← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇)

ပါမောက္ခ ကင်ဟိုမင်က ဆိုဆောင်း အီလက်ထရောနစ်ဆီက အကူအညီကို ဝမ်းသာအားရ လက်ခံလိုက်တယ်။

သူတို့စကားပြောတာကို နားထောင်ပြီးတဲ့နောက် ဒီလောကကြီးက တကယ်ကျဉ်းတာပဲလို့ တွေးမိပါတယ်။ လူအတော်များများက အဆက်အသွယ်တစ်ခုလောက်နဲ့တင် သိနေကြတာလေ။ ဆိုဆောင်း အီလက်ထရောနစ်က သုတေသနပညာရှင်တွေထဲမှာ ကိုရီးယားတက္ကသိုလ်နဲ့ MIT က ဆင်းတဲ့သူတွေ အများကြီးပါပြီး အဲဒီထဲက တချို့ဆို ပါမောက္ခ ကင်ဟိုမင်နဲ့လည်း လူချင်းခင်ကြပါတယ်။

ဒီသတင်းကို ကြားတော့ ဒါရီလ်က စိတ်လှုပ်ရှားမှုကို မဖုံးနိုင် ဖြစ်နေတော့တာပေါ့။

ဒီနှစ် ဒုတိယနှစ်ဝက်မှာ ထွက်မယ့် ကားမော်ဒယ်နှစ်မျိုးက CarOS ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး လောင်စာဆီ အင်ဂျင်သုံး ကားတွေ ဖြစ်လာမှာပါ။ အဲဒီနောက်ပိုင်းကစပြီး လျှပ်စစ်ကား ထုတ်လုပ်ရေးကိုပဲ အဓိက အာရုံစိုက်ဖို့ စီမံကိန်းချထားပါတယ်။

တကယ်လို့ ပစ္စည်းအသစ်နဲ့ လုပ်ထားတဲ့ ဘတ္ထရီကို ကြိုတင်တီထွင်နိုင်ခဲ့ရင် အဲဒါကိုပါ တခါထဲ ထည့်သွင်းပြီး ချက်ချင်း ထုတ်လုပ်သွားမှာပါ။

ဆိုဆောင်း အီလက်ထရောနစ်နဲ့ ပူးပေါင်းသုတေသနလုပ်မယ်လို့ ကြေညာပြီးတာတောင် CL Chemical က ဆက်ပြီး အဆက်အသွယ်လုပ်ဖို့ ကြိုးစားနေတုန်းပါပဲ။

ဥက္ကဋ္ဌ လင်ဂျင်ယုံက ဒီသတင်းကို ကြားတော့ အော်ဟစ်ပြီး ရယ်ပါလေရော။

[ဟားဟား။ CL Chemical ရဲ့ အခြေအနေက တော်တော်လေး ကြပ်တည်းနေပုံရတယ်။]

ဆိုဆောင်း အီလက်ထရောနစ်က အဓိကအားဖြင့် ဘတ္ထရီအသေးစားတွေကိုပဲ အာရုံစိုက်တာပါ။ အခုအချိန်အထိလည်း ဝင်ငွေအများစုက စမတ်ဖုန်းတွေနဲ့ အဲဒီလို ပစ္စည်းတွေမှာ သုံးတဲ့ ဘတ္ထရီအသေးစားတွေဆီကပဲ ရနေတာ ဖြစ်ပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ CL Chemical ကတော့ အစကတည်းက ကားကြီးသုံး ဘတ္ထရီတွေကိုပဲ အာရုံစိုက်ခဲ့ပြီး Volkswagonလို အုပ်စုတွေနဲ့ပါ ထောက်ပံ့ရေးစာချုပ်တွေ ချုပ်ဆိုထားနိုင်ခဲ့တာပါ။ ပုံမှန်အားဖြင့် ရေရှည်စာချုပ်တွေ ချုပ်တဲ့အခါ စွန့်စားရမှုကို ကာကွယ်ဖို့အတွက် ကုန်ကြမ်းစျေးနှုန်း ဒါမှမဟုတ် ငွေလဲနှုန်းတွေကို ထောက်ပံ့မယ့်စျေးနှုန်းနဲ့ ချိတ်ဆက်ထားရပါတယ်။ ဒါပေမဲ့ CL Chemical ကတော့ စျေးနှုန်းအပြောင်းအလဲအတိုင်း မဟုတ်ဘဲ ဆယ်နှစ်စာ ထောက်ပံ့မှုအတွက် စျေးနှုန်းကို ပုံသေစာချုပ်ချုပ်လိုက်တာပါ။

အဲဒီတုန်းက လီသီယမ်နဲ့ ကိုဘော့လို ကုန်ကြမ်းစျေးနှုန်းတွေက ဒီလောက်အထိ အဆမတန် ထိုးတက်သွားလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားခဲ့ကြဘူးလေ။

[တခြား ဘတ္ထရီကုမ္ပဏီတွေလည်း ပုံသေစျေးနှုန်းနဲ့ ရေရှည်ထောက်ပံ့ရေးစာချုပ်တွေ ချုပ်ဆိုကြတာချင်း တူပေမယ့် CL Chemical ရဲ့ ထောက်ပံ့မှုပမာဏကတော့ သူတို့ရဲ့ ထုတ်လုပ်မှုစွမ်းအားကြောင့် အဆမတန် ကြီးမားလွန်းနေတယ်။]

အရောင်းအဝယ် ပမာဏအနေနဲ့ ပြောရရင် စာချုပ်အသေးလေးတွေတင် ဒေါ်လာ သန်းထောင်ပေါင်းများစွာ တန်ကြေးရှိပြီး စာချုပ်အကြီးကြီးတွေဆိုရင် ဒေါ်လာ သန်းပေါင်း ၁သောင်းကျော်အထိ ရှိပါတယ်။

စာချုပ်တွေအရ ၂၀၂၀ ကစပြီး ထောက်ပံ့ရမယ့် ပမာဏက အဆမတန် တိုးလာတော့မှာပါ။ လက်ရှိ ကုန်ကျစရိတ်နဲ့ တွက်ကြည့်ရင် ပိုရောင်းလေ ရှုံးလေ ဖြစ်မယ့်အခြေအနေပေါ့။

တကယ်လို့ နှစ်အနည်းငယ်အတွင်း အဖြေတစ်ခု မရှာနိုင်ရင် ဆုံးရှုံးမှုတွေက ဂျီသြမေတြီအချိုးအတိုင်း တိုးပွားလာပါလိမ့်မယ်။

ကံကောင်းတာတစ်ခုကတော့ ကိုဘော့စျေးနှုန်းတွေ ဆက်တိုက် ကျဆင်းနေတာပါပဲ။ ဒါက စျေးကွက်ထဲမှာ ကစားတာတွေ ဘယ်လောက်တောင် ရှိနေလဲဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။

ကိုဘော့စျေးနှုန်း ကျဆင်းတာက အကောင်းဘက်က တိုးတက်မှု ဖြစ်တာ သေချာပေမယ့် ကျွန်တော်တို့ရဲ့ ပစ္စည်းအသစ်ရဲ့ စျေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းကိုတော့ ပိုပြီး ကျဆင်းစေပါတယ်။ စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ သော့ချက်ကတော့ သုတေသနနဲ့ ဖွံ့ဖြိုးရေးကတစ်ဆင့် စျေးနှုန်းကို ဘယ်လောက်အထိ လျှော့ချနိုင်မလဲနဲ့ တည်ငြိမ်မှုကို ဘယ်လောက် မြှင့်တင်နိုင်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်နေတာပါ။

ဥက္ကဋ္ဌ လင်ဂျင်ယုံနဲ့ ဖုန်းပြောလို့အပြီးမှာ စီနီယာ ဆန်းယော့က လှမ်းပြောလာတယ်။

“CL Chemicals လား။ အဲဒါက မကောင်းတဲ့ အတိတ်တွေကို ပြန်သတိရစေတယ်”

ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ်။

“အဲဒီ CL Chemicals ပဲလေ”

စီနီယာ ဆန်းယော့က ခေါင်းကို အပြင်းအထန် ခါလိုက်ပြီး ပြောတယ်။

“အဲဒီအကြောင်းကို လာမပြောနဲ့တော့။ စဉ်းစားလိုက်ရုံနဲ့တင် အိပ်ရာကနေ လန့်နိုးလာချင်စိတ် ပေါက်တယ်”

ဟိုးအရင်တုန်းက စီနီယာ ဆန်းယော့က သူပိုင်သမျှ ပိုင်ဆိုင်မှုအားလုံးကို CL Chemicals ရဲ့ call options တွေမှာ ရင်းနှီးမြှုပ်နှံခဲ့တာပါ။ ဒါပေမဲ့ အဲဒီနောက် သိပ်မကြာခင်မှာပဲ ဝန်ထမ်းတစ်ယောက်ရဲ့ အမှားကြောင့် email phishing ထောင်ချောက်မိပြီး ဒေါ်လာ သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်။ စတော့စျေးနှုန်းတွေ ထိုးကျသွားပြီး စီနီယာ ဆန်းယော့လည်း အကုန်ဆုံးရှုံးသွားတဲ့အပြင် အပြင်က အတိုးကြီးစားတဲ့သူတွေဆီမှာပါ အကြွေးတွေ တင်သွားခဲ့တာပေါ့။

“ငါ အဲဒီအကြွေးတွေ ဆပ်ဖို့အတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာတောင် ဝင်လုပ်ခဲ့ရသေးတယ်”

အွန်ဆောင်း မော်တာက စစ်ဘက်ဆိုင်ရာ ကဏ္ဍမှာ CL Electronics နဲ့ ပူးပေါင်းဆောင်ရွက်ပြီး လျှပ်စစ်ကားကဏ္ဍမှာတော့ CL Chemicals နဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ။ အဲဒီအကြောင်းပြချက်ကြောင့်ပဲ CL Chemicals ကို ထပ်ပြီး ကူညီပေးဖို့ ကျွန်တော့်မှာ အကြောင်းပြချက် မရှိပါဘူး။

