← Chapters

အခန်း ၅၀၁

Vol. 43 Ch. 501

အခန်း ၅၀၁

Vol. 43 Ch. 501

အပိုင်း (၅၀၁)

ဧကရာဇ်သည် ထိုစာကို ယူကြည့်လိုက်ရာ သူ၏ မျက်နှာ ပို၍ပင် ပြောင်းလဲသွားတော့၏။ အဘယ်ကြောင့်ဆိုသော် ဤစာသည် သူ၏ နံပါတ်တစ် လူယုံတော် ဝန်ကြီးချုပ် လင်ကုန်း ရေးသားထားခြင်း ဖြစ်ပြီး အစပိုင်းတွင် အမြင့်မြတ်ဆုံးသော တာယင် ဧကရာဇ်မင်းမြတ်ကို အရိုအသေပေးပါတယ်ဟု ရေးသားထားသောကြောင့် ဖြစ်သည်။

ဤလျှို့ဝှက်စာ၏ အကြောင်းအရာမှာ ပို၍ပင် စိတ်ဝင်စားစရာကောင်းလေသည်။ သူ လင်ကုန်းသည် တာယင် အင်ပါယာ ဧကရာဇ်အတွက် အလုပ် လုပ်ပေးရန် ဆန္ဒရှိကြောင်း၊ အနာဂတ်တွင် တာယင်အင်ပါယာက တောင်ပိုင်းကျိုးအင်ပါယာကို ဖျက်ဆီးပစ်သည့်အခါ တာယင်အင်ပါယာ၏ နိုင်ကော်တွင် သူ လင်ကုန်း အတွက် နေရာတစ်နေရာ ရှိရန် မျှော်လင့်ကြောင်း ရေးသားထား၏။

ထို့အပြင် လင်ကုန်းက သူသည် တောင်ပိုင်းကျိုး နိုင်ကော်တွင် တတိယမြောက် ဝန်ကြီးချုပ်သာဖြစ်ပြီး အရှေ့တွင် ပထမ ဝန်ကြီးချုပ် နှင့် ဒုတိယ ဝန်ကြီးချုပ်တို့ ရှိနေသေးသောကြောင့် သူ၏ အစွမ်းထက်ဆုံး နိုင်ငံရေး ပြိုင်ဘက် များကို ဖယ်ရှားပေးရန်နှင့် သူ့ကို ပထမ ဝန်ကြီးချုပ် နေရာသို့ ရောက်ရှိစေကာ နိုင်ကော်ကို တစ်ဦးတည်း ချုပ်ကိုင်နိုင်စေရန် တာယင်အင်ပါယာ ဟေးလုံထိုင်၏ အကူအညီကို လိုအပ်ကြောင်း ရေးသားထားသည်။

ထိုဆိုလျှင် တာယင်အင်ပါယာ ဧကရာဇ် အတွက် ပိုမိုကောင်းမွန်စွာ အလုပ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း ပြောထားသည်။ ထို့အပြင် လင်ကုန်းက ကျင်းကျိုး အရေးအခင်းတွင် အပြည့်အဝ အောင်မြင်မှု မရရှိခဲ့ သောကြောင့် တာယင် ဧကရာဇ်ထံ အပြစ်ဝန်ခံထားသေး၏။

စာဖတ်နေရင်း ဧကရာဇ်၏ မျက်နှာ အဆက်မပြတ် ပျက်ယွင်းသွား၏။ ဖတ်ရှုပြီးနောက် လျှို့ဝှက်စာကို ဝန်ကြီးချုပ် လင်ကုန်းထံသို့ ပစ်ပေါက်လိုက်တော့သည်။

ဝန်ကြီးချုပ် လင်ကုန်းသည် လျှို့ဝှက်စာကို လက်ခံရရှိပြီးနောက် ချက်ချင်းပဲ မျက်နှာ လုံးဝ ပျက်ယွင်းသွားပြီး တစ်ကိုယ်လုံး တုန်ယင်သွားတော့၏။

အဘယ်ကြောင့်ဆိုသော် ဤစာပေါ်ရှိ စာလုံးတိုင်းသည် သူရေးသားထားခြင်း မှန်သော်လည်း ဤလျှို့ဝှက်စာမှာမူ သူရေးသားထားခြင်း လုံးဝ မဟုတ်သောကြောင့်ပင်။

