အခန်း ၅၀၂
Vol. 43 Ch. 502
အပိုင်း (၅၀၂)
ယွင်ကျုံးဟဲ့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ လူတိုင်းက ကျုပ်ကို ဒုက္ခပေးချင်နေကြတယ် ဟူ၍ ဖြစ်သည်။ ပုံမှန်မဟုတ်သောကိစ္စရပ်များ ဖြစ်ပေါ်လာပါက သေချာပေါက် ပြဿနာ တစ်ခုခု ရှိနေပြီး တစ်ယောက်ယောက်က သူ့ကို ဒုက္ခပေးချင်နေသည်မှာ သေချာလို့နေ၏။
တာယင်အင်ပါယာ ဟေးလုံထိုင်အဖွဲ့သည် အောက်ရှင်း တစ်မိသားစုလုံးကို ကယ်တင်ရန်အတွက် အင်အားစု အမြောက်အမြား စေလွှတ်ထားကြောင်း ဖုန်းရှင်းမြဲ့က အမှန်တကယ် ပြောပြခဲ့ဖူးသည်။
ထို့အပြင် မည်သို့မည်ပုံ ကယ်တင်မည်ဟူသော နည်းလမ်းများကိုပါ ရှင်းလင်းစွာ ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။ ဖုန်းရှင်းမြဲ့သည် တောင်ပိုင်းကျိုးမြို့တော်အတွင်းရှိ တာယင်အင်ပါယာ၏ လျှို့ဝှက်ကွန်ရက်များနှင့် ဘေးကင်း လုံခြုံသော ပုန်းခိုအိမ်များစွာကို အောက်ယွီအား သိရှိစေခဲ့၏။
ထိုအရာမှာ အရေးကြုံလာပါက အဆိုပါ လျှို့ဝှက်ကွန်ရက်များကို အသုံးပြုနိုင်ရန် ဖြစ်၏။ အကြောင်းမှာ တာယင်အင်ပါယာ၏ အမြင်တွင် ယွင်ကျုံးဟဲ့ တစ်ဦးတည်း၏ တန်ဖိုးမှာ တောင်ပိုင်းကျိုးမြို့တော်ရှိ လျှို့ဝှက်ကွန်ရက်တစ်ခုလုံး၏ တန်ဖိုးထက်ပင် များစွာသာလွန်နေသောကြောင့် ဖြစ်သည်။
ဖုန်းရှင်းမြဲ့၏ အဆိုအရ ယန်ဖြန်ရှန် ကွယ်လွန်ပြီးနောက် တာယင်အင်ပါယာမှ တောင်ပိုင်းကျိုးအင်ပါယာသို့ စေလွှတ်သော လျှို့ဝှက်သူလျှိုအရေအတွက်မှာ ယခင်ကထက် အဆပေါင်းများစွာ တိုးပွားလာခဲ့သည်။ ထို့ကြောင့် ဤနှစ်နှစ်တာ ကာလတိုအတွင်းမှာပင် လျှို့ဝှက်ကွန်ရက်များစွာကို တည်ဆောက်နိုင်ခဲ့ကြ၏။
ယခင် ယန်ဖြန်ရှန် ရှိစဉ်ကမူ ၎င်း၏မျက်လုံးများမှာ လွန်စွာထက်မြက်ပြီး ဟေးလုံထိုင်အကြောင်းကိုလည်း ကောင်းစွာ နားလည်ထားသဖြင့် ချက်ချင်း ဖော်ထုတ်ခံရနိုင်သောကြောင့် လျှို့ဝှက်သူလျှိုစေလွှတ်ရာတွင် အလွန်အမင်း သတိထားခဲ့ကြရသည်။
ယန်ဖြန်ရှန် ကွယ်လွန်သွားချိန်တွင်မူ တာယင်အင်ပါယာ ဟေးလုံထိုင်အဖွဲ့သည် အောင်ပွဲခံခဲ့ကြလေတော့သည်။ ယခု လျန်ကျင့် ဆိုသူမှာလည်း ဖုန်းရှင်းမြဲ့ ပြောပြခဲ့သော လူစာရင်းတွင် ပါဝင်နေသည်။ သို့သော်ငြား ဟေးလုံထိုင်၏ မှတ်ချက်အရ ၎င်းကို အသုံးချ၍ရသော်လည်း အပြည့်အဝ ယုံကြည်၍မရဟု သိရ၏။
