← Chapters

အခန်း ၅၀၉

Vol. 43 Ch. 509

အခန်း ၅၀၉

Vol. 43 Ch. 509

အပိုင်း (၅၀၉)

ဧကရာဇ် ဝမ်ယွင်သည် အနည်းငယ် ယိမ်းယိုင်သွားပြီး ကုလားထိုင်ပေါ်သို့ ပြုတ်ကျသွားလုမတတ် ဖြစ်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “အံ့ဩတုန်လှုပ်စရာကောင်းတယ်... အံ့ဩတုန်လှုပ်စရာ ကောင်းတယ်။ ညီလာခံမှာ လူစုလူဝေးနဲ့ ရိုက်သတ်တာ၊ နိုင်ငံသမိုင်း တစ်လျှောက်မှာ အရင်က မရှိခဲ့ဖူးဘူး။ မမြင်ဖူးဘူး။ မကြားဖူးဘူး...”

အောက်ဘက်ရှိ အမတ် အများအပြားသည် စိတ်ထဲတွင် ပြစ်တင်ဝေဖန်နေကြ၏။ ‘အရှင်မင်းမြတ်... ခင်ဗျားက ဗဟုသုတ နည်းပါးနေတာပါ။ ဒီလိုကိစ္စမျိုး ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာမှာ နှစ်ကြိမ်တောင် ဖြစ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ အရင်တုန်းက ရိုက်သတ်ခံရတာတွေက အမတ်ယုတ်ကြီးတွေချည်းပဲ။ အခု ဆဋ္ဌမအဆင့် အမတ်ယုတ်လေး တစ်ယောက်ကို ရိုက်သတ်ဖို့အတွက် ဒီလောက် ကြီးမားတဲ့ မြင်ကွင်းကြီးကို အသုံးပြုတာကတော့ တကယ် ထူးဆန်းပါတယ်။’

“တော်ဝင် သမားတော်တွေကော... တော်ဝင် သမားတော်တွေကော... မြန်မြန် လူကယ်... မြန်မြန် လူကယ်...”

အချိန်အတော်ကြာပြီးမှသာ တော်ဝင်ဆေးခန်းမှ လူများ အပြေးအလွှား ရောက်ရှိလာကြ၏။ ထိုအခါမှ တော်ဝင် သက်တော်စောင့်များက နေရာဖယ်ပေးကာ တော်ဝင်သမားတော် အချို့ကို ဝင်ရောက် စစ်ဆေးခွင့် ပြုလိုက်သည်။

ခေါင်းဆောင် တော်ဝင်သမားတော်က တစ်ချက်ကြည့်လိုက်ရုံဖြင့် ပြောလိုက်၏။ “ကြည့်မနေပါနဲ့တော့။ သေချာပေါက် ကယ်လို့ မရတော့ပါဘူး။ အသားစတွေတောင် ဖြစ်နေပါပြီ။”

ဧကရာဇ်က ဒေါသတကြီးဖြင့် အော်ငေါက်လိုက်၏။ “ဘာလို့ကြည့်မနေနဲ့လို့ ပြောရတာလဲ။ သမားတော် ဆိုတာ မိဘလို စိတ်ထား ရှိရမယ်လေ။ ခင်ဗျားက ဒီလို စကားမျိုး ပြောတာ အရှက်မရှိဘူးလား။”

ထိုတော်ဝင်သမားတော်သည် ချက်ချင်း မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဦးညွတ်လျက် ပြောလိုက်သည်။ “ကျုပ် မှားသွားပါတယ်။ ကျုပ် မှားသွားပါတယ်။”

ထို့နောက် တော်ဝင်သမားတော် အချို့ အလျင်အမြန် ရှေ့သို့တက်ကာ လူကို ကယ်တင်ရန် ကြိုးစားကြပြီး သွေးသံရဲရဲ ဖြစ်နေသော ပိုးထည်ကြီးကို ဖယ်ရှားလိုက်ကြ၏။

အက်ကွဲကြောင်းငယ်လေးမှတစ်ဆင့် အထဲသို့ အကဲခတ် ကြည့်လိုက်ကြချိန်မှာတော့ မြင်ကွင်းမှာ အလွန်ပင် ရင်နာစရာ ကောင်းလှသည်။

