အခန်း ၅၀၄
Vol. 43 Ch. 504
အပိုင်း (၅၀၄)
စီးကွမ်က အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “ဆရာကြီး တူဟွေး... ကျုပ်ရဲ့ သိုင်းပညာက အရမ်း မြင့်မားပေမယ့် ကျုပ်က လူမိုက် တစ်ယောက် မဟုတ်ပါဘူး။ ကျုပ်ကို ညီလာခံမှာ လူသတ်ခိုင်းဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။”
တူဟွေးက မေးလိုက်သည်။ “ဒါဆို ခင်ဗျားက အောက်ယွီ ခင်ဗျားအဖေကို ပြစ်တင်ဝေဖန်နေတာကို ဒီအတိုင်း ကြည့်နေတော့မှာလား။ သူ့ကို ပုန်ကန်မယ်လို့ စွပ်စွဲရုံသာမက အရှက်ရစရာ စကားတွေ အများကြီး ပြောပြီး ခင်ဗျားအဖေဟာ ကျင့်ဝတ်တွေကို ဖောက်ဖျက်တယ်၊ မိဘကို မလေးစားဘူး၊ ဖခင်ကို သတ်ပြီး မိခင်ကို စော်ကားတယ် ဆိုတဲ့ စကားမျိုးတွေကို ခင်ဗျား သည်းခံနိုင်မှာလား။”
စီးကွမ်၏ မျက်နှာ ပြောင်းလဲသွားပြီး အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဒါက ခင်ဗျားတို့ ဖန်တီးချင်တဲ့ ပြည်သူ့အသံတွေ ဖြစ်လောက်တယ်။”
တူဟွေးက ပြန်ပြောလိုက်သည်။ “သေချာပေါက် အောက်ယွီ ပြောတာ ဖြစ်မှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ညီလာခံ တစ်ခုလုံး ပွက်လောညံသွားမှာ သေချာပါတယ်။ ဒါကြောင့် ခင်ဗျားက အောက်ယွီကို သတ်တာ လုံးဝ တရားမျှတပါတယ်။”
စီးကွမ်က ပြောလိုက်၏။ “ကျုပ် ထပ်ပြောမယ်။ ကျုပ်ကို ညီလာခံမှာ အောက်ယွီကို သတ်ခိုင်းဖို့ လုံးဝ မဖြစ်နိုင်ဘူး။”
အောက်မင်က ဝင်ပြောလိုက်သည်။ “ဒါဆို အောက်ယွီက ညီလာခံမှာ ခင်ဗျားမိဘတွေကို ပြစ်တင်ဝေဖန်တဲ့ အချိန်ကျရင် ခင်ဗျား ရုတ်တရက် ထပြီး သူ့ကို ရိုက်နှက်မယ် ဆိုရင်ကော။ အသေမသတ်ဘဲ သေလုနီးပါးအထိ ရိုက်နှက်မယ် ဆိုရင်ကော။ ဒါက လုံးဝ ဖြစ်နိုင်တယ် မဟုတ်လား။”
စီးကွမ်က ပြောလိုက်၏။ “ဆက်ပြောပါ။”
အောက်မင်က ပြောလိုက်သည်။ “ခင်ဗျားက သူ့ကို လက်သီးနဲ့ တစ်ချက်ထိုးပြီး မျက်လုံးတစ်ဖက် ကန်းသွားအောင် လုပ်လိုက်မယ်။ ခြေထောက်နဲ့ တစ်ချက်ကန်ပြီး မိန်းမစိုး ဖြစ်သွားအောင် လုပ်လိုက်မယ်။ ဒါက လုံးဝ ဖြစ်နိုင်တယ် မဟုတ်လား။
သားတစ်ယောက် အနေနဲ့ မိဘတွေ စော်ကားခံရတာကို ကြားရလို့ ရုတ်တရက် ဒေါသထွက်ပြီး ရိုက်နှက်လိုက်တာ လုံးဝ ခွင့်လွှတ်လို့ ရတယ် မဟုတ်လား။ နန်းတွင်းက ခင်ဗျားကို အားကိုးနေရတာဆိုတော့ ခင်ဗျားက အောက်ယွီကို ရိုက်နှက်လိုက်ရင် နန်းတွင်းက ခင်ဗျားကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးလေ။”
