အခန်း ၂၂၈
Vol. 23 Ch. 228
အခန်း (၂၂၈)
မြို့တော်မှ အမိန့်များ
ယောင်ရန်သည် သူ၏ ခန္ဓာကိုယ်ကိုသာ စိုက်ကြည့်နေသည်ကို မြင်သောအခါ၊ လုံယုသည် ခပ်ဖွဖွ ရယ်မောလျက် သူမအား ပွေ့ဖက်လိုက်လေသည်။
သူမ၏ ခါးသိမ်လေးကို ဖက်ဆွဲလျက်၊ သူသည် အသံကို တိုးညင်းစွာ ပြောင်းလဲကာ မေးလိုက်လေသည်။
"မင်း ကြည့်နေရတာ စိတ်ကျေနပ်မှု ရှိရဲ့လား...။”
ယောင်ရန်သည် သူမ၏ လက်ကို မြှောက်လျက် သူ၏ ကြွက်သားများကို တို့ထိကြည့်ကာ ခေါင်းငြိမ့်ပြလိုက်၏။
"အင်း...။ ရှင့်ရဲ့ ကြွက်သားတွေက ကျွန်မထက် ပိုကောင်းတယ်...၊ ကျွန်မ ဘယ်အချိန်ကျမှ ရှင့်လို သန်မာတဲ့ ခန္ဓာကိုယ်မျိုး ရနိုင်မလဲ မသိဘူး...။ ဒီလိုဆိုရင် တိုက်ခိုက်ရတာ ပိုပြီး လွယ်ကူသွားလိမ့်မယ်...။”
"...။”
လုံယုမှာ ပြောစရာ စကားမဲ့သွားခဲ့ရတော့သည်။
သူသည် သူ၏ ခန္ဓာကိုယ်ဖြင့် သူမအား ဆွဲဆောင်လိုခဲ့သော်လည်း၊ သူမမှာမူ သူ ဖန်တီးချင်နေသော ကြည်နူးဖွယ် ရာ အငွေ့အသက်များထက် ကြွက်သားချင်း နှိုင်းယှဉ်ကြည့်ရန်သာ ပိုမိုအာရုံစိုက်နေခဲ့ဖြင်းဖြစ်လေ၏။
ယောင်ရန်က လေထုအတွင်းရှိ ကြည်နူးစရာ ပန်းရောင်ပူဖောင်းလေးများကို ရိုက်ခွဲလိုက်ပြီးနောက်၊ လုံယုက မေးလိုက်လေသည်။
"မင်း ငါ့ဆီကို ကိစ္စ တစ်ခုခု ရှိလို့ လာတာလား...။”
ယောင်ရန်သည် သူမ လာခဲ့သည့် အကြောင်းရင်းကို သတိရသွားကာ သူ၏ ကြွက်သားများကို တို့ထိနေခြင်းကို ရပ်တန့်လိုက်လေသည်။ သူမသည် သူ့ကို မော့ကြည့်လျက်၊
"ဟွေးဟွေး ခုနတင် ကျွန်မဆီ လာလည်ပြီး အစိုးရရဲ့ ကြေညာချက်အသစ်အကြောင်း ပြောပြသွားတယ်...။”
လုံယုသည် ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။
"အစိုးရက ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ ထပ်ပြီး စုဆောင်းနေတယ်လို့ ငါ ကြားထားတယ်...၊ မင်း ဆေးရုံမှာ သွားပြီး အလုပ်လုပ်မလို့လား...။”
ယောင်ရန်က ခေါင်းခါပြလျက် ၊
"ဟင့်အင်း...၊ ကျွန်မ အဲ့နေရာမှာ အလုပ်မလုပ်ပါဘူး...။ ဒါပေမယ့်လည်း ဦးလေးရွှီဆီကို ဆေးဝါးအချို့ ပို့ပေးချင် တယ်...။”
သူမ၏ စကားကို နားထောင်ရင်း လုံယုသည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိ၏။
"စားနပ်ရိက္ခာ ထောက်ပံ့မှုတွေအများကြီးပေးတာကြောင့် လူအများစုက စာရင်းသွားသွင်းကြတယ်လို့ အာရွှမ်း ဆီက ကြားရတယ်...။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ သူတို့ထဲက အများစုက တကယ့် ဆေးပညာ ဗဟုသုတ တွေ မရှိကြဘူး...။ လူပေါင်း ထောင်သောင်းချီ ခန့်အပ်ပြီးတာတောင် အခြေအနေက တိုးတက်မလာသေးဘူး...။”
"လွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာ လူနာတွေက သူနာပြုတွေနဲ့ ဆရာဝန်တွေကို တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေ ပိုမိုများလာ တယ်လို့လည်း အာရွှမ်းက ပြောပြတယ်...။ အချို့လူနာတွေဆိုရင် ဆေးရုံကို ဖျက်ဆီးပစ်ကြပြီး ဆရာဝန်တွေနဲ့ သူနာပြုတွေကို ကာကွယ်ပေးထားတဲ့ စစ်သည်တွေကိုပါ ရဲရဲဝံ့ဝံ့ ပြန်လည်တိုက်ခိုက်ကြတယ်တဲ့...။”
ထိုသို့ပြောပြီးနောက် လုံယုက မေေလိုက်လေသည်။
"မင်း တပ်ကြပ်ရွှီဆီကို ဆေးဝါးတွေ ဘယ်အချိန်မှာ ပို့ချင်လဲ...။”
ယောင်ရန် ပြန်လည်မဖြေကြားနိုင်ခင်မှာပင်၊ တစ်စုံတစ်ဦးက တံခါးကို လာရောက်ခေါက်ခဲ့လေသည်။ လုံယုသည် သူမအား ဖက်ထားခြင်းကို လွှတ်လိုက်ပြီး ပြောလိုက်လေ၏။
"တံခါးလေး သွားဖွင့်ပေးပါဦး...။”
သူ အိပ်ခန်းအတွင်းသို့ ဝင်သွားသည်ကို မြင်သောအခါ၊ ယောင်ရန်သည် တံခါးဖွင့်ရန် ထွက်လာခဲ့သည်။ သူမသည် တံခါးဝတွင် ရပ်နေသော ရှီရွှမ်းကို မြင်လိုက်ရသည့်အခါ ဘေးသို့ ဖယ်ပေးလျက် ပြောလိုက်၏။
"ရှီရွှမ်း... အထဲဝင်ခဲ့လေ...။”
ရှီရွှမ်းက ခေါင်းငြိမ့်ပြလျက်၊
"ကျွန်တော်လည်း အတိအကျ မသိသေးပါဘူး...၊ တရားဝင် သတင်းတွေတော့ ထွက်မလာသေးဘူး...။ဒါပေမယ့် ကျွန်တော် ရထားတဲ့ သတင်းအချက်အလက်တွေအရ တပ်ကြပ်ရွှီက ဒီအမိန့်ကို လိုက်နာမယ့်ပုံ မပေါ်ဘူး...။”
သူက အသံကို တိုးညင်းစွာ ပြုလုပ်လျက် ထပ်လောင်းပြောဆိုလိုက်သည်။
"အခုအချိန်မှာ မြို့တော်မှာ ရှိနေကြတဲ့သူတွေက မူလ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေ မဟုတ်ကြတော့ဘူး...။ သူတို့က နိုင်ငံရေးသမားတွေ၊ သူဌေးကြီးတွေဖြစ်ပြီး တချို့ဆိုရင် အတိတ်တုန်းက မြေအောက်စီးပွားရေးလုပ်ငန်း တွေနဲ့ ဆက်စပ်ပတ်သက်ခဲ့ဖူးသူတွေတဲ့...။”
"တပ်ကြပ်ရွှီ ပြောတာကတော့...၊ မြို့တော်မှာ ရှိတဲ့သူတွေက ပြည်သူတွေကို ခေါင်းပုံဖြတ်ပြီး သူတို့ရဲ့ ကိုယ်ပိုင် အင်ပါယာတစ်ခုကို တည်ဆောက်ချင်နေကြတာတဲ့...။ အဲ့ဒါအပြင် တပ်ကြပ်ရွှီက ဒုတိယတပ်မတော် တပ်မှူးကြီး နဲ့ ပူးပေါင်းပြီး မြို့တော်ကနေ သီးခြားခွဲထွက်ဖို့ ပြင်ဆင်နေတယ်လို့လည်း ကြားထားတယ်...။”