မိမိကို ဒုက္ခပေးရန် ကြံစည်နေသူမှာ မည်သူဖြစ်ကြောင်း သိရှိပြီးနောက် နောက်ဆက်တွဲအနေဖြင့် ရန်သူများက မည်သို့သော နည်းလမ်းဖြင့် တိုက်ခိုက်လာမည်ကိုသာ ဆင်ခြင်ရန် ကျန်တော့သည်။
အခြေအနေအရပ်ရပ်ကို သဘောပေါက်သွားပြီးနောက် ဖြေရှင်းရန်မှာ လွန်စွာလွယ်ကူသကဲ့သို့ တစ်ဖက်တွင်လည်း အလွန်ခက်ခဲလို့နေ၏။
အကြောင်းမှာ ရန်သူများသည် လျန်ကျင့်ကို ချုပ်ကိုင်ထားသောကြောင့် ၎င်း၏ ဝန်ခံထွက်ဆိုချက်များကို စိတ်တိုင်းကျ ကြိုးကိုင်နိုင်ခြင်းကြောင့် ဖြစ်သည်။
ထို့အပြင် လျှို့ဝှက်စာများမှာလည်း ခိုင်လုံသောသက်သေအဖြစ် ရှိနေပြန်ရာ အခြေအနေကို ပြောင်းပြန်လှန်ရန်မှာ လွန်စွာခဲယဉ်းလှသည်။ အကယ်၍ ဖြေရှင်း၍မရပါက မည်သို့လုပ်ဆောင်မည်နည်း။ လူတိုင်းကို အပြစ်ရှိသူများ ဖြစ်သွားအောင် ဖန်တီးပစ်လိုက်ရုံသာ ရှိတော့၏။
ထို့ကြောင့် ယွင်ကျုံးဟဲ့သည် လျန်ကျင့်၏ လျှို့ဝှက်အိမ်အတွင်း၌ အောက်ရှင်း၏ လျှို့ဝှက်စာသာမက ဝန်ကြီးချုပ် လင်ကုန်း၏ လျှို့ဝှက်စာနှင့် အခြားသော နိုင်ငံတော်လုံခြုံရေးကောင်စီမှ အမတ်ကြီးများ၏ လျှို့ဝှက်စာများကိုပါ ထည့်သွင်းထားလိုက်သည်။
အချုပ်အားဖြင့်ဆိုရသော် အကယ်၍သာ စစ်ဆေးဝံ့မည်ဆိုပါက တောင်ပိုင်းကျိုးနန်းတွင်းရှိ အဆင့်မြင့်အမတ် ထက်ဝက်ခန့်မှာ တာယင်အင်ပါယာ၏ လျှို့ဝှက်သူလျှိုများ ဖြစ်သွားစေရန် လုပ်ဆောင်ပြလိုက်မှာဖြစ်၏။
ထိုလျှို့ဝှက်စာများမှာ ယွင်ကျုံးဟဲ့ကိုယ်တိုင် အတုအပ ဖန်တီးထားခြင်း ဖြစ်သည်။ သူအသုံးပြုသော နည်းလမ်းမှာလည်း အောက်မင် အသုံးပြုသည့် နည်းလမ်းအတိုင်းပင် စာလုံးတစ်လုံးချင်းစီကို ဖြတ်ထုတ် ပေါင်းစပ်ကာ အပြစ်ဆိုဖွယ်မရှိသော လျှို့ဝှက်စာတစ်စောင် ဖြစ်လာအောင် ဖန်တီးခြင်း ဖြစ်သည်။
သို့ပေမည့် ယွင်ကျုံးဟဲ့၏ အတုအပဖန်တီးမှုမှာ ပို၍ပင် အဆင့်မြင့်လှပေသည်။ သူသည် ပေါင်းစပ်ထားသော စာလုံးများကို ဆွဲဖြဲ၍ မရနိုင်စေရန် စက္ကူစွန်းရှိ အမျှင်လေးများကို ပြန်လည်ယှက်နွှယ်စေသည့် နည်းပညာကို အသုံးပြုထား၏။
အကယ်၍ လျန်ကျင့်က သူ၏လျှို့ဝှက်အိမ်တွင် သက်သေများ ရှိနေသေးကြောင်း ဝန်မခံခဲ့လျှင်လည်း ကိစ္စမရှိပေ။ ဟေးပင်းထိုင်မှ နန်ကုန်းအာသည် မကြာမီ ထိုနေရာသို့ သွားရောက်စီးနင်းတော့မည် ဖြစ်သည်။
လင်ကုန်း၊ စုချင်ဝမ်နှင့် အောက်မင်တို့သည် ဤတစ်ကြိမ်တွင် အောက်ရှင်းသားအဖကို ချောက်ချရန်အတွက် စည်းမျဉ်းစည်းကမ်းများကို ကျော်လွန်လုပ်ဆောင်ခဲ့ကြ၏။
