အခန်း (၁၀၀၁-၁၀၀၂)
Vol. 101 Ch. 1001-1002
အခန်း (၁၀၀၁) - ရှေးဟောင်းစစ်မြေပြင်
ချင်းယွန်းကျောင်းတော် တစ်ခုလုံးအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ် လွှမ်းခြုံထားလေသည်။
၎င်းမှာ ကျန့်ကျောင်ဓား အား အဆင့်မြှင့်ခြင်း ပြီးမြောက်သွားသည့်အတွက်ကြောင့် ဖြစ်ပေါ်လာရသော အရှိန်အဟုန် အပြောင်းအလဲပင် ဖြစ်၏။
ဤဓား၏ အရှိန်အဟုန်မှာ အလွန်ပင် အတွင်းသို့ ငုပ်လျှိုးသိပ်သည်းလှသည်။ လီယန်ချူက သေချာစွာ စိုက်ကြည့်၍ ဆန်းစစ်လိုက်ရာ ဓား၏ပုံသဏ္ဌာန်မှာ ကြီးကြီးမားမား ပြောင်းလဲသွားခြင်းမရှိဘဲ မူလအတိုင်း ထန်မင်းဆက်ဓား ပုံစံသာ ရှိနေသေးသော်လည်း ပေးစွမ်းသည့် ခံစားချက်မှာမူ ပိုမို၍ ရှေးဆန်ကာ ခန့်ညားလွန်းလှသည်။
ဓားသွားမှာ ဆောင်းဦးရာသီ၏ ကြည်လင်သော ရေပြင်ပမာ တောက်ပဝင်းလက်နေပြီး မျက်စိကျိန်းမတတ် စူးရှလွန်းလှ၏။
လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်ရှိ အစီရင်ဝတ်စုံနှင့် ခရမ်းရောင် နတ်ဝတ်ရုံတို့မှာ အလိုအလျောက် ပွင့်လာပြီး ကျန့်ကျောင်း ဓားမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် တုန်ခါမှုလှိုင်းများကို တောင့်ခံရန် ကူညီပေးထားကြသည်။
ထို့နောက်တွင်တော့ လီယန်ချူသည် ဆက်တိုက် အဆင့် မြှင့်ခြင်းကို မရွေးချယ်တော့ဘဲ ကျန့်ကျောင်း ဓားကို စွမ်းအင်ဖြင့် အရင်ဆုံး မွေးမြူထိန်းညှိရန်သာ ရွေးချယ်လိုက်တော့သည်။
ကျန့်ကျောင်း ဓားမှာ သူ၏ လက်နက်ဖြစ်သော်လည်း ယခုအခါ ဓားအတွင်းရှိ တာအိုသဘာဝတရား အသိစိတ်များမှာ အလွန်အမင်း ပြင်းထန်လာခဲ့သဖြင့် ခေတ္တခဏအတွင်း ထိန်းချုပ်ရန် ခက်ခဲနေခြင်းသာ ဖြစ်၏။
ရက်အနည်းငယ် ဆက်တိုက်ပင် လီယန်ချူသည် ချင်းယွန်းကျောင်းတော်၌သာ ကျင့်ကြံအားထုတ်ရင်း တရားဓမ္မကို ဆင်ခြင်ကာ ဓားကို စိတ်ကြိုက် လွှမ်းမူပိုင်နိုင်ရန် ကြိုးပမ်းနေခဲ့သည်။
ဤရက်ပိုင်းအတွင်း ဆိုင်ရှင်မသည် မိုင်ထောင်ချီ အသံလွှင့်အဆောင် ကို ကမ္ဘာတစ်ခုနှင့်တစ်ခုအကြား ဖြတ်သန်း အသုံးပြုနိုင်မည့် နည်းလမ်းကို အောင်မြင်စွာ သုတေသနပြုလုပ်နိုင်ခဲ့လေသည်။
သူမသည် တာအိုကျောင်းတော်အတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာပြီး လီယန်ချူကို ရှာကာ ဤသတင်းကို ပြောပြခဲ့သည်။
လီယန်ချူက “
လျှို့ဝှက်နယ်မြေထဲကို ဝင်သွားရင်ကော သုံးလို့ရမှာလား” ဟု မေးလိုက်သည်။
ဆိုင်ရှင်မက ခေါင်းညိတ်ပြကာ
“သီအိုရီအရတော့ ရတယ်” ဟု ဆိုသည်။
လီယန်ချူက “သီအိုရီအရဆိုတာ ဘာကို ပြောတာလဲ”
ဟု ထပ်မေးရာ
ဆိုင်ရှင်မက ပြုံးလျက်
“ဒါကို နားလည်ရတာ မခက်ပါဘူး၊ စမ်းသပ်မှု မလုပ်ရသေးဘူးလို့ ပြောတာလေ” ဟု ဆိုသည်။
စကား ဆုံးသည်နှင့် သူမသည် လီယန်ချူကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်လာသည်။
လီယန်ချူက
“စမ်းသပ်ဖို့ သက်သက်နဲ့ လျှို့ဝှက်နယ်မြေတစ်ခုကို တကူးတက လိုက်ရှာနေလို့တော့ မဖြစ်ဘူးလေ”
ဟု ပြောသည်
ဆိုင်ရှင်မက ခဏမျှ စဉ်းစားပြီးနောက် လေးနက်စွာဖြင့်
“ကျွန်မကတော့ ရှာရင် ရတယ်လို့ ထင်တာပဲ” ဟု ဆိုလေသည်။
လီယန်ချူ : “………………”
ခေတ္တမျှ စဉ်းစားတွေးတောပြီးနောက် လီယန်ချူက
“ဒါဆိုလည်း ငါ့ကမ္ဘာငယ် ထဲကို ဝင်ပြီး စမ်းကြည့်မလား” ဟု အကြံပြုလိုက်သည်။
ဆိုင်ရှင်မ၏ မျက်လုံးများ ချက်ချင်း ဝင်းလက်သွားကာ
“ဒီနည်းလမ်းက ကောင်းသားပဲ” ဟု ဆိုသည်။
စကားဆုံးသည်နှင့် လီယန်ချူသည် ကမ္ဘာငယ်၏ တံခါးကို ဖွင့်ပေးလိုက်ရာ ဆိုင်ရှင်မသည် သာယာညင်သာစွာ ခြေလှမ်းလှမ်း၍ အထဲသို့ ဝင်သွားခဲ့သည်။
ကမ္ဘာငယ်အတွင်း၌ ဆိုင်ရှင်မ ကိုယ်တိုင် စိုက်ပျိုးထားသော နတ်ဆေးပင်များ ရှိနေပြီး နတ်သက်စို စွမ်းအင်များ ဝေမှုံ့နေကာ ခရမ်းရောင်နှင့် ရွှေရောင်ရှိသော နတ်ဆေးပင်များမှာ ဖျော့တော့သော နတ်အလင်းတန်းများကို ထုတ်လွှတ်နေကြသည်။
ခဏအကြာတွင် လီယန်ချူသည် ဆိုင်ရှင်မ ခုနကတင် သုတေသနပြုလုပ်ထားသော မိုင်ထောင်ချီ အသံလွှင့်ရအဆောင် အနည်းငယ် တုန်ခါလာသည်ကို ခံစားလိုက်ရသည်။
ကျင့်ကြံခြင်းစွမ်းအားကို ထည့်သွင်းလိုက်ပြီးနောက် သူ၏ ရှေ့မှောက်တွင် အလင်းစခရင်တစ်ခု ပေါ်လာပြီး ထိုအလင်းစခရင်ထဲ၌ တိုင်းပြည်တစ်ခုလုံးကို မှောက်မှားစေနိုင်လောက်အောင် ညှို့ဓာတ်ပြင်းပြီး လှပလွန်းသော အမျိုးသမီးတစ်ဦး ပေါ်လာသည်။
သူမ၏ နောက်ကျောဘက်တွင် ခရမ်းရောင်နှင့် ရွှေရောင် နတ်အလင်းတန်းနှစ်ခု ရှိနေပြီး ရွှေရောင်ကျီးကန်းလေးတစ်ကောင်မှာ ထိုအလင်းတန်းများအကြား ပျံသန်းနေသည်။
သူမ၏ ဘေးပတ်ပတ်လည်တွင် နတ်စွမ်းအင်များ ဝေမှုံ့နေပုံမှာ နတ်သက်ကြွေလာသော နတ်သမီးတစ်ပါးပမာပင်။
လီယန်ချူက မျက်ခုံးပင့်လျက်
“တကယ်ကြီး ရတာပဲ” ဟု ဆိုလိုက်သည်။
ဆိုင်ရှင်မက မေးစေ့ကို မော့ကာ နှာခေါင်းရှုံ့လျက်
“ဒါပေါ့... ဘာမှတ်လို့လဲ” ဟု ဆိုသည်။
“ဒီရက်ပိုင်းအတွင်း ကျွန်မ အားနေတာမဟုတ်ဘူး၊ ဒီအသံလွှင့်အဆောင် ကိုပဲ တစိုက်မတ်မတ် သုတေသနလုပ်နေတာ”
အထဲ၌ ခေတ္တမျှ စကားပြောဆိုပြီးနောက် လီယန်ချူက ကမ္ဘာငယ်၏ အဝင်ဝကို ဖွင့်ပေးလိုက်ရာ ဆိုင်ရှင်မသည် အပြင်သို့ ပြန်လည်ထွက်ခွာလာခဲ့သည်။ သူမ လျှောက်လှမ်းထွက်လာပုံမှာ မိန်းမပျိုလေးတစ်ဦး၏ ကျော့ရှင်းလှပသော အလှတရားကို ပေါ်လွင်စေ၏။
ဆိုင်ရှင်မက
“ချင်းလန်ရဲ့ လက်ထဲက အသံလွှင့် အဆောင် ကိုတော့ ပြန်မပြင်ပေးရသေးဘူး၊ ဒီကောင်မလေးကတော့ ခုတလော ဘယ်နေရာမှာ သွားသေနေလဲ မသိဘူး”
ဟု ပြောသည်။
လီယန်ချူက “သူ့ကို လှမ်းမေးကြည့်လိုက်လေ” ဟု ဆိုရာ၊
ဆိုင်ရှင်မက ခေါင်းညိတ်ပြီး မိုင်ထောင်ချီ အသံလွှင့်အဆောင် အတွင်းသို့ ကျင့်ကြံခြင်းစွမ်းအား ထည့်သွင်းလိုက်သည်။
ပြီးခဲ့သည့်အကြိမ်က သူမ ခေါ်ဆိုစဉ်က ပြန်မဖြေဘဲ လီယန်ချူ ခေါ်မှ ချက်ချင်းလက်ခံခဲ့သည်နှင့် မတူဘဲ၊ ယခုအကြိမ်တွင်မူ ဖန်ချင်းလန်သည် အလွန်မြန်ဆန်စွာဖြင့် ဖုန်းလက်ခံလိုက်လေသည်။
အလင်းစခရင်အတွင်း၌ အေးစက်စက် အလှပိုင်ရှင် နတ်သမီးလေးတစ်ပါး ပေါ်လာပြီး သူမ၏ ခြေဖဝါးအောက်တွင် ပျံသန်းရေးဓားတစ်စင်း ရှိနေကာ အမြင့် မီတာသောင်းချီရှိသော ကောင်းကင်ယံထက်တွင် ရောက်ရှိနေပုံရသည်။ ဘေးပတ်ပတ်လည်မှ မြင်ကွင်းများမှာ အလွန်မြန်ဆန်စွာဖြင့် နောက်သို့ ကျန်ရစ်နေခဲ့သည်။
ဆိုင်ရှင်မက ကြောင်အသွားပြီး “နင် ဘယ်မှာလဲ” ဟု မေးလိုက်သည်။
ဖန့်ချင်းလန်က တည်ငြိမ်စွာဖြင့်
“ငါ မြောက်ဘပ်ဒေသ မှာ ရောက်နေတာ၊ ဒီနေရာမှာ မိစ္ဆာနတ်ဘုရားကို ပြန်လည်ရှင်သန်အောင် လုပ်ဖို့ ကြံစည်နေတဲ့သူတွေ ရှိလို့ ငါ အကုန် ဖျက်ဆီးပစ်လိုက်ပြီ”
မိစ္ဆာနတ်ဘုရား
ဆိုင်ရှင်မနှင့် လီယန်ချူတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ဆိုင်ရှင်မက ဆက်လက်၍
“ဒါဆို အခု နင် ဘာလုပ်နေတာလဲ” ဟု မေးရာ
ဖန့်ချင်းလန်က အေးဆေးတည်ငြိမ်စွာဖြင့်ပင်
“သိသာနေတာပဲ မဟုတ်ဘူးလား၊ ဒီခွေးကောင်ကို လိုက်သတ်နေတာလေ” ဟု ပြန်ပြောလေသည်။
ဆိုင်ရှင်မ : “………”
လီယန်ချူ : “………”
ဖန့်ချင်းလန်က
“ဘာမှ ထူးထူးခြားခြားမရှိရင် ငါ ဖုန်းချလိုက်တော့မယ်”
ဆိုင်ရှင်မက အလျင်အမြန်ပင်
“ငါ ဒီမိုင်ထောင်ချီ အသံလွှင့် အဆောင်ကို ကမ္ဘာတွေကျော်ပြီး သုံးလို့ရအောင် အဆင့်မြှင့်ထားတယ်၊ အားတဲ့အချိန် အိမ်ပြန်လာခဲ့ဦး၊ နင့်ဟာကို ပြန်ပြင်ပေးမယ်”
ဟု အော်ပြောလိုက်သည်။
ဖန်ချင်းလန်၏ မျက်လုံးများ ဝင်းလက်သွားကာ
“ကောင်းပြီ”
စကားဆုံးသည်နှင့် သူမသည် ဆက်သွယ်မှုကို ချက်ချင်း ဖြတ်တောက်လိုက်တော့သည်။
လီယန်ချူက
“သူက ဘယ်လိုဖြစ်ပြီး မြောက်ဘက်ဒေသ အထိ သွားသတ်နေပြန်တာလဲ” ဟု မေးလိုက်သည်။
ဆိုင်ရှင်မက ခေတ္တမျှ စဉ်းစားပြီးနောက်
“ဖြစ်နိုင်တာကတော့... သူ အဲဒီနေရာနဲ့ ဇာတာ မကိုက်တာ ဖြစ်လိမ့်မယ်” ဟု ဆိုလေသည်။
တိမ်ပင်လယ်၏ အထက်တွင်...
ဖန့်ချင်းလန်သည် ဓားကို စီးနင်းလျက် ပျံသန်းနေပြီး သူမ၏ ရှေ့မှောက်တွင် ရွှေလွှမ်းသော အလင်းတန်းတစ်ခု ရှိနေကာ ထိုအလင်းတန်းအတွင်း၌ မူလဝိညာဉ်တစ်ခု ရှိနေသည်။
မြောက်ဘက်ဒေသ တွင် ကိုးကွယ်ပူဇော်ကြသော ဤမိစ္ဆာနတ်ဘုရားမှာ အစစ်အမှန် နတ်ဘုရားတစ်ပါးမဟုတ်ဘဲ မိစ္ဆာလမ်းစဉ်မှ ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။
သူသည် တိတ်တဆိတ် လူသားတို့၏ ကိုးကွယ်မှုအမွှေးနံ့သာများကို စုဆောင်းကာ နတ်ဘုရားလမ်းစဉ်၏ ရွှေကိုယ်ထည်ကို ကျင့်ကြံရန် ကြံစည်နေခြင်း ဖြစ်၏။
သို့သော် သူ၏ လုပ်ရပ်များမှာ အလွန်အမင်း ရက်စက်လွန်းလှသဖြင့် ဖန့်ချင်းလန်၏ တွေ့ရှိခြင်းကို ခံလိုက်ရပြီး တစ်ကမ္ဘာလုံး အနှံ့ လိုက်လံအသတ်ခံနေရခြင်း ဖြစ်သည်။
ထိုအလင်းတန်းအတွင်းမှ ပုံရိပ်က အေးစက်စွာ အော်ဟစ်လိုက်သည်။
“နင်ကလည်း မိန်းမသားတစ်ယောက်ဖြစ်ပြီး ဇွတ်မလုပ်ပါနဲ့ဦး၊ ငါက နင်နဲ့ အလကားသက်သက် အင်အားချင်း ဖြုန်းတီးမနေချင်ရုံတင်ပါ ”
ဖန့်ချင်းလန်က တည်ငြိမ်စွာဖြင့်
“အခုထိ ဟန်ဆောင်နေတုန်းပဲလား” ဟု ဆိုလိုက်သည်။
သူမ၏ လေသံမှာ မပြင်းထန်သော်လည်း ထိုစကားလုံးများမှာ ထိုအလင်းတန်းအတွင်းမှ ပုံရိပ်အပေါ်သို့ တူကြီးတစ်ချောင်းဖြင့် ထုနှက်လိုက်သကဲ့သို့ပင်။ သို့သော်လည်း သူသည် သူ၏ နောက်ကွယ်မှ မိန်းမပျို ဓားနတ်သမီးကို မယှဉ်နိုင်ပေ။
သူသည် လေကို အဝဝ ရှူသွင်းလိုက်ပြီး ပျံသန်းသည့် အရှိန်ကို ပိုမိုမြှင့်တင်လိုက်တော့သည်။
ရှန့်ရှန်းနန်းတော် ...
