အခန်း ၁၉၄
Vol. 20 Ch. 194
အခန်း (၁၉၄) ဟေးလုံစခန်းက လက်အောက်ခံအဖြစ် ဝင်ရောက်ခြင်း
"အဖေ... ဦးလေးဒုတိယ... ဦးလေးတတိယ... စနိုက်ပါကျည်ဆန်တွေက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ အားလုံး အသိပဲလေ..."
"သမီးက လက်ဗလာနဲ့ သွားပြီး ကျည်ဆန်တွေ တောင်းလို့မှ မရတာ..."
တန်ထိုက်ပေါင်ပေါင်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
ပြီးခဲ့သည့်အကြိမ်က သူမ ယူဆောင်လာခဲ့သော စနိုက်ပါရိုင်ဖယ်နှင့် စနိုက်ပါကျည်ဆန်များကို တန်ထိုက်ပေါင်ပေါင်က စေ့စပ်လက်ဆောင်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
ယခု ထပ်ပြီး စနိုက်ပါကျည်ဆန်များ တောင်းဆိုချင်သည်ဆိုလျှင် ခိုင်လုံသော အကြောင်းပြချက်တစ်ခုတော့ ရှိရပေမည်။
ထိုအခိုက်တွင် တန်ထိုက်ရှုံ့ရင်၊ တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့အားလုံး တိတ်ဆိတ်သွားကြ၏။
မှန်ပေသည်။ လောကတွင် အလကားရသော အရာဟူ၍မရှိဘဲ အရာအားလုံးက အကျိုးအမြတ် ဖလှယ်ခြင်းသာဖြစ်၏။
ရုတ်တရက် တန်ထိုက်ရှုံ့ရင်က တန်ထိုက်ပေါင်ပေါင်အား စူးစိုက်ကြည့်လိုက်သည်။
"သမီး... ပြီးခဲ့တဲ့အကြိမ်က ဒီစနိုက်ပါရိုင်ဖယ်တွေနဲ့ ကျည်ဆန်တွေကို ဘယ်လိုရခဲ့တာလဲ..."
"အဖေ့ကို လာလှည့်စားဖို့ မကြိုးစားနဲ့နော်... သမီးရဲ့ သူငယ်ချင်းက ဒီလောက်အဖိုးတန်တဲ့ ပစ္စည်းတွေကို အကြောင်းမဲ့ သက်သက်ကြီး ပေးလိုက်တာတော့ မဖြစ်နိုင်ဘူး..."
တန်ထိုက်ရှုံ့ရင်က ဝါရင့် စစ်ပွဲဝင်ဟောင်းတစ်ဦးပီပီ အရေးကြီးသော အချက်ကို ချက်ချင်းပင် သဘောပေါက်သွားခြင်းဖြစ်၏။
တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့ကလည်း တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားဟန်ဖြင့် တန်ထိုက်ပေါင်ပေါင်၏ မျက်လုံးများကို စူးစိုက်ကြည့်ကာ သူမ မည်သို့ ရှင်းပြမည်ကို နားထောင်ချင်နေကြသည်။
"သမီးက..."
တန်ထိုက်ပေါင်ပေါင်မှာ ပြာယာခတ်သွား၏။
စကားပြောဆိုရာတွင် ကျွမ်းကျင်မှု မရှိသော တန်ထိုက်ပေါင်ပေါင်က မည်သို့ ရှင်းပြရမည်ကို မသိတော့ချေ။
"သမီးရဲ့ သူငယ်ချင်းက ယောက်ျားလား မိန်းမလား..."
တန်ထိုက်ရှုံ့ရင်က အလောတကြီး မေးလိုက်သည်။
"ယောက်ျားလေးပါ..."
တန်ထိုက်ပေါင်ပေါင်က သူမ၏ ကံကြမ္မာကို လက်ခံလိုက်ပြီး လိမ်ဆင်ဖန်တီးရန် စိတ်ကူးမရှိကြောင်း နားလည်လိုက်၏။
"သူက လူရွယ်ပဲလား..."
"ဟုတ်... လူရွယ်ပါ..."
"ရုပ်ရော ချောရဲ့လား..."
"ချောပါတယ်..."
"သမီး သူ့ကို သဘောကျနေတာလား..."
"သဘောကျတယ်..."
"သူက သမီးရဲ့ ခန္ဓာကိုယ်ကို ရသွားပြီလား..."
"ဟုတ်..."
