← Chapters

အခန်း ၅၀၆

Vol. 43 Ch. 506

အခန်း ၅၀၆

Vol. 43 Ch. 506

အပိုင်း (၅၀၆)

ယွင်ကျုံးဟဲ့ ဖန်တီးလိုသော လက်နက်သည် သာမန် ရှေးဟောင်း လက်နက် တစ်ခုနှင့် တူရမည်ဖြစ်ပြီး လူကို သတ်ဖြတ်ရာတွင်လည်း မသိမသာ သတ်ဖြတ်နိုင်ကာ ပိုမို လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သည့် ပုံစံမျိုး ရှိရမှာဖြစ်သည်။

‘ဒီလက်နက်ကို အသုံးပြုပြီး လူသတ်ရင် လျှို့ဝှက်ဆန်းကြယ်ရုံသာမက တရားမျှတတယ်လို့လည်း ထင်ရစေမယ်။ ကျုပ် အောက်ယွီရဲ့ သိုင်းပညာက အရမ်း အစွမ်းထက်ပြီး အတွင်းအားနဲ့ ခင်ဗျားကို သတ်ပစ်လိုက်တာ၊ ခင်ဗျား မကျေနပ်ဘူးလား။

ဘာလဲ... ကျုပ် အောက်ယွီမှာ အတွင်းအား ရှိတယ်ဆိုတာကို ခင်ဗျားတို့ မသိဘူးလား။ ကျုပ်က အရည်အချင်းတွေကို လျှို့ဝှက်ထားတတ်တဲ့ သူတစ်ယောက်လေ။ နေရာအနှံ့ ကြွားလုံးထုတ်နေမယ့် လူမျိုး မဟုတ်ဘူး။

ကျုပ်က ရူလိုင် သိုင်း (ဤသိုင်းသည် ဗုဒ္ဓဘာသာ၏ တရားဓမ္မနှင့် စွမ်းအင်များကို အခြေခံကာ ဖန်တီးထားသည်ဟု ယူဆကြပြီး၊ လောကတွင် အကောင်းဆုံးနှင့် အပြင်းထန်ဆုံး လက်ဝါးသိုင်းအဖြစ် တင်စားကြသည်) လေ့ကျင့်ထားတယ် ဆိုတာကို ခင်ဗျားတို့ကို ပြောပြရအုံးမှာလား။

ဘာလဲ... ကျုပ်ရဲ့ အတွင်းအား သိုင်းပညာကို ထပ်ပြီး ပြသခိုင်းချင်သေးတာလား။ တောင်းပန်ပါတယ်။ ကျုပ်ရဲ့ သိုင်းပညာက တစ်ခါတလေ အလုပ်လုပ်ပြီး၊ တစ်ခါတလေ အလုပ် မလုပ်ဘူးလေ။ အလုပ် မလုပ်တဲ့ အချိန်ကျရင် ကျုပ်လည်း ဘာမှ မတတ်နိုင်ဘူးပေါ့။’

တတိယမြောက်နေ့တွင် ယွင်ကျုံးဟဲ့ ညီလာခံသို့ နောက်တစ်ကြိမ် တက်ရောက်လာပြန်သည်။ ဤတစ်ကြိမ်တွင် သူ၏ ပြစ်တင်ဝေဖန်မှုမှာ ပို၍ပင် အံ့ဩတုန်လှုပ်ဖွယ် ကောင်းလို့နေ၏။

“အရှင်မင်းမြတ်... ဒုက္ခပါပဲ... ဒုက္ခပါပဲ။ အရှေ့တောင် အရပ်ကနေ ရုတ်တရက်ကြယ် တစ်လုံး အရမ်း တောက်ပလာပြီး မြောက်ပိုင်း ခုနှစ်စင်ကြယ်ကိုတောင် ကျော်လွန်သွားပါတယ်။ ဒါက အရမ်းကို ဆိုးရွားတဲ့ နိမိတ် ပါပဲ။ အရမ်းကို ဆိုးရွားတဲ့ နိမိတ်ပါပဲ။

