← Chapters

အခန်း ၅၁၀

Vol. 43 Ch. 510

အခန်း ၅၁၀

Vol. 43 Ch. 510

အပိုင်း (၅၁၀)

“အောက်ယွီ သူခိုး... သူ့ကို ရိုက်သတ်... သူ့ကို ရိုက်သတ်...” ရုတ်တရက် လူအုပ်ထဲမှ အသံကျယ်ကျယ်ဖြင့် အော်ဟစ်သံများ နောက်တစ်ကြိမ် ထွက်ပေါ်လာတော့၏။

ဤအသံ ထွက်ပေါ်လာချိန်မှာတော့ ယွင်ကျုံးဟဲ့ အံ့ဩသွားရသည်။ ‘ကိစ္စတွေက ဒီအခြေအနေအထိ ရောက်နေတာတောင် ခင်ဗျားတို့က လှုပ်ရှားရဲသေးတယ် ဟုတ်လား။’

ဤသို့ အော်ဟစ် သောင်းကျန်းနေသူများမှာ တော်ဝင်တရားရုံးမှ အရာရှိငယ်များနှင့် တော်ဝင်မျိုးနွယ်စုဝင် လူငယ်များသာ ဖြစ်ကြသည်။ ၎င်းတို့သည် မည်သူ့မျက်နှာကိုမှ ထောက်ထားညှာတာခြင်း မရှိသကဲ့သို့ မည်သူ့ကိုမှလည်း ကြောက်ရွံ့ထိတ်လန့်ခြင်း မရှိကြပေ။

ထိုလူအုပ်ကြီးသည် ယွင်ကျုံးဟဲ့ထံသို့ နောက်တစ်ကြိမ် အုန်းအုန်းကျွက်ကျွက် ပြေးဝင်သွားကြပြန်သည်။ အခြေအနေ အရပ်ရပ်ကို ဂရုမထားတော့ဘဲ အောက်ယွီကို အသေသတ်ရန်သာ တစ်ခဲနက် ကြံစည် နေကြတော့သည်။

ယွီလင်ဝေ့ ဒု-တပ်မှူး လီထျဲ့ရှင်းက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “သူတို့ကို တားထား... သူတို့ကို တားထား။”

“ကျုပ်တို့က တော်ဝင်မိသားစုဝင် တွေပဲ။ ဘယ်သူ တားရဲလဲ။ ဘယ်သူ တားရဲလဲ။ ခင်ဗျားတို့လို ကျွန် တွေကများ...” ဤတော်ဝင်မိသားစုဝင် လူငယ်များသည် ယွင်ကျုံးဟဲ့ထံသို့ ရူးသွပ်မတတ် ပြေးဝင် လာကြတော့သည်။

သို့ပေမည့် ထိုအချိန်တွင်ပင် လှပလွန်းသော လူရိပ်တစ်ခု ပြေးဝင်လာပြီး ယွင်ကျုံးဟဲ့၏ အရှေ့တွင် ပိတ်ရပ်လိုက်တော့၏။

“ဘယ်သူရဲလဲ။ ဘယ်သူ ဝင်လာရဲလဲ။” ထိုသူမှာ ပြိုင်ဘက်ကင်း အလှတရား ရှိသော မင်းသမီး ရှန်ရှန်း ဖြစ်နေ၏။ သူမသည် လက်နှစ်ဖက်ကို ဆန့်တန်းကာ ယွင်ကျုံးဟဲ့ကို အနောက်တွင် ကာကွယ်ထားလိုက်သည်။

ထို့နောက် မိန်းမစိုးအိုကြီးဟောက်ချန် ပြေးဝင်လာကာ အောက်ယွီ နှင့် မင်းသမီး ရှန်ရှန်း တို့၏ အရှေ့သို့ တိုက်ရိုက် ပြေးဝင်လာပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဦးညွတ်လျက် ပြောလိုက်၏။ “ကျုပ် ဧကရာဇ်မင်းမြတ်ကို အရိုအသေပေးပါတယ်။”