လူပုံသဏ္ဌာန်ပင် မမှတ်မိနိုင်တော့ဘဲ ဝဖြိုးသော ခန္ဓာကိုယ်ကြီးမှာ ပုံပျက်ပန်းပျက် တွန့်လိမ်လျက်ရှိသည်။ တစ်ကိုယ်လုံး သွေးချင်းချင်းနီကာ သေချာပေါက် အသက်ပျောက်နေပြီဖြစ်ကြောင်း အထင်အရှား မြင်တွေ့နေရ၏။

စုချင်ဝမ်၊ လင်ကုန်း၊ ဖူရန်လုံနှင့် အခြားသူများကမူ ထိုမြင်ကွင်းကို အေးစက်စွာ ကြည့်ရှုနေကြ၏။။ ၎င်းတို့၏ စိတ်ထဲတွင် များစွာ ကျေနပ်အားရနေကြပြီး မျက်ဝန်းအစုံ၌လည်း ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ထင်ဟပ်လျက်ရှိသည်။

မိန်းမစိုးကြီး ဟောက်ချင့်မှာမူ မသန့်ရှင်းသော အနံ့အသက်များကြောင့် နှာခေါင်းကို အုပ်ထားလိုက်ရ၏။

စီးကွမ်၏ စိတ်ထဲတွင်လည်း အတိုင်းထက်အလွန် ပျော်ရွှင်ဝမ်းမြောက်နေမိ၏။

တောင်ပိုင်းကျိုး အင်ပါယာ မြို့တော်တွင် နေထိုင်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ယနေ့သည် စိတ်အကြည်နူးဆုံးနှင့် အလွတ်လပ်ဆုံး နေ့တစ်နေ့ပင် ဖြစ်၏။ ညီလာခံခန်းမကြီးအတွင်း၌ ရန်သူကို အသေအလဲ ရိုက်နှက်နှိမ်နင်းလိုက်ရခြင်းထက် ပိုမိုနှစ်သက်ဖွယ်ကောင်းသော ကိစ္စမျိုး ဤလောကတွင် ရှိနိုင်ဦးမည်လား။

သို့ပေမည့် ထိုအချိန်တွင်ပင် ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ငိုကြွေးသံ တစ်ခု ထွက်ပေါ်လာတော့၏။ “ညီလေး... ညီလေး...”

နန်းတွင်း စာမေးပွဲ ပထမဆု ရရှိသူ အသစ် အောက်မင်၏ ငိုကြွေးသံ ပင်ဖြစ်၏။ သူသည် ယိုင်တိယိုင်တိုင်ဖြင့် ပြေးဝင်သွားပြီး အောက်ယွီ၏ အလောင်းကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ငိုကြွေးလိုက်သည်။ “ညီလေး... အိမ်ပြန်ရောက်ရင် အဖေ့ကို ဘယ်လို ရှင်းပြရမလဲ။ အိမ်ပြန်ရောက်ရင် အဘိုးကို ဘယ်လို ရှင်းပြရမလဲ။”

အောက်မင် သည် နီရဲနေသည့် မျက်လုံးများဖြင့် စီးကွမ်နှင့် လူငယ် အရာရှိများကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။ “ကျုပ်ညီက ဘာတွေပဲ မှားခဲ့ မှားခဲ့၊ ခင်ဗျားတို့က သူ့ကို ပြစ်တင် ဝေဖန်လို့ ရတယ်။ မေးခွန်းထုတ်လို့ ရတယ်။ ဒါပေမဲ့ လူသတ်တဲ့အထိ လုပ်တာ ခင်ဗျားတို့ ဘာရည်ရွယ်ချက် ရှိလို့လဲ။ ကျုပ်တို့ အောက်မိသားစုကို အနိုင်ကျင့်လို့ ရတယ်လို့ ထင်နေတာလား။”

“ညီလေး... ညီလေး...” အောက်မင်သည် အလောင်းပေါ်တွင် မှောက်လျက် အသံကျယ်ကျယ်ဖြင့် ငိုကြွေးနေတော့၏။

