အခန်း ၅၀၀
Vol. 43 Ch. 500
အပိုင်း (၅၀၀)
ဤအချိန်တွင် တာယင်အင်ပါယာမှ သစ္စာဖောက်လာသော လျှို့ဝှက်သူလျှို လျန်ကျင့်က ဒူးထောက်ကာ ပြောလိုက်သည်။ “အမတ်မင်းတို့...ကျုပ် အကုန်လုံး ဝန်ခံပြီးပါပြီ။ ကျုပ်ရဲ့ ဇနီးနဲ့ ကလေးတွေ ဘာမှ မဖြစ်ဘူး မဟုတ်လား။ ကျုပ်...ကျုပ်ကိုယ်တိုင်ရော ဘာမှ မဖြစ်ဘူး မဟုတ်လား။”
တရားလွှတ်တော်ချုပ် အကြီးအကဲက အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “ခင်ဗျားရဲ့ ဇနီးနဲ့ ကလေးတွေ ကတော့ အသက်ရှင်နိုင်ပါသေးတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ကိုယ်ပိုင် အသက်ကတော့ မရနိုင်တော့ပါဘူး။ ခင်ဗျားက ဂုဏ်သရေရှိတဲ့ ယွီလင်ဝေ့ ဒု-တပ်မှူး တစ်ယောက် ဖြစ်နေတယ်။
ပြီးတော့ နန်းတွင်းက ခင်ဗျားကို ကောင်းကောင်း ဆက်ဆံခဲ့တာတောင် တောင်ပိုင်းကျိုးကို သစ္စာဖောက်ပြီး တာယင်အင်ပါယာဘက်ကို ပါသွားတာ သေချာပေါက် အပိုင်းပိုင်း ခုတ်ထစ်ပစ်သင့်တယ်။ ဒါပေမဲ့ ခင်ဗျားက အပြစ်ကို ဝန်ခံပြီးကျေးဇူးဆပ်ချင်တဲ့ စိတ်ရှိလို့ ခါးဖြတ် သေဒဏ်ပဲ ပေးလိုက့်မယ်။”
“ခါးဖြတ် သေဒဏ်လား။”
လျန်ကျင့်၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “အသက် ချမ်းသာပေးပါ... အသက်ချမ်းသာပေးပါ။ ကျုပ်မှာ လျှို့ဝှက် သတင်းအချက်အလက်တွေ ရှိပါသေးတယ်။ ကျုပ် အပြစ်ကို ဝန်ခံပြီး ကျေးဇူးဆပ်ချင်ပါတယ်။ ကျေးဇူးဆပ်ချင်ပါတယ်။”
ဤအချိန်တွင် ဟေးပင်းထိုင် အကြီးအကဲ နန်ကုန်းချော့က ပြောလိုက်၏။ “ခင်ဗျားရဲ့ အိမ်ကိုတောင် ဝင်စီးပြီးပြီလေ။ ဘာ လျှို့ဝှက်သတင်းအချက်အလက်တွေ ရှိသေးလို့လဲ။”
“ကျုပ်ကို အသက်ချမ်းသာပေးပါ...ကျုပ်ကို အသက်ချမ်းသာပေးပါ။”
လျန်ကျင့်က ပြောလိုက်သည်။ “ကျုပ်ကို အသက်ချမ်းသာပေးမယ်ဆိုရင် အကုန် ပြောပြပါ့မယ်။”
နန်ကုန်းချော့က ပြန်ပြောလိုက်၏။ “ကောင်းပြီ။ ကျုပ် သဘောတူတယ်။ ခင်ဗျားကို အသက်ချမ်းသာ ပေးမယ်။”
တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံက မေးလိုက်သည်။ “ခင်ဗျားရဲ့ တခြား လျှို့ဝှက်သတင်း အချက်အလက်တွေက အောက်ယွီနဲ့ သက်ဆိုင်နေတာလား။