ဧကရာဇ် ဝမ်ယွင်၏ မျက်လုံးများ အေးစက်သွားပြီး တုန်ယင် အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။ “ရှန်ရှန်း... ဒီနေရာက ညီလာခံလေ။ မင်း လာခွင့်ရှိတဲ့ နေရာလား။”

ထို့အပြင် မင်းသမီးရှန်ရှန်းသည် နေအိမ်အကျယ်ချုပ်ဖြင့် တားဆီးပိတ်ပင်ခံထားရသူ မဟုတ်ပါလား။ မည်သို့သော အကြောင်းကြောင့် ပြင်ပသို့ ထွက်ခွာလာနိုင်ရသနည်း။

အမှန်စင်စစ် နန်းတွင်း၌ ဧကရာဇ်ဟောင်း၏အမိန့်ကို နာခံမည့်သူများ ကျန်ရှိနေသေးခြင်းပင် ဖြစ်သည်။ ဤအချက်မှာ ထူးဆန်းလှသည်တော့ မဟုတ်ပေ။

ဧကရာဇ်ဟောင်းသည် နိုင်ငံတော်ကို နှစ်ပေါင်းငါးဆယ်တိုင်တိုင် စိုးစံအုပ်ချုပ်ခဲ့သူဖြစ်ရာ လောကဓံတရားအရ လူတို့သည် အင်အားကြီးရာသို့ ယိမ်းနွဲ့တတ်ကြသည်ဆိုသော်ငြား ၎င်း၏လက်ရုံးအင်အား အနည်းငယ် ရှိနေဦးမည်သာ ဖြစ်သည်။

သို့သော်ငြား ဤအချက်များမှာ ထိတ်လန့်ဖွယ်ရာ မဟုတ်သေးပေ။ အမှန်တကယ် ကြောက်စရာ အကောင်းဆုံးအချက်မှာ ဧကရာဇ်ဟောင်းသည် ယခင်က ထိုလူယုံတော်များကို တစ်ကြိမ်တစ်ခါမှ ထုတ်ဖော် အသုံးမပြုခဲ့ခြင်း မရှိဘဲ ယခုမှ စတင်လှုပ်ရှားလာခြင်း ဖြစ်၏။

ဤသည်မှာ မည်သည့်အခြေအနေကို ညွှန်ပြနေသည့် နိမိတ်လက္ခဏာ ဖြစ်နိုင်သနည်း။

ဟောက်ချန်က ဦးညွတ်ကာ လျှောက်တင်လိုက်၏။ “အရှင်မင်းမြတ်ကို လျှောက်တင်ပါတယ်။ ဧကရာဇ်ဟောင်းက မင်းသမီး ရှန်ရှန်းကို သတိရလို့ ကျုပ်ကို နန်းတော်ထဲ လွှတ်ပြီး မင်းသမီး ရှန်ရှန်းကို သွားခေါ်ခိုင်းတာပါ။ ရလဒ်အနေနဲ့ မင်းသမီး ရှန်ရှန်းကို တစ်ယောက်ယောက်ကကြိုးနဲ့ တုပ်ထားတာကို တွေ့လိုက်ရလို့ တကယ်ကို လန့်ဖြန့်သွားခဲ့ရပါတယ်။ ကျုပ်က ကြိုးဖြည်ပေးလိုက်တော့ မင်းသမီးက မိဘကျေးဇူး သိတတ်တဲ့အတွက် အရှင်မင်းမြတ်ဆီ လာပြီး နှုတ်ဆက်တာပါ။”

မင်းသမီး ရှန်ရှန်းသည် ဧကရာဇ်အား ဂါရဝပြု နှုတ်ဆက်ရန် ရည်ရွယ်၍ လာရောက်ခြင်း မဟုတ်သည်မှာ သေချာ၏။ အကယ်၍ သူမသာ ဝင်ရောက် နှုတ်ဆက်လိုက်ပါက ပြန်လည် ထွက်ခွာခွင့် ရတော့မည် မဟုတ်သည်ကိုလည်း ကောင်းစွာ သိရှိနားလည်ထားသည်။

