← Chapters

အာ … (၂)

Vol. 3 Ch. 32

အာ … (၂)

Vol. 3 Ch. 32

“အဝါရောင် စကျင်ကျောက်စီထားတဲ့ ဟွမ်ဟွာလီ သစ်သား ကာရံလိုက်ကာကြီးကိုလည်း ရွှေ့လိုက်ကြ”

“ဒီ အိပ်ရာခင်းတွေနဲ့ ပိုးဖဲခေါင်းအုံးတွေ အကုန်ယူသွားပြီး မီးရှို့ပစ်လိုက်၊ သူလဲ သူ့ဦးလေးလိုပဲ ကူးစက် ရောဂါတွေ ပါလာမလားဆိုတာ ဘယ်သူ သိမှာလဲ”

“ဒီ အပြာရောင်နဲ့ အဖြူရောင် လက်ဖက်ရည်ခွက်အစုံကိုတော့ သမက်တော် မထိရသေးဘူးမလား၊ အင်း၊ အဲ့ဒါဆိုရင်တော့ သိမ်းထားလိုက်”

ဝမ်ရှို့မင်းသမီး ဝင်လာသောအခါ ရှန်းယန်မင်းသမီး၏ စေခိုင်းမှုကြောင့် အစေခံများမှာ ပစ္စည်းများကို တစ်ခုပြီး တစ်ခု ရွှေ့ပြောင်းခြင်း၊ ဖျက်ဆီးခြင်းများဖြင့် အလုပ်ရှုပ်နေကြသည်ကို မြင်လိုက်ရသည်။

ထိုအချိန်တွင် ရှန်းယန်မင်းသမီးမှာ ဒန်းပေါ်၌ မတ်တတ်ရပ်လျက် ရှေ့နောက် လွှဲနေလေသည်။ အနီးနားရှိ ကျောက်သား ခုံတန်းအောက်တွင်မူ လက်ရာမြောက်လှသော ပန်းထိုး ဖိနပ်တစ်စုံကို ပေါ့ပေါ့ဆဆပင် ချွတ်ထားခဲ့သည်။

“ရှန့်ရှန်း၊ နင် ဘာတွေလုပ်နေတာလဲ...”

ရှန်းယန်မင်းသမီးက လှည့်ကြည့်လေသည်။

“အစ်မတော် ငါးလား”

သူမသည် ဒန်းပေါ်မှ ဆင်းရန် မကြိုးစားဘဲ ကြိုးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားရင်း တောက်ပစွာ ပြုံးပြ လိုက်သည်။

“အစ်မတော်က ဘာကိစ္စရှိလို့ ညီမတော်ဆီ လာလည်တာလဲ”

ဝမ်ရှို့မင်းသမီးက သူမလာရခြင်း၏ အကြောင်းရင်းကို ရှင်းပြလိုက်သည်။

သူမအနေဖြင့် ဧကရာဇ်မင်းမြတ်၏ အချစ်ဆုံးဖြစ်သော ဤမင်းသမီးလေးမှတစ်ဆင့် သမက်တော်၏ မကောင်းမှု များတွင် ပါဝင်ပတ်သက်မိသွားသည့် အစေခံများကို ကယ်တင်ပေးရန် မျှော်လင့်နေခြင်းပင်။

“သူတို့က ငါ့အပေါ် ဘယ်တုန်းကမှ မကောင်းတာ မလုပ်ခဲ့ဘူး၊ ပြီးတော့ သူတို့ရဲ့ သက်သေခံ စာချုပ်တွေကလဲ လျိုယီရဲ့ လက်ထဲမှာလေ၊ သူတို့ခမျာ ရိုက်သတ်ခံရမှာ ဒါမှမဟုတ် ပြန်ရောင်းစားခံရမှာကို အမြဲတမ်း ကြောက်လန့် နေခဲ့ကြရတာ၊ အဲ့ဒီလို အခြေအနေမှာ သူတို့က ဘယ်လိုလုပ်ပြီး အမိန့်ကို ဖီဆန်ရဲမှာလဲ၊ ငါ့အပေါ် ကောင်းကောင်း မွန်မွန် ဆက်ဆံဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်”

