← Chapters

အခန်း ၃၈၉

Vol. 22 Ch. 389

အခန်း ၃၈၉

Vol. 22 Ch. 389

အပိုင်း (၃၈၉) ကြိုးသိုင်းဘောင်းဘီ။

အမျိုးသမီး အလုပ်သမားများ၏ ခံစားခွင့်မှာ ပြောစရာပင် မလိုတော့ချေ။ အစတည်းက သတင်းထောက်များထက် အများကြီး သာလွန်နေပြီ ဖြစ်သည်။

အမျိုးသမီး အလုပ်သမားများ အချိန်ပို ဆင်းကြမည်ကို ထည့်သွင်းစဉ်းစားကာ တစ်လလျှင် ခြောက်ရက်တိတိ အနားယူခွင့် ပေးထား၏။

အခမဲ့ နေထိုင်စားသောက်ခွင့်၊ ကလေးထိန်းပေးမှု၊ ဖျားနာခွင့်၊ မီးဖွားခွင့်… ထို့အပြင် ဖန်ကျန်းရီသည် ချည်မျှင်နှင့် အထည်စက်ရုံ တည်ငြိမ်စွာ လည်ပတ်ပြီးနောက် စာသင်ပေးမည့် ဆရာအချို့ကို ငှားရမ်းကာ အမျိုးသမီး အလုပ်သမားများအား စာဖတ်၊ စာရေး သင်ကြားပေးရန်ပင် စဉ်းစားထားသေးသည်။

ဤအရာက တိုင်းပြည်၏ အလင်းရောင်လိုပင်။ ဘဝကို အရှုံးပေးထားသော အခြေခံ လူတန်းစားတွေ မြင်လျှင်တောင် ချက်ချင်း ပြေးလာပြီး အလင်းရောင်အောက်၌ ခိုလှုံကြပေလိမ့်မည်။

ဤသည်မှာ ဖန်ကျန်းရီသည် အမျိုးသမီးများအား အလေးထား စောင့်ရှောက်ရန် အလွန်တရာ နှစ်သက်သဘောကျလွန်းသောကြောင့်တော့ မဟုတ်ပေ။ ကျား၊ မ တန်းတူညီမျှရေးဟူသော အယူအဆမှာ သူ၏ အရိုးအဆစ်များအတွင်းတိုင်အောင် နက်ရှိုင်းစွာ ကိန်းအောင်းစိမ့်ဝင်နေခဲ့ပြီ ဖြစ်သောကြောင့်ပင်။

လွန်ခဲ့သော နှစ်အနည်းငယ် ... တောက်ယွမ်ခရိုင် တည်ဆောက်ရေးကာလ အစပျိုးချိန်များဆီက လူအင်အားမှာ အလွန်တရာ ရှားပါးပြတ်လပ်လျက် ရှိနေခဲ့ရာ သူ၏ ရင်တွင်း၌လည်း အလွန်အမင်း ပူပန်သောက ရောက်ခဲ့ရလေသည်။

ထိုစဉ်က ဖန်ကျန်းရီကိုယ်တိုင် စံပြအဖြစ် ဦးဆောင်ဦးရွက် ပြုခဲ့ရသည်။ ယောက်ျားများကို တိရစ္ဆာန်များသဖွယ် ခိုင်းစေခဲ့ပြီး မိန်းမများကိုမူ ယောက်ျားများပမာ အသုံးပြုခဲ့ရသည်။ အသက်ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးငယ်များပင်လျှင် အားလပ်ချိန်ရပါက အပြင်သို့ထွက်၍ မြေကြီး နှစ်တောင်းစာမျှ သယ်ယူပို့ဆောင်ပေးခဲ့ကြရ၏။

ဖားတစ်ကောင်ကို ဖမ်းဆီးရမိ၍ ဆီးထွက်လာသည်အထိ ညှစ်ထုတ်ရမည့် အခြေအနေမျိုးတွင် အထီးအမ ခွဲခြားနေရန် လိုအပ်မည် မဟုတ်ပေ။