လူတိုင်း စကားမပြောနိုင်အောင် ဆွံ့အသွားကြတော့သည်။ ‘ချီးတဲ့မှ... မသိတဲ့သူတွေ ဆိုရင်တော့ ခင်ဗျားတို့ ညီအစ်ကိတွေ အရမ်း ချစ်ခင်ကြတယ်လို့ တကယ် ထင်သွားမှာပဲ။ ဒီကိစ္စကို ဆက်သွယ်ပေးတာက စုချင်ဝမ်ရဲ့ သား ဆိုပေမယ့် တကယ့် နောက်ကွယ်က ကြိုးကိုင်သူက ခင်ဗျားလို အဆိပ်ပြင်းတဲ့ သူပဲ မဟုတ်လား။ ခင်ဗျားရဲ့ စိတ်ထဲမှာတော့ အဆုံးအစမရှိအောင် ပျော်ရွှင်နေမှာ သေချာပါတယ်။’

“ညီလေး အောက်ယွီ... မင်းက အရည်အချင်းတွေ အများကြီး ရှိပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားရတယ်။ အဖေ အောက်ရှင်းအတွက် သနားစရာကောင်းလိုက်တာ။ ဆံပင်ဖြူတဲ့သူက ဆံပင်မည်းတဲ့သူကို ပို့ပေးရတယ်။ ညီလေး အောက်ယွီ... မင်းက ရိုလန်မြို့ရဲ့ မီးတောက်ကြီးထဲမှာ မသေခဲ့ဘူး။ တောင်ပိုင်းရဲ့ ပုန်ကန်မှုထဲမှာလည်း မသေခဲ့ဘူး။ ညီလာခံမှာ သေသွားရတယ်ဆိုတော့ တကယ်ကို ဝမ်းနည်းစရာ ကောင်းလိုက်တာ။ ကံဆိုးလိုက်တာ..”

အောက်မင်သည် ဆက်လက်၍ အသံကျယ်ကျယ်ဖြင့် ငိုကြွေးနေတော့၏။

သို့ပေမည့် ထိုအချိန်တွင် ရုတ်တရက် တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာတော့သည်။ “အစ်ကိုအောက်မင်... အစ်ကိုအောက်မင်...”

လူတိုင်း ပြင်းထန်စွာ တုန်ယင်သွားကြတော့၏။ ‘ဒါ... ဒါက သရဲ ပြန်ထလာတာလား။’

လူတိုင်း မြေပြင်ပေါ်ရှိ အလောင်းထံသို့ လှမ်းကြည့်လိုက်ကြသည်။ သို့ပေမည့် ဤဝဖြိုးသော အလောင်းမှာ သေဆုံးနေပြီ ဖြစ်ရာ ထွက်ပေါ်လာသောအသံမှာ သရဲတစ္ဆေ အောက်ယွီ၏ အသံများ ဖြစ်နေသည်လား။

“အစ်ကိုအောက်မင်...ကျုပ် အရမ်းကြောက်နေတာ။ ဒါပေမဲ့ ကျုပ် ဘာမှ မဖြစ်ဘူး။ နည်းနည်းတောင် ဇိမ်ရှိနေသေးတယ်။” ယွင်ကျုံးဟဲ့သည် လူအုပ်၏ ထောင့်တစ်နေရာမှ အားနည်းစွာဖြင့် လက်ကို မြှောက်လိုက်သည်။

လူတိုင်း ကြက်သီးမွေးညင်းများ ထလုမတတ် ဖြစ်သွားပြီး မျက်လုံးများ ပြူးကာ ကြည့်လိုက်ကြ၏။ ‘ချီးတဲ့မှ... အောက်ယွီ ဘယ်အချိန်က အဲဒီ ထောင့်ထဲကို ရောက်သွားတာလဲ။’

အမတ် အချို့က ခန္ဓာကိုယ်ကို ဖယ်ပေးလိုက်ရာ အောက်ယွီ၏ လူရိပ် ပေါ်ထွက်လာတော့သည်။

အောက်မင်နှင့် အခြားသူများ၏ ကျောပြင်တွင် ကြက်သီးမွေးညင်းများ ထသွားပြီး ချွေးအေးများ ထွက်လာတော့၏။

‘ခုနက ရိုက်သတ်ခံလိုက်ရတာ အောက်ယွီ မဟုတ်ဘူးဆိုရင် အဲဒါ... အဲဒါ ဘယ်သူလဲ။ အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ လူငယ် အရာရှိတွေထဲမှာ အောက်ယွီနဲ့ ခန္ဓာကိုယ် အရွယ်အစား တူညီပြီး ဝဖြိုးတဲ့သူ ဘယ်သူ ရှိသေးလို့လဲ။’

