အခန်း ၄၉၉
Vol. 43 Ch. 499
အပိုင်း (၄၉၉)
ထိုစကားကို ကြားချိန်မှာတော့ ယွင်ကျုံးဟဲ့က အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “စစ်သူကြီးလျန်... တကယ် ထူးဆန်းတာပဲ။ ကျုပ်က ခင်ဗျားကို တစ်ခါမှ မမြင်ဖူးပါဘူး။”
လျန်ကျင့်က ပြောလိုက်သည်။ “သခင်လေး အောက်ယွီ... ကျုပ် ခင်ဗျားအပေါ် မကောင်းခဲ့ဘူး ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ကျုပ်မှာ ဇနီးနဲ့ ကလေးတွေ ရှိပါတယ်။ သူတို့ အရှက်ကွဲခံရတာကို၊ သေသွားတာကို ကျုပ် ဒီအတိုင်း ကြည့်မနေနိုင်ပါဘူး။ တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ နောက်ဘဝကျရင် နွားလို မြင်းလို အလုပ်အကျွေးပြုပြီး ခင်ဗျားကို တောင်းပန်ပါ့မယ်။”
ယွင်ကျုံးဟဲ့က အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “ဒီလောက်ပဲလား။ ခင်ဗျားတို့က သစ္စာဖောက်သွားတဲ့ တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ လျှို့ဝှက်သူလျှို တစ်ယောက်ကို ဖမ်းမိပြီး ကျုပ်ကို လက်ညှိုးထိုးခိုင်းတာ။ အဲဒါက သက်သေ အထောက်အထားပဲလား။”
လျန်ကျင့်သည် ခေတ္တခဏ စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ဟုတ်သားပဲ... နောက်ထပ် လူတစ်ယောက် ရှိသေးတယ်။ သူလည်း တောင်ပိုင်းကျိုးမှာရှိတဲ့ တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ လျှို့ဝှက်သူလျှိုပဲ။”
မှုခင်းစုံစမ်းရေး ဝန်ကြီးဌာန ဒု-ဝန်ကြီးက မေးလိုက်၏။ “ဘယ်သူလဲ။”
လျန်ကျင့်က ပြန်ဖြေလိုက်သည်။ “ခင်ဗျားတို့ စုံစမ်းစစ်ဆေးရေးရုံးက လက်ဝဲ ဒု-အကြီးအကဲ ဟူယုံး ပါပဲ။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ ဘေးနားရှိ အခန်းအတွင်းမှ တစ်ခုခု ကွဲအက်သွားသောအသံ ထွက်ပေါ် လာသည်။ ထိုအသံကြောင့် ဧကရာဇ်လည်း ဘေးခန်းတွင် နားထောင်နေကြောင်း ထင်ရှားလေ၏။
အကယ်၍ ဧကရာဇ် အမုန်းဆုံး လူကို ပြောရမည်ဆိုပါက အောက်ယွီက နံပါတ်တစ် နေရာတွင် ရှိမှာဖြစ်ပြီး ဟူယုံးက နံပါတ်နှစ် နေရာတွင် ရှိမှာဖြစ်သည်။
ထိုစဉ်က ဟူယုံးသည် အသက်ကို ပဓာနမထားသော သတ္တိဖြင့် လက်ရှိဧကရာဇ်အား ဉာဏ်ပညာ နည်းပါးသည်ဟု စွပ်စွဲကာ၊ ဧကရာဇ်ဟောင်းထံသို့ အာဏာအရပ်ရပ် ပြန်လည်လွှဲအပ်ရန် ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့၏။
သူ၏ဆန္ဒကို ခေါင်းဖြင့်တိုက်၍ အသက်စွန့်ကာ သက်သေထူခဲ့သောကြောင့် ဧကရာဇ်ဝမ်ယွင်မှာ သူ၏အမှားကို ဝန်ခံသော အမိန့်တော်ကို မလွှဲမရှောင်သာ ထုတ်ပြန်ခဲ့ရသည်။
