← Chapters

ဟွေဆိုတဲ့ စကားလုံးကို ရေးနိုင်တဲ့ နည်းလမ်း ၄ မျိုးကို ရှင်းပြစမ်း (၁)

Vol. 3 Ch. 33

ဟွေဆိုတဲ့ စကားလုံးကို ရေးနိုင်တဲ့ နည်းလမ်း ၄ မျိုးကို ရှင်းပြစမ်း (၁)

Vol. 3 Ch. 33

[သတ်ဖြတ်ခြင်း အရှိန်အဝါပဲ]

ရှုရန်မြောင်က ရုတ်တရက်ဆိုသလို ကမ္ဘာပျက်မတတ် ကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်သည်။

ညီလာခံတစ်ခုလုံးရှိ လူအားလုံး လန့်ဖျပ်သွားကြရသည်။

ပုံမှန်အားဖြင့် သူတို့သည် ရှုရန်မြောင်၏ သိပ်အရေးမကြီးသော အတွေးစများကို ကျွမ်းကျင်စွာပင် လျစ်လျူရှု ထားနိုင်ကြသည်။ လျှောက်လဲချက်များ တင်သွင်းခြင်း၊ ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် အငြင်းပွားခြင်းများကို ပုံမှန်အတိုင်းပင် ဆက်လုပ်နေကျဖြစ်သည်။

သို့သော် ဤသတ်ဖြတ်ခြင်း အရှိန်အဝါဟူသည့် စကားလုံးမှာမူ တကယ့်ကို တုန်လှုပ်ချောက်ချားစရာ ကောင်းလွန်းလှသည်။

အရာရှိကြီးများသည် ရုတ်ရုတ်သဲသဲ မဖြစ်စေရန် ထိန်းသိမ်းရင်း မျက်လုံးထောင့်များမှတစ်ဆင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ကြသည်။

*သတ်ဖြတ်ခြင်း အရှိန်အဝါ ဟုတ်လား၊ ဘယ်မှာလဲ၊ မရှိပါဘူး*

ပလ္လင်တော်၏ အနောက်ဘက်တွင် နေရာယူထားသော ကျင်းယီဝေ တပ်မှူးသည် ဧကရာဇ်ကို ကာကွယ်ရန် သူ၏ ဓားရိုးကိုပင် ဗီဇအရ လှမ်းကိုင်လိုက်မိသည်။ ထို့နောက်မှ နားလည်မှုလွဲခြင်း ဖြစ်ကြောင်း သိသွားကာ ရှုရန်မြောင် ရှိရာဘက်သို့ မကျေမနပ် ကြည့်လိုက်တော့သည်။

[မင်း ဒီလောက်တောင် လန့်တတ်ရသလား၊ ဒါ ညီလာခံခန်းမကြီးကွ]

ရှုရန်မြောင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း သူ၏ အတွေးသံမှာမူ ပျော်ရွှင်မြူးထူးနေဆဲပင်။

[ဝါး၊ ငါ စိတ်ထင်လို့ပဲ ဖြစ်မှာပါ၊ ဒါပေမဲ့ ဒီစကားက တကယ် မိုက်တယ်ဟ၊ ငါ ဒီလို ပြောကြည့်ချင်နေတာ ကြာပြီ]

အခြားသူများ၏ တုံ့ပြန်မှုများ မည်သို့ ဖြစ်သွားမလဲ ဆိုသည်ကို ဂရုမစိုက်ဘဲ ဂရုမစိုက်ဘဲ ကျေနပ်နေတော့သည်။

ဧကရာဇ်အိုကြီးသည် ရှုရန်မြောင်ကို အသာအယာ လှမ်းကြည့်လိုက်ပြီးနောက် သူ၏မျက်နှာတွင် လှည့်ကွက် ပါသော အပြုံးတစ်ခု ပေါ်လာသည်။

*စိတ်ထင်တာလား*

*ဒါ စိတ်ထင်တာ ဟုတ်၊ မဟုတ် ဆိုတာကို ငါကိုယ်တော် မင်း သိအောင် လုပ်ပေးရတာပေါ့*

“ရှုရန်မြောင်”

ရှုရန်မြောင်မှာ ဆတ်ခနဲဖြစ်သွားပြီး ပျာပျာသလဲဖြင့် ရှေ့သို့ တိုးထွက်လာသည်။

“အရှင်မင်းကြီး”

