အခန်း ၅၀၃
Vol. 43 Ch. 503
အပိုင်း (၅၀၃)
နန်းတွင်း၏ နိုင်ကော် အတွင်း၌ မိန်းမစိုးကြီး ဟောက်ချန်သည် မထွက်ခွာသေးဘဲ အောက်ရှင်း၏ လက်ကို ကိုင်ကာ အိမ်တွင်းရေးရာများကို ပြောဆိုနေပြီး အဆုံးအစမရှိ ပြောဆိုနေတော့မည့် ပုံစံမျိုး ရှိနေသည်။
ဧကရာဇ် မျက်မှောင်ကြုတ်သွားသော်လည်း ဟောက်ချန်ကို အတင်းအကျပ် မောင်းထုတ်၍ မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဧကရာဇ်ဟောင်းကို ကိုယ်စားပြုနေသောကြောင့်ပင်။
အောက်ယွီသည် ဧကရာဇ်ဟောင်း၏လူ ဖြစ်သည်။ ရလဒ်အနေဖြင့် ဧကရာဇ်က သူ့ကို ရန်သူနှင့် ပူးပေါင်းပြီး နိုင်ငံတော်ကို သစ္စာဖောက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးလာခဲ့သည်။
သေချာစွာ စစ်ဆေးကြည့်ရှုသောအခါ၌မူ ဖြစ်ရပ်အလုံးစုံမှာ လွန်စွာရယ်ဖွယ်ကောင်းသော ဟာသတစ်ခုကဲ့သို့ ဖြစ်နေတော့၏။
ဧကရာဇ်သည် သူတစ်ပါးအပေါ် မတရားသဖြင့် ပြစ်မှုစွပ်စွဲခဲ့ပြီးနောက်၊ မည်သည့်လျော်ကြေးမှ ပေးအပ်ခြင်း မရှိဘဲ ဤအတိုင်း လျစ်လျူရှုထားရန် ကြံစည်နေခြင်းမှာ လုံးဝမဖြစ်သင့်သော ကိစ္စရပ်ပင် ဖြစ်သည်။
ဤကဲ့သို့သော အမှားမျိုးကို မည်သည့်တာဝန်ယူမှုမှ မရှိဘဲ အလွယ်တကူ ကျော်ဖြတ်သွားခွင့်ပြုရန်မှာ လုံးဝ မသင့်လျော်ပေ။
ဧကရာဇ်၏ မျက်လုံးများ ပြောင်းလဲသွားပြီး ယွင်ကျုံးဟဲ့ကို ကြည့်သော အကြည့်များမှာ နောက်တစ်ကြိမ် ရင်းနှီးဖော်ရွေလာကာ ပြောလိုက်၏။ “တကယ့် ရွှေစစ်က မီးကို မကြောက်ဘူး ဆိုတာ မှန်တာပဲ။ အောက်ယွီ... ခင်ဗျား ဒီညကြီးမားတဲ့ အကျိုးဆောင်မှုကြီး တစ်ခု လုပ်လိုက်ပြန်ပြီ။ တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ ယုတ်မာတဲ့ အကြံအစည်တွေကို ဖော်ထုတ်နိုင်ခဲ့တယ်။ ကိုယ်တော်က ဆုချီးမြှင့်သင့်ပါတယ်။ ခင်ဗျားကို မူလ ရာထူး ပြန်ပေးရင် ဘယ်လိုလဲ။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “အရှင်မင်းမြတ်...ကျုပ်က အရင်တစ်ခေါက် တာဝန်ကို သေချာ မလုပ်ဆောင်နိုင်ခဲ့လို့ နိုင်ငံခြားရေးဝန်ကြီးဌာန မှာ ဆက်နေဖို့ မျက်နှာ မရှိတော့ပါဘူး။”
ဧကရာဇ် မျက်လုံးများကို မှေးကာ မေးလိုက်၏။ “ဒါဆို ခင်ဗျား ဘယ်ကို သွားချင်တာလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ကျုပ် စုံစမ်းစစ်ဆေးရေးရုံးကို သွားချင်ပါတယ်။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ နိုင်ကော်ရှိ လူများ၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားတော့၏။
‘ခင်ဗျားက ဘာရာထူးမှ မရှိတာတောင် ဒီလောက် အန္တရာယ် ပေးနိုင်စွမ်း ရှိနေတာ။ စုံစမ်းစစ်ဆေးရေးရုံး ဆိုတာက လူတွေကို ပြစ်တင်ဝေဖန်ဖို့ သီးသန့် ဖွဲ့စည်းထားတာလေ။ အဲဒီကိုများ ခင်ဗျား ရောက်သွားရင် ဘယ်လောက်တောင် ဆိုးရွားလိုက်မလဲ။’