လျှို့ဝှက်သူလျှိုများကို တန်ပြန်နှိမ်နင်းခြင်းမှာ ဟေးပင်းထိုင်၏ တာဝန်သာ ဖြစ်သည်။ လျန်ကျင့်ကို ဖမ်းဆီးရမိပါက ဟေးပင်းထိုင်သို့ အဘယ်ကြောင့် အပ်နှံခြင်းမပြုသနည်းဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။
ဧကရာဇ်က အောက်ယွီကို သတ်ဖြတ်လိုခြင်းအပေါ် ဟေးပင်းထိုင်အနေဖြင့် တားဆီးနိုင်စွမ်း မရှိသကဲ့သို့ တားဆီးမည်လည်း မဟုတ်ပေ။ သို့သော်ငြား လင်ကုန်းတို့အဖွဲ့က ဟေးပင်းထိုင်ကို ကျော်လွန်၍ လုပ်ဆောင်ခြင်းမှာမူ လုံးဝ လွဲမှားနေသော လုပ်ရပ်ပင် ဖြစ်၏။
နိုင်ကော် အတွင်း၌ ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်၏။ ခဏအကြာတွင် ဟေးပင်းထိုင်မှ လာရောက် အစီရင်ခံသည်။ “မှုခင်းစုံစမ်းရေး ဝန်ကြီးဌာနရဲ့ မီးကို ငြှိမ်းသတ်နိုင်ပါပြီ။ သုံးပုံတစ်ပုံလောက် မီးလောင်ကျွမ်းသွားပါတယ်။ တာဝန်ကျ အရာရှိတွေနဲ့ စစ်သည် တချို့ အပါအဝင် ခုနစ်ဆယ့်ကိုးယောက် သေဆုံးသွားပါတယ်။ ကျုပ်တို့ လူဆယ့်သုံးယောက်ကို ဖမ်းမိခဲ့ပေမယ့် အားလုံး ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားကြပါတယ်။ သေကြောင်းကြံ တပ်ဖွဲ့ဝင်တွေပါ။”
အမှန်အတိုင်း ပြောရလျှင် ဤသတင်းကို ကြားချိန်၌ယွင်ကျုံးဟဲ့ကိုယ်တိုင်လည်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့၏။ ‘ချီးတဲ့မှ... ဒါ ဘယ်သူ လုပ်တာလဲ။ ဒီလောက်တောင် ရဲရင့်တာလား။ ဒါက တကယ့်ကို အချိန်ကိုက် ဝင်ရောက် တိုက်ခိုက်တာပဲ။’
သို့ရာတွင် ဤလုပ်ရပ်မှာ အမှန်စင်စစ် ယွင်ကျုံးဟဲ့ကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်းမဟုတ်သကဲ့သို့ သူနှင့်လည်း တစ်စုံတစ်ရာ သက်ဆိုင်ခြင်း မရှိပေ။ ၎င်းမှာ တာယင်အင်ပါယာ ဟေးလုံထိုင်အဖွဲ့က လက်ရှိအခြေအနေကို အခွင့်ကောင်းယူ၍ လုပ်ဆောင်လိုက်ခြင်းသာ ဖြစ်မည်ဟု သူ တွေးလိုက်မိသည်။
ဟေးလုံထိုင်၏ စရိုက်သဘာဝအရ ဤကဲ့သို့သော အခွင့်အရေးမျိုးကို လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ၎င်းတို့မှာ အောက်ယွီကို ကူညီလိုသော စေတနာဖြင့် လုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲ မိမိတို့၏ ကိုယ်ပိုင် စီမံကိန်းအရ သက်သက်သာ လှုပ်ရှားခြင်း ဖြစ်ပေလိမ့်မည်။
