အခန်း ၁၈၁
Vol. 19 Ch. 181
အခန်း (၁၈၁) ကျောက်လင်အား ယွီချီတောင်ထွတ်သို့ ဖိတ်ခေါ်ခြင်း
"ရှောင်ပင်းပင်း... နောင်ကျ ခရိုင်မြို့ကို လာတဲ့အခါ တည်းခိုစရာနေရာတစ်ခု ရှိနေအောင်လို့ ခရိုင်မြို့ထဲမှာ ခြံဝင်းပါတဲ့ အိမ်တစ်လုံးလောက် ဝယ်ချင်တယ်..."
ကျောက်လင်က အိုယန်ပင်းကို ကြည့်ကာ ပြုံး၍ ပြောလိုက်၏။
ယန်ချန်ဖုန်းအား မောင်းထုတ်လိုက်ပြီးနောက် ကျောက်လင်က တာ့ချန်ငွေလဲဌာနတွင် ငွေပြား သုံးသိန်းကို သွားရောက်လဲလှယ်လိုသော်လည်း ဤမျှများပြားလှသော ငွေများကို သိမ်းဆည်းရန် တွေးမိသောအခါ သူပိုင်ဆိုင်မည့် ကိုယ်ပိုင် ခြံဝင်းတစ်ဝင်းကို ဝယ်ယူရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ကိုယ်ပိုင် ခြံဝင်းတစ်ဝင်း ရှိနေပါက လဲလှယ်ထားသော ငွေပြားများအားလုံးကို စနစ်နေရာလွတ်ထဲသို့ အလွယ်တကူ သိမ်းဆည်းနိုင်မည် ဖြစ်၏။
"ခြံဝင်းပါတဲ့အိမ်... ကွက်တိပဲ... ခရိုင်ဝန်ရုံးမှာ ရောင်းထုတ်ချင်နေတဲ့ ခြံဝင်းတစ်ခု ရှိတယ်..."
"အဲ့ဒါက ယွီရွှေခရိုင်ရဲ့ အရင်ခရိုင်ဝန်ဟောင်း နေထိုင်ခဲ့တဲ့ စံအိမ်ပေါ့... ကျွန်မတို့စစ်တပ်က မဟာလီစစ်တပ်ကို အနိုင်ရပြီးတဲ့နောက်မှာ အဲ့ဒီစံအိမ်ကို သိမ်းဆည်းလိုက်တာလေ..."
"မကြာသေးခင်ကပဲ ခရိုင်ဝန်က ပွဲစားရုံကို သွားပြီး အဲ့ဒီစံအိမ်ကြီးကို သေသေချာချာ အကြံပြု ရောင်းချပေးဖို့ တောင်းဆိုထားတာ..."
"အဲ့ဒီစံအိမ်က ငွေပြားငါးရာလောက် တန်ကြေးရှိတော့ သာမန်မိသားစုတွေ လက်လှမ်းမီနိုင်တဲ့ အနေအထားမျိုးတော့ မဟုတ်ဘူးပေါ့..."
"ဘာပဲဖြစ်ဖြစ် ဝယ်ဖို့ကို ငွေပြား ငါးရာလောက် ကုန်ကျမယ့်အပြင် ပြုပြင်မွမ်းမံဖို့အတွက်လည်း ငွေပြား ရာဂဏန်းလောက် ထပ်ကုန်ဦးမှာဆိုတော့ ကုန်ကျစရိတ်ကတော့ နည်းနည်း များတယ်လို့ ဆိုရမယ်..."
အိုယန်ပင်းက ရုတ်တရက် သတိရသွားကာ ချက်ချင်းပင် မိတ်ဆက် ရှင်းပြလိုက်၏။
ထိုစကားကို ကြားလိုက်ရသောအခါ ကျောက်လင်က ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့သည်။
"ကောင်းပြီလေ... ကိုယ် မင်းကို ငွေပြားငါးရာ ပေးမယ်... အဲ့ဒီစံအိမ်ကို အရင်ဝယ်လိုက်..."