မဟာခန်းမကြီးအတွင်း၌ ရှေးဟောင်း နတ်ဘုရားရုပ်ထု ၃၆ ခုတို့သည် အေးစက်စက်နှင့် တန်ခိုးအာဏာကြီးမားလှသော အကြည့်များဖြင့် အောက်ခြေသို့ ငုံ့ကြည့်နေကြသည်။
နဖူးပြင်တွင် ဖောက်ထွက်ဒဏ်ရာ ရထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ထိုနေရာတွင် လက်ပိုက်လျက် ခစားနေ၏။
ကျယ်လောင်ထည်ဝါလှသော အသံကြီးများ ဆူညံစွာဖြင့် ထွက်ပေါ်လာပြီး တစ်ယောက်တစ်ပေါက်နှင့် ဆူပူကြိမ်းမောင်းနေကြသည်။ ၎င်းမှာ ဤရှန့်ရှန်းနန်းတော်၏ နန်းတော်သခင်သည် အလုပ်ကို သေချာ မလုပ်ဆောင်နိုင်ဟု အပြစ်တင်နေကြခြင်း ဖြစ်၏။
အထူးသဖြင့် ပြီးခဲ့သည့်အကြိမ်က လူသားလောကသို့ ဆင်းသက်ကာ ရုပ်ခန္ဓာတစ်ခုကို ငှားရမ်းအသုံးပြုခဲ့သည့် ထိုကောင်းကင်နတ်လူမှာ ဘာမှမလုပ်နိုင်ဘဲ အခြားသူများ၏ ဖိအားပေးမှုကြောင့် ကောင်းကင်ဘုံသို့ ပြန်လည်မောင်းထုတ်ခံခဲ့ရသဖြင့် သူ၏ ဒေါသအားလုံးကို ရှန့်ရှန်းနန်းတော်သခင်အပေါ်သို့ ပုံချနေခြင်း ဖြစ်သည်။
ရှန့်ရှန်းနန်းတော်သခင်မှာ သာမန်မဟုတ်သော အရှိန်အဝါရှိသော်လည်း ယခုအခါတွင်မူ ရှေးဟောင်းနတ်ဘုရားများစွာ၏ ရှေ့မှောက်၌ အလွန်ပင် သေးငယ်သိမ်ဖျင်းနေပုံရသည်။ သူသည် မည်သည့် ရှင်းလင်းချက်မျှ မပေးခဲ့ပေ၊ အကြောင်းမှာ ယခုအချိန်တွင် နတ်ဘုရားအုပ်စုကြီးက တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသောကြောင့် ဖြစ်သည်။
“နတ်ဘုရားအမိန့်စာ ပျောက်ဆုံးသွားတဲ့ ကိစ္စက အခုထိ အကြောင်းပြန်စာ မတက်လာသေးဘူး ”
“ကောင်းပုရွာ ကိစ္စကလည်း မဖြေရှင်းရသေးဘူး၊ နင်က ရှန့်ရှန်းနန်းတော်သခင်အဖြစ် ဘာလို့ ထိုင်နေတာလဲ”
“ငါ့အမြင်အရဆိုရင် ခွေးတစ်ကောင်ကို အဲဒီနေရာမှာ ထားရင်တောင် သူထက် ပိုကောင်းဦးမယ်၊ လူသားတွေက တကယ်ကို အသုံးမကျဘူး ”
ကောင်းကင်နှင့် မြေပြင်၏ စည်းမျဉ်းများ ပြောင်းလဲလာသည်နှင့်အမျှ ကောင်းကင်နတ်လူသားများသည် လူသားလောကအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်စွက်ဖက်နိုင်လာကြပြီ ဖြစ်သည်။
သို့သော်လည်း ပြီးခဲ့သည့်အကြိမ်က စွမ်းအားများ စုစည်းကာ ကောင်းကင်နတ်လူသားတစ်ပါးကို ဆင်းသက်စေခဲ့သော်လည်း အချည်းနှီးသာ ပြန်လာခဲ့ရသည်။ ပြန်ရောက်သွားပြီးနောက် ထိုကောင်းကင်နတ်သားလူက ဘာတွေပြောလိုက်သည်မသိ၊ နတ်လူသားအုပ်စုသည် ဒေါသအားလုံးကို ခရမ်းရောင်ဝတ်စုံဝတ် သက်လတ်ပိုင်းအမျိုးသားအပေါ် ပုံချလိုက်ကြခြင်း ဖြစ်သည်။
ရှန့်ရှန်းနန်းတော်သခင်၏ နဖူးတွင် ဖောက်ထွက်ဒဏ်ရာရှိနေပြီး ခေါင်းနောက်ဘက်မှ အလင်းရောင်ကို မြင်နေရသော်လည်း သူ၏ စိတ်ထဲတွင်မူ မှန်ချပ်ပမာ ရှင်းလင်းနေသည်။
“အဲဒီကောင်က ငါ့အပေါ် အပြစ်ပုံချလိုက်တာ သေချာတယ်”
ရှန့်ရှန်းနန်းတော်သခင်၏ မျက်နှာအမူအရာက မပြောင်းလဲပေ။
ဤရှေးဟောင်း နတ်ဘုရားအုပ်စုမှာ ပြောရင်းပြောရင်းဖြင့် ပိုမိုဒေါသထွက်လာကြသည်။ ယခုအခါ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး ပြောင်းလဲနေပြီဖြစ်ရာ သူတို့၏ လက်ရုံးရည်ကို ပြသရမည့်အချိန်ဖြစ်သော်လည်း ဤလောက၏ ရှုပ်ထွေးလှသော ကိစ္စရပ်များမှာ တစ်ခုပြီးတစ်ခု ပြဿနာတက်နေရသည်။
မဟာခန်းမကြီးတစ်ခုလုံးအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ လွှမ်းခြုံလာခဲ့၏။
ထိုအချိန်တွင် အလွန်ပင် ရှေးဆန်လှသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ဤနတ်ဘုရားရုပ်ထု ၃၆ ခုထဲမှ မည်သည့်ရုပ်ထု၏ အသံနှင့်မျှ မတူပေ။
ချက်ချင်းပင် မဟာခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဆိတ်ငြိမ်မှုကြီး ဖြစ်ပေါ်လာတော့သည်။
သေခြင်းတရားပမာ ဆိတ်ငြိမ်မှုပင်။
ရှန့်ရှန်းနန်းတော်သခင်သည် ထိုနေရာတွင် ရှိနေရင်း အလွန်ကြောက်စရာကောင်းသော ဖိအားကို ခံစားလိုက်ရသည်။ သို့သော် ထိုရှေးဟောင်းနတ်ဘုရား၏ အသံမှာ အစပိုင်းတွင် အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်ရုံသာ ရှိခဲ့ပြီး ကျန်ရှိသော စကားလုံးများကိုမူ သူ မကြားခဲ့ရပေ။ သို့သော်လည်း ထိုရှေးဟောင်းနတ်ဘုရားများသည် ညွှန်ကြားချက်များကို ပေးပြီးသွားခဲ့ပြီ ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်က လူသားလောကသို့ ဆင်းသက်ခဲ့သော နတ်ဘုရားက ဖြည်းညင်းစွာ ပြောလိုက်သည်။
“နောက်ထပ် ရုပ်ခန္ဓာတစ်ခုကို သွားရှာချေ၊ ဒီတစ်ကြိမ်မှာတော့ ငါကိုယ်တိုင် လူသားလောကရဲ့ ဘေးဒုက္ခတွေကို ရှင်းလင်းပစ်မယ်”
သူသည် နောက်ဆက်တွဲ အစီအစဉ်များကို ကိုယ်တိုင် မှာကြားခဲ့ပြီး ရှန့်ရှန်းနန်းတော်သခင်က ဘေးမှ နားထောင်နေခဲ့သည်။
ဤကောင်းကင်နတ်လူသားသည် ပြန်သွားပြီး အစီရင်ခံတင်ပြခဲ့သော်လည်း နတ်ဘုရားလောကမှ မည်သည့် အကြောင်းပြန်စာမျှ မလာခဲ့ပေ။ မဟာဝေမင်းဆက်ဟူသော ထိုအင်အားစုမှာ အလွန်ပင် လျှို့ဝှက်ဆန်းကြယ်လှပြီး လူသားလောကသို့ လူနှစ်ယောက်ကို စေလွှတ်ကာ ရွှေနဂါးကတ်ကြေးကို လုယူခိုင်းခဲ့သည်။
ဤကိစ္စကို နတ်ဘုရားလောကက ဂရုမစိုက်ဘဲ နေနိုင်သော်လည်း ကောင်းကင်နတ်လူသားများကမူ မနေနိုင်ပေ။ လုပ်ဆောင်ရမည့် ကိစ္စများကို မိုးကြိုးပစ်ခံရလျှင်ပင် လုပ်ဆောင်ရမည် ဖြစ်သည်။ မဟုတ်ပါက အထက်မှ အပြစ်ပေးလာလျှင် မည်သူမျှ ထိုပြစ်ဒဏ်ကို မခန်နိုင်ကြပေ။
ယခုအကြိမ်တွင် ယွမ်မုန့်ကျောက် နယ်မြေ ပွင့်တော့မည် ဖြစ်ရာ ကောင်းကင်နတ်လူသား အများအပြား ပူးပေါင်းကာ ဤကောင်းကင်နတ်လူသားကို လူသားလောကသို့ ဆင်းသက်စေပြီး ယွမ်မုန့်ကျောက် အတွင်းရှိ နဂါးကိုးကောင် နတ်မီးလျှံအုပ်ဆောင်းကို ယူဆောင်ခိုင်းရန် ကြံစည်နေကြခြင်း ဖြစ်သည်။ ထို့အပြင် ထိုနေရာတွင် လူသားများကို စိတ်လှုပ်ရှားစေနိုင်သော နတ်ဘုရားလမ်းစဉ်၏ အမွေအနှစ်များ ရှိနေသဖြင့် ကောင်းကင်နတ်လူသားများပင်လျှင် မျက်ကွယ်မပြုနိုင်ကြပေ။
မဟာခန်းမကြီးမှ ထွက်ခွာလာပြီးနောက် ရှန့်ရှန်းနန်းတော်သခင်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်လည်း သူ၏ စိတ်ထဲတွင်မူ လှိုင်းတံပိုးများ ထန်နေခဲ့ပြီ ဖြစ်သည်။
“ယွမ်မုန့်ကျောက် က ပွင့်တော့မှာပဲ”
ဤ ယွမ်မုန့်ကျောက် နှင့် ပတ်သက်၍ သူသည် အနည်းငယ် သိရှိထားသည်။ အမှန်တကယ်တော့ ၎င်းမှာ ချန်ယွမ်၏ လျှို့ဝှက်နယ်မြေတစ်ခုမျှသာ မဟုတ်ဘဲ ယွမ်မုန့်ကျောက် အတွင်း၌ ရှေးဟောင်း လျှို့ဝှက်ချက်များ ကိန်းအောင်းနေကာ သမိုင်းတစ်လျှောက်တွင် အကြိမ်အနည်းငယ်သာ ပေါ်ပေါက်ခဲ့ပြီး ပန်းတစ်ပွင့် ဖူးပွင့်လာသကဲ့သို့ ခေတ္တခဏအတွင်း ပြန်လည်ပျောက်ကွယ်သွားတတ်သည်။
သို့သော် ထိုခရမ်းရောင်ဝတ်စုံဝတ် သက်လတ်ပိုင်းအမျိုးသား သိထားသည်မှာ ယွမ်မုန့်ကျောက် ဆိုသည်မှာ ရှေးဟောင်းစစ်မြေပြင် တစ်ခု ဖြစ်သည်ဟူ၍ပင်။
ကောလာဟလများအရ ထိုစဉ်က အထဲတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့ပြီး လူသားလောကမှ ထိပ်သီးများသာမက တခြားကမ္ဘာနှင့် ကွဲပြားခြားနားသော နယ်ပယ်များမှ များစွာသည်လည်း ယွမ်မုန့်ကျောက် သို့ အပြေးအလွှား ရောက်ရှိခဲ့ကြသည်ဟု ဆိုသည်။
ပိုမိုအသေးစိတ်သော ကိစ္စရပ်များကိုမူ ရှန့်ရှန်းနန်းတော်သခင်လည်း သေချာမသိပေ။
ရှန့်ရှန်းနန်းတော်သည် ကျင့်ကြံခြင်းထိပ်သီး အများအပြားကို လက်ခံထားပြီး နတ်ဘုရားကျမ်းစာများ အကူအညီဖြင့် တတိယအဆင့် ကျင့်ကြံသူ အများအပြားကို မွေးထုတ်ပေးထားသည်။ သို့သော်လည်း ရှန့်ရှန်းနန်းတော်သခင်သည် နန်းတော်အတွင်းရှိ လူများအားလုံးကို အကြွင်းမဲ့ မသိရှိပေ။ သူသည် စိတ်အသိဖြင့် အသံလွှင့်ကာ ဝမ်ဖူဖုန်းကို ခေါ်ယူလိုက်သည်။
ပခုံးကျယ်ပြီး ခါးသေးကာ ခန့်ညားထည်ဝါသော လူငယ်တစ်ဦး ပေါ်လာပြီး “နန်းတော်သခင်” ဟု နှုတ်ဆက်လိုက်သည်။
ရှန့်ရှန်းနန်းတော်သခင်က ခုနက နတ်ဘုရားမဟာခန်းမအတွင်း၌ ဖြစ်ပျက်ခဲ့သော ကိစ္စများကို ပြောပြလိုက်သည်။
ဝမ်ဖူဖုန်းက
“ရုပ်ခန္ဓာက အလွန်အမင်း သန်မာရမယ်၊ ကောင်းကင်နတ်လူသားရဲ့ စွမ်းအားကို တောင့်ခံနိုင်ရမယ်၊ အမှန်တကယ်တော့ မိစ္ဆာသားရဲအနွယ်ဝင်တွေရဲ့ ခန္ဓာကိုယ်က ပိုပြီး ကိုက်ညီမှုရှိပါတယ်”
ဟု ဆိုသည်။
ရှန့်ရှန်းနန်းတော်သခင်က တည်ငြိမ်စွာဖြင့်
“မင်းမှာ ရွေးချယ်စရာ လူရှိလို့လား” ဟု မေးရာ
ဝမ်ဖူဖုန်းက ချက်ချင်းပင်
“လူနှစ်ယောက် ရှိပါတယ်၊ ဟွမ်စိုက်ထျန်း က တတိယအဆင့် အလယ်အလတ်ရှိတဲ့ ကျားဘုရင် မိစ္ဆာ ဖြစ်ပြီး ယုချွမ်လျှို့ဝှက်ကျင့်စဉ်ကို ကျင့်ကြံထားပါတယ်၊ သူမှာ ရှေးဟောင်း သွေးမျိုးဆက် မရှိပေမယ့် အရိုးအဆစ်နဲ့ ကြွက်သားတွေကတော့ အလွန်သန်မာပါတယ်”
“နောက်တစ်ယောက်က ထျန်းခွေ ပါ၊ သူရဲ့ မူလကိုယ်ထည်က အနှစ်တစ်ထောင် သက်တမ်းရှိတဲ့ စက္ကူပန်းပင်ကြီး ဖြစ်ပြီး အလွန် မိစ္ဆာဆန်ပြီး ယုတ်မာလှပါတယ်၊ အခုတော့ တတိယအဆင့် အစောပိုင်းမှာ ရှိနေပါတယ်၊ ဒါပေမဲ့ သူရဲ့ ခန္ဓာကိုယ်ထဲမှာ မိုးကြိုးကျင့်စဉ် အကြွင်းအကျန်တွေ ရှိနေပြီး တစ်ခါက ကောင်းကင်မိုးကြိုး အပစ်ခံခဲ့ရဖူးပါတယ်၊ ဘာကြောင့်လဲတော့ မသိဘူး အဲဒီမိုးကြိုးစွမ်းအားကို သူက ပြန်ပြီး အသုံးပြုနိုင်နေတာပါ”
ဟု ဖြေကြားလေသည်။
ရှန့်ရှန်းနန်းတော်သခင်က ဝမ်ဖူဖုန်းကို အဓိပ္ပာယ်ပါပါဖြင့် ကြည့်လိုက်သည်။ နန်းတော်အတွင်းရှိ ဤမျှ ရှုပ်ထွေးလှသော အသေးစိတ် အချက်အလက်များကို ထိုကောင်လေးသာ လျှင်မြန်စွာ သိနိုင်ပေလိမ့်မည်။
သို့သော် သူသည် မည်သည့်တုံ့ပြန်ချက်မျှ မပေးဘဲ အေးဆေးစွာဖြင့်
“မင်းရဲ့ အမြင်အရဆိုရင် ဘယ်သူ့ရဲ့ ရုပ်ခန္ဓာကို သုံးသင့်လဲ” ဟု မေးလိုက်သည်။
သူတို့နှစ်ဦး ပေါ့ပေါ့ပါးပါး ပြောဆိုနေကြသော ကိစ္စမှာ တတိယအဆင့်ရှိ ထိပ်သီးတစ်ဦး၏ အသက်ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ကိစ္စပင် ဖြစ်သည်။
ဝမ်ဖူဖုန်းက ခေတ္တမျှ စဉ်းစားပြီးနောက်
“အမှန်တကယ် လက်တွေ့ကျကျ ပြောရရင်တော့ ဟွမ်စိုက်ထျန်းကို သုံးသင့်ပါတယ်၊ မိစ္ဆာအနွယ်ဝင်တွေရဲ့ အရိုးအဆစ်တွေက သန်မာလို့ပါ၊ ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့ ထျန်းခွေကို သုံးသင့်တယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။
ရှန့်ရှန်းနန်းတော်သခင်က
“ဘာဖြစ်လို့လဲ” ဟု မေးလိုက်သည်။
ဝမ်ဖူဖုန်းက တည်ငြိမ်စွာဖြင့်
“ထျန်းခွေရဲ့ ခန္ဓာကိုယ်ထဲက သန့်စင်တဲ့ ယန်မိုးကြိုးစွမ်းအားက သူ့အတွက် သတ်ဖြတ်ခြင်း အစီရင်တွေကို အများကြီး တိုးပွားစေပါတယ်၊ ဒါပေမဲ့ အစစ်အမှန် မိုးကြိုးကျင့်စဉ်ကို တတ်ကျွမ်းတဲ့သူနဲ့ တွေ့ရင်တော့ ဒါက ဘေးဒုက္ခရဲ့ အရင်းအမြစ် ဖြစ်သွားနိုင်ပါတယ်”
ဟု ဆိုပြီးနောက် ထပ်မံ၍ ရှင်းမပြတော့ပေ။
ရှန့်ရှန်းနန်းတော်သခင်က ဝမ်ဖူဖုန်းကို နက်နက်နဲနဲ စိုက်ကြည့်လိုက်ပြီး
“ဒီကိစ္စကို မင်းပဲ သွားလုပ်ချေ၊ အထက်ကလူတွေအတွက် အစွမ်းကုန် အားထုတ်ခိုင်းလိုက်ပါ” ဟု ဆိုသည်။
ဝမ်ဖူဖုန်းသည် လက်အုပ်ချီ နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။
ရှန့်ရှန်းနန်းတော်သခင်သည် ဝမ်ဖူဖုန်း၏ ကျောပြင်ကို ကြည့်ရင်း မျက်နှာအမူအရာ တည်ငြိမ်နေသော်လည်း နှုတ်ခမ်းထောင့်ကမူ အလိုအလျောက် တွန့်ကွေးသွားခဲ့သည်။
“သူ အလုပ်လုပ်တာ မဆိုးဘူးပဲ၊ အပေါ်ယံမှာ ဆုမပေးနိုင်ပေမယ့် တိတ်တဆိတ်တော့ သူ့ကို တစ်ခုခု ဆုချဖို့ နည်းလမ်းရှာရမယ်”
ရှန့်ရှန်းနန်းတော်သခင်သည် ဤနေရာ၏ အထွေထွေတာဝန်ခံ နယ်စားပမာ ဖြစ်ပြီး သူ၏ လက်အောက်တွင် ရှန့်ရှန်းနန်းတော်ဟူသော ကြီးမားလှသည့် အင်အားစု ရှိနေသည်။ မိမိကိုယ်တိုင်ကလည်း နတ်ဘုရားအဆင့်တစ်ပိုင်း တွင် ရှိနေသဖြင့် နတ်ဘုရားစစ်စစ်များ ပေါ်မလာသရွေ့ သူသည် လောကကို အပေါ်စီးမှ ကြည့်နိုင်သည့် ဧရာမ ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
ချန်နိုင်ငံ ၏ တိုင်းပြည်စောင့် သိုင်းနတ်ဘုရားမှလွဲ၍ မည်သူမျှ သူ့ကို မတုန်လှုပ်စေနိုင်ပေ။ သို့ဖြစ်ရာ သူသည် မိမိ၏ နယ်မြေအတွင်းသို့ ကောင်းကင်နတ်လူ သားတစ်စု လာရောက်ကာ ဝင်ရောက်စွက်ဖက် ဆရာလုပ်သည်ကို မည်သို့လျှင် အလိုရှိပါမည်နည်း။
“ငါတို့ လူမျိုးမဟုတ်ရင်... စိတ်သဘောထားက ကွဲပြားမှာပဲ”
ရှန့်ရှန်းနန်းတော်သခင်က စိတ်ထဲမှ တွေးလိုက်သည်။
ရော်ဖူတောင် ...