ဧကရာဇ်သည် ဤဖြစ်ရပ်ကို ကြီးမားလှသော အရှက်တကွဲ ဖြစ်ရပ်တစ်ခုအဖြစ် စိတ်အတွင်း၌ မှတ်ကျောက်တင် ထားခဲ့သည်။ အမှန်စင်စစ် ဟူယုံးသည် တာယင်အင်ပါယာ ဟေးလုံထိုင်၏ လျှို့ဝှက်သူလျှိုတစ်ဦး ဖြစ်နေ၏။
ယွင်ကျုံးဟဲ့က အေးစက်စက် ပြုံးကာ မေးလိုက်သည်။ “ဒီလောက်ပဲလား။ အားလုံး ပြီးသွားပြီလား။ ဒါက ကျုပ် တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ စည်းရုံးမှုကို ခံလိုက်ရပြီဆိုတာကို သက်သေပြနိုင်ပြီလား။”
ဖူရန်လုံက ပြန်ပြောလိုက်၏။ “သေချာပေါက် ဒါတင်မကသေးဘူးပေါ့။ ခင်ဗျား အောက်ယွီက အရမ်း ထူးခြားတဲ့သူ ဖြစ်နေလို့ ခိုင်လုံတဲ့ သက်သေ မရှိဘဲ ကျုပ်တို့က ခင်ဗျားကို ဘယ်လိုလုပ် ဖမ်းရဲမှာလဲ။ လာကြစမ်း... သက်သေ ယူလာခဲ့။”
ထို့နောက် စစ်သည် နှစ်ဦး ရှေ့သို့တက်လာပြီး စာတစ်စောင်ကို ဖြန့်ပြလိုက်ကာ ယွင်ကျုံးဟဲ့ကို ကိုင်တွယ်ခွင့် မပေးဘဲ ကြည့်ရှုခွင့်သာ ပေးလိုက်သည်။
ဤသည်မှာ လျှို့ဝှက်စာ တစ်စောင်ဖြစ်ပြီး အကြောင်းအရာမှာ အလွန် ထိတ်လန့်စရာကောင်းလေသည်။ တာယင်အင်ပါယာ ဟေးလုံထိုင်မှ ထိပ်တန်း သိုင်းပညာရှင်များကို စီးကွမ်၏အဖြစ် ရုပ်ဖျက်စေကာ တရားလွှတ်တော်ချုပ်ကို သွေးစွန်းစေပြီး စုမန်ကို ကယ်တင်ရန် တောင်းဆိုထားခြင်း ဖြစ်၏။
ထိုသို့ လုပ်ဆောင်လိုက်ပါက တောင်ပိုင်းကျိုး နန်းတွင်းနှင့် ကျိန့်ဟိုင် မြို့စားအိမ်တော်ကြားရှိ ဆက်ဆံရေးကို သွေးခွဲနိုင်ရုံသာမက ကျိန့်ဟိုင် မြို့စားအိမ်တော်ကိုပါ ပုန်ကန်အောင် ဖိအားပေးနိုင်သောကြောင့် တာယင် အင်ပါယာ၏ အကျိုးစီးပွားအတွက် အကျိုးရှိမည်ဟု ရေးသားထားသည်။
အရေးအကြီးဆုံးမှာ ဤစာပေါ်ရှိ စာလုံးတိုင်းသည် ယွင်ကျုံးဟဲ့၏ လက်ရေး ဖြစ်နေသည်။ တိတိကျကျ ပြောရလျှင် အောက်ယွီ၏ လက်ရေး ဖြစ်၏။ အောက်ယွီ၏ လက်ရေးမှာ အလွန် အရုပ်ဆိုးပြီး ကြည့်ရဆိုးသော်လည်း အလွန် ထူးခြား၏။
ဖူရန်လုံက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ “အောက်ယွီ... ဒါက ခင်ဗျားရဲ့ လက်ရေး ဟုတ်လား၊ မဟုတ်ဘူးလား။ တစ်ယောက်ယောက်က ခင်ဗျားရဲ့ လက်ရေးကို အတုခိုးထားတာလို့တော့ မပြောနဲ့နော်။ ဒီကမ္ဘာလောကမှာ သူများရဲ့ လက်ရေးကို အပြစ်အနာအဆာ မရှိအောင် အတုခိုးနိုင်တဲ့သူ တစ်ယောက်တည်းပဲ ရှိတယ်။ အဲဒါက ယွင်ကျုံးဟဲ့ပဲ။ ဒါပေမဲ့ သူ သေသွားပြီလေ။”