စီးကွမ်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။ “ဟုတ်တယ်။ ဒါပေမဲ့ အဲဒီလိုဆိုရင် အောက်ယွီက မသေသေးဘူးလေ။ မျက်စိကန်းသွားတဲ့ အောက်ယွီ၊ မိန်းမစိုး ဖြစ်သွားတဲ့ အောက်ယွီက ကျေနပ်စရာ ကောင်းပေမယ့် သူက ဒုက္ခပေးနေအုံးမှာပဲ။ သူ သေသွားမှသာ ပြဿနာ အားလုံး ပြေလည်သွားမှာ။”
အောက်မင်က ပြောလိုက်သည်။ “ကျုပ်တို့ အင်ပါယာက မိဘကျေးဇူး သိတတ်မှုကို အလေးထားပြီး ကျင့်ဝတ်တွေကို အလေးထားပါတယ်။ အောက်ယွီက ကျိန့်ဟိုင်မြို့စားကို ဒီလောက်တောင် ပြစ်တင်ဝေဖန်ပြီး နန်းတွင်းနဲ့ နယ်စားကြားက ဆက်ဆံရေးကို သွေးခွဲနေတာကို သစ္စာရှိတဲ့ အမတ်တွေက လုံးဝ ဒေါသထွက်နေကြမှာပါ။
ခင်ဗျားက အောက်ယွီကို ခြေထောက်နဲ့ တစ်ချက်ကန်လိုက်တာနဲ့ စုံစမ်းစစ်ဆေးရေးရုံး၊ ဟန်လင် နန်းတွင်းကျောင်း၊ နက္ခတ်ဗေဒင်ရုံးက လူငယ် အရာရှိတွေက ဒေါသတကြီးနဲ့ ရှေ့ထွက်လာပြီး အောက်ယွီကို အရှင်လတ်လတ် ဝိုင်းရိုက်သတ်ပစ်လိုက်မယ်ဆိုရင် ဒီပြဇာတ်က ဖြစ်နိုင်မလား။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်းကြက်သီးမွေးညင်းများ ထသွားကြတော့သည်။ တကယ်ကို ရက်စက်သည့် အကြံအစည်ဖြစ်ပြီး။ လူငယ် အရာရှိများကို အသုံးပြု၍ အောက်ယွီကို ဝိုင်းဝန်း ရိုက်သတ်စေခြင်း ဖြစ်၏။
ထိုသို့ဆိုလျှင် ဤအကြံအစည်မှာ အမှန်တကယ်ပင် အောင်မြင်နိုင်ပါမည်လား။ စင်စစ်အားဖြင့် အောင်မြင်နိုင်ခြေ အလွန် ရှိ၏။ အကြောင်းမူကား ပြစ်မှုတစ်ခုတွင် လူအများအပြား ပါဝင်ပတ်သက်နေပါက ဥပဒေအရ အပြစ်ပေးရန် ခဲယဉ်းသောကြောင့် ဖြစ်သည်။
စီးကွမ်သည် သူတစ်ပါးအား ထိခိုက်နာကျင်စေခဲ့သည်မှာ မှန်ကန်သော်လည်း သူသည် မိဘအပေါ် သိတတ်သော ကျေးဇူးတရားကြောင့်သာ ဖြစ်၏။
ထို့အပြင် ၎င်းသည် လက်သီးတစ်ချက်၊ ခြေတစ်ချက်မျှသာ အသုံးပြုခဲ့ခြင်း ဖြစ်သောကြောင့် အောက်ယွီမှာ လူငယ်အရာရှိ ရာနှင့်ချီတို့၏ ဝိုင်းဝန်းရိုက်နှက်ခြင်းကြောင့်သာ သေဆုံးခဲ့ရခြင်း ဖြစ်ပေသည်။
တူဟွေးက ထောက်ပြ ပြောဆိုလိုက်ပြန်၏။ “တာ့ယန် အင်ပါယာ၊ ယန်မင် ဆယ့်ခုနစ်နှစ်မှာ လူယုတ်မာ ဝန်ကြီးချုပ် လီချန်ယုဟာ အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေရဲ့ ဝိုင်းဝန်း ရိုက်သတ်ခြင်းကို ခံခဲ့ရဖူးတယ်။
