အခန်း ၅၀၅
Vol. 43 Ch. 505
အပိုင်း (၅၀၅)
ယနေ့ ညီလာခံတွင် ဤကိစ္စကို ဆွေးနွေးနေခြင်းဖြစ်ပြီး နွေရာသီ ကောက်ပဲသီးနှံများလည်း ရိတ်သိမ်းပြီးပြီ ဖြစ်သည်။ ယခုနှစ်လည်း တစ်ဝက်ခန့်ကုန်ဆုံးသွားပြီဖြစ်ရာ ဒေသအသီးသီးမှ အခွန်အခများလည်း နိုင်ငံတော် ဘဏ္ဍာတိုက် သို့ ဝင်ရောက်လာတော့မှာဖြစ်၏။
ထို့ကြောင့် နိုင်ငံတော် ဘဏ္ဍာတိုက်မှ ငွေကြေးများ ထုတ်ယူကာ တာတမံ တည်ဆောက်ရန် လိုအပ်ပြီး ဒုက္ခသည် သိန်းချီကို အလုပ်သမားအဖြစ် အသုံးပြုကာ ဖြေရှင်းရန် ရည်ရွယ်ထားသည်။
သို့ပေမည့် ညီလာခံ တစ်ခုလုံးရှိ အမတ်များ အားလုံးက ငွေမရှိကြောင်း ညည်းညူနေကြသည်။ နိုင်ငံတော် ဘဏ္ဍာတိုက်သို့ မကြာမီ ငွေကြေးများ ဝင်ရောက်လာတော့မည် ဆိုသော်လည်း ဤတစ်ကြိမ်တွင် ယခင်နှစ်များထက် အများကြီး နည်းပါးမည်မှာ သေချာ၏။
အဘယ်ကြောင့်ဆိုသော် လန်ကျိုး ဆိပ်ကမ်းမှ ဝင်ငွေများ အားလုံး ဆုံးရှုံးသွားသောကြောင့် ဖြစ်သည်။ ဤသည်မှာ အလွန်ကြီးမားသော ပမာဏ တစ်ခုပင် ဖြစ်သည်။
ထို့အပြင် တာယင်အင်ပါယာနှင့် အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲရန်အတွက် ပြင်ဆင်သည့် အနေဖြင့် ဤနှစ်နှစ်တာ ကာလအတွင်း အင်ပါယာသည် တပ်တော် သိန်းချီကို တိုးချဲ့ဖွဲ့စည်းခဲ့ရာ လိုအပ်သော သံချပ်ကာ၊ လက်နက်၊ လစာ၊ စစ်စရိတ် စသည်တို့မှာ အလွန် များပြားလေ၏။
ထို့အပြင် ဖူယန်ထူ၏ တပ်တော်သည် တောင်ပိုင်း တွင် ရှိနေပြီး တိုင်းရင်းသား ပုန်ကန်မှုကို နှိမ်နင်းပြီးပြီ ဖြစ်သော်လည်း တပ်တော်များကို ပြန်လည် ရုပ်သိမ်း၍ မရနိုင်သေးပေ။
ထို့အပြင် အနာဂတ် အဆုံးအဖြတ် တိုက်ပွဲကြီးနှင့် သက်ဆိုင်နေသော ကျင်းကျိုးကာကွယ်ရေးလိုင်း အတွက်လည်း ငွေကြေးများကို မချွေတာနိုင်ချေ။
ဤသို့ တွက်ချက်ကြည့်လိုက်ချိန်မှာတော့ ချန်လန် မြစ်၏ မိုင်တစ်ရာ ရှည်လျားသော တာတမံကို တည်ဆောက်ရန် ငွေကြေး မရှိရုံသာမကကြီးမားသော လိုအပ်ချက်များပင် ရှိနေပြီး လက်ရှိ အသုံးစရိတ်များပင် မလုံလောက်အောင် ဖြစ်နေသည်။
ထို့ကြောင့် တွက်ချက်ကြည့်လိုက်ချိန်မှာတော့ လန်ကျိုး တာတမံ ပြန်လည် တည်ဆောက်ရေးနှင့် လန်ကျိုး ဆိပ်ကမ်း ပြန်လည် တည်ဆောက်ရေးတို့အတွက် ကျိန့်ဟိုင်မြို့စားအိမ်တော် ထံမှ ငွေချေးရန်သာ ရှိတော့သည်။