ဤနေရာမှာ မူလက ဓားလမ်းစဉ်၏ အထွတ်အမြတ် သန့်စင်သော နယ်မြေ ဖြစ်ခဲ့သည်။ ထိုရှေးဟောင်း ကျောက်စာတုံးအတွင်း၌မူ အမျိုးမျိုးသော မဟာတာအို ဓားအသိစိတ်များ ကိန်းအောင်းနေသည်။
လီယန်ချူသည် ဝေမြို့၌ တိတ်တဆိတ် ကျင့်ကြံနေရင်း ဤကိစ္စကို သတိရမိသဖြင့် ရော်ဖူတောင်သို့ တစ်ခေါက် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူသည် ထိုတံဆိပ်ပြားကို အသုံးပြု၍ ရော်ဖူတောင်၏ အဝင်ဝကို လွယ်ကူစွာ ဖွင့်လှစ်လိုက်ပြီး ရော်ဖူတောင်၏ အထွတ်အမြတ်နေရာသို့ ဦးတည်၍ အပြေးအလွှား သွားခဲ့သည်။
ထိုအေးဆေးတည်ငြိမ်သော အသွင်ရှိသည့် လူငယ်ဂိုဏ်းချုပ် စစ်ချင်းဝမ် နှင့် ဆံပင်ဖားလျားချထားသော ဦးလေး ကျိုးရွှမ် တို့ ရှိကြသည်။ ယခင်က ကျိုးရွှမ်သည် နယ်ပယ်ပြင်ပ မိစ္ဆာနတ်ဆိုးများ၏ ညစ်ညမ်းစေမှုကို ခံခဲ့ရပုံရပြီး ဂိုဏ်းတည်ထောင်သူ အဘိုးအို၏ ကိုယ်ပိုင်ဓားကို အားကိုး၍သာ ဖိနှိပ်ထားနိုင်ခဲ့ခြင်း ဖြစ်၏။
လီယန်ချူသည် ရော်ဖူတောင် ဂိုဏ်းတည်ရှိရာ နေရာသို့ ခြေချလိုက်သည်နှင့်...
ကောင်းကင်ယံထက်တွင် ရုတ်တရက်ဆိုသလို မြောက်မြားစွာသော ထက်မြက်လှသည့် ဓားများ ပျံတက်လာကြပြီး သိပ်သည်းလှစွာဖြင့် ဟိန်းဟိန်းထွက်နေကြတော့သည် မျက်စိတစ်ဆုံး မြင်ရသမျှ နေရာတိုင်းတွင် ပုံသဏ္ဌာန်အမျိုးမျိုးရှိသော ထက်မြက်လှသည့် ဓားရှည်ကြီးများသာ ရှိနေသည်။
အေးဆေးတည်ငြိမ်သော အသွင်အပြင်နှင့် မျက်နှာထား တည်ငြိမ်လှသော အမျိုးသမီးတစ်ဦး ပေါ်လာခဲ့သည်။ သူမမှာ ရော်ဖူတောင်၏ ဂိုဏ်းချုပ် စစ်ချင်းဝမ်ပင် ဖြစ်၏။
သူမသည် လီယန်ချူကို မြင်လိုက်ရပြီးနောက် သိသိသာသာပင် ကြောင်အသွားခဲ့သည်။
“တာအိုမိတ်ဆွေ လီ”
လီယန်ချူက
“ဘာဖြစ်လို့ ရန်သူအကြီးအကျယ် ရောက်လာသလိုမျိုး လုပ်နေတာလဲ” ဟု မေးလိုက်သည်။
ရစစ်ချင်းဝမ်၏ မျက်လုံးအစုံအတွင်း၌ ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ဖြစ်သွားပြီး လီယန်ချူကို သေချာစွာ စိုက်ကြည့်ကာ သူ၏ မူလလက္ခဏာကို အတည်ပြုပြီးမှသာ ဓားအစီရင်ကို ရုပ်သိမ်းလိုက်တော့သည်။
စစ်ချင်းဝမ်သည် မြေပြင်သို့ ဆင်းသက်ကာ လီယန်ချူ၏ ဘေးနားသို့ ပျံသန်းလာပြီး လေးနက်စွာဖြင့်
“လျှို့ဝှက်ဆန်းကြယ်တဲ့ထိပ်သီး တစ်ယောက်က အမှောင်ထဲကနေ အကြိမ်ပေါင်းများစွာ တိတ်တဆိတ် ချောင်းမြောင်းကြည့်ရှုနေတာကို ကျွန်မ တွေ့ခဲ့ရတယ်”
“သူ ဘာကို ရည်ရွယ်လဲဆိုတာ မသိရဘူး”
“ကျွန်မ ဒီနေရာမှာ ကောင်းကင် ကြယ်တာရာ ဓားအစီရင် ကို ချထားတာ၊ တာအိုမိတ်ဆွေ လီ ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး” ဟု ဆိုလေသည်။
လီယန်ချူက မျက်ခုံးပင့်လျက်
“တစ်စုံတစ်ယောက်က ရော်ဖူတောင်ထဲကို စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်နေတာလား” ဟု မေးလိုက်သည်။
သူသည် ဤအဓိကအချက်ကို ထက်မြက်စွာဖြင့် ဖမ်းဆွဲနိုင်ခဲ့၏။
စစ်ချင်းဝမ်က
“မှန်ပါတယ်၊ ဒါကလည်း ကျွန်မ ထူးဆန်းနေတဲ့ အချက်ပဲ၊ ဂိုဏ်းချုပ် တံဆိပ်ပြား မရှိဘဲနဲ့တော့ ဒီနေရာကို မရှာတွေ့နိုင်သင့်ဘူး” ဟု ဆိုသည်။
လီယန်ချူက
“သူနဲ့ လက်ရည်ယှဉ်ဖူးလား” ဟု မေးလိုက်သည်။
စစ်ချင်းဝမ်က ခေါင်းယမ်းပြကာ
“မရှိပါဘူး အဲဒီလူက ထိတာနဲ့ ချက်ချင်း ပြေးတာပဲ၊ သွားလာလှုပ်ရှားပုံကလည်း ခန့်မှန်းလို့မရဘူး၊ ယောက်ျားလား မိန်းမလားဆိုတာတောင် မသိရဘူး”
ဟု ဖြေသည်။
လီယန်ချူက “လှုပ်ရှားမှုက ဒီလောက် လျှို့ဝှက်နေတာပဲ၊ ဒါပေမဲ့ ဒီနေရာကို ရောက်လာပြီးမှတော့ သူ ဘာကို ကြောက်ရွံ့နေတာလဲ” ဟု မေးလိုက်ပြန်သည်။
ရော်ဖူတောင်ထဲသို့ တိတ်တဆိတ် ခိုးဝင်နိုင်သည်ဆိုလျှင် ထိုသူ၏ ကျင့်ကြံခြင်းစွမ်းအားမှာ စစ်ချင်းဝမ်ထက် မနိမ့်ကျနိုင်ပေ၊ စစ်ချင်းဝမ်ကို ကြောက်ရွံ့နေစရာ အကြောင်းမရှိချေ။
စစ်ချင်းဝမ်က
“ဂိုဏ်းတည်ထောင်သူရဲ့ ကိုယ်ပိုင်ဓားက ခုတလော ခဏခဏ မြည်နေတတ်တယ်၊ တောင်နံရံပေါ်မှာ မနေချင်တော့တဲ့ ပုံစံမျိုးပဲ၊ ဖြစ်နိုင်တာကတော့ အဲဒီလူက ဂိုဏ်းတည်ထောင်သူရဲ့ ကိုယ်ပိုင်ဓားကို ကြောက်နေတာ ဖြစ်လိမ့်မယ်”
ဟု ဆိုသည်။
လီယန်ချူ ချက်ချင်း သဘောပေါက်သွားသည်။ ထိုဂိုဏ်းတည်ထောင်သူ၏ ကိုယ်ပိုင်ဓားမှာ ကြည့်ရသည်မှာ သံချေးတက်နေသော သံဓားအိုကြီးတစ်စင်းပမာ ဖြစ်သော်လည်း အမှန်တကယ်တွင်မူ... ၎င်းမှာ အမှန်တကယ်ပင် ထိုသို့ ဖြစ်နေခြင်း ဖြစ်သည်။ သို့သော်လည်း လော့ဖူတောင် ဂိုဏ်းတည်ထောင်သူ အသုံးပြုခဲ့သည့် ဓားဖြစ်သဖြင့် ထိုအထဲ၌ ကြီးမားလှသော ဓားအရှိန်အဟုန်များ ကိန်းအောင်းနေကာ မိမိကိုယ်တိုင်ကလည်း အစွမ်းထက်လှသည့် ဓားကျင့်ကြံသူတစ်ဦးပမာပင်၊ သို့သော် အိပ်ပျော်နေခြင်းသာ ဖြစ်၏။
လီယန်ချူက
“မင်းရဲ့ ဦးလေးလေး ကျိုးရွှမ်ကော ဘယ်လိုနေလဲ”
စစ်ချင်းဝမ်၏ မျက်ခုံးအစုံအကြားတွင် စိုးရိမ်ပူပန်သော အရိပ်အယောင်များ ပေါ်လာကာ
“ဦးလေး ရဲ့ အခြေအနေက တစ်ခါတလေ ကောင်းလိုက်၊ တစ်ခါတလေ ဆိုးလိုက်ပဲ၊ အခုတော့ ကိုယ့်ကိုယ်ကို ပိတ်ဆို့ထားတယ်၊ ဂိုဏ်းတည်ထောင်သူရဲ့ ကိုယ်ပိုင်ဓားကလည်း သူ့ရဲ့ ဝိညာဉ်ထဲက ညစ်ညမ်းမှုတွေကို အကြွင်းမဲ့ မဖြေရှင်းပေးနိုင်သေးဘူး” ဟု ဆိုလေသည်။
လီယန်ချူက ခေါင်းညိတ်ကာ
“လာ... ငါ့ကို လိုက်ပြဦး” ဟု ဆို၏။
သူတို့နှစ်ဦး ထိုတောင်စောင်းနံရံ၏ ရှေ့သို့ ရောက်ရှိလာကြရာ၊
ဂိုဏ်းတည်ထောင်သူ၏ ကိုယ်ပိုင်ဓားမှာ အပြင်းအထန် တုန်ခါနေခဲ့ပြီ ဖြစ်ပြီး မြည်သံများ ထွက်ပေါ်လာကာ လီယန်ချူ၏ လက်ထဲသို့ တိုက်ရိုက် ပျံဝင်လာခဲ့သည်။
လီယန်ချူ၏ ခါးဘေးမှ အဖြူရောင် အလင်းတန်းတစ်ခု ပျံတက်လာပြီး
"ချလွင်..." ဟူသော နဂါးဟိန်းသံကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းသည် ဂိုဏ်းတည်ထောင်သူ၏ ကိုယ်ပိုင်ဓားကို ပြန်လည်ရိုက်ထုတ်ပစ်လိုက်ပြီး အဖြူရောင်အလင်းတန်းများ ဖြာထွက်လျက် ဓားအိမ်အတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ငြိမ်သက်သွားတော့သည်။
ဂိုဏ်းတည်ထောင်သူ၏ ကိုယ်ပိုင်ဓားမှာ ဆက်တိုက် မြည်ဟီးနေဆဲဖြစ်ရာ စစ်ချင်းဝမ်၏ မျက်နှာပေါ်တွင် မှင်တက်သွားသော အမူအရာ ပေါ်လာခဲ့သည်။
လီယန်ချူက
“ငါ ဒီဓားကို ပြန်လည် သွန်းလုပ်ထားတာ၊ အကြွင်းမဲ့ မထိန်းချုပ်နိုင်သေးလို့ အရှိန်အဟုန်က နည်းနည်း ပြင်းထန်နေတာ” ဟု ရှင်းပြလိုက်သည်။
စစ်ချင်းဝမ် သဘောပေါက်သွားပြီး လီယန်ချူ၏ ခါးဘေးရှိ ဂျာမန်ဒါးမြွေဖြတ်ဓားကို ကြည့်လိုက်သည်။
“ဂိုဏ်းတည်ထောင်သူရဲ့ ကိုယ်ပိုင်ဓားနဲ့ လက်ရည်ယှဉ်နိုင်တယ်ဆိုတော့ ဒီဓားက ပြီးခဲ့တဲ့အကြိမ်ထက် အများကြီး ပိုသန်မာလာတာပဲ”
ဤသံဓားအိုကြီးမှာ သံချေးတက်နေသော်လည်း ဓားအရှိန်အဟုန်မှာ အလွန်ပြင်းထန်လှသည်။ ခုနက ညီငယ်လေး၏ စိန်ခေါ်မှုကို ခံလိုက်ရသဖြင့် ယခုအခါ ပြန်လည်ပျံတက်လာပြီး ဓားဖျားက ကျန့်ကျောင်း ဓားထံသို့ တည့်တည့်မတ်မတ် ချိန်ရွယ်ထား၏။
ကျန့်ကျောင်း ဓားသည်လည်း တုန်ခါလာပြီး ဤထောင်လွှားလွန်းသော ဓားအိုကြီးကို နောက်ထပ်တစ်ကြိမ် သင်ခန်းစာပေးရန် ပြင်ဆင်လိုက်သည်။
လီယန်ချူက ချောင်းတစ်ချက်ဟန့်ကာ “မလိုပါဘူး... မလိုပါဘူး...” ဟု ပြောလိုက်သည်။
သခင်ကိုယ်တိုင်က စကားပြောလာပြီဖြစ်ရာ ဓားတစ်စင်းနှင့် ဓားတစ်စင်းတို့သည် ချက်ချင်းပင် ငြိမ်သက်သွားကြပြီး အလွန်ပင် လိမ္မာယဉ်ကျေးသွားကြတော့သည်။
စစ်ချင်းဝမ်သည် လီယန်ချူက ဂိုဏ်းတည်ထောင်သူ၏ ကိုယ်ပိုင်ဓားကို လွယ်ကူစွာ ချော့မြှူနိုင်သည်ကို မြင်တွေ့ရသဖြင့် လေကို အဝဝ ရှူသွင်းလိုက်မိသည်။
“သူက ငါ့ထက်တောင် ရော်ဖူတောင်ရဲ့ ဂိုဏ်းချုပ်နဲ့ ပိုတူနေသေးတယ်”
သူမသည် စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းသွားမိ၏။ ရော်ဖူတောင်၏ နောက်ဆုံးမျိုးဆက် ဂိုဏ်းချုပ်ဖြစ်ပါလျက် ဂိုဏ်းတည်ထောင်သူ၏ ကိုယ်ပိုင်ဓားကိုပင် မထိန်းချုပ်နိုင်ချေ။ သို့သော် စစ်ချင်းဝမ် ပြန်လည်တွေးတောကြည့်ရာ ပထမမျိုးဆက် ဂိုဏ်းတည်ထောင်သူမှလွဲ၍ ကျန်ရှိသော ဂိုဏ်းချုပ်များအားလုံးသည်လည်း ပထမမျိုးဆက် ဂိုဏ်းတည်ထောင်သူ၏ ကိုယ်ပိုင်ဓား၏ အသိအမှတ်ပြုမှုကို မရရှိခဲ့ကြဖူးချေ။
ဤသို့ ပြန်လည်တွေးတောလိုက်ပြီးနောက်တွင်တော့ စစ်ချင်းဝမ်၏ စိတ်ခံစားမှုမှာ များစွာ ကြည်လင်တောက်ပသွားခဲ့သည်။
လီယန်ချူသည် မိမိကိုယ်ကို ပိတ်ဆို့ထားသော ကျိုးရွှမ်ကို ကြည့်ရင်း ဇွတ်အတင်း မလှုပ်ရှားခဲ့ပေ။ သူသည် ကျင့်ကြံခြင်းအလင်းတန်းဖြင့် ကျိုးရွှမ်၏ မူလဝိညာဉ်ကို ကာကွယ်ပေးနိုင်သော်လည်း ကျိုးရွှမ်သည် မိမိကိုယ်ကို ပိတ်ဆို့ထားခြင်းဖြစ်ရာ အပြင်ဘက်မှ လှုံ့ဆော်မှုခံရပါက အလွယ်တကူ နိုးထလာနိုင်သည်။ အကြွင်းမဲ့ ယုံကြည်ချက်မရှိဘဲနှင့်တော့ သူ့ကို မနှိုးဆော်သင့်ပေ။
လီယန်ချူက စစ်ချင်းဝမ်ကို ကြည့်ကာ
“ငါလည်း နည်းနည်းတော့ စိတ်ဝင်စားသားပဲ၊ အဲဒီ ထိပ်သီး ကဘယ်သူလဲ၊ ဘာရည်ရွယ်ချက် ရှိလဲဆိုတာကိုပေါ့”
စစ်ချင်းဝမ်က
“တာအိုမိတ်ဆွေက ကျွန်မတို့ ရော်ဖူတောင်ကို အများကြီး ကူညီပေးပြီးပါပြီ၊ ဒီကိစ္စကို ကျွန်မဘာသာ ဖြေရှင်းနိုင်ပါတယ်” ဟု ဆို၏။
သူမတွင် ဤယုံကြည်ချက် ရှိနေသည်၊ မဟုတ်ပါက သူမသည်လည်း ပတ်လည်ကောင်းကင် ကြယ်တာရာ ဓားအစီရင်ကြီးကို ချထားလိမ့်မည် မဟုတ်ပေ။
