမ့်မယ်"
"……"
ကျွန်တော် ဆွံ့အသွားခဲ့တယ်။
လောလောဆယ်မှာ လျှပ်စစ်ကား ဘတ္ထရီတွေမှာ ကြီးမားတဲ့ ပြဿနာ သုံးခု ရှိနေတာပါ။ ပထမက ဈေးနှုန်း၊ ဒုတိယက ပမာဏ၊ တတိယက အားသွင်းနှုန်းပါပဲ။ အခုကျတော့ အဲဒီပြဿနာ သုံးခုထဲက နှစ်ခုအတွက် ဖြေရှင်းချက်ကို ရှာဖွေတွေ့ရှိသွားခဲ့ပါပြီ။
ပါမောက္ခ ကင်ဟိုမင်က အနေရခက်စွာ ပြုံးလိုက်တယ်။
"သီအိုရီအရတော့ မှန်ပါတယ်။ အမြန်အားသွင်းစနစ်ကို ရရှိဖို့အတွက် ဘတ္ထရီတွေကို သင့်တော်တဲ့ ကုန်ကြမ်းတွေ၊ သင့်တော်တဲ့ အားသွင်းစက်တွေနဲ့ ပြုလုပ်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ အမှန်တကယ် အရှိန်ကတော့ အားသွင်းတဲ့လုပ်ငန်းစဉ်မှာ အနည်းငယ် ကွဲပြားနိုင်တယ်။ ဒါပေမဲ့ တကယ့် ပြဿနာကတော့..."
ပါမောက္ခ ကင်ဟိုမင်က ဘတ္ထရီနှစ်လုံးကို စာပွဲပေါ်မှာ တင်လိုက်တယ်။ ပြီးနောက် စးက တစ်ဖက်ကနေ ထူထဲတဲ့ ကျောင်းသုံးစာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်ပြီး အနီရောင် ဘတ္ထရီပေါ်ကို ခပ်ဖွဖွလေး ရိုက်ချလိုက်တယ်။ ဘာမှ ဖြစ်မလာဘူး။
အပြာရောင် ဘတ္ထရီကိုလည်း ထိုနည်းအတိုင်းပဲ လုပ်ဆောင်လိုက်တယ်။
ဘုန်း
ခဏချင်းအတွင်းမှာတင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဘတ္ထရီရဲ့ မျက်နှာပြင်ကနေ မီးတောက်တွေ ထွက်လာခဲ့တယ်။ မီးက ဘတ္ထရီတစ်ခုလုံးကို လျင်လျင်မြန်မြန် လွှမ်းခြုံသွားခဲ့တယ်။
အဲဒီလို ဖြစ်ရပ်မျိုးတွေကို ကျင့်သားရနေပုံရတဲ့ အနားက သုတေသနပညာရှင်တစ်ယောက်က ပေါ့ပေါ့ပါးပါးပဲ မီးသတ်ဆေးဘူးနဲ့ လှမ်းဖျန်းလိုက်တယ်။
ရှူး
မီးတောက်တွေက လျင်လျင်မြန်မြန်ပဲ ငြိမ်းသွားခဲ့ရတယ်။
"မင်းတို့ မြင်တဲ့အတိုင်းပဲ၊ ဒါက အတော်ကို မတည်မငြိမ် ဖြစ်နေသေးတာ။ အနည်းငယ်လေး ထိခိုက်မိရုံနဲ့တင် ချက်ချင်း ပေါက်ကွဲသွားနိုင်တယ်။ တကယ်လို့ ငါတို့က NCM ဘတ္ထရီရဲ့ တည်ငြိမ်မှုကို ၁၀ လို့ သတ်မှတ်ရင် ဒါက ၁ တောင် မရှိဘူး"
ကျွန်တော် အရင်က ကြားဖူးခဲ့တဲ့ အရာတစ်ခုကို ပြန်လည်အမှတ်ရမိသွားတယ်။
သတ္တုသုံးမျိုးသုံး ဘတ္ထရီတွေမှာ ပမာဏနဲ့ တည်ငြိမ်မှုက ပြောင်းပြန်အချိုးကျတတ်တယ်။ ပမာဏက နှစ်ဆထက်မက တိုးလာတာမလို့ မတည်ငြိမ်မှု မြင့်တက်လာတာက သဘာဝကျပါတယ်။
"ဒါကို ဖြေရှင်းလို့ ရနိုင်မလား"
ပါမောက္ခ ကင်ဟိုမင်က ပြုံးလိုက်တယ်။
"အင်း။ ငါတို့တွေ အခုကစပြီး အဲဒါကိုအဖြေရှာရတော့မှာပေါ့"
အခန်း (၁၆၆)
လီသီယမ်အိုင်းယွန်း ဘတ္ထရီတွေက ရိုက်ခတ်မှုဒဏ် ခံရရင် ပေါက်ကွဲတတ်တဲ့ သဘာဝ ရှိပါတယ်။
L6 မှာ ဘတ္ထရီ ပြဿနာ ရှိနေခဲ့တာ မှန်ပေမဲ့ L6အပြင် စမတ်ဖုန်းတွေ ပေါက်ကွဲတဲ့ ဖြစ်စဉ်တွေ အများကြီး ရှိခဲ့ဖူးတယ်။
စမတ်ဖုန်းတွေက ဘတ္ထရီအသေးစားလေးတွေ သုံးတာမလို့ ပေါက်ကွဲရင်တောင် ပျက်စီးဆုံးရှုံးမှု ပမာဏက သေးငယ်ပြီး လူထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ဘူး။ ဒါပေမဲ့ လျှပ်စစ်ကားတွေကျတော့ တစ်မျိုးပါ။ လျှပ်စစ်ကား ဘတ္ထရီတွေက သိသိသာသာကြီးကို ပိုကြီးပြီး မောင်းနှင်နေတုန်း ကားပေါက်ကွဲသွားရင်တော့ ကြီးမားတဲ့ မတော်တဆမှုကို ဖြစ်စေပါတယ်။
