အာ … (၁)
Vol. 3 Ch. 31
နယ်စား မဖြစ်ချင်သောသူဟူ၍ မည်သူ ရှိမည်နည်း။ ဤသည်မှာ နယ်စား ဘွဲ့ရာထူး ဖြစ်သည်။
မင်းဆက် စတင်တည်ထောင်စဉ်က စစ်မှုထမ်းကောင်း ရလဒ် ရရှိပြီး ဘွဲ့ထူးဂုဏ်ထူး ရယူနိုင်သော အခွင့်အရေး များစွာ ရှိခဲ့သော်ငြားလည်း ယနေ့အထိ နယ်စားဟူ၍ ၁၅၅ ယောက်သာ ရှိနေခဲ့သည်။။ နှိုင်းယှဉ်ကြည့်ရလျှင် နန်းမြို့တော် အရာရှိပေါင်း ၁,၁၈၈ ယောက် ရှိပြီး နယ်စားသည် ဆယ်ယောက်တွင် တစ်ယောက်ပင် မပြည့်သည့် အလွန် တန်ဖိုးကြီးမားသော ထူးခြားချက်တစ်ခု ဖြစ်လေသည်။
ထိုစဉ်က နယ်စားဘွဲ့ ရရှိရန် လောကကို တိုက်ခိုက် သိမ်းပိုက်ရခြင်း ဖြစ်သည်။ ယခုအခါတွင် အင်ပါယာက တည်ငြိမ် အေးချမ်းနေသဖြင့် ထိုသို့သော ဘွဲ့ရာထူးမျိုး ရရှိရန် အလွန် စိန်ခေါ်မှု ကြီးမားလှပြီး မင်းညီမင်းသား အဆင့်အထိ တက်လှန်းရန်က မဖြစ်နိုင်သလောက်နီးပါးပင်။
အချိန်ကြာလာသည်နှင့်အမျှ ရှဲ့လော့ရွှေသည် နယ်စားများနှင့် ဘုရင်များ၏ လက်ဝယ်တွင် ရှိသော ကြီးမားသည့် အာဏာစက်ကို နားလည်လာခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်တွင် အိုမင်းသော်လည်း ခန့်ညား ထည်ဝါဆဲဖြစ်သည့် ဧကရာဇ်မင်းမြတ်က သူမ၏ လက်ကို ဆုပ်ကိုင် ထားပြီး စကားလုံးတိုင်းကို လေးနက် ပြတ်သားစွာ ကတိပေးလိုက်သည်။
“ပင်လယ်ရပ်ခြား ကုန်သည်တွေဆီကနေ ထူးခြားတဲ့ သီးနှံသုံးမျိုး ထွက်တဲ့ တိုင်းတစ်ပါး ပြည်ပနိုင်ငံ အကြောင်း ငါကိုယ်တော် ကြားသိထားတယ်၊ မင်းသာ အဲ့ဒီသီးနှံတွေကို ပြန်ယူလာပေးနိုင်မယ်ဆိုရင် မင်းကို နယ်စားဘွဲ့ အပ်နှင်းမယ်။ မင်းက ခွိုက်ကျီကိုပဲ မင်းရဲ့ပိုင်နက်အဖြစ် လိုချင်တယ်ဆိုရင် မင်းကို ခွိုက်ကျီနယ်စားလို့ ဘွဲ့ပေးမယ်။ အဲ့ဒါမှ မဟုတ်ရင်လဲ လော့ယန်ခရိုင်မှာ မင်းအတွက် ဘွဲ့တစ်ခု အပ်နှင်းပေးမယ်”
လော့ယန်ခရိုင်သည် ရှဲ့လော့ရွှေအား မွေးစားခဲ့သည့် မိဘများ နေထိုင်ရာ ဒေသဖြစ်သည်။ ထိုနေရာတွင် ဘွဲ့ထူး ဂုဏ်ထူး ရရှိခြင်းသည် မိမိ၏ ဇာတိရပ်ရွာသို့ အောင်မြင်ကျော်ကြားစွာဖြင့် ဂုဏ်ယူဝံ့ကြွားစွာ ပြန်နိုင်ခြင်း၏ ပြယုဂ်ပင် ဖြစ်ပေလိမ့်မည်။