လီယန်ချူက ရွှေချင်းဝမ်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး စိတ်ထဲမှ ကျိတ်၍ ချီးကျူးလိုက်သည်။
“ဂိုဏ်းချုပ်ကြီးဖြစ်ထိုက်တယ်၊ တကယ့်ကို ခန့်ညားထည်ဝါတဲ့ အရှိန်အဝါ ရှိတာပဲ”
သို့သော်လည်း လီယန်ချူသည် ဓားကျောက်စာတုံးအတွင်းမှ ထိုလျှို့ဝှက်ဆန်းကြယ်လှသော ဓားကျမ်းကို ရရှိခဲ့ဖူးရာ ယနေ့တိုင် အကြွင်းမဲ့ မတတ်မြောက်သေးသော်လည်း ထိုဓားကျမ်း၏ ထူးခြားဆန်းပြားမှုကို ခံစားနေရဆဲ ဖြစ်သည်။ ထို့အပြင် ရရှိခဲ့ဖူးသော ထိုဓားကံတရားမှာလည်း အလွန်ပင် ကြီးမားထည်ဝါလှရာ... မည်သည့် ယောက်ျားသားကမှ မနှစ်သက်ဘဲ နေပါမည်နည်း။ ထို့ကြောင့် လီယန်ချူသည် ရော်ဖူတောင်အပေါ် အမြဲတမ်း ရင်နှီးခင်မင်မှု အချို့ ရှိနေခဲ့ခြင်း ဖြစ်၏။
ညဉ့်နက်ပိုင်းသို့ ရောက်သောအခါ၊ မဟာခန်းမကြီးတစ်ခုအတွင်း၌ အမွှေးနံ့သာနံ့များ သင်းပျံ့နေခဲ့သည်။ ဤနေရာ၌ ရော်ဖူတောင်၏ ခေတ်အဆက်ဆက် ဂိုဏ်းတည်ထောင်သူ အဘိုးအိုများ၏ ပုံတူပန်းချီကားများကို ကိုးကွယ်ပူဇော်ထားခြင်း ဖြစ်သည်။
ကျိုးရွှမ်သည် ထိုနေရာတွင် တင်ပျဉ်ခွေ ထိုင်နေပြီး သူ၏ စိတ်အသိကို ပိတ်ဆို့ထားသဖြင့် အပြင်ဘက်မှ သတင်းအချက်အလက်များကို မရရှိနိုင်တော့ချေ။ သူသည် ဤဂိုဏ်းတည်ထောင်သူ၏ ကိုယ်ပိုင်ဓား၏ ဖိနှိပ်မှုကို အားကိုးနေရခြင်း ဖြစ်သည်။
ဂိုဏ်းတည်ထောင်သူ၏ ကိုယ်ပိုင်ဓားမှာ မူလက အလွန်ပင် ထောင်လွှားလှပြီး မည်သည့်နေရာသို့မျှ လွယ်လွယ်ကူကူ မရွေ့လျားတတ်သော်လည်း လီယန်ချူ ရောက်လာပြီးနောက်တွင်မူ အရိပ်ပမာ ထပ်ကြပ်မကွာ လိုက်ပါနေခဲ့သည်။ ထို့ကြောင့် ကျိုးရွှမ်ကိုလည်း ဤဂိုဏ်းတည်ထောင်သူ ခန်းမအတွင်းသို့ ပြောင်းရွှေ့ပေးခဲ့ရခြင်း ဖြစ်သည်။
ကျန်ရှိသော ဖျာကော်ဇောနှစ်ခုပေါ်တွင်မူ စစ်ချင်းဝမ်နှင့် လီယန်ချူတို့ အသီးသီး ထိုင်နေကြသည်။
အချိန်သည် ရေစီးရေလာပမာ ဖြည်းညင်းစွာ ကုန်ဆုံးသွားခဲ့သည်။ ရော်ဖူတောင်၏ လျှို့ဝှက်နယ်မြေအတွင်း၌လည်း နေ့နှင့်ည ပြောင်းလဲမှုများ ရှိနေပြီး အပြင်လောကနှင့် အတူတူပင် ဖြစ်သည်။
ပေါင်ပေါ်တွင် ဓားရှည်တစ်စင်း တင်ထားသော စစ်ချင်းဝမ်သည် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်သည်။
“လာပြီ”
လီယန်ချူသည် စစ်ချင်းဝမ်ကို ကြည့်ကာ မိမိ၏ စိတ်အသိကို ချက်ချင်း ဖြန့်ကြက်လိုက်သော်လည်း မည်သည့် အရှိန်အဟုန်ကိုမျှ မခံစားရချေ။
“………………”
ငါ့ရဲ့ စိတ်အသိက စစ်ချင်းဝမ်ထက် မသာတာလား
ချက်ချင်းပင် လီယန်ချူ သဘောပေါက်သွားခဲ့သည်၊ ဤနေရာမှာ အခြားသူများ၏ ရော် ဖူတောင် အထွတ်အမြတ်နယ်မြေ ဖြစ်သည်။ စစ်ချင်းဝမ်သည် ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် အဓိက သော့ချက်အချို့ကို သဘာဝအတိုင်း ထိန်းချုပ်ထားနိုင်ခြင်းပင်။
ကောင်းကင်ယံထက်တွင် လမင်းကြီးက သာယာနေပြီး ကြယ်တာရာများ လင်းလက်နေစဉ် ထိုကြယ်တာရာများက ရုတ်တရက် လည်ပတ်လှုပ်ရှားလာကြပြီး ဓားအလင်းတန်းများအဖြစ် ပြောင်းလဲကာ လော့ဖူတောင်တစ်ခုလုံးကို လွှမ်းခြုံလင်းထိန်သွားစေတော့သည်။
စစ်ချင်းဝမ်သည် ထရပ်လိုက်ပြီး အပြင်သို့ ပျံသန်းထွက်ခွာသွားခဲ့သည်။
“တာအိုမိတ်ဆွေ... ဒီနေရာမှာ ခဏစောင့်နေပါ၊ ကျွန်မ အဲဒီမိစ္ဆာကောင်ကို သတ်ပြီးရင် ချက်ချင်း ပြန်လာခဲ့ပါ့မယ်”
သူမ၏ ဝတ်ရုံလက်စွပ်များမှာ လေထဲတွင် လွင့်ပျံနေ၏။ စစ်ချင်းဝမ်သည် လှပလွန်းလှသော အလှပိုင်ရှင်ကြီးဟု မဆိုနိုင်သော်လည်း ဂိုဏ်းတစ်ခု၏ အထွတ်အမြတ် ဂိုဏ်းချုပ်တစ်ယောက်၏ အရှိန်အဝါမှာမူ တကယ်ကို သာမန်ထက် ထူးကဲလွန်းလှသည်။
စစ်ချင်းဝမ်တွင် ဤမျှ ယုံကြည်ချက် ရှိနေသဖြင့် လီယန်ချူသည် မဟာခန်းမကြီး၏ အဝင်ဝသို့ လျှောက်လှမ်းလာပြီး ကောင်းကင်ယံထက်မှ ကြယ်တာရာများ ဓားအရှိန်အဟုန်အဖြစ် ပြောင်းလဲနေသည်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
“ကောင်းကင် ကြယ်တာရာ ဓားအစီရင်...ရော်ဖူတောင်က တကယ်ကို ဓားလမ်းစဉ်ရဲ့ အထွတ်အမြတ်နယ်မြေပဲ”
လီယန်ချူ ကျင့်ကြံထားသော ကိုးလုံးမြောက် မန္တန်၏ အစီရင်မန္တန်သည် အစီရင်အတတ်ပညာရပ်များတွင် တစ်ခုကို တတ်မြောက်လျှင် အားလုံးကို နားလည်နိုင်သော သဘောရှိရာ၊ ယခုအခါ ထို ကောင်းကင် ကြယ်တာရာ ဓားအစီရင်ကြီးကို ကြည့်ရှုရင်း သူ၏ စိတ်ထဲတွင် အတွေးအမြင်အချို့ ရရှိလာခဲ့သည်။
အမှန်တကယ်တော့ သူ၏ ဓားလမ်းစဉ် ပါရမီမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားလှသော်လည်း သူသည် ဓားကို ခဏခဏ အသုံးမပြုခြင်းသာ ဖြစ်၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ ထိုဓားကံတရားတစ်ခုတည်းနှင့်ပင် ဓားလမ်းစဉ်ကို ဘာမှမသိသော လူအူတူတူတစ်ယောက်ကိုပင် တိုတောင်းသော အချိန်ကာလအတွင်း ကမ္ဘာပေါ်တွင် အတုမရှိသည့် ဓားလမ်းစဉ် တစ်ဦးဖြစ်အောင် ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။
သို့သော်လည်း ပုံမှန်အားဖြင့် ဓားကံတရားဆိုသည်မှာ ဓားလမ်းစဉ် ပါရမီ ညံ့ဖျင်းသောသူကို မည်သည့်အခါမျှ ရွေးချယ်လိမ့်မည် မဟုတ်ပေ။
အခန်း (၁၀၀၂) - လျှို့ဝှက်ဆန်းကြယ်သော ထိပ်သီး
လီယန်ချူသည် ဤနေရာ၌ ရပ်တန့်လျက် ကောင်းကင် ကြယ်တာရာ ဓားအစီရင်ကြီးကို အာရုံခံစား ဆင်ခြင်နေခဲ့သည်။
မျက်စိတစ်ဆုံး မြင်ရသမျှ နေရာတိုင်းတွင် ကောင်းကင်ယံထက်မှ ကြယ်တာရာအားလုံးသည် ဓားအရှိန်အဟုန်များအဖြစ် ပြောင်းလဲနေကြတော့သည်။
သို့သော်လည်း ယခုအချိန်တွင် ရော်ဖူတောင်၌ ရန်သူအကြီးအကျယ် ရောက်ရှိကျူးကျော်လာနေသဖြင့် လီယန်ချူသည် သူ၏စိတ်အာရုံအားလုံးကို ဓားအစီရင်အား ဆင်ခြင်ခြင်းအပေါ်၌သာ အပြည့်အဝ ပုံမချထားခဲ့ပေ။
ယခုအခါ ရော်ဖူတောင်ဟူသော ဓားလမ်းစဉ်၏ အထွတ်အမြတ် သန့်စင်သော နယ်မြေတစ်ခုလုံးသည် ဤအစီရင်ကြီး၏ လွှမ်းခြုံမှုအောက်တွင် ရောက်ရှိနေပြီ ဖြစ်၏။
စစ်ချင်းဝမ်၏ ဝတ်ရုံလက်စွပ်များမှာ လေထဲတွင် လွင့်ပျံနေပြီး သူမ၏ လက်ထဲတွင်မူ ရှေးဟောင်းဆန်ကာ ခန့်ညားလှသော ဓားရှည်တစ်စင်းကို ကိုင်ဆောင်ထားသည်။
ဤဓားမှာ ဆဋ္ဌမမြောက်မျိုးဆက် ဂိုဏ်းတည်ထောင်သူ အဘိုးအို၏ ကိုယ်ပိုင်ဓားဖြစ်ပြီး 'ချင်းနုဓား' ဟု အမည်ရလေသည်။
အမှန်တကယ်တော့ ပထမမျိုးဆက် ဂိုဏ်းတည်ထောင်သူ အဘိုးအို၏ ကိုယ်ပိုင်ဓားတွင်သာ အမည်နာမ မရှိခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသော ခေတ်အဆက်ဆက် ဂိုဏ်းတည်ထောင်သူများ၏ ကိုယ်ပိုင်ဓားများတွင်မူ အမည်အသီးသီး ရှိကြသည်။
ဥပမာအားဖြင့် ဒုတိယမြောက်မျိုးဆက် ဂိုဏ်းတည်ထောင်သူ၏ ကိုယ်ပိုင်ဓားအမည်မှာ 'စန်းစန်းမန်' ဟု ခေါ်တွင်ပြီး ၎င်းမှာ ကဗျာလင်္ကာအလိုက် ပေးထားသော နာမည်တစ်ခု ဖြစ်၏။
တတိယမြောက်မျိုးဆက် ဂိုဏ်းတည်ထောင်သူ၏ ကိုယ်ပိုင်ဓားအမည်မှာမူ 'ရှီးကျန်းယွဲ့' ဟု အမည်ရသည်။
ဤအလေ့အထသည် ဆဋ္ဌမမြောက်မျိုးဆက် ဂိုဏ်းတည်ထောင်သူအထိ ဆက်တိုက် တည်ရှိခဲ့ခြင်း ဖြစ်သည်။
ဆဋ္ဌမမြောက်မျိုးဆက် ဂိုဏ်းတည်ထောင်သူမှာ လောကအလယ် ဓားပြအဖွဲ့အစည်းမှ ပေါက်ဖွားလာသူဖြစ်ပြီး သူ၏ မိသားစုမှာ မူလက သိုင်းလောက အစောင့်အရှောက် အေဂျင်စီတစ်ခုကို ဖွင့်လှစ်ထားခဲ့ခြင်း ဖြစ်၏။
ပဉ္စမမြောက်မျိုးဆက် ဂိုဏ်းတည်ထောင်သူသည် လောကအနှံ့ လှည့်လည်သွားလာရင်း သူ၏ ဝိညာဉ်ရေးရာ ပါရမီ တောက်ပြောင်လွန်းလှသည်ကို သတိပြုမိခဲ့သည်။ သူသည် လောကီသိုင်းကွက်များကိုသာ အသုံးပြုနေသော်လည်း ခန္ဓာကိုယ်ထဲ၌ ဖျော့တော့သော ဓားအသိစိတ်တစ်ရပ် ကိန်းအောင်းနေသဖြင့် ပဉ္စမမြောက် ဂိုဏ်းတည်ထောင်သူသည် ပါရမီရှင်ကို နှမြောတွက်ကပ်သော စိတ်ဖြင့် ချက်ချင်းပင် တပည့်အဖြစ် မွေးစားလိုစိတ် ဖြစ်ပေါ်လာခဲ့တော့သည်။
ဤဆဋ္ဌမမြောက်မျိုးဆက် ဂိုဏ်းတည်ထောင်သူသည်လည်း မျှော်လင့်ထားသည့်အတိုင်းပင် တိုတောင်းသော အချိန်ကာလအတွင်း ထိပ်သီးဓားကျင့်ကြံသူတစ်ဦးအဖြစ် ကြီးထွားလာခဲ့ပြီး ရော်ဖူတောင်အတွက် ကြီးမားလှသော ကျော်စောမှု ဂုဏ်သတင်းများကို ရှာဖွေပေးနိုင်ခဲ့လေသည်။
သို့သော် သူ၏ ကိုယ်ပိုင်ဓားကို နာမည်ပေးမည့်အချိန်တွင်မူ ဆဋ္ဌမမြောက် ဂိုဏ်းတည်ထောင်သူသည် ရှေးလူကြီးများပမာ ခန့်ညားဆန်းပြားသော နာမည်မျိုးကို မရွေးချယ်ဘဲ ကွဲပြားခြားနားသော ပုံစံကို ပြသခဲ့သည်။
သူသည် 'ချင်းနု' ဟူသော အမည်ကို တိုက်ရိုက် ပေးလိုက်ခြင်းပင် ဖြစ်၏။
ထို့ကြောင့်ပင် နောက်ပိုင်းမျိုးဆက် ရော်ဖူတောင်၏ ကိုယ်ပိုင်ဓားအမည်များမှာ ပုံစံမျိုးစုံဖြင့် ထူးဆန်းဆန်းပြား ကွဲပြားကုန်ကြတော့သည်။
ယခုအချိန်တွင် စစ်ချင်းဝမ်သည် ချင်းနုဓားကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် ကောင်းကင်ယံထက်သို့ ညွှန်ပြလိုက်ရာ ကောင်းကင်အနှံ့ ရှိနေကြသော ကြယ်တာရာများသည် ချက်ချင်းပင် စူးရှတောက်ပလှသော အလင်းတန်းများကို ပေါက်ကွဲထုတ်လွှတ်လိုက်ကြတော့သည်။
ထိုအခါ လူရိပ်တစ်ခုမှာ ဖိအားပေးခြင်း ခံလိုက်ရပြီး ပေါ်ထွက်လာခဲ့ရတော့၏။
ထိုလူရိပ်၏ ဘေးပတ်ပတ်လည်တွင် ဖျော့တော့သော နတ်အလင်းတန်းများ လွှမ်းခြုံထားပြီး မျက်နှာသွင်ပြင်မှာ ဝေဝါးနေသော်လည်း သေချာစွာ စိုက်ကြည့်လိုက်ပါက အမျိုးသားတစ်ဦး ဖြစ်ပုံရသည်။
ထိုသူ၏ လေသံမှာ လွင့်မျောနေပြီး...