သို့သော်လည်း ဝက်ဝံကြီးမှာ ညီလာခံအတွင်း ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း ကြားသိလိုက်ရ သောကြောင့် တုန့်ဆိုင်းခြင်း မရှိဘဲ အပြေးအလွှား ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

“မိဘကျေးဇူး သိတတ်တယ်... မိဘကျေးဇူး သိတတ်တယ်...”

ဧကရာဇ် ဝမ်ယွင်က ပြုံးလျက် ပြောလိုက်သည်။ “တကယ်ကို ကြီးမားတဲ့ မိဘကျေးဇူး သိတတ်မှု ပါပဲ။”

မင်းသမီး ရှန်ရှန်း ဒူးထောက်ကာ ပြောလိုက်၏။ “ခမည်းတော်... ဒီ စီးကွမ် ဟာ အမူအကျင့် မကောင်းပါဘူး။ ရမ်းကားပါတယ်။ ညီလာခံမှာတောင် လူသိရှင်ကြား လူသတ်ဖို့ လုပ်ရဲပါတယ်။ သမီးတော်က သူ့ကို လုံးဝ လက်မထပ်နိုင်ပါဘူး။ သေရမယ် ဆိုရင်တောင် လုံးဝ လက်မထပ်ပါဘူး။”

မင်းသမီး ရှန်ရှန်း သည် အလွန် ဉာဏ်ကောင်းသူ ဖြစ်သောကြောင့် ဤအချိန်တွင် အောက်ယွီကို လက်ထပ်ချင်ကြောင်း၊ လျှို့ဝှက် ပတ်သက်မှု ရှိနေကြောင်း စသည့် စကားများကို လုံးဝ မပြောသင့်ကြောင်း သိရှိထားသည်။ ထိုသို့ ပြောဆိုပါက ဒုက္ခရောက် ပေလိမ့်မည်။

သို့ပေမည့် မင်းသမီး ရှန်ရှန်းက ဤကဲ့သို့သော စကားမျိုး ပြောဆိုလိုက်ပြီး အောက်ယွီ၏ အရှေ့တွင် ကာကွယ်ပေးထားခြင်းက အရာအားလုံးကို ရှင်းလင်းပြသနေသည် မဟုတ်ပါလား။

ထို့အပြင် နူးညံ့သိမ်မွေ့ပြီး လှပလွန်းသော မင်းသမီး ရှန်ရှန်း သည် ပြေးထွက်လာမည်၊ လက်နှစ်ဖက်ကို ဆန့်တန်းကာ သူ အောက်ယွီကို ကာကွယ်ပေးလိမ့်မည်ဟု ယွင်ကျုံးဟဲ့လည်း လုံးဝ မထင်မှတ်ခဲ့မိချေ။

‘အရူးမလေး... အရူးမလေးပဲ။’

ဤမိန်းကလေးသည် စိတ်ထားအလွန် မွန်မြတ်လွန်းလှသည်သာမက အပြစ်ကင်းစင်ကာ ဖြူစင်လွန်းလှသည်။

ယွင်ကျုံးဟဲ့ အမှန်တကယ်ပင် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သလို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်က အရမ်း မဖြူစင်လွန်းသောကြောင့်ပင်။

ဤ မိန်းကလေး နှင့် ထိုက်တန်သူမှာ အစ်ကို အောက်ယွီကဲ့သို့ ဖြူစင်ပြီး တက်ကြွသော သူမျိုးသာ ဖြစ်ကောင်း ဖြစ်နိုင်သည်။