တက်ဂယူက မေးပါတယ်။

“ဒါဆို တကယ်လို့ ပစ္စည်းအသစ်နဲ့ လုပ်ထားတဲ့ ဘတ္ထရီတွေသာ စီးပွားဖြစ် တကယ် ထုတ်နိုင်လာရင် ဟိုက်ဒရိုဂျင်ကားတွေက ဘာဖြစ်သွားမလဲ”

အွန်ဆောင်း မော်တာက ဟိုက်ဒရိုဂျင်ကားတွေမှာ သီးသန့် နည်းပညာပိုင်းဆိုင်ရာ အားသာချက် ရှိနေတာပါ။ အစပိုင်းမှာ သူတို့က လျှပ်စစ်ကားရော ဟိုက်ဒရိုဂျင်ကားပါ နှစ်လမ်းသွားမဟာဗျူဟာကို သုံးခဲ့ပေမယ့် အခုတော့ ဟိုက်ဒရိုဂျင်ကားတွေကိုပဲ အပြင်းအထန် အာရုံစိုက်နေကြပါပြီ။

ကျွန်တော် ပြုံးလိုက်ပြီး ပြောလိုက်တယ်။

“ဖြစ်နိုင်တာကတော့ ဟိုက်ဒရိုဂျင်ကားခေတ်က ဘယ်တော့မှ ရောက်လာမှာ မဟုတ်တော့ဘူး”

ကိုရီးယားကို ပြန်ရောက်ကတည်းက အချိန်တွေက ကုန်တာ မြန်လိုက်တာ။

နွေဦးရာသီရဲ့ ရာသီဥတုကို သေချာမခံစားရသေးခင်မှာပဲ နွေရာသီက စတင်လာခဲ့ပါပြီ။ ပူအိုက်လာပြီလို့ ထင်ရုံရှိသေးတယ်၊ နေ့ခင်းဘက်ဆို အဲကွန်းဖွင့်ဖို့ လိုလာပြီလေ။

ဆောင်းတွင်းပြီးတာနဲ့ နွေရာသီက ချက်ချင်းစသွားသလိုပဲ... ဒါမှမဟုတ် ကျွန်တော့် စိတ်ထင်လို့ပဲလား။

ရာသီဥတု ပူလာတာနဲ့အမျှ လူတွေရဲ့ အဝတ်အစားတွေကလည်း ပေါ့ပေါ့ပါးပါး ဖြစ်လာကြတယ်။

ကျွန်တော်တို့ ကုမ္ပဏီမှာတော့ ဝတ်စုံနဲ့ပတ်သက်ပြီး တင်းကြပ်တဲ့ စည်းကမ်းချက်တွေ မရှိပါဘူး။ ဒုတိယဥက္ကဋ္ဌကတော့ အားကစားဝတ်စုံနဲ့ ညှပ်ဖိနပ်စီးပြီး လျှောက်သွားနေတတ်ပေမယ့် ဝန်ထမ်းတွေအားလုံးကတော့ အလုပ်ကို ဝတ်စုံအပြည့်နဲ့ပဲ လာကြပါတယ်။

မူလကတည်းက ဘဏ္ဍာရေးလောကက နည်းနည်း ရှေးရိုးစွဲဆန်တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထူးထူးခြားခြား ဘာမှမရှိတာမလို့ အလုပ်လာပြီး တက်ဂယူနဲ့ ဂိမ်းဆော့နေတုန်း ဖုန်းမြည်လာပါတယ်။

ဖုန်းကို ကိုင်လိုက်တာနဲ့ ဆူပူသံက ချက်ချင်း ထွက်လာတော့တာပါပဲ။

[နင် ဘယ်တော့မှ ကျန်းမာရေး သွားစစ်မှာလဲ]

“မကြာခင် သွားမှာပါဗျာ”

[ပြီးစလွယ်ပဲ ပြန်မဖြေနဲ့။ ကျန်းမာတုန်း ကျန်းမာရေးကို ဂရုစိုက်ရတာ။ သိလား]

“သိပါတယ်ဗျ”

[နင် ဘယ်လောက်ပဲ ပိုက်ဆံရှာရှာ၊ ကျန်းမာရေး ဆုံးရှုံးသွားရင် ဘာမှ အဓိပ္ပာယ်မရှိဘူးဆိုတာ မှတ်ထားဦး]

“ဟုတ်ကဲ့ပါ။ ကျွန်တော် အခု အလုပ်လုပ်နေလို့၊ နောက်မှ ပြန်ဆက်လိုက်မယ်နော်။”

[ထမင်းလည်း သေသေချာချာ စားဦး]

“စားမှာပါဗျာ”

တက်ဂယူက “မင်းအမေ ပြန်ဆက်တာလား” လို့ မေးပါတယ်။

“အေး။ စိတ်ပူပြီး နေ့တိုင်း ဖုန်းဆက်နေတာ”

“ဒါနဲ့ တကယ်ပဲ မင်း ဆေးရုံ သွားဖို့ မလိုဘူးလား”

“ငါ လိုအပ်တဲ့ စစ်ဆေးမှုတွေ အကုန်လုံးကို အမေရိကမှာ လုပ်ခဲ့ပြီးပြီပဲလေ”

ကျွန်တော် သတိမေ့ပြီး လဲကျနေတုန်းက ကျန်းမာရေးစစ်ဆေးမှု အမျိုးမျိုးကို လုပ်ဆောင်ခဲ့တာပါ။ အထူးသဖြင့် ကျွန်တော် ဘာလို့ နိုးမလာရတာလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖို့ ဦးနှောက်ကို scan ဖတ်တာကို အဓိက အာရုံစိုက်ခဲ့ကြပါတယ်။

“အဲဒီတုန်းက ငါ ဘယ်လောက်တောင် ကြောက်သွားလဲ မင်းသိလား”

“ငါ နိုးမလာတော့မှာကို စိတ်ပူလို့လား”

“အဲဒါက တစ်ကြောင်းပေါ့၊ ဒါပေမဲ့ မင်းရဲ့ စွမ်းအားအစစ်အမှန်တွေ ပေါက်ကြားသွားမှာကို ရော မကြောက်ဘူးလား”

ကံကောင်းထောက်မစွာပဲ ကျွန်တော့်ရဲ့ ဦးနှောက်အပါအဝင် ခန္ဓာကိုယ်က သာမန်လူတွေနဲ့ ဘာမှ ကွဲပြားခြားနားမှု မရှိခဲ့ပါဘူး။ ဒီစွမ်းအားက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နဲ့ မသက်ဆိုင်ပုံရပါတယ်။

“စဉ်းစားကြည့်စပ်။ မင်းမှာ စွမ်းအားတွေ ရှိနေတာသာ ပေါက်ကြားသွားရင် ဘာဖြစ်မလဲ”

“ဘာဖြစ်မှာလဲ”

“မင်းကို ဓာတ်ခွဲခန်းထဲ ခေါ်သွားပြီး ခွဲစိတ်စမ်းသပ်ကြမှာပေါ့ကွ”

“လဖွတ်... မဖြစ်နိုင်တာ...”

တက်ဂယူက ပြတ်ပြတ်သားသား ပြောတယ်။

“မဖြစ်နိုင်တာ မဟုတ်ဘူး။ မင်း X-Men မကြည့်ဖူးဘူးလား။ အဲဒီက သန္ဓေပြောင်းတွေ ဘာဖြစ်သွားလဲ မင်းမြင်သားပဲ”

ကျွန်တော် ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားရတယ်။

“ငါက သန္ဓေပြောင်းမလို့လား။ ငါ လက်သီးဆုပ်လိုက်ရုံနဲ့ လက်သည်းတွေ ထွက်လာတာမှ မဟုတ်ဘဲ”

ကျွန်တော့် စကားကြောင့် တက်ဂယူက စိတ်ပျက်သွားတဲ့ မျက်နှာပေးမျိုး လုပ်ပြပြီး ပြောတယ်။

“အဲလိုလုပ်နိုင်မယ်ဆိုရင်တော့ ပိုတောင်မိုက်မှာကွာ”

“တကယ်လို့ အဲဒီလိုသာ တကယ် ဖြစ်လာရင် အမှတ်တရဖြစ်သွားအောင် မင်းကိုပဲ အရင်ဆုံး လာထိုးပြမယ်လေ”

အဓိပ္ပာယ်မရှိတဲ့ စကားတွေနဲ့ အချိန်ဖြုန်းနေတုန်း ကျွန်တော့်ဖုန်းက ထပ်ပြီး မြည်လာပြန်ပါတယ်။ ဒီတစ်ခါတော့ မသိတဲ့ နံပါတ်တစ်ခု ဖြစ်နေတယ်။

ကျွန်တော် ဖုန်းလက်ခံတဲ့ ခလုတ်ကို နှိပ်လိုက်ပြီး ဖုန်းကိုင်လိုက်တယ်။

“ဘယ်သူလဲခင်ဗျာ”

[မတွေ့ရတာ ကြာပြီနော်]

မမျှော်လင့်ထားတဲ့ ခေါ်ဆိုသူကြောင့် ကျွန်တော် အံ့အားသင့်သွားရပါတယ်။

တစ်ဖက်လူက ကျွန်တော့်ကို မေးတယ်။

[ဘယ်သူလဲဆိုတာ သိလား]

“အင်း”

အသံကြားရုံနဲ့တင် ကျွန်တော် ချက်ချင်း သိလိုက်ပါတယ်။

“ငါ နောက်လထဲ မင်္ဂလာဆောင်တော့မယ်”

ကျွန်တော့် မျက်နှာအမူအရာကိုကြည့်ပြီး ယွန်ဆွန်းအာက မေးတယ်။

“နင် အံ့သြသွားလား”

ကျွန်တော် ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်တယ်။

“နည်းနည်းပေါ့”