“ကောင်းကင် ကြယ်တာရာ ဓားအစီရင်... ရော်ဖူတောင်မှာ တကယ်ပဲ အမွေအနှစ် အချို့ ကျန်ရှိနေသေးတာပဲ”
ဟု ဆိုလိုက်သည်။
စစ်ချင်းဝမ်၏ မျက်နှာအမူအရာက တည်ငြိမ်နေပြီး
“မိတ်ဆွေက ငါတို့ရဲ့ ဂိုဏ်းတံခါးထဲကို အကြိမ်ကြိမ် ခိုးဝင်လာပြီးတော့ အခုထိ ဘာကို ရည်ရွယ်နေတာလဲ” ဟု မေးလိုက်သည်။
နတ်အလင်းတန်းများအကြား လွှမ်းခြုံထားသော လူရိပ်က အေးဆေးစွာဖြင့်
“ဒီလောက် ကြီးမားလှတဲ့ ဂိုဏ်းကြီးတစ်ခုလုံးမှာ အမျိုးသမီးတစ်ယောက်တည်းကပဲ ဂိုဏ်းချုပ်ရာထူးကို ဆက်ခံထားရတာပဲ၊ ငါ အကြိမ်ကြိမ် ခိုးဝင်လာတာ ဘာအတွက် ဖြစ်နိုင်ဦးမှာလဲ... သိသာပါတယ်၊ နင့်အတွက်ပဲပေါ့” ဟု ပြောလိုက်သည်။
ဤသူ၏ ကျင့်ကြံခြင်းနယ်ပယ်မှာ အလွန်မြင့်မားလှသော်လည်း စကားပြောဆိုပုံမှာမူ အလွန်ပင် ရိုင်းစိုင်း ပေါ့ပျက်လွန်းလှ၏။
စစ်ချင်းဝမ်က အေးဆေးတည်ငြိမ်စွာဖြင့်ပင်
“ငါ့အတွက် ဟုတ်လား၊ မိတ်ဆွေက ဘာပဲဖြစ်ဖြစ် ကျင့်ကြံခြင်းလောကရဲ့ ထိပ်သီးတစ်ယောက် ဖြစ်ပါလျက်နဲ့ ဒီလိုမျိုး ရိုင်းရိုင်းစိုင်းစိုင်း စကားပြောနေတာက မိတ်ဆွေရဲ့ အဆင့်အတန်းကို ကျဆင်းစေတာပဲ မဟုတ်ဘူးလား” ဟု ဆိုသည်။
ရွှေရောင်အလင်းတန်းများအကြားရှိ လူရိပ်က ရယ်မောလိုက်ပြီး
“ရော်ဖူတောင်ရဲ့ နောက်ဆုံးမျိုးဆက်ထဲမှာ နင်လိုမျိုး ဇာတ်ကောင်တစ်ယောက် ပေါ်ထွက်လာလိမ့်မယ်လို့ မထင်ထားမိဘူး”
စကားဆုံးသည်နှင့် သူသည် လွတ်မြောက်ခြင်း ပညာရပ်ကို အသုံးပြု၍ ဤနေရာမှ ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။
သို့သော်လည်း ယခုအခါ ရော်ဖူတောင်တစ်ခုလုံးသည် ကောင်းကင် ကြယ်တာရာ ဓားအစီရင်ကြီး၏ ပိတ်ဆို့ခြင်းကို ခံထားရပြီ ဖြစ်ရာ...
ထိုလူရိပ်က အေးဆေးစွာ ရယ်မောလိုက်ရင်း
“ကြည့်ရတာ ဒီနေ့တော့ မင်းနဲ့ငါ အနိုင်အရှုံး တစ်ခုခုကို အပြတ်အသတ် ခွဲခြားရတော့မယ့် ပုံပဲ” ဟု ဆိုလေသည်။
စစ်ချင်းဝမ်က တည်ငြိမ်သော မျက်နှာထားဖြင့်
“တိုက်ခိုက်စမ်း” ဟု အော်ဟစ်လိုက်၏။
သူမသည် ပြောသည်နှင့် တစ်ပြိုင်နက် ချက်ချင်း တိုက်ခိုက်ခြင်းဖြစ်ရာ လှုပ်ရှားမှုက အလွန်ပင် ပြတ်သားလွန်းလှသည်။ ကောင်းကင်အနှံ့ ရှိနေသော ကြယ်တာရာများသည် ဓားရှည်ကြီးများအဖြစ် ပြောင်းလဲကာ အောက်ခြေသို့ တရဟော လျှောဆင်းကျလာကြတော့သည်။
ထိုဓားအရှိန်အဟုန်မှာ ကြီးမားထည်ဝါလွန်းလှသဖြင့် ၎င်း၏ အလယ်ဗဟိုတွင် ရှိနေသောသူသည် မည်သို့မျှ ရှောင်တိမ်းနိုင်ခြင်း မရှိချေ။
ထိုစဉ်မှာပင်...
ထိုသူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ကြီးမားကျယ်ပြန့်လာခဲ့ပြီး ရွှေရောင်အလင်းတန်းများ စူးရှစွာ ထွက်ပေါ်လာကာ သူ၏ နောက်ကျောဘက်တွင် ခန့်ညားထည်ဝါလှသော နတ်ဘုရားရုပ်ထုကြီးတစ်စင်း ပေါ်ထွက်လာခဲ့တော့သည်။
ထိုနတ်ဘုရားရုပ်ထုကြီးသည် လက်တစ်ဖက်တွင် နတ်ရတနာအိုးကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်တွင်မူ နတ်ပုတီးစေ့ကို ကိုင်ဆောင်ထားကာ ခန္ဓာကိုယ်မှာ မီတာရာချီအထိ ကြီးမားလှသည်။
နတ်ရတနာအိုးအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော မြစ်ရေများ တရဟော စီးဆင်းထွက်ပေါ်လာပြီး ကောင်းကင်အနှံ့မှ ကျဆင်းလာနေသော ကြယ်တာရာ ဓားအလင်းတန်းများကို ဆီးကြိုတိုက်ခိုက်လိုက်တော့သည်။
ထို့ပြင် နတ်ပုတီးစေ့ ကျဆင်းလာပြီးနောက် နတ်အလင်းတန်းများမှာ အလင်းစခရင်တစ်ခုပမာ ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံကာကွယ်ပေးလိုက်၏။
“ဒီလိုဖြစ်မှတော့... ငါလည်း မင်းလို မိန်းမငယ်လေးနဲ့ လက်ရည်တစ်ချက်လောက် စမ်းပေးရတာပေါ့”
ဝုန်း... ဝုန်း...
ရော်ဖူတောင်၏ လျှို့ဝှက်နယ်မြေအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးစွမ်းအားကြီးတစ်ခု လင်းထိန်သွားခဲ့သည်။
ဤခန့်ညားလှသော နတ်ဘုရားရုပ်ထု၏ နတ်ရတနာအိုးအတွင်းမှ ထွက်ပေါ်လာသော မြစ်ရေများတွင် အရိုးများကို အရည်ပျော်စေကာ ဝိညာဉ်ကို လောင်ကျွမ်းစေနိုင်သော စွမ်းအားများ ကိန်းအောင်းနေသဖြင့် ဓားအရှိန်အဟုန်များနှင့် တွေ့ရှိလိုက်သည်နှင့် တစ်ပြိုင်နက် ဓားအလင်းတန်းများကို ပျက်စီးပျောက်ကွယ်သွားစေတော့သည်။
သို့သော်လည်း ဤကောင်းကင် ကြယ်တာရာ ဓားအစီရင်ကြီး လည်ပတ်လှုပ်ရှားလာပြီးနောက် ဓားအရှိန်အဟုန်များမှာ မိုးသည်းထန်စွာ ရွာသွန်းနေသကဲ့သို့ အဆက်မပြတ် ကျဆင်းလာနေခဲ့ရာ ၎င်းမှာ ကုန်ခမ်းခြင်းမရှိသော စွမ်းအားကြီးပမာပင် ဖြစ်သည်။
တိန်... တိန်... တိန်... တိန်...
ဓားအရှိန်အဟုန်များမှာ တရဟော စီးဆင်းနေသော မြစ်ရေများကို ဖြတ်သန်းကာ နတ်ပုတီးစေ့မှ ထွက်ပေါ်နေသော ကာကွယ်ရေး အလင်းစခရင်ပေါ်သို့ တိုက်ရိုက် ထုနှက်လိုက်ကြတော့သည်။
ထိုနတ်အလင်းတန်းမှာ အစပိုင်းတွင် တည်ငြိမ်စွာဖြင့် တောင့်ခံထားနိုင်ဆဲဖြစ်ပြီး မည်သည့်စွမ်းအားမျှ ဖောက်ထွက်နိုင်ခြင်း မရှိသည့် ခံစားချက်ကို ပေးစွမ်းနေသော်လည်း...
ဤကောင်းကင် ကြယ်တာရာ ဓားအစီရင်ကြီး ဆက်လက်လည်ပတ်လာသည်နှင့်အမျှ တစ်ဖက်ရှိ ကောင်းကင်ယံကြီးတစ်ခုလုံးသည်ပင် အနည်းငယ် နိမ့်ဆင်းသွားခဲ့ရပုံရသည်။
ဓားအရှိန်အဟုန်များမှာ ပိုမို၍ ထက်မြက်စူးရှလာခဲ့ပြီး ထိုနတ်အလင်းတန်း အလင်းစခရင်ကြီးမှာ စတင်၍ တုန်ခါကာ မတည်မငြိမ် ဖြစ်လာခဲ့ရတော့၏။
နှစ်ဦးသား၏ တိုက်ပွဲမှာ တန်ခိုးစွမ်းအားများ ကြီးမားလွန်းလှသဖြင့် ထွက်ပေါ်လာသော အရှိန်အဟုန်မှာ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။
တိုတောင်းလှသော အသက်ရှူရက်အနည်းငယ်အတွင်းမှာပင် ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှစ်ရပ်၏ ပွတ်တိုက်မှုမှာ တစ်လောကလုံးကို လင်းထိန်သွားစေခဲ့သည်။
ရွှေရောင်အလင်းတန်းများအကြား လွှမ်းခြုံထားသော လူရိပ်မှ ထွက်ပေါ်နေသော တိုက်ပွဲပုံသဏ္ဌာန်မှာ အလွန်ပင် အစွမ်းထက်လှသော်လည်း...
သူသည် မိမိကိုယ်ကို ကာကွယ်ရန်အတွက်သာ ရည်ရွယ်ထားပုံရသည်။
စစ်ချင်းဝမ်သည် ကောင်းကင် ကြယ်တာရာ ဓားအစီရင်ကြီးကို အဓိက ထိန်းချုပ်မောင်းနှင်နေရင်း ဤအချက်ကို သတိပြုမိသွားကာ အေးစက်စွာဖြင့်
“မိတ်ဆွေက ငါတို့ရဲ့ တောင်ပေါ်ကို တစ်ယောက်တည်း ခိုးဝင်လာရဲတယ်ဆိုတော့... မိတ်ဆွေမှာ ဒီလောက်ပဲ အရည်အချင်း ရှိတာလား” ဟု မေးလိုက်သည်။
ရွှေရောင်အလင်းတန်းများအကြား လွှမ်းခြုံထားသော လူရိပ်မှာမူ ကြားသိရခြင်းမရှိသည့်အလား မည်သည့်တုံ့ပြန်မှုမျှ မပေးဘဲ...
နတ်ရတနာအိုးအတွင်းမှ မြစ်ရေများကိုသာ အဆက်မပြတ် စီးဆင်းစေခဲ့ရာ ၎င်းမှာ ရော်ဖူတောင်တစ်ခုလုံးကို ရေလွှမ်းမိုးပစ်တော့မည့်အတိုင်းပင်။
စစ်ချင်းဝမ်သည် သူမ၏ လက်ထဲရှိ ချင်းနုဓားကို ဝှေ့ယမ်းလိုက်ရာ လွန်စွာ စူးရှတောက်ပလှသော ဓားအလင်းတန်းတစ်ခု ကျဆင်းလာခဲ့ပြီး ထိုကြီးမားလှသော မြစ်ကြီးကို တိုက်ရိုက်ပင် အလယ်မှ ဖြတ်တောက်ပစ်လိုက်တော့သည်။
မြောက်မြားစွာသော ဓားအရှိန်အဟုန်များသည် ၎င်း၏အလယ်သို့ ဖောက်ထွက်သွားခဲ့ကြပြီး ရုတ်တရက်ဆိုသလို အလွန်အမင်း ပူပြင်းလာခဲ့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားလှသော မြူခိုးကြီးများအဖြစ် ပြောင်းလဲသွားခဲ့ရတော့၏။
ပူပြင်းလှသော ဓားအလင်းတန်းမှာ ထိုကြီးမားလှသော မြစ်ရေများကို ချက်ချင်းပင် ခမ်းခြောက်သွားစေခဲ့ခြင်း ဖြစ်သည်။
ခဏအကြာတွင် ဓားအလင်းတန်းနှင့် တရဟော စီးဆင်းနေသော မြစ်ရေတို့ ပြင်းထန်စွာ ပွတ်တိုက်သွားခဲ့ကြပြီး...