ဤစာကို ဖတ်ရှုပြီးနောက် လင်ကုန်း၏ မျက်စိရှေ့တွင် အမှောင်ကျသွားပြီး သူတစ်ပါး၏ နည်းလမ်းကို အသုံးပြု၍ သူတစ်ပါးကို ပြန်လည် တိုက်ခိုက်ခြင်း ဆိုသော စကားကို နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။

ချက်ချင်းပဲ သူသည် စကားတစ်ခွန်းမှ မဆိုတော့ဘဲ ဤလျှို့ဝှက်စာ အတုကို ကိုင်ဆောင်ကာ မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး တစ်ချက်လေးမှ မလှုပ်ရှားတော့ချေ။ ယခုအခါ ဤအခြေအနေမှာ ကြီးမားသော ဟာသကြီး တစ်ခု ဖြစ်သွားတော့၏။

‘အောက်ယွီ ပုန်ကန်ပြီး လျှို့ဝှက်စာ ရေးသားခဲ့သည်ဆိုတာကို ထားလိုက်ပါတော့။ အောက်ရှင်းကလည်း ပုန်ကန်ပြီး လျှို့ဝှက်စာ ရေးသားခဲ့တယ် ဟုတ်လား။ ဒါတင်မကသေးဘူး။ ဝန်ကြီးချုပ် လင်ကုန်းကပါ ပုန်ကန်ပြီး လျှို့ဝှက်စာ ရေးသားခဲ့တယ် ဟုတ်လား။ ဒါကကြီးမားတဲ့ ဟာသကြီး မဟုတ်ရင် ဘာလဲ။’

ထိုအချိန်တွင်ပင် မဝေးလှသော နေရာမှ မီးတောက်များ ကောင်းကင်သို့ ထိုးတက်လာပြီး အလန့်တကြား အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

“အရှင်မင်းမြတ်... ဒုက္ခပါပဲ... ဒုက္ခပါပဲ... လူဆိုး တစ်စုက မှုခင်းစုံစမ်းရေး ဝန်ကြီးဌာနထဲကို ဝင်လာပြီး လူသတ်ပွဲကြီး ဆင်နွှဲကာ မှုခင်းစုံစမ်းရေး ဝန်ကြီးဌာနကိုပါ မီးရှို့သွားပါတယ်။”

‘မှုခင်းစုံစမ်းရေး ဝန်ကြီးဌာနကို မီးရှို့တယ် ဟုတ်လား။ မှုခင်းစုံစမ်းရေး ဝန်ကြီးဌာနကို သွေးစွန်းစေတယ် ဟုတ်လား။ ဒါ... ဒါက ဘာလုပ်ချင်တာလဲ။ ဒါက တကယ့်ကို နန်းတွင်းရဲ့ အဓိက နေရာတွေလေ။ နန်းတွင်းရဲ့ ဩဇာတိက္ကမကို ကိုယ်စားပြုတဲ့ နေရာတွေလေ။ ဒါက ရူးနေတာလား။

ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာရဲ့ နန်းတွင်းကို စက္ကူနဲ့ လုပ်ထားတယ်လို့များ ထင်နေတာလား။ သတ်ချင်ရင် သတ်၊ ရှို့ချင်ရင် ရှို့လို့ ရတယ်လို့ ထင်နေတာလား။ ဒါကကောင်းကင်ကြီး ပြိုကျလောက်တဲ့ ပြဿနာကြီး ဖြစ်ရုံတင် မကဘူး၊ ကောင်းကင်ကြီးကို ဆုတ်ဖြဲပစ်လိုက်တာပဲ။’

ဤစကားကို ကြားလိုက်ရချိန်မှာတော့ ဧကရာဇ်၏ ခန္ဓာကိုယ် ပြင်းထန်စွာ ယိမ်းယိုင်သွားပြီး မျက်နှာမှာ ဖြူရော်သွားတော့၏။