အဆိုပါသတင်းကို ကြားသိရပြီးနောက် မည်သူမှ စကား တစ်ခွန်းတစ်ပါဒ မဆိုနိုင်ဘဲ တိတ်ဆိတ်နေကြလေသည်။ မှုခင်းစုံစမ်းရေးဝန်ကြီးဌာနရုံး မီးလောင်ကျွမ်းသွားခြင်းမှာ နိုင်ငံရေးအရ သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုရှိသည်မှလွဲ၍ အခြားကြီးမားသော ဆုံးရှုံးမှုမျိုး သိပ်မရှိလှပေ။
ပုံမှန်အချိန်မျိုးတွင်ဆိုလျှင် ရာသီဥတုခြောက်သွေ့၍ မီးလောင်ခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သောကြောင့် နိုင်ငံရေးအရပင် ထိခိုက်မှုနည်းပါးလှသည်။ မှုခင်းစုံစမ်းရေးဝန်ကြီးဌာနရုံးသာမက နန်းတော်အတွင်း၌ပင် မီးလောင်မှုများ ဖြစ်ပွားခဲ့ဖူးသော သာဓကများ ရှိခဲ့လေသည်။
သို့ရာတွင် ယခုကဲ့သို့ အရေးကြီးသော အချိန်အခါမျိုး၌မူ ဤမီးလောင်မှုမှာ လွန်စွာ အန္တရာယ်ကြီးလှသည်။ ပြည်သူများအနေဖြင့် အဘယ်အရာများ ဖြစ်ပျက်နေသနည်းဟု သံသယများ ဝင်လာကြပေလိမ့်မည်။
နေ့ခင်းဘက်တွင် တရားလွှတ်တော်ချုပ်၌ သွေးချောင်းစီး၍ မီးရှို့ဖျက်ဆီးခြင်း ခံရပြီးနောက် ညဘက်တွင်လည်း မှုခင်းစုံစမ်းရေးဝန်ကြီးဌာန၌ လူသတ်ပွဲကြီး ဆင်နွှဲကာ မီးရှို့ခြင်း ခံလိုက်ရပြန်သည်။
ဤသည်မှာ ဧကရာဇ်မင်းမြတ် ကိုယ်တိုင်အုပ်ချုပ်နေသော မြို့တော်အတွင်း၌ ဖြစ်ပွားနေခြင်း ဖြစ်ရာ တောင်ပိုင်းကျိုးအင်ပါယာ၏ အုပ်ချုပ်ရေးအာဏာမှာ ယိမ်းယိုင်ကျဆင်းနေပြီလားဟု တွေးတောစရာ ဖြစ်လာတော့၏။
ထိုသို့သော အခြေအနေတွင်ပင် ပြင်ပမှ နောက်ထပ်လူတစ်ဦးမှာ အလျင်အမြန် ဝင်ရောက်လာကာ သတင်းပို့လိုက်တော့သည်။ “အရှင်မင်းမြတ်... မိန်းမစိုးကြီး ဟောက်ချန် တွေ့ဆုံခွင့် တောင်းပါတယ်။”
‘ဟောက်ချန် လား။ ဧကရာဇ်ဟောင်း ဘေးက ဟောက်ချန်က ဒီအချိန်ကြီး ဘာလို့ ရောက်လာတာလဲ။’
“သူ့ကို ဝင်လာခိုင်းလိုက်။”
မိန်းမစိုးအိုကြီး ဟောက်ချန် ဝင်ရောက်လာပြီး ဧကရာဇ်ကို ဒူးထောက်ကာ ဦးညွတ်လျက် ပြောလိုက်၏။ “ကျုပ်... အရှင်မင်းမြတ်ကို အရိုအသေပေးပါတယ်။ အရှင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။”
ဧကရာဇ်သည် ဟောက်ချန်ကို ယဉ်ကျေးပျူငှာစွာ ထူမကာ ပြောလိုက်သည်။ “မြို့တော်က မငြိမ်မသက် ဖြစ်နေတော့ ဧကရာဇ်ဟောင်းလည်း လန့်သွားလောက်ပြီ။ ဒါတွေ အားလုံးက ကိုယ်တော် ဆိုတဲ့ သားတစ်ယောက်ရဲ့ အမှားတွေပါ။”