ယခုကဲ့သို့ ကောင်းမွန်လှသော ခံစားခွင့်များကို ပေးအပ်ထားရခြင်းမှာလည်း ယနေ့ခေတ် လူ့အဖွဲ့အစည်း၌ အမြင်ကျဉ်းမြောင်းမှုများ ဆိုးရွားစွာ ရှိနေသေးသောကြောင့် ဖြစ်သည်။

လေပြည်လေး အနည်းငယ် တိုက်ခတ်၍ မြက်ပင်လေးများ ယိမ်းယိုင်သွားရုံမျှဖြင့် ချည်မျှင်နှင့် အထည်စက်ရုံ၏ ဂုဏ်သတင်း ကျော်စောမှုမှာ ကြီးမားစွာ ထိခိုက်နစ်နာသွားနိုင်၏။

ထိုသို့သာ ဖြစ်ပွားခဲ့မည်ဆိုပါလျှင် အမျိုးသမီး အလုပ်သမား အမြောက်အမြားမှာ မိမိတို့၏ အထုပ်အပိုးများကို ဆွဲယူကာ ထွက်ပြေး တိမ်းရှောင် သွားကြပေလိမ့်မည်။ ထို့နောက်ပိုင်းတွင် အလုပ်သမားသစ်များ ရှာဖွေခေါ်ယူရန်မှာလည်း အလွန်တရာမှခက်ခဲကြန့်ကြာသွားပေလိမ့်မည်။

စာရင်းချုပ်ကြည့်မည်ဆိုလျှင် အမျိုးသမီး အလုပ်သမားများအား ပေးရသည့် ခံစားခွင့်မှာ များပြားသော်လည်း ယောကျ်ားများ ခေါ်ယူခြင်းထက် များစွာ တွက်ခြေကိုက်ပေသေးသည်။

ထို့အပြင် အမျိုးသမီး အလုပ်သမားများသည် အပ်ချုပ်ခြင်းကဲ့သို့သော သိမ်မွေ့သည့် အလုပ်များကို ပိုမို ကျွမ်းကျင်ကြပြီး စိတ်နေသဘောထားမှာလည်း နူးညံ့သိမ်မွေ့ကြ၏။

ယောကျ်ားများမှာတော့ မတူညီပေ။ နှိုင်းယှဉ်ကြည့်လျှင် စီမံအုပ်ချုပ်ရ ခက်ခဲပြီး ဤကဲ့သို့သော အလုပ်မျိုးကို လုပ်တတ်၊ မလုပ်တတ် မပြောနှင့်ဦး၊ လုပ်တတ်လျှင်ပင် သေသပ်မှု မရှိချေ။ ထို့အပြင် လူခေါ်ယူရန် ပို၍ ခက်ခဲသည်။

ထို့ကြောင့် ချည်မျှင်နှင့် အထည်စက်ရုံကို အခြားအမျိုးသမီးများ အားကျရမည့် အလုပ်ခွင်တစ်ခု အဖြစ် ဦးစွာ ဖန်တီးရမည်။

ထို့နောက် အမျိုးသမီး အလုပ်သမားများ၏ ပါးစပ်မှတစ်ဆင့် သတင်းများ ပျံ့နှံ့သွားစေရမည်။ အမျိုးသမီး အလုပ်သမားများ၏ နောက်ကွယ်မှ ယောကျ်ားများသည် မကျေနပ်မှုများ ရှိနေလျှင်ပင် ငွေအစစ်အမှန်များကို မြင်တွေ့ရသောအခါ ပါးစပ်ပိတ်သွားကြပေလိမ့်မည်။

ရှောင်ထောင် အချက်အလက်များ အားလုံး ရှင်းပြပြီးနောက် ဖန်ကျန်းရီသည် ထောင့်ချိုးမှ ထွက်လာကာ အားလုံး၏ ရှေ့သို့ ရောက်လာခဲ့သည်။