ဤအချိန်တွင် ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အရှင်မင်းမြတ်... ဒါက တကယ်ကို ထူးဆန်းနေပြီ။ ကျုပ် လျှို့ဝှက်စာ ရေးပြီး ပုန်ကန်သလို ကျုပ်ရဲ့ ဖခင် အောက်ရှင်းကလည်း လျှို့ဝှက်စာ ရေးပြီး ပုန်ကန်တယ်။ ဝန်ကြီးချုပ် လင်ကုန်းကလည်း လျှို့ဝှက်စာ ရေးပြီး ပုန်ကန်တယ် ဟုတ်လား။ ကျုပ်တို့ တောင်ပိုင်းကျိုး နန်းတွင်းက ဖျောက်ချီ စစ်သူကြီးချုပ်ကနေ ဝန်ကြီးချုပ်အထိ အားလုံး တာယင်အင်ပါယာဆီ သစ္စာခံသွားကြပြီလား။

ဒီနေ့ တရားလွှတ်တော်ချုပ်ကို သွေးစွန်းစေပြီး မီးရှို့ခဲ့တဲ့ သူက ကျုပ်လို့ ပြောတယ် ဟုတ်လား။ ဒါဆို အခု မှုခင်းစုံစမ်းရေး ဝန်ကြီးဌာနကို သွေးစွန်းစေပြီး မီးရှို့နေတဲ့ သူကရော ကျုပ်ပဲလား။ ဒါပေမဲ့ ကျုပ်က ဒီနေရာမှာ ရှိနေတာလေ။ အခု ကျုပ်တို့ တစ်မိသားစုလုံး အဖမ်းခံထားရပြီလေ။ ဒါမှမဟုတ် ကျုပ်က စိတ်စွမ်းအားနဲ့ မှုခင်းစုံစမ်းရေး ဝန်ကြီးဌာနကို မီးရှို့နေတာများလား။ အရှင်မင်းမြတ် သေချာ စဉ်းစားပေးပါ။”

ယွင်ကျုံးဟဲ့၏ စကားများသည် ဧကရာဇ် ဝမ်ယွင်၏ မျက်နှာကို ရူးသွပ်မတတ် ပါးရိုက်နေသကဲ့သို့ပင် ဖြစ်နေတော့သည်။

နိုင်ကော် တစ်ခုလုံး အပ်ကျသံ ကြားရမတတ် တိတ်ဆိတ်နေသည်။ အထူးသဖြင့် ဖူရန်လုံ နှင့် အခြားသူများက ယွင်ကျုံးဟဲ့ကို ကြည့်သော အကြည့်များမှာ အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်နေ၏။

‘ဒီလို မျှော်လင့်ချက် မဲ့နေတဲ့ အခြေအနေမျိုးကိုတောင် ခင်ဗျားက ပြောင်းပြန် လှန်ပစ်နိုင်တယ် ဟုတ်လား။ ခင်ဗျားရဲ့ တိုက်ခိုက်ရေး စွမ်းရည်၊ ခင်ဗျားရဲ့ ဉာဏ်ပညာက တကယ်ကို ကြောက်စရာကောင်းလွန်းပါတယ်။’

ဧကရာဇ်သည် မျက်လုံးများကို မှေးကာ ယွီလင်ဝေ့ ဒု-တပ်မှူး လျန်ကျင့်ကို ကြည့်ရင်း စိတ်ထဲတွင် အလွန်ကြီးမားသော ဒေါသများ ဖြစ်ပေါ်လာတောသည်။

ဤ ဒေါသသည် အောက်ယွီ တစ်ယောက်တည်း အပေါ်တွင်သာ မဟုတ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စ၏ နောက်ကွယ်ရှိ လျှို့ဝှက်ချက်များမှာ အလွန် နက်ရှိုင်းလွန်းနေပြီ ဖြစ်သောကြောင့်ပင်။

ဧကရာဇ်သည် စကားတစ်ခွန်းမှ မဆိုဘဲ စာကြည့်ဆောင် အတွင်းသို့ ပြန်လည် ဝင်ရောက်သွားပြီး နန်ကုန်းချော့က အနောက်မှ လိုက်ပါသွားကာ ချက်ချင်း ဒူးထောက်လိုက်တော့၏။

“နန်ကုန်းချော့... ရန်သူ့ နိုင်ငံက လျှို့ဝှက်သူလျှိုတွေကို ဖမ်းဆီးတာက ခင်ဗျားတို့ လုပ်ရမယ့် အလုပ် မဟုတ်ဘူးလား။”

ဧကရာဇ်က အေးစက်စက်ဖြင့် မေးလိုက်သည် “ဒီ လျန်ကျင့်က တကယ်ပဲ တာယင်အင်ပါယာရဲ့ လျှို့ဝှက်သူလျှို ဟုတ်လား။”