ဒါက အရှေ့တောင် အရပ်ကနေ တစ်ယောက်ယောက်က ပုန်ကန်ဖို့ကြံစည်နေတယ် ဆိုတာကို ကောင်းကင်ဘုံက သတိပေးနေတာပါ။ အရှင်မင်းမြတ်... ကျိန့်ဟိုင်မြို့စားက ပုန်ကန်တော့မယ်။ ကျိန့်ဟိုင်မြို့စားက ပုန်ကန်တော့မယ်။”

လူတိုင်း စကားမပြောနိုင်အောင် ဖြစ်သွားကြတော့သည်။

‘နက္ခတ်ဗေဒင်ရုံးရဲ့ စီရင်ဖြတ်ထုံး အရာရှိ တစ်ယောက်က ဒီလိုမျိုး နေ့တိုင်း ပုံစံအမျိုးမျိုးနဲ့ ကျိန့်ဟိုင်မြို့စားကို ကိုက်ခဲနေတာ တကယ်ကို အစွမ်းထက်တာပဲ။ခင်ဗျားက စုံစမ်းစစ်ဆေးရေးရုံးက အမတ်တွေထက်တောင် အစွမ်းထက်နေသေးတယ်။ နေ့တိုင်း နယ်စား တစ်ယောက်တည်းကိုပဲ လိုက်ပြီး ပြစ်တင်ဝေဖန်နေတာ။’

သို့ရာတွင် ယွင်ကျုံးဟဲ့၏ ပြောစကားမှာ အခြေအမြစ် မရှိသည့် မဟုတ်မမှန် စကားများ မဟုတ်ပေ။ လွန်ခဲ့သော ညဉ့်ဦးယံအချိန်က အရှေ့တောင်အရပ်မျက်နှာ၌ ထူးခြားစွာ တောက်ပလွန်းသော ကြယ်တစ်လုံး အမှန်တကယ်ပင် ပေါ်ထွန်းခဲ့ခြင်း ဖြစ်၏။

ထိုသို့ ထူးခြားသော နိမိတ်ကြောင့် ဧကရာဇ်မင်းမြတ်သည် နက္ခတ်ဗေဒင်ရုံး အကြီးအကဲကို ခေါ်ယူ မေးမြန်းခဲ့သည်။

နက္ခတ်ဗေဒင်ပညာရှိ အကြီးအကဲကလည်း ဤလောကရှိ ကြီးမြတ်သော အင်ပါယာကြီးများအကြား မိမိတို့၏ တောင်ပိုင်းကျိုးအင်ပါယာသည် အရှေ့တောင်အရပ်၌ တည်ရှိနေကြောင်း လျှောက်တင်ခဲ့၏။

အနောက်ဘက်၌ တာ့ရှီးအင်ပါယာ၊ အနောက်မြောက်ဘက်၌ တာယင်အင်ပါယာနှင့် မြောက်ဘက်အစွန်ဆုံးတွင်မူ တာ့ရှအင်ပါယာတို့ တည်ရှိကြသည်။

ယခုအခါ အရှေ့တောင်အရပ်ရှိ ကြယ်သည် အဆမတန် တောက်ပလင်းလက်လာသည်ဖြစ်ရာ ထိုအရာသည် မိမိတို့ တောင်ပိုင်းကျိုးနိုင်ငံတော်ကြီး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာတော့မည့် နိမိတ်လက္ခဏာပင် မဟုတ်ပါလား။

ထို့အပြင် အခြားသော အင်ပါယာကြီးများကိုပါ လွှမ်းမိုးကျော်လွန်၍ ဤလောက၏ အရှင်သခင် ဧကရာဇ်အဖြစ်သို့ ရောက်ရှိတော့မည်ဟူသော အတိတ်နိမိတ်ပင် ဖြစ်တော့သည်။

ဧကရာဇ် ဝမ်ယွင် ဤစကားကို ကြားလိုက်ရချိန်မှာတော့ အလွန်အမင်း ဝမ်းသာသွားတော့၏။

ယွင်ကျုံးဟဲ့သည် စိတ်ထဲမှ တဟားဟား ရယ်မောမိတော့သည်။ အမှန်စင်စစ် ၎င်းမှာ နက္ခတ္တဗေဒသဘောအရ ကြယ်အိုကြီးများ သေဆုံးပြီး အလွန်အမင်း တောက်ပစွာ ပေါက်ကွဲထွက်လာသည့် စူပါနိုဗာ ဖြစ်စဉ်မျှသာ ဖြစ်သည်။