"ဒါနဲ့လေ... မြေပိုင်ဆိုင်ခွင့်စာချုပ်မှာ မင်းနာမည်ပဲ ရေးလိုက်ပါ..."
ကျောက်လင်က ပြုံး၍ ပြောလိုက်၏။
ပြီးခဲ့သည့်အကြိမ်က ယွီရွှေခရိုင်သို့ ကျောက်လင် ရောက်ရှိလာစဉ်က လမ်းမများနှင့် လမ်းကြားများရှိ လူများ၏ ဆွေးနွေးပြောဆိုသံများကို ကြားသိနိုင်ရန် သူ၏ စိတ်စွမ်းအားကို အသုံးပြုခဲ့ပြီး ခရိုင်အတွင်းရှိ အိမ်ခြံမြေ ဈေးကွက်အကြောင်းကို လေ့လာသိရှိခဲ့ရသည်။
သာမန်နေအိမ်တစ်လုံးလျှင် ငွေပြား ဆယ်ပြားခန့် တန်ကြေးရှိ၏။
သို့သော် ယခင် ခရိုင်ဝန်ဟောင်း၏ စံအိမ်မှာမူ ငွေပြားငါးရာခန့် တန်ကြေးရှိနေသဖြင့် ၎င်းစံအိမ်သည် အလွန်ကြီးမားကျယ်ဝန်းသော နေရာယူထားကြောင်း ညွှန်ပြနေပေသည်။
ကျောက်လင်သည် သူ့အတွက် ပြုပြင်မွမ်းမံရန် လွယ်ကူစေမည့် ဤကဲ့သို့သော အိမ်ကြီးအိမ်ကောင်းမျိုးကို အလိုရှိခဲ့ခြင်း ဖြစ်သည်။
"ဟင်... ကျွန်မနာမည် ရေးရမယ်..."
အိုယန်ပင်းက ကျောက်လင်အား အံ့သြတကြီးဖြင့် စိုက်ကြည့်နေခဲ့၏။
ကျောက်လင်သည် ဤမျှလောက် သဘောထားကြီးလိမ့်မည်ဟု သူမ တကယ့်ကို မမျှော်လင့်ထားခဲ့ပေ။
"ဟုတ်တယ်လေ... မင်းက ကိုယ့်ကို လက်ထပ်ဖို့ ဆန္ဒရှိနေမှတော့ ဒီစံအိမ်ကို မင်းနာမည်နဲ့ မှတ်ပုံတင်လိုက်တာ ဘာများ ကိစ္စရှိလို့လဲ..."
"ကိုယ့်ပစ္စည်းက မင်းပစ္စည်းပဲလေ... မင်းပစ္စည်းကလည်း ကိုယ့်ပစ္စည်းပဲပေါ့..."
ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ အိုယန်ပင်း၏ ရင်ထဲတွင် နွေးထွေးမှုလှိုင်းလုံးများ ရုတ်တရက် ဖြစ်ပေါ်လာခဲ့ပြီး ကျောက်လင်အား ကြည့်လိုက်သော သူမ၏ မျက်လုံးများထဲတွင် ကြင်နာယုယမှုများ ပြည့်နှက်နေခဲ့၏။
အချိန်နှင့် နေရာသာ မှားယွင်းမနေခဲ့ပါက အိုယန်ပင်းသည် သူ့အပေါ်သို့ စိတ်အားထက်သန်စွာဖြင့် ခုန်အုပ်ဖက်တွယ်ပြီးနေလောက်ပြီ ဖြစ်သည်။
ကျောက်လင်သည် ကုန်းနှီးပေါ်တွင် ချိတ်ဆွဲထားသော အဝတ်အိတ်ကို ယူလိုက်ပြီး အိုယန်ပင်းထံသို့ တိုက်ရိုက် ကမ်းပေးလိုက်၏။
"ဒီထဲမှာ ငွေပြားငါးရာထက်မက ပါလိမ့်မယ်... စံအိမ်ကို ဝယ်ပြီးသွားရင် ပွဲစားရုံကိုသွားပြီး အစေခံမလေး နှစ်ယောက်လောက် ဝယ်လိုက်ပါ... သူတို့ကို ခြံဝင်းကို ရှင်းလင်းခိုင်းပြီး နေ့စဉ် အိမ်စောင့်ခိုင်းထားလိုက်ပေါ့..."