တကယ်တော့ Nikolaရဲ့ လျှပ်စစ်ကားတွေဟာ ဘတ္ထရီ ပေါက်ကွဲမှုတချို့ ကြုံတွေ့ခဲ့ရပြီး ကားထဲကနေ မလွတ်မြောက်နိုင်ခဲ့တဲ့ ကားမောင်းသူတွေ သေဆုံးခဲ့ရဖူးတယ်။
ဒါက ဘတ္ထရီ ဘေးကင်းစိတ်ချရမှုဟာ အရေးကြီးဆုံး ဦးစားပေး ဖြစ်တယ်ဆိုတာကို ပေါ်လွင်စေတာပါပဲ။
tenary ဘတ္ထရီတွေရဲ့ Anode မှာ နီကယ်၊ မန်းဂနီးစ်နဲ့ ကိုဘော့တို့ ပါဝင်ပါတယ်။ ဒါပေမဲ့ စောနက ပေါက်ကွဲခဲ့တဲ့ ဘတ္ထရီကိုတော့ Anodeအတွက် နီကယ်၊ မန်းဂနီးစ်နဲ့ ပစ္စည်းအသစ်တစ်ခုကို ရောစပ်ပြီး ပြုလုပ်ထားတာပါ။
Anodeပစ္စည်းတွေရဲ့ အချိုးအစားကို ညှိယူတာ၊ Cathode နဲ့ Separator တွေကို ဘယ်လို ပုံဖော်မလဲဆိုတာတွေက မတည်ငြိမ်မှု ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခြေ ရှိပါတယ်။
ပါမောက္ခ ကင်ဟိုမင်နဲ့ သူရဲ့ သုတေသနအဖွဲ့ကတော့ ယုံကြည်ချက် အပြည့်ရှိနေပုံပါပဲ။
အခုဆိုရင် ကိုဘော့နေရာမှာ အစားထိုးဖို့ ပစ္စည်းအသစ်တစ်ခုကိုတောင် ထုတ်လုပ်နိုင်ခဲ့ပြီဆိုတော့ သူတို့ မလုပ်နိုင်တာ ဘာရှိဦးမှာလဲ။
လက်ရှိမှာ လျှပ်စစ်ကားတွေရဲ့ အများဆုံး မောင်းနှင်နိုင်တဲ့ အကွာအဝေးက ကီလိုမီတာ ၅၀၀ ဝန်းကျင် ရှိပါတယ်။ ဘတ္ထရီတွေ ပိုတပ်ဆင်ခြင်းအားဖြင့် အကွာအဝေးကို အကန့်အသတ်မရှိ တိုးမြှင့်နိုင်ပေမဲ့ ဒါက ဘတ္ထရီတွေရဲ့ ထုထည်ကြောင့် ကားအတွင်းခန်း နေရာလွတ်ကို လျော့နည်းစေပြီး ကုန်ကျစရိတ်ကို တိုးစေမယ့်အပြင် ကားရဲ့ အလေးချိန်ကိုလည်း ပိုလေးသွားစေပါလိမ့်မယ်။
ပိုလေးတဲ့ ကားတွေက စွမ်းအင် ထိရောက်မှုကို လျော့ကျစေပြီး ရလဒ်အနေနဲ့ မောင်းနှင်နိုင်တဲ့ အကွာအဝေးကို တိုတောင်းသွားစေပါတယ်။ ဒါ့အပြင် ပိုကြီးမားလာတဲ့ ဘတ္ထရီကို တည်ငြိမ်ပြီး ထိရောက်တဲ့ ပုံစံနဲ့ စီမံခန့်ခွဲဖို့က ခက်ခဲတဲ့ ပြဿနာတစ်ခုပါပဲ။
ဒါပေမဲ့ ဒီပစ္စည်းအသစ်သုံး ဘတ္ထရီကို သုံးရင်တော့ မောင်းနှင်နိုင်တဲ့ အကွာအဝေးကို ကီလိုမီတာ ၁,၀၀၀ ကျော်အထိ တိုးမြှင့်နိုင်မှာ ဖြစ်သလို လက်ရှိ မိနစ် ၃၀ ကျော် ကြာမြင့်နေတဲ့ အားသွင်းချိန်ကိုလည်း ထက်ဝက် လျှော့ချပေးနိုင်ပါလိမ့်မယ်။
“ပထမဆုံးအနေနဲ့ မူပိုင်ခွင့် အရင်လျှောက်ထားရမယ်”
စီးပွားရေးလုပ်ငန်း အသေးစားလေးတွေရဲ့ ဖြစ်ရပ်မှာဆိုရင် ကောင်းမွန်တဲ့ ထုတ်ကုန်တွေ ဒါမှမဟုတ် နည်းပညာတွေကို ကုမ္ပဏီကြီးတွေက လုယူသွားလေ့ ရှိပါတယ်။ ကိုယ့်ရဲ့ အခွင့်အရေးကို တောင်းဆိုဖို့ဆိုရင် မူပိုင်ခွင့်ကို အရင်ဆုံး ရယူထားဖို့က မရှိမဖြစ် လိုအပ်ပါတယ်။
မူပိုင်ခွင့် ရှိနေရင်တောင်မှ ကိုယ့်မှာ အာဏာမရှိရင် အလုခံရနိုင်သေးတာပဲ။ ဥပဒေတွေက ယေဘုယျအားဖြင့် အာဏာရှိတဲ့သူတွေဘက်ကပဲ ရပ်တည်ပေးတတ်ကြတာပါ။
ကျွန်တော့်အဖေရဲ့ ကုမ္ပဏီဆိုရင် မူပိုင်ခွင့် ရှိနေပါလျက်နဲ့ အွန်ဆောင်း မော်တာဆီ နည်းပညာ အလုခံခဲ့ရတယ်။ အဲဒီလုပ်ငန်းစဉ်ထဲမှာ ကုမ္ပဏီလည်း ပျက်စီးသွားပြီး ကျွန်တော့်အဖေလည်း ကွယ်လွန်သွားခဲ့ရတယ်။