လျန်ကျင့်က ပြန်ဖြေလိုက်၏။ “အောက်ယွီနဲ့ ပတ်သက်တာတော့ မရှိတော့ပါဘူး။ ဒါပေမဲ့ အောက်ရှင်းနဲ့ ပတ်သက်တဲ့ လျှို့ဝှက် သတင်းအချက်အလက်တွေ ရှိပါသေးတယ်။ အဆင့်အတန်း ပိုမြင့်ပါတယ်။”
ဖူရန်လုံ သည် ရုတ်တရက် မတ်တတ်ရပ်ကာ မေးလိုက်သည်။ “ဘယ်မှာလဲ။”
လျန်ကျင့်၏ အမြင်တွင် အောက်ရှင်းသည် ရာထူးမှ ထုတ်ပယ်ခံထားရလျှင်တောင်မှ ဖူမိသားစု၏ အကြီးမားဆုံး ရန်သူပင် ဖြစ်၏။
“အကြီးအကဲ နန်ကုန်း... ခင်ဗျား ကျုပ်ကို တကယ် အသက်ချမ်းသာပေးမယ် ဆိုတာ သေချာတယ်နော်။” လျန်ကျင့်က မေးလိုက်သည်။
နန်ကုန်းချော့က ပြန်ဖြေလိုက်၏။ “ကျုပ် ပြောတဲ့ စကား ဘယ်တုန်းက မတည်ဖူးလို့လဲ။”
လျန်ကျင့်က ပြောလိုက်သည်။ “အဲဒါဆို အနား နည်းနည်း တိုးပေးပါ။ ကျုပ်က အစိုးရ အဖွဲ့အစည်းတွေကို မယုံဘူး။ ခင်ဗျားတို့ ဟေးပင်းထိုင်ကိုပဲ ယုံတယ်။”
နန်ကုန်းချော့က လက်ဝှေ့ယမ်းလိုက်ရာ ချက်ချင်းပဲ နန်ကုန်းတာ ရှေ့သို့တက်လာတော့၏။
လျန်ကျင့်က ပြောလိုက်သည်။ “ထျန်းရွှေလမ်း၊ ဒုတိယ လမ်းသွယ်၊ တတိယမြောက်အိမ်၊ အဲဒီနေရာက ကျုပ်ရဲ့ကိုယ်ပိုင် အိမ်ပါ။ ကျုပ် ဇနီးတောင် မသိပါဘူး။ တံခါးဝင်ပြီး ညာဘက်၊ တတိယမြောက် တိုင်ထဲမှာ ကျုပ်ရဲ့ လျှို့ဝှက် သတင်းအချက်အလက်တွေ ဖုံးကွယ်ထားပါတယ်။”
နန်ကုန်းတာသည် နားထောင်ပြီးနောက် နန်ကုန်းချော့၏ နားထဲသို့ တစ်ခေါက် ပြန်ပြောပြလိုက်၏။
“သွားရှာချေ။” နန်ကုန်းချော့က အမိန့်ပေးလိုက်သည်။
“အမိန့်တော်အတိုင်းပါ။” နန်ကုန်းတာသည် အလျင်အမြန် ပြန်ဖြေပြီးနောက် နန်းတော်မှ အလျင်အမြန် ထွက်ခွာသွားကာ လူရာချီကို ခေါ်ဆောင်၍ ထျန်းရွှေ လမ်းမကြီးထံသို့ ပြေးဝင်သွားတော့၏။
နိုင်ကော် အတွင်းရှိ တရားရုံးသုံးရပ် ပူးပေါင်း စစ်ဆေးမှုမှာ ဆက်လက်ကျင်းပနေဆဲ ဖြစ်သည်။
တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံက အေးစက်စက်ဖြင့် ပြောလိုက်၏။ “အောက်ယွီ... ခင်ဗျားရဲ့ ပုန်ကန်မှုက သက်သေ အထောက်အထား အပြည့်အစုံ ရှိနေပြီဆိုတော့ အခုပဲ ခင်ဗျားကို အပြစ်ပေးလို့ ရပါပြီ။ ဒါပေမဲ့ မလောပါနဲ့အုံး။ ခင်ဗျားအဖေ အောက်ရှင်းရဲ့ အပြစ်တွေကိုပါ အတူတူ သတ်မှတ်ပေးပါ့မယ်။