ဝမ်ရှို့မင်းသမီးမှာ အတွေးထဲ နစ်ဝင်နေပုံရပြီး တစ်လုံးချင်း အေးအေးဆေးဆေး ဆက်ပြောနေသည်။

“တကယ်လို့ အပြစ်တင်ရမယ်ဆိုရင် အဲ့ဒီတုန်းက ကိုယ့်ခြေထောက်ပေါ်ကိုယ် ခိုင်ခိုင်မာမာ မရပ်တည်နိုင်ခဲ့တဲ့ ငါ့ကိုယ်ငါပဲ အပြစ်တင်ရမှာပါ၊ သူတို့က ငါ့ကို မကူညီနိုင်ခဲ့တာကို ငါက ဘယ်လိုလုပ်ပြီး အပြစ်ဆိုနိုင်မှာလဲ”

“ခမည်းတော်က ဒေါသထွက်ပြီး သူတို့ကို ထောင်ထဲ ထည့်ထားတယ်၊ ဆောင်းဦးပေါက်ရင် ကွပ်မျက်ဖို့ စောင့်နေတာ၊ အစတုန်းကတော့ ငါလဲ ဒါကို သိပ်ဂရုမစိုက်မိပါဘူး၊ ဒါပေမဲ့ မကြာခင်က ဘဏ္ဍာရေး ဝန်ကြီးဌာနကို သွားရင်းနဲ့ စာရေးတွေ သူတို့မိသားစုတွေ ရှင်သန်ရပ်တည်ဖို့ ဘယ်လောက်တောင် ရုန်းကန်နေရတယ်၊ ဘယ်လို အရှက်ရစရာတွေ ကြုံနေရတယ်ဆိုတာ ပြောနေကြတာကို ငါ ကြားခဲ့ရတယ်၊ အရာရှိငယ်လေးတွေတောင် ဒီလောက် ဒုက္ခရောက်နေကြရင် သူတို့ကိုယ်ပိုင် အသက်တောင် သူတို့လက်ထဲမှာ မရှိတဲ့သူတွေဆိုရင် ဘယ်လိုနေမလဲ ဆိုတာ ငါတွေးမိသွားတယ်”

ခံစားချက်ပိုင်းအရ အလှမ်းဝေးပြီး အာဏာစက်ပြင်းထန်လှသော ခမည်းတော် ဧကရာဇ်မင်းမြတ် သို့မဟုတ် သဘောကောင်း သော်လည်း ရင်းနှီးမှုမရှိသော မယ်တော် မိဖုရားကြီးတို့ထက် သူမ ပထမဆုံး သတိရမိသည်မှာ သူမ လက်မထပ်ခင်က အစ်မတော်ဟု အော်ဟစ်ကာ သူမနောက်သို့ တကောက်ကောက် လိုက်နေ တတ်သည့် ညီမလေးပင် ဖြစ်သည်။

သူမ၏ ညီမလေးမှာ ဒန်းပေါ်၌ ခေါင်းလေးစောင်းကာ သူမကို ကြည့်နေသည်။

ရှန်းယန်မင်းသမီးသည် သူမ၏ ပဉ္စမမြောက် အစ်မတော်၏ စရိုက်ကို ကောင်းကောင်းသိသည်။ သဘော ကောင်းသည်မှာ မှန်သော်လည်း “လူ” အဆင့်အတန်းရှိသူများအပေါ်တွင်သာ ဖြစ်သည်။ အစေခံများဆိုလျှင် ပုံမှန်အားဖြင့်တော့ သူမ၏ ဂရုစိုက်မှုအပြင်ဘက်မှာသာ ရှိခဲ့သည်။