သားအဖနှစ်ယောက် အမေးအဖြေ လုပ်အပြီးတွင် ထိုနေရာတစ်ခုလုံး၌ ထိတ်လန့်ဖွယ်ရာ တိတ်ဆိတ်မှုကြီး လွှမ်းမိုးသွား၏။
တန်ထိုက်ရှုံ့ရင်၏ မျက်လုံးများက မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားသည်။ လိမ္မာပြီး အပြစ်ကင်းစင်သော သူ၏သမီးလေးက သူ့အား အသိမပေးဘဲ အပျိုစင်ဘဝကို စွန့်လွှတ်လိုက်မည်ဟု သူ တစ်ခါမှ မတွေးထားခဲ့ဖူးချေ။
တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့မှာလည်း အလွန်အမင်း အံ့ဩသွားကြ၏။ တန်ထိုက်ပေါင်ပေါင်သည် ကျင့်ကြံခြင်းနှင့် သိုင်းပညာအပေါ်တွင်သာ အာရုံစိုက်ထားပြီး အချစ်ရေးများတွင် ပါဝင်ပတ်သက်လိမ့်မည် မဟုတ်ဟု သူတို့က ထင်မှတ်ထားခဲ့ကြသည်။
ယခုကြည့်ရသည်မှာ သူတို့ အထင်မှားခဲ့ခြင်းပင် ဖြစ်ပေမည်။
"အဲ့ဒီကောင်က ဘယ်သူလဲ... ငါ့ကို သူ့ဆီ ခေါ်သွားစမ်း... ငါ တန်ထိုက်ရှုံ့ရင်ရဲ့ သမီးကိုတောင် လိမ်ညာရဲတယ်ပေါ့... သူ့ကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်မယ်..."
တန်ထိုက်ရှုံ့ရင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"အဖေ သူ့ကို နိုင်မှာ မဟုတ်ဘူး..."
လျှို့ဝှက်ချက် ပေါက်ကြားသွားပြီးနောက် တန်ထိုက်ပေါင်ပေါင်မှာ အမှန်တကယ်ပင် စိတ်သက်သာရာ ရသွားပြီး မည်သို့မျှ မခံစားရတော့ချေ။
မည်သို့ပင်ဖြစ်စေ တန်ထိုက်ပေါင်ပေါင်က အရာအားလုံးကို မိမိဆန္ဒအလျောက်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။
ပထမဦးစွာ တန်ထိုက်ပေါင်ပေါင်က ဟေးလုံစခန်းကို ရှရွှယ်ချန်တောင်မှ ကယ်ထုတ်ပေးရန်နှင့် ယွီရွှေတပ်စခန်း၏ လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်စေရန် ကျောက်လင်ထံ အကူအညီ တောင်းခံခဲ့ရသည်။
နောက်ပိုင်းတွင် ကျောက်လင်က စနိုက်ပါရိုင်ဖယ်များကို ထောက်ပံ့ပေးခဲ့သောကြောင့် ဟေးလုံစခန်းအနေဖြင့် ပေနင်စီရင်စုတွင် ခြေကုပ်ယူနိုင်ခဲ့ပြီး ရှင်သန်ရပ်တည်ရေးအတွက် စိုးရိမ်စရာ မလိုတော့ချေ။
တန်ထိုက်ပေါင်ပေါင်က သူ၏ ကျေးဇူးကို ဆပ်သည့်အနေဖြင့် ကျောက်လင်ထံ မိမိကိုယ်မိမိ အပ်နှင်းခဲ့ခြင်းဖြစ်၏။
ထို့အပြင် ကျောက်လင်နှင့် ရင်းနှီးကျွမ်းဝင်လာပြီးနောက်တွင် တန်ထိုက်ပေါင်ပေါင်သည် ဤအာဏာစက်ပြင်းပြီး ရုပ်ရည်ချောမောသော အမျိုးသားကို အမှန်တကယ် ချစ်မိသွားခဲ့သည်။
"ငါက သူ့ကို မနိုင်ဘူး ဟုတ်လား..."
"ငါက ရွှေခန္ဓာနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေတာလေ... ဒီကောင်လေးလောက်ကို ဘယ်လိုလုပ် ယှဉ်လို့မရမှာလဲ..."
