← Chapters

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း (၁၈၃) လင်ယွန်းစံအိမ်ကို ပြန်လည်တည်ဆောက်ခြင်းနှင့် စနစ်အမှတ်များ ထိုးတက်လာခြင်း

မင်ယွီစံအိမ်အတွင်း၌ ယာယီနေထိုင်ရန် အသုံးပြုနိုင်သည့် အတော်အတန် အကောင်းပကတိရှိသော အိမ်သုံးလုံးသာ ကျန်ရှိတော့သည်။

ကျန်ရှိသော ပျက်စီးယိုယွင်းနေသည့် နံရံများနှင့် အပျက်အစီးများအားလုံးကိုမူ ဖျက်သိမ်းပြီး ပြန်လည်တည်ဆောက်ရမည် ဖြစ်၏။

"ကျောက်လင်... ဒီနေရာက အကြီးအကျယ် ပြန်ပြင်ဖို့လိုနေတာ... ရှင့်မှာ ဘယ်လို အကြံဉာဏ်မျိုး ရှိလဲ..."

အိုယန်ပင်းက အနားသို့ တိုးကပ်လာရင်း မေးမြန်းလိုက်သည်။

"အရင်ခရိုင်ဝန် တည်ဆောက်ခဲ့တဲ့ ဒီစံအိမ်ရဲ့ ပုံစံနဲ့ တည်ဆောက်ပုံက သေသေချာချာ စေ့စေ့စပ်စပ် ဒီဇိုင်းဆွဲထားတာ သိသာပါတယ်..."

"စံအိမ်ရဲ့ အဆောက်အအုံ အများစု ပျက်စီးသွားပေမဲ့ အောက်ခြေအုတ်မြစ်တွေအားလုံးကတော့ အကောင်းအတိုင်း ရှိနေသေးတယ်..."

"ပုံစံကို အသစ်ပြန်ဆွဲနေဖို့ မလိုပါဘူး... မူလအုတ်မြစ်ပေါ်မှာပဲ အဆောင်တွေကို ပြန်ဆောက်လိုက်ရုံပါပဲ..."

"ဒါပေမဲ့ ငါ့မှာ တောင်းဆိုချက်တစ်ခုပဲ

ရှိတယ်... အဲ့ဒါကတော့ အဆောက်အအုံတွေ ပြီးစီးသွားတဲ့အခါ လူငါးရာလောက် နေထိုင်နိုင်ရမယ်..."

ကျောက်လင်က ပြုံး၍ ပြောလိုက်၏။

အိုယန်ပင်းမှာ ခေတ္တမျှ မှင်တက်သွားသည်။

လူငါးရာတောင်ဖြစ်၏။

ဤမင်ယွီစံအိမ်၏ အကျယ်အဝန်းက လူငါးထောင်ပင် အလွယ်တကူ နေထိုင်နိုင်လောက်အောင် အမှန်တကယ် ကျယ်ဝန်းသည်မှာ မှန်၏။

သို့သော်လည်း လူငါးရာ စုပေါင်းနေထိုင်နိုင်မည့် အဆောင်ကို ဆောက်လုပ်ရန်မှာ လက်မှုပညာရှင်များအတွက် အလွန်ပင် စိန်ခေါ်မှု ကြီးမားလှပေသည်။

လူငါးရာ အတူတူ နေထိုင်ကြမည့်အခါ နေထိုင်မည့်နေရာ ပြဿနာကို ဖြေရှင်းရန် အလွယ်ကူဆုံး ဖြစ်သော်လည်း အစားအသောက်၊ ရေ၊ အိမ်သာနှင့် ရေချိုးရန် နေရာများကဲ့သို့သော ကိစ္စရပ်များကို ဖြေရှင်းရသည်မှာ အကဲခတ်ရခက်ပြီး ခေါင်းခဲစရာ အကောင်းဆုံး ပြဿနာများ ဖြစ်လာပေလိမ့်မည်။

"ကျောက်လင်... ရှင်က ဘာလို့ ဒီမှာ လူငါးရာလောက် နေဖို့ ခွင့်ပြုရတာလဲ..."