ရက်အနည်းငယ်မျှ ကြာမြင့်ပြီးနောက် အလိုအလျောက် မှေးမှိန်ကွယ်ပျောက်သွားမည့် အရာဖြစ်ရာ ထိုအချိန်ကျမှ နက္ခတ်ဗေဒင်ရုံး အကြီးအကဲအနေဖြင့် ဧကရာဇ်မင်းမြတ်အား မည်သို့မည်ပုံ ဆင်ခြေပေး ရှင်းလင်းမည်ကို သူ ကြည့်လိုလှ၏။

သို့ပေမည့် ဤသည်မှာ တိုက်ဆိုင်မှုဟု ဆိုရသော်လည်း ကံထူးလှသည်ဟု ဆိုရမည်။ စူပါနိုဗာ ပေါက်ကွဲမှုဟူသည်မှာ ရိုးရှင်းစွာဆိုရလျှင် ကြယ်တစ်လုံး၏ ပေါက်ကွဲပျက်စီးခြင်းပင် ဖြစ်သည်။

နေထက် ရှစ်ဆခန့် ပိုမိုကြီးမားသော ကြယ်ကြီးများ သက်တမ်းကုန်ဆုံးချိန်တွင်သာ အလွန်ပြင်းထန်သော ပေါက်ကွဲမှုဖြစ်စဉ်ဖြင့် ချုပ်ငြိမ်းသွားတတ်ခြင်း ဖြစ်ရာ ဤသည်မှာ မြင်တွေ့ရခဲလှသော ထူးခြားဆန်းပြားသည့် နက္ခတ္တဗေဒဆိုင်ရာ ဖြစ်ရပ်တစ်ခုပင် ဖြစ်၏။

နက္ခတ်ဗေဒင်ရုံး အကြီးအကဲ၏ တင်လျှောက်မှုအပြီးတွင်မူ မှူးမတ်အပေါင်းတို့သည် မြှောက်ပင့်ဖားနားသော စကားများဖြင့် တောင်ပိုင်းကျိုးအင်ပါယာကြီး ဘုန်းမီးနေလ တောက်ပတော့မည့်အကြောင်းနှင့် ဧကရာဇ်မင်းမြတ်၏ ဘုန်းတန်ခိုး အောင်မြင်မှုများ ပြည့်စုံတော့မည့်အကြောင်းကိုသာ တညီတညွတ်တည်း ချီးကျူးကြတော့သည်။

ထိုသို့သော အခြေအနေတွင် ယွင်ကျုံးဟဲ့ တစ်ဦးတည်းကသာ လွန်စွာမင်္ဂလာမရှိသော စကားဖြင့် အခင်းအကျင်းကို ဖျက်ဆီးလိုက်လေ၏။

သူက ဤနိမိတ်သည် မကောင်းသော အတိတ်နိမိတ်ဖြစ်ပြီး ကျိန့်ဟိုင်မြို့စားက ပုန်ကန်ခြားနားတော့မည့် အချက်ပေးချက်ဖြစ်ကြောင်း လျှောက်တင်ခဲ့၏။ ထိုစကားကြောင့် ညီလာခံတစ်ခုလုံး စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသလို ဧကရာဇ်မင်းမြတ် ကိုယ်တိုင်လည်း စိတ်ပျက်ကာ အားမလိုအားမရ ဖြစ်ခဲ့ရသည်။

စတုတ္ထနေ့ ညီလာခံတွင် လူတိုင်းက အနည်းငယ် မျှော်လင့်နေကြပြီ ဖြစ်၏။ ‘အောက်ယွီ... ခင်ဗျားက နေ့တိုင်း ကျိန့်ဟိုင်မြို့စား ပုန်ကန်တော့မယ်လို့ အော်ဟစ်နေပြီး အကြောင်းပြချက်ပေါင်းစုံ ရှာနေတာ။ ဒီနေ့ရော ဘာအကြောင်းပြချက်တွေ ထပ်ရှာအုံးမလဲ ဆိုတာကို ကျုပ်တို့ ကြည့်ချင်သေးတယ်။’