ကျောင်းပြီးတာ ဘယ်လောက်မှတောင် မကြာသေးဘူး၊ အခု မင်္ဂလာဆောင်တော့မယ် ဟုတ်လား။ ဒါက နည်းနည်း မမြန်လွန်းဘူးလား။

အကြောင်းပြချက်မရှိဘဲ တစ်ယောက်ယောက်က အခုလို မြန်မြန်ဆန်ဆန် မင်္ဂလာဆောင်တာမျိုးက ရှားပါတယ်။ ကျွန်တော် တွေးနေတဲ့ အချက်ကြောင့်ပဲလား။

ဒါပေမဲ့ ရိုင်းရာကျမှာ စိတ်ပူတာမလို့ တိုက်ရိုက်တော့ မမေးချင်ဘူး။

“ဟိုစီနီယာနဲ့ပဲလား”

ယွန်ဆွန်းအာက ခပ်ဖွဖွလေး ရယ်မောလိုက်ပြီး ပြောတယ်။

“တခြား ဘယ်သူ ရှိဦးမှာလဲ”

မနှစ်က ယွန်ဆွန်းအာ ကျောင်းနားသွားပြီးကတည်းက အခုမှပဲ ပြန်စကားပြောဖြစ်တာပါ။ အဲဒီ တစ်နှစ်အတွင်းမှာ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့တာလေ။

ယွန်ဆွန်းအာကတော့ လူတွေ သတိထားမိလောက်အောင်အထိ လှပနေတုန်းပါပဲ။ ဆံပင်စတိုင်၊ မိတ်ကပ်၊ အဝတ်အစား၊ အိတ်နဲ့ ဖိနပ်တွေကအစ ပိုပြီး သပ်ရပ် စမတ်ကျလာပြီး၊ အမူအရာနဲ့ အပြုအမူတွေကလည်း အထက်တန်းလွှာ ဆန်တဲ့ ပုံစံမျိုး ထွက်ပေါ်နေပါတယ်။

ချေဘော မိသားစုရဲ့ ချွေးမတစ်ယောက်အနေနဲ့ ဆိုရင်လည်း ဘာမှ အားနည်းချက် ရှိနေမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့က ဆီလွန်ဟိုတယ်ရဲ့ ဒုတိယထပ်မှာရှိတဲ့ ကော်ဖီဆိုင်မှာ ထိုင်နေကြတာပါ။ ဟိုတယ်ဖြစ်နေလို့ ကော်ဖီက အထူးတလည် ပိုကောင်းနေတာမျိုး မဟုတ်ဘဲ စျေးကတော့ အဆမတန် ကြီးလွန်းလှပါတယ်။

“နင် ငါ့ကို ဒါလေး ပြောဖို့ သက်သက်ပဲ လာတွေ့ခိုင်းတာလား”

“အင်း။ နင့်မျက်နှာကိုလည်း မြင်ချင်ပြီး မင်္ဂလာဆောင်ဖိတ်စာကိုလည်း လူချင်းပေးချင်လို့”

ယွန်ဆွန်းအာက သူ့ရဲ့ အိတ်ထဲကနေ ဖိတ်စာတစ်စောင်ကို ထုတ်ပြီး ကျွန်တော့်ကို ကမ်းပေးတယ်။

ကျွန်တော် ဖိတ်စာကို စစ်ဆေးကြည့်လိုက်တယ်။ ရက်စွဲက နောက်လ ၁၂ ရက်နေ့ ဖြစ်ပြီး၊ ကျင်းပမယ့် နေရာကတော့ ဂရန်းပဲလေ့စ် ဟိုတယ်ရဲ့ ခရစ္စတယ်ခန်းမမှာပါ။

ဝတ္ထုတွေနဲ့ ဒရာမာတွေထဲမှာတော့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲတဲ့သူကနေ ချက်ချင်း ဌာနမှူးကတော် ဖြစ်သွားတဲ့ ဆင်းရဲသူလေးနဲ့သူဌေးပုံပြင်တွေ နေရာတိုင်းမှာ ရှိနေတတ်ပေမယ့် လက်တွေ့မှာတော့ ချေဘော မိသားစုဝင်တစ်ယောက်က သာမန်လူတစ်ယောက်နဲ့ လက်ထပ်ဖို့ဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်။

ချေဘောတွေတင် မကပါဘူး၊ လူအများစုက စီးပွားရေးအဆင့်အတန်း၊ ပညာအရည်အချင်း၊ မိသားစု နောက်ခံနဲ့ ရုပ်ရည်ချင်း မျှတတဲ့ အဖော်ကိုပဲ ရှာဖွေကြတာပါ။ လက်တွေ့မှာတော့ လက်တွေ့ကျတဲ့ အခြေအနေတွေက မင်္ဂလာဆောင်အပေါ် အများကြီး လွှမ်းမိုးမှု ရှိနေပါတယ်။

ဒါပေမဲ့လည်း အဲဒီလို ကုန်းကောက်စရာမရှိပုံပြင်မျိုးက လက်တွေ့မှာ ရှားရှားပါးပါးတော့ ရှိတတ်ပါတယ်။

မကြာသေးခင်က ယူကေရဲ့ မင်းသား ဟယ်ရီနဲ့ အမေရိကန် မင်းသမီး မီဂန်မာကယ်တို့ရဲ့ ဆက်ဆံရေးက ထင်ရှားတဲ့ ဥပမာတစ်ခုပါပဲ။ ဗြိတိန်တော်ဝင်မိသားစုက အဲဒါကို တရားဝင်အသိအမှတ်ပြုခဲ့ပြီး သူတို့ရဲ့ မင်္ဂလာဆောင်ကို မကြာခင် ကြေညာတော့မှာပါ။ မီဂန်က နိုင်ငံခြားသား နာမည်ကြီးတစ်ယောက် ဖြစ်နေရုံတင်မကဘဲ လူမျိုးကွဲ ဖြစ်နေပြီး ကွာရှင်းထားတဲ့ ရာဇဝင်လည်း ရှိနေပေမယ့် ကန့်ကွက်မှုတွေ သိပ်မရှိခဲ့ပါဘူး။ အဓိကကတော့ မင်းသား ဟယ်ရီက ဒုတိယမြောက်သား ဖြစ်ပြီး တော်ဝင်ထီးနန်းဆက်ခံမယ့် အစီအစဉ်နဲ့ မသက်ဆိုင်တာကြောင့်ပါ။

အလားတူပါပဲ။ ဂိုဂျွန်ဟျွန်းကလည်း အမွေဆက်ခံသူ ဖြစ်ဖို့ ဝေးကွာလွန်းတဲ့ တတိယမြောက်သားပါ။ တကယ်လို့ သူက သူသဘောကျတဲ့သူနဲ့ လက်ထပ်ဖို့ ဇွတ်လုပ်မယ်ဆိုရင် သူ့မိသားစုကလည်း သိပ်ပြီး ကန့်ကွက်ကြမှာ မဟုတ်ပါဘူး။

ယွန်ဆွန်းအာက အဲဒီအကြောင်းပြချက်ကြောင့်ပဲ ရွေးချယ်ခံခဲ့ရတာလား ဆိုတာတော့ မသေချာပါဘူး...

ကျွန်တော် ဂိုဂျွန်ဟျွန်းကို ကျောင်းပွဲတော်တစ်ခုမှာ ပထမဆုံး တွေ့ခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော်က သာမန်ကောလိပ်ကျောင်းသားတစ်ယောက် ဖြစ်ပြီး သူကတော့ ချေဘောရဲ့ သားတစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်တို့ကြားက ကွာခြားချက်က ထင်ရှားလှတာပေါ့။

ဒါပေမဲ့ အခုအချိန်မှာတော့ အခြေအနေတွေက အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါပြီ။

GH Construction က ကုမ္ပဏီအကြီးစားတစ်ခုမျှသာ ဖြစ်ပါတယ်။ OTK ကုမ္ပဏီအနေနဲ့သာ အလိုရှိမယ်ဆိုရင် အဲဒီလို အရွယ်အစားမျိုးရှိတဲ့ ကုမ္ပဏီကို အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။

ကျွန်တော် ကော်ဖီတစ်ငုံ သောက်လိုက်ပြီး ပြောလိုက်တယ်။

“ငါ ပြီးခဲ့တဲ့ အတောအတွင်းကတည်းက သိချင်နေတာတစ်ခုရှိတယ်”

“ဘာလဲ”

“နင် ဘာလို့ ငါနဲ့ တွဲချင်ခဲ့တာလဲ”

သူ စစ်မှုထမ်းပြီးလို့ ပါတီတစ်ခုမှာ မတော်တဆ ဆုံကြတုန်းက ယွန်ဆွန်းအာက အောင်မြင်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ကျွန်တော် သတိမထားမိခဲ့ရင်တောင် ကျွန်တော်တို့ အစောဆုံး စတွေ့ကတည်းက သူဟာ အဲဒီလိုပဲ တွေးခဲ့တာ ဖြစ်နိုင်ပါတယ်။

ကျွန်တော့်အဖေမှာ စီးပွားရေးလုပ်ငန်း ရှိပေမယ့် ကျွန်တော်တို့က အဆမတန် ချမ်းသာကြတာမျိုး မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ စီနီယာတွေနဲ့ သူငယ်ချင်းတွေထဲမှာ ပိုပြီး ချမ်းသာတဲ့ မိသားစုက လာတဲ့သူတွေ အများကြီး ရှိပါတယ်။

ဒါဆို ဘာလို့ ကျွန်တော့်ကိုတွဲရတာလဲ။

ယွန်ဆွန်းအာက ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေပါတယ်။

“ဘာလို့လဲဆိုတော့ နင်က အတောက်ပဆုံး ဖြစ်နေပုံရလို့လေ”

“ဘာ”

“ငါ အဲဒီတုန်းက နင့်ကို ပြောခဲ့သားပဲ။ ငါ နင့်ကို စတွေ့တဲ့အချိန်ကတည်းက နင်က တခြားလူတွေနဲ့ တစ်မျိုးလေး ကွဲပြားနေခဲ့တာ”