မိန်းမစိုးအိုကြီးဟောက်ချန်က ပြောလိုက်၏။ “ဧကရာဇ်ဟောင်းက ဟောက်ကျန့် ရှင်းပြတာ မပြည့်စုံမှာစိုးလို့ ကျုပ်ကို ကိုယ်တိုင် လွှတ်ပြီး စကားတစ်ခွန်း ထပ်ပြောခိုင်းတာပါ။ အကယ်၍ အောက်ယွီက တကယ်ပဲ ရန်သူနဲ့ ပူးပေါင်းပြီး နိုင်ငံတော်ကို သစ္စာဖောက်တယ် ဆိုရင် လုံးဝ မျက်နှာသာ မပေးဘဲ သတ်သင့်တဲ့သူကို သတ်ပါတဲ့။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း၏ မျက်နှာများမှာ ပူထူသွားကြတော့သည်။
‘ဟောက်ချန်... ခင်ဗျားက စောစောလည်း မလာ၊ နောက်ကျလည်း မလာဘဲ ဒီအချိန်ကျမှ ရောက်လာတာ မျက်နှာကို လာရိုက်တာလား။’
ဧကရာဇ်က အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “နန်ကုန်းချော့နဲ့ အရည်အချင်းရှိတဲ့ အမတ်တွေ... ပြောပြလိုက်ကြပါအုံး။”
နန်ကုန်းချော့ သည် စကားတစ်ခွန်းမှ မဆိုဘဲ တိုက်ရိုက် ဒူးထောက်လိုက်တော့သည်။
တရားလွှတ်တော်ချုပ် ဖူရန်လုံက တုန်ယင် အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်၏။ “မိန်းမစိုးကြီး ဟောက်... ဒါတွေ အားလုံးက နားလည်မှု လွဲတာပါ။ တာယင်အင်ပါယာ ဟေးလုံထိုင်က ကျုပ်တို့ တောင်ပိုင်းကျိုး နန်းတွင်းကို သွေးခွဲချင်တဲ့ ယုတ်မာတဲ့ အကြံအစည်တွေပါ။”
ဟောက်ချန်က မေးလိုက်သည်။ “အို... ဒါဆို သခင်လေး အောက်ယွီက ရန်သူနဲ့ ပူးပေါင်းပြီး နိုင်ငံတော်ကို သစ္စာဖောက်တာ မဟုတ်ဘူးပေါ့။”
ဖူရန်လုံသည် စိတ်ထဲတွင် အလွန် မကျေမနပ် ဖြစ်နေသော်လည်း တုန်ယင် အက်ကွဲနေသည့် အသံဖြင့် ပြန်ဖြေလိုက်၏။ “မ... မဟုတ်ပါဘူး။”
ဟောက်ချန်သည် အောက်ရှင်း၏ အရှေ့သို့ သွားကာ သူ၏ လက်နှစ်ဖက်ကို ကိုင်ထားပြီး ပြောလိုက်သည်။ “စစ်သေနာပတိချုပ် အောက်ရှင်း... ခင်ဗျား... ခင်ဗျား မတရား ခံလိုက်ရပြီ။”
အောက်ရှင်း၏ ဆံပင်များ ဖြူဖွေးနေပြီး အလွန်အမင်း ဒေါသထွက်နေကာ တုန်ယင်စွာဖြင့် ပြောလိုက်၏။ “မိန်းမစိုးကြီး ဟောက်ချန်... ကျုပ် အောက်ရှင်း သေရမှာကို မကြောက်ပါဘူး။ ဒါပေမဲ့ ကျုပ်ကို သတ်ချင်တယ် ဆိုရင်တောင် ဂုဏ်သိက္ခာရှိရှိ သတ်လို့ မရဘူးလား။ ဂုဏ်သိက္ခာရှိရှိ သတ်လို့ မရဘူးလား။”
အောက်ရှင်း၏ ဤစကားတွင် အလွန်ကြီးမားသော ဝမ်းနည်းကြေကွဲမှုများ ပါဝင်နေပြီး ရင်ထဲတွင် မပြောနိုင်သော စကားများစွာ ကျန်ရှိနေသေးသည်။