"ပေါင်ပေါင်... အဲ့ဒီမိန်းကလေးငယ်တွေကို လိမ်ညာနေတဲ့ တိရစ္ဆာန်ကောင်ကို ငါ ဘယ်လို ပညာပေးမလဲဆိုတာကြည့်ရအောင် အဖေ့ကို သူ့ဆီ ခေါ်သွားစမ်းပါ..."
သမီးဖြစ်သူ၏ စကားကြောင့် တန်ထိုက်ရှုံ့ရင်မှာ အကြီးအကျယ် ဒေါသထွက်သွားပြီး ကျောက်လင်ကို ချက်ချင်း သွားရှာချင်နေ၏။
"အဖေ... ဦးလေးဒုတိယ... ဦးလေးတတိယ... သူ ဘယ်သူလဲဆိုတာကို သမီး ပြောပြမှာ မဟုတ်ဘူး..."
"ရှရွှယ်ချန်တောင်ကနေ လွတ်မြောက်လာနိုင်တာ... မီးမလို အမဲသားဟော့ပေါ့ စားနိုင်တာနဲ့ စနိုက်ပါရိုင်ဖယ်တွေ ရလာတာ အားလုံးက သူ့ကျေးဇူးတွေချည်းပဲ..."
"သမီးတို့က တိတ်တဆိတ် စေ့စပ်ထားပြီးပြီ... ဒါက သမီးတို့နှစ်ယောက်ကြားက သဘောတူညီချက်မို့လို့ ဝင်မပါကြပါနဲ့..."
"အခု အဓိကကိစ္စကို ပြန်ပြောရအောင်... စနိုက်ပါကျည်ဆန်တွေ ရဖို့အတွက် ဘယ်လို အပေးအယူမျိုး လုပ်ပေးနိုင်မလဲ..."
တန်ထိုက်ပေါင်ပေါင်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
"တောက်... သူက ငါ့သမီးကို ခိုးယူသွားပြီး အခု ငါ့ဆီကနေ အကျိုးအမြတ်တစ်ခုခု ပြန်လိုချင်နေတာပေါ့..."
"မိန်းကလေးတွေက အရွယ်ရောက်တာနဲ့ အပြင်ကို ထွက်သွားကြတာပဲ... ငါ ကလေးတွေ ပိုမယူခဲ့မိတာကိုပဲ နောင်တရတယ်..."
တန်ထိုက်ရှုံ့ရင်က မျက်နှာပြောင်တိုက်သော နည်းလမ်းများကို အသုံးပြုလာ၏။
"အဖေ... အဲ့ဒီလို ဆက်လုပ်နေမယ်ဆိုရင် သမီး အိမ်ပေါ်က ဆင်းသွားမှာနော်..."
"ဒီကစပြီး ဟေးလုံစခန်းရဲ့ ကိစ္စတွေမှာ သမီး ဝင်မပါတော့ဘူး..."
တန်ထိုက်ပေါင်ပေါင်က တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
တန်ထိုက်ရှုံ့ရင်မှာ တိတ်ဆိတ်သွား၏။
သူ၏ စကားများက သမီးဖြစ်သူအပေါ်တွင် မည်သို့မျှ အရာမထင်တော့ချေ။
ကြည့်ရသည်မှာ သူ တစ်ခါမှ မတွေ့ဖူးသေးသော သမက်ဖြစ်သူထံမှ စနိုက်ပါကျည်ဆန်များ ရရှိရန်အတွက် အမှန်တကယ်ပင် အကျိုးအမြတ်အချို့ ပေးကမ်းရမည့်ပုံ ပေါ်နေသည်။
"သူ့ကို စတုတ္ထခေါင်းဆောင်နေရာ ပေးလိုက်ရင်ကော ဘယ်လိုလဲ..."
တန်ထိုက်ရှုံ့ရင်က ပြုံးကာ ပြောလိုက်၏။
"မလောက်ဘူး..."
တန်ထိုက်ပေါင်ပေါင်မှာ ရယ်ချင်စိတ် ပေါက်သွားသည်။
ကျောက်လင်က ဓားပြဂိုဏ်းတစ်ခု၏ စတုတ္ထခေါင်းဆောင် လာလုပ်မည်တဲ့လား။
"စတုတ္ထခေါင်းဆောင်နေရာတောင် မလောက်ဘူး ဟုတ်လား... ဒါဆို သူ့ကို ခေါင်းဆောင်ကြီး နေရာပါ ပေးရမယ့် သဘောလား..."
