အခန်း ၂၂၂
Vol. 23 Ch. 222
အခန်း (၂၂၂)
ငါ နည်းလမ်းတစ်ခု ရှာပါ့မယ်
လုံယုသည် ဆယ်မိနစ်ခန့် မောင်းနှင်ပြီးနောက် ပြိုကျပျက်စီးနေသော ဟိုတယ်တစ်ခု၏ အနောက်ဘက်တွင် ကုန်တင်ယာဉ်ကို ရပ်တန့်လိုက်လေသည်။
လမ်းများမှာ ဆိုးရွားစွာ ပျက်စီးနေသောကြောင့် သူသည် စစ်စခန်းနှင့် သိပ်မဝေးလှသော နေရာသို့သာ မောင်းနှင် ခဲ့ခြင်း ဖြစ်ပေသည်။
ယာဉ်ကို ရပ်တန့်ပြီးနောက် ယောင်ရန်သည် ဘေးထိုင်ခုံမှ ဆင်းကာ ကုန်တင်ယာဉ်၏ အနောက်ဘက်ခန်းထဲသို့ တက်သွားခဲ့လေသည်။ သူမသည် ဗလာဖြစ်နေသော အနောက်ခန်းအတွင်း၌ မတ်တပ်ရပ်လျက်၊ ကြိုတင်ပြင်ဆင် ထားသော ဆေးဝါးများနှင့် ပိုးသတ်ဆေးများကို ထုတ်ယူလိုက်ရာ ကုန်တင်ယာဉ်၏ အနောက်ခန်းတစ်ခုလုံး ပြည့်လျှံသွားခဲ့လေတော့သည်။
ထို့နောက် သူမသည် အောက်သို့ ပြန်ဆင်း၍ တံခါးကို ပိတ်လိုက်ပြီး ဘေးထိုင်ခုံတွင် ပြန်လည်ဝင်ထိုင်လိုက်၏။ သူမ ထိုင်ခုံပတ်ပတ်ပြီးသည်နှင့် တစ်ပြိုင်နက် လုံယုသည် ကုန်တင်ယာဉ်ကို စက်နှိုးကာ စစ်စခန်းဆီသို့ ပြန်လည် မောင်းနှင်ခဲ့လေသည်။
အသွားအပြန် ခရီးစဉ်တစ်ခုလုံးမှာ မိနစ်သုံးဆယ်ခန့်သာ ကြာမြင့်ခဲ့ပေသည်။ သူတို့နှစ်ဦး ပြန်လည်ရောက်ရှိလာ သည့်အခါတွင်မူ စစ်သည်များမှာ ဤမျှလျင်မြန်စွာ ပြန်ရောက်လာကြသဖြင့် အံ့အားသင့်သွားကြကုန်၏။
စစ်သည်တစ်ဦးသည် ကုန်တင်ယာဉ်၏ အနောက်ခန်းကို စစ်ဆေးလိုက်ရာ၊ ၎င်းအတွင်း၌ ဆေးဝါးများ ထည့်ထား သော သစ်သားသေတ္တာများနှင့် ပိုးသတ်ဆေးများ ဖြည့်ထားသော ပလတ်စတစ်ပုံးများဖြင့် ပြည့်နှက်နေသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားခဲ့လေသည်။ သေတ္တာများနှင့် ပလတ်စတစ်ပုံးများအတွင်းရှိ အရာများကို အတည် ပြုပြီးနောက်၊ သူသည် သံတံခါးကြီးကို ဖွင့်ပေးရန် အခြားသူများအား အချက်ပြလိုက်လေ၏။
ကုန်တင်ယာဉ်မှာ စစ်စခန်းအတွင်းသို့ မောင်းဝင်သွားပြီးနောက်၊ စစ်သည်တစ်ဦးသည် သံတံခါးကြီးကို ပြန်ပိတ် ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"အနောက်ခန်းထဲမှာ ဘာတွေပါတာလဲ...။”
အခြားစစ်သည်တစ်ဦးက ပြန်လည်ဖြေလိုက်လေ၏။
"ဆေးဝါးတွေနဲ့ ပိုးသတ်ဆေးတွေလေ...။ ငါတို့ရဲ့ ရဲဘော်ရဲဘက်တွေ အခုတော့ အသက်ချမ်းသာရာ ရနိုင်ပြီလို့ ထင်တယ်...။”
