← Chapters

အခန်း ၃၈၈

Vol. 22 Ch. 388

အခန်း ၃၈၈

Vol. 22 Ch. 388

အပိုင်း (၃၈၈) လူမှုဖူလုံရေး စက်ရုံ။

အမျိုးသမီး တစ်စုသည် ဖန်ကျန်းရီအား ဝန်းရံလျက် စက်ရုံဧရိယာအတွင်းသို့ ဝင်ရောက်လာကြသည်။

ပထမဦးဆုံး လည်ပတ်ရမည့် နေရာမှာ သေချာပေါက် ချည်မျှင်နှင့် အထည်ထုတ်လုပ်ရေးဇုန် ဖြစ်၏။

ချန်ရှောင်မန်သည် လူအုပ်ကြားတွင် ညပ်ပါလာပြီး နေရာအနှံ့ လိုက်လံကြည့်ရှုနေသည်။

ကျယ်ဝန်းသော စက်ရုံကြီးကို ကြည့်ရင်း သူမ၏ စိတ်ထဲတွင် ရုတ်တရက် အံအားသင့် တုန်လှုပ်သွားသလို ခံစားလိုက်ရ၏။ သူမ တစ်သက်နှင့်တစ်ကိုယ် ဤမျှ ကျယ်ဝန်းသော အဆောက်အအုံမျိုး တစ်ခါမှ မမြင်ဖူးခဲ့ချေ။

သူမ၏ မျက်စိရှေ့တွင် ပထမဆုံး မြင်လိုက်ရသည်မှာ ထူးဆန်းသော ပုံစံရှိသည့် စက်ကိရိယာတန်းကြီးများ ဖြစ်သည်။

တစ်ခါမှ မမြင်ဖူးသော်လည်း ယေဘုယျအားဖြင့် ရက်ကန်းစင် တစ်မျိုးဖြစ်ကြောင်းတော့ ခန့်မှန်း၍ရ၏။

ပတ်လည်ရှိ နံရံများပေါ်တွင် ဆီမီးခွက်နှင့်ဆင်တူသော မီးအိမ်များ ချိတ်ဆွဲထားသည်။ ထို့အပြင် အပြင်ဘက်၌ သလင်းကျောက် နှင့် ပြုလုပ်ထားသော မီးအိမ်အစွပ်များတောင် ရှိနေသေးသည်။

သာမန် အမျိုးသမီး အလုပ်သမားတွေက ဒီလို ဈေးကြီးတဲ့ ပစ္စည်းမျိုးကို သုံးနိုင်တယ်လား။ ချန်ရှောင်မန်၏ စိတ်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားသွားတော့၏။

အခြား အမျိုးသမီး အလုပ်သမားများ၏ အခြေအနေမှာလည်း သူမနှင့် အတူတူပင် ဖြစ်သည်။

ဖန်ကျန်းရီက မြင်လိုက်သည့်အခါ အနည်းငယ် ပြုံးလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “အားလုံးပဲ … နောက်ဆိုရင် ဒီနေရာက ခင်ဗျားတို့ရဲ့ အလုပ်လုပ်ရမယ့် နေရာပဲ။ လာမယ့် သုံးရက်အတွင်းမှာ ခင်ဗျားတို့ကို ကျွမ်းကျင်သူတွေက လေ့ကျင့်သင်ကြားပေးလိမ့်မယ်။

သုံးရက်ကြာရင် ခင်ဗျားတို့ရဲ့ ကျွမ်းကျင်မှုအပေါ် မူတည်ပြီး စာမေးပွဲစစ်မယ်။ လူဆယ်ယောက်ကို အဖွဲ့ ခေါင်းဆောင် တစ်ယောက် ရွေးချယ်မယ်။

ဒီအဖွဲ့ခေါင်းဆောင် နေရာကို အထင်မသေးနဲ့နော်။ အခြေခံလုပ်အားခအပြင် နောက်ထပ် ဆုကြေးငွေလည်း ရှိသေးတယ်။”

ဆုကြေးငွေဟု ပြောလိုက်သည်နှင့် အားလုံး ထပ်မံ၍ စိတ်လှုပ်ရှားသွားကြပြန်၏။

အစပိုင်း အလုပ်ခေါ်တုန်းက တစ်လကို ငွေတစ်မူးခွဲဆိုသည်ကလွဲပြီး တခြား ဘာမှ မပြောခဲ့ချေ။