သို့ပေမည့် ဤစကားကို လူသိရှင်ကြား ထုတ်ပြော၍ မရနိုင်ချေ။ ဂုဏ်သရေရှိသော နန်းတွင်းက မြို့စားထံမှ ငွေခဏခဏ ချေးနေရသည်ကို မည်ကဲ့သို့ ပြောထွက်နိုင်မည်နည်း။
ထို့အပြင်ကျိန့်ဟိုင်မြို့စား ထံမှ ငွေချေးရန် လွယ်ကူပါသလား။ ၎င်းတို့သည် အပေးအယူများ ပြုလုပ်ရန် လိုအပ်ပြီး မင်းသမီး ရှန်ရှန်းကို လက်ထပ်ပေးရုံမျှဖြင့် မလုံလောက်ဘဲ တောင်ပိုင်းရှိ စစ်ဆေးရေးမှူး ရာထူးအချို့ကိုပါ ပေးအပ်ရမှာဖြစ်သည်။
ရလဒ်အနေဖြင့် တစ်ဝက်လောက် ဆွေးနွေးပြီး ငွေမရှိကြောင်း ညည်းညူနေကြသော်လည်း ညီလာခံတွင် မည်သည့် ရလဒ်မှ မထွက်ပေါ်ခဲ့ပေ။
ဤသည်မှာလည်း ပုံမှန်ပင် ဖြစ်သည်။ အရေးကြီးသောကိစ္စများ အားလုံးကို စာကြည့်ဆောင် အတွင်း၌သာ ဆုံးဖြတ်ကြပြီး ညီလာခံတွင် ဆွေးနွေးရန် အလှည့်မရောက်နိုင်ချေ။
“အမတ်မင်းတို့... ဘာများ လျှောက်တင်စရာ ရှိသေးလဲ။” ဧကရာဇ်က မေးလိုက်၏။
ယွင်ကျုံးဟဲ့ ထွက်လာပြီး လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်... ကျုပ်မှာ လျှောက်တင်စရာ ရှိပါတယ်။”
“အမတ်အောက်... ပြောပါ။” ဧကရာဇ်က အမိန့်ပေးလိုက်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ် ခုနလေးတင် အစီရင်ခံစာ တစ်ခုကို ဖတ်လိုက်ရပါတယ်။ လွန်ခဲ့တဲ့ နှစ်လအတွင်း တောင်ပိုင်းမှာ ငလျင်ငယ်တွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဒါက ကောင်းကင်ဘုံက သတိပေးနေတာပါ။ တိုင်းပြည်မှာ လူယုတ်မာကြီး ရှိနေပြီး အရှင်မင်းမြတ် အနေနဲ့ သတိထားရပါမယ်။
ကျိန့်ဟိုင်မြို့စားအိမ်တော်ဟာ တရားမျှတမှု မရှိဘဲ ပြည်သူတွေကို နှိပ်စက်နေတဲ့အပြင် တပ်တော်တွေကို မြောက်ဘက်ကို စေလွှတ်ပြီး တောင်ပိုင်းက ခရိုင်တချို့ကို သိမ်းပိုက်ထားကာ အခုထိ ပြန်မပေးသေးပါဘူး။ ဒါက ပုန်ကန်မှု လုပ်ရပ်ပါပဲ။ အရှင်မင်းမြတ် အနေနဲ့ ဖူယန်ထူရဲ့ တပ်တော်တွေကို တောင်ပိုင်းကို စေလွှတ်ပြီးကျိန့်ဟိုင်မြို့စားရဲ့ တရားမဝင် တပ်စွဲထားမှု တွေကို မောင်းထုတ်ဖို့ အမိန့်ပေးတော်မူပါ။”
ဧကရာဇ် စကားမပြောရသေးမီမှာပင် နိုင်ကော်မှ အမတ် တစ်ဦးက ပြောလိုက်၏။ “အမတ်အောက်... အဲဒီတုန်းက တောင်ပိုင်း ပုန်ကန်မှုက အရမ်း ပြင်းထန်နေလို့ ကျိန့်ဟိုင်မြို့စားက နန်းတွင်းအပေါ် သစ္စာရှိတဲ့ အနေနဲ့ တိုင်းပြည်အတွက် ပုန်ကန်မှုကို နှိမ်နင်းဖို့ တပ်တော်တွေကို မြောက်ဘက်ကို စေလွှတ်ခဲ့တာပါ။ ခင်ဗျား အများကြီး မတွေးပါနဲ့။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ဒါပေမဲ့ အခု တောင်ပိုင်း ပုန်ကန်မှုက ငြိမ်သက်သွားပြီလေ။ ပြီးတော့ ဖူယန်ထူရဲ့ တပ်တော်သိန်းချီကလည်း တောင်ပိုင်းမှာ ရှိနေပြီဆိုတော့ ကျိန့်ဟိုင်မြို့စားရဲ့ တပ်တော်တွေ မလိုအပ်တော့ဘူးလေ။ သူ တပ်ဆုတ်လို့ ရပြီပေါ့။
ပြီးတော့ နန်းတွင်းက ကျိန့်ဟိုင်မြို့စားအိမ်တော်ကို ခွင့်ပြုထားတဲ့ တပ်တော် အင်အားက လူသုံးသောင်းပဲ ရှိတာပါ။ ဒါပေမဲ့ ကျိန့်ဟိုင်မြို့စားမှာ တပ်တော် အင်အား ဘယ်လောက် ရှိလဲ။ ရေတပ်ပါ ပေါင်းလိုက်ရင် နှစ်သိန်းတောင် မကဘူး။ သူက ဘာလုပ်ချင်နေတာလဲ။ နယ်စား တစ်ယောက်က ဒီလောက်များတဲ့ တပ်တော်တွေ ဘာလုပ်ဖို့လဲ။ သူက ရှင်းရှင်းလင်းလင်းကို ရည်ရွယ်ချက် ဆိုးရွားပြီး ပုန်ကန်ဖို့ ကြံစည်နေတာပဲ။
အရှင်မင်းမြတ်... ကိုယ်စားလှယ် အမတ် တစ်ယောက် စေလွှတ်ပြီး ကျိန့်ဟိုင်မြို့စားရဲ့ တပ်တော်အင်အားကို စစ်ဆေးခိုင်းကာ နန်းတွင်းရဲ့ စည်းမျဉ်းတွေနဲ့အညီ တပ်တော်ကို လျှော့ချဖို့ အမိန့်ပေးတော်မူပါ။ မဟုတ်ရင် သူ့ကို ဒီအတိုင်းကြီးထွားလာခွင့် ပြုထားရင် ကျုပ်တို့ အင်ပါယာအတွက် ကြီးမားတဲ့ အန္တရာယ်ကြီး ဖြစ်လာပါလိမ့်မယ်။”
ညီလာခံ တစ်ခုလုံးတွင် ယွင်ကျုံးဟဲ့ တစ်ယောက်တည်းသာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေပြီး လူတိုင်း စကားမပြောနိုင်အောင် ဖြစ်နေကြ၏။
‘အောက်ယွီ... ခင်ဗျားက နက္ခတ်ဗေဒင်ရုံးရဲ့ အရာရှိ တစ်ယောက်လေ။ စုံစမ်းစစ်ဆေးရေးရုံးကလည်း မဟုတ်၊ နိုင်ကော်ကလည်း မဟုတ်ဘဲနဲ့ ခင်ဗျားက ဘာလို့ တပ်တော် လျှော့ချရေးတွေ၊ ပုန်ကန်မှုတွေအကြောင်း လာပြောနေတာလဲ။’
ယခုအခါ နန်းတွင်းရှိ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံးသည် နန်းတွင်းက ကျိန့်ဟိုင်မြို့စားထံမှ ငွေချေးရန် လိုအပ်နေကြောင်းကို သိရှိထားကြသည်။
‘အောက်ယွီ... ခင်ဗျားက ညီလာခံမှာ နေ့တိုင်း ကျိန့်ဟိုင်မြို့စားကို ပြစ်တင်ဝေဖန်နေတာ နန်းတွင်းရဲ့ အရေးကြီးတဲ့ကိစ္စတွေကို နှောင့်နှေးစေတာ မဟုတ်ဘူးလား။’
ဧကရာဇ်သည် ဆက်လက် နားမထောင်နိုင်တော့ဘဲ လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်၏။ “ညီလာခံ သိမ်းမယ်။”