နန်ကုန်းချော့သည် ပြောရခက်နေသော်လည်း ဤအချိန်တွင် သူ တာဝန်မယူလျှင် မည်သူက တာဝန်ယူမည်နည်း။

ချက်ချင်းပဲ နန်ကုန်းချော့က ဦးညွတ်ကာ လျှောက်တင်လိုက်၏။ “အရှင်မင်းမြတ်... အမှားတွေ အားလုံးက ကျုပ်ရဲ့ အမှားတွေချည်းပါပဲ။ အရှင်မင်းမြတ် အပြစ်ပေးတော်မူပါ။”

ဧကရာဇ်၏ စိတ်ထဲတွင် ပြောစရာ စကားများ ထောင်သောင်းချီ ရှိနေသော်လည်း စကားတစ်ခွန်းမှ ထုတ်မပြောနိုင်ချေ။ သူက အမတ်ချုပ်ကြီးလင်၊ စုချင်ဝမ် တို့ကို ဒေါသထွက်လို့ ရမည်လား။

‘ခင်ဗျားတို့က အောက်ယွီ နဲ့ အောက်ရှင်းကို ချောက်ချချင်တယ် ဆိုရင်တောင် အပြစ်အနာအဆာ မရှိအောင် လုပ်လို့ မရဘူးလား။ တခြားလူတွေ သတိမထားမိအောင် လုပ်လို့ မရဘူးလား။ တခြားလူတွေက ပြန်လည် တိုက်ခိုက်တာမျိုး မခံရအောင် လုပ်လို့ မရဘူးလား။’

သူ မလုပ်နိုင်ချေ။ ဘာမှ မသိသလိုသာ ဟန်ဆောင်နေရမှာ ဖြစ်သည်။

ဤလျန်ကျင့်သည် တာယင်အင်ပါယာ၏ လျှို့ဝှက်သူလျှို ဟုတ်သလားဟု မေးလျှင် ဟုတ်သည်ဟုလည်း ဆိုနိုင်သကဲ့သို့ မဟုတ်ဟုလည်း ဆိုနိုင်၏။

သူသည် စင်စစ်အားဖြင့် တောင်ပိုင်းကျိုးအင်ပါယာသား စစ်စစ်ဖြစ်ပြီး စစ်ဘက်ဆိုင်ရာစာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့သူဖြစ်၏။ သူ၏ ကြိုးပမ်းအားထုတ်မှုများကြောင့်လည်း ယွီလင်ဝေ့တပ်ဖွဲ့၏ ဒုတိယတပ်မှူး အဆင့်အထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သို့ပေမည့် တောင်ပိုင်းကျိုးအင်ပါယာ၏ အဆင့်မြင့်စစ်ဘက်ဆိုင်ရာ ရာထူးများကိုမူ မှူးမတ်မျိုးနွယ်စုများကသာ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားကြသည်။ လျန်ကျင့်ကဲ့သို့ သာမန်အရပ်သားဘဝမှ စစ်ဘက်စာမေးပွဲ အောင်မြင်လာသူများအဖို့မူ စတုတ္ထအဆင့်ရှိ ဒု-တပ်မှူး သို့မဟုတ် တပ်ရင်းမှူးရာထူးသည်သာ အမြင့်ဆုံး တက်လှမ်းနိုင်သည့် အခြေအနေဖြစ်၏။

ပိုမိုမြင့်မားသော တတိယအဆင့် စစ်သူကြီးရာထူးများနှင့် ပြည်နယ်အသီးသီးရှိ စစ်သေနာပတိရာထူးများကိုမူ မှူးမတ်မျိုးနွယ်များကသာ ရယူထားကြရာ သာမန်ပြည်သူများအဖို့ ထိုရာထူးများကို ထိတွေ့ခွင့်ပင် မရရှိနိုင်ချေ။

တောင်ပိုင်းကျိုးအင်ပါယာတစ်လွှားရှိ စစ်သေနာပတိ ဆယ်ဦးကျော်တွင် မှူးမတ်မျိုးနွယ်မဟုတ်သူ တစ်ဦးတစ်ယောက်မျှပင် မရှိခြင်းက ဤအချက်ကို သက်သေထူလျက်ရှိသည်။