တာ့ရှ အင်ပါယာ၊ ချန်အန်း ရှစ်နှစ်မှာ ဟေးရွှေထိုင် အကြီးအကဲ ကျန်းကျန့် ဟာ စစ်သူကြီး ဆယ်ယောက်ကျော်ရဲ့ အရှင်လတ်လတ် ရိုက်သတ်ခြင်းကို ခံခဲ့ရပြီး အမတ်ရာချီက သူ့ကို သွားတွေနဲ့ ကိုက်ဖြတ်ကာ အရှင်လတ်လတ် အပိုင်းပိုင်း ဆုတ်ဖြဲပစ်ခဲ့ကြတယ်။
တောင်ပိုင်းကျိုးအင်ပါယာ၊ ချန်ကျုံးဧကရာဇ် နဲ့ စုကျုံးဧကရာဇ် လက်ထက်တွေမှာလည်း ညီလာခံမှာ အမတ်တွေ ဝိုင်းဝန်း ရိုက်သတ်ခံရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးတယ်။
ဒီလို ဖြစ်စဉ်တွေက နှစ်ထောင်ချီကာလအတွင်းမှာ မရေမတွက်နိုင်အောင် ရှိခဲ့ပါတယ်။ အောက်ယွီလို ဆဋ္ဌမအဆင့် အရာရှိငယ်လေး တစ်ယောက်ကို မဆိုထားနဲ့၊ ဝန်ကြီးချုပ်တွေ၊ စစ်သေနာပတိချုပ်တွေ၊ ပထမအဆင့် အမတ်ကြီးတွေတောင်မှ ဝိုင်းဝန်း ရိုက်သတ်ခံခဲ့ရဖူးတယ်။”
ဤသို့သော ဖြစ်ရပ်မျိုးမှာ ဤကမ္ဘာလောကတွင်သာမက၊ တရုတ်သမိုင်းကြောင်းတစ်လျှောက်တွင်လည်း အထင်အရှား ရှိခဲ့ဖူးသည်။
တူဟွေးက ဆက်ပြောလိုက်၏။ “ရလဒ်ကရော။ လူအများကြီး ပါဝင်နေရင် ဥပဒေအရ အပြစ်ပေးလို့ မရဘူးလေ။ ပြီးတော့ အောက်ယွီကို ရိုက်သတ်လိုက်တာ ခင်ဗျား စီးကွမ်မှ မဟုတ်တာ။ ဧကရာဇ်ဟောင်းက ခင်ဗျားကို အပြစ်တင်လို့ ရမလား။
နန်းတွင်းက ခင်ဗျားရဲ့ကျိန့်ဟိုင် မြို့စားအိမ်တော်ကို အားကိုးနေရတာဆိုတော့ ဘယ်သူက ခင်ဗျားကို တကယ် အပြစ်ပေးရဲမှာလဲ။ ပြီးတော့ ခင်ဗျားက ခင်ဗျားရဲ့ ကျိန့်ဟိုင်မြို့စားအပေါ် သစ္စာရှိကြောင်းကိုလည်း ပြသနိုင်ခဲ့ပြီလေ။
ဧကရာဇ်မင်းမြတ်က အပေါ်ယံမှာတော့ ဒေါသထွက်နေပေမယ့် သူ့ရဲ့ အတွင်းစိတ်ထဲမှာတော့ ဒီကိစ္စ ဖြစ်လာတာကို အရမ်း ဝမ်းသာနေမှာ သေချာပါတယ်။ ဒါက နှစ်ဖက်စလုံးအတွက် အကျိုးရှိတာ မဟုတ်ဘူးလား။”
အောက်မင်က ပြောလိုက်သည်။ “သခင်လေး... အောက်ယွီရဲ့ အစွမ်းကို ခင်ဗျားလည်း မြင်တွေ့ခဲ့ရပြီပဲ။ အကယ်၍ အခုချိန်မှာ သူ့ကို မဖယ်ရှားပစ်ဘူးဆိုရင် အနာဂတ်မှာ သူ အကြိမ်ကြိမ် ပြန်လည် တိုက်ခိုက်လာရင် ဘယ်သူက ခံနိုင်မှာလဲ။ ဧကရာဇ်ဟောင်း နတ်ရွာစံတဲ့ အချိန်အထိ စောင့်ပြီးမှ သူ့ကို သတ်ရမှာလား။ ဒါဆို ဘယ်အချိန်အထိ စောင့်ရအုံးမှာလဲ။”
ကျိန့်ဟိုင်မြို့စား သားတော် စီးကွမ်သည် မျက်လုံးများကို မှိတ်ကာ အချိန်အတော်ကြာ စဉ်းစားနေတော့၏။