မင်းသမီး ရှန်ရှန်း၏ စကားများသည် စီးကွမ်၏ မျက်နှာကို ပြင်းထန်စွာ ပါးရိုက်လိုက်သကဲ့သို့ ဖြစ်နေသည်။ မင်းသမီး ရှန်ရှန်း သည် သူ့ကို လက်မထပ်ရသေးမီမှာပင် လူသိရှင်ကြား အောက်ယွီကို ကာကွယ်ပေးနေပြီ ဖြစ်၏။

ဤသည်မှာ သူ အိပ်မက် မက်ခဲ့ရသော အမျိုးသမီး ဖြစ်ပြီး တောင်ပိုင်းကျိုး၏ နံပါတ်တစ် အလှပဆုံး အမျိုးသမီး ဖြစ်ကာ တောင်ပိုင်းကျိုးအင်ပါယာ၏ ပုလဲရတနာလေးလည်း ဖြစ်သည်။

သို့ပေမည့် သူမက အောက်ယွီ ကဲ့သို့ ဝဖြိုးပြီး အရုပ်ဆိုးကာ အောက်တန်းကျသော သူကို သဘောကျနေသည် မဟုတ်ပါလား။

သူ စီးကွမ် သည် စာပေရော သိုင်းပညာပါ ထူးချွန်ပြီး အဆင့်အတန်း မြင့်မားကာ ချောမောခန့်ညားသူ ဖြစ်သောကြောင့် အောက်ယွီ ထက် အဆပေါင်းများစွာ သာလွန်သည်။ သို့သော်ငြား ရလဒ်အနေဖြင့် မင်းသမီး ရှန်ရှန်း သည် သူ့ကို လုံးဝ ဂရုမစိုက်ခဲ့ချေ။

ဤနှစ်များအတွင်း သူသည် မြို့တော်တွင် ဩဇာတိက္ကမ ရှိစွာ နေထိုင်လာခဲ့ပြီး မည်သည့်အခါမှ ဤကဲ့သို့သော စော်ကားမှုကို မခံခဲ့ရဖူးချေ။ ချက်ချင်းပဲ သူ၏ တစ်ကိုယ်လုံး ပေါက်ကွဲထွက်တော့မည့်အတိုင်း ဖြစ်သွားတော့၏။

‘ကျုပ်တို့ ကျိန့်ဟိုင်မြို့စားအိမ်တော်က အရင်ဆုံး ငွေသား နှစ်သန်း ပေးခဲ့တယ်။ အခု ထပ်ပြီး သုံးသန်း ပေးခဲ့တာတောင် ကျုပ်က ဘာမှ မရဘဲ နေရတော့မှာလား။’

မင်းသမီး ရှန်ရှန်းက ဆက်လက် ဦးညွတ်ကာ ပြောလိုက်၏။ “ခမည်းတော်... သမီးတော်က စီးကွမ်ကို လက်မထပ်ချင်ပါဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အရှင်မင်းမြတ်... စီးကွမ် ဟာ ညီလာခံမှာတောင် လူသတ်ဖို့ လုပ်ရဲတာကို ကြည့်ရင် တိရစ္ဆာန် တစ်ကောင်လို ဖြစ်နေတယ်ဆိုတာ သိသာပါတယ်။ မင်းသမီး ရှန်ရှန်း သာ သူ့ကို လက်ထပ်လိုက်ရင် အသက်အန္တရာယ် ရှိလာနိုင်တာပေါ့။

အရှင်မင်းမြတ်... စီးကွမ်က ညီလာခံမှာ၊ အရှင့်ရဲ့ အရှေ့မှာ၊ အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေ အားလုံးရဲ့ အရှေ့မှာ လူသတ်ဖို့ အော်ဟစ်နေတာ တကယ်ပဲ ဘာပြဿနာမှ မရှိဘူးလား။ ဒီအချိန်မှာ နန်းတွင်းရဲ့စည်းမျဉ်းစည်းကမ်းတွေ ဘယ်ရောက်သွားပြီလဲ။ အရှင်မင်းမြတ်ရဲ့ မျက်နှာဘယ်ရောက်သွားပြီလဲ။ နိုင်ငံ သမိုင်း တစ်လျှောက်မှာ အရင်က မရှိခဲ့ဖူးဘူး၊ အံ့ဩတုန်လှုပ်စရာကောင်းလွန်းပါတယ်။