*အစ်မတော် တာဝန် ထမ်းဆောင်တာ ဘယ်နှစ်ရက် ရှိသေးလို့လဲ၊ အခုဆို အစေခံတွေရဲ့ ဒုက္ခကိုတောင် ကိုယ်ချင်းစာ တတ်နေပြီပဲ*

အရာရှိတစ်ယောက် ဖြစ်လာခြင်းက လူတစ်ယောက်ကို ဤမျှ ပြောင်းလဲသွားစေနိုင်သလား။

ရုတ်တရက်ဆိုသလို ရှန်းယန်မင်းသမီးသည် အရာရှိတစ်ဦး ဖြစ်ရခြင်း၏ အရသာကို အလွန်အမင်း စိတ်ဝင်စား သွားတော့သည်။

ထို့ကြောင့် ခမည်းတော်အား အစေခံများကို ပြန်လွှတ်ပေးရန် အလွယ်တကူ နားချပြီးနောက် သူမက ယုံကြည်မှု အပြည့်ဖြင့် ကြေညာလိုက်သည်။

“ခမည်းတော်၊ သမီးတော်လဲ အရာရှိ လုပ်ချင်တယ်”

ဧကရာဇ်အိုကြီးက သူမကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"မင်းလို မိန်းကလေးပေါက်စက ဘယ်လို အရာရှိမျိုး လုပ်မှာလဲ၊ ဒီလိုအလုပ်တွေကို မင်း လုပ်နိုင်မယ်လို့ တကယ် ထင်နေတာလား"

"အစ်မတော်ငါးတောင် အရာရှိ လုပ်နေတာပဲလေ၊ သူက စာရင်းအင်းတွေ စီမံနိုင်တယ်၊ သမီးတော်လဲ အဲ့ဒီအပိုင်းမှာ မဆိုးပါဘူး"

"မဆိုးဘူးဆိုပေမဲ့ မင်းအစ်မတော်ရဲ့ ရာထူးက ယာယီပဲ၊ နောက်ပြီး သူက သူ့ကြင်ယာတော်ရဲ့ ရိုက်နှက်မှုကို ခံရလုနီးပါး ဖြစ်ခဲ့လို့ တစ်ခုခု အာရုံပြောင်းဖို့ လိုနေတာလေ၊ မင်းကရော သူ့လို အခြေအနေမျိုး ကြုံနေရလို့လား"

ရှန်းယန်မင်းသမီးသည် အလှမ်းဝေးနေသော သူမ၏ ကြင်ယာတော်ကို ပြန်ခေါ်လာပြီး သူမကို ရိုက်နှက်ခိုင်းရန် ဖြစ်နိုင်ခြေ ရှိမရှိကို အတည်ကြီး စတင်စဉ်းစားနေတော့သည်။

ထို့နောက် သူမက ထပ်ပြောပြန်သည်။

"ဒါဆို မကျေနပ်မှုတွေကို တိုင်ကြားဖို့ စည်တီးခဲ့တဲ့ အမျိုးသမီးကျတော့ရော"

"သူ့ကိုကျတော့ ပင်လယ်ရပ်ခြားကို သွားခိုင်းဖို့ ငါကိုယ်တော် လိုအပ်တယ်"

ရှန်းယန်မင်းသမီးကတော့ အရှုံးမပေးလိုသေးပေ။

"ခမည်းတော်၊ သမီးတော်လဲ အရာရှိ တကယ် လုပ်ချင်တာပါ"

သို့သော် ယခုတစ်ကြိမ်တွင်မူ သူမ မည်မျှပင် ဂျီကျနေပါစေ၊ ပုံမှန်အားဖြင့် သူမအလိုကို အမြဲလိုက်လျောလေ့ရှိသော ခမည်းတော်မှာ လုံးဝ အလျှော့မပေးတော့ပေ။

ရှန်းယန်မင်းသမီးသည် နန်းတော်ထဲမှ ဒေါသတကြီး ထွက်လာခဲ့သည်။

"ခမည်းတော်ကို ဘယ်တော့မှ စကား မပြောတော့ဘူး"