ယွင်ကျုံးဟဲ့၏ မျက်နှာ ပြောင်းလဲသွားပြီး သေချာစွာ အကြိမ်ကြိမ် ကြည့်ရှုလိုက်၏။
ဖူရန်လုံက အသံကျယ်ကျယ်ဖြင့် ရယ်မောကာ မေးလိုက်သည်။ “အောက်ယွီ... ခင်ဗျားမှာ ဘာပြောစရာ ရှိသေးလဲ။”
ယွင်ကျုံးဟဲ့သည် အလွန် အံ့ဩတုန်လှုပ်နေပြီး တွေဝေသွားကာ တုန်ယင်စွာဖြင့် ပြောလိုက်၏။ “ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
ဖူရန်လုံက မေးလိုက်သည်။ “ဘာမဖြစ်နိုင်တာ ရှိလို့လဲ။ ကျုပ် ခင်ဗျားကို မေးမယ်။ ဒါ ခင်ဗျားရဲ့ လက်ရေး ဟုတ်လား။”
ယွင်ကျုံးဟဲ့က တုန်ယင်စွာဖြင့် ပြန်ဖြေလိုက်၏။ “ဒါ... ဒါက တကယ်ပဲ ကျုပ်ရဲ့ လက်ရေးပါ။ ပြီးတော့... စာလုံးတိုင်းကို ကျုပ် မှတ်မိနေတယ်။ လုံးဝ အပြစ်အနာအဆာ မရှိဘူး။ အပြစ်အနာအဆာ မရှိရုံတင် မကဘူး၊ ဒီစာလုံးတွေ ရေးတုန်းက ကျုပ်ရဲ့ စိတ်ခံစားချက်ကိုတောင် မှတ်မိနေသေးတယ်။ ဒါကြောင့် ဒီစာလုံးတိုင်းက ကျုပ် ရေးခဲ့တာပါ။”
“ဟား... ဟား...ဟား... ဟား......”
ဖူရန်လုံက အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “ခင်ဗျား နောက်ဆုံးတော့ ဝန်ခံလိုက်ပြီလား။ အမတ်မင်းတို့... အခုဆိုရင် အမှန်တရား ပေါ်ထွက်လာပါပြီ။ အောက်ယွီဟာ တာယင် အင်ပါယာ ဟေးလုံထိုင်ရဲ့ စည်းရုံးမှုကို ခံလိုက်ရပြီး စုမန်ကို ကယ်တင်ဖို့နဲ့ နန်းတွင်းနဲ့ နယ်စားကြားက ဆက်ဆံရေးကို သွေးခွဲဖို့အတွက် တရားလွှတ်တော်ချုပ်ကို သွေးစွန်းစေမယ့် အစီအစဉ်ကို ရူးသွပ်မိုက်မဲစွာ စီစဉ်ခဲ့တာပါ။ ဒါက သေဒဏ်ပါ။ ပြီးတော့ မျိုးဆက်ကိုးဆက်လုံး သတ်ဖြတ်ခံရမယ့် သေဒဏ်ပါ။”
ယွင်ကျုံးဟဲ့က နားမလည်နိုင်စွာဖြင့် ပြောလိုက်၏။ “ဒါပေမဲ့... ဒါပေမဲ့ ကျုပ် ဒီလျှို့ဝှက်စာကို မရေးခဲ့ဖူးပါဘူး။ ဒီ လျန်ကျင့်ကိုလည်း ကျုပ် လုံးဝ မသိသလို၊ တစ်ခါမှလည်း မမြင်ဖူးပါဘူး။ ဒီ စုမန်ကို ကျုပ် ကယ်တင်ချင်တာ မှန်ပါတယ်။ ပြီးတော့ ဧကရာဇ်ဟောင်းကတစ်ဆင့် သူ့ကို ဧကရာဇ်ဟောင်းအတွက် ကျမ်းစာတွေ သီးသန့် ကူးရေးခိုင်းဖို့ စီစဉ်နေတာပါ။ ကျုပ် တရားလွှတ်တော်ချုပ်ကို သွေးစွန်းစေဖို့ မကြံစည်ခဲ့ပါဘူး။”
ထို့နောက် ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “ဒီတစ်ကြိမ် တရားလွှတ်တော်ချုပ်ကို သွေးစွန်းစေတဲ့ အမှုမှာ သံသယ အဖြစ်ရဆုံးသူက ကျိန့်ဟိုင် မြို့စား သားတော် စီးကွမ်ပဲ။ ခင်ဗျားတို့က ဘာလို့ သူ့ကို မဖမ်းတာလဲ။”
ဖူရန်လုံက အမိန့်ပေးလိုက်၏။ “ကျိန့်ဟိုင် မြို့စား သားတော်ကို ဖိတ်ကြားလိုက်ပါ။”