ယခုကဲ့သို့ ဆုကြေးငွေများပါ ထပ်မံရရှိနိုင်ဦးမည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပေ။ မည်မျှများပြားသော ဆုကြေးငွေပမာဏကို ရရှိနိုင်မည်နည်း ဆိုသည်ကိုတော့ မမှန်းဆတတ်အောင် ဖြစ်ရသည်။

ထိုသူတို့ ဝမ်းသာနေသည်ကို မြင်လိုက်ရသည့်အခါ ဖန်ကျန်းရီသည်လည်း အလောတကြီး မလုပ်ဘဲ ပြုံးရွှင်စွာဖြင့် သူတို့ ဆွေးနွေးမှု ပြီးဆုံးမည့်အချိန်ကို စောင့်နေလိုက်ပြီး အားလုံး၏ စိတ်အခြေအနေ တည်ငြိမ်သွားမှ ဆက်ပြောလိုက်၏။

“စက်ရုံထဲမှာ မီးသုံးခွင့် မပြုဘူး။ တကယ်လို့ မမျှော်လင့်ဘဲ မီးလောင်မှု ဖြစ်လာရင် စက်ရုံထဲက မီးအိမ်တိုင်းရဲ့ အောက်မှာ ရေအိုးတစ်အိုးစီ ထားရှိပေးထားတယ်။ ရေအိုးထဲက ရေနဲ့ ချက်ချင်း မီးငြှိမ်းသတ်နိုင်တယ်။”

ထို့နောက် အားလုံးကို လွတ်လွတ်လပ်လပ် လိုက်လံကြည့်ရှုခိုင်းလိုက်သည်။

အမျိုးသမီး အုပ်စုကြီးသည် ရက်ကန်းစင်များအနီးတွင် စုဝေးကာ တတွတ်တွတ် ဆွေးနွေးပြောဆိုနေကြတော့၏။

လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့် ကြာပြီးနောက် အားလုံးကို ပြန်လည် စုစည်းကာ နောက်တစ်နေရာသို့ ဆက်လက် ထွက်ခွာခဲ့ကြသည်။

“ဒီနေရာက အဝတ်ဖြတ်တဲ့ နေရာပဲ။ ကျုပ်တို့ ချည်မျှင်နဲ့ အထည်စက်ရုံရဲ့ တစ်စိတ်တစ်ပိုင်းက အထည်စတွေ အနေနဲ့ တိုက်ရိုက်ရောင်းချပြီး၊ နောက်တစ်စိတ်တစ်ပိုင်းကတော့ အသင့်ဝတ် အဝတ်အစားတွေ ချုပ်လုပ်မယ်။

ဒီနေရာကတော့ အဝတ်ချုပ်တဲ့ နေရာပဲ…”

အဓိက နေရာများကို တစ်ခုပြီးတစ်ခု လည်ပတ်ကြည့်ရှုပြီးနောက် ဖန်ကျန်းရီသည် အားလုံးကို ကြည့်ကာ ပြုံးရွှင်စွာ ပြောလိုက်၏။ “ကဲ… အလုပ်လုပ်ရမယ့် နေရာတွေကတော့ ယေဘုယျအားဖြင့် ဒီလောက်ပါပဲ။ အားလုံး ဘာမေးစရာ ရှိသေးလဲ။ မေးစရာရှိရင် လက်ညှိုးထောင်ပြီး မေးနိုင်ပါတယ်။”

ချန်ရှောင်မန်သည် စက်ရုံကြီး တစ်ခုလုံးကို ကြည့်ရှုပြီးနောက် စိတ်ထဲတွင် ကျေနပ်သွားသည်။

အခြားသောအရာများကို ခေတ္တဘေးဖယ်ထားလိုက်ဦး။ ဤနေရာမှာ အလွန်ပင် သန့်ရှင်းသပ်ရပ်မှုရှိပြီး လုပ်ငန်းစဉ် အဆင့်ဆင့်မှာလည်း ရှင်းလင်း ပြတ်သားလှသည်။ လုပ်ငန်းဆောင်ရွက်သည့် ပုံစံမှာလည်း မိမိ တစ်ကြိမ်တစ်ခါမှ မကြားသိဖူးခဲ့သော စနစ်မျိုးပင် ဖြစ်သည်။ ဤကဲ့သို့သော နေရာမျိုး၌ ဝင်ရောက် လုပ်ကိုင်ရမည် ဆိုပါက သူမအနေဖြင့်လည်း များစွာ စိတ်ချမ်းမြေ့ရမည်မှာ အသေအချာပင်။