အိုယန်ပင်းက အလွန်ပင် သိလိုစိတ်ပြင်းပြစွာဖြင့် မေးလိုက်၏။

အကယ်၍ စံအိမ်တစ်ခုအတွင်း၌ လူငါးရာခန့် နေထိုင်မည်ဆိုပါက ခရိုင်ဝန်ရုံး၏ အာရုံစိုက်မှုကို ခံရမည်ဖြစ်ပြီး စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်းကိုလည်း ခံရပေလိမ့်မည်။

ရဲမက်တစ်ဦးအနေဖြင့် အိုယန်ပင်းသည် လူအများအပြား စုဝေးရာနေရာများကို ခရိုင်ဝန်ရုံးက အထူးဂရုပြု စောင့်ကြည့်လေ့ရှိသည်ကို ကောင်းစွာ သိရှိထား၏။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော နေရာများသည် ပြဿနာဖြစ်ပွားရန် အခွင့်အလမ်း အများဆုံး နေရာများ ဖြစ်သောကြောင့် ဖြစ်သည်။

"မစိုးရိမ်ပါနဲ့... ငါက ဒီမင်ယွီစံအိမ်မှာ နေမှာမဟုတ်ဘူး... နောင်ကျရင် ငါ့ရဲ့ အလုပ်သမားတွေကိုပဲ ဒီမှာ ပေးနေမှာ..."

"ပင်းပင်း... မင်း မသိသေးလို့ပါ... ငါ ထင်းရှူးနက်ကျေးရွာမှာ စီးပွားရေးလုပ်ငန်း အတော်များများ စတင်ထားတယ်... နောင်ကျရင် စီးပွားရေးကို ယွီရွှေခရိုင်အထိ တိုးချဲ့သွားမှာဆိုတော့ လူအင်အား အများကြီး လိုလိမ့်မယ်..."

"ထင်းရှူးနက်ကျေးရွာနဲ့ ယွီရွှေခရိုင်ကြား သွားလာလှုပ်ရှားရမယ့် အဲ့ဒီအလုပ်သမားတွေ အားလုံးက မင်ယွီစံအိမ်မှာ နေထိုင်ကြလိမ့်မယ်..."

ကျောက်လင်က ရှင်းပြလိုက်သည်။

ကြက်၊ ဘဲနှင့် ယုန်များ မွေးမြူခြင်း သားရဲမွေးမြူရေးခြံမှ တောရိုင်းတိရစ္ဆာန်များကို ရောင်းချခြင်း ပရိဘောဂအလုပ်ရုံမှ ပရိဘောဂအမျိုးမျိုးကို ရောင်းချခြင်း ရေမွှေးနှင့် ဆပ်ပြာများ ထုတ်လုပ်ခြင်းအပြင် ယွီရွှေခရိုင်တွင် ဆိုင်အမျိုးမျိုး ဖွင့်လှစ်ရန် ကျောက်လင်၏ အစီအစဉ်များအားလုံးအတွက် လူအင်အား အမြောက်အမြား လိုအပ်လှပေသည်။

ကျောက်လင်သည် တိတ်ဆိတ်အေးချမ်းသည့် ထင်းရှူးနက်ကျေးရွာကို အမှန်တကယ် နှစ်သက်သဖြင့် ယွီရွှေခရိုင်တွင် သွားရောက်မနေထိုင်လိုပေ။

ထို့ကြောင့် သဘာဝကျကျပင် ကျောက်လင်သည် မင်ယွီစံအိမ်ကို အလုပ်သမား အဆောင်များနှင့် ကုန်လှောင်ရုံများအဖြစ် ပြောင်းလဲပစ်ရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။

"ကျောက်လင်... ငါ ရှင့်အကြောင်းကို ပိုပြီးတော့ သိချင်လာပြီ..."

"ငါ ထင်းရှူးနက်ကျေးရွာကို မရောက်ဖူးသေးဘူး... ဒါပေမဲ့ ဒီတစ်ခေါက်တော့ ရှင်နဲ့အတူ လိုက်ခဲ့ပြီး အဲ့ဒီရွာမှာ ဘယ်လို ဆန်းကြယ်တဲ့အရာတွေရှိလဲဆိုတာ သွားကြည့်ချင်တယ်..."