ကျောက်လင်က အကျဉ်းချုံး၍ ရှင်းပြလိုက်သည်။
ကျောက်လင်၏ ယုံကြည်မှုကို ခံစားလိုက်ရသော အိုယန်ပင်းသည် ဟန်ဆောင်ပန်ဆောင် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ချက်ချင်းပင် အရှိန်ကုန်တင်ကာ မြင်းကို စီးနှင်ထွက်သွားခဲ့၏။
"လင်အာ... တာ့ချန်ငွေလဲဌာနကို သွားကြစို့..."
ကျောက်လင်က ပြုံးလိုက်သည်။
ချီလင်အကယ်ဒမီ။
ယန်ချန်ဖုန်းသည် နည်းပြချုပ်ရုံးသို့ ပြေးဝင်သွားခဲ့၏။
"အင်း... ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ..."
နည်းပြချုပ် ယန်ဟုန်နျန်က ဝင်လာသူကို မြင်လိုက်ရသောအခါ သူ၏ မြေးဖြစ်သူအား အနည်းငယ် နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။
သို့သော် ယန်ချန်ဖုန်း၏ ရင်ဘတ်ပေါ်ရှိ ထင်ရှားနေသော သွေးကွက်ကို မြင်လိုက်ရသောအခါ ယန်ဟုန်နျန်မှာ ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး အပြေးအလွှား သွားရောက်ကြည့်ရှုလိုက်၏။
"မင်းကို ဘယ်သူ အခုလို လုပ်လိုက်တာလဲ..."
ယန်ဟုန်နျန်၏ မျက်နှာတွင် ဒေါသများ ပြည့်နှက်နေခဲ့သည်။
ယွီရွှေခရိုင်အတွင်းရှိ ကျောက်စိမ်းဗိမာန်နယ်ပယ်မှ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည့် ယန်ဟုန်နျန်သည် ခရိုင်အတွင်း သူလုပ်ချင်ရာကို လုပ်နိုင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူ၏ ယန်မိသားစုသည်လည်း ယွီရွှေခရိုင်တွင် ကြီးစိုးလွှမ်းမိုးထားသော အင်အားစုတစ်ခုပင် ဖြစ်သည်။
သူ၏ အချစ်ရဆုံးမြေးဖြစ်သည့် ယန်ချန်ဖုန်းအပေါ် ယန်ဟုန်နျန်က အမြဲတမ်း မျှော်လင့်ချက်ကြီးကြီးမားမား ထားရှိခဲ့ပြီး သူ သေဆုံးပြီးနောက်တွင် ယန်ချန်ဖုန်းက ယန်မိသားစုကို ဆက်လက်ဦးဆောင်ကာ ယွီရွှေခရိုင်အား အုပ်စိုးသွားနိုင်မည်ဟု မျှော်လင့်ထားခဲ့၏။
သို့သော် ယခုအခါတွင် ယန်ချန်ဖုန်းမှာ တကယ့်ကို ဒဏ်ရာရရှိနေခဲ့သည်။
ယန်ဟုန်နျန်၏ ဒေါသများမှာ ပေါက်ကွဲထွက်လုမတတ် ဖြစ်နေခဲ့၏။
"ကျောက်လင်... မဟုတ်ဘူး... ကျွန်တော့်ကို ဒဏ်ရာရအောင် လုပ်သွားတာ ကျောက်လင်ရဲ့ မိန်းမ..."
ယန်ချန်ဖုန်းက အေးစက်စွာဖြင့် ပြောလိုက်သည်။
ကျောက်လင်ဆိုသည်မှာ မည်သူနည်း။
"အကြောင်းရင်းကို သေသေချာချာ အသေးစိတ် ရှင်းပြစမ်း..."