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းတံပိုးများသည် အပြင်ဘက်သို့ ဆက်တိုက် ပြန့်နှံ့သွားခဲ့ကြတော့သည်။
ဤသူသည် ရော်ဖူတောင်ပေါ်တွင် တိုက်ခိုက်နေခြင်းဖြစ်သော်လည်း မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ ဤဓားလမ်းစဉ်၏ အထွတ်အမြတ်နယ်မြေကို အပျက်အစီးများအဖြစ် ပြောင်းလဲပစ်တော့မည့်အတိုင်းပင် လှုပ်ရှားနေခဲ့သည်။
စစ်ချင်းဝမ်သည်လည်း မည်သည့်စိုးရိမ်ပူပန်မှုမျှ မရှိဘဲ တစ်ဖက်လူ၏ ဖိအားပေးမှုကို ခံယူခြင်းမရှိချေ။
သူမ သိထားသည်မှာ ဤသို့သော အခြေအနေမျိုးတွင် မိမိဘက်မှ အားနည်းချက်ကို တစ်ဖက်လူအား လုံးဝ အသိမပေးမိရန် ပို၍ အရေးကြီးကြောင်းပင်။
နှစ်ဦးသား၏ တိုက်ပွဲမှာ အချိန်အတော်ကြာအောင် အပြန်အလှန် တောင့်ခံထားနိုင်ဆဲဖြစ်သော်လည်း သိသိသာသာပင် စစ်ချင်းဝမ်က အပေါ်စီးတွင် ရောက်ရှိနေခဲ့သည်။ ကောင်းကင် ကြယ်တာရာ ဓားအစီရင်ကြီးမှာ သူမအတွက် ကြီးမားလှသော စွမ်းအားများကို တိုးပွားပေးထားခြင်း ဖြစ်သည်။
ဓားအရှိန်အဟုန်မှာ ပိုးဖဲကြိုးစပမာ ထိုလူရိပ်၏ နတ်ရတနာအိုးကို တိုက်ရိုက်ပင် ရိုက်ခွဲဖျက်ဆီးပစ်လိုက်တော့သည်။
ခလွမ်...
ကောင်းကင်အနှံ့မှ မြစ်ရေများ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး စစ်ချင်းဝမ်၏ မျက်နှာအမူအရာက တည်ငြိမ်နေဆဲ ဖြစ်သော်လည်း...
ထိုလူရိပ်ကမူ ရုတ်တရက် ရယ်မောလိုက်ကာ
“ကောင်းကင် ကြယ်တာရာ ဓားအစီရင်ရဲ့ အောက်မှာ... မင်းကို ဖမ်းဆီးဖို့က တကယ်ကို မလွယ်ကူပါလား”
“ဒါပေမဲ့လည်း...”
စစ်ချင်းဝမ်က အေးဆေးစွာဖြင့် “ဒါပေမဲ့ ဘာဖြစ်လဲ” ဟု မေးလိုက်သည်။
ထိုအချိန်တွင် ထိုသူ၏ လေသံအတွင်းမှ အောင်နိုင်သူပမာ ဝမ်းမြောက်နေမှုကို အာရုံခံစားလိုက်ရပြီး
“မင်းရဲ့ ဦးလေးကတော့ အကာအကွယ် ပေးနိုင်တော့မှာ မဟုတ်ဘူး”
စစ်ချင်းဝမ် မျက်မှောင်ကြုတ်သွားခဲ့သည်။ ရော်ဖူတောင်တွင် ဓားလမ်းစဉ်၏ လျှို့ဝှက်ကျမ်းစာများ ရှိနေသလို တစ်ချိန်တည်းမှာပင် ထိုလျှို့ဝှက်ဆန်းကြယ်လှသော ဓားလမ်းစဉ် အမွေအနှစ် ကျောက်စာတုံးလည်း ရှိနေသေးရာ...
တစ်ဖက်လူ၏ အဓိက ရည်ရွယ်ချက်မှာ သူမ၏ ဦးလေးလေးဆီသို့ ဦးတည်နေလိမ့်မည်ဟု မထင်ထားမိခဲ့ချေ။
သူမသည် ချက်ချင်းပင် လှည့်ပြန်ရန် ပြင်ဆင်လိုက်သော်လည်း ရွှေရောင်အလင်းတန်းများအကြား လွှမ်းခြုံထားသော လူရိပ်ကမူ သူ၏ နတ်ပုတီးစေ့ကို ကောင်းကင်ယံထက်သို့ တိုက်ရိုက်ပင် ပစ်မြှောက်လိုက်တော့သည်။
တောက်ပလှသော အလင်းတန်းများသည် သူတို့နှစ်ဦးလုံးကို တစ်ပြိုင်နက်တည်း လွှမ်းခြုံပိတ်ဆို့လိုက်ပြီး...
“အခုမှ ရိပ်မိတာလား... နောက်ကျသွားပြီ၊ ငါ အရင်က ကြောက်ရွံ့ခဲ့တာက ဂိုဏ်းတည်ထောင်သူရဲ့ ကိုယ်ပိုင်ဓားကိုပဲ၊ ဒီနေ့ ငါ့မှာ ပြင်ဆင်မှုတွေ မရှိဘဲနဲ့တော့ ဒီနေရာကို လာပါ့မလား”
ရွှေရောင်အလင်းတန်းများ ကျဆင်းလာခဲ့ပြီးနောက် အလင်းစခရင်တစ်ခုပမာ ပိတ်ဆို့ထားသဖြင့် တန်ခိုးစွမ်းအားများကို အသုံးပြု၍ ဤနေရာမှ ထွက်ခွာရန် မည်သို့မျှ မဖြစ်နိုင်တော့ချေ။
စစ်ချင်းဝမ်သည် ကောင်းကင် ကြယ်တာရာ ဓားအစီရင်ကြီးကို မောင်းနှင်လျက် ထိုရွှေရောင်အလင်းတန်းကို ဆက်တိုက် တိုက်ခိုက်လိုက်တော့သည်။
ထိုလူရိပ်က အေးဆေးစွာ ရယ်မောလိုက်ရင်း
“မင်းကို ခဏလောက် ပိတ်ဆို့ထားနိုင်ရင်ပဲ ရပြီ၊ မင်းရဲ့ ဦးလေးကိုတော့ ငါ ခေါ်သွားပြီ၊ မင်းကော ငါနဲ့အတူ လိုက်ခဲ့ချင်လား... ငါ့အတွက် ကျင့်ကြံဖော်အဖြစ် နေပေးမယ်ဆိုရင်လည်း မဆိုးပါဘူး” ဟု ဆိုလေသည်။
စစ်ချင်းဝမ်သည် ချင်းနုဓားကို ကိုင်ဆောင်ထားပြီး သူမ၏ နောက်ကျောဘက်တွင်မူ ကြယ်တာရာ ဓားအရှိန်အဟုန်များ ဝန်းရံနေခဲ့သည်။
တစ်ဖက်လူမှာ အလွန်ပင် ထောင်လွှားလှပြီး အစီအစဉ်များကို သေချာစွာ တွက်ချက်ထားနိုင်သည့်အပြင် ယခုအချိန်တွင်ပင် လှောင်ပြောင် သရော်နေဆဲ ဖြစ်သည်။
သို့သော်လည်း စစ်ချင်းဝမ်ကမူ ရုတ်တရက် ဖျော့တော့စွာ ပြုံးလိုက်ရင်း
“မင်းကတော့ တကယ့်ကို အချိန်ကို သေချာ ရွေးချယ်တတ်တာပဲ” ဟု ဆိုလိုက်သည်။
ရွှေရောင်အလင်းတန်းများအကြား လွှမ်းခြုံထားသော လျှို့ဝှက်ဆန်းကြယ်သည့် လူရိပ်သည် ဂိုဏ်းတည်ထောင်သူ ခန်းမရှိရာ အရပ်သို့ ကြည့်လိုက်မိပြီး မျက်နှာပျက်သွားခဲ့ရသည်။
ထိုဂိုဏ်းတည်ထောင်သူ ခန်းမကြီးအတွင်း၌ အလွန်ပင် ဆိတ်ငြိမ်လွန်းလှသည် မဟုတ်ပါလား။
………………
ခုနကတင် လီယန်ချူသည် ခန်းမကြီး၏ အဝင်ဝတွင် ရပ်တန့်လျက် ဤကောင်းကင် ကြယ်တာရာ ဓားအစီရင်ကြီးကို အာရုံခံစား ဆင်ခြင်နေခဲ့ခြင်း ဖြစ်သည်။
သူသည် ထိုအသက်ရှူနှုန်း ကာကွယ်ခြင်း တန်ခိုးစွမ်းအားကို တတ်မြောက်ထားပြီးနောက် သူ၏ အရှိန်အဝါမှာ သာမန်လူတစ်ဦးပမာပင် ရှိနေခဲ့၏။
ယခုအခါ ခန်းမကြီး၏ အဝင်ဝတွင် ရပ်နေသော သူ၏ ပုံစံမှာ အလွန်ပင် ခန့်ညားလှပသော သာမန် တာအိုကျောင်းတော်သားတစ်ဦးပမာပင်။
ရုပ်ရည်ချောမောသည်မှလွဲ၍ ကျန်ရှိသော အချက်များတွင်မူ ထူးခြားချက် မရှိလှချေ။
ဂိုဏ်းတည်ထောင်သူ ခန်းမကြီးအတွင်း၌ မိမိ၏ စိတ်အသိနှင့် အာရုံခြောက်ပါးလုံးကို ပိတ်ဆို့ထားသော ရော်ဖူတောင်၏ ဦးလေး ကျိုးရွှမ်သည် ထိုဖျာကော်ဇောပေါ်တွင် ထိုင်နေဆဲ ဖြစ်သည်။
ထိုစဉ်မှာပင် လူရိပ်တစ်ခုမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထိုသူသည် အလွန်ပင် ခန့်ညားထည်ဝါလှပြီး လမင်းကြီးပမာ ဖြူစင်သော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ ရုပ်ရည်မှာ အလွန်ပင် လှပလွန်းလှသဖြင့် ယောက်ျားလား မိန်းမလားဆိုတာတောင် ခွဲခြားရန် ခက်ခဲလှသည်။
သူ၏ လက်ထဲတွင်မူ ရှေးဟောင်း ကြေးနီတံဆိပ်ပြားတစ်ခုကို ကိုင်ဆောင်ထားပြီး ထိုတံဆိပ်ပြား၏ နောက်ကျောဘက်တွင် ခန့်ညားလှသော နတ်တောင်ကြီးတစ်စင်းကို ထုဆစ်ထားလေသည်။
၎င်းမှာ ရိုးရှင်းလှသော ပုံသဏ္ဌာန်တစ်ခုမျှသာ ဖြစ်သော်လည်း ကြည့်ရှုသူအား အလွန်ပင် ကျယ်ပြန့်ထည်ဝါလှသော ခံစားချက်ကို ပေးစွမ်းနေပြီး ရှေးဆန်ကာ ရှေးဟောင်းအငွေ့အသက်များ ပြည့်နှက်နေခဲ့၏။
၎င်းပေါ်တွင် ရေးဆွဲထားသည်မှာ ပုကျိုးတောင် ပုံစံဖြစ်ပြီး ၎င်းမှာ အလွန်ပင် ရှေးဆန်လှသော ရတနာတစ်ခု ဖြစ်သည်။
၎င်းမှာ ရော်ဖူတောင် ဂိုဏ်းတည်ထောင်သူ၏ ကိုယ်ပိုင်ဓားကို အထူးနှိမ်နင်းရန်အတွက် အသုံးပြုရန် ဖြစ်၏။
ဤအမျိုးသားသည် ဂိုဏ်းတည်ထောင်သူ ခန်းမကြီးအတွင်းသို့ လေဟာနယ်မှတစ်ဆင့် ရုတ်တရက် ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး ဝေ့ဝဲကြည့်လိုက်ရာ ဂိုဏ်းတည်ထောင်သူ၏ ကိုယ်ပိုင်ဓားမှာ လေထဲတွင် တွဲလောင်းကျနေသည်ကို တွေ့ရှိလိုက်ရသည်။
ခေတ်အဆက်ဆက် ဂိုဏ်းတည်ထောင်သူများ၏ ပုံတူပန်းချီကားများမှ ဖျော့တော့သော နတ်အရှိန်အဟုန်များ ထွက်ပေါ်နေသည်မှလွဲ၍ ထောင့်စွန်းတစ်နေရာ၌မူ တာအိုကျောင်းတော်သား လူငယ်တစ်ဦးသာ ရှိနေခဲ့သည်။
သူသည် လက်ကို ဆန့်ထုတ်ကာ ကျိုးရွှမ်ကို ဖမ်းဆီးရန် ပြင်ဆင်လိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် ကြေးနီတံဆိပ်ပြားကိုလည်း မောင်းနှင်လိုက်တော့သည်။
ထိုအခါ သံချေးတက်နေသော သံဓားအိုကြီးမှာ တုန်ခါလာခဲ့ပြီး စတင်လှုပ်ရှားရန် ပြင်ဆင်လိုက်သော်လည်း...
ထိုလှပလွန်းလှသော အမျိုးသား၏ လည်ပင်းမှာမူ ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရတော့သည်။
အေးစက်လှသော အသံတစ်သံမှာ သူ၏ နားစည်ဘေးတွင် ဟိန်းထွက်လာခဲ့ပြီး “မင်း ဘာလုပ်နေတာလဲ” ဟု မေးလိုက်သည်။
ထိုလှပသော အမျိုးသားမှာ လွန်စွာ တုန်လှုပ်သွားသည်။
ခုနကတင် တစ်စုံတစ်ယောက်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသော်လည်း သူသည် မည်သို့မျှ ရိပ်မိခြင်းမရှိခဲ့ချေ။ ထို့ပြင် ထိုသူ၏ လက်ဖဝါးပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ကိန်းအောင်းနေခဲ့သည်။
သူသည် မျက်လုံးထောင့်မှတစ်ဆင့် ဘေးဘက်သို့ ကြည့်လိုက်ရာ ခုနကတင် ထိုနေရာတွင် ရပ်နေခဲ့သော တာအိုကျောင်းတော်သား လူငယ် ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။
“ရော်ဖူတောင်ရဲ့ အမွေအနှစ်ထဲမှာ စစ်ချင်းဝမ်တစ်ယောက်တည်းပဲ ကျန်ရှိတော့တာ မဟုတ်ဘူးလား... ဒီလူက စစ်ချင်းဝမ် အသစ်လက်ခံထားတဲ့ တပည့်များလား”
လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်တွင် အမှောင်ဖုံးကွယ်ခြင်းအတတ် ရှိနေသလို ကျင့်ကြံခြင်းစွမ်းအားကိုလည်း ဖုံးကွယ်ထားသဖြင့် သူ၏ တည်ရှိမှုမှာ အလွန်ပင် သေးငယ်လွန်းလှသည်။
ထိုအမျိုးသားသည် စိတ်ထဲမှ ထိတ်လန့်သွားခဲ့ရပြီး ကြေးနီတံဆိပ်ပြားကို ချက်ချင်းပင် ထုတ်သုံးလိုက်ရာ မီးခိုးရောင် အလင်းတန်းတစ်ခုမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
သို့သော်လည်း ကြေးနီတံဆိပ်ပြားမှာ အရှိန်မယူရသေးခင်မှာပင် သူ၏ လက်မောင်းမှာ ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်၏ ချိုးဖဲ့ခြင်းကို ခံလိုက်ရတော့၏။
ဂျွတ်...
ထိုအမျိုးသား၏ မျက်နှာမှာ ဖြူလျော်သွားခဲ့ရပြီး တန်ခိုးစွမ်းအားများကို အသုံးပြု၍ ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သော်လည်း သူ၏ လည်ပင်းပေါ်ရှိ ကြီးမားလှသော လက်ဖဝါးကြီးမှ ထွက်ပေါ်နေသော ခွန်အားများမှာ အတိုင်းအဆမရှိ ကြီးမားလွန်းလှသဖြင့်...
ဤတာအိုကျောင်းတော်သား လူငယ်၏ လက်ထဲတွင် ဖမ်းဆီးခြင်းခံထားရစဉ်အတွင်း မည်သည့်ပြန်လည်ခုခံနိုင်စွမ်းမျှ မရှိခဲ့ချေ။
“ရော်ဖူတောင်ရဲ့ ဂိုဏ်းတည်ထောင်သူဆိုရင်တောင် ဒီလောက်အထိ ကြီးမားတဲ့ ခွန်အားမျိုး မရှိသင့်ဘူး”
ဤအမျိုးသားသည် စိတ်ထဲမှ အလွန်ပင် ထိတ်လန့်သွားခဲ့ရ၏။
ရော်ဖူတောင် ဂိုဏ်းတည်ထောင်သူက သူ့ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်နိုင်သည်ဆိုလျှင် ထူးဆန်းစရာမရှိသော်လည်း...
လက်တစ်ဖက်တည်းဖြင့် သူ့ကို ဤမျှ လွယ်ကူစွာ ဖမ်းဆီးထားနိုင်သည်မှာမူ တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်။
ချက်ချင်းပင်... နောက်ကျောဘက်မှ တာအိုကျောင်းတော်သား လူငယ်သည် သူ၏ ကြီးမားလှသော လက်ဖဝါးကြီးကို လွှတ်ပေးလိုက်တော့သည်။
ဤအမျိုးသား၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး တစ်ဖက်လူအား ဤသို့ လှုပ်ရှားရခြင်း၏ ရည်ရွယ်ချက်ကို မေးမြန်းလိုသော်လည်း...