ထိုစကားကို ကြားရသောအခါ အိုယန်ပင်းသည် ထင်းရှူးနက်ကျေးရွာအပေါ် ချက်ချင်းပင် စိတ်ဝင်စားမှု ပြင်းထန်သွား၏။

အဘယ်ကြောင့်ဆိုသော် ကျောက်လင်သည် စည်ကားဝပြောသော ခရိုင်မြို့ထက် ကျေးရွာလေးတစ်ရွာတွင် နေထိုင်ရန် ပိုမိုနှစ်သက်ခြင်းက ထင်းရှူးနက်ကျေးရွာ၌ ထူးခြားဆန်းပြားသည့် အရာတစ်ခုခု ရှိနေကြောင်း သက်သေပြနေသောကြောင့် ဖြစ်၏။

"ပင်းပင်း... ငါ့အတွက် မင်ယွီစံအိမ် ပြန်လည်တည်ဆောက်ရေးကို သေသေချာချာ စောင့်ကြည့်ပေးပါဦး..."

"ငါ မင်းကို အရင်ဆုံး ငွေပြားနှစ်သောင်း ချန်ထားခဲ့မယ်... ကုန်ကျစရိတ်အတွက် မပူနဲ့... ယွီရွှေခရိုင်ထဲမှာရှိတဲ့ လက်မှုပညာရှင် အားလုံးကို ရှာပြီးတော့ အမြန်ဆုံး ပြီးအောင် ဆောက်စေချင်တယ်..."

ကျောက်လင်က ပြုံးလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ အိုယန်ပင်းမှာ တစ်ဖန် ထပ်မံ တုန်လှုပ်သွားရပြန်သည်။

သူမသည် ကျောက်လင်၏ မောက်မာထည်ဝါလှသော အငွေ့အသက်ကို ခံစားလိုက်ရ၏။

ကုန်ကျစရိတ်ကို ဂရုမစိုက်ဘဲ စံအိမ်ကို အမြန်ဆုံး ပြန်လည်တည်ဆောက်ရန် ဖြစ်သည်။

"ငွေပြားနှစ်သောင်းအထိ မကုန်နိုင်ပါဘူး... ငါ့ခန့်မှန်းချက်အရဆိုရင် ဆောက်လုပ်ခက ငွေပြား နှစ်ထောင်ကျော်လောက်ပဲ ကုန်မှာပါ..."

အိုယန်ပင်းက တိုးညင်းစွာ ပြောလိုက်၏။

"မဟုတ်ဘူး... ဒီငွေပြားနှစ်သောင်းက မင်းအတွက်ပဲ... အိမ်ဆောက်တဲ့ ကုန်ကျစရိတ်ကလွဲလို့ ကျန်တာအားလုံးကို တင်တောင်းလက်ဆောင်အဖြစ် သိမ်းထားလိုက်..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။

အိုယန်ပင်း၏ ခန္ဓာကိုယ်မှာ ထပ်မံ တုန်ခါသွားရပြန်၏။

တကယ့်ကို မောက်မာလွန်းသည့် လေသံပင် ဖြစ်သည်။

ယခုအခိုက်အတန့်တွင် အိုယန်ပင်းသည် ကျောက်လင်အား မိမိ၏ ခင်ပွန်းအဖြစ် ရွေးချယ်ခဲ့သည်မှာ အလွန်ပင် ကံကောင်းလှသည်ဟု ခံစားလိုက်ရ၏။ သူ၏ စွမ်းရည် သဘောထားကြီးမှုနှင့် ဇနီးအပေါ် ကာကွယ်စောင့်ရှောက်မှုများအားလုံးက ကျောက်လင်အား အလွန်ပင် မြင့်မြတ်လှသည်ဟု ထင်မှတ်စေသည်။

ကျောက်လင်၌ ဇနီးအများအပြား ရှိနေသည်ကို သိထားသော်လည်း ဇနီးများအားလုံးအပေါ် ခွဲခြားမှုမရှိဘဲ မျှတစွာ ဆက်ဆံမှုနှင့် သူ၏ ထည်ဝါလှသော ကာကွယ်စောင့်ရှောက်မှုများက အိုယန်ပင်း၏ ရင်ကို နက်နက်ရှိုင်းရှိုင်း လှုပ်ခတ်စေခဲ့သည်။

"သြော်... ဒါနဲ့... မင်း ဒီည မင်ယွီစံအိမ်မှာပဲ တည်းလိုက်ပါ..."