“……”

ဒီစကားက ဘာကို ဆိုလိုလဲဆိုတာ ကျွန်တော် သေချာနားမလည်ပါဘူး။ ယွန်ဆွန်းအာက ကျွန်တော့်ဆီမှာ ဘာကို မြင်ခဲ့လို့လဲ။ အဲဒီတုန်းက ကျွန်တော့်မှာ ပင်ကိုသိစိတ် စွမ်းအားတွေလည်း မရှိသေးပါဘူး။

ယွန်ဆွန်းအာက ပြောစရာ စကားရှိလာတဲ့အခါ ဖြစ်တတ်တဲ့ အကျင့်အတိုင်း ကော်ဖီခွက်ကို လက်ချောင်းလေးတွေနဲ့ ပွတ်သပ်နေပြီး ပြောတယ်။

“နင် ဘာလို့ အဲဒါကို ဖုံးကွယ်ထားခဲ့တာလဲ”

“ဘာကိုလဲ”

“နင်က OTK ကုမ္ပဏီရဲ့ စီအီးအို ဖြစ်နေတာကို ပြောတာ”

“နင်မှ မမေးတာ”

“ငါ နောက်နေတာ မဟုတ်ဘူးနော်”

“ငါလည်း တကယ်ပြောနေတာ”

RCK Brothers ရဲ့ ဒုတိယဥက္ကဋ္ဌသမီးတောင် သူ့ရဲ့ အမှတ်အသားကို ဖုံးကွယ်ထားတာပဲ။ OTK ကုမ္ပဏီကရော ဘာကို ကြွားလုံးထုတ်နေရမှာလဲ။

OTK ကုမ္ပဏီက Brexit ပြီးနောက်ပိုင်းမှာမှ နာမည်ကြီးလာခဲ့တာပါ။ အဲဒီမတိုင်ခင်အထိတော့ ဘဏ္ဍာရေးလောကထဲက လူတချို့ပဲ ဟိုတစ်စ ဒီတစ်စ သိကြတာလေ။

“နင်စစ်မှုထမ်းပြီးနောက်ပိုင်းမှာ ဘာတွေ ဖြစ်ခဲ့တာလဲ”

“ဘန့်ကွိုင်၊ L6 ပေါက်ကွဲမှု၊ startup ရင်းနှီးမြှုပ်နှံမှုတွေ၊ Brexit နဲ့ တခြားအရာတွေပေါ့။ နင် ဒါတွေအကုန် သိပြီးသားပဲ မဟုတ်ဘူးလား”

ကျွန်တော် ပိုက်ဆံ ဘယ်လိုရှာခဲ့လဲဆိုတာကို မီဒီယာတွေမှာ အကြိမ်ကြိမ် အစီရင်ခံခဲ့ကြတာမလို့ လူတိုင်း သိကြပါတယ်။

ယွန်ဆွန်းအာက ကျွန်တော့်ကို တည့်တည့် စိုက်ကြည့်ပြီး မေးတယ်။

“အဲဒါ အကုန်ပဲလား”

ဒါပေါ့၊ တကယ်လို့ ရင်းနှီးမြှုပ်နှံမှုကနေ ပိုက်ဆံရှာရတာ အဲဒီလောက်အထိ လွယ်ကူနေရင် ဘယ်သူက အလုပ်ကြိုးစားတော့မှာလဲ။

ကျွန်တော့်မှာ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ စွမ်းအား ရှိနေလို့သာ ဖြစ်နိုင်ခဲ့တာပေမယ့်လည်း…

“ငါ ကံကောင်းသွားလို့ပါ”

ယွန်ဆွန်းအာက အဲဒီအကြောင်းကို ထပ်မမေးတော့ပါဘူး။ အဲဒီအစား တခြားအရာတစ်ခုကို မေးလာပါတယ်။

“နင် ပြီးခဲ့တဲ့ အတောအတွင်းက ကျောင်းကို အတူတူလာတဲ့ နိုင်ငံခြားသား ရှေ့နေမလေးနဲ့ တွဲနေတယ်လို့ ကြားတယ်”

“နင် ဘယ်လိုသိတာလဲ”

“ရှင်ယူရီဆီက ကြားတာ”

ယွန်ဆွန်းအာက တစ်ခါတလေ ရှင်ယူရီနဲ့ အဆက်အသွယ် ရှိနေပုံရပါတယ်။ ဒါပေမဲ့ ရှင်ယူရီက RCK Brothers ရဲ့ ဒုတိယဥက္ကဋ္ဌသမီး ဖြစ်နေတယ်ဆိုတဲ့ အချက်ကိုတော့ ယွန်ဆွန်အာ သိပုံမရပါဘူး။

“နင်...”

ယွန်ဆွန်းအာက တစ်ခုခု ပြောဖို့ ဟန်ပြင်နေတုန်း အမျိုးသမီးတစ်ယောက်က ကျွန်တော်တို့ စားပွဲဆီကို လျှောက်လာပြီး ပြုံးပြီး နှုတ်ဆက်လာတယ်။

“မင်္ဂလာပါ၊ စီအီးအို ကန်ဂျင်ဟူ”

ဘယ်သူလဲဆိုတာကို လှည့်ကြည့်လိုက်တော့ တခြားလူ မဟုတ်ဘဲ ဟိုတယ်ဥက္ကဋ္ဌ ဖြစ်နေပါတယ်။ ဆီလွန်ဟိုတယ်က ဆိုဆောင်း အီလက်ထရောနစ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အခုတော့ ဥက္ကဋ္ဌ လင်ဂျင်ယုံရဲ့ ညီမ ဖြစ်တဲ့ လင်ဆိုမီက ဦးစီးနေတာလေ။

ဟိုတယ်ဥက္ကဋ္ဌ ရုတ်တရက် ရောက်ရှိလာမှုကြောင့် ဝန်ထမ်းတွေပါ အလိုလို မွန်းကြပ်သလိုဖြစ်သွားကြပါတယ်။

ကျွန်တော် ထိုင်နေရာကနေ ထရပ်လိုက်ပြီး ပြောလိုက်တယ်။

“မင်္ဂလာပါ ဥက္ကဋ္ဌ လင်ဆိုမီ။ ဘာကိစ္စများ ရှိလို့လဲခင်ဗျာ”

သူက ပြုံးလိုက်ပြီး ပြောတယ်။

“စီအီးအို ကန်ဂျင်ဟူ ရောက်နေတယ်လို့ ကြားကြားချင်းပဲ အပြေးအလွှား လာခဲ့တာပါ”

ဆီလွန်ဟိုတယ်ရဲ့ ရုံးချုပ်က ဒီဟိုတယ်ဝင်းထဲမှာပဲ တည်ရှိတာပါ။ တစ်ယောက်ယောက်က ကျွန်တော့်မျက်နှာကို မှတ်မိပြီး လှမ်းသတင်းပို့လိုက်ပုံရတယ်။

ဒါက ကျွန်တော်တို့ သုံးကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်ပါတယ်။ ပထမဆုံးအကြိမ်က နာရေးမှာ ဖြစ်ပြီး နောက်ဆုံးအကြိမ်ကတော့ ဘေ့စ်ဘောပွဲစဉ်မှာပါ။

အဲဒီတုန်းက ပေါ့ပေါ့ပါးပါး အဝတ်အစားတွေ ဝတ်ထားတာနဲ့ မတူဘဲ အခုတော့ သူက အလုပ်တက်တဲ့ ဝတ်စုံနဲ့မလို့ တကယ့်ကို ထက်မြက်တဲ့ အမျိုးသမီးကြီးတစ်ယောက်ရဲ့ အရှိန်အဝါမျိုး ထွက်ပေါ်နေပါတယ်။

ကျွန်တော့်ဘေးမှာ အစ်မ အိုဟျွန်းဂျူးကို အမြဲတွေ့နေကျမလို့ ဒီလို အငွေ့အသက်မျိုးကိုတော့ ကျွန်တော် တော်တော်လေး ယဉ်ပါးနေပါပြီ။

ဥက္ကဋ္ဌ လင်ဆိုမီက စနောက်ပြီး ပြောတယ်။

“အခုနောက်ပိုင်းက ဒါရိုက်တာ ဟျွန်းဂျူးက နင့်အပေါ်မှာ အများကြီး အားကိုးနေရတယ်လို့ ကြားတယ်”

“မဟုတ်တာပဲဗျာ။ ကျွန်တော်ကသာ သူ့အပေါ်မှာ ပိုပြီး အားကိုးနေရတာပါ”

“နင် ငလျင်ကြောင့် လဲကျသွားတယ်လို့ ကြားတုန်းက ငါ တကယ် စိတ်ပူသွားတာ။ အခု အဆင်ပြေရဲ့လား”

“ပြေပါတယ်ခင်ဗျာ”

အဲဒီ အဖြစ်အပျက်က တော်တော်လေး ပြင်းထန်ခဲ့ပုံရပါတယ်။ ကျွန်တော်နဲ့ ဆုံတဲ့လူတိုင်းက ကျန်းမာရေးအခြေအနေကို မမေးဘဲ မနေကြဘူးလေ။ အခု စဉ်းစားကြည့်မှ ယွန်ဆွန်းအာက ချွင်းချက် ဖြစ်နေတာပါလား။

ဥက္ကဋ္ဌ လင်ဆိုမီက ယွန်ဆွန်းအာဘက်ကို အကြည့်ပြောင်းလိုက်ပြီး ပြောတယ်။

“တွေ့ဆုံပွဲ လုပ်နေကြတာ ထင်တယ်။ သူက ဘယ်သူများလဲ...”