ဧကရာဇ်: “မင်းက ဉာဏ်အလွန်ထက်မြက်တဲ့သူတစ်ယောက်လို့ ငါကိုယ်တော် ကြားထားတာ ကြာပြီ”

ရှုရန်မြောင်: “…”

[ဘယ်သူက ပြောတာလဲ၊ ငါ ဒီလောက် ပျင်းပြနေတာတောင် မလုံလောက်သေးဘူးလား]

ဧကရာဇ်က ထိုကန့်ကွက်သံများကို လျစ်လျူရှုကာ ဆက်ပြောလိုက်သည်။

“ကျိုးမင်းဆက် နှောင်းပိုင်းကာလရဲ့ စာပေလောက ခေါင်းဆောင်၊ ထျန်းရွှေက ချွမ်မိသားစုဝင် ချွမ်ရင်ကျန်း အကြောင်းကိုရော မင်း သိရဲ့လား”

ရှုရန်မြောင်က အတည်ပေါက်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

“ကြားဖူးပါတယ် ဘုရား”

[ဒါက ဘယ်သူကြီးလဲ၊ စာပေခေါင်းဆောင်ဆိုတော့ အထင်ကြီးစရာတော့ ကောင်းသားပဲ]

ဧကရာဇ်မင်းမြတ် : “...”

ဝန်ကြီးများ : “...”

*ယဉ်ကျေးပြနေတာလား၊ တကယ်ပဲ မသိတာလား၊ အရာရှိစာမေးပွဲတွေ အောင်ပြီးတာနဲ့ ရှိသမျှ ဗဟုသုတတွေကို အကုန် လွှင့်ပစ်လိုက်ပြီလား*

ဧကရာဇ်မင်းမြတ်၏ တည်ကြည်ခန့်ညားမှုမှာ စိတ်ပျက်လက်ပျက်ဖြစ်မှုကြောင့် ခဏတာ ပြတ်တောက်သွားရပြီး ရှင်းပြရန်သာ အတင်းအားထုတ်လိုက်ရတော့သည် -

“ချွမ်ရင်ကျန်းဟာ ကျိုးနန်းတွင်းမှာ အမှုထမ်းခဲ့ပြီး နန်းတွင်းမှတ်တမ်းတွေကို ကြီးကြပ်ခဲ့သလို စာပေလောကကို နှစ်ပေါင်း နှစ်ဆယ်ကြာ ဦးဆောင်ခဲ့သူဖြစ်တယ်၊ ကျိုးမင်းဆက် ပျက်သုဉ်းပြီးတဲ့နောက်ပိုင်း သူက ထျန်းရွှေမှာ အခြေချ နေထိုင်ရင်း စာအုပ်တွေ ရေးသားပြီး ဝါဒတွေ ဖြန့်ဝေခဲ့တယ်၊ နန်းတော်ကနေ အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့ပေမဲ့ စစ်မှန်တဲ့ ဝန်ကြီးတစ်ယောက်ဟာ သခင်တစ်ဦးကိုပဲ အမှုထမ်းတယ်ဆိုတဲ့ ခိုင်မာတဲ့မူနဲ့ အမှုထမ်းဖို့ ငြင်းဆန်နေခဲ့သူပဲ”

ရှုရန်မြောင်က ရိုးသားစွာ ခေါင်းငြိမ့်ပြလိုက်သည်။

“အင်း ... အင်း”

ဧကရာဇ် : “မင်းက ဉာဏ်ပြေးတယ်လို့ ငါကိုယ်တော် ကြားထားတာမို့လို့ ဒီတာဝန်ကို မင်းကိုပဲ လွှဲအပ်လိုက်မယ်၊ ထျန်းရွှေကိုသွားပြီး မဟာကျိုး နန်းတော်မှာ အမှုထမ်းဖို့ ပညာရှိကြီးချွမ်ကို နားချခဲ့ချေ”

[တကယ်ပါပဲ၊ ဘယ်သူက ငါ့ကို ဉာဏ်ကောင်းပါတယ်ဆိုပြီး လိမ်ညာသတင်းတွေ လွှင့်နေတာလဲ၊ သိလို့ကတော့ အဲ့ဒီလူ သေပြီသာမှတ်]

[အခုက ဆောင်းတွင်းကြီး၊ နှစ်သစ်ကူးလဲ နီးနေပြီလေ၊ ဘယ်သူက ထျန်းရွှေအထိ ခရီးသွားချင်မှာလဲ]