ယွင်ကျုံးဟဲ့သည် တစ်နေ့တာ အလုပ်ပြီးဆုံးသွားပြီး ဗိုက်ဆာဆာဖြင့် အိမ်သို့ ပြန်လာခဲ့သည်။ ညီလာခံ တက်ရခြင်းသည် အမှန်တကယ်ပင် ပင်ပန်းသော အလုပ်တစ်ခု ဖြစ်သည်။
ယနေ့ မြို့တော် တစ်ခုလုံးသည် မုန်တိုင်း မလာမီ ငြိမ်သက်နေသည့် အခြေအနေမျိုး ဖြစ်နေပြီး နန်ကုန်းချော့၏ ဟေးပင်းထိုင်သည် မြို့တော် တစ်ခုလုံးကို ရှာဖွေကာ တာယင်အင်ပါယာ ဟေးလုံထိုင်၏ လျှို့ဝှက်ကွန်ရက်များကို ဖမ်းဆီးနေ၏။
တစ်ခဏအတွင်းမှာပဲ ဟေးပင်းထိုင်၏ အကျဉ်းထောင်သည် လူများဖြင့် ပြည့်နှက်သွားတော့၏။ ဤအခြေအနေသည် အမှားအယွင်းဖြင့် ဖမ်းဆီးမိလျှင်တောင်မှ တစ်ယောက်မှ လွတ်မပေးတော့မည့် ပုံစံမျိုးပင် ဖြစ်သည်။
သို့ပေမည့် ထွက်ပေါ်လာမည့် ကောလာဟလများမှာ ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်သည်။ ဥပမာအားဖြင့် စုချင်ဝမ်၊ တရားလွှတ်တော်ချုပ် အကြီးအကဲနှင့် အခြားသူများသည် ရှန်ချင်းနန်းဆောင်၏ နတ်ဘုရားများကို စော်ကားမိသောကြောင့် ကောင်းကင်ဘုံ၏ အပြစ်ပေးမှုကို ခံရတော့မည်ဟု ပြောနေကြ၏။
ထို့အပြင် အောက်ယွီက ညီလာခံတွင် ကျိန့်ဟိုင်မြို့စားအိမ်တော်ကို ပြစ်တင်ဝေဖန်သည့်ကိစ္စများမှာလည်း သတင်းများ အဖြစ် စတင် ပျံ့နှံ့နေပြီ ဖြစ်၏။ သို့ပေမည့် ဤသည်မှာ အစပျိုးမှုသာ ရှိသေးသည်။
ယွင်ကျုံးဟဲ့သည် အိမ်သို့ ပြန်ရောက်ပြီးနောက် သူ၏ အကြီးမားဆုံး လက်နက်ကြီးကို ဆက်လက် ဖန်တီးနေတော့၏။
အဆိုပါ လုပ်ငန်းစဉ်သည် အမှန်တကယ်ပင် ခဲယဉ်းနက်နဲလှ၏။ သဘောတရားကိုသာ ကြည့်မည်ဆိုပါက ခက်ခဲခြင်း အလျဉ်းမရှိသည့်အပြင် လိုအပ်သော အထောက်အပံ့ ပစ္စည်းကိရိယာများကို ရှာဖွေ စုဆောင်းရာတွင်လည်း များစွာ လွယ်ကူချောမွေ့လှသည်ဟု ဆိုရမည်။
သို့ရာတွင် လက်တွေ့နယ်ပယ်၌ ကိုယ်တိုင်ကိုယ်ကျ စတင်လုပ်ဆောင်သည့် အချိန်၌ ဦးနှောက်ကို အစွမ်းကုန် ညှစ်ထုတ်ရလောက်အောင် ခက်ခဲပင်ပန်းမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုသို့ လုပ်ဆောင်ရာ၌လည်း အောင်မြင်မှုနှင့် ဝေးကွာလျက် အကြိမ်ကြိမ် အဖန်ဖန် ကျရှုံးမှု လောကဓံကိုသာ ခါးသီးစွာ ခံစားခဲ့ရ၏။
ထို့အပြင် မမျှော်လင့်ထားသော အခြေအနေများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ယွင်ကျုံးဟဲ့၏ လက်များပင် အကြိမ်ကြိမ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
…………………
နောက်တစ်နေ့ ညီလာခံ...