ဖန်ကျန်းရီ၏ အမေးကို ကြားလိုက်ရသည့်အခါ ချန်ရှောင်မန်သည် ချက်ချင်း လက်ညှိုးထောင်လိုက်ပြီး ရှက်ရွံ့စွာဖြင့် မေးလိုက်၏။ “အမတ်ဖန် … မေးပါရစေ… ဒီနေရာကို အမတ်ဖန် အုပ်ချုပ်တာလား။”

ဖန်ကျန်းရီက ချန်ရှောင်မန်ကို ကြည့်ကာ ပြုံးလိုက်၏။ “ကောင်းတဲ့မေးခွန်းပဲ။ ဒါက ကျုပ် အခုဆက်ပြောမယ့် ကိစ္စပဲ။ ပန်းရှန်း ချည်မျှင်နဲ့ အထည်စက်ရုံက ကျုပ် အုပ်ချုပ်တာ မဟုတ်ဘူး။ ကျုပ်တို့ တိုင်းပြည်ရဲ့ မင်းသမီး ကိုယ်တိုင် အုပ်ချုပ်တာ။

ဒီနေ့ ခင်ဗျားတို့ စက်ရုံထဲကို ဝင်ပြီး အလုပ်လုပ်တယ် ဆိုတာက မင်းသမီးအတွက် အလုပ်လုပ်ပေးတာနဲ့ အတူတူပဲ။ ချည်မျှင်နဲ့ အထည်စက်ရုံရဲ့ လုပ်အားခက သိပ်မများဘူး ဆိုတာကို ကျုပ် သိပါတယ်။ ပြီးတော့ အပြင်မှာ ကောလာဟလတွေလည်း အများကြီး ပြန့်နေတယ်။

ဒါပေမဲ့ အဲဒီလူတွေ အကုန်လုံးက အမြင်မကျယ်တဲ့ လူတွေပါ။ ခင်ဗျားတို့က အမြော်အမြင် ကြီးကြီးထားရမယ်။ နောက်ပိုင်း ဘဝတွေ တဖြည်းဖြည်း ကောင်းလာတဲ့အခါကျရင် မလာခဲ့တဲ့လူတွေက ခင်ဗျားတို့ကို အားကျလို့တောင် ဆုံးမှာ မဟုတ်ဘူး။”

ချက်ချင်းပင် အမျိုးသမီးများအားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြ၏။

မင်းသမီး ကိုယ်တိုင် ချည်မျှင်နှင့် အထည်စက်ရုံကို အုပ်ချုပ်တယ်ပေါ့။ ဒီလောက် စိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းမျိုးကို သူတို့ သတင်းစာထဲမှာပင် တစ်ခါမှ မကြားဖူးခဲ့ကြချေ။

အားလုံး၏ မျက်နှာများ နီရဲလာပြီး အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

သို့ပေမည့် သူတို့ မသိသည်မှာလည်း ပုံမှန်ပင် ဖြစ်၏။ ဖန်ကျန်းရီက ဤကိစ္စကို သတင်းစာတွင် ဖော်ပြရန် မရဲခဲ့ခြင်း ဖြစ်သည်။

အကယ်၍သာ အမှန်တကယ် ဖွင့်ဟပြောဆိုလိုက်မည်ဆိုပါက ပြဿနာများစွာ ပိုမို ပေါ်ပေါက်လာနိုင်သည်။ ထို့ကြောင့် ချည်မျှင်နှင့် အထည်စက်ရုံမှ အကျိုးအမြတ်များ ရရှိလာမည့် အချိန်ကာလသို့ ရောက်ရှိမှသာ တခမ်းတနား ထုတ်ဖော်ကြေညာလိုက်ခြင်းက ပိုမို၍ သင့်လျော်ပေလိမ့်မည်။

အမျိုးသမီးတို့ စိတ်ငြိမ်သွားချိန်မှ ဖန်ကျန်းရီက ထပ်မေးလိုက်၏။ “မေးစရာ ရှိသေးလား။”