ဧကရာဇ်က စုံစမ်းစစ်ဆေးရေးရုံးအကြီးအကဲကို ကြည့်ကာ မေးလိုက်သည်။ “ခင်ဗျား ဘယ်လို ထင်လဲ။”
စုံစမ်းစစ်ဆေးရေးရုံးအကြီးအကဲက ပြန်ဖြေလိုက်၏။ “အရှင်မင်းမြတ်...ကျုပ်တို့ စုံစမ်းစစ်ဆေးရေးရုံးက လူတွေ အားလုံးက ကျင်ရှီတွေချည်းပါပဲ။ နှစ်ရာချီ အတွင်းမှာ ဒီစည်းကမ်းကို တစ်ခါမှ မဖျက်ဖူးပါဘူး။”
ဧကရာဇ်က ပြောလိုက်သည်။ “အင်း... နန်းတွင်းရဲ့ စည်းကမ်းတွေကို ချိုးဖောက်ဖို့ မလွယ်ပါဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “စုံစမ်းစစ်ဆေးရေးရုံးကို သွားလို့ မရဘူးဆိုရင် ကျုပ် နက္ခတ်ဗေဒင်ရုံးကို သွားလို့ ရမလား။”
နက္ခတ်ဗေဒင်ရုံးဟု ကြားလိုက်ရချိန်မှာတော့ ဧကရာဇ်၏ စိတ်ထဲတွင် ချက်ချင်း သတိအပြည့် ဖြစ်သွားတော့၏။ ဤနေရာသည် ဩဇာအာဏာ မရှိသော နေရာတစ်ခု ဖြစ်သော်လည်း ဟန်ဆောင်ပြီး လှည့်စားရန်အတွက် အသင့်တော်ဆုံး နေရာပင် ဖြစ်သည်။
သို့ပေမည့် ယခုအချိန်တွင် အောက်ယွီကို ရာထူး တစ်ခုခု မပေးပါက ဧကရာဇ်ဟောင်းဘက်ကို ရှင်းပြ၍ ရမည် မဟုတ်ချေ။
အောက်ယွီ၏ အဓိပ္ပာယ်မှာလည်း အလွန် ရှင်းလင်းနေသည်။ နက္ခတ်ဗေဒင်ရုံးကို သွားပြီး ဟန်ဆောင် လှည့်စားမလား၊ သို့မဟုတ် စုံစမ်းစစ်ဆေးရေးရုံးကို သွားပြီး ရူးရူးမူးမူး ပြစ်တင်ဝေဖန်မလား ဆိုသည်ပင်။
နှိုင်းယှဉ်ကြည့်မည်ဆိုပါက နက္ခတ်ဗေဒင်ရုံး၏ အန္တရာယ် ပေးနိုင်စွမ်းက အနည်းငယ် ပိုနည်းသေးသည်။
ချက်ချင်းပဲ ဧကရာဇ်က မေးလိုက်၏။ “လင်ကုန်း... နက္ခတ်ဗေဒင်ရုံးဘက်က အခြေအနေ ဘယ်လိုရှိလဲ။”
ဝန်ကြီးချုပ် လင်ကုန်းက ပြန်ဖြေလိုက်သည်။ “နက္ခတ်ဗေဒင်ရုံး ဘက်မှာ အမြဲတမ်း လူမပြည့်ပါဘူး။ အခုချိန်မှာ စီရင်ဖြတ်ထုံး အရာရှိ နေရာတစ်ခု လွတ်နေပါတယ်။ ဒါပေမဲ့ နက္ခတ်ဗေဒင်ရုံးရဲ့ စီရင်ဖြတ်ထုံး အရာရှိဟာ ဆဋ္ဌမအဆင့် ဖြစ်လို့ စည်းကမ်းနဲ့ မကိုက်ညီပါဘူး။”
ဧကရာဇ်က အမိန့်ပေးလိုက်၏။ “အရည်အချင်း ရှိတဲ့သူကို စည်းကမ်း မလိုဘဲ အသုံးပြုရမှာပေါ့။ အမိန့်တော် ရေးလိုက်.... အောက်ယွီဟာ နက္ခတ္တဗေဒနဲ့ ပထဝီဝင်တွေကို ကျွမ်းကျင်တဲ့အတွက် နက္ခတ်ဗေဒင်ရုံးရဲ့ စီရင်ဖြတ်ထုံး အရာရှိအဖြစ် ခန့်အပ်လိုက်တယ်။ ချက်ချင်း တာဝန် ထမ်းဆောင်စေ။”
ယွင်ကျုံးဟဲ့ ဒူးထောက်ကာ ပြောလိုက်သည်။ “ကျုပ်... ဧကရာဇ်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်။ အရှင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ထောင်ကျော် ရှည်ပါစေ... သက်တော်သောင်းကျော် ရှည်ပါစေ။”
ဧကရာဇ်သည် လက်ဝှေ့ယမ်းကာ အနောက်ဆောင်သို့ ပြန်လည် ဝင်ရောက်သွားတော့သည်။ ထိုနေရာတွင် ရှိနေသော လူများလည်း အသီးသီး လူစုခွဲသွားကြတော့၏။
ယနေ့ည အလွန် ပြင်းထန်သော အခြေအနေကြီးမှာ ချက်ချင်းပဲ အဆုံးသတ်သွားပြီး ဘာမှ မဖြစ်သကဲ့သို့ ပြီးဆုံးသွားတော့သည်။
“ခွမ်း.... ခလွမ်း... ခွမ်း...”