အောက်ယွီက လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်... မကြာသေးခင်က နက္ခတ်ဗေဒင်ရုံးရဲ့ အစီရင်ခံစာကို ကျုပ် ဖတ်လိုက်ရပါတယ်။ အင်ပါယာရဲ့ တောင်ပိုင်းမှာ မိုးမရွာတာ နှစ်လလောက် ရှိနေပါပြီ။ အရမ်းကို ခြောက်သွေ့နေပြီး မြေကြီးတွေတောင် ကွဲအက်နေပါပြီ။ အရင်နှစ်တွေက အမြဲတမ်း သီးနှံတွေ အထွက်ကောင်းတဲ့ တောင်ပိုင်းဟာ ဒီနှစ်မှာတော့ သီးနှံတွေ အများကြီး ပျက်စီးနေပါပြီ။

တောင်ပိုင်း ပြည်နယ်ငါးခုဟာ မူလက ကျုပ်တို့ အင်ပါယာရဲ့ စပါးကျီကြီး ဖြစ်ပေမယ့် အခုတော့ အကြီးအကျယ် သီးနှံတွေ ပျက်စီးနေပါပြီ။ ပြီးတော့ မနှစ်က တောင်ပိုင်း ပုန်ကန်မှုကြောင့် ဆောင်းဦး သီးနှံ ရိတ်သိမ်းမှုတွေလည်း နှောင့်နှေးခဲ့ရပါတယ်။ ဒါကြောင့် တောင်ပိုင်းမှာ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးအန္တရာယ် တွေကြုံတွေ့ရနိုင်ခြေ ရှိပါတယ်။”

အမတ်များအားလုံး ဤစကားကို ကြားလိုက်ရချိန်မှာတော့ နောက်ဆုံး၌ သက်ပြင်းချနိုင်သွားကြ၏။ ‘ခင်ဗျား နောက်ဆုံးတော့ ကျိန့်ဟိုင်မြို့စားကို မပြစ်တင်တော့ဘူးပေါ့။’

သို့ပေမည့် ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “တောင်ပိုင်းမှာ နှစ်လလောက် မိုးမရွာတာဟာ ကောင်းကင်ဘုံက သတိပေးနေတာပါ။ တောင်ပိုင်းမှာ တစ်ယောက်ယောက်က ပုန်ကန်ဖို့ကြံစည်နေလို့ စစ်ဘေးတွေ ကြုံတွေ့ရနိုင်တယ်လို့ သတိပေးနေတာပါ။ အရှင်မင်းမြတ် အနေနဲ့ သတိထားရပါမယ်။ ကျိန့်ဟိုင်မြို့စားက ပုန်ကန်တော့မယ်။

တောင်ပိုင်းမှာ ခြောက်သွေ့နေပေမယ့် ကျုပ်တို့ အင်ပါယာရဲ့ အနောက်ဘက် နယ်စပ်မှာတော့ မိုးတွေ အရမ်း ရွာသွန်းနေပါတယ်။ ဒါပေမဲ့ အဲဒီဘက်က သဲကန္တာရတွေ ဖြစ်နေတော့ မိုးရွာရင် ကျိုင်းကောင်တွေ ပေါက်ဖွားဖို့ လွယ်ကူပြီး ကျိုင်းကောင် ဘေးအန္တရာယ်တွေ ကြုံတွေ့ရနိုင်ပါတယ်။ အရှင်မင်းမြတ်... ဒါကလည်း ကောင်းကင်ဘုံက သတိပေးနေတာပါ။ ကျိန့်ဟိုင်မြို့စားက ပုန်ကန်တော့မယ်။”

အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး စကားမပြောနိုင်အောင် ဖြစ်သွားကြတော့၏။ ‘တောင်ပိုင်းမှာ ခြောက်သွေ့တာက ကောင်းကင်ဘုံက သတိပေးတာ၊ ကျိန့်ဟိုင်မြို့စား ပုန်ကန်မယ် ဟုတ်လား။ ကောင်းကင်ပေါ်က ကြယ်တွေ အရမ်း တောက်ပနေတာကလည်း ကောင်းကင်ဘုံက သတိပေးတာ၊ ကျိန့်ဟိုင်မြို့စား ပုန်ကန်မယ် ဟုတ်လား။