သူ၏ စကားကြောင့် အခြားသူများမှာ အံ့အားသင့်သွားကြပြီး ကုန်တင်ယာဉ်ကြီးကို မျှော်လင့်ချက်အသစ်များဖြင့် စိုက်ကြည့်နေကြတော့သည်။ ၎င်းတို့၏ တပ်ကြပ်ကြီးကြောင့်သာ ဆေးဝါးများကို ရရှိခဲ့ခြင်း ဖြစ်သည်။ ထို ဆေးဝါးများသာ မရှိပါက ၎င်းတို့၏ ရဲဘော်ရဲဘက်များစွာမှာ နောက်ထပ် ရက်အနည်းငယ်ထက် ပိုမိုအသက်ရှင် နိုင်ကြမည် မဟုတ်ပေ။
ဆေးဝါးများ ရောက်ရှိလာသည့် သောင်းသောင်းဖျဖျ သတင်းမှာ စစ်စခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်ကို လုံယုနှင့် ယောင်ရန်တို့ မသိရှိကြဘဲ၊ ၎င်းတို့သည် ဆေးဝါးများကို ဂိုဒေါင်အတွင်းသို့ ပို့ဆောင်ကာ ရွှီချီဖန်ကို အကြောင်း ကြားခဲ့လေသည်။
ထို့နောက် နောက်ထပ် ခရီးစဉ်အချို့ကို ထပ်မံမောင်းနှင်ပြီး စစ်တပ်၏ ဂိုဒေါင်ကြီးတစ်ခုလုံး ဆေးဝါးများနှင့် ပိုးသတ်ဆေးများ ပြည့်လျှံသွားသည်အထိ သယ်ယူပေးခဲ့ကြလေသည်။
နောက်ဆုံးအသုတ် ဆေးဝါးများနှင့် ပိုးသတ်ဆေးများကို ပို့ဆောင်ပြီးစီးချိန်တွင်မူ အရုဏ်တက်ရန် နီးကပ်နေပြီ ဖြစ်သည်။ လုံယုသည် ကုန်တင်ယာဉ်ကို ယာဉ်ရပ်နားကွင်းသို့ ပြန်လည်အပ်နှံလိုက်ပြီး ကောင်းကင်ယံမှာ လင်းထိန်စပြုလာသည်ကို သတိပြုမိလိုက်၏။
မကြာသေးမီရက်များအတွင်း အရုဏ်ဦးမှာ နေ့စဉ်နှင့်အမျှ ပိုမိုစောစီးစွာ ရောက်ရှိလာတတ်သည်။ သူ၏ နာရီကို ကြည့်ရှုလိုက်ရာ နံနက် သုံးနာရီခန့်သာ ရှိသေးသော်လည်း ကောင်းကင်ယံကြီးမှာ လင်းလုနီးပါး ဖြစ်နေပြီ ဖြစ်၏။
အဆိပ်အတောက် ဖြစ်စေနိုင်သော နေရောင်ခြည်အကြောင်းကို တွေးတောရင်း သူက ပြောလိုက်သည်။
"နေမထွက်ခင် အိမ်ကို အမြန်ဆုံး ပြန်ကြရအောင်...။”
ယောင်ရန်ကလည်း သဘောတူခဲ့လေသည်။
"ကောင်းပါပြီ...။”
၎င်းတို့သည် ရွှီချီဖန်အား ရှာဖွေတွေ့ရှိပြီးနောက်၊ နောက်ထပ် ဆေးဝါး သို့မဟုတ် ပိုးသတ်ဆေးများ လိုအပ်ပါက လင်းယွမ်တိုက်ခန်းအဆောက်အအုံတွင် လာရောက်ရှာဖွေနိုင်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နှုတ်ဆက်စကား ဆိုလျက် ထွက်ခွာရန် ပြင်ဆင်လိုက်ကြ၏။
ကောင်းကင်ယံကြီး ပိုမိုလင်းထိန်လာသည်ကို မြင်သောအခါ ရွှီချီဖန်က သူတို့အား တားလိုက်လေသည်။
"ငါ တစ်ယောက်ယောက်ကို မင်းတို့ကို လိုက်ပို့ခိုင်းလိုက်မယ်...။ ခြေကျင်လျှောက်တာထက် ကားနဲ့သွားတာက ပိုပြီး မြန်တယ်မလား...။”