ခဏအကြာတွင် ကျိန့်ဟိုင် မြို့စား သားတော် စီးကွမ် ဝင်ရောက်လာပြီး အမတ်များကို အရိုအသေပေးကာ ပြောလိုက်သည်။ “အောက်ယွီ... ခင်ဗျား ကျုပ်ကို ဒုက္ခပေးချင်နေတာလား။ ခင်ဗျားရဲ့ မကောင်းဆိုးဝါး လှည့်ကွက်တွေထက် ဧကရာဇ်မင်းမြတ်ရဲ့ အမြော်အမြင်က ပိုကြီးမားတယ် ဆိုတာကို မသိဘူးလား။ ဧကရာဇ်မင်းမြတ်က ခင်ဗျားလို လူယုတ်မာလေးရဲ့ လှည့်စားတာကို ခံရမယ်လို့ ထင်နေလား။ ကျုပ်တို့ ကျိန့်ဟိုင် မြို့စားအိမ်တော်က နန်းတွင်း အပေါ်မှာ သစ္စာရှိပါတယ်။ ခင်ဗျားလို လူယုတ်မာလေးက သွေးခွဲလို့ ရမယ့်သူ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “စီးကွမ် မှာ သံသယ မရှိဘူးလို့ ဘယ်အပေါ် အခြေခံပြီး ပြောတာလဲ။
ဟေးပင်းထိုင် အကြီးအကဲ နန်ကုန်းချော့က ပြန်ဖြေလိုက်သည်။ “သွေးစွန်းတဲ့ အမှု ဖြစ်ပွားတဲ့ အချိန်မှာ သားတော် စီးကွမ်က အဲဒီနေရာမှာ လုံးဝ မရှိပါဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘယ်လို သိတာလဲ။”
ဟေးပင်းထိုင် အကြီးအကဲက ပြန်ဖြေလိုက်သည်။ “သားတော် စီးကွမ်က နန်းတွင်းရဲ့ နယ်စားရဲ့ သားတော် ဖြစ်လို့ သူ့ရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ ကျုပ်တို့ ဟေးပင်းထိုင်မှာ တာဝန် ရှိပါတယ်။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း နားလည်သွားကြတော့၏။ ‘ဟေးပင်းထိုင်က လူတွေက စီးကွမ်ကို လျှို့ဝှက် စောင့်ကြည့်နေတာကိုး။’
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “တရားလွှတ်တော်ချုပ်ကို သွေးစွန်းစေခဲ့တဲ့ အချိန်မှာ စီးကွမ် ဘယ်မှာ ရှိနေတာလဲ။ သူ ကိုယ်ပွား ထားခဲ့ပြီး လွတ်မြောက်သွားတာရော မဖြစ်နိုင်ဘူးလား။ ခင်ဗျားတို့ရဲ့ စောင့်ကြည့်မှုကို ရှောင်လွှဲသွားတာမျိုးပေါ့။”
ဟေးပင်းထိုင် အကြီးအကဲ နန်ကုန်းချော့က ပြန်ဖြေလိုက်၏။ “ကျုပ် ပြောလို့ မရဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အရေးကြီးတဲ့ကိစ္စ ဖြစ်နေတာကို ပြောလို့ မရစရာ ဘာရှိလို့လဲ။ သားတော် စီးကွမ်ရဲ့ နာမည်ဂုဏ်သတင်းက အရေးကြီးတာလား၊ တိုင်းပြည်ရဲ့ကံကြမ္မာက အရေးကြီးတာလား။”
ဟေးပင်းထိုင် အကြီးအကဲ နန်ကုန်းချော့၏ မျက်နှာ အနည်းငယ် တုန်လှုပ်သွားပြီး ပြောလိုက်သည်။ “သူ... သူ မျောင်းရင်းဘုရားကျောင်းမှာ ရှိနေတာပါ။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ စီးကွမ်၏ မျက်နှာ အနည်းငယ် တုန်ယင်သွားပြီး ပတ်ဝန်းကျင်ရှိ လူများ အားလုံး၏ အကြည့်များမှာ ချက်ချင်း ထူးဆန်းသွားတော့၏။