ဧကရာဇ်လည်း ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး အောက်ယွီကို အရင်ကြည့်လိုက်ကာ မြေပြင်ပေါ်ရှိ အလောင်း ထံသို့ ထပ်မံကြည့်လိုက်သည်။

အောက်မင်သည် အလောင်းကို အလျင်အမြန် ထူမလိုက်ပြီး တစ်ဖက်လူ၏ မျက်နှာကို ကိုင်ကာ သေချာစွာ စစ်ဆေးကြည့်ရှုလိုက်၏။

သွေးစက်လက်နှင့် ရိုက်နှက်ခံထားရသောကြောင့် ခန္ဓာကိုယ်မှာ ပုံပျက်ပန်းပျက် ဖြစ်နေကာ မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားမှတ်မိရန်ပင် အလွန်ခက်ခဲလွန်း၏။ အချိန်အတော်ကြာ ကြိုးစားအားထုတ်ပြီးမှသာ အောက်မင်သည် ဤလူ မည်သူဖြစ်ကြောင်း မှတ်မိသွားတော့သည်။

မြို့တော် စစ်သေနာပတိ နင်ဟွိုင်အန်း၏ သား၊ မိဖုရားကြီး၏တူ နင်ရွှီး ဖြစ်သည်။ သူသည်လည်း ဂုဏ်ထူးဆောင်ဘွဲ့ မရှိဘဲ ယခုအခါ အရာရှိရွေးချယ်ခန့်ထားရေး ဝန်ကြီးဌာနတွင် ဆဋ္ဌမအဆင့် အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်၏။

ပုံမှန်အချိန်များတွင် သူသည် ညီလာခံသို့ တက်ရောက်ခွင့် မရှိဘဲ ယခုကဲ့သို့ ကြီးမားသော ညီလာခံမျိုးတွင်သာ တက်ရောက်ခွင့်ရှိခြင်း ဖြစ်သည်။

တိုက်ဆိုင်စွာပင် သူ၏ ခန္ဓာကိုယ် အရွယ်အစားမှာ အောက်ယွီ နှင့် ဆင်တူပြီး အသားဖြူဖြူ ဝဝ ဖိုင့်ဖိုင့် ပုံစံမျိုး ရှိသည်။

အောက်မင်၏ ကိုယ်ပေါ်မှ ချွေးအေးများ အဆက်မပြတ် ထွက်လာတော့၏။ ‘ဒီအထဲမှာ လှည့်စားမှု ရှိနေပြီ... လှည့်စားထားတာ ရှိနေပြီ။ ဘာလို့ ဒီလို ဖြစ်သွားရတာလဲ။ အောက်ယွီကို ရိုက်သတ်ဖို့ လုပ်ထားတာကို ဘာလို့ နင်ရွှီး ဖြစ်သွားရတာလဲ။’

သူသည် စုချင်ဝမ်၏ သားထံသို့ အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။ ‘ခင်ဗျား ဘယ်လို အလုပ် လုပ်တာလဲ။’

စုချင်ဝမ်၏ သားလည်း ချက်ချင်း နားလည်သွားတော့၏။ ‘ခုနက လှည့်စားမှု ရှိနေတာပဲ။’

အောက်ယွီသည် တိုင်းပြည်၏ ရန်သူဖြစ်သောကြောင့် သူ့ကို ရိုက်သတ်ကြရန် ပထမဆုံး စတင်လှုံ့ဆော်ခဲ့သူမှာ သူတို့ စုဆောင်းထားသော လူမဟုတ်သကဲ့သို့ ထိုသူ၏ ကြွေးကြော်သံမှာလည်း လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ခဲ့ပေ။

ပိုးထည်စကြီးဖြင့် လွှမ်းအုပ်လာစဉ်ကပင် အနည်းငယ် ထူးခြားသည်ဟု ထင်မှတ်ခဲ့မိသော်လည်း အရေးတကြီး ကိစ္စမဟုတ်ဟုသာ တွေးတောခဲ့မိသည်။