ဟုတ်ပါတယ်။ ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာမှာ ဧကရာဇ် နှစ်ပါး လက်ထက် ညီလာခံ မှာတုန်းက လူစုလူဝေးနဲ့ ရိုက်သတ်တာတွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ချန်ကျုံး ဧကရာဇ် ဟာ အဲဒီတုန်းက ရောဂါကျွမ်းနေပြီ ဖြစ်ပြီး နိုင်ကော် နဲ့ ဆူမီယွမ်ကို မထိန်းချုပ်နိုင်တော့လို့ ညီလာခံမှာ ရိုက်ပွဲ တွေ ဖြစ်ခဲ့တာပါ။

စုကျုံး ဧကရာဇ် လက်ထက်တုန်းက ညီလာခံ မှာ လူစုလူဝေးနဲ့ ရိုက်သတ်တဲ့ အချိန်မှာဆိုရင် စုကျုံး ဧကရာဇ်ဟာ အသက်ကိုးနှစ်ပဲ ရှိပါသေးတယ်။ အရှင်မင်းမြတ်က အင်အား အကောင်းဆုံး အရွယ်မှာ ရှိနေတာကို အဲဒီ ဧကရာဇ် နှစ်ပါးနဲ့ နှိုင်းယှဉ်လို့ ရပါ့မလား။ အရင်ခေတ်က အရှက်တကွဲ ကိစ္စတွေကလည်း စံနမူနာကောင်းတွေ ဖြစ်လာပြီး ဒီနေ့ခေတ် အတွက် အတုယူစရာ တွေ ဖြစ်လာနိုင်လို့လား။”

ယွင်ကျုံးဟဲ့ ဤစကားများကို အော်ဟစ်လိုက်ချိန်တွင် အမှန်တကယ် အလွန်အမင်း ဒေါသထွက်နေပြီး အဆုံးအစ မရှိသော ဒေါသများ ပြည့်နှက်နေ၏။

စောစောက ရိုက်သတ်ခံလိုက်ရသူမှာ မိဖုရားကြီး၏ တူ၊ နင်ဟွိုင်အန်း၏ သား နင်ရွှီး ဖြစ်ပြီး ရန်သူ၏ သား ဖြစ်သော်လည်း ယွင်ကျုံးဟဲ့ ကျေနပ်နေသလို တစ်ချိန်တည်းမှာပင် တစ်ကိုယ်လုံး တုန်ယင်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ဤလူစု ရိုက်သတ်ချင်ခဲ့သူမှာ သူ ဖြစ်သောကြောင့်ပင်။

နန်းတွင်း နိုင်ငံရေး အားပြိုင်မှုသည် ညီလာခံတွင် လူကို အရှင်လတ်လတ် ဝိုင်းဝန်း ရိုက်သတ်သည့် အဆင့်အထိ တက်လှမ်းလာခဲ့ပြီလား။ စည်းကမ်း ဆိုတာ ရှိသေးရဲ့လား။

မင်မင်းဆက်၊ ရင်ကျုံးဧကရာဇ် လက်ထက်တွင် ဩဇာတိက္ကမ ကြီးမားလှသော ကျင်းယီဝေ့တပ်မှူးသည် ညီလာခံ ခန်းမကြီးအတွင်း၌ပင် လူအများ၏ ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံရကာ အသက်ပျောက်ခဲ့ရဖူးသည်။

သို့သော်ငြား ထိုစဉ်က ရင်ကျုံးဧကရာဇ်မှာ ဝါလာမွန်ဂိုမျိုးနွယ်စုများ၏ ဖမ်းဆီးခြင်းကို ခံထားရချိန်ဖြစ်ပြီး နန်းဆက်ခံမည့် ကျူးချီယွီမှာလည်း ကျင်ထိုက်ဧကရာဇ်အဖြစ် နန်းပလ္လင်ပေါ်သို့ မရောက်ရှိသေးပေ။