အရင်တုန်းက တောင်ပိုင်းကျိုးအင်ပါယာရဲ့ သစ္စာရှိတဲ့ အမတ်၊ တောင်ပိုင်းကျိုးရဲ့ နံပါတ်တစ် စစ်သေနာပတိချုပ်ဟာ ဘယ်လို မျက်နှာ အစစ်အမှန် ရှိနေလဲဆိုတာကို ကျုပ် ကြည့်ချင်သေးတယ်။ လောက က လူတွေကိုလည်း ခင်ဗျားတို့ သားအဖ နှစ်ယောက်ရဲ့ ပုန်ကန်တဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်တွေ့စေချင်သေးတယ်။
လာကြစမ်း... တရားလွှတ်တော်ချုပ် အကျဉ်းထောင်ကို ပြင်ဆင်ထား။ အောက်ရှင်း သားအဖကို ဖမ်းဆီးထားဖို့ အတွက်။ ပြီးတော့ တာယင်အင်ပါယာ ဟေးလုံထိုင်က ထောင်ဖောက်လာမှာကို ကာကွယ်ဖို့ စစ်သည် ထောင်ချီကိုပါ အစောင့်ချထား။”
ဖူရန်လုံက အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ ဒီတစ်ကြိမ်တော့ အချိန်အကြာကြီး ဖမ်းထားမှာ မဟုတ်ဘူး။ ခင်ဗျားတို့ ပုန်ကန်တဲ့ သားအဖ နှစ်ယောက်ဟာ အပိုင်းပိုင်း ခုတ်ထစ် အသတ်ခံရတော့မှာပဲ။”
ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “အရှင်မင်းမြတ်... အရှင်မင်းမြတ်... ဒီလျှို့ဝှက်စာပေါ်က စာလုံးတိုင်းဟာ တကယ်ပဲ ကျုပ် ရေးထားတာ ဖြစ်ပေမယ့် ပေါင်းစပ်ထားတဲ့ ဒီလျှို့ဝှက်စာကတော့ ကျုပ်နဲ့ လုံးဝ မသက်ဆိုင်ပါဘူး။ ကျုပ် တကယ်ပဲ မရေးခဲ့ဖူးပါဘူး။ အရှင်မင်းမြတ် သေချာ စဉ်းစားပေးပါ။ ရန်သူတွေရဲ့ အကြံအစည်ထဲ မကျရောက်ပါစေနဲ့။
အရှင်မင်းမြတ်... အရှင်မင်းမြတ်... အောက်ယွီ မတရားခံရပါတယ်။ အောက်ယွီ မတရားခံရပါတယ်။”
ယွင်ကျုံးဟဲ့ သည် အဆက်မပြတ် အော်ဟစ်နေတော့သည်။ “ဒါက ရန်သူတွေရဲ့ အကြံအစည် ဖြစ်နိုင်ပါတယ်။ လုံးဝ မယုံကြည်ပါနဲ့။ ဒါက ဧကရာဇ် နှစ်ပါးကြားက ဆက်ဆံရေးကို သွေးခွဲချင်တဲ့ ရန်သူတွေရဲ့ အကြံအစည်ပါ။ ရန်သူတွေက အရှင်မင်းမြတ်ရဲ့ ဩဇာတိက္ကမကို ထိခိုက်စေချင်ပြီး အရှင်မင်းမြတ်နဲ့ ဧကရာဇ်ဟောင်းကြားက ဆက်ဆံရေးကို သွေးခွဲချင်နေတာပါ။”