ပုံမှန်အားဖြင့် ဆောင်းရာသီတွင် မိုးရွာလေ့ မရှိသော်လည်း ယနေ့တွင်မူ မိုးစက်များ ဝန်းရံရွာသွန်းနေတော့သည်။ တောက်ပ ပြောင်လက်နေသော ခေါင်မိုး အုပ်ကြွပ်ပြားများပေါ်သို့ မိုးပေါက်များ ကျရောက်သံမှာ ပတ်ဝန်းကျင်မှ ထွက်ပေါ်နေသော အသံများနှင့်အတူ ပဲ့တင်ထပ်နေပြီး သူမ၏ ရင်ထဲတွင်လည်း တဒိန်းဒိန်း တုန်ခါနေစေသည်။
ရှဲ့လော့ရွှေသည် အိုမင်းသော်လည်း ခန့်ညားသော ဧကရာဇ်မင်းမြတ်ကို ငေးမောကြည့်နေမိသည်။ ကိုယ်တော် မိန့်ကြားလိုက်သည့် စကားလုံးတိုင်းသည် သူမ၏ မျက်ဝန်းအစုံတွင် အလင်းတန်းများကို တောက်ပလာစေသည်။ ၎င်းမှာ မျှော်လင့်ချက်အလင်းရောင်ဖြစ်သလို တောက်ပသော အနာဂတ်ဆီသို့ ဦးတည်မည့် ကတိကဝတ် တစ်ခုလည်း ဖြစ်ပေတော့သည်။
ဧကရာဇ်မင်းမြတ်သည် ခွိုက်ကျီစား၏ နယ်စားဘွဲ့ကို ရုပ်သိမ်းကြောင်း ချက်ချင်းပင် ကြေညာလိုက်ပြီး သူနှင့် တုကတော်ကို အကျဉ်းချကာ ဆောင်းဦးပေါက်ချိန်တွင် ကွပ်မျက်ရန် အမိန့်ချမှတ်လိုက်လေသည်။ အမွေခံအတုနှင့် ပတ်သက်၍မူ သူ၏လုပ်ရပ်ကို မုဒိမ်းမှုအဖြစ် စီရင်နိုင်သော်လည်း သေဆုံးသွားသူရှိခဲ့သည့်အတွက် ဧကရာဇ်က လူသတ်မှုအဖြစ် ပြောင်းလဲသတ်မှတ်လိုက်သည်။ ထို့ကြောင့် အမွေခံအတုသည် သူ၏အသက်ဖြင့် ပြန်လည် ပေးဆပ်ရတော့မည် ဖြစ်သည်။
အမွေခံအတုသည် ခြေထောက်များ တုန်နေပြီး သူ၏ကြောက်ရွံ့မှုကို ဖုံးကွယ်ရန် ကြိုးစားရင်း အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်သည်။
“ကျွန်တော်... ကျွန်တော်က ဘယ်သူ့ကို သတ်မိလို့လဲ”
*အင်း ... အခုထိတော့ အရှုံးမပေးသေးဘဲ ရုန်းကန်ချင်သေးတာကိုး*
ဧကရာဇ်က နှုတ်ဆိတ်နေသော်လည်း တရားရေးဝန်ကြီးကမူ နှမြောတသဟန်ဆောင်ကာ သူ့အား သတိပေး လိုက်သည်။
“ဝေ့မင် ... သန္ဓေသားဆိုတာကလဲ အသက်တစ်ချောင်းပဲလေ”
ထို့နောက်တွင် ရှည်လျားပြီး ဝမ်းနည်း ပူဆွေးဟန်ရှိသော သက်ပြင်းချသံကြီး တစ်ချက် ထွက်ပေါ်လာသည်။
အမွေခံအတုမှာ စကားလုံးများ ဆို့နင့်သွားပြီး မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားတော့သည်။
သူက ပြန်လည် ချေပချင်နေသည်။ ကိုယ်ဝန်ပျက်ကျခြင်းကို လူသတ်မှုနှင့် ညီမျှသည်ဟု သတ်မှတ်မည်ဆိုပါက ဤလောကတွင် လူသတ်သမားများဖြင့် ပြည့်နှက်နေလိမ့်မည်ဟု ငြင်းခုံချင်နေသည်။ သို့သော်...