ထျန်းယန် ဧကရာဇ် နန်းတက်စဉ်က အစပိုင်းကာလမှလွဲ၍ ကျန်အချိန်များတွင် နှစ်ရက်လျှင် တစ်ကြိမ်၊ သုံးရက်လျှင် တစ်ကြိမ်သာ ညီလာခံ ခေါ်ယူလေ့ ရှိသည်။ သို့ပေမည့် ဧကရာဇ် ဝမ်ယွင်မှာမူ မတူညီဘဲ နေ့စဉ် ညီလာခံ ခေါ်ယူလေ့ ရှိ၏။
ယနေ့ ညီလာခံတွင် ယွင်ကျုံးဟဲ့သည် နောက်တစ်ကြိမ် ရူးရူးမူးမူး စတင် ပြစ်တင်ဝေဖန်ပြန်တော့၏။ မျောင်းရင်း ဘုရားကျောင်းတွင် မြေပြင် ရုတ်တရက် အက်ကွဲသွားပြီး ရေတွင်းထဲမှ အစိမ်းရောင်ရေများ ထွက်ပေါ်လာကြောင်း၊ ဤသည်မှာ အမင်္ဂလာ နိမိတ် လက္ခဏာ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
ဤသည်မှာ သေချာပေါက် တစ်ယောက်ယောက်က မလျော်ကန်သော အပြုအမူများ ပြုလုပ်ပြီး ဘုရားများကို အမျက်ထွက်စေခဲ့ခြင်း ဖြစ်ကြောင်း၊ ကျိန့်ဟိုင်မြို့စား သားတော် စီးကွမ် သည် မလျော်ကန်သော အပြုအမူများ ပြုလုပ်ပြီး မျောင်းရင်း ဘုရားကျောင်းတွင် ပြည့်တန်ဆာ လာရောက် ပျော်ပါးကာ စော်ကားခဲ့ကြောင်း၊ အတွင်း၌ အမျိုးသမီးကောင်းများကို ပြည့်တန်ဆာ အဖြစ် အတင်းအကျပ် ခိုင်းစေမှုများ၊ သီလရှင်များကို ပြည့်တန်ဆာ အဖြစ် အတင်းအကျပ် ခိုင်းစေမှုများ ရှိနေနိုင်ကြောင်း ပြောဆိုကာ ဧကရာဇ်မင်းမြတ် အနေဖြင့် သေချာစွာ စုံစမ်းစစ်ဆေးပေးရန် လျှောက်တင်လိုက်၏။
စီးကွမ်သည် တိရစ္ဆာန်ထက်ပင် ဆိုးရွားပြီး မင်းသမီး ရှန်ရှန်းကို လက်ထပ်ရန် မည်သို့ မျက်နှာ ရှိနိုင်မည်နည်း။ သူ၏ ကျိန့်ဟိုင်မြို့စား သားတော်ဘွဲ့ကို ချက်ချင်း ရုပ်သိမ်းပြီး မင်းသမီး ရှန်ရှန်းနှင့် စေ့စပ်ထားခြင်းကိုလည်း ဖျက်သိမ်းသင့်ကြောင်း ပြောဆိုလိုက်သည်။
ချက်ချင်းပဲ အမတ်တစ်ဦးက ယွင်ကျုံးဟဲ့အား ကောလာဟလများ မဖြန့်ရန်နှင့် သားတော် စီးကွမ်သည် နေ့စဉ် အိမ်တွင် စာပေနှင့် သိုင်းပညာများ လေ့လာနေပြီး နေ့စဉ် မြို့တော်၏ သိုင်းပညာကျောင်းတော်တွင် လူငယ် သိုင်းသမားများကို စာသင်ကြားပေးနေကြောင်း၊ ယွင်ကျုံးဟဲ့ ပြောသကဲ့သို့သော မလျော်ကန်သည့်ကိစ္စများ မရှိကြောင်း ဝင်ရောက်ကာ ပြောဆိုလိုက်၏။
ယွင်ကျုံးဟဲ့ ချက်ချင်းပဲ အသံကျယ်ကျယ်ဖြင့် ပြစ်တင်ဝေဖန်လိုက်သည်။ “ခင်ဗျားက စီးကွမ်ဘက်ကနေ ကာကွယ်ပေးနေတာလား။ သူ့ဆီကနေ ဘာအကျိုးအမြတ်တွေ ရထားလို့လဲ။ ခင်ဗျားတို့က မျောင်းရင်း ဘုရားကျောင်းကို အတူတူ သွားပြီး ပျော်ပါးခဲ့ကြတာလား။ စီးကွမ် မျောင်းရင်း ဘုရားကျောင်းကို သွားခဲ့တာ သက်သေ အထောက်အထား အပြည့်အစုံ ရှိနေပြီ။ မယုံရင် ဟေးပင်းထိုင်က နန်ကုန်းချော့ကို ခေါ်ပြီး မေးကြည့်လိုက်။”