ဧကရာဇ်က မည်သည့် တုံ့ပြန်မှုမှ မပြသချေ။ ခဏအကြာတွင် မိန်းမစိုးကြီး ဟောက်ချင့် ရောက်လာပြီး အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဧကရာဇ်မင်းမြတ်ရဲ့ နှုတ်မိန့်... အောက်ယွီ ခင်ဗျားက ပါးစပ်ကနေ ဧကရာဇ်ဟောင်းလို့ အမြဲတမ်း ပြောမနေနဲ့။ ခင်ဗျား လုပ်ခဲ့တဲ့ကိစ္စတွေက ဧကရာဇ်ဟောင်းနဲ့ လုံးဝ မသက်ဆိုင်ဘူး။ အကယ်၍ ခင်ဗျားသာ ပုန်ကန်တယ် ဆိုရင် ဧကရာဇ်ဟောင်းက ခင်ဗျားကို ချက်ချင်း သတ်ပစ်မှာပဲ။ ခင်ဗျား မပုန်ကန်ဘူး ဆိုရင် ဘယ်သူက ခင်ဗျားကို ချောက်ချနိုင်မှာလဲ။”
ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “ဒီစာကို ကျုပ် တကယ် မရေးခဲ့ပါဘူး။ တကယ် မရေးခဲ့ပါဘူး။”
ဖူရန်လုံက အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဒါက တကယ်ကို ရယ်စရာကောင်းတာပဲ။ ခင်ဗျားက ဒီစာပေါ်က စာလုံးတိုင်းကို ခင်ဗျားကိုယ်တိုင် ရေးထားတာလို့ ဝန်ခံပေမယ့် ဒီစာကို ခင်ဗျား ရေးတာ မဟုတ်ဘူးလို့ ပြောနေတာက လောကမှာ ဒီထက် ရယ်စရာကောင်းတဲ့ကိစ္စ ရှိသေးလား။
ခင်ဗျား အလောတကြီး ငိုမနေနဲ့အုံး။ မကြာခင် ခင်ဗျားအဖေ ပုန်ကန်တဲ့ သက်သေ အထောက်အထားတွေလည်း ရောက်လာတော့မယ်။ အဲဒီအခါကျရင် လောက တစ်ခုလုံးကို ကြေညာပြီး တရားဝင် အပြစ်ပေးလိုက်တာဟာ ခင်ဗျားတို့ သားအဖ နှစ်ယောက်အတွက် နောက်ဆုံး အဆုံးအဖြတ် ပေးလိုက်တာပဲ။”
နာရီဝက်ခန့် အကြာတွင် ဟေးပင်းထိုင်၏ နန်ကုန်းတာသည် အလျင်အမြန် ဝင်ရောက်လာတော့သည်။
“ရှာတွေ့ပြီလား။” ဖူရန်လုံက မေးလိုက်၏။
နန်ကုန်းတက ပြန်ဖြေလိုက်သည်။ “ရှာတွေ့ပါပြီ။ လျှို့ဝှက် သတင်းအချက်အလက် တော်တော်များများပါပဲ။”
ဖူရန်လုံက မေးလိုက်၏။ “အောက်ရှင်းနဲ့ ပတ်သက်တာတွေ ပါလား။”
နန်ကုန်းတက ပြန်ဖြေလိုက်သည်။ “ပါပါတယ်။ ဒီစာက အောက်ရှင်းရဲ့ စာပါ။”
နန်ကုန်းတာသည် စာကို မိန်းမစိုးကြီး ဟောက်ချင့်ထံသို့ အရင်ဆုံးကမ်းပေးလိုက်ပြီး ဧကရာဇ်ထံသို့ ဆက်လက် ပို့ဆောင်စေခဲ့၏။