မလှမ်းမကမ်းတွင်ရှိသော မဟာရှ ဧကရာဇ်ကို တစ်ချက်လှမ်းကြည့်လိုက်ရုံနှင့် အမွေခံအတုမှာ ခေါင်းအစ ခြေအဆုံး တဆတ်ဆတ်တုန်ကာ တစ်ကိုယ်လုံး ရုန်းမရတော့ပေ။
နောက်ဆုံးတွင်တော့ သူသည် လုံးဝစိတ်ဓာတ်ပြိုလဲသွားပြီး အော်ဟစ်ငိုယိုတော့သည်။
“ကျွန်တော် မှားပါပြီ၊ ကျွန်တော် မှားမှန်း သိပါပြီ၊ နောက်ကို ဘယ်တော့မှ၊ ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး”
သူသည် မျက်ရည်များ၊ နှပ်များဖြင့် တစ်မျက်နှာလုံး ပေပွကာ ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။
သို့သော် ဧကရာဇ်သည် သူ့ကို လက်ညှိုးညွှန်ပြလိုက်ပြီးနောက် ရှဲ့လော့ရွှေကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများတွင် နက်ရှိုင်းသော အပြုံးရိပ်တစ်ခု ထင်ဟပ်နေလေတော့သည်။
“ဝန်ကြီးရှဲ့ ... ကြည့်ထားလိုက်စမ်း”
နှစ်ရှည်ထောင်ဒဏ်ကနေ ချက်ချင်း ကွပ်မျက်ရန်အထိ ပြောင်းလဲသွားတဲ့ အမိန့်။
“ဒါ အာဏာပဲ”
ရှဲ့လော့ရွှေ၏ ရင်ခုန်သံမှာ တစ်ချက်မျှ ရပ်တန့်သွားရသည်။
သူမ၏ ညာဘက်လက်အစုံမှာ တစ်စုံတစ်ခုကို ဆုပ်ကိုင်ရန် ကြိုးစားနေသကဲ့သို့ တဖြည်းဖြည်းချင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိတော့သည်။
ဧကရာဇ်မင်းမြတ်သည် ခွိုက်ကျီစား၏ မိသားစုဝင်များကိုသာ ပစ်မှတ်ထားပြီး ကျန်ရှိသော ဆွေမျိုးတစ်စုလုံးကို ချမ်းသာပေးလိုက်ခြင်းဖြင့် ကြီးမားသော ကရုဏာတော်ကို ပြသခဲ့သည်။
ခွိုက်ကျီစားမှာမူ လုံးဝ စိတ်ပျက်အားငယ်သွားရသည်။ သူ၏ အမြွာညီကို လွတ်မြောက်ခွင့်ပေးမည့်အစား ဧကရာဇ် အနေဖြင့် သူ၏ ဆွေမျိုးတစ်စုလုံးကို ကွပ်မျက်လိုက်စေချင်ခဲ့သည်။ သူသည် အလွန်အမင်း ဒေါသထွက်နေခဲ့သည်။
“ရှဲ့လော့ရွှေ၊ ဘာလို့လဲ၊ ဒီနယ်စားဘွဲ့ဆိုတာ ငါ့အဖေက ဒီအင်ပါယာကြီးကို တည်ထောင်တဲ့ စစ်ပွဲတွေတုန်းက ဧကရာဇ် မင်းမြတ်အတွက် အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့လို့ ရလာခဲ့တာကွ၊ မင်းလို မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ် ဒီရာထူးကို ဒီလောက် လွယ်လွယ်ကူကူ ရနိုင်ရတာလဲ”