"မင်းအတွက် အဘိုး အားလုံးကို ရှင်းပေးမယ်..."
ယန်ဟုန်နျန်က အေးစက်စွာဖြင့် ပြောလိုက်၏။
ထို့နောက် ယန်ချန်ဖုန်းက သူ အိုယန်ပင်းအား မည်သို့မည်ပုံ သဘောကျခဲ့ပြီး လက်ထပ်ရန်အတွက် အောင်သွယ်တော်ကို တောင်းရမ်းခိုင်းခဲ့ကြောင်း၊ ထို့နောက် အိုယန်ပင်းနှင့် ကျောက်လင်တို့မှာ ချစ်သူတွေ ဖြစ်နေကြပြီဆိုသည်ကို သိရှိသွားခဲ့ရပုံတို့ကို အားလုံး ဝန်ခံပြောပြလိုက်ပြီး သူ ဒေါသထွက်လွန်းသဖြင့် ချင်းပေါင်စံအိမ် အဝင်ဝတွင် သွားရောက်၍ လမ်းပိတ်ဆို့တားဆီးခဲ့ပုံများကိုပါ တစ်ခါတည်း ပြောပြလိုက်သည်။
"ထူးဆန်းတယ်... တကယ့်ကို ထူးဆန်းတယ်..."
"ကျောက်လင်လို သာမန် နယ်ခြားစောင့်တပ်သားတစ်ယောက်က သုံးရာ့သတ်သမားဆိုတဲ့ ဘွဲ့နာမည်ကို ရရှိခဲ့တာ တကယ့်ကို အံ့သြစရာ ကောင်းလွန်းတယ်..."
"ကျောက်လင်ရဲ့ ဇနီးက ရွှေခန္ဓာနယ်ပယ်က ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေတာက ပိုပြီးတော့တောင် လျှို့ဝှက်ဆန်းကြယ်သေးတယ်..."
"ကျောက်လင်က ရှန့်ယွင်ချွမ်းကို ဝိညာဉ်သစ်သီးတစ်လုံး အလွယ်တကူ ပေးလိုက်တယ်လို့ မင်းပြောတယ်မလား... ရှန့်ယွင်ချွမ်းကလည်း အရမ်းစိတ်လှုပ်ရှားသွားခဲ့တယ်ဆိုတော့ အဲ့ဒီအသီးက အဆင့်လေး ဒါမှမဟုတ် အဲ့ဒီထက် ပိုမြင့်တဲ့ ဝိညာဉ်သစ်သီးမျိုးဖြစ်ရမယ်... ဒီဝိညာဉ်သစ်သီးကို ကျောက်လင် ဘယ်ကနေများ ရလာခဲ့တာလဲ..."
"ကျောက်လင်ဆီမှာ ငွေပြားသုံးသိန်းတန် ငွေစက္ကူတွေတောင် ရှိနေသေးတယ်ဆိုတော့... အဲ့ဒါက လူတွေကို ပိုပြီးတောင် စပ်စုချင်စရာ ဖြစ်လာစေတာပဲ..."
"အဘိုး ကျင့်ကြံလာခဲ့တာ နှစ်တွေလည်း အတော်ကြာခဲ့ပြီဆိုတော့ ထူးဆန်းအံ့သြစရာတွေကိုလည်း အများကြီး မြင်ဖူးခဲ့ပါတယ်... ကျောက်လင်ကို လူချင်း မတွေ့ဖူးသေးပေမဲ့ မင်းပြောတာကို ကြားရသလောက်ဆိုရင်တော့ ဒီလူဆီမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိနေမယ်လို့ အဘိုး ခံစားမိတယ်..."