လုံယုနှင့် ယောင်ရန်တို့သည် ကောင်းကင်ယံကို ကြည့်ရှုကာ သဘောတူလိုက်ကြလေ၏။
မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် ၎င်းတို့သည် လင်းယွမ်တိုက်ခန်းအဆောက်အအုံသို့ ဘေးကင်းလုံခြုံစွာ ရောက်ရှိ လာခဲ့ကြလေသည်။
၎င်းတို့ အိမ်သို့ ပြန်ရောက်ပြီး ဆယ်မိနစ်ခန့်အကြာတွင်မူ နေမင်းသည် မနေ့ကထက် တစ်နာရီခန့် စောစီးစွာ ထွက် ပေါ်လာခဲ့ပြီး အပူချိန်မှာလည်း အဆမတန် မြင့်တက်လာခဲ့လေသည်။
ရေချိုး၊ အဝတ်အစားများ လဲလှယ်ပြီးနောက်၊ ယောင်ရန်သည် ရွေ့လျားအအေးပေးစက်များအတွင်းသို့ ရေနှင့် ရေခဲများကို ဖြည့်တင်းလိုက်ပြီးမှ ဝါးကုတင်လေးပေါ်တွင် လှဲလျောင်းအိပ်စက်လိုက်လေသည်။ သူမ အိပ်စက် နေစဉ်အတွင်း ရွှီချီဖန်မှာမူ စစ်စခန်းအတွင်း၌ အမိန့်များပေးရန် အလုပ်ရှုပ်နေခဲ့လေသည်။
စစ်ဘက်ဆိုင်ရာ ဆရာဝန်များသည် ဆေးဝါးများကို တွေ့ရှိကာ ရွှီချီဖန်ထံမှ ဆေးစရင်းကို လက်ခံရရှိလိုက်သည့် အခါ ၎င်းတို့၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာများမှာ ဝင်းလက်သွားကြ၏။
အဓိကဆရာဝန်ကြီးသည် ဆေးစရင်းကို ကိုင်ဆောင်လျက် ရွှီချီဖန်အား ကြည့်ကာ မေးမြန်းလိုက်သည်။
"တပ်ကြပ်ကြီး...၊ ဒီဆေးတွေကို ဘယ်သူ ပေးခဲ့တာလဲဟင်...။”
ရွှီချီဖန်က ပြန်လည်ဖြေလိုက်၏။
"ငါ့ရဲ့ တူမလေး ပေးတာလေ...။ ဘာဖြစ်လို့လဲ...၊ တစ်ခုခု ပြဿနာရှိလို့လား...။”
ဆရာဝန်ကြီးက ခေါင်းခါပြလျက် ပြောလိုက်လေသည်။
"ဒီဆေးဝါးတွေက ခန္ဓာကိုယ်အတွင်းက ကပ်ပါးကောင်တွေကို ဖယ်ရှားပစ်ဖို့ တကယ်ပဲ ထိရောက်မှုရှိပါတယ်...။ ဒါပေမယ့်လည်း ဆေးသောက်ပြီးနောက်မှာတော့ တော်တော်လေး နာကျင်ခံစားရပါလိမ့်မယ်...။ ဒါတွေကို သောက် သုံးပြီးရင်တော့ လူနာတွေက ရက်အနည်းငယ်လောက် အနားယူပြီး ခန္ဓာကိုယ်ကို အာဟာရ ပြည့်ဝအောင် ပြုစု ပျိုးထောင်ပေးဖို့ လိုအပ်ပါလိမ့်မယ်...။”
ဆရာဝန်ကြီး၏ ရှင်းလင်းချက်ကို ကြားရသောအခါ ရွှီချီဖန်သည် မျက်မှောင်ကြုတ်လျက် မေးလိုက်လေ၏။
"တကယ်လို့ သူတို့ရဲ့ ခန္ဓာကိုယ်ကို အာဟာရ မဖြည့်တင်းပေးနိုင်ဘူးဆိုရင်...၊ ကပ်ပါးကောင်တွေကို ဖယ်ရှားပြီး နောက်မှာကော ရေရှည်ဆိုးကျိုးတွေ ရှိလာနိုင်ဦးမလား...။”