သီလရှင်ကျောင်းက ရေတွင်းထဲက ရေစိမ်းတွေ ထွက်လာတာကလည်း ကျိန့်ဟိုင်မြို့စား ပုန်ကန်မယ် ဟုတ်လား။ အခု အနောက်ဘက် နယ်စပ်မှာ မိုးရွာပြီး ကျိုင်းကောင်တွေ ပေါက်ဖွားတာကလည်း ကျိန့်ဟိုင်မြို့စား ပုန်ကန်မယ် ဟုတ်လား။ ခင်ဗျားက အရမ်းကို လွန်လွန်းနေပြီ။’

ပဉ္စမနေ့ ညီလာခံတွင် ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “အရှင်မင်းမြတ်... ဒုက္ခပါပဲ... ဒုက္ခပါပဲ။ ဒီနေ့ကျုပ်ရဲ့ အိမ်မှာရှိတဲ့ ကြက်မက ရုတ်တရက် ကြက်ဖအဖြစ် ပြောင်းသွားပြီး တွန်နေပါတယ်။ ကြက်မက မနက်ခင်းကို အသိပေးနေတာဟာ ဆိုးရွားတဲ့ နိမိတ် လက္ခဏာပါပဲ။ ကျိန့်ဟိုင်မြို့စားက ပုန်ကန်တော့မယ်။”

ရှေးထုံးစဉ်လာအရ ကြက်မတွန်၍ မိုးလင်းရသည်ဟူသော အယူအဆမှာ မိန်းမတို့ ဘုန်းကံနိမ့်ပါးခြင်းကို ဆိုလိုခြင်း မဟုတ်ဘဲ အချုပ်အခြာအာဏာပိုင် နန်းတွင်းရေးရာများတွင် အမျိုးသမီးတို့ ဝင်ရောက်စွက်ဖက်ခြင်းဖြင့် တိုင်းပြည်ပျက်စီးခြင်းသို့ ဆိုက်ရောက်တတ်သည်ဟူသော အစဉ်အလာ အယူအဆကို ရည်ညွှန်းခြင်းဖြစ်၏။

ယခုလည်း ယွင်ကျုံးဟဲ့သည် ထိုစကားကို အခြေခံလျက် တစ်ဖက်လူအား အကျပ်ရိုက်စေရန် ပရိယာယ်ဖြင့် ဆွဲယှက်ပြောဆိုနေခြင်း ဖြစ်၏။ သို့သော်ငြား သူက မိဖုရားကြီးကို ရည်ရွယ်ပြီး ပြောနေခြင်းလည်း ဖြစ်နိုင်သည်။

ဆဋ္ဌမနေ့ ညီလာခံတွင် ယွင်ကျုံးဟဲ့က လျှောက်တင်လိုက်၏။ “အရှင်မင်းမြတ်... ဒီနေ့ ကျုပ်ရဲ့ အိမ်မှာ ထူးဆန်းတဲ့ မြွေတစ်ကောင် တွေ့ပါတယ်။ မူလက တီကောင် တစ်ကောင် ဖြစ်ပေမယ့် မြွေတစ်ကောင်အဖြစ် ပြောင်းသွားပြီး ခေါင်းနှစ်လုံးပါတဲ့မြွေ ဖြစ်နေပါတယ်။ ပြီးတော့ ရေထဲကို ဆင်းသွားပါတယ်။ ဒါက အမင်္ဂလာ နိမိတ် လက္ခဏာပါပဲ။ ကျိန့်ဟိုင်မြို့စားဟာ သူ့ရဲ့ လက်ရှိ အဆင့်အတန်းကို မကျေနပ်လို့ ပုန်ကန်ဖို့ ကြံစည်နေတယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။”

ဤသို့ဖြင့် ယွင်ကျုံးဟဲ့သည် နေ့စဉ် ညီလာခံတက်တိုင်း ကိစ္စတစ်ခုတည်းကိုသာ လုပ်ဆောင်နေပြီး ကျိန့်ဟိုင်မြို့စားကို ရူးရူးမူးမူး ပြစ်တင်ဝေဖန်နေတော့သည်။