ထိုကဲ့သို့ ထိပ်တန်းအရာရှိကြီးတစ်ဦးကို သတ်ဖြတ်ဝံ့ကြခြင်းမှာ အထက်တွင် အမိန့်ပေးအုပ်ချုပ်မည့် ဧကရာဇ်ကိုယ်တိုင် နှုတ်ဆိတ်နေရသည့် အခြေအနေကြောင့်သာ ဖြစ်သည်။

ယခုအခါတွင်လည်း ဧကရာဇ်ဝမ်ယွင်၏ ရဲတင်းလှသော လုပ်ရပ်များမှာ ဧကရာဇ်ဟောင်းသည် ရောဂါကျွမ်းနေပြီ ဖြစ်ကြောင်း၊ လေဖြတ်ဝေဒနာကြောင့် မျှော်လင့်ချက် ကုန်ဆုံးနေပြီဖြစ်ကြောင်း လူအများက ယူဆနေကြ၍သာ ဖြစ်၏။

အကယ်၍သာ ဧကရာဇ်ဟောင်းသည် ကျန်းမာစွာဖြင့် ပြန်လည် မတ်တတ်ရပ်နိုင်ခဲ့ပါမူ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်မင်းများထဲမှ မည်မျှလောက်သောသူတို့သည် စိတ်သဘောထား ပြောင်းလဲ သွားကြမည်နည်း။

အခြေအနေများမှာ ယခုကဲ့သို့ အဆိုးဘက်သို့ ဦးတည်နေပြီဖြစ်ရာ အောက်ယွီမှာ အသက်ဘေးမှ လွတ်မြောက် သွားရုံသာမက မိဖုရားကြီး၏ တူဖြစ်သူကိုပင် သတ်ဖြတ်လိုက်နိုင်ခဲ့သည်။

စင်စစ်အားဖြင့် နင်ဟွိုင်အန်း၏ သားတစ်ယောက် သေဆုံးသွားခြင်းမှာ ပြောပလောက်သည့် ကိစ္စ မဟုတ်သော်လည်း လက်ရှိဖြစ်ပေါ်နေသည့် အကျပ်အတည်းမှာ တစ်ဆို့နေပြီဖြစ်ရာ မည်သို့သော နည်းလမ်းဖြင့် ဖြေရှင်းရမည်နည်း။

ဧကရာဇ် ဝမ်ယွင် သည် လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီး တစ်ယောက်ချင်းစီကို အကဲခတ်လိုက်သည်။ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များနှင့် ဤ နန်းတော် အတွင်း၌ မည်သူက ဧကရာဇ်ဟောင်းကို လျှို့ဝှက်စွာ သစ္စာခံထားသနည်း ဆိုသည်ကို သူ သိလို၏။

‘ဧကရာဇ်ဟောင်းက လေဖြတ်နေပြီး ရောဂါကျွမ်းနေကာ သေခါနီး ဖြစ်နေတာတောင် ခင်ဗျားတို့က သူ့ကို သစ္စာခံချင်နေသေးတယ် ဟုတ်လား။’

အချိန်အတော်ကြာပြီးမှသာ ဧကရာဇ် ဝမ်ယွင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ကျိန့်ဟိုင်မြို့စား သားတော် စီးကွမ် ဟာ မောက်မာပြီး ရိုင်းစိုင်းတဲ့အတွက် သူ့ရဲ့ကျိန့်ဟိုင်မြို့စား သားတော် နေရာကို ချက်ချင်း ရုပ်သိမ်းလိုက်ပြီး ကြိမ်ဒဏ် ငါးဆယ် ပေးလိုက်။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း ပြင်းထန်စွာ တုန်လှုပ်သွားကြတော့၏။ ‘ဒီလောက်တောင် ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်တာလား။’