ယခုအချိန်တွင် အမျိုးသမီး အလုပ်သမားများသည် အနာဂတ် သာယာလှပသော ဘဝ၏ စိတ်ကူးယဉ်မှုများ ထဲတွင် လုံးလုံးလျားလျား နစ်မြောနေကြပြီ ဖြစ်၏။

ဖန်ကျန်းရီသည် လက်ခုပ်တီးပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ကောင်းပါပြီ။ အခြေအနေကို ယေဘုယျအားဖြင့် အားလုံး နားလည်လောက်ပြီလို့ ထင်ပါတယ်။ ဆက်ပြီးတော့ ကျုပ်က အားလုံးကို ရိုးရိုးရှင်းရှင်းလေး နှစ်ခွန်းလောက် ထပ်ပြောပါအုံးမယ်။”

ရှောင်ထောင်သည် စက်ရုပ်တစ်ရုပ်ကဲ့သို့ လက်ခုပ်တီးလိုက်ရာ အခြားသူများလည်း လိုက်၍ လက်ခုပ်တီးကြ၏။

လက်ခုပ်သံများ ရပ်တန့်သွားသောအခါ ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ “ခင်ဗျားတို့က ပန်းရှန်း ချည်မျှင်နဲ့ အထည်စက်ရုံရဲ့ ပထမဆုံး အမျိုးသမီး အလုပ်သမား အသုတ် ဖြစ်ပါတယ်။ တကယ့်ကို အဓိပ္ပာယ်ရှိပြီး အနာဂတ် အလားအလာ အရမ်းကောင်းပါတယ်။ အခု လောလောဆယ်တော့ ဝင်ငွေ နည်းနည်း နည်းကောင်း နည်းနိုင်ပေမယ့်…”

အချိန်တစ်နာရီခန့် ကုန်လွန်သွားခဲ့၏။

လီယွမ်ကျောက်သည် တတွတ်တွတ်ပြောနေသော ဖန်ကျန်းရီအား ဖြူရော်နေသော မျက်နှာဖြင့် ကြည့်နေသည်။

အရမ်း ပျင်းစရာကောင်းတယ်။ တကယ် ဆက်မနေနိုင်တော့ဘူး။ ဘယ်တော့မှ ပြီးမှာလဲ။

လူလုံးထွက်ပြတာတွေ အကုန်လုံး ခင်ဗျားချည်းပဲ လုပ်သွားတာ။ အလကား စကားတွေကိုတောင် ဒီလောက် အများကြီး ပြောနေသေးတယ်။ လုံးဝ ရပ်မယ့် ပုံစံမရှိဘူး။

ဖန်ကြီးဆီမှာ ဒီလို စွမ်းရည်မျိုး ရှိမယ်လို့ မထင်ထားဘူး…။

ဖန်ကျန်းရီသည် ခြောက်သွေ့နေသော နှုတ်ခမ်းများကို သပ်လိုက်ပြီး အားမရသေးသည့် ဟန်ဖြင့် ပြောလိုက်၏။ “ဒီနေ့တော့ ဒီလောက်ပဲ ပြောကြတာပေါ့။ အားလုံးလည်း ပင်ပန်းနေလောက်ပြီ။

“ခဏနေရင် အဆောင် ခွဲဝေပေးမယ့် လူတွေ လာပါလိမ့်မယ်။ ခင်ဗျားတို့ကို အဆောင် ခွဲဝေပေးမယ့်သူတွေက ခင်ဗျားတို့ရဲ့ အုပ်ချုပ်ရေးမှူးတွေပဲ။ ဘာပြဿနာပဲရှိရှိ သူတို့ကို ပြောပြနိုင်ပါတယ်။ ကျုပ် သွားတော့မယ်။ သေချာ သင်ယူကြပါ။”

ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီသည် အိပ်ချင်မူးတူးဖြစ်နေသော အိမ်ရှေ့စံနှင့် ရှောင်ထောင်တို့ကို ခေါ်ကာ ချည်မျှင်နှင့် အထည်စက်ရုံမှ ထွက်ခွာခဲ့သည်။

ချန်ရှောင်မန်သည် ကလေးကို ပွေ့ချီကာ အဝေးသို့ ထွက်ခွာသွားသော ဖန်ကျန်းရီ၏ ကျောပြင်ကို ကြည့်ရင်း သူမ၏ မျက်လုံးများတွင် ကျေးဇူးတင်မှုများ အပြည့်အဝ တည်ရှိနေ၏။

ယခုအခါ သူမ ရင်ထဲရှိ စိုးရိမ်ပူပန်မှုများ အားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ချည်မျှင်နှင့် အထည်စက်ရုံမှာ ဘာပြဿနာမှ မရှိရုံသာမက သူမ တွေးထင်ထားသည်ထက်ပင် များစွာ သာယာ လှပနေသေး၏။

သူမသာ အချိန်ပိုများများဆင်းပြီး စံပြ အလုပ်ကြိုးစားမှုဆုပါ ရလိုက်မည်ဆိုလျှင် သူမ ယောကျ်ားရှာနိုင်သည့် ငွေထက်ပင် ပိုများနေမည် မဟုတ်ပါလား။

ယခု အိမ်၏ ဆေးဖိုးလည်း ကာမိပြီ။ နေထိုင်စားသောက်မှု စားရိတ်လည်း အဆင်ပြေသွားခဲ့ပြီ။ ထို့အပြင် ကလေး လည်း စာသင်လို့ရပြီဖြစ်သည်။

အနာဂတ်အတွက် စီစဉ်တွေးတောရင်း နားထဲတွင်လည်း ပျော်ရွှင်စွာ ပြောဆိုနေကြသည့် အသံများကို ကြားနေရရာ ချန်ရှောင်မန်လည်း တဖြည်းဖြည်း ကူးစက်ခံရပြီး အပြုံးများ ထွက်ပေါ်လာ၏။

မကြာမ အဆောင်များ ခွဲဝေပေးမည့် အုပ်ချုပ်ရေးမှူးများက ရောက်ရှိနေသော အမျိုးသမီး အလုပ်သမားများအား နေရာချထားပေးရန် စတင် စီစဉ်ပေးကြသည်။

ထိုအုပ်ချုပ်ရေးမှူးများ အားလုံးသည် ဖန်ကျန်းရီက တောက်ယွမ်ခရိုင်မှ ကြိုတင် ခေါ်ယူထားသော ကျွမ်းကျင် အလုပ်သမားများ ဖြစ်ကြ၏။

မကြာမီမှာပင် ချန်ရှောင်မန်သည် အခြားသော အခန်းဖော် ခုနစ်ဦးနှင့်အတူ အဆောင်တစ်ခန်းအတွင်းသို့ ရောက်ရှိသွားသည်။

အဆောင်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ချန်ရှောင်မန်သည် အခန်းတွင်းရှိ အပြင်အဆင်များကို ကြည့်ကာ အံ့အားသင့်သွားရ၏။

အဆောင်က သူမတို့အိမ်ထက်ပင် ပိုကျယ်နေသေးသည်။

လူရှစ်ယောက်အိပ် အထက်အောက် နှစ်ထပ်ကုတင်များ ဖြစ်သော်လည်း ကုတင်မှာ သာမန်ထက် ပိုကြီးပြီး ခန္ဓာကိုယ် သေးငယ်သူ နှစ်ဦး ယှဉ်လျက် အိပ်နိုင်၏။