ကောင်းကင်ယံ၌ နိမိတ်ထူး၊ နိမိတ်သာဓကတို့ ပေါ်ထွန်းလာလျှင် အကောင်းဆုံး ဖြစ်သော်လည်း ထိုသို့ မရှိခဲ့လျှင်ပင် သူ့ဘာသာ ဖန်တီးယူရန် ဝန်မလေးပေ။ အချုပ်အားဖြင့်ဆိုသော် ကျိန့်ဟိုင်မြို့စားသည် ပုန်ကန်ခြားနားရန် အကြံစည်ရှိနေပြီဟူသော အချက်ပင် ဖြစ်၏။

ယခုမူ အောက်ယွီ၏ နေအိမ်အတွင်းရှိ ကြက်၊ ဘဲ၊ ငန်း အစရှိသော တိရစ္ဆာန်များမှအစ တီကောင်၊ ကြောင်နှင့် ခွေးတို့အဆုံး သဘာဝထက်လွန်သော နိမိတ်လက္ခဏာများကို အပြိုင်အဆိုင် ပြသနေကြပြီဖြစ်သည်။

ထိုသို့ မနားမနေ၊ ရူးသွပ်စွာဖြင့် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်နေခြင်းကြောင့် အောက်ယွီ၏ အမည်နာမမှာ လူအများကြား ရေပန်းစားလာသကဲ့သို့ ကျိန့်ဟိုင်မြို့စား စီးပြန်း၏ ဂုဏ်သတင်းမှာလည်း လုံးဝ ကျော်ကြားသွားလေတော့၏။

မြို့တော် တစ်ခုလုံးမှာ ဦးနှောက်ဆေးသည့် စကားစု သုံးခွန်း ပြန့်နှံ့နေသည်။ “အရှင်မင်းမြတ်... ဒုက္ခပါပဲ။ ဒါကကောင်းကင်ဘုံက သတိပေးနေတာပါ။ ကျိန့်ဟိုင်မြို့စားက ပုန်ကန်တော့မယ်။”

နန်းတွင်းစင်္ကြံထက်တွင် ကျိန့်ဟိုင်မြို့စား ပုန်ကန်ခြားနားမည်ဟူသော စွပ်စွဲချက်များ နေ့စဉ်နှင့်အမျှ မရေမတွက်နိုင်အောင် ပျံ့လွင့်နေသောကြောင့် ဧကရာဇ်မင်းမြတ်မှအစ အရပ်ဖက်၊ စစ်ဖက်ဆိုင်ရာ အမတ်မင်းများပါမကျန် အာရုံများ နောက်ကျိမူးဝေနေကြရပြီ ဖြစ်သည်။

အကယ်၍ အခြားသော အမတ်တစ်ဦးဦးသာ ဤသို့သော အပြုအမူမျိုး ပြုမူခဲ့ပါလျှင် စောစီးစွာပင် ရာထူးမှ ထုတ်ပယ်ခံရခြင်း (သို့မဟုတ်) သေလုမတတ် ရိုက်နှက်အပြစ်ပေးခံရခြင်းတို့နှင့် ကြုံတွေ့ရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

သို့သော်ငြား အောက်ယွီ၏ အခြေအနေမှာမူ ထိုသူတို့နှင့် ခြားနားလှ၏။ သူသည် ဧကရာဇ်ဟောင်းကိုယ်တိုင် စေလွှတ်ထားသူဖြစ်သည့်အပြင် ယခင်က ပုန်ကန်မှုနှင့်ပင် အရေးယူ၍ မရခဲ့သူ ဖြစ်ပေရာ ယခုကဲ့သို့ မြို့စား၊ နယ်စား ပဒေသရာဇ်တစ်ဦးကို ပြစ်တင်ဝေဖန်မှုမျှဖြင့် အပြစ်ပေးရန်မှာ အမှန်တကယ်ပင် ဖြစ်နိုင်ပါမည်လား။

ထို့အပြင် ဧကရာဇ်မင်းမြတ်၏ သဘောထားမှာလည်း အလွန်ပင် သည်းခံခွင့်လွှတ်နေပုံရသည်။ တစ်ခါတစ်ရံ စိတ်မရှည်သော အမူအရာမျိုး ပြတတ်သော်ငြားလည်း ပြင်းထန်စွာ ငေါက်ငမ်းဆူပူခြင်းမျိုးကား တစ်ကြိမ်တစ်ခါမှ မရှိခဲ့ပေ။