အချိန်အတော်ကြာပြီးမှသာ သူသည် စားပွဲကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်ပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ဒီကိစ္စကို ကျုပ် လုပ်မယ်။ ဒါပေမဲ့ ကျုပ် ကြိုပြောထားမယ်။ ကျုပ်က ပထမဆုံး စတင် လှုပ်ရှားမှာ ဖြစ်ပေမယ့် အောက်ယွီကို ရိုက်သတ်မယ့်ကိစ္စကတော့ ခင်ဗျားတို့ တာဝန်ပဲ။”
အောက်မင်က ပြောလိုက်၏။ “ပြဿနာ မရှိပါဘူး။ ကျုပ် အခုချက်ချင်း စုချင်ဝမ် ဆီ သွားမယ်၊ ဖူရန်လုံ ဆီ သွားမယ်၊ ကျုပ်ဆရာ ဆီ သွားမယ်။ စုံစမ်းစစ်ဆေးရေးရုံး၊ ဟန်လင်နန်းတွင်းကျောင်း၊ နက္ခတ်ဗေဒင်ရုံး တင်မကဘူး၊ တခြား လူငယ် အရာရှိတွေလည်း ပါဝင်လာကြလိမ့်မယ်။
အောက်ယွီကို အရှင်လတ်လတ် ရိုက်သတ်ဖို့ လူငယ် အရာရှိ အယောက်တစ်ရာကျော် ရှာတွေ့မယ်လို့ ကျုပ် အာမခံပါတယ်။ လူအများကြီး ပါဝင်နေရင် ဥပဒေအရ အပြစ်ပေးလို့ မရဘူး ဆိုတာ သေချာအောင် လုပ်ပေးမယ်။ လိုအပ်ရင် ဘယ်လူငယ် အရာရှိတွေ ပါဝင်လာမယ် ဆိုတာကိုတောင် ကျုပ် ခင်ဗျားကို ပြောပြနိုင်ပါတယ်။”
စီးကွမ်က ပြန်ပြောလိုက်သည်။ “ကောင်းပြီ။ အဲဒါဆိုရင် ဒီကိစ္စကို ဒီလိုပဲ ဆုံးဖြတ်လိုက်ကြတာပေါ့။ ညီလာခံမှာ အောက်ယွီကို လူသိရှင်ကြား ရိုက်သတ်ပစ်မယ်။”
အောက်မင်က ပြောလိုက်၏။ “သေချာပေါက် ဆုံးဖြတ်လိုက်ပြီ။ ကျုပ် စုချင်ဝမ် ဆီ သွားပြီး အစီရင်ခံလိုက်မယ်။ အဲဒီအချိန်ကျရင် တော်ဝင်တရားရုံးက လူငယ်အရာရှိတွေလည်း ပါဝင်လာလိမ့်မယ်။ သူတို့ အားလုံးက တော်ဝင်မိသားစုဝင်တွေ ဖြစ်ပြီး ကျုပ်တို့နဲ့ အတူတူ အောက်ယွီကို ရိုက်သတ်ကြလိမ့်မယ်။”
ထို့နောက် အောက်မင်သည် လက်ဆန့်ထုတ်လိုက်ပြီး စီးကွမ်လည်း လက်ဆန့်ထုတ်လိုက်၏။ နင်ဟွိုင်အန်း လည်း လက်ဆန့်ထုတ်လိုက်ပြီး တူဟွေးနှင့် ဖူရန်လုံ တို့လည်း လက်ဆန့်ထုတ်လိုက်ကြကာ ကြီးမားသော အင်အားစု အများအပြား ပူးပေါင်း၍ ဤအံ့ဩတုန်လှုပ်ဖွယ်ရာ အစီအစဉ်ကို သတ်မှတ်လိုက်ကြတော့သည်။
ယွင်ကျုံးဟဲ့သည် သူ၏ လျှို့ဝှက်ခန်း အတွင်း၌ အချိန်မရွေး အလုပ် လုပ်နေပြီး သူ၏ အကြီးမားဆုံး လက်နက်ကြီးကို ဖန်တီးနေ၏။
ဧကရာဇ်ဟောင်း ပြောသည်မှာ မှန်၏။ ယမန်နေ့က တရားလွှတ်တော်ချုပ်ကို သွေးစွန်းစေခဲ့သည့်ကိစ္စသည် ကြီးမားသောကိစ္စကြီး တစ်ခု ဖြစ်သော်လည်း အစပျိုးမှုသာ ဖြစ်သည်။