ချက်ချင်းပင် လူတစ်ယောက်က ထပ်မေးလိုက်သည်။ “အမတ်ဖန်… ကျွန်မတို့ အလုပ်လုပ်ရင် ဘယ်အချိန်မှ အိမ်ပြန်လို့ ရမလဲ။”

အိမ်ပြန်မယ်။ ရိုးအလွန်းတယ်… တကယ်ကို ရိုးအလွန်းတယ်။ စက်ရုံထဲ ဝင်ပြီးမှ အိမ်ပြန်ချင်သေးတယ်ပေါ့။

ဖန်ကျန်းရီသည် ကွယ်ရာတွင် နှုတ်ခမ်းမဲ့လိုက်သော်လည်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “ပုံမှန်ဆိုရင် ကိစ္စမရှိဘဲ အိမ်ပြန်လို့ မရဘူး။ ခင်ဗျားတို့ တစ်ယောက်ကို တစ်လ ခြောက်ရက် ခွင့်ရမယ်။ အဲဒီအချိန်ကျရင် အိမ်ပြန်လို့ရပြီ။”

“ပုံမှန်ဆိုရင် စက်ရုံထဲမှာပဲ စားသောက် နေထိုင်ရမယ်။ ဒါပေမဲ့ အားလုံး စိတ်ပူစရာ မလိုပါဘူး။ ခင်ဗျားတို့ စိတ်ပူနေတဲ့ ပြဿနာတွေကို မင်းသမီးက ကြိုပြီး စဉ်းစားပေးထားပြီးသားပါ။ ကျုပ်နောက်ကို လိုက်ခဲ့။”

စကားဆုံးသည်နှင့် လူတစ်အုပ်ကြီးကို ခေါ်ကာ စက်ရုံမှ ထွက်ခွာပြီး အခြား နေရာများသို့ တခမ်းတနား ထွက်ခွာသွားကြသည်။

အဆောင်များ ရှေ့သို့ ရောက်သောအခါ ဖန်ကျန်းရီသည် ခြေလှမ်းတန့်လိုက်ပြီး ကျယ်ဝန်းလှသော အဆောင်များကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “ဒီနေရာက ဒီနေ့ကစပြီး ခင်ဗျားတို့ နေရမယ့် နေရာပဲ။

နေထိုင်စားသောက်မှု လိုအပ်ချက် အားလုံးကို စက်ရုံထဲမှာတင် ဖြေရှင်းနိုင်တယ်။ ခင်ဗျားတို့နဲ့ မဝေးတဲ့ နေရာမှာ စားသောက်ဆိုင် ရှိတယ်။ ထမင်းဟင်း အကုန်လုံး အခမဲ့ ကျွေးမယ်။ တစ်ရက်ကို နှစ်နပ်။

ခင်ဗျားတို့ရဲ့ ကလေးတွေကို အဆောင်ထဲမှာ ထားလို့ရတယ်။ နောက်ပိုင်းကျရင် ခင်ဗျားတို့ ကိုယ်စား ကလေးထိန်းပေးဖို့ လူတွေ စီစဉ်ပေးမယ်။

အားလုံးက စိတ်အေးချမ်းသာစွာနဲ့ အလုပ်လုပ်ပြီး အချိန်ပိုတွေ အများကြီး ဆင်းကြပါ။ အနာဂတ်မှာ အရာအားလုံး ရှိလာလိမ့်မယ်။ အလုပ်ကြိုးစားရင် စက်ရုံထဲမှာ ကလေးတွေ စာသင်နိုင်အောင် သီးသန့် စာသင်ကျောင်းတောင် ဆောက်ပေးအုံးမယ်။ ကလေးတွေ စာသင်ပြီး လူတော်လူကောင်း ဖြစ်လာအောင်ပေါ့။

တကယ်လို့… ကျုပ် အချိန်ရရင် ကိုယ်တိုင်လာပြီး လမ်းညွှန်သင်ကြားပေးတာမျိုးလည်း ရှိနိုင်တယ်။” ဖန်ကျန်းရီ၏ မျက်နှာထားက အလွန် တည်ကြည်နေ၏။

“ကောင်းကင်ဘုံ … အမတ်ကြီးဖန် ကိုယ်တိုင် လာသင်ပေးမယ်တဲ့။ သူက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အမတ်ကြီး ဖြစ်နေတာဆိုတော့ သေချာပေါက် တော်မှာပဲ။”