နားထောင်ပြီးနောက် ယန်ဟုန်နျန်မှာ ခံစားချက်များဖြင့် ပြည့်နှက်သွားခဲ့၏။
အတွေ့အကြုံရင့်ကျက်လှသော ဝါရင့်တစ်ဦးပီပီ ယန်ဟုန်နျန်သည် စကားအနည်းငယ်မျှဖြင့်ပင် လျှို့ဝှက်ချက်များစွာကို ဖော်ထုတ် သိရှိနိုင်ခဲ့သည်။
"အဘိုး... ကျောက်လင်က လူအများရှေ့ လမ်းမကြီးပေါ်မှာ မြေးကို အရှက်ခွဲသွားတာ... ဒါက ယန်မိသားစုအတွက် အရှက်ရစရာပဲ..."
"ကျေးဇူးပြုပြီး အဘိုးကိုယ်တိုင် သွားပြီး ဒီကောင်စုတ်လေးကို သတ်ပေးပါ..."
ယန်ချန်ဖုန်းက ရုတ်တရက် ဝင်ရောက် ပြောဆိုလိုက်၏။
ယန်ဟုန်နျန်မှာ တည်ငြိမ်သွားခဲ့ပြီဖြစ်ရာ ထိုအခိုက်တွင် သူက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
"သူသာ သာမန်နယ်ခြားစောင့်တပ်သား တစ်ယောက်ဆိုရင် ကျောက်လင်ကို သတ်ဖို့ အဘိုးလူတစ်ယောက်ကို အလွယ်တကူ လွှတ်လိုက်လို့ ရတယ်လေ..."
"ဒါပေမဲ့ သူက သုံးရာ့သတ်သမားလေ... ဒါက သာမန်အဆင့်အတန်းမှ မဟုတ်တာ... ကျောက်လင်ရဲ့ စစ်ဘက်ဆိုင်ရာရာထူးက တပ်စုမှူးအဆင့်နဲ့ ညီမျှတယ်..."
"ဒါကြောင့် အဘိုးက ကျောက်လင်ကို လူလုံးထွက်ပြီး သတ်လို့ မရဘူး..."
"ဒီကိစ္စကို သေချာစဉ်းစားဖို့ လိုတယ်... ပြတ်ပြတ်သားသား တိုက်ခိုက်ဖို့ လိုအပ်သလို အစအနလည်း ကျန်ခဲ့လို့ မဖြစ်ဘူး..."
ယန်ဟုန်နျန်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
ယန်ချန်ဖုန်းသည် သူ၏ အဘိုးဖြစ်သူ ဤမျှလောက် သတိထားနေသည်ကို တွေ့ရခဲလှရာ ကျောက်စိမ်းဗိမာန်နယ်ပယ်မှ ကျွမ်းကျင်သူပင်လျှင် စစ်တပ်၏ အာဏာစက်ကို မနှောင့်ယှက်ရဲကြောင်း သူ သဘောပေါက်သွားခဲ့သည်။
ကျောက်လင်အား သတ်ဖြတ်ရန်အတွက် ပေါ်ပေါ်ထင်ထင် တိုက်ခိုက်၍ မရနိုင်ပေ။
အခြားသူတစ်ဦးကို အသုံးပြု၍ဖြစ်စေ၊ ကိုယ်တိုင်ကိုယ်ကျ လုပ်ကြံသတ်ဖြတ်ခြင်းဖြင့်ဖြစ်စေ လျှို့ဝှက်သော နည်းလမ်းများကို အသုံးပြုမှသာလျှင် စစ်တပ်မှ ယန်မိသားစု ပါဝင်ပတ်သက်နေမှုကို ခြေရာခံခြင်းမှ တားဆီးနိုင်မည် ဖြစ်သည်။
"အဘိုး အခုမှ သတိရတယ်..."
"ကျောက်လင်အကြောင်းကို ယွမ်ကော်ကော်ဆီကနေ အဘိုး ကြားဖူးတယ်... သူကလည်း ကျောက်လင်ဆီကနေ ဝိညာဉ်ဆေးလုံးတစ်လုံး ရခဲ့ပုံပေါ်တယ်... အဲ့ဒါကြောင့် သူက ရွှေခန္ဓာနယ်ပယ်ရဲ့ အထွတ်အထိပ်ကို အဆင့်တက်သွားနိုင်ခဲ့တာ..."