ဧကရာဇ်မင်းမြတ်သာမက စုချင်ဝမ်၊ နိုင်ကော်နှင့် စုံစမ်းစစ်ဆေးရေးရုံး အစရှိသော အာဏာပိုင်အဖွဲ့အစည်းများ အားလုံးကလည်း ယွင်ကျုံးဟဲ့၏ လုပ်ရပ်များအပေါ် လွန်စွာ အခွင့်အရေးပေးထားကြပြီး သူအလိုရှိသမျှကို စိတ်တိုင်းကျ ဆောင်ရွက်ခွင့် ပြုထားသကဲ့သို့ ရှိနေတော့သည်။

ထိုသို့သော အခြေအနေများကြားတွင် မြို့တော်အတွင်း ပျံ့နှံ့နေသည့် ကျိန့်ဟိုင်မြို့စား၏ အရှက်တကွဲ အကျိုးနည်း ဖြစ်ရပ်များမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်ဆိုးရွားလာနေလေ၏။

“ကျိန့်ဟိုင်မြို့စား စီးပြန်းက သူ့ဖခင်ကို သတ်ပြီး မိသားစု အမွေကို လုယူခဲ့တယ်။”

“ကျိန့်ဟိုင်မြို့စား စီးပြန်းက မိထွေးကို အဓမ္မ သိမ်းပိုက်ပြီး ကျင့်ဝတ်တွေကို ဖောက်ဖျက်ခဲ့တယ်။”

“ကျိန့်ဟိုင်မြို့စားက အစ်ကို ကို သတ်ပြီး မရီးကို အဓမ္မ သိမ်းပိုက်ခဲ့လို့ကောင်းကင်ဘုံက ခွင့်မလွှတ်နိုင်ဘူး။”

“ကျိန့်ဟိုင်မြို့စား ဇနီးက သူမရဲ့ ဝမ်းကွဲအစ်ကိုနဲ့ ဖောက်ပြန်ပြီး ကျိန့်ဟိုင်မြို့စား စီးပြန်းကို သစ္စာဖောက်ခဲ့တယ်။ ဒါကြောင့် တတိယ သားတော် စီးယီကုန်းက ပုံမှန် မဟုတ်တာ။ တကယ်တော့ သူက ကျိန့်ဟိုင်မြို့စား စီးပြန်းရဲ့ သားအရင်း မဟုတ်ဘဲ သူ့ဇနီး နဲ့ ဝမ်းကွဲအစ်ကိုတို့ ဖောက်ပြန်ပြီး မွေးလာတဲ့သားပဲ။”

အချုပ်အားဖြင့်ဆိုသော် ကျိန့်ဟိုင်မြို့စား၏ အိမ်တော်တစ်ခုလုံးမှာ မြွေနှင့်ကြွက်တို့ အတူတူယှဉ်တွဲ၍ ခိုအောင်းရာ အရပ်ကဲ့သို့ ညစ်ညမ်းစုတ်ပြတ်နေပြီး ဤလောကတွင် အညစ်ပတ်ဆုံးသော နေရာတစ်ခုအဖြစ် သတ်မှတ်ခံနေရပြီဖြစ်သည်။

စင်စစ် ဤကောလာဟလများကို ယွင်ကျုံးဟဲ့က ကိုယ်တိုင်ကိုယ်ကျ ဖြန့်ဝေနေခြင်းမဟုတ်ဘဲ ယွဲ့တန်းဖျင်နှင့် အမတ်အဖွဲ့အစည်းများက မီးလောင်ရာလေပင့်လိုသော ရည်ရွယ်ချက်ဖြင့် လုပ်ကြံဖန်တီးနေခြင်းသာ ဖြစ်၏။

သို့ရာတွင် ကျိန့်ဟိုင်မြို့စား ဇနီးမောင်နှံ၏ သိက္ခာကို ညှိုးနွမ်းစေသည့် ထိုစော်ကားမှုများမှာ အောက်ယွီ၏ လက်ချက်သာဖြစ်သည်ဟု လူအများက သေချာပေါက် ယုံကြည်နေကြသည်။

All Chapters