“အမတ်ကြီးဖန်က နိုင်ငံတော်အဆင့် စာမေးပွဲ အောင်ထားတာလို့ ကြားဖူးတယ်။ လုပ်အားခ မပေးရင်တောင် တန်နေပြီ။”

“မျိုးရိုးဂုဏ်တက်ပြီ။ မျိုးရိုးဂုဏ်တက်ပြီ။”

သားရှိသော သူများ၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ လျှံကျနေပြီ ဖြစ်ပြီး ကလေးမရှိသော သူများမှာလည်း မျက်နှာပေါ်တွင် နှမြောတသဖြစ်မှုများ အပြည့်အဝ ပေါ်လွင်နေသည်။ ငွေအမြောက်အမြားကို လက်လွတ်ဆုံးရှုံးလိုက်ရသကဲ့သို့ ဖြစ်နေ၏။

လူအုပ်ထဲမှ ချန်ရှောင်မန်သည် ပို၍ပင် စိတ်လှုပ်ရှားလွန်းသဖြင့် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်အောင် ဖြစ်နေသည်။

အမတ်ကြီးဖန် ကိုယ်တိုင် စာလာသင်ပေးမယ်တဲ့။ ဒါဆို သားလေးက ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရတော့မှာပေါ့။ ဒီမှာ အလုပ် လာလုပ်တာ တကယ်ကို မှန်သွားပြီပဲ။

အောက်ကလူတွေ သတိမဝင်လာသေးခင် ဖန်ကျန်းရီသည် ဘေးနားရှိ ရှောင်ထောင်ကို ဆွဲခေါ်ကာ အားလုံးကို ကြည့်၍ ပြောလိုက်၏။ “ဆက်ပြီးတော့ အလုပ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ရှောင်ထောင် က ရှင်းပြပေးပါလိမ့်မယ်။”

အမျိုးသမီး အလုပ်သမားတွေချည်းပဲ ဆိုတော့ ဖန်ကျန်းရီ အနေနှင့် အရာအားလုံးကို ပြောပြဖို့ အဆင်မပြေပေ။ နောက်ပိုင်း ကိစ္စတွေကို ရှင်းပြဖို့ ရှောင်ထောင်ကို ကြိုတင် စီစဉ်ထားခဲ့ပြီး ဖြစ်သည်။

ယခုတစ်ကြိမ် ကိုယ်တိုင်ကိုယ်ကျ လာရောက်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ပြင်ပလောကတွင် ကောလာဟလသတင်းများ အလွန်တရာ ပျံ့နှံ့နေသည့်အတွက် အမျိုးသမီး အလုပ်သမားများ၏ စိတ်နှလုံး မတည်မငြိမ် ဖြစ်သွားမည်ကို စိုးရိမ်ပူပန်မိသောကြောင့်သာ ဖြစ်သည်။

ယခုအချိန်အခါတွင် မိမိမှာ နာမည်ကျော်ကြားလှသူ တစ်ဦး ဖြစ်နေပြီဖြစ်ရာ ဤနေရာသို့ လာရောက်၍ ၎င်းတို့အား ခွန်အားဖြစ်စေမည့် အားပေးစကားများ ပြောကြားပေးလိုက်ရုံမျှဖြင့် လုံလောက်နေပြီ ဖြစ်၏။

ရှောင်ထောင် ရှေ့ထွက်လာသည်နှင့် ဖန်ကျန်းရီသည် လီယွမ်ကျောက်ကို ဆွဲကာ လူသူကင်းမဲ့သော ထောင့်ချိုးလေး ဆီသို့ ချက်ချင်း ပြေးသွားသည်။

လီယွမ်ကျောက်က မကျေမနပ်ဖြင့် ပြောလိုက်၏။ “ဖန်ကြီး… ကျုပ်ကို ဘာလို့ ဆွဲခေါ်လာတာလဲ။ ကျုပ် ကြည့်လို့တောင် မဝသေးဘူး။”

“ကျန်တာ မိန်းမကိစ္စတွေလေ။ ကျုပ်တို့ အဲဒီမှာ ရှိနေရင် အမြင်မတော်ဘူး။ ဒီကနေ နားထောင်ရင် ရပြီ။”