ဒါပေမဲ့ ဒီတစ်ကြိမ်တော့ မတူတော့ဘူး။
OTK ကုမ္ပဏီမှာ လုံလောက်တဲ့ ငွေကြေးနဲ့ သြဇာအာဏာ ရှိနေပါပြီ။ အရင်လို အလစ်ငိုက် တိုက်ခိုက်ခံရမှာ မဟုတ်တော့ဘူး။
OTK သုတေသနဌာနက ကိုရီးယားနဲ့ အမေရိကန်မှာ မူပိုင်ခွင့် လျှောက်ထားလိုက်ပြီ။
သုတေသနဌာနကနေ ထုတ်လုပ်တဲ့ မူပိုင်ခွင့် အားလုံးက သုတေသနဌာနရဲ့ ပိုင်ဆိုင်မှု ဖြစ်ပြီး မူပိုင်ခွင့်ကြေးကနေ ရတဲ့ အကျိုးအမြတ်တွေကလည်း သုတေသနဌာနရဲ့ ပိုင်ဆိုင်မှုပဲ ဖြစ်ပါတယ်။
ဒီသုတေသနဌာနရဲ့ ရှယ်ယာ ၇၀ ရာခိုင်နှုန်းကို ငွေကြေးရင်းနှီးမြှုပ်နှံထားတဲ့ OTK ကုမ္ပဏီက ပိုင်ဆိုင်ပြီး ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကိုတော့ ဒါရိုက်တာဖြစ်သူ ပါမောက္ခ ကင်ဟိုမင်က ပိုင်ဆိုင်ပါတယ်။
ကျွန်တော် ဘတ္ထရီသုတေသနဌာနကို တည်ထောင်ခဲ့တဲ့ အကြောင်းရင်းက လျှပ်စစ်ကားတွေ ထုတ်လုပ်ဖို့ ဖြစ်ပေမဲ့ ဘတ္ထရီတွေက လျှပ်စစ်ကားတွေအတွက်တင် မဟုတ်ဘဲ ကြိုးမဲ့ လျှပ်စစ်ပစ္စည်း အားလုံးအတွက်ပါ မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတွေပါ။
စမတ်ဖုန်းတွေ၊ လက်ပ်တော့တွေ၊ ဒရုန်းတွေ၊ ရိုဘော့တွေ၊ ဆေးဘက်ဆိုင်ရာ ကိရိယာတွေ စသဖြင့်ပေါ့။
တကယ်လို့ ကျွန်တော်တို့ ဒါကို စီးပွားဖြစ် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ရင် ရှိနှင့်ပြီးသား NCM ဘတ္ထရီတွေနေရာမှာ အစားထိုးပြီး ဒုတိယအဆင့် ဘတ္ထရီစျေးကွက်ကို လုံးဝ လွှမ်းမိုးထားနိုင်ပါလိမ့်မယ်။
ဒီသတင်းကို ကြားရတဲ့အခါ စက်မှုလုပ်ငန်း နယ်ပယ်တစ်ခုလုံး တုန်လှုပ်သွားခဲ့တယ်။
ကိုဘော့နေရာမှာ အစားထိုးမယ့် ပစ္စည်းတစ်ခုကို ဒီလောက် လွယ်လွယ်ကူကူ ထုတ်လုပ်နိုင်တယ်ဆိုရင် ဘာလို့ ကျွန်တော်တို့တွေ အခုထိ ကိုဘော့အတွက် စျေးကြီးပေးနေခဲ့ကြရတာလဲ။
ဒါ့အပြင် ဒီပစ္စည်းအသစ်ကို အသုံးပြုထားတဲ့ ဘတ္ထရီတွေက ပမာဏကို နှစ်ဆ တိုးပေးနိုင်ပြီး အားသွင်းနှုန်းကိုလည်း လေးဆ မြှင့်တင်ပေးနိုင်ပါတယ်။
တချို့သူတွေကတော့ ဒါကို အရမ်းအကောင်းမမြင်သေးဖို့ ပြောကြတယ်။
များပြားလှတဲ့ မူပိုင်ခွင့်တွေထဲမှာ ဆယ်ခုမှာ တစ်ခုအောက်ကပဲ တကယ်တမ်း စီးပွားဖြစ် ထုတ်လုပ်နိုင်တာပါ။ ဒီတစ်ကြိမ်လည်း အတူတူပဲ ဖြစ်မှာပါဆိုပြီးတော့ပေါ့။
ဒါပေမဲ့ စျေးကွက်ကတော့ ဒါကို လက်မခံခဲ့ဘူး။
– ကိုဘော့အစားထိုး ပစ္စည်းတစ်ခုကို ဖန်တီးနိုင်ခဲ့တယ်ဆိုတာကိုက ရူးချင်စရာပဲ။
– ဒါပေမဲ့ NCM ဘတ္ထရီတွေကို အစားထိုးနိုင်တဲ့အထိ ဘေးကင်းမှုကို တကယ် စိတ်ချရပါ့မလား။
– စဉ်းစားကြည့်လေ။ ကန်ဂျင်ဟူ မအောင်မြင်ခဲ့တာ ဘာရှိလို့လဲ။
– အားလုံးက Brexit မဖြစ်နိုင်ဘူးလို့ ပြောခဲ့ကြပေမဲ့ ဖြစ်သွားတာပဲ။ ရိုနယ် အရွေးခံရတာလည်း အတူတူပဲလေ။ CarOS က AMZ နဲ့ အွန်ဆောင်း မော်တာတို့ စွန့်ပစ်လိုက်တဲ့ အရာနဲ့ပဲ အလိုအလျောက် မောင်းနှင်မှု နည်းပညာကို အပြီးသတ်နိုင်ခဲ့တာ။