အိမ်သို့ ပြန်ရောက်ပြီးနောက် ကျိန့်ဟိုင်မြို့စား သားတော် စီးကွမ်သည် အိမ်ထဲရှိ အဖိုးတန်ကျောက်စိမ်း အလှဆင် ပစ္စည်းများနှင့်ကြွေထည်များကို အားလုံး ရိုက်ခွဲပစ်လိုက်တော့၏။
စာကြည့်ခန်း အတွင်းရှိ ပစ္စည်းများ အားလုံးကို ရိုက်ခွဲပြီးမှသာ ကျိန့်ဟိုင်မြို့စား သားတော်၏ ဒေါသများ ပြေပျောက်သွားတော့သည်။
“လူတစ်ယောက်ကို သတ်ဖို့က ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ။”
စီးကွမ်က အေးစက်စက်ဖြင့် မေးလိုက်၏။ “အောက်မင်... ခင်ဗျားက နတ်ဆိုးလို ဉာဏ်ကောင်းတယ် ဆိုပေမယ့် ဘာလို့ သူ့ကို မသတ်နိုင်သေးတာလဲ။”
အောက်မင် လက်ကို ဖြန့်ကာ ပြန်ပြောလိုက်သည်။ “သခင်လေး... ကျုပ်လည်း စိတ်ရောကိုယ်ပါ ပင်ပန်းနေပါပြီ။”
စီးကွမ်က ပြောလိုက်၏။ “ဒီနေ့ညမှာပဲ ကျုပ်မိသားစုက ငွေသား သုံးသန်းတိတိ ပေးလိုက်ရတယ်။ ရလဒ်ကတော့ ဘာမှ မရခဲ့ဘူး။”
ရုတ်တရက် ယွဲ့တန်းဖျင်၏ ခေါင်းဆောင် တူဟွေးက ပြောလိုက်သည်။ “တကယ်တော့ ခင်ဗျားတို့တွေ လမ်းမှားကို ရောက်သွားကြတာပါ။”
“ပြောကြည့်ပါ။”
တူဟွေးက ပြောလိုက်၏။ “အောက်ယွီ ဟာ ဉာဏ်ပညာ အရမ်း ထက်မြက်တယ် မဟုတ်လား။”
လူတိုင်း ခေါင်းညိတ်ပြလိုက်ကြသည်။
တူဟွေးက ပြောလိုက်၏။ “ဒါကြောင့် ခင်ဗျားတို့က သူ့ကို ဉာဏ်ပညာနဲ့ အနိုင်ယူဖို့ကြိုးစားနေတာဟာ ကိုယ့်အားနည်းချက်နဲ့ သူ့ရဲ့ အားသာချက်ကို သွားယှဉ်နေသလိုပါပဲ။ ကျန်းကျိုးမြို့ကနေ မြို့တော်အထိ ခင်ဗျားတို့ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရတာ အားလုံး ဉာဏ်ပညာ ပိုင်းမှာ ရှုံးနိမ့်ခဲ့ရတာချည်းပါပဲ။
အခု သူက ဧကရာဇ်ဟောင်းရဲ့ အကာအကွယ်ကိုပါ ရရှိထားတော့ သူ့ကို သတ်နိုင်တဲ့ ပြစ်မှုဆိုလို့ ပုန်ကန်မှုနဲ့ နိုင်ငံတော် သစ္စာဖောက်မှုပဲ ရှိတော့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် နိုင်ငံတော် သစ္စာဖောက်မှု ပြဇာတ်ကြီးကလည်း ခင်ဗျားတို့ လုပ်တာ ပျက်စီးသွားပြီဆိုတော့ သူ့ကို သတ်ဖို့ ဒီလို ပြစ်မှုမျိုး ထပ်ရှာဖို့ ဆိုတာ ဘယ်လောက် ကြာအောင် စောင့်ရမလဲ မသိနိုင်တော့ဘူး။”
အောက်မင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဆရာကြီး တူဟွေး ပြောတာ ယုတ္တိရှိပါတယ်။”