‘ချီးတဲ့မှ... ဒီလိုကိစ္စမျိုးကိုတောင် ဟေးပင်းထိုင် အကြီးအကဲကို ဆွဲသွင်းလာရသေးတယ်။’
ဤသို့ဖြင့် နောက်တစ်နေ့ ညီလာခံ ပြီးဆုံးသွားပြန်၏။
ယွင်ကျုံးဟဲ့ အိမ်သို့ ပြန်ရောက်ပြီး သူ၏ အကြီးမားဆုံး လက်နက်ကြီးကို ဆက်လက် ဖန်တီးနေတော့၏။ သေချာစေရန်အတွက် သူ အစီအစဉ် သုံးခုကို ပြင်ဆင်ထားခဲ့သည်။
ဇင့်-မန်းဂနိစ် အစီအစဉ်၊ ခဲ-အက်ဆစ် အစီအစဉ်၊ ဇင့်-ငွေ အစီအစဉ်တို့ပင်ဖြစ်၏။
သဘောတရား အရဆိုလျှင် ဤ အစီအစဉ် သုံးခုစလုံးသည် မခက်ခဲသလို ပစ္စည်းများ ရှာဖွေရန်လည်း မခက်ခဲချေ။ ခဲ၊ ဇင့်၊ ဆာလဖျူရစ် အက်ဆစ်၊ ငွေ၊ မန်းဂနိစ် စသည်တို့ အားလုံး ရှိနေပြီး ပြင်းထန်သော အယ်လ်ကာလီကို မရနိုင်လျှင်တောင်မှ နည်းပညာ မြင့်မားသည့် အရာများ မဟုတ်ချေ။
လျှပ်စစ်မီး ရရှိရန်မှာလည်း မခက်ခဲချေ။ လက်လှည့် အားသွင်းစက်ကို အလယ်တန်းကျောင်းသားများပင် ပြုလုပ်နိုင်ပြီး အားကောင်းသော သံလိုက် နှင့် ကွိုင် တစ်ခုသာ လိုအပ်သည်။ ဤပတ်ဝန်းကျင်တွင် ယွင်ကျုံးဟဲ့သည် ပိုမို အဆင့်မြင့်သော အရာများကို ဖန်တီးနိုင်သည်။
အဆိုးဆုံး အခြေအနေတွင် ပြုတ်ထားသော အာလူးများကိုပင် လျှပ်စစ်စွမ်းအင် အရင်းအမြစ်အဖြစ် အသုံးပြုနိုင်သည်။ အာလူးကို အထင်မသေးပါနှင့်၊ ပြုတ်ပြီးနောက် အတွင်းမှ လျှပ်စစ်စွမ်းအင်သည် မီးသီး တစ်လုံးကိုပင် လင်းထိန်စေနိုင်၏။
ဇင့်-မန်းဂနိစ် ဓာတ်ခဲ အခြောက်ကို ဖန်တီးရန် မခက်ခဲသလို၊ ကြွေထည် ကာပတ်စီတာကို ဖန်တီးရန်လည်း မခက်ခဲဘဲ၊ ရီစစ္စတာကို ဖန်တီးရန်လည်း မခက်ခဲချေ။ အလွယ်ကူဆုံး ထရန်စဖော်မာကို ဖန်တီးရန်ပင် မခက်ခဲချေ။
ယွမ်ထျန်းရှဲ့ ဆိုသော လောက၏ နံပါတ်တစ် မျက်လှည့်ပညာရှင်၏ အကူအညီဖြင့် ဤအရာများ အားလုံးမှာ မခက်ခဲတော့ချေ။ သို့ပေမည့် ဤအရာများ အားလုံးကို ပေါင်းစပ်ပြီး လူသတ် လက်နက် တစ်ခု ဖန်တီးရန်မှာတော့ အမှန်တကယ်ပင် ခက်ခဲလေသည်။
အမှန်တကယ်တော့ ဤသည်မှာ လက်လုပ် သေနတ် တစ်လက် ဖန်တီးရသည်ထက် အများကြီး ပိုမို ခက်ခဲလေသည်။ သို့ပေမည့် သေနတ်ကို ယွင်ကျုံးဟဲ့ ယခုအချိန်တွင် ထုတ်မပြနိုင်သေးချေ။ ကြီးမားသော ပြဿနာများ ဖြစ်ပေါ်လာနိုင်ပြီး ကြည့်ရသည်မှာ လျှို့ဝှက် လက်နက် တစ်ခုနှင့် တူနေမှာဖြစ်၏။