– တစ်ကြိမ် အားသွင်းရုံနဲ့ ကီလိုမီတာ ၁,၀၀၀ သွားနိုင်တဲ့ လျှပ်စစ်ကားကို တကယ် မြင်ရတော့မှာလား။
– အဲဒါဆို ဟိုက်ဒရိုဂျင်ကားတွေ ဘာဖြစ်သွားမလဲ။
စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ အာမခံချက် မရှိသေးပေမဲ့လည်း ပစ္စည်းအသစ်သုံး ဘတ္ထရီ တီထွင်မှု သတင်းထွက်လာတာနဲ့ တဟုန်ထိုး တက်နေတဲ့ ကိုဘော့စျေးနှုန်းတွေဟာ တစ်ရက်တည်းအတွင်းမှာတင် ၁၅ ရာခိုင်နှုန်းကျော် ထိုးကျသွားခဲ့တယ်။ ကိုဘော့ သန့်စင်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာစျေးနှုန်းတွေလည်း တစ်ခုပြီးတစ်ခု ကျဆင်းသွားခဲ့တယ်။
ကိုဘော့တူးဖော်ရေးနဲ့ သန့်စင်ရေး ကုမ္ပဏီတွေ ကြီးမားတဲ့ ဒုက္ခနဲ့ ရင်ဆိုင်နေရချိန်မှာ ဘတ္ထရီ စက်မှုလုပ်ငန်းကတော့ သက်ပြင်းချနိုင်ခဲ့ကြတယ်။
အကြီးမားဆုံး ထိုးနှက်ချက်ကတော့ ကိုဘော့စျေးတက်မယ်လို့ လောင်းကြေးထပ်ပြီး သိုလှောင်ထားကြတဲ့ စျေးကစားသူတွေပါပဲ။ တချို့သော Hedge fund တွေဟာ တစ်ရက်ထဲမှာတင် ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်။
စက်မှုလုပ်ငန်း နယ်ပယ်ကတော့ ယေဘုယျအားဖြင့် သူတစ်ပါး ဒုက္ခရောက်တာကို ဝမ်းသာအားရ ဖြစ်နေတဲ့ သဘောနဲ့ တုံ့ပြန်ခဲ့ကြတယ်။ Hedge Fundတွေရဲ့ ရန်လိုတဲ့ စျေးကစားတဲ့လုပ်ရပ်တွေက ကိုဘော့တင်မကဘဲ ကုန်ကြမ်းစျေးနှုန်းတွေကိုပါ လိုအပ်တာထက် ပိုပြီး မြင့်တက်စေခဲ့လို့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တာလေ။
အခြားတစ်ဖက်မှာတော့ ဆိုဆောင်း အီလက်ထရောနစ်ရဲ့ စျေးနှုန်းက ထိုးတက်သွားခဲ့တယ်၊ ဘာလို့လဲဆိုတော့ အဲဒီကုမ္ပဏီက OTK ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်တဲ့ TS ကုမ္ပဏီမှာ ရှယ်ယာ ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတာကြောင့် လူပြောများလာလို့ပါပဲ။
အရပ်မျက်နှာ အသီးသီးကနေ ဆက်သွယ်မှုတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့တယ်။
CL Chemicals၊ SSK Innovation၊ BID၊ BTL နဲ့ Technics စတဲ့ ကုမ္ပဏီတွေ အပါအဝင် ကိုရီးယားနဲ့ ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းကုမ္ပဏီတွေက ကမ်းလှမ်းချက် အမျိုးမျိုးကို တင်ပြလာကြတယ်။
သူတို့နဲ့ ဆက်သွယ်မယ့်အစား ကျွန်တော်က ဆိုဆောင်း အီလက်ထရောနစ်ကို အရင်ဆုံး ဖုန်းခေါ်လိုက်တယ်။
ကျွန်တော် ဆက်သွယ်လိုက်တာနဲ့ ချက်ချင်းပဲ ဥက္ကဋ္ဌ လင်ဂျင်ယုံဟာ ဆိုဆောင်း အီလက်ထရောနစ် သုတေသီတွေနဲ့အတူ OTK သုတေသနဌာနဆီ အပြေးအလွှား ရောက်လာခဲ့တယ်။ ပါမောက္ခ ကင်ဟိုမင်နဲ့ သုတေသီတွေကတော့ တီဗီထဲမှာပဲ မြင်ဖူးတဲ့ ချေဘော(ခရိုနီ)တစ်ယောက် သူတို့ ရှေ့မှောက် ရောက်လာတာကို မြင်ပြီး အံ့သြသွားကြတယ်။
ဥက္ကဋ္ဌ လင်က မိတ်ဆက်ပေးလိုက်တယ်။
“တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော် လင်ဂျင်ယုံပါ”
“တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော် ကင်ဟိုမင်ပါ”