တူဟွေးက ဆက်ပြောလိုက်၏။ “အောက်ယွီရဲ့ အားနည်းချက်က ဘာလဲ။”
အောက်မင်က ပြန်ဖြေလိုက်သည်။ “သိုင်းပညာ... သူက ကြက်ကလေး တစ်ကောင်ကိုတောင် မသတ်နိုင်ဘူးလေ။”
တူဟွေးက ပြောလိုက်၏။ “ဒါကြောင့် သူ့ကို ဉာဏ်ပညာနဲ့ သွားမယှဉ်ပါနဲ့တော့။ တိုက်ရိုက် သတ်ပစ်လိုက်ရင် ပြီးရော။ သေချာပေါက် သူ့အဖေ အောက်ရှင်းက သိုင်းပညာ အရမ်း မြင့်မားတယ်။ သူ ဖျားနာနေရင်တောင် အရမ်း အစွမ်းထက်နေသေးတယ်။ ဒါကြောင့် သူ့အိမ်မှာ သွားသတ်ဖို့ ဆိုတာ ခက်ခဲပါတယ်။
ပြီးတော့ သူ့ဘေးနားမှာလည်း ထိပ်တန်း သိုင်းပညာရှင် တွေ အကာအကွယ် ပေးထားပုံ ရတယ်။ ဒါကြောင့် လမ်းမှာ သတ်ဖို့လည်း ခက်ခဲပါတယ်။ သူ့ကို သတ်နိုင်တဲ့ တစ်ခုတည်းသော နေရာက ညီလာခံပါပဲ။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်းကြက်သီးမွေးညင်းများ ထသွားကြတော့သည်။
တူဟွေးက ပြောလိုက်၏။ “အခု အောက်ယွီဟာ နက္ခတ်ဗေဒင်ရုံးရဲ့ စီရင်ဖြတ်ထုံး အရာရှိ ဖြစ်သွားပြီဆိုတော့ ညီလာခံကို တက်လို့ ရနေပြီ။ သူနဲ့ မင်းသမီး ရှန်ရှန်း တို့ဟာ အပြန်အလှန် ချစ်မြတ်နိုးနေကြတော့ သူက သေချာပေါက် စီးကွမ်နဲ့ မင်းသမီး ရှန်ရှန်းရဲ့ အိမ်ထောင်ရေးကို ဖျက်ဆီးဖို့ ကြိုးစားမှာပဲ။ ကျိန့်ဟိုင် မြို့စားအိမ်တော်ကိုလည်း အမြဲတမ်းကိုက်ခဲနေမှာပဲ။
ပြီးတော့ သူက နက္ခတ်ဗေဒင်ရုံးရဲ့ အရာရှိ ဖြစ်သွားပြီဆိုတော့ ကောင်းကင် အခြေအနေ အမျိုးမျိုးကို အသုံးပြုပြီး ကျိန့်ဟိုင် မြို့စားအိမ်တော်ဟာ သေချာပေါက် ပုန်ကန်တော့မယ်၊ မင်းသမီး ရှန်ရှန်းကို သားတော် စီးကွမ်ဆီ လုံးဝ လက်မထပ်ပေးသင့်ဘူး ဆိုတဲ့ စကားတွေကို ပိုပြီးတောင် ပြောဆိုလာအုံးမှာပဲ။”
လူတိုင်း ခေါင်းညိတ်ပြလိုက်ကြသည်။
တူဟွေးက ပြောလိုက်၏။ “သားတော် စီးကွမ်... ခင်ဗျား သူ့ကို ပြောချင်တိုင်း ပြောပါစေလို့ လွှတ်ထားလိုက်ပါ။ ပြီးတော့ ကျုပ်တို့ရဲ့ ပြည်သူ့အသံကလည်း သူ့ကို ကူညီပြီး ပြောပေးမယ်။ ခင်ဗျားရဲ့ ဖခင်ကို အဆက်မပြတ် ပြစ်တင်ဝေဖန်မယ်။ ခင်ဗျားရဲ့ မိဘတွေကို စော်ကားမယ်။ ဘယ်လောက် ဆိုးဆိုးရွားရွား ပြောလို့ရလဲ အကုန် ပြောမယ်။ ခင်ဗျားရဲ့ မိဘတွေကို အရှက်ကွဲအောင် လုပ်မယ်။