[ပြီးတော့ သူက အမှုမထမ်းချင်ဘူးဆိုရင်လဲ မထမ်းချင်ဘူးပေါ့၊ စိတ်မပါတဲ့သူကို အတင်းအဓမ္မ ဂေဟာမယ် လုပ်ခိုင်းတာက လူမိုက် လုပ်ရပ် မဟုတ်ဘူးလား]

ဧကရာဇ်မင်းမြတ်သည် ရှုရန်မြောင်အား သူ၏ ပျင်းရိဇိမ်ခံတတ်သော အလေ့အကျင့်ထဲမှ ဆွဲထုတ်ပြီး အလုပ်ခိုင်း နိုင်တော့မည် ဖြစ်၍ ကျေနပ်ဂုဏ်ယူနေခဲ့သည်။

သို့သော်လည်း ထိုစကားလုံးများက သူ့ကို ရိုက်ခတ်သွားတော့သည်။

*ဂေဟာမယ် လုပ်ခိုင်းတယ် ဟုတ်လား၊ စကားကို ဆင်ဆင်ခြင်ခြင် ပြောစမ်း၊ ဒီလောက်အထိ ရဲရဲတင်းတင်း ပြောရဲအောင် ဘယ်သူက မင်းကို အတောင်ပံ တပ်ပေးလိုက်တာလဲ*

ဧကရာဇ်သည် ဒေါသတကြီးဖြင့် သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်မိသည်။

*ငါကိုယ်တော်က အရင်မင်းဆက်ရဲ့ ပစ်ပယ်ခံ ပညာရှိတွေကို နေစရာအိမ် ပေးနေတာကွ၊ အဲ့ဒီလိုမျိုး မဟုတ်ဘူး*

တစ်ဖက်တွင်လည်း ဝန်ကြီးများသည် “ဂေဟာမယ်” ဟူသော စကားလုံးကြောင့် မှင်တက်သွားကြပြီး ရှုရန်မြောင် ကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေကြတော့သည်။

ရှုရန်မြောင်သည် နာခံရိုကျိုးသည့် မျက်နှာပေးမျိုးကို ဖန်တီးလိုက်ပြီး ဧကရာဇ်အား လျှောက်တင်လိုက်သည်။

"အရှင်မင်းကြီးရဲ့ အမိန့်တော်မြတ်ကို နာခံပါ့မယ် ဘုရား"

ထို့နောက် သူက ချိုသာသောအသံဖြင့် ထပ်မံမေးမြန်းလိုက်သည်။

"အရှင်မင်းကြီး ... ကျွန်တော်မျိုး သူ့ကို စိတ်ပါလက်ပါနဲ့ ပါလာအောင် ခေါ်လာနိုင်သရွေ့ ဘယ်လိုနည်းလမ်းမျိုးမဆို သုံးလို့ရတယ် မဟုတ်လား ဘုရား"

ဧကရာဇ်: "ရတယ်၊ ဒါပေမဲ့ သူကိုယ်တိုင်က ဆန္ဒရှိရှိနဲ့ ပါလာတာမျိုးပဲ ဖြစ်ရမယ်၊ အတင်းအဓမ္မ စေခိုင်းတာ မျိုးတော့ မဖြစ်စေနဲ့"

ရှုရန်မြောင်: "နားလည်ပါပြီ ဘုရား"

[ဒါဆိုရင် ငါက သူ့အိမ်ကို မီးရှို့ပစ်လိုက်လို့ သူက ငါ့ကို ဓားကြီးတစ်လက်နဲ့ လိုက်ခုတ်ရင်း နန်းတော်အထိ ပါလာရင်ရော၊ အဲ့ဒါက ဆန္ဒရှိရှိနဲ့ ပါလာတာပဲ မဟုတ်လား]

ဧကရာဇ်: "..."