ကျောက်လင်က ရုတ်တရက် ပြောလိုက်၏။

ထိုစကားကို ကြားလိုက်ရသောအခါ အိုယန်ပင်း၏ မျက်နှာမှာ ချက်ချင်းပင် ရဲရဲနီသွားတော့သည်။

သူမ၏ အမူအရာကို မြင်လိုက်ရသောအခါ ကျောက်လင်သည် အိုယန်ပင်း နားလည်မှုလွဲသွားကြောင်း သိလိုက်၏။

"ငါ့သူငယ်ချင်းက ဝိညာဉ်သစ်သီးအချို့ ပို့ပေးလိမ့်မယ်... မင်း ဒီည မင်ယွီစံအိမ်မှာ နေခဲ့ပါ... ငါ မင်းကို ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်အထိ အောင်မြင်ကျော်လွှားနိုင်အောင် ကူညီပေးမယ်..."

ကျောက်လင်က ရှင်းပြလိုက်သည်။

ရဲမက်တစ်ဦးအနေဖြင့် သံမဏိအရိုးနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်၏ ကျင့်ကြံမှုနှင့် စွမ်းရည်မှာ မဆိုးလှဟု ဆိုရမည်ဖြစ်သည်။

သို့သော်လည်း ကျောက်လင်၏ ဇနီးတစ်ဦးအနေဖြင့်မူ သူမ၏ ကျင့်ကြံမှုအဆင့်က အနည်းငယ် နိမ့်ပါးနေသေး၏။

စနစ်အမှတ်များ လုံလောက်နေသရွေ့ ကျောက်လင်သည် သူ၏ ဇနီးများအားလုံးကို အဆင့်ကိုးအထိ မြှင့်တင်ပေးရန် ရည်ရွယ်ထားပြီး ဤကမ္ဘာပေါ်တွင် အင်အားကြီးမားသော အရှင်သခင်များ ဖြစ်လာစေရန် ပြုလုပ်ပေးမည် ဖြစ်သည်။

"အာ... ဟုတ်ကဲ့... ငါ အခုပဲ သွားလိုက်မယ်..."

အိုယန်ပင်းက ဤသတင်းကောင်းကြောင့် အံ့အားသင့်သွားရပြီး ဝမ်းမြောက်ဝမ်းသာ ချက်ချင်း သဘောတူလိုက်၏။

ရွှမ်ယွမ်ဇီ၏ အရင်းနှီးဆုံး သူငယ်ချင်းတစ်ဦးအနေဖြင့် အိုယန်ပင်းသည် ရွှမ်ယွမ်ဇီ၏ ကျင့်ကြံခြင်း ပါရမီနှင့် သူမ၏ ရွှေခန္ဓာနယ်ပယ် စွမ်းရည်အပေါ် အလွန်ပင် အားကျခဲ့ရခြင်း ဖြစ်သည်။

ယခုအခါ ကျောက်လင်က သူမ၏ စွမ်းရည်ကို မြှင့်တင်ပေးနိုင်မည့် နည်းလမ်း ရှိနေသည်ဖြစ်ရာ အိုယန်ပင်းမှာ သဘာဝကျကျပင် ပျော်ရွှင်သွားတော့သည်။

"ကောင်းပြီ... မင်း အခုပဲ ပွဲစားရုံတွေအားလုံးဆီ သွားပြီးတော့ ဆောက်လုပ်ရေး လက်မှုပညာရှင်မျိုးစုံကို သွားရှာလိုက်... မနက်ဖြန်ကစပြီး ငါတို့ အဆောက်အအုံတွေကို အကြီးအကျယ် ပြန်လည်တည်ဆောက်ကြမယ်..."