ငါးရက်တိတိ။ သူမသည် ခမည်းတော်အား ငါးရက်ဆက်တိုက် အသနားခံခဲ့သော်လည်း ခမည်းတော်မှာ ခွင့်မပြုသည့်အပြင် သူမအား အမျိုးသမီးများ လိုက်နာအပ်သော ကျင့်ဝတ်များကို ကူးခိုင်းလိုက်သေးသည်။

"တကယ်ကို ဒေါသထွက်ဖို့ကောင်းတယ်"

"တကယ်ကို ဒေါသထွက်ဖို့ကောင်းတယ်"

အသံနှစ်သံမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။

ရှန်းယန်မင်းသမီးမှာ မှင်တက်သွားပြီး မော့ကြည့်လိုက်ရာ အံ့သြတုန်လှုပ်စွာဖြင့် အသက်ရှူပင် မှားသွားရသည်။

*ချောလိုက်တဲ့ လူငယ်လေး*

ထိုလူငယ်ကလည်း သူမအား အံ့အားသင့်စွာဖြင့် ပြန်လည်ကြည့်ရှုနေသည်။

"ဘာလို့ ဒေါသထွက်နေရတာလဲ"

"ဘာလို့ ဒေါသထွက်နေရတာလဲ"

တစ်ခါ ထပ်တူ ကျပြန်သည်။ ထို့နောက် သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ရယ်မောလိုက် ကြတော့သည်။

"ငါက ကောင်းရှန်းပါ၊ နင်ကရော"

"ကောင်း လား၊ တော်ဝင်မျိုးနွယ် နာမည်ပဲ"

ထိုလူငယ်က ပြုံးလျက် ပြောလိုက်သည်။

"ငါက ရှုရန်မြောင်ပါ"

စည်ကားနေသော လက်ဖက်ရည်ဆိုင်တစ်ခုအတွင်း သူတို့နှစ်ဦး ထိုင်နေကြပြီး ရှုရန်မြောင်၏ အသံမှာ သက်ဝင် လှုပ်ရှားနေတော့သည်။

"ငါ လွန်ခဲ့တဲ့ ရက်ပိုင်းက အိမ်လိုက်ရှာနေတာ၊ ဝယ်ဖို့ မဟုတ်ပါဘူး၊ ငှားဖို့ပဲ"

"ငါ့ရဲ့ လိုအပ်ချက်တွေကို အိမ်ခြံမြေ အကျိုးဆောင်ဆီ ပြောပြထားတော့ သူတို့က ငါနဲ့ သင့်တော်မယ့်နေရာ ရှာပေး ပါ့မယ်လို့ ကတိပေးကြတာပဲ၊ ဒါပေမဲ့ သူတို့က လိမ်တာ"

"အိမ်ရှင်က ဆက်ဆံရ လွယ်ကူတဲ့သူ ဖြစ်စေချင်တယ်လို့ ငါ ပြောခဲ့တယ်၊ သူတို့က ရင်ဘတ်ကို လက်နဲ့ပုတ်ပြီး သူတို့ ရွေးပေးတဲ့ အိမ်ရှင်က သဘောကောင်းပြီး ကျိုးကြောင်း ဆင်ခြင်တတ်တဲ့သူ ဖြစ်မှာပါလို့ ကျိန်ဆိုခဲ့ ကြသေးတာ"

"ဒါပေမဲ့ တကယ်တမ်းကျတော့ အိမ်လစာကို ကြိုတောင်းတဲ့အပြင် စိတ်ထင်ရင် ထင်သလို ဈေးတက်တတ်တဲ့ အိမ်ရှင်မျိုးနဲ့ ငါ့ကို ထိုးကျွေးလိုက်တာလေ၊ ငါ ဘာမှမသိဘူးလို့ မထင်နဲ၊ သူတို့ရဲ့ အရင်က အိမ်ငှားဆီကို နယ်က အမေဖြစ်သူ လာလည်တုန်းက နေစရာနေရာ လိုအပ်နေတာကို အခွင့်ကောင်းယူပြီး အိမ်လစာကို ၂၀% တောင် တိုးတောင်းခဲ့တာ"