ဧကရာဇ်သည် လျှို့ဝှက်စာကို ဖွင့်ကြည့်လိုက်ရာ အမှန်တကယ်ပင် စာလုံးတိုင်းသည် အောက်ရှင်း၏ လက်ရေး ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။ အောက်ရှင်း၏ လက်ရေးမှာ အလွန် ခမ်းနားကြီးကျယ်ပြီး ပြတ်သားလှရာ အခြားသူများ အတုခိုး၍ မရနိုင်သော ဟန်ပန်မျိုး ရှိသည်။
ဤလျှို့ဝှက်စာ၏ အစတွင် အောက်ရှင်းက အမြင့်မြတ်ဆုံးသော တာယင် ဧကရာဇ်မင်းမြတ်ကို အရိုအသေ ပေးကြောင်း ရေးသားထားသည်။ ဤအစပိုင်းကို မြင်တွေ့လိုက်ရသည်နှင့် တပြိုင်နက် ဧကရာဇ်သည် ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်လာတော့၏။
‘အောက်ရှင်း ခင်ဗျားက တာယင်အင်ပါယာ ဧကရာဇ်ဆီကို သစ္စာခံစာ ရေးရဲတယ် ဟုတ်လား။ ခင်ဗျားလို လောကရဲ့ နံပါတ်တစ် သစ္စာရှိတဲ့ အမတ်ကြီးကတောင် ပုန်ကန်သွားပြီလား။’
“အရှင်မင်းမြတ်က ကျုပ်ကို ဖျောက်ချီ စစ်သူကြီးချုပ်၊ နုလန်ဟောက်အဖြစ် ခန့်အပ်မယ်ဆိုတာကို ကြားသိရလို့ ကျုပ် အရမ်းကို ကြောက်ရွံ့ပြီး ညဘက်တောင် အိပ်မပျော်နိုင်အောင် ဖြစ်ရပါတယ်။ ကျုပ်လို ဘာအရည်အချင်းမှ မရှိတဲ့သူကို အရှင်မင်းမြတ်က ဒီလောက်တောင် ချစ်ခင်မြတ်နိုးတာ ကျုပ် ဘယ်လိုလုပ် ခံယူဝံ့မှာလဲ။
ကျုပ်ရဲ့သား အောက်ယွီဟာ ပါရမီရှိပြီး ကျွမ့်ယွမ် ဖြစ်လာနိုင်တဲ့ အရည်အချင်း ရှိပါတယ်။ ကျုပ်ကတော့ တစ်သက်လုံး စစ်တပ်မှာပဲ နေခဲ့ရပြီး ကျုပ်သား အောက်ယွီကတော့ စာပေပိုင်းမှာ ကျွမ်းကျင်ပါတယ်။ အရှင်မင်းမြတ်အနေနဲ့ ကျုပ်ရဲ့ သားသမီး အပေါ် ချစ်ခင်တဲ့ စိတ်ကို သနားပြီး အိမ်ရှေ့စံမင်းသားရဲ့ ထူးချွန် ထက်မြက်မှုကို ကြားသိရလို့ ကျုပ်ရဲ့သားကို အိမ်ရှေ့စံမင်းသားဆီမှာ အလုပ်အကျွေးပြုဖို့ ခန့်အပ်ပေးပါလို့ တောင်းဆိုပါတယ်။” ဤ လျှို့ဝှက်စာ မှာ မရှည်လျားဘဲ စာလုံးရေ တစ်ရာကျော်ခန့်သာ ရှိသည်။
အကြောင်းအရာမှာ အောက်ရှင်းက တာယင် ဧကရာဇ်နှင့် ဈေးဆစ်နေခြင်းဖြစ်ပြီး ငြင်းဆန်လိုသော်လည်း လက်ခံလိုသည့် ပုံစံမျိုး ဖြစ်ကာ အချုပ်အားဖြင့် ဤလျှို့ဝှက်စာသည် အောက်ရှင်းက တာယင် ဧကရာဇ်ထံ ရေးသားထားခြင်းဖြစ်ပြီး အောက်ယွီ အတွက် ဂုဏ်သိက္ခာနှင့် ချမ်းသာကြွယ်ဝမှုများကို တောင်းဆိုနေခြင်း ဖြစ်၏။
“ဟား... ဟား...ဟား... ဟား......”