ကုတင်များ ဖန်တီးစဉ်ကတည်းက ဖန်ကျန်းရီသည် ဤပြဿနာကို ထည့်သွင်းစဉ်းစားခဲ့သည်။

အချို့သော အမျိုးသမီး အလုပ်သမားများသည် ကလေးများနှင့်အတူ အိပ်ရမည်ဖြစ်သောကြောင့် ကုတင်ကို အနည်းငယ် ကြီးအောင် လုပ်ရန် အထူး ညွှန်ကြားထားခြင်း ဖြစ်သည်။ ကုတင်များသာမက ကုတင်ပျဉ်ပြားများပေါ်တွင်လည်း အဖြူရောင် အိပ်ရာခင်းများ ခင်းပေးထားပြီး ဖြစ်၏။

နံရံဘေးတွင် ပစ္စည်းထည့်ရန် ဗီရိုများလည်း ထားရှိပေးထားသည်။

အုပ်ချုပ်ရေးမှူးက သူတို့ အားလုံး ကိုယ်ပိုင် နေရာများ ရွေးချယ်ပြီးသွားသည်ကို မြင်ချိန်မှ သတိပေးစကား ပြောလိုက်၏။ “ဒီနေ့ကစပြီး ခင်ဗျားတို့က တစ်ခန်းတည်း နေရတော့မယ့် လူတွေပဲ။ ဒီနေ့ ညမတိုင်ခင် အခန်းခေါင်းဆောင် တစ်ယောက် ရွေးထားတာ အကောင်းဆုံးပဲ။ ပြဿနာ တစ်ခုခု ရှိရင် အခန်းခေါင်းဆောင်က တစ်ဆင့် ကျွန်မကို လာပြောလို့ ရတယ်။

နေ့တိုင်း အဆောင်ထဲမှာ သန့်ရှင်းရေး စစ်ဆေးမယ့် လူတွေ ရှိမယ်။ ကြမ်းပြင်ပေါ်မှာ အမှိုက်တွေ မရှိရဘူး။ တွေ့ရင် လုပ်အားခ အဖြတ်ခံရမယ်။

အမတ်ဖန် ပြောတာကတော့ ဒါကလည်း ရှင်တို့ အတွက်ပါပဲတဲ့။ အကျင့်ကောင်းလေးတွေ လုပ်ထားမှ ထုတ်လုပ်ရေးဇုန်မှာ သေချာ အလုပ်လုပ်နိုင်ပြီး မတော်တဆမှုတွေ မဖြစ်အောင် ကာကွယ်နိုင်မှာ။”

ထို့နောက် အုပ်ချုပ်ရေးမှူးသည် ပစ္စည်းထည့်သည့် ဗီရိုရှေ့သို့ သွားကာ အကန့်တစ်ခုကို ကျပန်း ဖွင့်ပြရင်း ရှင်းပြလိုက်၏။ “ဒါက ပစ္စည်းထည့်တဲ့ ဗီရိုပဲ။ ရှင်တို့ တစ်ယောက်ကို နေရာတစ်ခုစီ ရွေးပါ။

ဒီအထဲမှာ ဆပ်ပြာတောင့်၊ မျက်နှာသုတ်ပုဝါ၊ ရေဇလုံ၊ အမျိုးသမီး လစဉ်သုံး ပစ္စည်း တစ်စုံ၊ အလုပ်ဝတ်စုံ တစ်စုံနဲ့ အလုပ်တက်မှတ်တမ်း ကတ်ပြား တစ်ခု ထည့်ပေးထားတယ်။”

ပြောရင်းနှင့် အုပ်ချုပ်ရေးမှူးက အမျိုးသမီး လစဉ်သုံး ပစ္စည်းကို ကိုင်မြှောက်ပြလိုက်သည်။ “ဒါက ရာသီလာရင် သုံးတဲ့အဝတ် အစားထိုး သုံးရမယ့်ဟာပဲ။ ညစ်ပတ်သွားရင် လွှင့်ပစ်လိုက်ရုံပဲ။ စက်ရုံက အခမဲ့ ပေးလိမ့်မယ်။ ဒါလေးရှိရင် ရှင်တို့ ပုံမှန် အလုပ်ဆင်းလို့ ရပြီ။ ဘာမှ အနှောင့်အယှက် မဖြစ်တော့ဘူး။