ခေတ္တမျှအတွင်း မည်သို့ တုံ့ပြန်ရမည်ကို မသိရှိခဲ့ချေ။
သူသည် ထိတ်လန့်တကြားဖြင့် လှည့်ကြည့်လိုက်ရာ ခန့်ညားလှပလွန်းလှသော ထိုတာအိုကျောင်းတော်သား လူငယ်ကို တွေ့ရှိလိုက်ရပြီး...
“မိတ်ဆွေက ဘယ်သူလဲ... ဘာဖြစ်လို့ ဒီနေရာက ကိစ္စတွေကို ဝင်ရောက်စွက်ဖက်နေတာလဲ”
ဟု မေးလိုက်သည်။
လီယန်ချူက အေးဆေးစွာဖြင့်
“မင်းက အပြင်ကလူနဲ့ တစ်ဖွဲ့တည်းလား” ဟု မေးလိုက်၏။
သူသည် ထိုလှပသော အမျိုးသား၏ စကားကို မည်သို့မျှ ဂရုမစိုက်ခဲ့ချေ။
ထိုအမျိုးသား၏ မျက်လုံးအစုံအတွင်း၌ တွန့်ဆုတ်နေသော အရိပ်အယောင်များ ပြည့်နှက်နေခဲ့ပြီး သူ၏ လက်မောင်းမှာမူ အားနည်းစွာဖြင့် အောက်သို့ တွဲလောင်းကျနေခဲ့သည်။
ခုနကတင် မျက်စိတစ်မှိတ်အတွင်း၌ ချိုးဖဲ့ခြင်းခံလိုက်ရသဖြင့် သူ၏ ခန္ဓာကိုယ် ကာကွယ်ရေး ကျင့်စဉ်များကို မည်သို့မျှ အသုံးမပြုနိုင်တော့ချေ။
ကြေးနီတံဆိပ်ပြားမှာ မြေပြင်ပေါ်သို့ ပြုတ်ကျနေခဲ့ပြီ ဖြစ်ရာ ပုကျိုးတောင်၏ ပုံသဏ္ဌာန် ထုဆစ်ထားသော ဤနတ်တံဆိပ်ပြားကြီးသည်လည်း မည်သည့်အစွမ်းမျှ မပြသနိုင်ခဲ့ချေ။
ဤအမျိုးသားသည်လည်း မိမိကိုယ်ကို ယုံကြည်ချက် မြင့်မားသူတစ်ဦး ဖြစ်သဖြင့် ခေတ္တမျှအကြာတွင် အေးဆေးစွာဖြင့်
“မှန်ပါတယ်... အပြင်က မိန်းကလေးကတော့ ငါ့ရဲ့ မိတ်ဆွေရဲ့ ပြိုင်ဘက် မဟုတ်တာ သေချာတယ်၊ မိတ်ဆွေအနေနဲ့ ဒီကိစ္စထဲကို ဝင်ပါဖို့ မလိုပါဘူး၊ ကမ္ဘာကြီးက ကျယ်ပြန့်ပါတယ်၊ နောင်တစ်ချိန်မှာ တစ်ယောက်ကိုတစ်ယောက် အကူအညီလိုမယ့် အချိန်တွေ ရှိလာနိုင်သေးတာပဲ” ဟု ဆိုသည်။
သူသည် အစပိုင်းတွင် အလွန်ပင် မာနကြီးစွာ ပြောဆိုနေခဲ့ခြင်း ဖြစ်သော်လည်း လီယန်ချူ၏ တည်ငြိမ်လှသော မျက်လုံးအစုံနှင့် ရုတ်တရက် မိမိကို လွှတ်ပေးလိုက်သည့် တည်ငြိမ်လှသော အရှိန်အဝါကို မြင်တွေ့လိုက်ရပြီးနောက်...
သူ၏ စိတ်ထဲတွင် အလိုအလျောက် ထိတ်လန့်သွားခဲ့ရသဖြင့် လေသံမှာ ပိုမို၍ ပျော့ပြောင်းသွားခဲ့ရတော့၏။
လီယန်ချူက ထူးဆန်းစွာဖြင့်
“မင်းတို့က ဘယ်သူတွေလဲ” ဟု မေးလိုက်သည်။
ဤအမျိုးသား၏ မျက်လုံးအစုံအတွင်း၌ တွေဝေသွားသော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ပြီး စိတ်ထဲမှ
“ဒီလိုမျိုး တိုက်ရိုက်မေးရုံနဲ့ ဘယ်သူက အမှန်အတိုင်း ပြောမှာလဲ” ဟု တွေးလိုက်မိသော်လည်း...
သူသည် စိတ်ထဲမှ အလိုအလျောက်ပင်
“ကျွန်တော့်နာမည်က ရှန်ထူမင်ယု ပါ၊ အပြင်က လူကတော့ ကျွန်တော့်ရဲ့ စီနီယာအစ်ကို ရှန်းချန်ကျွင်း ဖြစ်ပါတယ်” ဟု အမှန်အတိုင်း ဆိုလေသည်။
မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ ရှန်ထူမင်ယုသည် အပြင်ဘက်တွင် ရွှေရောင်အလင်းတန်းများအကြား တိုက်ခိုက်နေသော လျှို့ဝှက်ဆန်းကြယ်သည့် သူ၏ စီနီယာအစ်ကိုကြီးကို တိုက်ရိုက်ပင် သစ္စာဖောက်လိုက်သည်။
ရှန်းချန်ကျွင်း... ဤနာမည်က... လီယန်ချူ မျက်ခုံးပင့်လိုက်မိပြီး
“သူက ရော်ဖူတောင်ရဲ့ ပြီးခဲ့တဲ့မျိုးဆက် ဂိုဏ်းချုပ် ရှန်းချန်ချိုးနဲ့ ဘာပတ်သက်လဲ” ဟု မေးလိုက်သည်။
ရှန်ထူမင်ယုက
“ ရှန်းချန်ချိုးက ကျွန်တော့် စီနီယာအစ်ကိုရဲ့ အစ်ကိုအရင်း ဖြစ်ပါတယ်” ဟု ရှင်းပြလိုက်၏။
လီယန်ချူက ခေါင်းညိတ်ပြကာ
“ဒါဆိုရင် မင်းတို့ ဒီတစ်ကြိမ် လာတာ ဘာအတွက်လဲ”
ရှန်ထူမင်ယုသည် လီယန်ချူ၏ စကားကို ဆက်လက်ဖြေကြားရန် ပြင်ဆင်လိုက်သော်လည်း ရုတ်တရက် ပြန်လည်တွေးတောမိသည်မှာ ဤသို့ ပြုလုပ်ခြင်းက အလွန်ပင် အရှက်ရစရာ ကောင်းလွန်းလှသည်ဟူ၍ပင်။
မိမိက ပြိုင်ဘက်မဟုတ်ဘဲ တစ်ဖက်လူ၏ လက်ထဲသို့ ရောက်ရှိနေရသည်ဆိုလျှင်တောင် မာနအချို့ကို ပြသသင့်သည် မဟုတ်ပါလား၊ သို့မှသာ ပြိုင်ဘက်၏ လေးစားမှုကို ရရှိနိုင်ပေလိမ့်မည်။
သို့သော်လည်း စကားလုံးများ နှုတ်ခမ်းဖျားသို့ ရောက်ရှိလာချိန်တွင်မူ ရှန်ထူမင်ယုက
“ကျွန်တော် ဒီတစ်ကြိမ် လာတာက စီနီယာအစ်ကိုရဲ့ ဖိတ်ခေါ်မှုကြောင့် လိုက်လာခဲ့တာပါ၊ သူက ကျိုးရွှမ် လို့ ခေါ်တဲ့ လူတစ်ယောက်ကို ရှာချင်လို့ ကူညီပေးဖို့ ပြောတာနဲ့ လိုက်လာခဲ့တာ” ဟု ပြောလိုက်မိပြန်သည်။
သူသည် စိတ်အသိကို ပိတ်ဆို့ထားသော ကျိုးရွှမ်ကို လက်ညှိုးညွှန်ပြလိုက်ရင်း...
“အင်း... အဲဒီလူပေါ့”
သူသည် အလွန်ပင် အသေးစိတ်ကျစွာ ဖြေကြားခဲ့ခြင်း ဖြစ်၏။
လီယန်ချူ၏ မျက်နှာထားက အေးစက်သွားပြီး
“ဆိုလိုတာက မင်းက ဒီကိစ္စရဲ့ အသေးစိတ်ကို သေချာမသိဘူးပေါ့”
ဘာကြောင့်လဲတော့မသိ၊ ရှန်ထူမင်ယုသည် တစ်ဖက်လူ၏ စကားကို ကြားသိလိုက်ရပြီးနောက် စိတ်ထဲမှ ထိတ်လန့်သွားခဲ့ရပြီး မိမိ၏ အဖြေက မိမိ၏ အနာဂတ် ဘဝလမ်းကြောင်းကို ဆုံးဖြတ်ပေးတော့မည့်အတိုင်းပင် ခံစားလိုက်ရသဖြင့်...
“အင်း... ကျွန်တော်လည်း အခု တကယ်ကို နောင်တရနေတာပါ၊ တာအိုဆရာက တကယ့်ကို ဖြူစင်သန့်ရှင်းပြီး နတ်သားတစ်ပါးပမာ တည်ရှိနေတာပဲ၊ တာအိုဆရာ ဒီနေရာမှာ ရှိနေမှန်း သိရင် ကျွန်တော် လုံးဝ မလာသင့်ဘူး၊ လာခဲ့ရင်တောင် လုံးဝ မလှုပ်ရှားသင့်ဘူး”
“ကျွန်တော် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်”
လီယန်ချူ၏ မျက်လုံးအစုံက ရုတ်တရက် အေးစက်သွားခဲ့ပြီး စိတ်ထဲမှ
“ဒီလူက ဝတ္ထုထဲက ဇာတ်ကောင်တစ်ခုခု ကူးပြောင်းလာတာများလား” ဟု တွေးလိုက်မိသည်။
ရှန်ထူမင်ယုသည် စိတ်ထဲမှ ထိတ်လန့်သွားခဲ့ရပြီး ဤတာအိုဆရာလူငယ်က ဘာဖြစ်လို့ ရုတ်တရက် မျက်နှာပျက်သွားရသလဲဆိုတာကို မသိရှိခဲ့ချေ။
ခုနကတင် တစ်ဖက်လူက သူ့ကို လွယ်ကူစွာ ဖမ်းဆီးနိုင်ခဲ့သလို လွယ်ကူစွာလည်း လွှတ်ပေးခဲ့ရာ ၎င်းမှာ မျက်စိတစ်မှိတ်အတွင်း မိမိကို သတ်ဖြတ်နိုင်သည့် အကြွင်းမဲ့ ယုံကြည်ချက် ရှိနေခြင်းကြောင့်ပင်။
ရှန်ထူမင်ယုသည် အပြင်ဘက်တွင် ရွှေရောင်အလင်းတန်းများအကြား လွှမ်းခြုံထားသော လူရိပ်ကို တိတ်တဆိတ် ကြည့်လိုက်မိရာ ထိုသူ၏ သွင်ပြင်ကို မမြင်တွေ့ရဘဲ လျှို့ဝှက်ဆန်းကြယ်မှုကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။
သို့သော်လည်း ရှန်းချန်ကျွင်း မသိရှိသည်မှာ သူ၏ ဤညီငယ်လေးသည် သူ့ကို တိုက်ရိုက်ပင် အဆုံးအထိ သစ္စာဖောက်လိုက်ပြီ ဖြစ်ကြောင်းပင်။
ရှန်ထူမင်ယုက အကြံပြုလိုက်ရင်း
“တာအိုမိတ်ဆွေက သိချင်တယ်ဆိုရင် ကျွန်တော့်ရဲ့ စီနီယာအစ်ကိုကြီးကို သွားမေးတာ ပိုကောင်းပါတယ်၊ အမှန်တကယ်တော့ ကျွန်တော်နဲ့ သူနဲ့က ဆက်ဆံရေးက သာမန်ပါပဲ၊ အင်း... ဆယ်စုနှစ်ချီကြာအောင် တစ်ခါမှ မတွေ့ဖြစ်ကြဘူး၊ ဒီတစ်ကြိမ်ကလည်း တိုက်ဆိုင်သွားရုံတင်ပါ” ဟု ဆိုလေသည်။
လီယန်ချူသည် ထိုလှပသော အမျိုးသားကို စိုက်ကြည့်လိုက်ရင်း ဖျော့တော့စွာ ပြုံးလိုက်ကာ
“မင်းကတော့ အခြေအနေကို တကယ်ပဲ နားလည်တတ်တာပဲ” ဟု ဆိုလိုက်သည်။
စစ်ချင်းဝမ်သည် ယခုအချိန်အထိ ရှုံးနိမ့်ခြင်းမရှိသေးသဖြင့် လီယန်ချူသည် လောလောဆယ်တွင် ဝင်ရောက်တိုက်ခိုက်ရန် စိတ်ကူးမရှိချေ။
သူသည် ထိုလှပသော အမျိုးသားကို အချက်ပြလိုက်ပြီး သူနှင့်အတူ ပခုံးချင်းယှဉ်လျက် ခန်းမကြီး၏ အပြင်ဘက်သို့ ထွက်ခွာလာခဲ့ကြသည်။
ရှန်ထူမင်ယုက ခေတ္တမျှ စဉ်းစားတွေးတောကြည့်ရာ တစ်ဖက်လူက ခုနက တိုက်ခိုက်လိုက်သော လှုပ်ရှားမှုကို မိမိအနေဖြင့် မြေလျှိုးခြင်းပညာရပ် သို့မဟုတ် ခန္ဓာကိုယ်ခွဲခြင်း ပညာရပ်များဖြင့် ရှောင်တိမ်းနိုင်မလားဟု ဆန်းစစ်ကြည့်သော်လည်း...
ဆန်းစစ်ချက်များအရ တစ်ဖက်လူ၏ ခုနက လှုပ်ရှားမှုမှာ သာမန်ပမာ ထင်ရသော်လည်း နောက်ထပ် အကြိမ်တစ်ရာ ပြုလုပ်လျှင်ပင် မိမိအနေဖြင့် မည်သို့မျှ ရှောင်တိမ်းနိုင်လိမ့်မည်မဟုတ်ကြောင်း သိရှိလိုက်ရတော့သည်။
သို့ဖြစ်ရာ ရှန်ထူမင်ယုသည် အလွန်ပင် လိမ္မာယဉ်ကျေးစွာဖြင့် ခန်းမကြီး၏ အပြင်ဘက်သို့ လိုက်ပါလာခဲ့ခြင်း ဖြစ်၏။
လီယန်ချူက သူ၏ဘက်သို့ လှည့်ကြည့်လိုက်ရင်း
“မင်းတို့မှာ တခြား အစီအစဉ်တွေ ကျန်သေးလား... မင်း အလုပ်မဖြစ်ရင် နောက်တစ်ယောက်က ထပ်ပြီး ခိုးဝင်လာဦးမှာလား” ဟု မေးလိုက်သည်။
ရှန်ထူမင်ယုက ခေါင်းယမ်းပြကာ
“ကျွန်တော့် စီနီယာအစ်ကိုက လူကျင့်ဝတ် အလွန်ညံ့ဖျင်းလို့ ဘာသူငယ်ချင်းမှ မရှိပါဘူး၊ ကျွန်တော်ကလည်း ဂိုဏ်းရဲ့ မျက်နှာကြောင့်သာ သူ ခေါ်လို့ လိုက်လာခဲ့ရတာပါ၊ နောက်ထပ် အစီအစဉ်တွေ မရှိနိုင်တော့ပါဘူး” ဟု ဆိုလေသည်။
လီယန်ချူ၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားခဲ့ပြီး ရှန်ထူမင်ယုကို ကြည့်လိုက်ရင်း စိတ်ထဲမှ ဤသူသည်လည်း တကယ့် ပါရမီရှင်တစ်ယောက်ပင် ဖြစ်ကြောင်း တွေးလိုက်မိသည်။
ကောင်းကင်ယံထက်တွင် ရွှေရောင်အလင်းတန်းများအကြားရှိ လျှို့ဝှက်ဆန်းကြယ်သော လူရိပ်သည် စစ်ချင်းဝမ်နှင့် ဆက်တိုက် တိုက်ခိုက်နေဆဲ ဖြစ်၏။
ထိုရွှေရောင်အလင်းတန်းများသည် ကောင်းကင် ကြယ်တာရာ ဓားအစီရင်ကြီး၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး အတွင်းအပြင် ပူးပေါင်းကာ...