မျောင်းရင်းဘုရားကျောင်းသည် သီလရှင်ကျောင်းတစ်ကျောင်း ဖြစ်သော်ငြားလည်း ထိုကျောင်းရှိ သီလရှင်တို့မှာ လွန်စွာလှပချောမောကြသောကြောင့် အလွန် ကျော်ကြားလှသော နေရာတစ်ခု ဖြစ်သည်။
ထိုနေရာ၏ အဖိုးအခမှာလည်း အဆင့်မြင့်ဆုံး ပြည့်တန်ဆာအိမ်တို့ထက် သုံးဆမှ ငါးဆခန့်အထိ ပိုမို ကြီးမြင့်လို့ နေ၏။
ယွင်ကျုံးဟဲ့က အေးစက်စက်ဖြင့် ပြောလိုက်သည်။ “စီးကွမ်... ခင်ဗျားလို တိရစ္ဆာန်က မင်းသမီး ရှန်ရှန်းနဲ့ စေ့စပ်ထားပြီးတာကိုတောင် အဲဒီလို နေရာမျိုး သွားရဲသေးတယ်ပေါ့။”
ဖူရန်လုံသည် တရားသူကြီး တုတ်ကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီး ကျယ်လောင်စွာ အော်လိုက်၏။ “အောက်ယွီ... ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပါ။ အခု သက်သေ အထောက်အထားတွေ အပြည့်အစုံ ရှိနေပြီဆိုတော့ ခင်ဗျားမှာ ဘာပြောစရာ ရှိသေးလဲ။ ကျုပ် ထပ်မေးမယ်။ ဒီစာပေါ်က စာလုံးတွေက ခင်ဗျား ရေးထားတာ ဟုတ်လား။”
ယွင်ကျုံးဟဲ့က တုန်ယင် တွေဝေစွာဖြင့် ပြန်ဖြေလိုက်သည်။ “ဒီစာပေါ်က စာလုံးတွေက တကယ်ပဲ ကျုပ် ရေးထားတာပါ။ အတုအပ လုပ်ထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့... ဒါပေမဲ့... ကျုပ် ဒီလျှို့ဝှက်စာကို တကယ်ပဲ မရေးခဲ့ဖူးပါဘူး။ အမတ်မင်းတို့ သေချာ စဉ်းစားပေးကြပါ။”
ယွင်ကျုံးဟဲ့၏ အကြည့်များမှာ မျက်စိရှေ့ရှိ ဤလျှို့ဝှက်စာထံသို့ ရောက်ရှိသွားသည်။ ဤစာပေါ်ရှိ စာလုံးတိုင်းသည် သူ ယွင်ကျုံးဟဲ့ ရေးထားခြင်းသာ ဖြစ်ပြီး အတုအပ လုပ်ထားခြင်း လုံးဝ မဟုတ်ချေ။ လူသက်သေ၊ သက်သေခံပစ္စည်း အပြည့်အစုံ ရှိနေပြီဟု ဆိုရမည်ဖြစ်ရာ ယွင်ကျုံးဟဲ့ အနေဖြင့် သေချာပေါက် ရေဆေး၍ မစင်နိုင်တော့ချေ။
သို့ပေမည့် ဤစာ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဤစာ၏ ဇာစ်မြစ်ကို ယွင်ကျုံးဟဲ့ သိရှိသွားပြီ ဖြစ်သည်။
အောက်မင်... သူ၏ အစ်ကိုဖြစ်သူ အောက်မင်သည် အမှန်တကယ်ပင် အဆိပ်ပြင်းလှသောသူ ဖြစ်သည်။ သူ၏ လုပ်ရပ်များမှာ လွန်စွာ အစွမ်းထက်လှ၏။
နွေဦးစာမေးပွဲတွင် စုမန်အား ဒုက္ခပေးခဲ့စဉ်ကပင် သူ၏လက်ချက်မှာ မည်မျှအထိ ထိရောက်ခဲ့သည်ကို တွေ့မြင်ခဲ့ရပြီး ဖြစ်၏။ ယခုအခါတွင်လည်း အောက်ယွီအား ဒုက္ခပေးရန်အတွက် ထိုမျှအထိ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းကိုပင် အသုံးပြုနေပြန်သည်။