ဆရာဝန်ကြီးသည် လက်ရှိအချိန်၌ ၎င်းတို့ ကြုံတွေ့နေရသော ခက်ခဲသော အခြေအနေကို နားလည်ထားသည်။ ရင်းမြစ်များ အကန့်အသတ် ရှိနေသောကြောင့် နေ့စဉ် စားနပ်ရိက္ခာကိုပင် လုံလောက်အောင် မထောက်ပံ့နိုင်သည့် အခြေအနေမျိုးတွင်၊ လူနာများအတွက် အာဟာရဖြစ်စေမည့် အစားအစာများကို ထောက်ပံ့ပေးရန်မှာ မဖြစ်နိုင် သလောက်ပင် ဖြစ်ချေ၏။
ရွှီချီဖန်၏ မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုများကို မြင်ရသောအခါ ဆရာဝန်ကြီးက ရှင်းပြလိုက်သည်။
"ကပ်ပါးဥတွေ ပေါက်ပွားပြီးနောက်မှာ သူတို့က သွေးကြောတွေ၊ အသားမျှင်တွေနဲ့ ကိုယ်တွင်းအင်္ဂါတွေထဲအထိ ထိုးဖောက်ဝင်ရောက် သွားကြတာပါ...။”
"ဒီဆေးဝါးက ကပ်ပါးကောင်တွေကို အတင်းအကျပ် သတ်ဖြတ်ပြီး ခန္ဓာကိုယ်ပြင်ပသို့ မောင်းထုတ်ပေးနိုင်ပေမယ့်၊ ကပ်ပါးကောင်တွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုတော့ မကုသပေးနိုင်ပါဘူး...။ သွေးကြောတွေ၊ အသားမျှင်တွေနဲ့ ကိုယ်တွင်းအင်္ဂါတွေရဲ့ ပျက်စီးမှုတွေကို ကုသပေးဖို့အတွက် စနစ်တကျ အာဟာရ မဖြည့်တင်း ပေးနိုင်ရင်တော့...၊ လူနာတွေက နောင်တစ်ချိန်မှာ ကျန်းမာရေးပြဿနာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်...။”
"သူတို့ရဲ့ ခန္ဓာကိုယ်ထဲက ကပ်ပါးကောင်တွေကို ဖယ်ရှားပြီးနောက်မှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့ အချိန်ယူရပါလိမ့်မယ်...။ ကိုယ်ခံအားနည်းနေပြီး ဒဏ်ရာရနေတဲ့ ခန္ဓာကိုယ်တွေနဲ့ဆိုရင် လူနာတွေက အခုလို ပြင်းထန်လှတဲ့ အပူဒဏ်ကို ကြံ့ကြံ့ခံနိုင်မှာ မဟုတ်ပါဘူး...။”
ဆရာဝန်ကြီး၏ ရှင်းလင်းချက်ကို နားထောင်ရင်း ရွှီချီဖန်သည် ပင်ပန်းနွမ်းနယ်စွာဖြင့် နဖူးကို ပွတ်သပ်နေမိလေ သည်။
ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးနောက်၊ နောက်ဆုံးတွင် သူသည် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လျက် ပြောလိုက်၏။
"ငါ နည်းလမ်းတစ်ခု ရှာဖွေပါ့မယ်...။ လောလောဆယ်တော့ လူနာတွေကို ဆေးတိုက်ပေးလိုက်ပါ...။”
ဆရာဝန်ကြီးက ခေါင်းငြိမ့်ပြခဲ့လေသည်။
"နားလည်ပါပြီ...။”
ဆရာဝန်ကြီးကို ပြန်လွှတ်ပြီးနောက်၊ ရွှီချီဖန်သည် စစ်စခန်းတစ်ခုလုံးကို ပိုးသတ်ရန်နှင့် လူတိုင်းအား ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် အမိန့်ပေးခဲ့လေသည်။