အဲဒီအခါကျရင် ခင်ဗျားဟာ သားတစ်ယောက် အနေနဲ့ သေချာပေါက် မိဘကျေးဇူးကို သိတတ်ရမယ်။ အမြဲတမ်း သည်းခံနေရမယ်။ သည်းခံနိုင်စွမ်း အစွန်းရောက်သွားတဲ့ တစ်နေ့ကျရင် ခင်ဗျားဟာ တမင်တကာ ညီလာခံကို တက်ပြီး အမတ်တွေကြားမှာ ပုန်းအောင်းနေလိုက်။
အောက်ယွီက ခင်ဗျားရဲ့ မိဘတွေကို နောက်တစ်ကြိမ် ပြစ်တင်ဝေဖန်တဲ့ အချိန်ကျရင် ခင်ဗျား ရုတ်တရက် ထပြီး သူ့ကို ညီလာခံမှာ သတ်ပစ်လိုက်။ အဲဒီအချိန်မှာ သူ့ဘေးနားမှာ ဘယ်အကူအညီမှ မရှိသလို သူက ကြက်ကလေး တစ်ကောင်ကိုတောင် မသတ်နိုင်တဲ့သူ ဆိုတော့ လွယ်လွယ်လေး သတ်လို့ ရသွားမှာပဲ။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ကျိန့်ဟိုင် မြို့စား သားတော် စီးကွမ်၏ မျက်နှာ ပြောင်းလဲသွားတော့သည်။ ‘ညီလာခံမှာ၊ အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေ အားလုံးရဲ့ ရှေ့မှာ လူသတ်မယ် ဟုတ်လား။ နန်းတွင်းရဲ့ အမတ်ကို သတ်မယ် ဟုတ်လား။ ဒါ... ဒါက အရမ်းကို ထိတ်လန့်စရာကောင်းလွန်းပါတယ်။ ဒါကကြီးမားတဲ့ ပြစ်မှုကြီးပဲ။’
တူဟွေးက ပြောလိုက်၏။ “အကယ်၍ တခြားသူသာ ညီလာခံမှာ လူသတ်မယ်ဆိုရင် သေချာပေါက် သေရမှာပါပဲ။ ဒါပေမဲ့ ခင်ဗျားကတော့ မတူပါဘူး။ အခုချိန်မှာ နန်းတွင်းက ခင်ဗျားရဲ့အဖေကို အားကိုးနေရလို့ ခင်ဗျားကို မသတ်ရဲပါဘူး။ ဧကရာဇ်ဟောင်းတောင်မှ ခင်ဗျားကို မသတ်ရဲပါဘူး။”
စီးကွမ်က အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ “ဒါပေမဲ့ အဲဒီလိုဆိုရင် ကျုပ်ရဲ့ သားတော်နေရာလည်း ပျောက်ဆုံးသွားသလို မင်းသမီး ရှန်ရှန်းနဲ့ အိမ်ထောင်ရေးလည်း ပျက်စီးသွားပြီလေ။ ပြီးတော့ အောက်ယွီနဲ့ ရန်သူဖြစ်နေတာ ကျုပ် တစ်ယောက်တည်းမှ မဟုတ်တာ။ ကျုပ်တစ်ယောက်တည်းကိုပဲ မီးထဲ လက်နှိုက်ခိုင်းဖို့ ဆိုရင် ကျုပ် မလုပ်နိုင်ဘူး။”
တူဟွေးက အေးစက်စက်ဖြင့် ပြန်ပြောလိုက်၏။ “သခင်လေး... အောက်ယွီက ခင်ဗျားရဲ့ အဖေကို ဒီလောက် ရူးရူးမူးမူး ပြစ်တင်ဝေဖန်နေတာကို ခင်ဗျားက သားတစ်ယောက် အနေနဲ့ ဘာမှ မမေးဘဲ၊ မသိချင်ယောင် ဆောင်နေမယ်ဆိုရင် ခင်ဗျားအဖေက ဘယ်လို ခံစားရမလဲ ဆိုတာကို စဉ်းစားကြည့်ပါအုံး။ ပြီးတော့ အနာဂတ်မှာ ကျိန့်ဟိုင် မြို့စား နေရာကို ဘယ်သူ ဆက်ခံမလဲ ဆိုတာကို ဧကရာဇ်မင်းမြတ်ရဲ့ အလိုဆန္ဒက အရေးကြီးပေမယ့် ခင်ဗျားအဖေရဲ့ အလိုဆန္ဒကလည်း အရေးကြီးတယ် မဟုတ်လား။”