သူ့ရဲ့ မခံမရပ်နိုင်ဖြစ်မှုတွေ ပိုတိုးလာတာနဲ့အမျှ စားပွဲခုံကို စည်တီးသလိုမျိုး လက်ဆစ်တွေနဲ့ နှစ်ချက်လောက် တဒေါက်ဒေါက် ခေါက်လိုက်လေတော့သည်။

ရှန်းယန်မင်းသမီး၏ မျက်လုံးများမှာ အံ့သြလွန်းသဖြင့် ဝိုင်းစက်သွားတော့သည်။

"မယုံနိုင်စရာပဲ၊ အဲ့ဒီလို နေရာမျိုးမှာ ရှင် ဘယ်လိုလုပ် နေနိုင်မှာလဲ"

"အဲ့ဒါပဲလေ၊ ငါလဲ အဲ့ဒီလိုပဲ တွေးတာ"

"ပြီးတော့ တစ်ခါကလည်း မိုးရာသီကျရင် ညစ်ပတ်တဲ့ ရေဆိုးတွေ ခြံထဲအထိ လျှံတက်လာတတ်တဲ့ ရေမြောင်း ဘေးက အိမ်မျိုးကို မလိုချင်ဘူးလို့ ငါ ပြောခဲ့တယ်၊ ရေဆိုးတွေ မရှိရင်တောင်မှ အစိုပြန်တဲ့ အိမ်မျိုးကို ငါ မကြိုက်ဘူးလေ၊ သူတို့က သဘောတူပြီး ရေမြောင်းနဲ့ အဝေးကြီးမှာရှိတဲ့ နေရာတစ်ခုကို ပြကြတယ်၊ ဒါပေမဲ့ တကယ်တမ်းကျတော့ လူသူမရှိတဲ့ တောအုပ်ထဲက အမိုးပေါက်နေတဲ့ တဲအိုကြီး ဖြစ်နေတာ၊ အဲ့ဒါကိုတောင် အမိုးက မပေါက်ပါဘူးလို့ သူတို့က ကျိန်ဆိုပြီး ပြောနေကြသေးတာ"

"ဘယ်ဟုတ်ပါ့မလဲ၊ ကြည့်လိုက်ရုံနဲ့တင် သိသာနေတာကို၊ အမိုးက ပေါက်နေတာပဲ၊ အရင်က အိမ်ငှားတွေ ပြောပြတာတော့ မိုးသက်မုန်တိုင်း ကျတဲ့အချိန်ဆို အိမ်ထဲမှာရှိတဲ့ အိုးခွက်ပန်းကန် အကုန်ထုတ်ပြီး မိုးရေခံ ထားရတယ်တဲ့"

"ပြီးတော့ နောက်တစ်ခါကျတော့လဲ..."

ရှုရန်မြောင်၏ မကျေမနပ် ပြောဆိုသံများမှာ အဆက်မပြတ် ထွက်ပေါ်နေသဖြင့် ရှန်းယန်မင်းသမီးမှာ သူ၏ မကုန်ခမ်းနိုင်သော သတင်းအချက်အလက်များကို ကြည့်ပြီး အံ့သြနေမိတော့သည်။ ဒီသတင်းတွေကို သူ ဘယ်ကနေ ရလာတာလဲဆိုတာ သူမ မစဉ်းစားဘဲ မနေနိုင်တော့ပေ။ သူ၏ သတင်းကွန်ရက်မှာ ပုံပြင်တွေထဲက သူဖုန်းစားများထက်တောင် ပိုပြီး ကောင်းနေသယောင်ပင်။

သူ့ရဲ့ ပြောစကားတွေကို နားထောင်ပြီးနောက် သူမလည်း သူမရင်ထဲက အဖုအထစ်တွေကိုပါ ထုတ်ဖော် ပြောပြ ချင်စိတ် ပေါက်လာတော့သည်။