သူ၏ အော်ဟစ်သံမှာ ကျယ်လောင်လှသလို ရင်နင့်စရာလည်း ကောင်းနေသဖြင့် ရှုရန်မြောင်၏ အာရုံကို ဖမ်းစား သွားတော့သည်။
ရှုရန်မြောင်ကတော့ ထိုလူကို ကြည့်ပြီး ရယ်ချင်စရာကောင်းသည်ဟု ထင်မြင်နေမိသည်။
[အသက်စွန့်ခဲ့တာက ခင်ဗျားအဖေလေ၊ ခင်ဗျားမှ မဟုတ်တာ။ အဲ့ဒါက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ]
“ဟား”
တရားရေးဝန်ကြီးသည် လုံးဝ ထိန်းမထားနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောချလိုက်တော့သည်။
ခွိုက်ကျီစားမှာ ရှုရန်မြောင်ကို အရင် စိုက်ကြည့်ရမလား၊ တရားရေးဝန်ကြီးကို အရင်ရန်တွေ့ရမလား ဝေခွဲမရ ဖြစ်နေပြီး ဒေါသကြောင့် သွေးပျက်မတတ် ဖြစ်နေရသည်။
ရှုရန်မြောင်ကတော့ ဘာမှမသိသဖြင့် မီးလောင်ရာလေပင့်ကာ ထပ်မံတွေးတောလိုက်ပြန်သည်။
[လွယ်လွယ်ပြောရကြေးဆို အကြီးဆုံးသား ဖြစ်နေရုံနဲ့တင် ဒီဘွဲ့ကို အမွေဆက်ခံလိုက်ရတာက ပိုတောင် လွယ်သေးတာ မဟုတ်ဘူးလား]
[ပြီးတော့ ခင်ဗျား ဒီလောက်ထိ စိတ်ထိခိုက်နေတာလဲ မဆန်းပါဘူးလေ၊ တကယ်တော့ ဒီဘွဲ့က ခင်ဗျားညီဆီကို ရောက်လုနီးပါး ဖြစ်ခဲ့တာကိုး၊ အခုလိုမျိုး ဆုံးရှုံးလိုက်ရတာကတော့ တကယ့်ကို နာကျင်စရာပဲ]
[ခင်ဗျားကတော့ ကံကောင်းတာပေါ့၊ ခင်ဗျားအဖေက ခင်ဗျားကို ဒီဘွဲ့ပေးဖို့ တွန့်ဆုတ်နေခဲ့တယ် ဆိုတာကို ခင်ဗျားမှ မသိတာ။ ခင်ဗျားရဲ့ သားသမီး မရနိုင်တာက အသေးအဖွဲ ကိစ္စလေးတင်ပါ၊ လိုအပ်ရင် ဝေ့မိသားစုထဲက ကလေးတစ်ယောက်ကို ခင်ဗျားအတွက် မွေးစားပေးလိုက်လို့ ရတာပဲဥစ္စာ]
[သူ့ကို တကယ် တွန့်ဆုတ်စေခဲ့တာက ခင်ဗျားရဲ့ အရည်အချင်း မရှိမှု၊ အတွေးတိမ်မှု၊ အနှစ်သာရထက် အပေါ်ယံ နာမည် ဂုဏ်သတင်းကိုပဲ မက်မောတတ်မှုနဲ့ ဘာဆိုဘာမှ အောင်မြင်အောင် မလုပ်နိုင်တဲ့ ခင်ဗျားရဲ့ အသုံးမကျမှု တွေကြောင့်ပဲ]
"အား"
ခွိုက်ကျီစားသည် ဝမ်းနည်းပူဆွေးမှု အပြည့်ဖြင့် အော်ဟစ်လိုက်ပြီးနောက် မျက်လုံးအိမ်များ လန်တက်သွားကာ ထိုနေရာမှာတင် မေ့လဲသွားတော့သည်။