‘ဘုရင်ကလည်း ဘုရင် မပီသဘူး၊ အမတ်ကလည်း အမတ် မပီသဘူး။ အစိုးရ အာဏာကို ကိုယ်ကျိုးအတွက် အသုံးပြုပြီး နိုင်ငံရေး အားပြိုင်မှု တွေအတွက် ဘာစည်းကမ်းမှ မရှိတော့ဘူး။ နန်းတွင်းရဲ့ ဥပဒေတွေကို ဂရုမစိုက်တော့သလို ပြည်သူ သန်းချီရဲ့ အသက်ရှင်ခြင်း သေဆုံးခြင်းကိုလည်း ဂရုမစိုက်တော့ဘူး။ ဒါက တိုင်းပြည် ပျက်မယ့် လက္ခဏာပဲ။ ကြည့်ရတာ ထျန်းယန် ခေတ်ရဲ့ ပြန်လည် ထူထောင်ရေး ဆိုတာ တောင်ပိုင်းကျိုးအင်ပါယာရဲ့ တကယ့် ပြန်လည် ထူထောင်ရေး မဟုတ်ဘဲ မသေခင်လေး လင်းလက်လာတာ သက်သက်ပါပဲ။’
ဧကရာဇ်က အေးစက်စက်ဖြင့် အမိန့်ပေးလိုက်၏။ “နန်ကုန်းချော့... တာယင်အင်ပါယာရဲ့ လျှို့ဝှက်ကွန်ရက် တွေက တောင်ပိုင်းကျိုးမှာ ဒီလောက်တောင် ရမ်းကားနေတာကို ခင်ဗျားတို့ ဟေးပင်းထိုင်က ဘာတွေ လုပ်နေကြတာလဲ။ ခင်ဗျားကို လစာ သုံးနှစ် ဖြတ်ပြီး ရာထူး တစ်ဆင့် ချလိုက်မယ်။
ဒီနေ့ကစပြီး ရှင်းလင်းရေး လုပ်ငန်းစဉ်ကို စတင် လုပ်ဆောင်ရမယ်။ မြို့တော် မှာရှိတဲ့ တာယင်အင်ပါယာရဲ့ လျှို့ဝှက်ကွန်ရက် တွေကို အမြစ်ပြတ် ရှင်းလင်းပစ်ရမယ်။ ဒီလို အံ့ဩတုန်လှုပ်ဖွယ်ရာကိစ္စမျိုး ထပ်ဖြစ်လာရင် ခင်ဗျားရဲ့ ဟေးပင်းထိုင် အကြီးအကဲ ရာထူးကို ဆက်မလုပ်နဲ့တော့။”
နန်ကုန်းချော့က ဦးညွတ်လျက် ပြောလိုက်သည်။ “အမိန့်တော် အတိုင်းပါ။”
ဧကရာဇ်က လျန်ကျင့်ကို လက်ညှိုးထိုးကာ အမိန့်ပေးလိုက်၏။ “ဒီလူကို သတ်ပစ်လိုက်။”
နန်ကုန်းချော့ သည် ရှေ့သို့တက်လာပြီး ဓားကြီးကို ဆွဲထုတ်ကာ ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။
လျန်ကျင့် သည် အလွန်ကြောက်လန့်နေပြီး ပတ်ဝန်းကျင်ကို လိုက်ကြည့်ကာ နောက်ဆုံးတွင် ဝန်ကြီးချုပ် လင်ကုန်း နှင့် စုချင်ဝမ် တို့၏ မျက်နှာပေါ်သို့ အကြည့်များ ရောက်ရှိသွားသည်။ သူသည် ဤအမတ်ကြီး နှစ်ဦးနှင့် အဆက်အသွယ် မရှိခဲ့သော်လည်း အောက်ယွီကို ချောက်ချသည့် နောက်ကွယ်က ကြိုးကိုင်သူများကို သူ ခန့်မှန်းမိ၏။
“အမတ်မင်း ကယ်ပါအုံး... အမတ်မင်း ကယ်ပါအုံး...” သူ၏ စကားသံ မဆုံးမီမှာပင် နန်ကုန်းချော့၏ ဓားချက်ဖြင့် နှစ်ပိုင်းကွဲ သွားတော့သည်။
ထို့နောက် နန်ကုန်းချော့သည် ဒေါသတကြီးဖြင့် နန်းတော်မှ ထွက်ခွာသွားပြီး ဟေးပင်းထိုင်ရုံးသို့ ရောက်ရှိသွားတော့၏။
ဤနေရာတွင် ဟေးပင်းထိုင် စစ်သည် ထောင်ချီ စုစည်းပြီးဖြစ်ရာ နန်ကုန်းချော့က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “လှုပ်ရှားမယ်။”