“လူလုံးထွက်ပြတာတွေ အကုန်လုံး ခင်ဗျားချည်းပဲ လုပ်သွားတာ။ ကျုပ်လည်း စကား နည်းနည်းလောက်တော့ ပြောချင်သေးတယ်…”

“အသုံးမကျလိုက်တာ။ တောခွေးတွေ၊ ကျားတွေလို အငတ်ဘေးဆိုက်နေတဲ့ မိန်းမတွေ ဝိုင်းကြည့်တာကို ကျုပ်က သဘောကျတယ်များ မှတ်နေလား…”

“ဒါပေမဲ့ ကျုပ်ကတော့ သဘောကျတယ်လေ။”

“ရှူး…”

သူတို့နှစ်ယောက် တိုးတိုးလေး စကားပြောနေစဉ်မှာပင် ရှောင်ထောင်သည် လည်ချောင်းဟန့်ကာ စကားစတင် ပြောနေပြီ ဖြစ်၏။

တောက်ယွမ်ခရိုင်မှ ကိစ္စအကြီးအသေး အားလုံးကို ပုံမှန်အားဖြင့် ဖန်ကျန်းရီကိုယ်စား သူမကသာ လုပ်ဆောင်ပေးလေ့ရှိရာ ဤမျှလောက် အခြေအနေလေးကိုတော့ ကြောက်ရွံ့နေမည် မဟုတ်ချေ။

သူမက အားလုံးကို ကြည့်ကာ ပြောလိုက်သည်။ “ဆက်ပြီးတော့ ကျွန်မက စက်ရုံရဲ့ ခံစားခွင့်တွေကို အားလုံးကို ရှင်းပြပေးပါမယ်။”

“တစ်ရက်ကို အလုပ်ချိန် ငါးနာရီ ရှိမယ်။ နေ့လယ်ဘက်မှာ နာရီဝက် နားခွင့်ပေးမယ်။ ပထမလက အစမ်းခန့်ကာလ ဖြစ်တယ်။ တကယ်လို့ အစမ်းခန့်ကာလမှာ အရည်အချင်း မပြည့်မီဘူးဆိုရင် တစ်လစာ လုပ်အားခ ပေးပြီး အလုပ်ထုတ်ခံရမယ်။

တစ်လကို နေမကောင်းခွင့် နှစ်ကြိမ် ရမယ်။ တကယ်လို့ အိမ်မှာ အရေးပေါ်ကိစ္စ ရှိရင်လည်း အချိန်မီ ခွင့်တိုင်နိုင်တယ်။

ကျွန်မတို့ရဲ့ ချည်မျှင်နဲ့ အထည်စက်ရုံက အချိန်ပိုဆင်းတာကို အားပေးတယ်။ ရှင်တို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည် အပေါ် မူတည်ပြီး စံပြ အလုပ်ကြိုးစားမှု ၊ စံပြအချိန်ပိုဆု၊ စံပြထုတ်လုပ်မှုဆု တွေကို ရွေးချယ်မယ်။ စံပြတိုင်း အတွက် သက်ဆိုင်ရာ ဆုကြေးငွေတွေ ရှိလိမ့်မယ်။

နောက်ပြီး… စက်ရုံထဲက မိန်းမတွေ အားလုံး ရာသီလာရင် သုံးတဲ့အဝတ်ကို သုံးခွင့်မပြုဘူး။ ဒါပေမဲ့ ပြဿနာ တစ်ခုခု ရှိလာမှာကို စိတ်ပူစရာ မလိုပါဘူး။ စက်ရုံကနေ အဲဒီအစား ပိုကောင်းတဲ့ ပစ္စည်းတွေကို ပေးလိမ့်မယ်။ အဲဒီအခါကျရင် ရှင်တို့ ဓမ္မတာလာလည်း အချိန်ပိုဆင်းတာကို ထိခိုက်မှာ မဟုတ်ဘူး။

စက်ရုံက ထုတ်တဲ့ အဝတ်အထည်တွေကို အားလုံးအတွက် ဈေးတစ်ဝက်နဲ့ ရောင်းပေးမယ်။ တစ်လကို တစ်စုံ ဝယ်ခွင့်ရှိတယ်။ ကိုယ်ဝန်ဆောင်ရင် ထပ်ဆောင်း ခွင့်ရက်နဲ့ ထောက်ပံ့ကြေး ရှိမယ်…”

All Chapters