"သူတို့က ကာလဝမ်းရောဂါ ကူးစက်မှုကို ကိုင်တွယ်ဖြေရှင်းပြီးနောက်မှာ သီးခြားလွတ်လပ်တဲ့ စစ်အခြေစိုက် စခန်းတစ်ခု တည်ထောင်ကြောင်း ကြေညာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်...။ တကယ်လို့ ငါတို့ ကျွင်းချန်မြို့မှာ ဆက်လက်နေထိုင်ဖို့ ရွေးချယ်မယ်ဆိုရင်...၊ နောက်ဆုံးမှာ ဗဟိုအစိုးရနဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရမယ့် အခြေအနေမျိုးအထိ ဖြစ်လာနိုင်တယ်...။”
ရှီရွှမ်း၏ ရှင်းပြချက်ကို နားထောင်ရင်း ယောင်ရန်၏ မျက်နှာအမူအရာမှာ ညိုမှောင်သွားခဲ့သည်။
သူမ၏ အတိတ်ဘဝတွင်၊ သူမ မသေဆုံးမီ စစ်တပ်နှင့် အစိုးရတို့၏ ပတ်သက်မှုများကို စုံစမ်းသိရှိခဲ့ဖူးပေသည်။ သေတ္တာတော် နှင့် ပူးပေါင်းပြီး လူသားချင်း စမ်းသပ်မှုများကို လုပ်ဆောင်ခဲ့ကြသောသူများသည် မြို့တော်နှင့် ဗဟိုအစိုးရတို့နှင့် ဆက်စပ်နေခဲ့ကြပေ၏။
ယောင်ရန်သည် မျက်ဝန်းများကို ကျုံ့လိုက်ရင်း စိတ်ထဲ၌ တွေးတောနေမိသည်။
*ဗဟိုအစိုးရကို လွှမ်းမိုးချုပ်ကိုင်ထားတဲ့သူတွေက သေတ္တာတော် က လူတွေ ဖြစ်တယ်နဲ့တူတယ်...။ သူတို့က ဘယ်အချိန်ကတည်းက သူတို့ရဲ့ အင်အားစုတွေကို စပြီးတည်ဆောက်ခဲ့ကြတာလဲ မသိဘူး...။*
သူမ တွေးတောနေစဉ်အတွင်း၊ လုံယုသည် အိပ်ခန်းအတွင်းမှ ထွက်လာခဲ့လေသည်။ ရှီရွှမ်းအား တွေ့မြင်လိုက်ရ သောအခါ သူက မေးလိုက်လေ၏။
"တစ်ခုခု ထူးခြားတာ စုံစမ်းမိလား...။”
ရှီရွှမ်းက ခေါင်းငြိမ့်ပြလျက် ယောင်ရန်အား ပြောပြခဲ့သည့် စကားများကို ထပ်မံပြောပြခဲ့လေသည်။
၎င်းကို နားထောင်ပြီးနောက်၊ လုံယုက လှောင်ပြုံးပြုံးလျက်၊
"ဒီလူတွေက ဗဟိုအစိုးရမှာ ရာထူးအဟောင်းအချို့ကို ရယူထားရုံနဲ့ လူတိုင်းကို ချုပ်ကိုင်နိုင်မယ်လို့ တကယ် ထင်နေကြတာပဲ...။”
သူသည် ခဏမျှ စဉ်းစားပြီးနောက် ထပ်လောင်းပြောဆိုလိုက်လေသည်။
"ငါ ဒီနေ့ည ရန်ရန်နဲ့အတူ တပ်ကြပ်ရွှီဆီကို သွားမယ်...။ အာရွှမ်း...၊ အခြေအနေတွေကို ဆက်စောင့်ကြည့်ပြီး ထူးခြားတာရှိရင် ငါ့ကို အကြောင်းကြားပါ...။ ဒုတိယတပ်မတော်ဘက်ကိုလည်း သေသေချာချာ စောင့်ကြည့်ထား ဖို့ မမေ့နဲ့ဦး...။”
ရှီရွှမ်းက ခေါင်းငြိမ့်ပြကာ။
"ဟုတ်ကဲ့... ၊ ခေါင်းဆောင်...။”
ရှီရွှမ်း ထွက်ခွာသွားပြီးနောက်၊ ယောင်ရန်က လုံယုအား ကြည့်လျက် မေးလိုက်လေသည်။
"ရှင့်မှာ အစိုးရအဖွဲ့ထဲမှာ ကင်းထောက်တွေ ရှိနေတာလား...။”
လုံယုက ပြုံးပြလျက်၊
"ရန်ရန်...၊ ငါက စစ်တပ်ကနေ အနားယူထားပေမယ့်...၊ ငါ့ရဲ့ လူတွေကတော့ အဲ့နေရာမှာ တာဝန်ထမ်းဆောင်နေဆဲပဲ လေ...။”