တုယွီထောက်၏ လေသံမှာ အနည်းငယ် မကျေမနပ် းဖြစ်နေ၏။
"သူက ဓားပြလုပ်မှာ မဟုတ်ဘူး... အဲ့ဒီနေရာကိုတောင် သူက အဖက်လုပ်မှာ မဟုတ်ဘူး..."
တန်ထိုက်ပေါင်ပေါင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"ဒါလည်း မရဘူး ဟိုဟာလည်း မရဘူးဆိုတော့... သူ့ရဲ့ လောဘက နည်းနည်း ကြီးလွန်းမနေဘူးလား..."
ချန်ဖန်ဟိုင်ကလည်း အနည်းငယ် ဒေါသထွက်နေ၏။
အမျိုးသားသုံးယောက်၏ ဒေါသထွက်နေသော မျက်နှာများကို မြင်သောအခါ တန်ထိုက်ပေါင်ပေါင်က တည်ငြိမ်စွာ ရှိနေဆဲဖြစ်ပြီး သူတို့ ပိုကောင်းသော အပေးအယူများ ကမ်းလှမ်းလာမည်ကိုသာ စောင့်ဆိုင်းနေသည်။
"ကောင်းပြီလေ သမီးရယ်... သူက ငါတို့ကို စနိုက်ပါကျည်ဆန်တွေ အကန့်အသတ်မရှိ ထောက်ပံ့ပေးဖို့ဆိုရင် ဘာတွေ လိုချင်နေတာလဲဆိုတာကိုသာ ပြောပြပါ..."
တန်ထိုက်ရှုံ့ရင်က သမီးဖြစ်သူမှာ မတုန်မလှုပ် ရှိနေပြီး တစ်ခါမှ မတွေ့ဖူးသေးသော သမက်အတွက် အကျိုးအမြတ်များ ရရှိရန်သာ အာရုံစိုက်နေကြောင်း တွေ့လိုက်ရသည်။ သူက စိတ်မရှည်တော့ဘဲ တိုက်ရိုက်ပင် မေးမြန်းလိုက်၏။
တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့ကလည်း တန်ထိုက်ရှုံ့ရင်နှင့်အတူ ဟန်ဆောင်နေခြင်းများမှာ တန်ထိုက်ပေါင်ပေါင်အပေါ် လုံးဝ အရာမထင်ကြောင်း နားလည်သွားပြီး သူတို့၏ အမှားကို လက်ခံသွားကြသည်။ ယခုအခိုက်အတန့်တွင် သူတို့က တန်ထိုက်ပေါင်ပေါင် သူမ၏ တောင်းဆိုမှုများ ပြုလုပ်လာမည်ကို စောင့်ဆိုင်းကာ စူးစိုက်ကြည့်နေကြသည်။
"ဟေးလုံစခန်းက သူ့ရဲ့ လက်အောက်ခံအဖွဲ့အစည်းအဖြစ် ဝင်ရောက်မယ်ဆိုရင်တော့ သူ့ကို ဆွဲဆောင်နိုင်လောက်မယ်လို့ သမီး ထင်တယ်..."
တန်ထိုက်ပေါင်ပေါင်က တည်ငြိမ်စွာ ပြောလိုက်၏။
ထင်းရှူးနက်ကျေးရွာသို့ အကြိမ်အနည်းငယ် သွားရောက်ပြီးနောက် တန်ထိုက်ပေါင်ပေါင်သည် ကျောက်လင်၌ အခြားသူများ၏ စွမ်းအားကို လျင်မြန်စွာ တိုးတက်စေရန် ကူညီပေးနိုင်သော နက်နဲသည့် စွမ်းအားတစ်ခု ရှိနေကြောင်း တွေ့ရှိခဲ့သည်။
မည်သို့ပင်ဖြစ်စေ တန်ထိုက်ပေါင်ပေါင်သည် ကျောက်လင်၏ ဝိညာဉ်သစ်သီးကို ရရှိပြီးနောက်မှသာ ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်၏။
ထင်းရှူးနက်ကျေးရွာ၏ လက်ရှိ လူဦးရေအရ ကျောက်လင်သာ အလိုရှိပါက ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ် ကျင့်ကြံသူ တစ်ထောင်ကျော်ကို အလွယ်တကူ ရရှိနိုင်သည်။
ဤကဲ့သို့သော စွမ်းအားမျိုးက ဟေးလုံစခန်း၏ အင်အားကို လုံးဝ လွှမ်းမိုးထားပေသည်။
တစ်နည်းအားဖြင့်ဆိုရလျှင် ဟေးလုံစခန်း၏ အင်အားစုများသည် ကျောက်လင်အတွက် အသုံးမဝင်လှချေ။
သို့သော်လည်း ကျောက်လင်က ဟေးလုံစခန်းမှ လက်နက်ချမည့် ကမ်းလှမ်းချက်ကို ပယ်ချချင်မှ ပယ်ချပေလိမ့်မည်။
"ဒါက..."