ဧကရာဇ်သည် တင်းကျိနေသော သူ၏သွားများကို ကြိတ်ရင်း အလေးအနက်ထားကာ ထပ်မံအလေးပေး ပြောလိုက်ရတော့သည်။

"သူ့ ... ကိုယ် ... တိုင် ... ကို ... နန်း ... တော် ... မှာ ... အ ... မှု... ထမ်း ... ချင်... စိတ် ... ရှိ ... လာ ... အောင် ... လုပ် ... ရ ... မှာ"

နောက်ဆုံးစကားလုံးများကို တစ်လုံးချင်းစီ အားထည့်ကာ ပြောလိုက်သည်။

ရှုရန်မြောင်: "အင်း ... အင်း ... အင်း"

[ထူးဆန်းလိုက်တာ၊ ဧကရာဇ်ရဲ့ လေသံကြီးက ဘာလို့ တစ်မျိုးကြီး ဖြစ်နေတာလဲ]

ဧကရာဇ်မင်းမြတ်က တည်ကြည်သော မျက်နှာကို ဆက်ထိန်းထားသည်။

“မင်း အခုပဲ ထွက်ခွာလို့ ရပြီ၊ ရထားလုံး အသင့်ပြင်ထားပြီးသားပဲ”

ရှုရန်မြောင်အား တစ်ယောက်တည်း လွှတ်လိုက်ခြင်း မဟုတ်ပေ။ ထျန်းရွှေသည် မိုင်တစ်ထောင် ဝေးကွာလှသဖြင့် သူ၏ လုံခြုံရေးအတွက် ဧကရာဇ်က ကျင်းယီဝေ တစ်ဖွဲ့ကိုပါ ထည့်ပေးလိုက်သည်။

ထျန်းရွှေသို့ ရောက်ရှိလာသောအခါ ရှုရန်မြောင်သည် ခရီးလမ်းတစ်လျှောက် ဗူးတောင်းသလို ခုန်ခဲ့ရသဖြင့် နာကျင် နေသော သူ၏ တင်ပါးကို ဆုပ်ကိုင်ရင်း ရထားလုံးပေါ်မှ ခုန်ဆင်းလိုက်သည်။

အစောင့်များက တည်းခိုဆောင်များ တစ်ခုခုတွင် နားချင်သလားဟု မေးသော်လည်း ရှုရန်မြောင်က တန်းပြီး ငြင်းလိုက်တော့သည်။

“အလုပ်စောစောပြီးမှ အိမ်ကို စောစောပြန်ရမှာပေါ့”

ပညာရှိကြီး၏ အိမ်ရှေ့တွင် ရပ်ကာ သူသည် ရိုသေစွာ တံခါးခေါက်လိုက်သည်။ တစ်ဖက်ကလည်း သူ့ကို နန်းတွင်းမှ စေလွှတ်လိုက်သော သံတမန်မှန်း သိသဖြင့် အခက်အခဲမပြုဘဲ အထဲသို့ ဖိတ်ခေါ်သွားကြသည်။ သို့သော်လည်း ပညာရှိကြီးနှင့် တိုက်ရိုက်မတွေ့ရဘဲ ရှုရန်မြောင်ကို ဆီးကြိုနှုတ်ဆက်သူမှာ သူ၏ မြေးဖြစ်သူသာ ဖြစ်သည်။

လူငယ်က ယဉ်ကျေးစွာပင် ပြောလာသည်။

“သံတမန်မင်း၊ ကျေးဇူးပြုပြီး ပြန်လိုက်ပါတော့၊ ကျွန်တော့်အဘိုးက အသက်ကြီးလွန်းလို့ နန်းတွင်းမှာ အမှုမထမ်း နိုင်တော့ပါဘူး”

ရှုရန်မြောင်က ထိုစကားကို တိုက်ရိုက်ပြန်မပြောဘဲ ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။

“အကြီးအကဲချွမ်က ရိုးရာစာပေတွေကို အသည်းအသန် လေ့လာလိုက်စားသလို ရှေးဟောင်းကျမ်းစာတွေမှာလဲ ဆရာတစ်ဆူလို့ ကျွန်တော် ကြားခဲ့ရလို့ပါ၊ အဲ့ဒါကြောင့် သူ့ဆီကနေ လမ်းညွှန်ချက်လေးတွေ တောင်းခံချင်လို့ လာခဲ့တာပါ”

မြေးဖြစ်သူ ချွမ်ရှဲ့မှာ အံ့သြသွားရသည်။

“မင်းက ရှေးဟောင်းကျမ်းစာတွေကို လေ့လာနေတာလား၊ ငါ ပြောချင်တာက ... ငါ့အဘိုးဆီမှာ ဘာကို အတိအကျ ဆွေးနွေးတိုင်ပင်ချင်လို့လဲ”