ထိုစဉ်ကမူ အဆိုပါလူသည် တာဝန် ကျေပွန်လှသည်ဟုပင် ထင်ခဲ့သေးသည်။ အကြောင်းမှာ အောက်ယွီ၌ အဆုတ်နာရောဂါ ကူးစက်ခံထားရနိုင်သောကြောင့် သူ့ကို ရိုက်နှက်စဉ် ထွက်ပေါ်လာမည့် သွေးစများမှ တစ်ဆင့် အခြားသူများထံ ရောဂါကူးစက်မည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။

ထိုသို့ ပိုးထည်ဖြင့် ဦးစွာဖုံးအုပ်လိုက်မှသာ လူတိုင်းက စိုးရိမ်ကြောင့်ကြမှုကင်းစွာဖြင့် ဝိုင်းဝန်းရိုက်နှက်နိုင်မည် မဟုတ်ပါလား။

သို့ပေမည့် ယခုပြန်လည် စဉ်းစားကြည့်သောအခါ ဤအရာအားလုံးမှာ ကြောက်မက်ဖွယ် ကောင်းလှသော အကွက်ချ စီစဉ်မှုများသာ ဖြစ်နေတော့သည်။

စင်စစ်အားဖြင့် အောက်ယွီသည် နန်းတွင်း၌ မည်သည့်မဟာမိတ်မှ မရှိဘဲ တစ်ကိုယ်တည်း အထီးကျန်နေသူ မဟုတ်ပါလား။

အောက်မင်၊ စုချင်ဝမ်၊ လင်ကုန်းနှင့် အခြားသူများ အားလုံး၏ ကျောရိုးမကြီးများ စိမ့်တက်သွားကြတော့၏။

လက်ရှိအခြေအနေကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်နည်း။ ဧကရာဇ်ဟောင်းကိုယ်တိုင် ဤကိစ္စရပ်တွင် ပါဝင် ပတ်သက်နေပြီဆိုသည့် အချက်မှာ ထင်ရှားသော လက္ခဏာရပ်တစ်ခုပင် ဖြစ်သည်။

ထို့အပြင် နန်းတွင်း၌ ဧကရာဇ်ဟောင်းအပေါ် လျှို့ဝှက်စွာ သစ္စာခံနေသူများ ရှိနေသောကြောင့် စောစောက ရှုပ်ရှက်ခတ်နေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ လူစားလဲသည့် ပြဇာတ်ကို ကပြသွားခဲ့ခြင်း ဖြစ်၏။

သို့သော်ငြား ပို၍အရေးကြီးသည်မှာ စီးကွမ်၏ ပြင်းထန်လှသော ခြေကန်ချက်ပင် ဖြစ်သည်။ ထိုသို့သော အားဖြင့် ကန်လိုက်ပါက အောက်ယွီ၏ အရေးကြီးသော အင်္ဂါအစိတ်အပိုင်းများ ကြေမွသွားရုံသာမက တင်ပါးဆုံရိုးများပင် အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့သွားသင့်သည် မဟုတ်ပါလား။ ထိုသိုဆိုလျှင် မည်သည့်အချက်ကြောင့် အောက်ယွီ ဘာမှ မဖြစ်သကဲ့သို့ ရှိနေနိုင်ရသနည်း။

စင်စစ်အားဖြင့် အောက်ယွီသည် အထူးစီမံ ပြုလုပ်ထားသော သံမဏိဘောင်းဘီတိုနှင့် သံမဏိဝတ်စုံကို အတွင်းမှ ဝတ်ဆင်ထားသောကြောင့် ဖြစ်သည်။

အဆိုပါ သံမဏိဘောင်းဘီမှာ ခြေထောက်နှင့် ခါးတို့တွင် မြဲမြံစွာ တပ်ဆင်ထားပြီး အရေးကြီးသော နေရာများအတွက် လုံလောက်သော ဟာကွက်နေရာလွတ်များ ချန်လှပ်ဖန်တီးထားခြင်း ဖြစ်၏။

အမှန်စင်စစ် စီးကွမ်၏ သိုင်းပညာ အတွင်းအားမှာ အလွန်ပင် ကြီးမားလှသောကြောင့် ထိုကန်ချက်သည် သံမဏိ အကာအကွယ်ကိုပင် ပြားချပ်သွားစေပြီး အတွင်းရှိ အင်္ဂါများကို တိုက်ရိုက်ကြေမွစေနိုင်စွမ်း ရှိသည်။