ထိုစကားကို ကြားရသောအခါ၊ ယောင်ရန်သည် သူ့ကို ခဏမျှ စိုက်ကြည့်ပြီးမှ မှတ်ချက်ချလိုက်လေသည်။
"ရှင်က တော်တော်လေးကို အကွက်စိပ်လှပါပေတယ်...။”
လုံယုသည် ခပ်တိုးတိုး ရယ်မောလျက် သူမအား အနောက်ဘက်မှ သိုင်းဖက်လိုက်လေ၏။ သူသည် ခေါင်းကို ငုံ့လျက် သူမ၏ ပါးပြင်ကို နမ်းရှုံ့ကာ ခပ်တိုးတိုး ကပ်ပြောလိုက်လေသည်။
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။”
ထိုညနေခင်းတွင် စစ်တပ်သည် နောက်ထပ် ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပေသည်။ ဆေးဝါး သို့မဟုတ် ဆေးဘက်ဆိုင်ရာ ကိရိယာများကို လှူဒါန်းလိုသူ မည်သူမဆို၊ အနာဂတ် ပြဿနာများကို ဖြေရှင်းရာတွင် စစ်တပ် ထံမှ ကာကွယ်စောင့်ရှောက်မှုနှင့် ထောက်ပံ့ကူညီမှုများကို ရရှိမည် ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်၏။
၎င်းပြဿနာသည် ကိုယ်ကျင့်တရား သို့မဟုတ် ဥပဒေကို ချိုးဖောက်ခြင်း မရှိသရွေ့ စစ်တပ်က ကူညီဖြေရှင်းပေး မည် ဖြစ်သည်။ သို့သော်လည်း လှူဒါန်းမှုပမာဏအပေါ် မူတည်၍ ၎င်းတို့ ရရှိနိုင်မည့် အကူအညီမှာ အများဆုံး တစ်ကြိမ်မှ သုံးကြိမ်အထိ ဖြစ်ပေသည်။
ကြေညာချက် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်၊ ရေတွက်၍မရနိုင်သော သူဌေးကြီးများနှင့် ဩဇာအာဏာရှိ သော မိသားစုများသည် လှုပ်ရှားလာခဲ့ကြသည်။ ၎င်းတို့၏ လှူဒါန်းမှုများကြောင့်၊ ဆေးဝါးများနှင့် ဆေးဘက်ဆိုင် ရာ ကိရိယာများစွာ ဆေးရုံသို့ ရောက်ရှိလာခဲ့ပြီး၊ စစ်တပ်သည်လည်း ကာလဝမ်းရောဂါ ပျံ့နှံ့မှုကို နောက်ဆုံးတွင် ထိန်းချုပ်နိုင်ခဲ့တော့သည်။
လုံယုနှင့်အတူ စစ်စခန်းသို့ မထွက်ခွာမီ၊ ယောင်ရန်သည် အမိုးပေါ်သို့ သွားကာ ရေတိုင်ကီအားလုံးအတွင်းသို့ တိတ်တဆိတ် ရေများ ဖြည့်တင်းလိုက်လေ၏။
အလုပ်ပြီးစီးသွားသည့်အခါ၊ ယောင်ရန်နှင့် လုံယုတို့သည် အသက်ရှူလမ်းကြောင်းဆိုင်ရာ နှာခေါင်းစည်းများနှင့် ကာကွယ်ရေးဝတ်စုံများကို ဝတ်ဆင်ကာ အတူတကွ ထွက်ခွာခဲ့ကြသည်။ စစ်တပ်က ကာလဝမ်းရောဂါ ပျံ့နှံ့မှုနှင့် ပရိုတိုဇိုအာ ဗိုင်းရပ်စ်များကို ထိန်းချုပ်ထားနိုင်ပြီဟု ကြေညာထားသော်လည်း၊ ယောင်ရန်မှာမူ သတိဝီရိယကို လျှော့ချရန် မဝံ့ရဲသေးပေ။
တစ်နာရီခန့် ကြာပြီးနောက်၊ ၎င်းတို့သည် စစ်စခန်းသို့ ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ၊ တံခါးဝတွင် စောင့်ကြပ်နေသော စစ်သည်များက ၎င်းတို့အား တားဆီးလိုက်ကြလေသည်။