သူ့အမူအရာမှာလည်း ဆန်းတော့မဆန်းပေ။ ယနေ့ခေတ်တွင် ပညာရှိအများစုသည် ကွန်ဖြူးရှပ် အယူအဆ များကိုသာ လေ့လာကြပြီး ၎င်းမှာ အဓိကအားဖြင့် ခေတ်သစ်အယူအဆ နှင့် ရှေးဟောင်းအယူအဆ ဟူ၍ ဂိုဏ်းနှစ်ခု ကွဲပြားနေသည်။ ထိုနှစ်ခုမှာ သာမန်အရပ်သားများကြား အမြဲငြင်းခုံစရာ ဖြစ်နေသော်လည်း နန်းတွင်းတွင်မူ ခေတ်သစ်အယူအဆကသာ လွှမ်းမိုးထားသည်။

ထိုနှစ်ခု၏ ခြားနားချက်ကို အကျဉ်းချုပ်ရလျှင်

ခေတ်သစ်အယူအဆ: “ကွန်ဖြူးရှပ်က အတော်ဆုံး ဖြစ်ပြီး ရှေးဟောင်းစနစ်တွေကို ပြုပြင် ပြောင်းလဲခဲ့သူ”

ရှေးဟောင်းအယူအဆ: “ကွန်ဖြူးရှပ်က တော်ပါတယ်၊ ဒါပေမဲ့ ကျိုးနယ်စားကြီးက ပိုတော်တယ်၊ ကွန်ဖြူးရှပ်က သူ့ရဲ့ အခြေခံမူတွေကို ရှင်းလင်းတင်ပြခဲ့တာပဲ ရှိတာ”

ခေတ်သစ်အယူအဆသည် လက်တွေ့ကျသော အသုံးချမှုနှင့် ခေတ်ပြိုင်နိုင်ငံရေးနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ခြင်းကို အလေးပေးသည်။

ရှေးဟောင်းအယူအဆကမူ ကျမ်းစာများကို တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုရန်နှင့် ၎င်းတို့၏ ဒဿနပိုင်းဆိုင်ရာ အနှစ်သာရများကို မှတ်တမ်းတင်ရန် ဦးစားပေးသည်။

ရှုရန်မြောင် : “ကျွန်တော် အကြီးအကဲချွမ်ကို မေးချင်တာက...”

သူသည် စနစ်၏ မျက်နှာပြင်ပေါ်တွင် “ချွမ်ရင်ကျန်းသည် မြေးဖြစ်သူနှင့် ရှုရန်မြောင်တို့ စကားပြောနေသည်ကို ချောင်းမြောင်းနားထောင်နေသည်” ဟူသော စာတန်းကို လှမ်းကြည့်လိုက်ပြီး ညစ်ကျယ်ကျယ် အပြုံးတစ်ခု ပြုံးလိုက်သည်။

“ဟွေ' (回 - ပြန်လာခြင်း) ဆိုတဲ့ စာလုံးကို ရေးနည်းပေါင်း ဘယ်နှမျိုး ရှိသလဲဆိုတာ သိချင်လို့ပါ”

ချွမ်ရှဲ့မှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားတော့သည်။

“ဘာ”

[ဒီမေးခွန်းက တကယ်တော့ ရှုရန်မြောင်က ပညာရှိကြီးကို သက်သက်မဲ့ ရိသဲ့သဲ့လုပ်ပြီး "စ" လိုက်တာပါ။

တရုတ်စာပေလောကမှာ (အထူးသဖြင့် Lu Xun ရဲ့ နာမည်ကြီးဝတ္ထု "Kong Yiji" ထဲမှာ) "ဟွေ" (回) ဆိုတဲ့ စာလုံးကို ရေးနည်း ၄ မျိုးရှိတယ်ဆိုတာကို သိနေတာဟာ တကယ့်ပညာရပ်မဟုတ်ဘဲ အသုံးမဝင်တဲ့ အသေးအဖွဲ ကိစ္စတွေမှာပဲ အချိန်ကုန်ခံနေတဲ့ လူတတ်လုပ်သူတွေရဲ့ သင်္ကေတအဖြစ် တင်စားလေ့ရှိပါတယ်။

ရှုရန်မြောင်က ဒီမေးခွန်းကိုသုံးပြီး "ရှေးဟောင်းအယူအဆဂိုဏ်းသမားတွေက အနှစ်သာရမရှိဘဲ စာလုံး အထား အသိုလောက်မှာပဲ ကပ်သီးကပ်သတ် လုပ်နေကြတာ မဟုတ်လားလို့ သွယ်ဝိုက်ပြီး စော်ကားလိုက်တာပဲ ဖြစ်ပါတယ်]

All Chapters