သို့ပေမည့် အောက်ယွီ လွင့်စင်သွားခြင်းကပင် အဓိကအချက် ဖြစ်လာခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံး လွင့်ထွက် သွားခြင်းကြောင့် ကန်ချက်၏ အားအရှိန်အများစုမှာ ပြေလျော့သွားပြီး ထိခိုက်မှုဒဏ်မှာ ပေါင်ကြားသို့ တိုက်ရိုက် မကျရောက်တော့ဘဲ ခါး၊ ခြေထောက်နှင့် တစ်ကိုယ်လုံးရှိ သံမဏိအကာအကွယ်များဆီသို့ ပျံ့နှံ့သွားခြင်း ဖြစ်၏။

ထို့ကြောင့် သူဝတ်ဆင်ထားသော သံမဏိဝတ်စုံမှာ အလွန်ပင် စေ့စပ်သေချာသော တွက်ချက်မှုများဖြင့် ဖန်တီး ထားသည့် လက်ရာမွန်တစ်ခုဟု ပြောရပေမည်။

ထိုအချိန်တွင် ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “အရှင်မင်းမြတ်... အရှင်မင်းမြတ်... မြင်တွေ့လိုက်ရပြီလား။ ကျိန့်ဟိုင်မြို့စား သားတော် စီးကွမ်က ညီလာခံမှာ၊ အရှင့်ရဲ့ အရှေ့မှာ၊ အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေ အားလုံးရဲ့ အရှေ့မှာ လူသတ်ဖို့ လုပ်နေတယ်။ ဘယ်လောက်တောင် မောက်မာလိုက်လဲ။ ဘယ်လောက်တောင် ရက်စက်လိုက်လဲ။ ကျိန့်ဟိုင်မြို့စားအိမ်တော် ပုန်ကန်တော့မယ်... ကျိန့်ဟိုင်မြို့စားအိမ်တော် ပုန်ကန်တော့မယ်။ အရှင်မင်းမြတ် သေချာ စဉ်းစားပေးပါ။”

‘ချီးတဲ့မှ... ဒီအချိန်ရောက်နေတာတောင် ခင်ဗျားရဲ့ ဦးနှောက်ဆေးတဲ့ကြွေးကြော်သံ သုံးခွန်းကို မမေ့သေးဘူးလား။’

ဒီအချိန်မှာ စီးကွမ်က ဆက်လက် မသည်းခံနိုင်တော့ဘဲ တော်ဝင် သက်တော်စောင့် နှစ်ဦးကို ရုတ်တရက် တွန်းထုတ်လိုက်ပြီး ထိုလူနှစ်ဦးကို တိုက်ရိုက် လွှင့်စင်သွားစေတော့သည်။

ထို့နောက် ကြမ်းတမ်းသော ကျားရိုင်း တစ်ကောင်ကဲ့သို့ အောက်ယွီထံသို့ ပြေးဝင်လာကာ အော်ဟစ်လိုက် တော့၏။ “ကျုပ် ခင်ဗျားကို သတ်မယ်... ကျုပ် ခင်ဗျားကို သတ်မယ်...”

“သားတော် စီးကွမ်... ခင်ဗျား အရမ်း မောက်မာလွန်းနေပြီ။” စစ်သူကြီး တစ်ဦး ရုတ်တရက် ထွက်လာပြီး စီးကွမ်၏ လမ်းကို ပိတ်ဆို့လိုက်တော့သည်။

ဧကရာဇ်၏ မျက်ခုံးများ ရုတ်တရက် ကျုံ့သွားတော့သည်။ ဤလူမှာ ယွီလင်ဝေ့ ဒု-တပ်မှူး လီထျဲ့ရှင်း ဖြစ်၏။

သေချာပေါက် ယွီလင်ဝေ့ ဒု-တပ်မှူး တစ်ယောက် အနေဖြင့် ညီလာခံ၏ စည်းကမ်းကို ထိန်းသိမ်းခြင်းမှာ အမှား မဟုတ်သော်လည်း ယခု လီထျဲ့ရှင်း သည် အလွန် တက်ကြွလွန်းနေသည်။

ဧကရာဇ်ဟောင်းကို လျှို့ဝှက်စွာ သစ္စာခံထားသူများသည် ဤကဲ့သို့ အရေးကြီးသော အချိန်တွင် တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက်လာတော့မည်လား။

All Chapters