စီးကွမ်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွား၏။ အမှန်တကယ်ပင် ဤသို့ ဖြစ်သည်။
စီးမိသားစုသည် ပင်လယ်ပြင်တွင် ပြိုင်ဘက်ကင်း ဖြစ်သောကြောင့် ကျိန့်ဟိုင်မြို့စားအိမ်တော် တစ်ခုလုံးသည် လွတ်လပ်သော နိုင်ငံငယ်လေး တစ်ခုနှင့်တူပြီး သူ၏ အဖေ စီးပြန်းသည်လည်း ဘုရင် တစ်ပါးနှင့် တူ၏။
စီးကွမ်သည် မြို့တော်တွင် ဓားစာခံ အဖြစ် နေထိုင်နေရသော်လည်း သားတော် အနေဖြင့် ဩဇာတိက္ကမ အပြည့် ရှိနေသည်။ သို့ပေမည့် အနာဂတ်တွင် မြို့စား နေရာကို မည်သူ ဆက်ခံမည် ဆိုသည်ကိုမူ ဖခင်ဖြစ်သူ စီးပြန်းကသာ ဆုံးဖြတ်ရမှာဖြစ်သည်။
အကယ်၍ အောက်ယွီက ဖခင် စီးပြန်းကို ရူးရူးမူးမူး ပြစ်တင်ဝေဖန်နေချိန်တွင် စီးကွမ် ဆိုသော သားဖြစ်သူက ဘာအသံမှ မထွက်ဘဲ နေမည်ဆိုပါက ဖခင်ဖြစ်သူ မည်မျှ ဒေါသထွက်မည်နည်း။
တူဟွေးက ပြောလိုက်၏။ “သခင်လေး... ခင်ဗျား မြို့တော်မှာ နေလာတာ ဆယ်နှစ်ကျော်ပြီ မဟုတ်လား။ နှစ်တိုင်း အိမ်ပြန်ပြီး မိဘတွေနဲ့ တွေ့ရတဲ့အချိန်က အရမ်း နည်းပါတယ်။ ဆန့်ကျင်ဘက် အနေနဲ့ ခင်ဗျားရဲ့ ညီတွေက နေ့တိုင်း ခင်ဗျားအဖေနဲ့ အတူတူ ရှိနေပြီး နေ့တိုင်း မိသားစု ပျော်ရွှင်မှုတွေကို ခံစားနေကြရတယ်။ ဖခင်နဲ့ သားကြားက သံယောဇဉ်က ဘယ်လောက်တောင် နက်ရှိုင်းနေမလဲ။
တစ်နေ့နေ့မှာ ဒီကျိန့်ဟိုင်မြို့စား နေရာဟာ ခင်ဗျားရဲ့ ညီတစ်ယောက်ယောက် လက်ထဲ ရောက်သွားမှာကို ခင်ဗျား မကြောက်ဘူးလား။ အကယ်၍ ခင်ဗျားက ဒီအချိန်မှာ ရုတ်တရက် ထပြီး အောက်ယွီကို သတ်ပစ်လိုက်မယ်ဆိုရင် ခင်ဗျားအဖေ ဘယ်လောက်တောင် စိတ်လှုပ်ရှားသွားမလဲ။
ဒါက ဘယ်လောက်တောင်ကြီးမားတဲ့ မိဘကျေးဇူး သိတတ်မှုလဲ။ ရှေးခေတ်တည်းက မိဘတွေအတွက် လူသတ်တဲ့ သားသမီးတွေကို လူတိုင်းက ချီးကျူးခဲ့ကြတာချည်းပါပဲ။”
သူပြောသော စကားများသည် အလွန် ယုတ္တိရှိလှသောကြောင့် လူတိုင်း ခေါင်းညိတ်သဘောတူလိုက်ကြသည်။