ဒီ အလုပ်တက်မှတ်တမ်း ကတ်ပြားကို နေ့တိုင်း စက်ရုံထဲ အလုပ်မဆင်းခင် မှတ်ပေးမယ့် လူရှိတယ်။ ဒါက လကုန်ရင် လုပ်အားခ ထုတ်မယ့် အထောက်အထားလည်း ဖြစ်တယ်။ အားလုံး သေချာ သိမ်းထားကြနော်။ ပြီးတော့ ဒီအလုပ်ဝတ်စုံကလည်း ရှင်တို့အတွက် ကြိုတင် ပြင်ဆင်ပေးထားတာပဲ။ တကယ်လို့ မတော်ဘူးဆိုရင် လဲပေးဖို့ တောင်းဆိုလို့ ရတယ်။”

ချန်ရှောင်မန်သည် အလုပ်ဝတ်စုံကို ကြည့်ကာ မျက်တောင်များ တဖျတ်ဖျတ် ခတ်လျက် မယုံနိုင်အောင် ဖြစ်နေ၏။ အဝတ်အစားသစ်တွေတောင် ပေးသေးသည်လား။

သို့ပေမည့် အလုပ်ဝတ်စုံကအနည်းငယ် ထူးဆန်းနေသည်။

အုပ်ချုပ်ရေးမှူးက အဝတ်ကို ခါပြရင်း ပြောလိုက်သည်။ “ဒါရှ၍်တို့ရဲ့ အလုပ်ဝတ်စုံပဲ။ အင်္ကျီကတော့ ရိုးရိုး အင်္ကျီပဲ။ ဒါပေမဲ့ ဒီဘောင်းဘီက ရိုးရိုး ဘောင်းဘီ မဟုတ်ဘူး။ ကြိုးသိုင်းဘောင်းဘီ လို့ ခေါ်တယ်။

ကျွန်မတို့ ချည်မျှင်နဲ့ အထည်စက်ရုံက ပထမဆုံး တရားဝင် ထုတ်လုပ်မယ့် ပစ္စည်းက ဒီကြိုးသိုင်းဘောင်းဘီပဲ။

ဒီကြိုးသိုင်းဘောင်းဘီမှာ အားသာချက်တွေ အများကြီး ရှိတယ်။ ခါးပတ် မလိုဘဲ ဘောင်းဘီ ကျွတ်မကျအောင် ကာကွယ်ပေးနိုင်တယ်။ အပြင်ထွက် ပြေးတာ၊ ခုန်တာတွေ လုပ်လည်း လှုပ်ရှားမှုကို မထိခိုက်ဘူး။ ရှင်တို့ အရင် ဝတ်ကြည့်ပြီး ခံစားကြည့်လို့ ရတယ်။ အဲဒီ အချိန်ကျရင် အပ်ချုပ်ရာတွေကိုပါ ကြိုတင်ပြီး သေချာ လေ့လာ ထားလို့ ရတာပေါ့။

ပြီးတော့… ဒီနေ့ည အိမ်ပြန်ချင်တဲ့သူတွေ ရှိရင် အရင် ပြန်လို့ရတယ်။ မနက်ဖြန် ထပ်လာရင်တော့ ခွင့်ရက်ရောက်မှပဲ ပြန်လို့ရတော့မယ်။ နားလည်လား။”

“နားလည်ပါပြီ။” ရှစ်ယောက်သား တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြ၏။

“ကောင်းပြီလေ။ ရှင်တို့ နားကြတော့။ ကျွန်မ သွားတော့မယ်။”

အုပ်ချုပ်ရေးမှူး ထွက်သွားပြီးနောက် အဆောင်ထဲတွင် မည်သူမှ စကားမပြောကြဘဲ ကိုယ့်နေရာ ကိုယ်အရင်ရွေးကာ ကုတင်ပေါ်တွင် ထိုင်လျက် အထုပ်အပိုးများကို သေသေချာချာ နေရာချနေကြသည်။