ထိုရွှေရောင်အလင်းတန်းများအကြားရှိ လျှို့ဝှက်ဆန်းကြယ်သော လူရိပ်ပေါ်သို့ တိုက်ရိုက်ကျဆင်းသွားခဲ့ကြသည်။
ထိုကြီးမားလှသော ရှေးဟောင်းနတ်ဘုရားရုပ်ထုကြီး ပျောက်ကွယ်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ပြန်လည်ဝင်ရောက်သွားခဲ့ပုံရသည်။
သူ၏ ခန္ဓာကိုယ်ထဲမှ သတ္တုချင်း ထိခိုက်မိသကဲ့သို့ အသံများ ထွက်ပေါ်လာခဲ့ပြီး စစ်ချင်းဝမ်၏ ကောင်းကင် ကြယ်တာရာ ဓားအရှိန်အဟုန်များကို တစ်ချက်တည်းဖြင့် တားဆီးပစ်လိုက်တော့သည်။
ရှန်ထူမင်ယုက တိတ်တဆိတ် လက်သီးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ရင်း စိတ်ထဲမှ
“ဟုတ်တယ်... ဒါမျိုးပဲ၊ စီနီယာအစ်ကိုက အရင်ဆုံး အဲဒီမိန်းကလေးကို ဖမ်းဆီးပြီးမှ ဒီတာအိုဆရာ ကို ပြန်ပြီး ဖြေရှင်းလိုက်” ဟု တွေးခိက်သည်။
သူသည် စိတ်ထဲမှ ရှန်းချန်ကျွင်းအတွက် အားပေးနေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ရှန်းချန်ကျွင်းသည် ယခင်က စစ်ချင်းဝမ်၏ ထူးဆန်းလှသော အပြုံးကို မြင်တွေ့ခဲ့ရသလို ဂိုဏ်းတည်ထောင်သူ ခန်းမဘက်မှလည်း မည်သည့် စွမ်းအားလှိုင်းတံပိုးမျှ ထွက်ပေါ်မလာခဲ့သဖြင့်...
ယခုအခါ သူ၏ မျက်လုံးအစုံက ဂိုဏ်းတည်ထောင်သူ ခန်းမ၏ အပြင်ဘက်သို့ ကြည့်လိုက်မိရာ...
လှပလွန်းလှသော အမျိုးသားတစ်ဦးနှင့် ဘေးနားတွင် ခန့်ညားလှပလှသော တာအိုဆရာလေး တစ်ဦး ရှိနေသည်ကို တွေ့ရှိလိုက်ရတော့သည်။
နှစ်ဦးသားက စကားပြောဆိုနေကြပုံရပြီး တိုက်ခိုက်မည့် အရိပ်အယောင် လုံးဝ မရှိချေ။
ရှန်းချန်ကျွင်း : “………………”
သူ အံ့ဩသွားသော အချိန်အတွင်းမှာပင် ကြယ်တာရာ ဓားအရှိန်အဟုန်တစ်ခုက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ရတော့၏။
ရှန်းချန်ကျွင်းက မိုးကြိုးပစ်လိုက်သကဲ့သို့ ကျယ်လောင်လှသော အသံဖြင့်
“အခုထိ မလှုပ်ရှားသေးဘဲ ဘာကို စောင့်နေတာလဲ” ဟု အော်ဟစ်လိုက်တော့သည်။
သို့သော်လည်း လီယန်ချူ၏ ဘေးတွင် ရပ်နေသော ရှန်ထူမင်ယုမှာမူ မည်သည့်လှုပ်ရှားမှုမျှမရှိဘဲ ရှန်းချန်ကျွင်း၏ အော်ဟစ်ကြိမ်းမောင်းမှုကို မကြားသိရသည့်အလား ငြိမ်သက်နေခဲ့သည်။
လီယန်ချူက
“မင်းရဲ့ စီနီယာအစ်ကိုက မင်းကို လှမ်းအော်နေတယ်” ဟု သတိပေးလိုက်သည်။
ရှန်ထူမင်ယုက တည်ငြိမ်စွာဖြင့်
“ဒီနေ့ညရဲ့ ကိစ္စကို ကျွန်တော် အမှန်တကယ် နောင်တရသွားပါပြီ၊ စီနီယာအစ်ကိုနဲ့အတူ လုံးဝ နောက်ခါ လမ်းမလိုက်ကြုံတော့ပါဘူး” ဟု ဆိုလေသည်။
ရှန်းချန်ကျွင်းသည် အစပိုင်းတွင် ဂရုမစိုက်မိခဲ့သော်လည်း နောက်ပိုင်းတွင် ထိုနှစ်ဦးက ဂိုဏ်းတည်ထောင်သူ ခန်းမ၏ အပြင်ဘက်တွင် ရှိနေသည်ကို သတိပြုမိသွားခဲ့ပြီး မိမိ၏ စိတ်အသိဖြင့် ဆန်းစစ်လိုက်ရာ...
ရှန်ထူမင်ယု၏ စကားကို ကြားသိလိုက်ရပြီးနောက် ရှန်းချန်ကျွင်း၏ မျက်နှာအမူအရာက ချက်ချင်းပင် ရှုပ်ထွေးသွားခဲ့ရပြီး...
စိတ်ထဲမှ ထိတ်လန့်သွားခဲ့ရတော့သည်။
“မကောင်းတော့ဘူး... ဒီကောင်လေးရဲ့ကွက်ကျော်တာ ခံလိုက်ရပြီ၊ သူက အဲဒီမိန်းကလေးနဲ့ တာအိုဆရာနဲ့ တစ်ဖွဲ့တည်းပဲ”
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများမှာ မတည်မငြိမ် ဖြစ်လာခဲ့ရပြီး ဤညီငယ်လေးကို ဖိတ်ခေါ်ခဲ့ရခြင်းမှာ သူ၏ ပုကျိုးတောင် နတ်တံဆိပ်ပြားကို အားကိုး၍ ဂိုဏ်းတည်ထောင်သူ၏ ကိုယ်ပိုင်ဓားကို တားဆီးကာ ကျိုးရွှမ်ကို ဖမ်းဆီးရန် ဖြစ်သည်။
ယခုအချိန်တွင် ရှန်းချန်ကျွင်း၏ ဦးနှောက်ထဲ၌ ရှန်ထူမင်ယုကို သွားရောက်ဖိတ်ခေါ်စဉ်က ဤညီငယ်လေးသည် အကျိုးအမြတ်အတွက် အပြန်အလှန် ဈေးဆွေးနွေးနေခဲ့သော ရုပ်ပျက်ဆင်းပျက် ပုံစံများ ပေါ်ထွက်လာခဲ့သည်။
“မရိပ်မိခဲ့ဘူး... ဒီကောင် ဒီလောက်အထိ သောက်ကျင့်ယုတ်လိမ့်မယ်လို့ မထင်ထားမိဘူး”
ရုတ်တရက် ရှန်ထူမင်ယုသည် အေးစက်လှသော အကြည့်တစ်ခုကို ခံစားလိုက်ရပြီး ၎င်းမှာ သူ၏ စီနီယာအစ်ကိုကြီး ရှန်းချန်ကျွင်းထံမှ လာခြင်း ဖြစ်သည်။
သို့သော်လည်း သူ၏ဘက်တွင်လည်း ယခုအချိန်တွင် မည်သို့မျှ မတတ်နိုင်တော့ချေ။
ဘေးနားရှိ တာအိုဆရာက သူ့ကို တစ်ချက်တည်းဖြင့် ဖမ်းဆီးနိုင်ခဲ့ရာ ယခုအချိန်တွင် မိမိ အသက်ရှင်သန်နိုင်ရေးကသာ ပို၍ အရေးကြီးသည် မဟုတ်ပါလား။
သူသည် တိတ်တဆိတ် မျက်လုံးကို လွှဲလိုက်တော့၏။
ရှန်းချန်ကျွင်းသည် အလွန်အမင်း ဒေါသထွက်သွားခဲ့ရပြီး သူ၏ ဦးခေါင်းထက်ရှိ နတ်ပုတီးစေ့ကို ဝမ်းဗိုက်ထဲသို့ တိုက်ရိုက်ပင် မျိုချပစ်လိုက်တော့သည်။ ဝမ်းဗိုက်အတွင်းမှ ရွှေရောင်အလင်းတန်းတစ်ခုမှာ ခန္ဓာကိုယ်ကို ဖောက်ထွက်လင်းထိန်သွားစေခဲ့ပြီး...
ချက်ချင်းပင် သူသည် လက်သီးကို ဝှေ့ယမ်းလျက် ရှေ့သို့ တိုးဝင် တိုက်ခိုက်လိုက်တော့သည်။
စစ်ချင်းဝမ်၏ ဓားအရှိန်အဟုန်မှာ ကမ္ဘာမြေကို ဖြတ်သန်းသွားခဲ့ပြီး ကောင်းကင် ကြယ်တာရာ ဓားအရှိန်အဟုန်မှာ အလွန်ပင် ထက်မြက်လှသော်လည်း...
အကြိမ်ပေါင်းများစွာ ပွတ်တိုက်ပြီးနောက် လူရိပ်တစ်ခုမှာ နောက်သို့ လွင့်စဉ်သွားခဲ့ရပြီး ၎င်းမှာ စစ်ချင်းဝမ် ဖြစ်နေသည်။
စစ်ချင်းဝမ် မျက်မှောင်ကြုတ်သွားခဲ့ပြီး
“ နင့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ငါတို့ ရော်ဖူတောင်ရဲ့ ယုံကြည်ချက် အမှတ်အသား ရှိနေတာပဲ”
ဟု ဆိုလိုက်သည်။
ရွှေရောင်အလင်းတန်းများအကြား လွှမ်းခြုံထားသော ရှန်းချန်ကျွင်းသည် မိမိ၏ သတင်းအချက်အလက်များကို ရှန်ထူမင်ယုက တိုက်ရိုက် ပြောပြလိုက်ပြီဖြစ်ကြောင်း မသိရှိသေးဘဲ...
အေးစက်စွာ ရယ်မောလိုက်ရင်း
“ဒီဓားအစီရင်ကို အကြွင်းမဲ့ မထိန်းချုပ်နိုင်ရင်တောင် ဓားအစီရင်ရဲ့ လည်ပတ်မှုကို ခေတ္တရပ်တန့်သွားအောင် လုပ်ဖို့ကတော့ ငါ လုပ်နိုင်ပါသေးတယ်”
ဟု ဆိုလေသည်။
စကားဆုံးသည်နှင့် သူသည် လက်ထဲရှိ ပစ္စည်းတစ်ခုကို တိုက်ရိုက်ပင် ရိုက်ခွဲပစ်လိုက်တော့သည်။
ထိုအခါ ကောင်းကင် ကြယ်တာရာ ဓားအစီရင်ကြီးမှာ ရုတ်တရက်ဆိုသလို လည်ပတ်မှု ရပ်တန့်သွားခဲ့ရပြီး မြောက်မြားစွာသော ထက်မြက်လှသည့် ဓားအရှိန်အဟုန်များသည် လေဟောင်နယ်ထဲတွင် ငြိမ်သက်သွားခဲ့ကြကာ သူတို့နှစ်ဦးလုံးကို အလယ်မှ ဝန်းရံပိတ်ဆို့ထားလိုက်ကြတော့သည်။
စစ်ချင်းဝမ် မျက်မှောင်ကြုတ်သွားခဲ့ရပြီး ဤမျှအဆင့်ရှိသော ယုံကြည်ချက် အမှတ်အသားမျိုးကို ဂိုဏ်းချုပ်မှလွဲ၍ မည်သူမျှ မပိုင်ဆိုင်နိုင်ချေ၊ တစ်ဖက်လူက ရော်ဖူတောင်၏ အဓိက လျှို့ဝှက်ချက်များနှင့် ထိတွေ့ဖူးသူ ဖြစ်နေခဲ့သည်။
“ နင်က တကယ်တော့ ဘယ်သူလဲ”
ရွှေရောင်အလင်းတန်းများအကြား လွှမ်းခြုံထားသော လျှို့ဝှက်ဆန်းကြယ်သည့် လူရိပ်၏ မျက်နှာပြင်မှာ ဝေဝါးနေသဖြင့် သေချာစွာ မမြင်တွေ့ရသလို သူ၏ ကျင့်စဉ်များအရလည်း မည်သို့မျှ ခန့်မှန်းရ ခက်ခဲလှသည်။
စစ်ချင်းဝမ်၏ စကားကို ကြားသိလိုက်ရပြီးနောက် လီယန်ချူက အေးဆေးစွာဖြင့် ရှန်ထူမင်ယုကို အချက်ပြလိုက်ရာ...
ရှန်ထူမင်ယုက ချက်ချင်း သဘောပေါက်သွားခဲ့ပြီး ကျယ်လောင်လှသောအသံဖြင့်
“သူ့နာမည်က ရှန်းချန်ကျွင်း လို့ ခေါ်တယ်၊ ရော်ဖူတောင်ရဲ့ ပြီးခဲ့တဲ့မျိုးဆက် ဂိုဏ်းချုပ် ရှန်းချန်ချိုးရဲ့ အစ်ကိုအရင်းပဲ” ဟု အော်ပြောလိုက်တော့သည်။
စကားဆုံးသည်နှင့် စစ်ချင်းဝမ်သည် ချက်ချင်းပင် အဓိက အချက်ကို သဘောပေါက်သွားခဲ့ရသည်။
ဆရာသခင် ရှန်းချန်ချိုးတွင် ဤမျှအဆင့်ရှိသော အမှတ်အသားမျိုး ရှိနေသည်မှာ သဘာဝကျသော်လည်း ဤသူက ဆရာသခင်၏ အစ်ကိုအရင်း ဖြစ်နေလိမ့်မည်ဟု မထင်ထားမိခဲ့ချေ။
ထို့ပြင် သူမသည် ထိုလှပသော အမျိုးသားကို ကြည့်လိုက်မိပြီး...
“ဒီလူက ဘယ်သူလဲ... ရန်သူ မဟုတ်ဘဲ မိတ်ဆွေများလား”
“………………” ရှန်းချန်ကျွင်းသည် မယုံကြည်နိုင်စွာ ရှန်ထူမင်ယုကို စိုက်ကြည့်လိုက်မိပြီး ယခုအချိန်တွင် သံသယအားလုံးက အမှန်တကယ် ဖြစ်လာခဲ့ရပြီ ဖြစ်သည်။
ထပ်မံ၍ ခန့်မှန်းနေစရာ မလိုတော့ချေ...
ရှန်ထူမင်ယုက တကယ့် သစ္စာဖောက် ခွေးတစ်ကောင်ပင်။
ရှန်းချန်ကျွင်းက အေးစက်စွာဖြင့်
“ကောင်းပြီ... မင်းက မာနကြီးပြီး ဘာပညာမှမရှိတဲ့ ကောင်လို့ ထင်ထားခဲ့တာ၊ ရှန်ထူမင်ယု... မင်းမှာ ဒီလောက်အထိ အကြံပက်စက်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး” ဟု ဆိုလိုက်သည်။
ရှန်ထူမင်ယု : “…………”
သိသာပါတယ်၊ ယခုအချိန်တွင် ဤစီနီယာ ဂျူနီယာ ညီအစ်ကိုနှစ်ဦးအကြား အထင်လွဲမှားမှုက အလွန်ပင် နက်ရှိုင်းသွားခဲ့ရပြီ ဖြစ်သည်။
စစ်ချင်းဝမ်၏ ကောင်းကင် ကြယ်တာရာ ဓားအစီရင်ကြီးသည် ရော်ဖူတောင်တစ်ခုလုံးကို ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်ရာ...
ယခုအချိန်တွင် ရှန်းချန်ကျွင်းက ၎င်းကို တားဆီးထားနိုင်သော်လည်း ခေတ္တမျှအတွင်း သူကိုယ်တိုင်လည်း လွတ်မြောက်နိုင်ခြင်း မရှိသေးချေ။
သူသည် စစ်ချင်းဝမ်ကို ကြည့်လိုက်ရင်း
“ငါ့ကို ပြစမ်းဦး... မင်းလို မျိုးဆက်သစ် ကောင်မလေးက ရော်ဖူတောင်မှာ ဘာပညာတွေ သင်ယူထားခဲ့လဲဆိုတာကိုပေါ့” ဟု ဆိုလိုက်သည်။
စစ်ချင်းဝမ်က မည်သည့်စကားမျှ မဆိုဘဲ ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လီယန်ချူ၏ ဘေးနားသို့ ရောက်ရှိလာခဲ့ပြီး အနည်းငယ် အရိုအသေပေးလိုက်ရင်း...
“တာအိုမိတ်ဆွေပဲ လှုပ်ရှားပြီး ဒီသူခိုးကို ဖမ်းဆီးပေးဖို့ တောင်းဆိုပါတယ်” ဟု ဆိုလေသည်။
သူမသည် တစ်ဖက်လူနှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးနောက် မိမိ၏ စွမ်းအားက ထိုအမျိုးသားထက် နိမ့်ကျနေကြောင်း သိရှိလိုက်ရသလို ယခုအချိန်တွင် လီယန်ချူက ထိုလှပသော အမျိုးသားကို ဖမ်းဆီးထိန်းချုပ်ထားနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သဘောပေါက်သွားခဲ့ခြင်းကြောင့်ပင်။
လီယန်ချူက ပြုံးလိုက်ရင်း “ဒါက ဓားကျင့်ကြံသူတစ်ဦးရဲ့ ပုံစံနဲ့ မတူဘူးနော်” ဟု ဆိုလိုက်သည်။
စစ်ချင်းဝမ်က ခေါင်းယမ်းပြကာ
“ဆဋ္ဌမမြောက် ဂိုဏ်းတည်ထောင်သူ ပြောဖူးပါတယ်... ဓားကျင့်ကြံသူဆိုတာ ရှေ့သို့ တိုးရုံတင်ပဲ မဟုတ်ဘူးလေ” ဟု ဆိုလိုက်သည်။
သူမသည် လက်ထဲရှိ ချင်းနုဓားကို အနည်းငယ် မြှောက်ပြလိုက်တော့သည်။