“……”

ကျွန်တော် ဘာပြန်ပြောရမလဲ။

အခန်း (၁၆၈)

ရည်းစားဟောင်းဖြစ်ကြောင်းကို ချန်လှပ်ထားပြီး အမှန်အတိုင်းပဲ ကျွန်တော် ပြောလိုက်တယ်။

“ကျောင်းက သူငယ်ချင်းတစ်ယောက်ပါ။ မင်္ဂလာဆောင်တော့မှာ မလို့လေ”

ဥက္ကဋ္ဌ လင်ဆိုမီက ခေါင်းညိတ်ပြတယ်။

“သြော်... အဲလိုလား”

“သူနဲ့ လက်ထပ်မယ့်သူက GH Construction က ဂိုဂျွန်ဟျွန်း တဲ့။ သိလားခင်ဗျာ”

ကျွန်တော့်စကားကြောင့် သူ မျက်လုံးအဝိုင်းသား ဖြစ်သွားတယ်။

“ဂိုဂျွန်ဟျွန်းက ဥက္ကဋ္ဌ ဂိုဂျင်ဂွမ်ရဲ့ တတိယမြောက်သားပဲလေ။ အာ... မင်္ဂလာဆောင်တော့မယ်လို့တော့ ကြားမိသား”

ယွန်ဆွန်းအာက အမြန်ပဲ ထရပ်ပြီး ခေါင်းငုံ့ကာ နှုတ်ဆက်လိုက်တယ်။

“မင်္ဂလာပါရှင်၊ ကျွန်မ နာမည် ယွန်ဆွန်းအာ ပါ”

“တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မက လင်ဆိုမီ ပါ”

သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်ကြတယ်။

“မင်္ဂလာဆောင်အတွက် ဂုဏ်ယူပါတယ်နော်”

“ကျေးဇူးတင်ပါတယ်ရှင်”

ဥက္ကဋ္ဌ လင်ဆိုမီရဲ့ ပြင်းထန်တဲ့ အရှိန်အဝါကြောင့်လားမသိဘူး။ ယွန်ဆွန်းအာက နည်းနည်းလေး လန့်သွားတဲ့ ပုံစံပါပဲ။

“ဥက္ကဋ္ဌ ဂိုဂျင်ဂွမ်ရဲ့ အနာဂတ်ချွေးမလောင်းက ကိုယ်စားလှယ် ကန်ဂျင်ဟူရဲ့ ကျောင်းနေဖက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ တကယ်လို့ ရှင်တို့နှစ်ယောက်ကြားမှာ ခင်မင်မှု ရှိနေရင် နောက်ပိုင်း GH Construction အနေနဲ့ OTK ကုမ္ပဏီဆီကနေ အကူအညီရဖို့ ပိုလွယ်ကူသွားတာပေါ့”

ကျွန်တော်ကတော့ ပြုံးပြီး ခေါင်းခါပြလိုက်တယ်။

“တကယ်ပဲ အဲလို ဖြစ်လာလိမ့်မယ်လို့ ထင်လို့လားဗျာ”

“ဘာလို့မဖြစ်ရမှာလဲ။ OTK ကုမ္ပဏီက ArcIt ရဲ့ အကြီးဆုံး ရှယ်ယာရှင်လည်း ဖြစ်နေတာပဲ မဟုတ်လား”

သူက အကုန်လုံးကို သိနေတာပဲ။

ယူကေအခြေစိုက် startup တစ်ခုဖြစ်တဲ့ ArcIt ဟာ ဗိသုကာပညာ ပုံစံထုတ်လုပ်ရေးအတွက် AIနဲ့ Machine learning နည်းပညာကို အသုံးပြုတာပါ။ ကိုရီးယားမှာတော့ လူသိနည်းပေမဲ့ ဥရောပမှာ အဓိကထားပြီး အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

သူက လက်ကိုင်အိတ်ထဲကနေ လိပ်စာကတ်တစ်ခု ထုတ်ပြီး ကျွန်တော့်ကို ကမ်းပေးတယ်။

“တကယ်လို့ ဟိုတယ်မှာ တစ်ခုခု လိုအပ်တာ ရှိရင် ငါ့ဆီကို အချိန်မရွေး ဆက်သွယ်လို့ရပါတယ်။ စီအီးအို ခေါ်တဲ့ ဖုန်းဆိုရင် ငါက အိပ်ပျော်နေရင်တောင် ထကိုင်မှာပါ”

စီးပွားရေးလောကရဲ့ ထုံးစံအရ တခြားလူဆီက လိပ်စာကတ် ရပြီးရင် ကိုယ့်လိပ်စာကတ်ကို ပြန်ပေးရတာ ထုံးစံပဲလေ။

“ကျွန်တော့်မှာ လိပ်စာကတ် ရှိတော့ ရှိပါတယ်၊ ဒါပေမဲ့ ယူမလာမိလို့”

“ငါ့ရဲ့ ဆက်သွယ်ရမယ့် နံပါတ်ကိုတော့ သိတယ်မလား”

“ဒါပေါ့ဗျာ။ မကြာခင်မှာ အတူတူ ထမင်းစားဖို့ စီစဉ်လိုက်ပါ့မယ်”

“ငါ့မောင်လေး အပါအဝင် အားလုံး ဆုံကြတာပေါ့”

“ဟုတ်ကဲ့။ မျှော်လင့်နေပါ့မယ်”

“ငါ နင်တို့ရဲ့ အချိန်တွေကို အများကြီး ယူမိသွားပြီ ထင်တယ်။ အခုပဲ သွားလိုက်ပါတော့မယ်။ ဒီနေ့ ကော်ဖီဖိုးကို ငါပဲ ရှင်းပေးခဲ့မယ်နော်၊ နင်တို့နှစ်ယောက် ဆက်ပြီး စကားပြောကြပါ”

“ကောင်းကောင်း သွားပါဗျာ”

ယွန်ဆွန်းအာက ခေါင်းငုံ့ပြီး နှုတ်ဆက်လိုက်တယ်။

“နှုတ်ဆက်ပါတယ်ရှင်”

ဥက္ကဋ္ဌ လင်ဆိုမီ ထွက်သွားပြီးတဲ့နောက် ကျွန်တော်တို့ ပြန်ထိုင်လိုက်ကြတယ်။

ယွန်ဆွန်းအာက အံ့သြနေတဲ့ မျက်နှာပေးနဲ့ ကျွန်တော့်ကို ကြည့်နေတယ်။ ဥက္ကဋ္ဌ လင်ဆိုမီရဲ့ ရှိနေမှုက ကျွန်တော့်ရဲ့ လက်ရှိ အဆင့်အတန်းကို ယွန်ဆွန်းအာကို နောက်တစ်ကြိမ် ပြန်ပြီး သတိပြုမိစေခဲ့တာပေါ့။

ယွန်ဆွန်းအာအနေနဲ့ ဒီအချက်ကို အရင်ကတည်းက သိထားပြီးသား ဖြစ်မှာပေမဲ့ စိတ်ထဲကနေ သိနေတာနဲ့ လူချင်း တိုက်ရိုက် မြင်တွေ့ရတာကတော့ ကွာခြားတာပဲလေ။

ယွန်ဆွန်းအာက တော်တော်ကြာအောင် တိတ်ဆိတ်နေခဲ့တယ်။ ခေါင်းလေးငုံ့ပြီး ကော်ဖီခွက်ကိုပဲ လက်နဲ့ ပွတ်သပ်နေရင်း ပြောတယ်။

“တကယ်လို့ ငါသာ နင့်ဘေးနားမှာ ရှိနေခဲ့ရင်... နင် အခုလိုမျိုး အောင်မြင်နေဦးမှာပဲလား”

“အင်း... အဲဒါတော့ ငါလည်း မသိဘူး”

ကျွန်တော်က တည်ငြိမ်မှုကိုပဲ ရှာဖွေတတ်တဲ့သူလေ။ ကျောင်းတုန်းကဆို လုပ်ငန်းထောင်ဖို့ တစ်ခါမှ မတွေးဖူးဘူး။ ဘဏ္ဍာရေးကဏ္ဍမှာ အလုပ်ရဖို့ပဲ ရည်မှန်းချက် ထားခဲ့တာ။ တကယ်လို့ မိသားစုသာ အဆင်ပြေပြေ ရှိနေပြီး အဖေသာ သက်ရှိထင်ရှား ရှိဦးမယ်ဆိုရင် ကျွန်တော် ပုံမှန်ပဲ ကျောင်းပြီးပြီး အလုပ်တစ်ခု ရနေလောက်ပါပြီ။

ကျွန်တော့်မှာ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ စွမ်းအား ရှိတာ မှန်ပေမဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်တာက ကြီးမားတဲ့ လောင်းကစားတစ်ခုပါပဲ။

တကယ်လို့ ယွန်ဆွန်းအာသာ ကျွန်တော့်ဘေးမှာ ရှိနေခဲ့ရင်ကော ဒီလို ရွေးချယ်မှုမျိုးကို လုပ်ဖြစ်ပါ့ဦးမလား။

ကျွန်တော် အခုအချိန်အထိ လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းကို ပြန်တွေးကြည့်မိတယ်။ ယွန်ဆွန်းအာက ကျွန်တော်လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းမှာ မရှိခဲ့ပါဘူး။ အခုအချိန်မှာတော့ နောက်ပြန်လှည့်ဖို့က အချိန်နှောင်းသွားခဲ့ပါပြီ။

“ဘယ်လို ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ”

ယွန်ဆွန်းအာက စိတ်မကောင်းတဲ့ မျက်နှာပေးမျိုး လုပ်လိုက်ပြီး ပြောတယ်။

“အဲဒါလည်း ဟုတ်တာပါပဲ”

အတိတ်အကြောင်း ပြောနေတာက အဓိပ္ပာယ်မရှိပါဘူး။ အရေးကြီးတာက ရှေ့ဆက်ရမယ့် အရာတွေပဲလေ။

“ငါ နင့်ကို တွေ့ရင် ပြောချင်တဲ့ စကားတစ်ခွန်း ရှိခဲ့တယ်...”