ဤသို့နှင့် ရှုရန်မြောင်က သူရင်ဆိုင်နေရသော အိမ်ငှားပြဿနာများကို အားရပါးရ ပေါက်ကွဲ ပြောဆိုပြီးနောက်တွင် ရှန်းယန် မင်းသမီးကလည်း သူမ၏ ခမည်းတော်အကြောင်းကို စတင်ပြီး ညည်းညူပါတော့သည်။

"ငါ့အဖေကလဲ တကယ့်ကို ခေါင်းမာတာ၊ မိသားစုပိုင်တဲ့ စားသောက်ဆိုင်မှာ အလုပ်ဝင်လုပ်ချင်တယ်လို့ ပြောတာကို သူက လုံးဝခွင့်မပြုဘူး၊ မိန်းကလေးတစ်ယောက် လူပုံအလယ်မှာ မျက်နှာပြပြီး အလုပ်လုပ်တာက မသင့်တော်ဘူးတဲ့လေ"

"ငါက အလိုလိုက်ခံထားရတဲ့သူမို့လို့ အလုပ်ဒဏ်ခံနိုင်မှာ မဟုတ်ဘူးလို့တောင် သူက ပြောသေးတာ၊ ကောင်းပြီလေ၊ ငါက စားသောက်ဆိုင်ကို ဘယ်လို စီမံရမလဲဆိုတာ အခုထိ သေချာမသိသေးဘူး ထားပါတော့၊ အနည်းဆုံးတော့ ဆိုင်ရှေ့မှာ ဧည့်သည်တွေကို ကြိုဆိုတာမျိုးတော့ လုပ်နိုင်တာပဲ၊ ငါက စာရင်းအင်းပိုင်းမှာလဲ တော်ပါတယ်၊ သူသာ တကယ် ပေးလုပ်ချင်ရင် ငါ့အတွက် အဆင့်နိမ့်တဲ့ ရာထူးတစ်ခုခုကနေ စခိုင်းလို့ ရတာပဲ၊ အဲ့ဒီကမှတစ်ဆင့် ငါက ကြိုးစားပြီး အထက်ကို တက်လှမ်းမှာပေါ့"

"သူက ငါ့ကို လုံးဝ ပေးမလုပ်ချင်တာ"

ရှုရန်မြောင်က တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် လက်ဖျောက်တစ်ချက် တီးလိုက်သည်။

"ငါ့မှာ အကြံတစ်ခုရှိတယ်၊ နည်းနည်းတော့ မဖြောင့်မတ်ဘူးလို့ ပြောလို့ရမလားပဲ"

"ရတယ်၊ အဲ့ဒါက အရေးမကြီးဘူး၊ ပြောသာပြော"

"မင်းအဖေမှာ သူ အမြတ်တနိုး တန်ဖိုးထားတဲ့ အရာတစ်ခုခု ဒါမှမဟုတ် သူ တကယ် ဂရုစိုက်ရတဲ့သူ ရှိလား"

"ငါ့အမေ ရှိတယ်"

"ကွက်တိပဲ၊ အဲ့ဒါဆို မင်းလုပ်ရမှာက..."

ရှုရန်မြောင်က သူမအနီးသို့ တိုးကပ်သွားပြီး သူ၏ အကြံအစည်ကို တိုးတိုးလေး ကပ်ပြောလိုက်သည်။ ရှန်းယန် မင်းသမီးသည် နားထောင်ရင်းနှင့် သူမ၏ မျက်ဝန်းများမှာ ပိုမိုတောက်ပလာတော့သည်။

ထိုနေ့ညမှာပင်။

ကျောင်းဖုန်း နန်းဆောင်အတွင်း၌ ဧကရာဇ်မင်းမြတ်သည် ဟင်းရည်တစ်ဇွန်းကို စိတ်အားထက်သန်စွာ ခပ်ယူ လိုက်သည်။

"အချစ်ဆုံးလေး၊ မင်း ဒီကြက်စွပ်ပြုတ်ကို ကြိုက်တယ်လေ၊ ကိုယ်တော် တိုက်ပါရစေ၊ ကဲ ... ပါးစပ်လေး ဟလိုက်ပါဦး..."