နန်းတွင်းသမားတော်က သူ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီးနောက် ဧကရာဇ်မင်းမြတ်ထံသို့ အစီရင် ခံလိုက်သည်။
"ဒေါသက နှလုံးဆီကို အရှိန်အဟုန်နဲ့ ဆောင့်တက်သွားလို့ပါ ဘုရား၊ သူ ခဏလောက်တော့ သတိမေ့ နေပါလိမ့်မယ်"
[ဟင်၊ တကယ်ကြီးလား၊ ဒေါသထွက်တာနဲ့တင် မေ့လဲသွားတာလား၊ စိတ်ထားကလဲ သိမ်ဖျဉ်းလိုက်တာ]
ရှုရန်မြောင်က ဘာမှမသိသဖြင့် ဆက်လက်တွေးတောနေမိသည်။
စစ်မက်ရေးရာ ဝန်ကြီးဌာနမှ စာရေးဖြစ်သူသည် ရှုရန်မြောင်ကို ကြည့်ရင်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောချင် နေလေသည်။
*တော်ပါတော့ ရှုရန်မြောင်ရာ၊ လူသားချင်းစာနာမှုလေး နည်းနည်းလောက် ထားပါဦး၊ သူက သတိမေ့နေပြီလေ၊ တစ်ခါတည်းနဲ့ နှစ်ခါ မေ့လဲလို့မှ မရတာ*
မကြာမီမှာပင် သတိမေ့နေသော နယ်စားကြီး၊ သူ၏ဇနီးနှင့် သားအတုဖြစ်သူတို့အားလုံး အကျဉ်းထောင်ထဲသို့ ပစ်ထည့်ခြင်း ခံလိုက်ရသည်။
အိမ်ရှေ့စံမင်းသားက သူတို့ကို တစ်ချက်လှမ်းကြည့်ရင်း ပျင်းရိစွာ သမ်းဝေလိုက်သည်။
“နောက်တစ်သိုက် တိုးလာပြန်ပြီပေါ့”
ထောင်ထဲတွင် ရောက်နှင့်နေသော မင်းသမီး၏ ကြင်ယာတော်ဟောင်းက အသစ်ရောက်လာသူများကို အသာ အယာ အကဲခတ်နေမိသည်။ သတိမေ့နေသော အမျိုးသားတစ်ဦး၊ စိတ်ဖောက်ပြန်သလို အော်ဟစ်နေသော အမျိုးသမီး တစ်ဦးနှင့် မျက်နှာကျက်ကိုကြည့်ကာ စကားပြောနိုင်တော့မည့်အလား ငေးငိုင်နေသော လူငယ်တစ်ဦး။
သူက စိတ်ဝင်တစားဖြင့် သူတို့၏ ဇာတ်ကြောင်းကို မေးမြန်းလိုက်သည်။
အမွေခံအတုက ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောပြသောအခါတွင်မူ ကြင်ယာတော်ဟောင်း၏ မျက်နှာမှာ ထူးခြားမှု မရှိရာမှသည် တဖြည်းဖြည်း ပြုံးဖြီးဖြီး ဖြစ်လာတော့သည်။
အမွေခံအတုက ဒေါသတကြီးဖြင့် အော်လိုက်သည်။
“ဘာက ရယ်စရာကောင်းလို့လဲ”
ကြင်ယာတော်ဟောင်းက တဟားဟား ရယ်မောလိုက်သည်။
“ဪ ... ဘာမှမဟုတ်ပါဘူး၊ မင်းမိဘတွေကတော့ အကွပ်မျက်ခံရတော့မယ်၊ ငါ့မိဘတွေကျတော့ သာမန် အရပ်သား အဖြစ်ပဲ ရာထူးချခံရတာဆိုတော့ ကြည့်ရတာ ငါ့မိသားစု အခြေအနေက သိပ်မဆိုးသေးဘူးပဲ”
အမွေခံအတု - “...”