စစ်သည်များ အလုပ်ရှုပ်နေကြစဉ်အတွင်း အပူချိန်မှာလည်း တရိပ်ရိပ် မြင့်တက်နေခဲ့ပေသည်။ စစ်တပ်သည် အမှိုက်များကို ရှင်းလင်းရန်နှင့် အလောင်းများကို မီးရှို့ရန်အတွက် အသက်ရှင်ကျန်ရစ်သူ တစ်သောင်းခန့်ကို ငှားရမ်းခဲ့ပြီးနောက်၊ ယင်ကောင်အရေအတွက်မှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။ ကပ်ပါးကောင်များကို သယ်ဆောင်ပျံ့နှံ့စေမည့် ယင်ကောင်များ မရှိတော့သဖြင့်၊ ကပ်ပါးကောင် ကူးစက်ခံရသည့် အသက်ရှင်ကျန်ရစ် သူ အရေအတွက်မှာလည်း သိသိသာသာ ကျဆင်းသွားခဲ့လေသည်။
စစ်တပ်သည် ပြည်သူများအတွက် ကပ်ပါးကောင် ကူးစက်ခံရသည့် လူနာများကို ကုသပေးရန် စစ်ဆေးရုံတစ်ခု ကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။ စစ်တပ်နှင့် အသက်ရှင်ကျန်ရစ်သူများ၏ ပူးပေါင်းကြိုးပမ်းမှုကြောင့်၊ အသက်ရှင် ကျန်ရစ်သူ တစ်သိန်းကျော် သေဆုံးပြီးနောက်တွင်မူ ကပ်ပါးကောင် ကူးစက်ပြဿနာကို နောက်ဆုံးတွင် ဖြေရှင်း နိုင်ခဲ့ပေတော့သည်။
ငါးရက်ခန့် ကြာပြီးနောက်တွင်မူ အပူချိန်မှာ ရှစ်ဆယ်ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရောက်ရှိလာခဲ့လေသည်။
နေရောင်ခြည်သည် အရေပြားပေါ်သို့ ထိတွေ့သည်နှင့်တစ်ပြိုင်နက် ချက်ချင်း လောင်ကျွမ်းစေပြီး အရည်ကြည်ဖု များ ဖြစ်ပေါ်စေကာ အရေပြားအောက်ရှိ အာရုံကြောများကို ပျက်စီးစေခဲ့လေသည်။
အဆမတန် မြင့်မားသော အပူချိန်နှင့် ညစ်ညမ်းနေသော ရေအရင်းအမြစ်များကြောင့် လူများစွာမှာ ရေငတ်ခြင်း နှင့် အပူလျှပ်ခြင်းတို့ဖြင့် သေဆုံးခဲ့ကြရသည်။ ယခုကဲ့သို့ မြင့်မားလှသော အပူချိန်တွင် အပူလျှပ်ခြင်းမှာ သေခြင်း တရားနှင့် အတူတူပင် ဖြစ်၏။ ဤမျှ ပြင်းထန်လှသော အပူဒဏ်၏ တစ်ခုတည်းသော ကောင်းကျိုးမှာ ကပ်ပါး ကောင်များ လုံးဝကွယ်ပျောက်သွားခြင်းပင် ဖြစ်သည်။
ထိုရက်များအတွင်း စီမာယွမ်သည် ဆေးဝါးများနှင့် ပိုးသတ်ဆေးများကို ထပ်မံရယူရန် ယောင်ရန်ထံသို့ အကြိမ် အနည်းငယ် ရောက်ရှိလာခဲ့သည်။ သူက ပတ်ဝန်းကျင် လူမှုရပ်ကွက်များအတွင်း ဆေးဝါးများကို လိုက်လံ ရောင်းချနေသည်ဟူသော သတင်းမှာ ပျံ့နှံ့သွားခဲ့ပြီးနောက်၊ လူများစွာမှာ စီမာယွမ်ထံမှ ဆေးဝါးများ လာရောက် ဝယ်ယူရန် ဖြစ်ပေါ်လာကြတော့သည်။