ဤသည်မှာ အဖွဲ့အစည်းများကြား အားပြိုင်မှု လုံးဝ မဟုတ်ဘဲ ဧကရာဇ် အာဏာ ပြိုင်ဆိုင်မှုပင် ဖြစ်သည်။ နောက်ဆက်တွဲ အနေဖြင့် ပို၍ပို၍ အံ့ဩတုန်လှုပ်ဖွယ် ကောင်းလာမည်ဖြစ်ပြီး ပို၍ပို၍ ရက်စက် ကြမ်းကြုတ်လာကာ သေဆုံးသူများ ပိုမို များပြားလာပြီး အဆင့်အတန်း ပိုမိုကြီးမားသူများ သေဆုံးလာမှာ ဖြစ်၏။
ဧကရာဇ်၏ ဘက်တွင် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး ပါဝင်နေပြီး မရေမတွက်နိုင်သော လူကြီးလူကောင်းများ ပါဝင်နေသည်။
ဧကရာဇ်ဟောင်း၏ ဘက်တွင်မူ ကျိုးလီနှင့် အောက်ယွီတို့ နှစ်ဦးတည်းသာ ရှိနေပြီး သူသည် မိုင်ထောင်ချီ အကွာအဝေးတွင် ရှိနေသောကြောင့် ညီလာခံတွင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သူမှာ အောက်ယွီ တစ်ဦးတည်းသာ ရှိတော့၏။
သို့ပေမည့် အောက်ယွီ သည် ဧကရာဇ်ဟောင်းကို ကိုယ်စားပြုကာ ဧကရာဇ်ကို တိုက်ခိုက်နေဆဲ ဖြစ်၏။ ဤ ဧကရာဇ် အာဏာ ပြိုင်ဆိုင်မှုသည် စတင်လိုက်သည်နှင့် တပြိုင်နက် တစ်ဖက်ဖက်က လုံးဝကျဆုံးသွားသည်အထိ ရပ်တန့်၍ မရနိုင်တော့ချေ။
ဧကရာဇ်ဟောင်း လုံးဝကျရှုံးသွားမည်လား၊ သို့မဟုတ် ဧကရာဇ်ကျရှုံးသွားမည်လား။ မည်သည့် ရလဒ် ဖြစ်ပေါ်လာပါစေ မြို့တော် တစ်ခုလုံးသည် သေချာပေါက် အလောင်းများ ပြန့်ကျဲနေမည်သာ ဖြစ်သည်။
“သခင်လေး... မိုးလင်းပြီ။”
အပြင်ဘက်မှ ယွမ်ထျန်းရှဲ့၏ အသံ ထွက်ပေါ်လာတော့၏။ “ညီလာခံ တက်ရမယ့် အချိန် ရောက်ပြီ။”
“ကောင်းပြီ... အခု ချက်ချင်း သွားမယ်။”
ယွင်ကျုံးဟဲ့သည် အကြောဆန့်လိုက်ပြီး မှတ်စုစာအုပ် တစ်အုပ်ကို ဖွင့်လိုက်သည်။
အပေါ်တွင် နာမည်များ အပြည့် ရေးသားထားသည်။ တွမ်ပိ၊ တွမ်ယင်းယင်း၊ တွမ်ယွင်၊ စီးကွမ်၊ စုချင်ဝမ်၊ အောက်မင်၊ လင်ကုန်း စသောကြောင့် အားလုံးမှာ ရန်သူများ ဖြစ်ကြ၏။
အရှေ့မှ လူဆယ်ယောက်ကျော်ခန့်၏ နာမည်များပေါ်တွင် အနီရောင်ကြက်ခြေခတ်များ ရေးသားထားပြီး ဤသည်မှာ သူတို့ အားလုံးကို သူ သတ်ပစ်လိုက်ပြီ ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။
ယွင်ကျုံးဟဲ့ သည် သွေးရောင် စုတ်တံကို ယူကာ ကျိန့်ဟိုင် မြို့စား သားတော် စီးကွမ်၏ နာမည်ပေါ်တွင် သွေးသံရဲရဲ ကြက်ခြေခတ် တစ်ခု ရေးဆွဲလိုက်တော့၏။
ဤသည်မှာ သူ စီးကွမ်ကို သတ်ပစ်တော့မည် ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။
................