ချန်ရှောင်မန်၏ နေရာမှာ တော်တော်လေး ကောင်းမွန်ပြီး အောက်ထပ် ကုတင် ဖြစ်၏။

သူမ လက်ဖြင့် အသစ်စက်စက် အိပ်ရာခင်းကို ဖြည်းဖြည်းချင်း ပွတ်သပ်ကြည့်ရင်း ရင်ထဲတွင် နွေးထွေးသွားသလို ခံစားလိုက်ရသည်။

သူမတို့အိမ်က အိပ်ရာခင်းတွေဆိုသည်မှာ ဘယ်နှစ်နှစ်လောက် သုံးထားမှန်းတောင် မသိတော့ပေ။ ဖာရာ ထေးရာတွေ အပြည့်နှင့်ဖြစ်ပြီး ပါးလွှာကာ ဝါကြန့်ကြန့် ဖြစ်နေ၏။

စက်ရုံထဲ ဝင်ဝင်ချင်း အိပ်ရာခင်းနှင့် အဝတ်အစား အသစ်တစ်စုံ ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

အခြား အခန်းဖော်များ၏ ပုံစံကို ကြည့်လိုက်တော့လည်း သူမနှင့် အတူတူပင် ဖြစ်နေကာ ဝမ်းသာမှုနှင့်အတူ ကျေးဇူးတင် ဝမ်းမြောက်မှုများပါ ရောနှောနေ၏။

လူအချို့ အထုပ်အပိုးများ နေရာချပြီးနောက် အလုပ်ဝတ်စုံကို လဲဝတ်ကာ မတ်တတ်ရပ်၍ ဘယ်ညာလှည့်ကြည့်၊ ခုန်ကြည့် လုပ်နေကြသည်။

ကြည့်ရသည်မှာ အနည်းငယ် ထူးဆန်းနေသယောင် ရှိသော်ငြားလည်း ဤကြိုးသိုင်းဘောင်းဘီမှာ အမှန်တကယ်ပင် ဝတ်ဆင်ရ လွန်စွာ သက်တောင့်သက်သာ ရှိလှသည်။ အချို့ဆိုလျှင် ဝမ်းသာကြည်နူးလွန်းလှသဖြင့် သီချင်းတစ်ပိုဒ်နှစ်ပိုဒ်မျှ ညည်းတွားလျက် နေရာတွင်ပင် နှစ်ပတ်ခန့် လှည့်ပတ်လိုက်ကြသေးသည်။

စိတ်လှုပ်ရှားမှုများ အတန်ငယ် ငြိမ်သက်သွားသောအခါတွင် လူအချို့သည် သူတို့၏ ကုတင်ထက်၌ အသီးသီး လှဲလျောင်းရင်း အကြောင်းအရာများကို တညီတညွတ်တည်း ဖလှယ်ပြောဆိုလာကြ၏။

ဤနေရာသို့ ရောက်ရှိလာနိုင်သူတိုင်းမှာ အနည်းနှင့်အများဆိုသလို သတ္တိရှိကြသူများပင်။

ဆင်းရဲနွမ်းပါးလှသော ဘဝအခြေအနေမှ တိုးတက်ပြောင်းလဲလိုသည့် မျှော်လင့်ချက် ကိုယ်စီဖြင့် လာရောက်ခဲ့ကြသူများ ဖြစ်သည့်အလျောက် အချင်းချင်း စကားလက်ဆုံ ကျရာတွင်လည်း အလွန်ပင် အဆင်ပြေချောမွေ့လှသည်။

အားလုံး ထိုသို့ စကားစမြည် ပြောဆိုနေကြရင်းဖြင့် နေဝင်မိုးချုပ်လာ၏။

အိမ်သို့ ပြန်မည့်သူများလည်း စတင်၍ ပြန်လည်ထွက်ခွာသွားကြသည်။

All Chapters