ထို့ထက် ပိုမိုအရေးပါသော နိုင်ကော်ဆိုလျှင်မူ အဆင့်မြင့်မှူးမတ်များ၏ စိုးစံရာနေရာဖြစ်ပြီး အဖွဲ့ဝင် ထက်ဝက်ခန့်မှာ တော်ဝင်မိသားစုဝင်များ ဖြစ်ကြ၏။

လျန်ကျင့်သည် လွန်ခဲ့သော ဆယ့်သုံးနှစ်ခန့်ကတည်းက စတုတ္ထအဆင့် စစ်သူကြီးဖြစ်ခဲ့သူ ဖြစ်၏။ နယ်မှ မြို့တော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် နေရာသုံးခုခန့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရသော်လည်း သူ၏ ရာထူးမှာမူ စတုတ္ထအဆင့်၌ပင် ရပ်တန့်နေခဲ့သည်။

ထို့ထက် ပို၍ စိတ်ပျက်ဖွယ်ကောင်းသည်မှာ နယ်တွင် တာဝန်ထမ်းဆောင်စဉ်က စတုတ္ထအဆင့် (အထက်) ဖြစ်သော်လည်း မြို့တော်သို့ ရောက်ရှိလာချိန်တွင်မူ စတုတ္ထအဆင့် (အောက်)သို့ အဆင့်လျှော့ချခြင်း ခံလိုက်ရခြင်းပင် ဖြစ်၏။

နယ်မှ မြို့တော်သို့ ပြောင်းရွှေ့ရာတွင် ရာထူးအဆင့် တစ်ဝက်ခန့် လျှော့ချခံရခြင်းမှာ ထိုခေတ်ကာလ၏ အစဉ်အလာတစ်ခုကဲ့သို့ ဖြစ်နေသည်။

သာမန်ပြည်သူများ၏ အမြင်တွင်မူ ယွီလင်ဝေ့ ဒု-တပ်မှူးရာထူးမှာ အင်ပါယာ၏ အဆင့်မြင့်စစ်ရာထူးတစ်ခု ဖြစ်သောကြောင့် အထင်ကြီးစရာကောင်းလှ၏။

သို့ရာတွင် ရည်မှန်းချက်ကြီးမားသော လျန်ကျင့်အဖို့မူ ဤအခြေအနေမှာ လွန်စွာနာကျင်ဖွယ်ကောင်းသော နှိပ်စက်မှုတစ်ခုကဲ့သို့ ဖြစ်နေသည်။

သူသည် လှောင်အိမ်အတွင်း ပိတ်လှောင်ခံထားရသော သားရဲတစ်ကောင်ကဲ့သို့ ရုန်းထွက်ခွင့်မရဘဲ တိုးတက်ရာ တိုးတက်ကြောင်း မျှော်လင့်ချက် အလင်းရောင်မှာလည်း မှေးမှိန်လျက်ရှိ၏။

ထိုကဲ့သို့သော အခြေအနေတွင် တာယင်အင်ပါယာ၏ ဟေးလုံထိုင်အဖွဲ့က သူ့အား မျက်စိကျလာပြီး စည်းရုံး သိမ်းသွင်းခဲ့ခြင်းမှာ သဘာဝကျလှသည်။

တိတိကျကျဆိုရလျှင် စည်းရုံးခံရခြင်းထက် မိမိနိုင်ငံ၏ သတင်းအချက်အလက်များကို ရောင်းစားခြင်းဟု ဆိုလျှင် ပို၍မှန်ကန်ပေလိမ့်မည်။

.

သူသည် ငွေကြေးကြောင့်လည်းကောင်း၊ ဟေးလုံထိုင်၏အင်အားကို အသုံးချ၍ သူ၏နိုင်ငံရေးရန်သူများကို ဖယ်ရှားကာ ရာထူးတက်လှမ်းနိုင်ရန်အတွက်လည်းကောင်း ဤလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မိမိနိုင်ငံတွင် ရာထူးတက်ရန်အတွက် ရန်သူ့နိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့ကို အားကိုးရသည်ဟူသော အချက်မှာ လွန်စွာ ရယ်မောဖွယ်ကောင်းလှ၏။