ယနေ့ ညီလာခံ တွင် ဆွေးနွေးမည့်ကိစ္စ နှစ်ခု ရှိသည်။ ပထမကိစ္စမှာ တာယင်အင်ပါယာ ဟေးလုံထိုင်၏ လျှို့ဝှက်သူလျှိုများသည် တောင်ပိုင်းကျိုးအင်ပါယာ မြို့တော်တွင် ရူးသွပ်မိုက်မဲစွာ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ သောကြောင့် ဟေးပင်းထိုင်အား တန်ပြန် လက်စားချေရန် အမိန့်ပေးခြင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် တာယင်အင်ပါယာသို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ကာ အပြင်းထန်ဆုံး ရှုတ်ချမှုများ ပြုလုပ်ရန် ဖြစ်၏။
ဒုတိယကိစ္စမှာ လန်ကျိုး၏ ဒုက္ခသည် သန်းချီ အရေးနှင့် ချန်လန်မြစ်၏ တာတမံ တည်ဆောက်ရေးကိစ္စ ဖြစ်၏။ ယခုအခါ သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် သုံးလကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အိမ်ရှေ့စံမင်းသားကျိုးလီ၏ အစွမ်းကုန် ကြိုးပမ်းအားထုတ်မှုကြောင့် ဒုက္ခသည် သန်းချီကို နေရာချထားပေးပြီး ဖြစ်သည်။
ဤငွေကြေးများ အများစုကို ကျိန့်ဟိုင်မြို့စား စီးပြန်းထံမှ ရယူခဲ့ခြင်းဖြစ်ပြီး အစပိုင်းတွင် ငွေသား နှစ်သန်း ထုတ်ပေးခဲ့ကာ ယမန်နေ့က နောက်ထပ် သုံးသန်း ထုတ်ပေးမည်ဟု ကတိပြုထားခဲ့သည်။ ယခုအခါ ငွေသား နှစ်သန်း ရရှိပြီးဖြစ်သော်လည်းကျန်ရှိသော သုံးသန်း မှာမူ မရရှိသေးချေ။
ထို့ကြောင့် ဒုက္ခသည် သန်းချီမှာ ထမင်းစားရုံ၊ တဲလေးများဖြင့် နေရုံမျှသာ ရှိသေးပြီး လန်ကျိုးမြို့ ပြန်လည် တည်ဆောက်ရေးနှင့် လန်ကျိုး ဆိပ်ကမ်း ပြန်လည် တည်ဆောက်ရေး တို့မှာမူ ဝေးကွာနေဆဲ ဖြစ်သည်။
လန်ကျိုး ရေတပ် ပြန်လည် တည်ဆောက်ရေး ဆိုလျှင် ပို၍ပင် ဝေးကွာနေသေး၏။
သို့ပေမည့် အရေးတကြီး လိုအပ်နေသောကိစ္စတစ်ရပ်မှာ လန်ကျိုးတွင် ရေလွှမ်းမိုးမှုကြောင့် ကျိုးပေါက်သွားသော တာတမံကြီးကို ပြန်လည် တည်ဆောက်ရန် ဖြစ်သည်။
ယခင်က ရေကြီးမှုမှာ နွေဦးပေါက် ရေကြီးမှုသာ ဖြစ်သော်လည်း အမှန်တကယ် အင်အားပြင်းထန်သည်မှာ နွေရာသီ ရေကြီးမှု ဖြစ်၏။
တာတမံ တည်ဆောက်ရေးကို လွန်ခဲ့သော တစ်လကျော်တည်းက စတင်ခဲ့သော်လည်း ငွေကြေး မရှိသောကြောင့် အခက်အခဲ ဖြစ်နေသည်။
ဤကာလအတွင်း ရာသီဥတု သာယာနေသောကြောင့် တော်သေးသည်ဟု ဆိုရမှာဖြစ်သည်။ အကယ်၍ ရာသီဥတု ဖောက်ပြန်ပြီး မိုးသည်းထန်စွာ ရွာသွန်းလာပါက တာတမံ မရှိဘဲ ရေကြီးမှုများ လန်ကျိုးသို့ နောက်တစ်ကြိမ် ဝင်ရောက်လာမည်ဆိုလျှင် အကျိုးဆက်မှာ အလွန် ဆိုးရွားမည်မှာ သေချာ၏။
အရေးအကြီးဆုံးမှာ ဤတာတမံကြီးကို ပြန်လည် တည်ဆောက်ရန်ဖြစ်ပြီး ကျိုးပေါက်နေသော နေရာများမှာ နေရာဆယ်ချီခန့် ရှိကာ မိုင်တစ်ရာခန့် ရှည်လျား၏။ ဤသည်မှာ ကြီးမားသော စီမံကိန်းကြီး တစ်ခုဖြစ်ပြီး လိုအပ်သော ငွေကြေးမှာလည်း အလွန် များပြားလေသည်။