ဧကရာဇ်က အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “အောက်ရှင်း... အောက်ရှင်း... ခင်ဗျားက လောကရဲ့ နံပါတ်တစ် သစ္စာရှိတဲ့ အမတ်ကြီး ဆိုတော့ သရုပ်ဆောင်တာ တကယ်ကောင်းတာပဲ။ တကယ် ကောင်းတာပဲ။ အရင်တုန်းက ကိုယ်တော်က ခင်ဗျားရဲ့ ဘွဲ့တွေကို ပြန်ပေးမယ်လို့ ပြောတုန်းက ခင်ဗျားက ဘာလို့ သဘောမတူတာလဲ ဆိုတာ အခုတော့ နားလည်သွားပြီ။
တာယင်အင်ပါယာရဲ့ ဟောက်ဘွဲ့နဲ့ ဖျောက်ချီ စစ်သူကြီးချုပ် ရာထူးကို လိုချင်နေတာကိုး။ ပြီးတော့ ခင်ဗျားသား အောက်ယွီ အတွက်လည်း အိမ်ရှေ့စံမင်းသားရဲ့ လက်အောက်ခံ ရာထူးကို တောင်းဆိုချင်နေတာပဲ။ တကယ်ကို သားသမီးအပေါ် ချစ်ခင်တဲ့ မိဘရဲ့ စိတ်ထားပါပဲ။ ဒါပေမဲ့ ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာက ခင်ဗျားအပေါ် ကျေးဇူးပြုခဲ့တာတွေကိုတော့ မေ့သွားပြီလား။”
ဤလျှို့ဝှက်စာသည် ဧကရာဇ် ဝမ်ယွင်အပေါ် ကြီးမားသော ထိုးနှက်ချက် ဖြစ်စေခဲ့သည်။ သူ၏ စိတ်ထဲတွင် အောက်ရှင်းသည် လောက၏ နံပါတ်တစ် သစ္စာရှိသော အမတ် ဖြစ်ပြီး မည်မျှပင် နှိပ်စက် ဖိနှိပ်စေကာမူ ပုန်ကန်မည် မဟုတ်သော သစ္စာရှိသူ ဖြစ်၏။
သို့ပေမည့် ယခု ဤလျှို့ဝှက်စာထဲတွင် အောက်ရှင်းပင်လျှင် ပုန်ကန်သွားပြီဖြစ်ပြီး တာယင်အင်ပါယာ ဧကရာဇ်ထံ သစ္စာခံသွားပြီဖြစ်သောကြောင့် တကယ်ကို အံ့ဩတုန်လှုပ်စရာ ကောင်းလွန်းလေသည်။
ဧကရာဇ်သည် ဆက်လက် သည်းခံနိုင်တော့ဘဲ ဘေးနားရှိ စာကြည့်ဆောင် အတွင်းမှ ချက်ချင်း ထွက်လာကာ အောက်ရှင်း၏ အရှေ့သို့ သွားပြီး လျှို့ဝှက်စာကို သူ၏ မျက်နှာပေါ်သို့ ပြင်းထန်စွာ ပစ်ပေါက်လိုက်တော့၏။
“ကြည့်စမ်း...ကြည့်စမ်း... လောကရဲ့ နံပါတ်တစ် သစ္စာရှိတဲ့ အမတ်ကြီး အောက်ရှင်း... သေချာကြည့်စမ်း။ ဒါ ခင်ဗျား ရေးထားတာ ဟုတ်လား။” ဧကရာဇ်က ဒေါသတကြီးဖြင့် အော်လိုက်သည်။
အောက်ရှင်းသည် လျှို့ဝှက်စာကို ကောက်ယူပြီး မျက်နှာ ပျက်ယွင်းသွားကာ အကြိမ်ကြိမ် ကြည့်ရှုပြီးနောက် တုန်ယင်စွာဖြင့် ပြောလိုက်၏။ “ဒီစာပေါ်က စာလုံးတိုင်းဟာ ကျုပ် ရေးထားတာ ဖြစ်ပေမယ့် ဒီလျှို့ဝှက်စာကို ကျုပ် မရေးခဲ့ဖူးပါဘူး။”
“ဟား... ဟား...ဟား...”