"နည်းနည်းတော့ ပြင်းထန်လွန်းတယ်..."
တန်ထိုက်ရှုံ့ရင်၊ တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့အားလုံး မျက်နှာပျက်သွားကြ၏။
မည်သူကမျှ သူတို့ အပင်ပန်းခံ တည်ဆောက်ထားရသော ဟေးလုံစခန်းကြီးကို အလွယ်တကူ ဦးညွှတ်လက်နက်ချလိုက်ရမည်ကို လက်မခံချင်ကြချေ။
"အဖေ... ဦးလေးဒုတိယ... ဦးလေးတတိယ... သေချာစဉ်းစားကြည့်ကြပါဦး... အခု ပေနင်စီရင်စုက ဒေသခံ ဓားပြတွေကို ရှင်းလင်းပြီးသွားပြီဆိုတော့ ဒီနယ်မြေက လုံခြုံသွားပြီလို့ တကယ် ထင်နေကြတာလား..."
"အိမ်ရှေ့စံမင်းသားဟောင်းက သူ့အနားမှာ ထိန်းချုပ်လို့မရတဲ့ ဓားပြအဖွဲ့အစည်းတစ်ခု ပုန်းအောင်းနေတာကို ကြည့်နေပါ့မလား..."
"နန်ယွဲ့တိုင်းပြည်ရဲ့ စစ်တပ်ကကော ကျွန်မတို့ ဟေးလုံစခန်းကို တစ်နိုင်ငံလုံးအပေါ် လွှမ်းမိုးခွင့် ပြုထားပါ့မလား..."
"အဲ့ဒီအင်အားစုနှစ်ခုထဲက တစ်ခုခုက ကျောက်စိမ်းသွေးကြောနယ်ပယ် ကျင့်ကြံသူ တစ်ယောက်လောက် လွှတ်လိုက်ရင်တောင် ကျွန်မတို့ ဟေးလုံစခန်းက သူတို့ကို ယှဉ်ပြိုင်ဖို့ ခက်ခဲသွားလိမ့်မယ်..."
"တကယ်တော့ ကျွန်မတို့မှာ အင်အားကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုကို အားကိုးဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိပါဘူး... ခိုင်မာတဲ့ နောက်ခံတစ်ခုရှိမှသာ ပေနင်စီရင်စုကို ဆက်လက် သိမ်းပိုက်ထားနိုင်မှာပါ..."
တန်ထိုက်ပေါင်ပေါင်က တည်ငြိမ်စွာ ပြောလိုက်၏။
တန်ထိုက်ရှုံ့ရင်၊ တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့မှာ အချိန်အတန်ကြာ စဉ်းစားခန်း ဝင်နေကြသော်လည်း နောက်ဆုံးတွင်တော့ တန်ထိုက်ပေါင်ပေါင်၏ စကားများက အဓိပ္ပာယ်ရှိကြောင်း နားလည်သွားကြသည်။
ဤသည်မှာ စွမ်းအား၏ အကျိုးဆက်ပင် ဖြစ်၏။
သူတို့သုံးယောက်စလုံးက တည်ငြိမ်သော အင်အားစုတစ်ခုအဖြစ် ရပ်တည်ရန် လုံလောက်သည့် စွမ်းအား မရှိသောကြောင့် ပိုမိုအင်အားကြီးမားသော အဖွဲ့အစည်းတစ်ခုထံတွင် ခိုလှုံရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။
"ကောင်းပြီလေ... သမီးရဲ့ သူငယ်ချင်းက ဟေးလုံစခန်းရဲ့ လုံခြုံရေးကို ကာကွယ်ပေးမယ်လို့ ကတိပေးနိုင်သမျှ ကာလပတ်လုံး ငါတို့က သူ့ဆီမှာ လက်နက်ချဖို့ ဆန္ဒရှိပါတယ်..."
တန်ထိုက်ရှုံ့ရင်က ဆုံးဖြတ်ချက်ချကာ သဘောတူလိုက်သည်။