မိတ်ဆက်ပြီးတဲ့နောက် ဥက္ကဋ္ဌ လင်ဟာ အဆင့်မြင့်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဘတ္ထရီအသစ်ကို စစ်ဆေးကြည့်ရင်း ပိုလို့တောင် အံ့သြသွားခဲ့ရတယ်။ ကိုဘော့အစားထိုးနိုင်တာထက် ပိုပြီး အံ့သြဖို့ကောင်းတာက ထုထည်ချင်း အတူတူမှာတင် သိပ်သည်းဆကို နှစ်ဆ မြှင့်တင်ပေးနိုင်ပြီး အားသွင်းနှုန်းကို လေးဆ မြန်ဆန်စေတာပါပဲ။
လျှပ်စစ်ပစ္စည်းတွေက အလျင်အမြန် တိုးတက်နေပေမဲ့ ဘတ္ထရီတွေကတော့ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် နှေးကွေးစွာ တိုးတက်နေခဲ့တာပါ။ ဒါပေမဲ့ အခုတော့ အဲဒီကန့်သတ်ချက်တွေကို ကျော်လွှားနိုင်မယ့် အကျိုးအမြတ်များတဲ့ နည်းပညာတစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။
ကျွန်တော်က ဥက္ကဋ္ဌ လင်နဲ့ သီးသန့် စကားပြောခဲ့တယ်။
“မင်း ကျန်းကျန်းမာမာ ရှိနေတာကို မြင်ရလို့ ဝမ်းသာပါတယ်။ မင်းဆီက ဘာသတင်းမှမကြားရဘဲ တော်တော်ကြာနေတုန်းက စိတ်ပူနေခဲ့တာ”
“အဲဒါကြောင့်ပဲ ကျွန်တော် ကောင်းကောင်း အနားယူလိုက်ရတာပေါ့”
“ဒါနဲ့... ရုတ်တရက် ငလျင်လှုပ်သွားတာ... ဆန်ဖရန်စစ္စကိုကလည်း မဘေးကင်းဘူးပဲနော်”
“အင်း... ဆန်ဖရန်စစ္စကိုက Ring of Fire တစ်လျှောက်မှာ ရှိနေတာဆိုတော့ ငလျင်မှာထိခိုက်မှုရှိခဲ့တာလေ”
ဥက္ကဋ္ဌ လင်က ကော်ဖီသောက်ရင်း ပြောလိုက်တယ်။
“ငါ ဂျပန်မှာ ရှိစဉ်တုန်းကတော့ ငလျင်လှုပ်တာက လုပ်ရိုးလုပ်စဉ်လို ဖြစ်နေတာ။ အနည်းဆုံး တစ်လကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် စားပွဲအောက်ကို ငုံ့ဝင်ပုန်းခဲ့ရတာလေ”
ဒါကို စိတ်ကူးကြည့်မိတော့ ကျွန်တော် အလိုလို ပြုံးမိသွားတယ်။
လွတ်လွတ်လပ်လပ် စကားပြောပြီးတဲ့နောက် ဥက္ကဋ္ဌ လင်က ပြောလာတယ်။
“ကိုဘော့နေရာမှာ အစားထိုးဖို့ ရှာဖွေတာက ဘတ္ထရီ စက်မှုလုပ်ငန်းရဲ့ ကာလရှည်ကြာ မျှော်လင့်ချက်ပဲ။ ဒါက ဒီလောက် မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်လိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး”
ကျွန်တော်လည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။
“ကျွန်တော်လည်း ဒီလိုပဲ ခံစားရပါတယ်”
နှစ်အနည်းငယ် ကြာလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့ ထင်ထားတာထက် အများကြီး ပိုမြန်ခဲ့တယ်။
နည်းပညာအသစ်ဆိုတာ ရုတ်တရက် ညတွင်းချင်း ထွက်ပေါ်လာတာမျိုး မဟုတ်ဘူး၊ ရှိနှင့်ပြီးသား နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေအပေါ်မှာ တည်ဆောက်ရတာပါ။
ကျွန်တော်တို့က တခြားသူတွေထက် စောနေခဲ့တာပဲ၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ တခြားကုမ္ပဏီတွေလည်း အလားတူ ပစ္စည်းအသစ်တွေကို ထုတ်လုပ်လာနိုင်ခြေ ရှိတာပဲ မဟုတ်လား။
အရေးကြီးတဲ့ အရာက အချိန်ပါပဲ။ တခြားသူတွေနဲ့ နှိုင်းယှဉ်ရင် ဘယ်လောက်အထိ ရှေ့က ရောက်နေမလဲဆိုတာက ကုမ္ပဏီတစ်ခုရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးပါတယ်။