“အင်း... ဘာများလဲ”

ခဏလောက် စဉ်းစားပြီးတဲ့နောက် ယွန်ဆွန်းအာက ခေါင်းခါပြလိုက်ပြီး ပြောတယ်။

“မပြောတော့တာပဲ ပိုကောင်းလိမ့်မယ် ထင်တယ်”

ကျွန်တော် ခပ်ဖွဖွလေး ပြုံးပြလိုက်တယ်။

ယွန်ဆွန်းအာက ကျွန်တော့်ကို ကြည့်ပြီး မေးတယ်။

“နင် မင်္ဂလာဆောင်ကို လာမှာလား”

ကျွန်တော့်မှာ ကိုရီးယား စီးပွားရေးလောကနဲ့ ပတ်သက်မှု သိပ်မရှိပါဘူး။ ကြုံဖူးတာဆိုလို့ စီးပွားရေးအရ ဆိုဆောင်း အုပ်စုနဲ့ပဲ ရှိတာဖြစ်ပြီး၊ တခြား ချေဘောတွေကိုတော့ ရိုနယ် ဦးဆောင်တဲ့ အစည်းအဝေးပွဲတစ်ခုမှာပဲ တစ်ကြိမ်ပဲ မြင်ဖူးတာပါ။

ဒါကြောင့် တကယ်လို့ ကျွန်တော်သာ မင်္ဂလာဆောင်ကို ရောက်သွားရင် အဲဒါကတင် ပြောစရာ အကြောင်းအရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ သေချာပေါက် ယွန်ဆွန်းအာက ကျွန်တော့်ကို တကယ်လာစေချင်တဲ့ စိတ်ရင်းနဲ့ ဖိတ်စာပေးတာမျိုး မဟုတ်လောက်ပါဘူး။ ပြောင်းပြန် ဖြစ်ဖို့က ပိုများပါတယ်။

ကျွန်တော် ခေါင်းခါပြလိုက်တယ်။

“ငါ မင်္ဂလာဆောင် လက်ဖွဲ့ငွေပဲ အများကြီး ပို့ပေးလိုက်ပါ့မယ်”

ယွန်ဆွန်းအာက အဲဒီလို အဖြေမျိုးကို မျှော်လင့်ထားတဲ့အတိုင်း ခပ်ဖွဖွလေး ပြုံးလိုက်တယ်။ အဲဒီနောက် သူ့ရဲ့ အိတ်ကို သိမ်းပြီး ထရပ်လိုက်တယ်။

သူက နှုတ်ဆက်စကား ဆိုပါတယ်။

“ဂရုစိုက်ပါ။ ဂျင်ဟူ”

ကျွန်တော်လည်း စိတ်ရင်းနဲ့ပဲ ပြောလိုက်တယ်။

“မင်္ဂလာဆောင်အတွက် ဂုဏ်ယူပါတယ်နော်”

ကျွန်တော် အမေရိကမှာ လဲကျသွားပြီးတဲ့နောက် နယ်ပယ်ပေါင်းစုံကနေ ဖုန်းတွေ အများကြီး ဝင်လာခဲ့တယ်။ ရှင်ယူရီလည်း ဖုန်းအကြိမ်ကြိမ် ခေါ်ခဲ့တာပေါ့။

အဲဒီတုန်းကတော့ ကျွန်တော် သေချာပေါက် ဖုန်းမကိုင်နိုင်ခဲ့ပေမဲ့ နိုးလာပြီးတဲ့နောက် ခဏလောက် ဖုန်းပြောဖြစ်ခဲ့တယ်။ ပြီးတော့ ဒီနေ့မှာလည်း နောက်ထပ် ဖုန်းတစ်ကော ဝင်လာပြန်ပါတယ်။

ထင်ထားတဲ့အတိုင်းပဲ ရှင်ယူရီက ကျွန်တော့်ရဲ့ ကျန်းမာရေးအခြေအနေကို အရင်ဆုံး မေးလာပြီး၊ ကျွန်တော်ကတော့ အဆင်ပြေပါတယ်လို့ ပြန်ဖြေရင်း အကြောင်းအရာကို ပြောင်းလိုက်တယ်။

“ဒါနဲ့... အခုဆို ကျောင်းက ကျောင်းပိတ်ရက် ရောက်နေပြီမလား”

“ကျောင်းပိတ်တာ ဘယ်လောက်တောင် ကြာနေပြီလဲ။ စီနီယာလည်း ကျောင်းရဲ့ ပညာသင်နှစ် ပြက္ခဒိန်ကို နည်းနည်းလောက်တော့ အာရုံစိုက်ပါဦး”

ကျောင်းခွင့် ရေရှည်ယူထားတဲ့ ကျောင်းသားတစ်ယောက်အတွက် ကျောင်းပိတ်ရက် ပြက္ခဒိန်ကို အာရုံစိုက်နေဖို့က ဘာလိုလို့လဲ။

“နင် ဘယ်မှ သွားပြီး မလည်ဘူးလား။”

“လည်ရမှာလား။ အခုလို လူငယ်အလုပ်လက်မဲ့နှုန်း မြင့်တက်နေတဲ့ အချိန်မှာ စီနီယာက အဲလို စကားမျိုး ပြောနိုင်တယ်ပေါ့လေ။ လူတိုင်းက အလုပ်ရဖို့အတွက် study group တွေနဲ့ အလုပ်ရှုပ်နေကြတာ။ ကျွန်မလည်း OTK ကုမ္ပဏီကို ဝင်နိုင်ဖို့အတွက် အသည်းအသန် ကြိုးစားရဦးမယ်”

“တကယ်လား။ နင် တကယ် ဝင်မှာလား”

“ကျွန်မအရင်ကတည်းက စီနီယာကို ပြောထားသားပဲ။ ကျွန်မ ကျောင်းမပြီးမချင်း နေရာလွတ်တစ်ခု ချန်ထားပေးရမယ်နော်။ နောက်မှ ဝန်ထမ်းအင်အား မရှိတော့ဘူးလို့ ပြောလို့မရဘူး”

“……”

ဒါက လူတွေ ပြောပြောနေကြတဲ့ အာဏာသုံးပြီး အလုပ်သွင်းခိုင်းတာမျိုးလား။

“ဒါနဲ့ နင် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိလို့ ဖုန်းဆက်တာဆို”

“သြော်... ဟုတ်သားပဲ။ အင်း... ဒါပေမဲ့ ဒါကို စီနီယာကို ပြောပြရမလားတော့ မသေချာဘူး။ ဘာပဲဖြစ်ဖြစ် စီနီယာလည်း နောက်ဆုံးကျရင် သိသွားမှာပဲ ဆိုတော့... ”

“ဘာကိစ္စလဲ။ ယွန်ဆွန်းအာ မင်္ဂလာဆောင်မယ့် ကိစ္စလား”

ကျွန်တော့် စကားကြောင့် ရှင်ယူရီ အံ့သြသွားတယ်။

“စီနီယာ ဘယ်လိုသိတာလဲ”

“ငါ လူချင်း တိုက်ရိုက် ကြားခဲ့တာ”

“အစ်မ ယွန်ဆွန်းအာဆီကလား။ စီနီယာတို့ တကယ် ဆုံခဲ့ကြတာလား”

“ဆုံခဲ့တာပေါ့။ အဲဒါက ပြဿနာ ရှိလို့လား”

“ပြဿနာ ရှိတာတော့ မဟုတ်ပါဘူး... ဒါနဲ့ ဘာတွေ ဖြစ်ခဲ့သေးလဲ”

“ဘာဖြစ်ရမှာလဲ။ ငါက သူ့ကို ဂုဏ်ပြုပေးခဲ့ပြီး ကောင်းကောင်းမွန်မွန် နေဖို့ပဲ ပြောခဲ့တာပေါ့”

“ဟွန်း... တော်သားပဲ။ အာ... ဒါနဲ့ စီနီယာ ဟိုအကြောင်း ကြားပြီးပြီလား”

“ဘာအကြောင်းလဲ”

“လာမယ့် အပတ်ထဲမှာ ဝါရင် ဘတ်ဖတ် က ကိုရီးယားကို လာမယ်လို့ အဖေဆီကနေ ကြားထားလို့ပါ”

“တကယ်လား။ ဘာကိစ္စ ရှိလို့လာတာလဲ”

ဝါရင် ဘတ်ဖတ်ရဲ့ Berkshire Hathaway ကုမ္ပဏီဟာ အာမခံလုပ်ငန်းကနေ စတင်ခဲ့တာ ဖြစ်ပေမဲ့ အခုတော့ ဘဏ္ဍာရေး၊ IT၊ မီဒီယာ၊ ကုန်ထုတ်လုပ်မှု၊ စွမ်းအင်၊ လက်လီအရောင်းဆိုင်၊ လူသုံးကုန်ပစ္စည်းတွေနဲ့ မော်တော်ကားကဏ္ဍ အပါအဝင် နယ်ပယ်အသီးသီးမှာ ရင်းနှီးမြှုပ်နှံထားတာပါ။

ဝါရင် ဘတ်ဖတ်က သူ သေသေချာချာ နားမလည်တဲ့ နယ်ပယ် ဒါမှမဟုတ် စွန့်စားရမှု များတယ်လို့ ယူဆတဲ့ အရာတွေမှာ ဘယ်တော့မှ ရင်းနှီးမြှုပ်နှံမှု မလုပ်ပါဘူး။ dot-com bubble ခေတ်တုန်းကဆိုရင် သူက အင်တာနက် စတော့ရှယ်ယာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ငြင်းဆန်ခဲ့လို့ ရှယ်ယာရှင်တွေရဲ့ စိတ်ဆိုးမှုကို ခံခဲ့ရဖူးတယ်။ ဒါပေမဲ့ bubble ပေါက်ကွဲသွားပြီးတဲ့နောက်မှာတော့ သူ့ကို ရင်းနှီးမြှုပ်နှံမှု ပါရမီရှင်အဖြစ် ချီးကျူးခဲ့ကြပြန်တယ်။