သို့ပေမည့် အောက်မင်၊ စုချင်ဝမ်၊ လင်ကုန်း နှင့် စီးကွမ်ကိုယ်တိုင်ပင်လျှင် လုံးဝ ဂရုမစိုက်ခဲ့ကြချေ။ ဤသည်မှာ ကြိုတင် တိုင်ပင်ထားပြီးသားကိစ္စ ဖြစ်သည်။

အောက်ယွီကို အမတ်များ ဝိုင်းဝန်း ရိုက်သတ်ပြီးနောက် ဧကရာဇ်သည် စီးကွမ်၏ သားတော် နေရာကို ရုပ်သိမ်းပြီး ကြိမ်ဒဏ် ငါးဆယ် ပေးမည့် အမိန့်တော် ထုတ်ပြန်ရန် မူလတည်းက စီစဉ်ထားပြီး ဖြစ်သည်။ ဤကဲ့သို့သော ကြိမ်ဒဏ် ငါးဆယ် ဆိုသည်မှာ လုံးဝ မပြောပလောက်ချေ။

ကျိန့်ဟိုင်မြို့စားအိမ်တော် သားတော် နေရာကို ရုပ်သိမ်းသည် ဆိုခြင်းမှာလည်း လုံးဝ အဓိပ္ပာယ် မရှိချေ။ နောက်ဆက်တွဲ အနေဖြင့် ကျိန့်ဟိုင်မြို့စားအိမ်တော်က ငွေတွေ ဆက်လက် လှူဒါန်းဦးမည်ဖြစ်ရာ စီးကွမ်ကို သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများတွင် စေလွှတ်ပြီး အကျိုးဆောင်မှု တစ်ခုခု ပြုလုပ်စေကာ သားတော် နေရာကို ချက်ချင်း ပြန်လည် ပေးအပ်လိုက်မှာဖြစ်သည်။

ထို့နောက် ဧကရာဇ်၏ အကြည့်များမှာ မင်းသမီး ရှန်ရှန်း၏ မျက်နှာပေါ်သို့ ရောက်ရှိသွားပြီး အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဟောက်ချန်... မကြာသေးခင်က ရှန်ရှန်း အိပ်မက်ဆိုးတွေ မက်နေလို့ ဧကရာဇ်ဟောင်းကို လန့်မသွားစေဖို့ ရှန်ချင်းနန်းဆောင်ကို မလွှတ်တော့ဘူးလို့ ဧကရာဇ်ဟောင်းဆီ သွားပြောလိုက်။”

မိန်းမစိုးအိုကြီးဟောက်ချန်က ပြန်ပြောလိုက်သည်။ “ဒါပေမဲ့ ဧကရာဇ်ဟောင်းက မင်းသမီး ရှန်ရှန်းကို အရမ်း သတိရနေတယ်လို့ ပြောပါတယ်။”

ဧကရာဇ်က ပြန်ပြောလိုက်၏။ “ဧကရာဇ်ဟောင်း လန့်သွားရင် ဘယ်သူ တာဝန်ယူမလဲ။ သူ ကျန်းမာရေး ပြန်ကောင်းလာမှ ဧကရာဇ်ဟောင်းဆီ သွားပြီး ဂါရဝပြုခိုင်းလိုက်မယ်။”

ထို့နောက် ဧကရာဇ်က ဆက်ပြောလိုက်သည်။ “ရှန်ရှန်း နဲ့ စီးကွမ် တို့ရဲ့ အိမ်ထောင်ရေးကိစ္စကတော့ မိဘတွေရဲ့ အမိန့်၊ စေ့စပ်ရေးမှူးရဲ့ စကားဆိုတော့ ကလေးကစားစရာ လုပ်လို့ မရဘူး။ ရှစ်လပိုင်း ရှစ်ရက်နေ့မှာ မင်္ဂလာဆောင် ဆက်လုပ်ရမယ်။”

.........................

All Chapters