ဟေးပင်းထိုင် စစ်သည် ထောင်ချီသည် ဒီရေလှိုင်းများကဲ့သို့ ထွက်ပေါ်လာပြီး မြို့တော် တစ်ခုလုံးတွင် အလန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာတော့၏။
တောင်ပိုင်းကျိုးအင်ပါယာ မြို့တော်တွင် ကြီးကျယ်ခမ်းနားသော သူလျှိုရှင်းလင်းရေး လုပ်ငန်းစဉ်ကို စတင်လိုက်ပြီ ဖြစ်သည်။
ယနေ့ညသည် အစပျိုးမှုသာ ဖြစ်ပြီး နောက်ဆက်တွဲ အနေဖြင့် လူသောင်းချီ အသုံးပြုကာ မြို့တော်ရှိ အိမ်တိုင်းကို ရှင်းလင်းသွားမှာဖြစ်၏။
နန်ကုန်းချော့၏ စိတ်နှလုံးထဲတွင် အလွန်အမင်း ဒေါသထွက်နေပြီး တစ်ညလုံး အံကို တင်းတင်းကြိတ်ထားခဲ့ရာ ဘေးနားရှိ နန်ကုန်းအာက ရုတ်တရက် ပြောလိုက်သည်။ “မွေးစားအဖေ... ခင်ဗျားရဲ့ ပါးစပ်ထောင့်ကနေ သွေးတွေ ထွက်နေပြီ။”
တစ်ညလုံး အံကို တင်းတင်းကြိတ်ထားလွန်းသောကြောင့် ပါးစပ်တစ်ခုလုံး သွေးနံ့များ ရနေပြီဖြစ်ရာ သူ ရုတ်တရက် ထွေးထုတ်လိုက်ရာ မြေပြင်ပေါ်သို့ သွေးမြှုပ်များ ကျဆင်းသွားတော့၏။
အမှန်တကယ်ပင် မကျေမနပ်ဖြစ်ဖွယ် ကောင်းလှ၏။ အဆိုးရွားဆုံးမှာ ထိုမကျေနပ်မှုနှင့် ဒေါသများကို ပြင်ပသို့ ပေါက်ကွဲထုတ်ဖော်ခွင့် မရရှိခြင်းပင် ဖြစ်သည်။
‘ဝန်ကြီးချုပ်လင်ကုန်း၊ စုချင်ဝမ်နှင့် စီးကွမ်... ခင်ဗျားတို့က အောက်ရှင်းတစ်မိသားစုလုံးကို အမြစ်ပြတ် သုတ်သင်ချင်တာ ကျုပ် နန်ကုန်းချော့ ဘာမှ ဝင်ရောက် မပတ်သက်ခဲ့ဘူး။ အခု အောက်ယွီရဲ့ ပြင်းထန်တဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် ခင်ဗျားတို့ရဲ့ အစီအစဉ်တွေ ပျက်စီးဆုံးရှုံးသွားခဲ့ရုံမကဘူး၊ ခင်ဗျားတို့ရဲ့ မျက်နှာနဲ့ ဧကရာဇ်မင်းမြတ်ရဲ့ သိက္ခာတော်ကိုပါ အရှင်လတ်လတ် စော်ကားလိုက်သလို ဖြစ်သွားပြီ။ ဒါပေမဲ့ အဲဒီ ဖြစ်ရပ်အားလုံးရဲ့ ရလဒ်ဆိုးတွေကို ကျုပ်တို့ ဟေးပင်းထိုင်အဖွဲ့ကပဲ အပြစ်တင် ဝေဖန်မှုတို့ကို ခါးစည်းခံနေရတာတော့ လုံးဝ တရားမျှတမှု မရှိဘူး။’
အစိုးရအာဏာကို မိမိကိုယ်ကျိုးအတွက် ဤမျှအထိ အလွဲသုံးစားပြုပြီး နိုင်ငံရေးအားပြိုင်မှုများတွင် အခြေခံ စည်းမျဉ်းစည်းကမ်းများပင် မရှိတော့ဘဲ ရမ်းကားလုပ်ဆောင်နေကြမည်ဆိုပါက နန်းတွင်း၏ ဥပဒေစိုးမိုးရေးမှာ အဘယ်မှာ ရှိတော့မည်နည်း။ အင်ပါယာ၏ ဂုဏ်သိက္ခာနှင့် ဩဇာတိက္ကမမှာလည်း အဘယ်အရပ်သို့ လွင့်စင်ပျောက်ကွယ်သွားပြီနည်း။
....................