"ယွမ်ကော်ကော်နဲ့ ကျောက်လင်က ဆက်ဆံရေး ကောင်းနေမှတော့ တခြားလူတစ်ယောက်ကို သုံးပြီး ကိုယ့်လက်မှာ သွေးမစွန်းအောင်လုပ်ဖို့ အဘိုးဆီမှာ အစီအစဉ်တစ်ခု ရှိတယ်..."
"လျန်ရှီးစီရင်စု လက်အောက်မှာရှိတဲ့ ချီလင်အကယ်ဒမီ ဆယ်ခုက မကြာခင်မှာ ယွီချီတောင်ထွတ်မှာ ပြိုင်ပွဲကြီးတစ်ခု ကျင်းပတော့မယ်လေ... ယွီချီတောင်ထွတ်ကို အတူတူသွားဖို့ ကျောက်လင်ကို ဖိတ်ခေါ်အောင် ယွမ်ကော်ကော်ကို အဘိုး အရိပ်အမြွက် ပြောပြလို့ရတယ်..."
"ပြိုင်ပွဲကျင်းပနေတဲ့အချိန်အတွင်းမှာ ကျောက်လင်အပေါ် ရန်လိုလာအောင် တခြားချီလင်အကယ်ဒမီက နည်းပြတွေကို မင်း သွေးထိုးလှုံ့ဆော်ရမယ်... အဲ့ဒီလိုလုပ်လိုက်ရင် ရတနာရှာဖွေတဲ့အချိန်မှာ အကယ်ဒမီ ကိုးခုက နည်းပြတွေ ဝိုင်းပြီး ကျောက်လင်ကို သတ်လိုက်ရင်တောင် အဲ့ဒါက ငါတို့တွေနဲ့ ဘာမှသက်ဆိုင်မှာ မဟုတ်တော့ဘူး..."
ယန်ဟုန်နျန်က အပြုံးယဲ့ယဲ့ဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ယန်ချန်ဖုန်းမှာ ချက်ချင်းပင် လက်မထောင်ပြလိုက်၏။
"အဘိုးပြောတာ တကယ့်ကို မှန်သွားပြီ..."
ယန်ချန်ဖုန်းက ကျေနပ်အားရစွာ ပြုံးလိုက်သည်။
"ကောင်းပြီ... ယွီချီတောင်ထွတ်ပြိုင်ပွဲမှာ အဘိုး လျှို့ဝှက်လှုပ်ရှားမယ်... အကယ်ဒမီ ကိုးခုက နည်းပြတွေက ကျောက်လင်ကို မသတ်နိုင်ခဲ့ရင်တောင် သူ့ကို ဖယ်ရှားဖို့ အဘိုး အထူးနည်းလမ်းတွေကို အသုံးပြုသွားမယ်..."
ယန်ဟုန်နျန်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
ထိုစကားကို ကြားလိုက်ရသောအခါ ယန်ချန်ဖုန်း၏ တစ်ကိုယ်လုံးတွင် ကြက်သီးမွေးညင်းများ ထသွားခဲ့သည်။ သူ၏ အဘိုးဖြစ်သူတွင် ထူးဆန်းသော လုပ်ကြံသတ်ဖြတ်ရေး နည်းလမ်းအချို့ ရှိနေသည်ကို သူ သိရှိထား၏။
သို့သော် ဤရက်စက်ကြမ်းကြုတ်လှသော လုပ်ကြံသတ်ဖြတ်ရေး နည်းလမ်းများဖြင့် ကျောက်လင် သေဆုံးသွားမည့်အကြောင်းကို တွေးတောလိုက်မိသောအခါ ယန်ချန်ဖုန်းမှာ အလွန်တရာ ကျေနပ်အားရမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
ဤသည်မှာ ယန်မိသားစုအား ဆန့်ကျင်ခြင်း၏ အကျိုးဆက်ပင် ဖြစ်ပေသည်။