ဖူရန်လုံ သည် မူလက အသံကျယ်ကျယ်ဖြင့် ရယ်မောရန် ပြင်လိုက်သော်လည်း ဤနေရာမှာ သူ၏ တရားလွှတ်တော်ချုပ် မဟုတ်ဘဲ နန်းတော်အတွင်း၌ ဖြစ်ကြောင်း ရုတ်တရက် သတိရသွားသောကြောင့် ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။
“ခင်ဗျားတို့ သားအဖတွေက တကယ်ကို ရယ်စရာကောင်းတာပဲ။ ဒီစာလုံးတိုင်းက ခင်ဗျားတို့ ရေးထားတာ ဖြစ်ပေမယ့် ဒီစာကတော့ ခင်ဗျားတို့ ရေးတာ မဟုတ်ဘူးတဲ့။ လောကမှာ ဒီထက် ရယ်စရာကောင်းတဲ့ကိစ္စ ရှိသေးလား။ ခင်ဗျားတို့က အိပ်မက်မက်နေရင်းနဲ့များ ဒီပုန်ကန်တဲ့ စာကို ရေးခဲ့တာလား။”
ထို့နောက် ဖူရန်လုံက ဒူးထောက်ကာ ပြောလိုက်လိုက်၏။ “အရှင်မင်းမြတ်... အောက်ရှင်း သားအဖ ပုန်ကန်တာ သက်သေ အထောက်အထား အပြည့်အစုံ ရှိနေပါပြီ။ အရှင်မင်းမြတ် အမိန့်ချမှတ်ပေးတော်မူပါ။”
ဧကရာဇ်က ပြောလိုက်သည်။ “ပုန်ကန်တာ သေချာနေပြီဆိုတော့ ဘာအမိန့် ချမှတ်စရာ လိုသေးလို့လဲ။ တောင်ပိုင်းကျိုး နိုင်ငံရဲ့ ဥပဒေ အတိုင်းပဲ တရားဝင် အပြစ်ပေးပြီး မျိုးနွယ်စု အားလုံးကို သတ်ပစ်လိုက်။”
ဖူရန်လုံ၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်သွားပြီး ပြောလိုက်၏။ “လာကြစမ်း... အောက်ရှင်း တစ်မိသားစုလုံးကို ဖမ်းဆီးပြီး ထောင်ထဲ ထည့်လိုက်။ အချိန်ကောင်း ရွေးပြီး မျိုးနွယ်စု အားလုံးကို သတ်ပစ်မယ်။”
သို့ပေမည့် ထိုအချိန်တွင်ပင် နန်ကုန်းချော့သည် နောက်ထပ် လျှို့ဝှက်စာ တစ်စောင်ကို ထုတ်ယူလိုက်ပြီး ဖွင့်ကြည့်လိုက်ရာ မျက်နှာ လုံးဝ ပျက်ယွင်းသွားတော့သည်။
“အရှင်မင်းမြတ်...” နန်ကုန်းချော့၏ မျက်နှာ တုန်ယင်သွား၏။
“ဘာဖြစ်လို့လဲ။” ဧကရာဇ်က မေးလိုက်သည်။
“အရှင်မင်းမြတ်... ဒီစာကို ကြည့်ပါအုံး။” နန်ကုန်းချော့က ပြောလိုက်၏။