အဲဒီအစား သူက လူတိုင်း သိကြတဲ့ ကိုကာကိုလာ၊ Costco နဲ့ ဝေါ့ဒစ္စနီ လိုမျိုး ရင်းနှီးပြီးသား ကုမ္ပဏီတွေကိုပဲ ဝယ်ယူခဲ့တယ်။ မကြာသေးခင်ကတော့ သူက စတုတ္ထအကြိမ်မြောက် စက်မှုတော်လှန်ရေးနဲ့ IT ကဏ္ဍအပေါ် စိတ်ဝင်စားမှု ရှိလာတယ်လို့ ပြောခဲ့ပြီး Npple စတော့ရှယ်ယာတွေကို ဝယ်ယူခဲ့တာက ထင်ရှားတဲ့ ဥပမာတစ်ခုပါပဲ။

“သူက ဥက္ကဋ္ဌ လင်ဂျင်ယုံနဲ့ တွေ့ဖို့ လာတာလို့ ကြားတယ်”

ဝါရင် ဘတ်ဖတ်က ရင်းနှီးမြှုပ်နှံမယ့် ပစ်မှတ်တွေကို ရွေးချယ်တဲ့နေရာမှာ အလွန်ပဲ သတိကြီးပြီး သူ လက်ရှိ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေနဲ့ ထပ်တူကျလွန်းတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံတာမျိုးကို ယေဘူယျအားဖြင့် ရှောင်ကြဉ်တတ်ပါတယ်။ ဒါပေမဲ့ မကြာသေးခင်ကတော့ သူက ဆိုဆောင်း အီလက်ထရောနစ်ရဲ့ ရှယ်ယာတွေကို ရုတ်တရက် ဝယ်ယူလိုက်တာကြောင့် လူတိုင်းကို အံ့အားသင့်စေခဲ့တယ်။

သူက ဥက္ကဋ္ဌ လင်ဂျင်ယုံနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်တွေအတွက် တွေ့ဆုံတာ ဖြစ်မလား။

ရက်အနည်းငယ် ကြာပြီးတဲ့နောက်

ဝါရင် ဘတ်ဖတ် ကိုရီးယားကို လာမယ့်အကြောင်း မီဒီယာတွေမှာ ဖော်ပြလာကြတယ်။

ကွန်ပျူတာအကြောင်း နားမလည်တဲ့သူတွေတောင် ဘီလ်ဂိတ်ကို သိကြသလို၊ ဘဏ္ဍာရေး ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုကို စိတ်မဝင်စားတဲ့သူတွေတောင် ဝါရင် ဘတ်ဖတ် အကြောင်းကိုတော့ ကြားဖူးကြမှာပါ။

ဝါရင် ဘတ်ဖတ်က ဂျော်ဂျီယာပြည်နယ် အတ္တလန်တာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ အေသင်မြို့မှာ မွေးဖွားကြီးပြင်းခဲ့တာ ဖြစ်ပြီး ကောလိပ်ပြီးတဲ့နောက်မှာလည်း မွေးရပ်မြေဆီ ပြန်လာပြီး အခြေချနေထိုင်ခဲ့တာပါ။

Berkshire Hathaway ရဲ့ ရုံးချုပ်ကလည်း အေသင်မြို့မှာပဲ ရှိတာဖြစ်ပြီး ဘတ်ဖတ်က သူ့ဘဝရဲ့ အချိန်အတော်များများကို အဲဒီဒေသမှာပဲ ကုန်ဆုံးစေခဲ့တာမလို့ မဖြစ်မနေ ကိစ္စကလွဲရင် အိမ်ကနေ ထွက်လေ့မရှိပါဘူး။

ဒီတစ်ကြိမ် ကိုရီးယားခရီးစဉ်ကတော့ ပြီးခဲ့တဲ့ ဆယ်နှစ်နီးပါးအတွင်းမှာ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်ပါတယ်။

သူ လာမယ့် သတင်းကို ကြားရတဲ့အခါ အိမ်ပြာတော်ကနေ ချက်ချင်းပဲ သူ့ကို ဖိတ်ကြားချင်တဲ့ ဆန္ဒကို ဖော်ပြခဲ့တယ်။ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူက သမ္မတ ပတ်ဆီဟျွန်းအနေနဲ့ ဘတ်ဖတ်နဲ့အတူ ထမင်းစားပြီး ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ ဆွေးနွေးသွားမယ်လို့ ကြေညာခဲ့တယ်။

ဂျောင်အီဘို လိုမျိုး သတင်းဌာနတွေကို ဗဟိုပြုတဲ့ ကွန်ဆာဗေးတစ် မီဒီယာတွေကတော့ သမ္မတ ပတ်ဆီဟျွန်းနဲ့ ဘတ်ဖတ်တို့ တွေ့ဆုံမှုက တကယ်ဖြစ်လာတော့မယ့် အချက်တစ်ခုလိုမျိုး ဆောင်းပါးတွေကို စတင်ဖော်ပြကြတော့တာပဲ။

[သမ္မတ ပတ်ဆီဟျွန်းက ဝါရင် ဘတ်ဖတ်ကို အိမ်ပြာတော်ဆီ ဖိတ်ကြားလိုက်ပြီ။]

[သက်တမ်းကုန်ခါနီးမှာတောင် စီးပွားရေးနဲ့ လိုက်လျောညီထွေဖြစ်တဲ့ လုပ်ဆောင်မှုတွေ ဆက်ရှိနေဆဲ]

[စီးပွားရေး သမ္မတနဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံသူတို့ရဲ့ တွေ့ဆုံမှု]

[ဒါက ကိုရီးယားမှာ ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ဖို့ အခွင့်အလမ်းတစ်ခု ဖြစ်လာသင့်တယ်]

[ဝါရင် ဘတ်ဖတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အတွေးအခေါ်က တီထွင်ဖန်တီးမှုရှိတဲ့ စီးပွားရေးစနစ်နဲ့ အတော်လေး ကိုက်ညီနေတယ်]

သတင်းတွေက ဝါရင် ဘတ်ဖတ် ကိုရီးယားကို လာတာဟာ သမ္မတ ပတ်ဆီဟျွန်းနဲ့ တွေ့ဖို့ သီးသန့်လာသလိုမျိုး ဖြစ်နေတာပါ။

ဒါပေမဲ့ ဆောင်းပါးတွေ ထွက်လာပြီးတဲ့နောက်မှာတော့ Berkshire Hathaway ဘက်က ကိုရီးယား မီဒီယာတွေရဲ့ ဖော်ပြချက်ကို ငြင်းဆိုခဲ့တယ်။

ကိုရီးယားကို လာရတဲ့ အကြောင်းရင်းက အလုပ်ကိစ္စ မဟုတ်ဘဲ အပန်းဖြေခရီး ဖြစ်တာကြောင့်လို့ ဆိုပြီး ကိုယ်ပိုင် အစီအစဉ်တွေ ရှိနေတဲ့အတွက် အိမ်ပြာတော်ရဲ့ ဖိတ်ကြားမှုကို ကျေးဇူးတင်ပေမဲ့ နောက်ထပ် အချိန်တစ်ခုဆီ ရွှေ့ဆိုင်းရလိမ့်မယ်လို့ ပြောခဲ့တယ်။ ဒါ့အပြင် ဥက္ကဋ္ဌ လင်ဂျင်ယုံနဲ့ တွေ့ဆုံတာကလည်း ယခင် ဥက္ကဋ္ဌဟောင်း လင်အီကွမ်နဲ့ ရှိခဲ့ဖူးတဲ့ အတိတ်က ပတ်သက်မှုကြောင့် ဖြစ်တယ်ဆိုတာကို အလေးအနက် ပြောကြားခဲ့တယ်။

– ဟားဟား။ သမ္မတကတော့ တော်တော်လေး စိတ်လှုပ်ရှားနေတာပဲ။

– တကယ်ပဲ၊ တီထွင်ဖန်တီးမှုရှိတဲ့ စီးပွားရေးစနစ်အကြောင်း ပြောနေတာလား။ သတင်းတွေ လုပ်ကြံဖန်တီးနေတာ တော်လောက်ပြီ။

– သူတို့က လူထုအမြင်ကို သုံးပြီး တွေ့ဆုံဖို့ ဖိအားပေးဖို့ ကြိုးစားခဲ့ပုံရတယ်။ သူတို့ လုပ်ရပ်တွေက သိပ်အဆင့်နိမ့်လွန်းလို့ ပြန်တောင် မပြောချင်တော့တဲ့ပုံပဲ။

– တကယ်လို့သာ ချေဘော ဥက္ကဋ္ဌ တစ်ယောက်ဆိုရင်တော့ အစီအစဉ်တွေ အကုန်ဖျက်ပြီး အိမ်ပြာတော်ဆီ အပြေးအလွှား သွားမှာပေါ့၊ ဒါပေမဲ့ ဝါရင် ဘတ်ဖတ်က အဲလို လုပ်ပါ့မလား။

– ဒါကို နိုင်ငံတကာ အရှက်ကွဲမှုလို့ ခေါ်တယ်။ ငြိမ်ငြိမ်နေရင် သောက်ရှက်ကွဲမှာကိုမဟုတ်ဘူး။

– ဂျောင်အီဘို ကော အရှက်မရှိဘူးလား။ သူတို့ကို "fake news" လို့ ခေါ်ကြတာ မဆန်းပါဘူး။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အမေရိကန် မီဒီယာတွေဆီကနေ နောက်ထပ် အစီရင်ခံစာတစ်ခု ထွက်ပေါ်လာခဲ့ပြန်တယ်။ အဲဒါကတော့ ဝါရင် ဘတ်ဖတ်ဟာ ဥက္ကဋ္ဌ လင်ဂျင်ယုံ တင်မကဘဲ ကန်ဂျင်ဟူနဲ့ပါ တွေ့ဆုံသွားမယ်လို့ ဆိုတာပါပဲ။