မိဖုရားကြီးသော်မှာ ရှက်သွေးဖြာသွားလေသည်။

"ရှင် အခုလို လုပ်ဖို့ အသက်တွေလည်း ကြီးနေပါပြီ"

ဧကရာဇ်က တဟားဟား ရယ်မောလိုက်သည်။

"အသက်တွေ ဘယ်လောက်ကြီးကြီး မင်းက ကိုယ်တော့်အတွက် အမြဲတမ်း အချစ်ဆုံးပါပဲ၊ ကဲပါ... ပါးစပ်လေး ဟပါဦး ..."

"အာ"

"အာ"

[ကြည့်စမ်း၊ ဧကရာဇ်က မိဖုရားကြီးကို ကလေးချော့သလို 'အာ' လုပ်ပြီး ကျွေးနေတာပဲ၊ တကယ့်ကို အချစ်ကြီးတဲ့ ဧကရာဇ်ပါလား]

ဧကရာဇ်မင်းမြတ် ဆတ်ခနဲ တုံ့ကနဲ ဖြစ်သွားသည်။ မိဖုရားကြီးလည်း မှင်တက်သွားရသည်။

“ကောင်းရှန့်ရှန်း၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ”

ရှန်းယန်မင်းသမီးက သူမ၏ ပါးပြင်လေးနှစ်ဖက်ကို လက်ဝါးဖြင့် အုပ်လိုက်သည်။

“သမီးတော် မယ်တော့်ဆီ လာလည်တာလေ”

မိဖုရားကြီးမှာ လည်ပင်းအထိ နီရဲသွားပြီး ချက်ချင်းပင် ထရပ်လိုက်တော့သည်။

“ရှင်တို့နှစ်ယောက်ပဲ သုံးဆောင်ကြတော့။ ကျွန်မ နန်းတွင်းကိစ္စတွေ ကိုင်တွယ်စရာ ကျန်သေးလို့”

ဧကရာဇ်က လှမ်းတားသော်လည်း မိဖုရားကြီးမှာ တစ်စုံတစ်ခုက နောက်ကနေ လိုက်နေသည့်အလား ခပ်သွက်သွက်ပင် ထွက်ခွာသွားတော့သည်။

...

နောက်တစ်ကြိမ်တွင် ဧကရာဇ်နှင့် မိဖုရားကြီးတို့သည် နန်းတွင်းဥယျာဉ်ထဲ၌ လမ်းလျှောက်နေကြပြန်သည်။

ကျောက်သားလှေကားထစ်များကို တက်သည့်အခါတွင် ဧကရာဇ်က နန်းတွင်းအစေခံများကို ဖယ်ခိုင်းလိုက်သည်။

“မိဖုရားကြီး ... ကိုယ်တော် ကူပေးပါရစေ”

မိဖုရားကြီးက သူမ၏လက်ကို ကမ်းပေးလိုက်သည်။

သူတို့နှစ်ဦး အနီးကပ် ရှိနေစဉ်တွင် မိဖုရားကြီးက တိုးတိုးလေး ပြောလိုက်သည်။

“ဟိုးအရင်တုန်းက အချိန်တွေကို မှတ်မိသေးလားဟင်...”