ကျွန်တော်တို့ ပါမောက္ခ ကင်ဟိုမင်ကို စောစောစီးစီး ခေါ်ယူနိုင်ခဲ့လို့ တော်သေးတာပေါ့။ မဟုတ်ရင် ဒီနည်းပညာက တခြားတစ်ယောက်ဆီ ရောက်သွားလောက်ပါပြီ။
'ပစ္စည်းအသစ်သုံး ဘတ္ထရီတွေက အရာအများကြီးကို ပြောင်းလဲပစ်လိမ့်မယ်'
'ဒါပေမဲ့ ပထမဆုံးအနေနဲ့ တည်ငြိမ်မှု ပြဿနာတွေကို ကျွန်တော်တို့ ဖြေရှင်းဖို့ လိုအပ်တယ်'
'မင်းတို့ လိုအပ်တာ တစ်ခုခု ရှိရင်လည်း ငါတို့ဘက်က ကူညီဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ'
ဆိုဆောင်း အီလက်ထရောနစ်မှာ ဘတ္ထရီကဏ္ဍနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာ စွမ်းရည် ရှိတယ်။ စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ကျွန်တော်တို့တွေ သူတို့ဆီကနေ အကူအညီမျိုးစုံ ရရှိနိုင်ခြေ ရှိပါတယ်။
ဒါပေမဲ့ လောကမှာ အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူးလေ။
'စည်းကမ်းချက် တစ်ခုခု သတ်မှတ်ချင်တာ ရှိတယ်မလား'
ဥက္ကဋ္ဌ လင်ဂျင်ယုံက ပြုံးလိုက်တယ်။
'ကြီးကြီးမားမား စည်းကမ်းချက်တော့ မရှိပါဘူး။ ငါ မျှော်လင့်တာကတော့ ပစ္စည်းအသစ်သုံး ဘတ္ထရီတွေကို TS ကုမ္ပဏီအပြင် ဆိုဆောင်း အီလက်ထရောနစ်မှာပါ ဦးစားပေး ထုတ်လုပ်ခွင့် ရဖို့ပါပဲ'
TS ကုမ္ပဏီကို လျှပ်စစ်ကား ဘတ္ထရီတွေ ထုတ်လုပ်ဖို့အတွက် တည်ထောင်ခဲ့တာပါ။
OTK ကုမ္ပဏီက TS ကုမ္ပဏီမှာ ရှယ်ယာ ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ဆိုဆောင်း အီလက်ထရောနစ်ကတော့ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပါတယ်။ ဒါ့အပြင် သူတို့က ဆိုဆောင်း အီလက်ထရောနစ်မှာ ရှယ်ယာ ၁၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတဲ့ အဓိက ရှယ်ယာရှင်လည်း ဖြစ်ပါတယ်။
ကျွန်တော့်ဘက်က ကြည့်ရင်တော့ အဲဒီလို မလုပ်ပေးနိုင်စရာ အကြောင်းရင်း မရှိပါဘူး။
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
'ကျွန်တော် သုတေသနဌာန အကြီးအကဲနဲ့ ဆွေးနွေးကြည့်ပါ့မယ်'
Silicon Valley မှာ CarOS က ထုတ်ဖော်ပြသခဲ့တဲ့ အလိုအလျောက် မောင်းနှင်မှု နည်းပညာရဲ့ နောက်ဆက်တွဲ ဂယက်က ဆက်ရှိနေဆဲပါ။
GM ကလည်း သူတို့ရဲ့ နည်းပညာပိုင်းဆိုင်ရာ တင်ပြမှုကို ကြေညာခဲ့ပြီး Nikolaကတော့ လာမယ့်နှစ်ကစပြီး သူတို့ရဲ့ Autopilot (အလိုအလျောက်မောင်းနှင်စနစ်) ကို Level 4 အထိ မြှင့်တင်တော့မယ်လို့ ပြောကြားခဲ့တယ်။ Mercedesနဲ့ BMW တို့ကတော့ ဂျာမနီ ဥပဒေတွေ ပြင်ဆင်ပြီးတာနဲ့ အလိုအလျောက် မောင်းနှင်မယ့် ကားတွေကို ထုတ်လုပ်တော့မယ်လို့ ကြေညာခဲ့ကြတယ်။
ဆန့်ကျင်ဘက်အနေနဲ့ စျေးကွက်ထဲကို နောက်ကျမှ ရောက်လာတဲ့သူတွေကတော့ အခြေအနေကို အကဲဖြတ်ဖို့အတွက် စမ်းသပ်မောင်းနှင်မှုတွေကို ယာယီ ရပ်ဆိုင်းထားခဲ့ကြတယ်။
ဒီလို အခြေအနေမျိုးမှာ OTK ကုမ္ပဏီ လက်အောက်ခံ သုတေသနဌာနက ဘတ္ထရီ ပစ္စည်းအသစ်တစ်ခုကို တီထွင်လိုက်တယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာတာကြောင့် စျေးကွက်ကို နောက်ထပ် တုန်လှုပ်မှုတစ်ခု ပေးလိုက်ပြန်တယ်။