သူ တစ်ယောက်ယောက်ကို ထိုးပစ်ချင်စိတ် ပေါက်သွားတော့သည်။
နန်းတွင်းညီလာခံ ပြီးဆုံးသွားပြီ ဖြစ်သည်။
ရှုရန်မြောင်သည် သူ၏နောက်မှ လိုက်ပါလာသော ရှုပ်ထွေးသည့် အကြည့်များကို သတိမထားမိဘဲ အိမ်သို့ အေးအေးလူလူ လမ်းလျှောက်ပြန်လာခဲ့သည်။
ဧကရာဇ်နှင့် အရာရှိကြီးများမှာ အမေရိကအကြောင်းကို ရှုရန်မြောင်အား လှမ်းခေါ်မေးရန် အကြိမ်ကြိမ် ကြံစည်ခဲ့ သော်လည်း သူတို့၏ တွန့်ဆုတ်မှုနှင့် အတွက်အချက်များကြောင့် နှုတ်ဆိတ်နေခဲ့ကြသည်။
ထို့ကြောင့် ရှုရန်မြောင်သည် အိမ်သို့ ပြန်ရောက်လာချိန်တွင်မူ
“ဒါတွေက ဘာကြီးလဲဟ”
သူ့အိမ်ရှေ့တွင် သေတ္တာပေါင်းများစွာ စုပုံနေပြီး သတိဝီရိယရှိသော အစောင့်အကြပ်များက ဝန်းရံထားကြသည်။ သူ့ကို မြင်သောအခါမှ ထိုသူများ၏ တင်းမာနေသော မျက်နှာများမှာ လျော့ကျသွားလေသည်။
“သခင်လေးရှု၊ နောက်ဆုံးတော့ ပြန်လာပြီပဲ”
ရှုရန်မြောင် - “ဒါတွေက ဘာတွေလဲ”
“ကျွန်တော်တို့က ဝမ်ရှို့မင်းသမီးရဲ့ အစောင့်တွေပါ၊ မင်းသမီးလေးက ပြီးခဲ့တဲ့ရက်က သခင်လေးရဲ့ ဖြောင့်မတ်တဲ့ စကားတွေအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ဒီလက်ဆောင်တွေကို ပေးခိုင်းလိုက်တာပါ”
ရှုရန်မြောင်မှာ မှင်တက်သွားရသည်။
“စကား နည်းနည်းပါးပါး ပြောပေးတာလေးကိုပဲ ဒီလောက်သေတ္တာအများကြီး ပေးရတယ်လို့”
အစောင့်ခေါင်းဆောင်က ခေါင်းညိတ်လေသည်။
သူကိုယ်တိုင်လည်း ဤသည်က အလွန်အကျွံ ဖြစ်နေသည်ဟု ထင်မိသော်လည်း အမိန့်က အမိန့်ပင်။
“မင်းသမီးက ဒါတွေက သခင်လေးရဲ့ အသက်ကယ်ခဲ့တဲ့ ကျေးဇူးနဲ့စာရင် အရမ်း သေးငယ်တဲ့ လက်ဆောင် ပစ္စည်းလေးတွေပဲလို့ အလေးအနက် မိန့်ကြားလိုက်ပါတယ်”
ရှုရန်မြောင်: “အင်း... ဒါဆိုရင်လဲ အထဲကိုပဲ သယ်သွားလိုက်ကြတော့”
သေတ္တာတွေကို တစ်လုံးပြီးတစ်လုံး အိမ်ထဲကို သယ်သွင်းလိုက်ကြသည်။
“မင်းသမီးကတော့ တကယ့်ကို ရက်ရောတာပဲ”
ရှုရန်မြောင်က ပြုံးဖြီးဖြီး ဖြစ်နေ၏။
“အဲ့ဒီနေ့က ဧကရာဇ်မင်းမြတ်က ငါ့ကို လက်ညှိုးထိုးပြမိသွားတာ တကယ်ကို ကံကောင်းတာပဲ”
သို့သော် သူ၏အိမ်က ပြည့်ကျပ်နေပြီး လမ်းလျှောက်ဖို့ နေရာပင် မကျန်တော့သည်ကို မြင်သောအခါ သူ ခေါင်းကုတ်လိုက်မိသည်။
“ကြည့်ရတာ ငါ မကြာခင် ပိုကြီးတဲ့နေရာကို ပြောင်းဖို့ လိုတော့မယ် ထင်တယ်”
ထိုအချိန်တွင် သော့ခတ်ထားသော သေတ္တာတစ်လုံးပေါ်၌ ကပ်ထားသည့် တံဆိပ်ခတ်နှိပ်ထားသော စာအိတ် တစ်အိတ်ကို သူ သတိထားမိသွားသည်။
အခြားတစ်နေရာတွင်မူ။
ရှန်းယန်မင်းသမီး၏ စံအိမ်တော်အတွင်း၌ သူမ၏ ပြတ်သားလှသော အမိန့်ပေးသံများ ထွက်ပေါ်နေတော့သည်။
“အဲ့ဒီ ဟွမ်ဟွာလီ သစ်သား ဗီဒိုကြီးကို အပြင်ထုတ်လိုက်ကြစမ်း”