တောင်ပိုင်းကျိုးနန်းတွင်းရှိ အာဏာပိုင်များ၏ အမြင်တွင်မူ စတုတ္ထအဆင့် ဒု-တပ်မှူးတစ်ဦးမှာ အရာရောက်လှသူ မဟုတ်ပေ။ ဆူမီယွမ်နှင့် နိုင်ကော်ရှိ အမတ်ကြီးများမှာ ထိုမျှအဆင့်နိမ့်သော အရာရှိတစ်ဦးကို အရေးလုပ်လိမ့်မည် မဟုတ်ချေ။

သို့ပေမည့် ရန်သူ့နိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့များအတွက်မူ စတုတ္ထအဆင့် ဒု-တပ်မှူးတစ်ဦးကို စည်းရုံးနိုင်ခြင်းမှာ ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်သောကြောင့် သူ့အား မြေတောင်မြှောက်ပေးရန် အရင်းအမြစ်များကို ရက်ရက်ရောရော အသုံးပြုကြပေလိမ့်မည်။

သို့ရာတွင် လျန်ကျင့်မှာ အတတ်ပညာကျွမ်းကျင်သော လျှို့ဝှက်သူလျှိုတစ်ဦး မဟုတ်ပေ။ ထို့ကြောင့် တာဝန် ထမ်းဆောင်စဉ်အတွင်း အမှားအယွင်းတစ်ခု ပြုလုပ်မိရာမှ သူ၏အားနည်းချက်ကို တစ်စုံတစ်ယောက်က ဖမ်းမိသွားခဲ့သည်။

အတိအကျဆိုရသော် စစ်ဘက်၌ ဩဇာအကြီးဆုံးဖြစ်နေသည့် ဖူယန်ထူ၏ အဖွဲ့အစည်းက ဖမ်းမိသွားခြင်း ဖြစ်သည်။ ထိုသူတို့သည် လျန်ကျင့်ကို ချက်ချင်း အရေးမယူဘဲ ဝန်ကြီးချုပ်လင်ကုန်း၊ စုချင်ဝမ်တို့နှင့် ပူးပေါင်းကာ ကြီးမားလှသော အကြံအစည်ကြီးတစ်ခုကို ဖန်တီးရန် စတင်ပြင်ဆင်ခဲ့ကြ၏။

အကြောင်းမှာ လက်ရှိအချိန်တွင် အောက်ယွီကို သတ်ဖြတ်ရန်မှာ လွန်စွာခဲယဉ်းနေပြီး သာမန်ပြစ်မှုများဖြင့်လည်း အရာမထင်နိုင်တော့သောကြောင့် ဖြစ်၏။ ပုန်ကန်မှုဟူသော ပြစ်ချက်ကြီး တစ်ခုတည်းဖြင့်သာ သူ့ကို ဖြိုလဲနိုင်မှာဖြစ်သည်။

သို့သော်ငြား ထိုအခြေအနေမှာ စနစ်တကျနှင့် အချိန်ယူပြင်ဆင်ရမည့် ကိစ္စဖြစ်သောကြောင့် လျန်ကျင့်ကို ယွီလင်ဝေ့ ဒု-တပ်မှူးအဖြစ် ဆက်လက်ထားရှိကာ သူ၏အသက်ဘေးဖြင့် ခြိမ်းခြောက်၍ စကားနားထောင်အောင် ထိန်းချုပ်ထားခဲ့ကြ၏။

ထို့နောက် သူ့အား တာယင်အင်ပါယာ၏ ဒုတိယမျိုးဆက် လျှို့ဝှက်သူလျှိုတစ်ဦးအဖြစ် ဟန်ဆောင် အဆင့်အတန်းတစ်ခု ဖန်တီးပေးခဲ့ခြင်းပင် ဖြစ်တော့သည်။

ထို့အပြင် ၎င်းတို့သည် လျန်ကျင့်အား အောက်ရှင်းနှင့် လျှို့ဝှက်စွာ ဆက်သွယ်စေပြီး အောက်ရှင်းကို စည်းရုံး သိမ်းသွင်းနေသည့် ပုံစံမျိုး ဖန်တီးခဲ့ကြ၏။

ထို့နောက်တွင်မူ အောက်မင်ဟူသော ပါရမီရှင်က အောက်ရှင်း၏ နေ့စဉ်ရုံးသုံး စာရွက်စာတမ်းများထဲမှ စာလုံးများကို ဖြတ်ထုတ်ပေါင်းစပ်ကာ လျှို့ဝှက်စာအချို့ကို ဖန်တီးခဲ့လေသည်။ စောစောက ဧကရာဇ်ဝမ်ယွင် မြင်တွေ့ခဲ့ရသည်မှာ အဆိုပါစာများထဲမှ တစ်စောင်မျှသာ ဖြစ်သည်။