ကျောက်လင်က အမိန့်ပေးလိုက်၏။

အိုယန်ပင်းက ခေါင်းညိတ်ပြလိုက်သည်။

အိုယန်ပင်း ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ကျောက်လင်က ယဲ့လင်အာအား လှည့်ကြည့်လိုက်၏။

"အဲ့ဒီအစေခံမလေး နှစ်ယောက်ကို ခေါ်သွားပြီး အိပ်ရာခင်းတွေနဲ့ တခြားနေ့စဉ်လူသုံးကုန် ပစ္စည်းတွေကို သွားဝယ်လိုက်ဦး... နောင်ကျရင် သူတို့ကို ဒီမင်ယွီစံအိမ်မှာပဲ ထားပြီး မင်ယွီစံအိမ်ရဲ့ တာဝန်ခံတွေအဖြစ် ခန့်ထားမယ်..."

ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။

"ခင်ပွန်း... မင်ယွီစံအိမ်ဆိုတဲ့ နာမည်က အရင်မင်းဆက်ရဲ့ ခရိုင်ဝန် ပေးခဲ့တာလေ... ခင်ပွန်းအနေနဲ့ နာမည်အသစ်တစ်ခု ပေးသင့်တယ်လို့ ထင်တယ်..."

ယဲ့လင်အာက သတိပေးလိုက်၏။

ထိုစကားကို ကြားသောအခါ ကျောက်လင်သည် ယဲ့လင်အာ ဆိုလိုသည့်အဓိပ္ပာယ်ကို နားလည်သွားသည်။

အဘယ်ကြောင့်ဆိုသော် မင်ယွီစံအိမ်ဟူသော နာမည်နှင့် ပတ်သက်၍ တစ်စုံတစ်ယောက်က ပြဿနာရှာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ အဆုံးစွန်၌ ၎င်းသည် အရင်မင်းဆက် ခရိုင်ဝန် ပေးထားခဲ့သည့် နာမည်ဖြစ်ရာ မသမာသော ရည်ရွယ်ချက်ရှိသူများက ကျောက်လင်အား အရင်မင်းဆက်၏ အကြွင်းအကျန်အဖြစ် တမင်သက်သက် စွပ်စွဲပုတ်ခတ်လာပါက ပြဿနာအချို့ အမှန်တကယ် ဖြစ်ပွားလာနိုင်ပေသည်။

"ကောင်းပြီ... ဒါဆိုရင် လင်ယွန်းစံအိမ်လို့ပဲ ပြောင်းလိုက်ကြစို့... မင်း သူတို့ကို ခေါ်ပြီး ပစ္စည်းတွေသွားဝယ်တဲ့အခါ ဆိုင်းဘုတ်တစ်ခုပါ တစ်ခါတည်း မှာခဲ့လိုက်... ပြီးတော့ မင်ယွီစံအိမ်ရဲ့ ဆိုင်းဘုတ်ဟောင်းကိုလည်း ဖြုတ်ချလိုက်တော့..."

ကျောက်လင်က ပြုံးလိုက်၏။

ယဲ့လင်အာက ဝမ်းမြောက်ဝမ်းသာ ခေါင်းညိတ်ပြပြီး အစေခံမလေး နှစ်ယောက်နှင့်အတူ ထွက်ခွာသွားသည်။

ယခုအခါ စံအိမ်တစ်ခုလုံးတွင် ကျောက်လင် တစ်ဦးတည်းသာ ကျန်ရှိတော့၏။

"လူတွေအားလုံး သွားကြပြီဆိုတော့ ငါ မြေအောက်ခန်းကို သွားလို့ရပြီ..."