ယွင်ကျုံးဟဲ့သည် ကျောက်တုံးမှတ်တမ်း၏ ဒုတိယတွဲနှင့် တတိယတွဲ စာမူကြမ်းများကို ရေးသားခဲ့ဖူးပြီး ထိုစာမူများမှာ အောက်ယွီတို့၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။ ၎င်းမှာ အမှန်စင်စစ် ယွင်ကျုံးဟဲ့၏ အကွက်ကျကျ ကြံစည်မှုတစ်ခုပင် ဖြစ်သည်။ သူသည် ဝှက်စာများကို အသုံးပြု၍ အောက်ယွီနှင့် ယွဲ့တန်းဖျင်၏ အဖွဲ့အစည်းကို ကြီးမားသော ဘေးဒုက္ခနှင့် ကြုံတွေ့စေခဲ့၏။
သို့ရာတွင် ထိုစာမူကြမ်းများမှာ အောက်မင်၏လက်ထဲ၌ အမြဲတစေ ရှိနေခဲ့ခြင်း ဖြစ်သည်။ ထိုစာမူများထဲရှိ စာလုံးတိုင်းမှာ ယွင်ကျုံးဟဲ့ကိုယ်တိုင် ရေးသားခဲ့ခြင်းဖြစ်ပြီး စာလုံးရေ သိန်းနှင့်ချီ၍ ရှိနေလေရာ လျှို့ဝှက်စာ တစ်စောင် ဖြစ်ပေါ်လာရန်အတွက် လိုအပ်သော စာလုံးဆယ်လုံးကျော်ခန့်ကို ရွေးထုတ်ရန်မှာ အလွန်ပင် လွယ်ကူလှသည်။
အောက်ယွီ၏ စာမူကြမ်းများထဲမှ လိုအပ်သော စာလုံးများကို ဖြတ်ထုတ်ကာ ရှုပ်ထွေးနက်နဲလှသော ကပ်နည်း၊ မီးကင်နည်းနှင့် ဖိနှိပ်နည်းများကို အသုံးပြု၍ အပြစ်အနာအဆာမရှိသည့် လျှို့ဝှက်စာတစ်စောင် ဖန်တီး လိုက်ခြင်းမှာ အောက်မင်အတွက်မူ ခဲယဉ်းသောအလုပ် မဟုတ်ပေ။
ထို့ကြောင့် ဤလျှို့ဝှက်စာပေါ်ရှိ စာလုံးတိုင်းမှာ ယွင်ကျုံးဟဲ့ ရေးသားခဲ့ခြင်းဖြစ်၍ လက်ရေးလက်သားတွင် အပြစ်ဆိုဖွယ် မရှိသော်လည်း စာတစ်စောင်လုံး အနေဖြင့်မူ အောက်ယွီ ရေးသားခဲ့ခြင်း မဟုတ်သည်မှာ ထင်ရှားလို့နေသည်။
ညီအစ်ကို အောက်မင်... သင်၏ ဤနည်းလမ်းမှာ အမှန်တကယ်ပင် ရက်စက်လွန်းလှပေသည်။ သင်၏ ဉာဏ်ရည်ဉာဏ်သွေးမှာလည်း အံ့ဩဖွယ်ကောင်းလောက်အောင် ထက်မြက်လှပေသည်။ ဟိုဘက်တွင် တရားလွှတ်တော်ချုပ်၌ သွေးစွန်းခဲ့ရသော အမှုဖြစ်ပွားပြီး မကြာမီမှာပင် ကျွန်ုပ်အား ဒုက္ခပေးရန်အတွက် ဤကဲ့သို့သော အဆိပ်ပြင်းလှသည့် အကြံအစည်ကို ကြံစည်နိုင်ခြင်းမှာ အမှန်ပင် လေးစားဖွယ် ကောင်းလှပါပေတော့သည်။
ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “အရှင်မင်းမြတ်... အမတ်မင်းတို့... ဒီ လျှို့ဝှက်စာပေါ်က စာလုံးတိုင်းဟာ တကယ်ပဲ ကျုပ် ရေးထားတာပါ။ ဒါပေမဲ့ ပေါင်းစပ်ထားတဲ့ လျှို့ဝှက်စာကတော့ ကျုပ်နဲ့ လုံးဝ မသက်ဆိုင်ပါဘူး။ ကျုပ် တကယ်ပဲ မရေးခဲ့ဖူးပါဘူး။ အရှင်မင်းမြတ် သေချာ စဉ်းစားပေးပါ။”
...............