ဧကရာဇ်ကလည်း ထပ်တူကျစွာပင် ပြန်လည်ဖြေကြားရန် ပြင်လိုက်စဉ် ဘေးအန္တရာယ်ပေါင်းများစွာကို ကျော်ဖြတ် ခဲ့သည့် သူ၏ ဗီဇအရ အန္တရာယ်တစ်ခုခုကို ခံစားလိုက်ရသဖြင့် ကိုယ်ရှိန်သတ်လိုက်ရသည်။ သူက ပြတ်ပြတ် သားသား အော်ဟစ်လိုက်သည်။

“ဘယ်သူလဲ”

ချုံပုတ်များကြားမှ တရှဲရှဲ အသံများ ထွက်ပေါ်လာသည်။

ဧကရာဇ်က ထိုချုံပုတ်ကို ကန်ပစ်ရန်ပင် ပြင်လိုက်စဉ် ရှန်းယန်မင်းသမီး ထွက်လာတော့သည်။

“ခမည်းတော်၊ မယ်တော်၊ တကယ့်ကို တိုက်ဆိုင်တာပဲနော်”

“...”

“...”

“ဒါနဲ့ မယ်တော်၊ ခမည်းတော်နဲ့ ဘယ်လိုစတွေ့ခဲ့တာလဲဆိုတာ ပြောပြပါဦး”

မိဖုရားကြီးမှာ အသာအယာ ချောင်းဆိုးလိုက်ပြီး သူတို့၏ ဇာတ်ကြောင်းကို အမြန်ပင် ပြောပြလိုက်တော့သည်။ ယခင်က ရှိခဲ့သည့် ရိုမန်းတစ်ဆန်မှုများမှာလည်း လုံးဝ ကွယ်ပျောက်သွားရသည်။

ဧကရာဇ်: 🙁

ဤကဲ့သို့သော အဖြစ်အပျက်များကို အကြိမ်ကြိမ် ကြုံတွေ့ပြီးနောက်တွင် ဧကရာဇ်မှာ စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီး နောက်ဆုံးတွင် ရှန်းယန်မင်းသမီးကို အရာရှိ ရာထူးတစ်ခု ပေးလိုက်တော့သည်။

“နှစ်သစ်ကူး နီးနေပြီဆိုတော့ အလုပ်တွေ ရှုပ်နေလိမ့်မယ်၊ အားလပ်ရက်ပြီးရင် မင်း တာဝန်စထမ်းဆောင်လို့ ရပြီ”

“အရမ်းကောင်းတာပဲ၊ ခမည်းတော်က အကောင်းဆုံးပဲ၊ ဒါဆို သမီးတော် နောက်ရက်ပိုင်းတွေကို နန်းပြင်မှာပဲ သွားနေတော့မယ်နော်”

ဧကရာဇ်: “...”

နောက်တစ်နေ့ မနက်ခင်းတွင် ဧကရာဇ် ညီလာခံတက်နေစဉ် ရှုရန်မြောင်၏ ပျော်ရွှင် မြူးထူးနေသော အတွေးသံကို ကြားလိုက်ရပြန်သည်။

[နောက်ဆုံးတော့ အိမ်ရှင်လဲကောင်း၊ ရေလဲမကြီး၊ အမိုးလဲမပေါက်တဲ့အပြင် အိမ်နီးနားချင်းတွေလဲ သဘော ကောင်းတဲ့ နေရာတစ်ခု ရှာတွေ့သွားပြီဟေ့]

[တွေ့လား၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တာပဲ]

[ဒါ ကောင်းရှန့်ကို ကူညီပေးခဲ့လို့ ကောင်းကင်ဘုံက ငါ့ကို ကျေးဇူးဆပ်တာနေမှာ၊ သူ့အဖေကတော့ တကယ့်ကို ကပ်စေးနှဲတာပဲ၊ သူ့ကို သုံးလတောင် လစာမပေးဘဲ အလုပ်ခိုင်းမလို့တဲ့၊ ကျွတ်စ် … ဧကရာဇ်အိုကြီးလိုပဲ ကပ်စေးနှဲလိုက်တာ]

ပလ္လင်ထက်တွင် စံမြန်းနေသော ဧကရာဇ်သည် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိတော့သည်။

*ရှုရန်မြောင်... မင်းကိုး၊ မင်းလက်ချက်ကိုး*

All Chapters