ရှိနှင့်ပြီးသား ကားထုတ်လုပ်သူတွေအတွက်တော့ ဒါက နောက်ကျမှ ထိုးနှက်ချက်တစ်ခု ရလိုက်သလိုပါပဲ။
တိုက်ရိုက် အထိခိုက်ဆုံးကတော့ နောက်တစ်ကြိမ် Nikolaပဲ ဖြစ်ပါတယ်။
Nikolaရဲ့ စီအီးအို အယ်လန်က လျှပ်စစ်ကားတွေ လူကြိုက်များလာဖို့အတွက် ဘတ္ထရီစျေးနှုန်းတွေ လျှော့ချဖို့က အရေးကြီးတယ်လို့ ယုံကြည်ထားတာပါ။
သူရွေးချယ်ခဲ့တဲ့ နည်းလမ်းကတော့ အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေရဲ့ ထိရောက်မှုကနေတစ်ဆင့် စျေးနှုန်းတွေကို လျှော့ချဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူက နီဗားဒါးမှာ Gigafactory လို့ ခေါ်တဲ့ ကြီးမားတဲ့ ဘတ္ထရီစက်ရုံကို တည်ဆောက်ဖို့ Technics နဲ့ ပူးပေါင်းခဲ့တယ်။
အဲဒါ ပြီးစီးသွားရင်တော့ ကိုယ့်ရဲ့ လိုအပ်ချက်ထက် ပိုမိုတဲ့ လျှပ်စစ်ကား ဘတ္ထရီတွေကို ထုတ်လုပ်နိုင်မှာပါ။ ပိုလျှံတာတွေကိုတော့ တခြား ကားထုတ်လုပ်သူတွေထံ ပံ့ပိုးပေးသွားမှာပေါ့။
ဒါပေမဲ့ OTK သုတေသနဌာနက ပစ္စည်းအသစ်တစ်ခုကို တီထွင်လိုက်ပြီလေ။ တကယ်လို့ စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ အောင်မြင်သွားရင်တော့ TS ကုမ္ပဏီနဲ့ ဆိုဆောင်း အီလက်ထရောနစ်တို့က ပစ္စည်းအသစ်သုံး ဘတ္ထရီတွေကို သဘာဝအတိုင်း ထုတ်လုပ်ကြမှာ ဖြစ်လို့ NCM ဘတ္ထရီတွေ ထုတ်လုပ်နေတဲ့ Gigafactoryကို ပြိုင်ဆိုင်မှုမှာ အားနည်းချက် ရှိသွားစေပါလိမ့်မယ်။
Nikolaရဲ့ ရှယ်ယာစျေးနှုန်းတွေ ထပ်ပြီး ထိုးကျသွားခဲ့ပြန်တာမလို့ စျေးကွက်အရင်းအနှီးမှာ ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်။
ဒီတစ်ကြိမ်မှာတော့ အယ်လန် အဲဗာဟတ်က ငြိမ်မနေခဲ့ပါဘူး။
သူက သက်ဆိုင်ရာ မေးခွန်းတွေ မေးမြန်းနေတဲ့ သတင်းထောက်တစ်ယောက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး “ကိုဘော့ထက် ပိုစျေးကြီးတဲ့ ပစ္စည်းအသစ်ဆိုတာ အမှိုက်ပဲ။ ငါ့ကိုသာ ငွေနဲ့ အချိန် ပေးမယ်ဆိုရင် ဒီလို မိုက်မဲတဲ့ အရာတစ်ခုကို ဖန်တီးမယ့်အစား ရှိနှင့်ပြီးသား NCM ဘတ္ထရီတွေရဲ့ ထိရောက်မှုကို မြှင့်တင်မယ့် နည်းလမ်းတွေကိုပဲ ရှာဖွေမှာ” လို့ ပြောကြားခဲ့တယ်။
Nikolaလောက် ပြင်းထန်မှု မရှိပေမဲ့ အွန်ဆောင်း မော်တာအတွက်လည်း အခြေအနေက မရေမရာ ဖြစ်လာခဲ့တယ်။ ဆိုဆောင်း အီလက်ထရောနစ်ကို ထိန်းချုပ်ဖို့ ပျက်ကွက်ခဲ့ပြီးနောက် အွန်ဆောင်း မော်တာဟာ ဟိုက်ဒရိုဂျင်ကား ထုတ်လုပ်မှုအပေါ်မှာပဲ အလုံးစုံ ပုံအောထားခဲ့တာပါ။
အွန်ဆောင်း မော်တာက ဟိုက်ဒရိုဂျင်ကား မဟာမိတ်အဖွဲ့တစ်ခု တည်ထောင်ဖို့အတွက် မူပိုင်ခွင့်တွေကိုတောင် ထုတ်ဖော်ပြသပြီး ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်သူတွေကို ဆွဲဆောင်ဖို့ ကြိုးစားခဲ့တယ်။
ဒီအတွက် ကိုရီးယားမှာ အောင်မြင်မှု ရဖို့က မရှိမဖြစ် လိုအပ်ပါတယ်။