ကျောက်လင်က ပြုံး၍ ရေရွတ်လိုက်သည်။

ချက်ချင်းပင် ကျောက်လင်သည် အပျက်အစီးများကြားရှိ အပေါ်ထပ်သို့ ပြေးသွားကာ ကြမ်းပြင်ကို လက်ဖြင့် ထိလိုက်၏။

မြေသားကုဗမီတာတစ်မီတာ ခန့်က ချက်ချင်း ပျောက်ကွယ်သွားသည်။

ခေတ္တမျှကြာပြီးနောက် ကျောက်လင်သည် မြေအောက်ခန်းသို့ ရောက်ရှိသွား၏။

ထိုနေရာတွင် စုစုပေါင်း သစ်သားသေတ္တာ ၁၄လုံး ရှိနေသည်။

ကာလအတော်ကြာအောင် ပစ်ထားခြင်းကြောင့် ဖြစ်နိုင်၏။ သစ်သားသေတ္တာများမှာ ဆွေးမြည့်နေသည့် လက္ခဏာများ ပြသနေပြီး မြေအောက်ခန်း တစ်ခုလုံးတွင်လည်း မှိုနံ့များ ဖုံးလွှမ်းနေ၏။

ကျောက်လင်က ချက်ချင်းပင် သစ်သားသေတ္တာအားလုံးကို လက်ဖြင့်ထိကာ သူ၏ စနစ်နေရာလွတ်အတွင်းသို့ သိမ်းဆည်းလိုက်သည်။

ထို့နောက် ကျောက်လင်သည် စနစ်နေရာလွတ်အတွင်းရှိ သစ်သားသေတ္တာအားလုံးကို ဖွင့်လိုက်၏။

သေတ္တာ ၁၂ လုံးအတွင်း၌ ငွေတုံးများ ပြည့်နှက်နေသည်။

ကျန်ရှိသော သေတ္တာနှစ်လုံးတွင်မူ လက်ဝတ်ရတနာမျိုးစုံ ပါဝင်နေ၏။

"ဒါက အရင်ခရိုင်ဝန် ရတနာတွေ ဝှက်ထားတဲ့နေရာ ဖြစ်ဖို့များတယ်... မဟာချင်စစ်တပ် တိုက်ခိုက်လာတုန်းက ခရိုင်ဝန် သေသွားတာလား ဒါမှမဟုတ် ဒီသေတ္တာတွေကို ယူဖို့ အချိန်မရခဲ့တာလားတော့ မသိဘူး... အားလုံး မြေအောက်ခန်းထဲမှာ ကျန်ခဲ့တာပဲ..."

"အခုတော့ အားလုံး ငါ့အတွက် အကျိုးအမြတ် ဖြစ်သွားပြီ..."

ကျောက်လင်က အလွန်ဝမ်းမြောက်သွား၏။

ငွေတုံး ၁၂ သေတ္တာသည် ငွေပြား နှစ်သိန်းလေးသောင်းနှင့် ညီမျှသည်။

ဤငွေတုံးများကို မဟာလီမင်းဆက်က သွန်းလုပ်ခဲ့ခြင်း ဖြစ်သော်လည်း စနစ်သည် မည်သည့်မင်းဆက်၏ ငွေကြေးဖြစ်သည်ကို ခွဲခြားမနေဘဲ စနစ်အမှတ်များအဖြစ် လဲလှယ်နိုင်ဆဲ ဖြစ်၏။

"စနစ်... ဒီငွေတုံးတွေ အားလုံးကို စနစ်အမှတ်တွေအဖြစ် လဲလှယ်လိုက်..."

ကျောက်လင်က စိတ်ထဲမှ အမိန့်ပေးလိုက်သည်။

မူလ စနစ်အမှတ်မှာ ၃၁၅,၀၂၉,၈၆၀ ဖြစ်သည်။

တစ်ခဏချင်းတွင်ပင် စနစ်အမှတ်မှာ ၅၅၅,၀၂၉,၈၆၀ ဖြစ်သွားတော့သည်။

"အခု ငါ့မှာ အမှတ် သန်းငါးရာကျော် ရှိသွားပြီ..."

အပြင်ဘက်တွင်လည်း ယနေ့ လဲလှယ်ထားသည့် ငွေပြားသုံးသိန်း ရှိနေသေး၏။

ကျောက်လင်သည် စနစ်နေရာလွတ်အတွင်းမှ မြေကြီးများကို ပြန်ထုတ်ကာ မြေအောက်ခန်းကို ပြလည်ဖို့လိုက်ပြီးနောက် သစ်သားသေတ္တာ ၁၅ လုံး သိမ်းဆည်းထားသည့် အခန်းသို့ ရောက်ရှိသွားတော့သည်။

All Chapters