သို့ရာတွင် ဤမျှဖြင့် မလုံလောက်သေးဘဲ ၎င်းတို့သည် ခိုင်လုံသော သက်သေအထောက်အထားများ ထပ်မံလိုအပ်နေသေးသည်။ အထူးသဖြင့် အောက်ယွီသည် ရန်သူနှင့် ပူးပေါင်းကြံစည်နေသည်ဟူသော အချက်ပင် ဖြစ်၏။

ထို့အပြင် လျန်ကျင့်၏ အဆင့်အတန်းနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကိုလည်း အတည် မပြုရသေးချေ။

ဤလုပ်ငန်းစဉ်မှာ များပြားလှပေရာ သူ၏မိဘမျိုးရိုးနှင့် ပတ်သက်သည့် အချက်အလက် များစွာကို အတုအပ ပြုလုပ်ရမည့်အပြင်၊ တာယင်အင်ပါယာ ဟေးလုံထိုင်အဖွဲ့နှင့်လည်း အပေးအယူများ ပြုလုပ်ကာ ဤသူသည် ဒုတိယမျိုးဆက် လျှို့ဝှက်သူလျှိုတစ်ဦး ဖြစ်ကြောင်း အတည်ပြုပေးရန် အကူအညီ တောင်းခံရဦးမှာ ဖြစ်သည်။

သို့သော်ငြား မထင်မှတ်ဘဲ ယနေ့တွင် တရားလွှတ်တော်ချုပ်၌ သွေးစွန်းခဲ့ရသော တုန်လှုပ်ဖွယ်ရာ ပြဇာတ်ကြီး ပေါ်ပေါက်လာခဲ့သည်။ လင်ကုန်းနှင့် အောက်မင်တို့သည် ဤအဖြစ်အပျက်ကို အောက်ယွီနှင့် အောက်ရှင်းတို့အား သေတွင်းသို့ ပို့ဆောင်ရန်အတွက် အကောင်းဆုံးသော အခွင့်အရေးကြီးဟု မှတ်ယူခဲ့ကြ၏။

အကြောင်းမှာ ယွင်ကျုံးဟဲ့အနေဖြင့် ဤသို့ လုပ်ဆောင်ရန် ခိုင်လုံသောအကြောင်းပြချက် ရှိနေသောကြောင့်ပင်။ သူသည် စုမန်ကို ကယ်တင်လိုသကဲ့သို့ စီးကွမ်ကိုလည်း ချောက်ချလိုသည့် ဆန္ဒရှိနေသည် မဟုတ်ပါလား။

ထို့ကြောင့် အောက်မင်သည် ကျောက်တုံးမှတ်တမ်း စာမူကြမ်းထဲမှ စာလုံးဆယ်လုံးကျော်ခန့်ကို ချက်ချင်း ဖြတ်ထုတ်ကာ အပြစ်ဆိုဖွယ် မရှိသော ဤလျှို့ဝှက်စာတုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။

လျန်ကျင့်၏ ထွက်ဆိုချက်နှင့် ပေါင်းစပ်လိုက်ပါက လွန်စွာ ပြည့်စုံသွားသည့်အပြင်၊ လျန်ကျင့်၏ လျှို့ဝှက် နေအိမ်တွင် ဝှက်ထားသော သက်သေတုများနှင့်ပါ ပေါင်းစပ်လိုက်လျှင် အောက်ရှင်းတစ်မိသားစုလုံးကို သေလုမျောပါး ဖြစ်စေရန် လုံလောက်သွားပြီ ဖြစ်၏။

သို့ပေမည့် လျန်ကျင့်အနေဖြင့် မလုပ်သင့် မလုပ်ထိုက်ဘဲ အောက်ရှင်းကို နှစ်ကြိမ်တိုင်တိုင် သွားရောက်တွေ့ဆုံရန် ကြိုးပမ်းခဲ့ခြင်းမှာ ယွင်ကျုံးဟဲ့ကို သံသယဝင်စေရန် လုံလောက်သော အကြောင်းရင်း ဖြစ်သွားခဲ့တော့သည်။

All Chapters