PAS ရဲ့ ဝင်ငွေအများစုက အွန်ဆောင်း မော်တာနဲ့ အရောင်းအဝယ် ပြုလုပ်ရာကနေ ရတာ ဖြစ်လို့ ပတ်ဆီဟျွန်းကလည်း ငြိမ်မနေခဲ့ဘူး။
ငွေစုဘဏ် အကြပ်အတည်း ဖြစ်ပြီးနောက် အာဏာလျော့ကျမှုကို အရေးပေါ် ကာကွယ်နေရစဉ်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကားတွေအတွက် ဘတ်ဂျက် တိုးမြှင့်ဖို့က ခက်ခဲခဲ့တယ်။
ပတ်ဆီဟျွန်းကတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် နည်းလမ်းတစ်ခု ရှာဖွေခဲ့တာပါပဲ။
ပထမဆုံးအနေနဲ့ သူက ဟိုက်ဒရိုဂျင် အားသွင်းရုံတွေ တည်ဆောက်ဖို့ ကိုရီးယား အဖွဲ့ချုပ်က နိုင်ငံရေးသမားတွေ ဦးဆောင်တဲ့ ဒေသန္တရ အစိုးရတွေကို ဖိအားပေးခဲ့တယ်။
သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ကားတွေကို မြှင့်တင်ဖို့လို့ အကြောင်းပြပြီး သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို သိသိသာသာ ဖြေလျှော့ပေးခဲ့တယ်။
သူက လျှပ်စစ်ကားတွေအတွက် သတ်မှတ်ထားတဲ့ ထောက်ပံ့ကြေးရဲ့ ထက်ဝက်ကို ဟိုက်ဒရိုဂျင်ကားတွေဆီ ခွဲဝေပေးဖို့ မူဝါဒကို ပြောင်းလဲဖို့လည်း ဆုံးဖြတ်ခဲ့တယ်။ ကိုရီးယားမှာ အွန်ဆောင်း မော်တာက ဟိုက်ဒရိုဂျင်ကားတွေကို ထုတ်လုပ်နိုင်တဲ့ တစ်ခုထဲသော ကုမ္ပဏီ ဖြစ်တာကြောင့် အဲဒီထောက်ပံ့ကြေးတွေက အခြေခံအားဖြင့် သူတို့အပိုင် ဖြစ်သွားတာပေါ့။
ဒါပေမဲ့ နှစ်ဝက်အတွင်းမှာ ဟိုက်ဒရိုဂျင်ကားတွေ ထုတ်လုပ်ဖို့ အစီအစဉ်တွေကို လုပ်ဆောင်နေတုန်းမှာပဲ OTK သုတေသနဌာနဆီကနေ မူပိုင်ခွင့် လျှောက်ထားတဲ့ သတင်း ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။
ဒုတိယအဆင့် ဘတ္ထရီတွေကို အသုံးပြုတဲ့ လျှပ်စစ်ကားတွေနဲ့ မတူဘဲ ဟိုက်ဒရိုဂျင်ကားတွေက လျှပ်စစ်ဓာတ်အားကို တိုက်ရိုက် ထုတ်လုပ်ပေးတဲ့ အင်ဂျင်တွေကို အသုံးပြုတာပါ။
ရလဒ်အနေနဲ့ အွန်ဆောင်း မော်တာက ဘတ္ထရီတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကို မကျော်လွှားနိုင်ရင် စျေးကွက်လွှမ်းမိုးမှုဟာ နောက်ဆုံးမှာ လျှပ်စစ်ကားတွေကနေ ဟိုက်ဒရိုဂျင်ကားတွေဆီ ပြောင်းလဲသွားလိမ့်မယ်လို့ ယုံကြည်ခဲ့ကြတယ်။
တခြား ကားထုတ်လုပ်သူတွေလည်း ဒီအချက်ကို အသိအမှတ်ပြုခဲ့ကြတယ်။ ထုတ်ကုန်ရဲ့ ပြိုင်ဆိုင်မှု စွမ်းရည် လျော့ကျသွားမယ်ဆိုတာ သိနေပါလျက်နဲ့ သူတို့ရဲ့ ဟိုက်ဒရိုဂျင်ကား ထုတ်လုပ်မှု အစီအစဉ်တွေကို မစွန့်လွှတ်နိုင်ခဲ့ကြဘူး။
ဒါပေမဲ့ ပါမောက္ခ ကင်ဟိုမင် တီထွင်လိုက်တဲ့ ပစ္စည်းအသစ်သုံး ဘတ္ထရီကသာ စီးပွားဖြစ် ထုတ်လုပ်လာနိုင်ရင် မောင်းနှင်နိုင်တဲ့ အကွာအဝေးနဲ့ အားသွင်းချိန်လိုမျိုး လျှပ်စစ်ကားတွေရဲ့ အခြေခံ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။
ဒါက ဟိုက်ဒရိုဂျင်ကားတွေဟာ လျှပ်စစ်ကားတွေအပေါ်မှာ ရှိထားတဲ့ အားသာချက်တွေကို ဆုံးရှုံးသွားစေလိမ့်မယ်ဆိုတာကို ဆိုလိုတာပါပဲ။
ဥက္ကဋ္ဌ ဟန်မင်းဂူက စိတ်ပျက်လက်ပျက်နဲ့ ရေရွတ်လိုက်တယ်။
“ဒါက နောက်ထပ် ထိုးနှက်ချက်လား...”