– ဒါက ရာစုနှစ်ရဲ့ ရင်းနှီးမြှုပ်နှံသူတွေကြားက တွေ့ဆုံမှုလား။

– ကျွန်တော်တို့ရဲ့ လေးစားရတဲ့ ခေါင်းဆောင်ကြီးတော့ လျစ်လျူရှုခံလိုက်ရပြီ။

– အခုအချိန်မှာ ခေါင်းဆောင်ကြီးက အရေးမပါတော့ဘူး။ ကန်ဂျင်ဟူက အရှိန်အဟုန်နဲ့ တက်လာနေတာလေ။

– အဲလို မပြောပါနဲ့။ ခေါင်းဆောင်ကြီး စိတ်မကောင်း ဖြစ်သွားလိမ့်မယ်။

– ကန်ဂျင်ဟူက တကယ်ကို ကြီးထွားလာခဲ့တာပဲ။ Brexit မတိုင်ခင်တုန်းကဆို သူ့ရဲ့ လိပ်စာကတ်ကိုတောင် ထုတ်မပြနိုင်ခဲ့တဲ့သူလေ။

– ဒီအကြောင်းကို ကြားတဲ့သူဆိုရင် မင်းပဲ သူ့ကို ပျိုးထောင်ပေးခဲ့သလိုမျိုး ထင်နေဦးမယ်။

ကျွန်တော် Berkshire Hathaway ဆီကနေ ဖုန်းလက်ခံရရှိခဲ့တယ်။

ကျွန်တော် ဖုန်းချလိုက်တာနဲ့ တက်ဂယူက ချက်ချင်း မေးတယ်။

“သူတို့ ဘာပြောလဲ”

“အတူတူ နေ့လယ်စာ စားချင်တယ်တဲ့”

“သူတို့က ထမင်းစားဖို့ သက်သက်ပဲ တောင်းဆိုတာလား”

“အေး”

လက်တွေ့မှာတော့ ဝါရင် ဘတ်ဖတ်နဲ့အတူ နေ့လယ်စာ စားခွင့်ရဖို့ဆိုတာ ကြီးမားတဲ့ ကိစ္စတစ်ခုပဲလေ။

သူက နှစ်တိုင်း သူနဲ့အတူ နေ့လယ်စာ စားခွင့်ကို လေလံတင်လေ့ရှိပြီး ရလာတဲ့ အကျိုးအမြတ်တွေကို လှူဒါန်းလေ့ ရှိပါတယ်။ မနှစ်က အနိုင်ရခဲ့တဲ့ လေလံစျေးနှုန်းက ဒေါ်လာ ၃.၇ သန်းအထိ ရှိခဲ့တာပါ။

အတူတူ ထမင်းစားပြီး စကားပြောခွင့်ရမယ့် ကုန်ကျစရိတ်က ဝမ် သန်း ၄ထောင်ကျော်အထိ ရှိပါတယ်။

ဒီအကြောင်းကို ကြားတော့ တက်ဂယူက မယုံနိုင်ဘဲ မျက်တောင်ခတ်ရင်းပြောတယ်။

“ဘာတွေမလို့ ဝမ် သန်း ၄ ထောင်တောင် ကျရတာလဲ”

“Menuကတော့ ထူးထူးခြားခြား မဟုတ်ပါဘူး”

“ဒါဆို ဘာလို့ အဲဒီလောက် စျေးကြီးရတာလဲ”

“အရေးကြီးတာက မင်း ရရှိမယ့် ဘဝအကြံဉာဏ်တွေလေ”

ကျွန်တော် မကြာခဏ ပြောလေ့ရှိတာက လူတွေ ပိုပြီး ချမ်းသာလာလေလေ၊ ပိုက်ဆံကို အလဟဿ မဖြုန်းတီးကြတော့ဘူး ဆိုတာပါပဲ။ တကယ်လို့ စကားပြောတာကနေ တစ်ခုခု ရရှိနိုင်မယ်ဆိုရင် ဝမ် သန်း ၄ ထောင်ဆိုတာကလည်း များတယ်လို့ မထင်ရတော့ဘူး။

ဝါရင် ဘတ်ဖတ်က ထူးချွန်တဲ့ ရင်းနှီးမြှုပ်နှံသူ တစ်ယောက်အနေနဲ့တင် မကဘဲ လူတစ်ယောက်အနေနဲ့ပါ လေးစားဖို့ ကောင်းတဲ့သူပါ။

သူ့ရဲ့ ပိုင်ဆိုင်မှုက ဝမ် သိန်းပေါင်း ၉၀ ကုဋေအထိ ရှိနေပေမဲ့ ခြိုးခြံချွေတာတတ်တာကြောင့် လူသိများပါတယ်။ သာမန် ချမ်းသာတဲ့သူတွေက ရဟတ်ယာဉ်ကွင်းတွေနဲ့ ရေကူးကန် အများကြီးပါတဲ့ အိမ်ကြီးအိမ်ကောင်းတွေမှာ နေထိုင်ကြပေမဲ့ သူကတော့ မင်္ဂလာဆောင်တုန်းက ဝယ်ခဲ့တဲ့ အိမ်အသေးလေးမှာပဲ ဆက်ပြီး နေထိုင်ခဲ့တာပါ။ Cadillac DTS ကားကိုလည်း ဆယ်နှစ်ကျော်ကြာတဲ့အထိ မောင်းနှင်နေခဲ့တာလေ။

မနက်စာအတွက်ဆိုရင်လည်း သူက ပုံမှန်အားဖြင့် McDonald မနက်စာကိုပဲ စားလေ့ရှိပါတယ်။ တကယ်လို့ ရင်းနှီးမြှုပ်နှံမှုကနေ အမြန်ရလာရင်တော့ သူက ပန်ကိတ် အစုံလိုက်ကို ရွေးချယ်တတ်ပြီး အမြတ်မထွက်ခဲ့ရင်တော့ ပိုပြီး စျေးသက်သာတဲ့ တစ်ပွဲချင်း Menuကိုပဲ စားတတ်ပါတယ်။

“အဲဒီ ပိုက်ဆံတွေအကုန်လုံး ဘယ်ရောက်ကုန်မှာလဲ။ သေရင် ကော တစ်ခါထဲ ယူသွားလို့ရမှာမလို့လား”

“သူက လှူဒါန်းမယ်လို့ ပြောထားပြီးသားပဲလေ”

သူက သူ့ရဲ့ ပိုင်ဆိုင်မှု အများစုကို လှူဒါန်းဖို့ စီမံထားကြောင်း ကာလရှည်ကြာ ပြောဆိုခဲ့ဖူးပါတယ်။

လှူဒါန်းမှုကို စီမံခန့်ခွဲမှု အခွင့်အရေးတွေ လွှဲပြောင်းပေးဖို့ နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုတတ်ကြတဲ့ ကိုရီးယား ချေဘောတချို့နဲ့ မတူဘဲ သူကတော့ လူ့အဖွဲ့အစည်းကို ကူညီဖို့အတွက် စိတ်ရင်းမှန်နဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။

တက်ဂယူက ခေါင်းညိတ်ပြပြီး ပြောတယ်။

“သူက သဘောကောင်းတဲ့ အဖိုးကြီးပဲ”

ဘာပဲဖြစ်ဖြစ် တခြားသူတွေက နေ့လယ်စာအတွက် ဝမ် သန်း ၄ထောင်အထိ ပေးနေကြရတာမလို့ အလကားရတဲ့ ထမင်းတစ်နပ်ကို ငြင်းပယ်ဖို့ အကြောင်းပြချက် မရှိပါဘူး။ သူတို့ဘက်က တွေ့ဆုံဖို့ တောင်းဆိုခဲ့တာမလို့ နေရာ၊ တက်ရောက်မယ့်သူနဲ့ Menuကို ကျွန်တော့်ဘက်က လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့် ရှိပါတယ်။

ကျွန်တော်တို့ ဘေးကပ်လျက် အဆောက်အဦးဆီကို ကူးလာခဲ့ကြတယ်။

ဒီသတင်းကို ကြားရတဲ့အခါ အယ်လီက ဝမ်းသာအားရနဲ့ ကျွန်တော့်ကို ဖက်လိုက်ပြီး ပြောတယ်။

“တကယ်လား။ ငါလည်း ဝါရင် ဘတ်ဖတ်နဲ့ တွေ့ရမှာလား”

“ဒါပေါ့။ အတူတူ သွားကြတာပေါ့”

အခြားတစ်ဖက်မှာတော့ အစ်မ အိုဟျွန်းဂျူးက တည်တည်ငြိမ်ငြိမ်ပဲ ခေါင်းညိတ်ပြပြီး ပြောတယ်။

“နားလည်ပြီ။ အဲဒီနေ့အတွက် ငါ့ရဲ့ အစီအစဉ်တွေကို ဖယ်ထားလိုက်မယ်”

အစ်မဟျွန်းဂျူးက ဂရုမစိုက်သလို ပုံစံပြနေပေမဲ့ စိတ်ထဲကနေ တကယ် ဝမ်းသာနေတယ်ဆိုတာ ကျွန်တော် သိနိုင်ပါတယ်။ အပြင်ထုတ်ပြီး ပြောနေဖို့လည်း မလိုဘူးလေ။

ဒါပေမဲ့လည်း တက်ဂယူကတော့ ထုတ်ပြောဖို့ လိုအပ်တယ်လို့ ခံစားလိုက်ရပုံပဲ။

“ဟေ့။ မမက တကယ် ဝမ်းသာနေတဲ့ ပုံပဲ။ အဲဒီလောက်တောင် စိတ်လှုပ်ရှားနေတာလား”

အဲဒီစကားကြောင့် အစ်မ အိုဟျွန်းဂျူးက ချက်ချင်းပဲ မျက်မှောင်ကုပ်လိုက်ပြီး ပြောတယ်။

“ပါးစပ်ပိတ်ထားစမ်း”

All Chapters