← Chapters

အခန်း ၃၉၁

Vol. 22 Ch. 391

အခန်း ၃၉၁

Vol. 22 Ch. 391

အပိုင်း (၃၉၁) - ချည်မျှင်နှင့် အထည်စက်ရုံသို့ လည်ပတ်ခြင်း?

ဖန်ကျန်းရီသည် လမ်းလျှောက်ရင်း စကားစလိုက်သည်။

"ကျုပ် အားလုံးကို ဘာကိစ္စနဲ့ ဖိတ်ခေါ်ရသလဲဆိုတာ အများစုက သိကြအုံးမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါဆိုရင် ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်။ ဒီနေ့ အားလုံးကို ဒီချည်မျှင်နဲ့ အထည်စက်ရုံဆီ ဖိတ်ခေါ်ရခြင်းက အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ချင်လို့ပဲ ဖြစ်ပါတယ်။

ကျုပ်တို့ ပန်းရှန်း ချည်မျှင်နဲ့ အထည်စက်ရုံမှာ စက်ရုံပဲရှိပြီး ဆိုင်မရှိပါဘူး။ ဒါကြောင့် ဈေးကွက်ထဲကို ပစ္စည်းဖြန့်ချိဖို့အတွက် သေချာပေါက် အားလုံးကို အားကိုးရမှာပါ။"

ဖန်ကျန်းရီ စကားပင် မဆုံးသေးမီ ကုန်သည်တစ်ဦးက ချက်ချင်း လက်သီးဆုပ်ကာ ဝင်ပြောလိုက်၏။ "အမတ်ဖန် … ခင်ဗျားအနေနဲ့ အခုလို လူကိုယ်တိုင် လာပြောနေစရာ မလိုပါဘူး။ ကျုပ်တို့ဆီ သတင်းလေး တစ်ချက်လောက် ပို့လိုက်ရုံနဲ့တင် လုံလောက်ပါတယ်။ အကယ်၍ ခင်ဗျားသာ အကူအညီ လိုအပ်မယ်ဆိုရင် ဓားတောင်ကို တက်ရတက်ရ၊ ဆီအိုးထဲ ဆင်းရဆင်းရ ကျုပ်ဘက်က အစွမ်းကုန် ကူညီလုပ်ဆောင်ပေးမှာပါ။"

သူ စကားပြောပြီးသည်နှင့် အခြားကုန်သည်များကလည်း ဝိုင်းဝန်းထောက်ခံ ပြောဆိုကြတော့သည်။

သို့ပေမည့် လူတိုင်း၏ စိတ်အစဉ်၌ကား ကြိတ်၍ ကျိန်ဆဲနေကြ၏။

‘ဘယ်က ဖားတတ်တဲ့ကောင်လဲ။ ဒီတစ်ခေါက်တော့ အရမ်း မျက်နှာရသွားပြီပေါ့။’

‘သူ့ကို ပစ္စည်း ရောင်းပေးရုံပဲ မဟုတ်လား။ အဲဒီအခါကျရင် သူ့ပစ္စည်းတွေ ထားဖို့ နေရာလေး တစ်နေရာလောက် ပေးလိုက်ရုံနဲ့ ရနေတာပဲ။ ဘာတွေများ ဟိတ်ကြီးဟန်ကြီး ပြောနေရတာလဲ။’

‘ဒါပေမဲ့ တကယ်လို့ သူက သုံးမရတဲ့ ပစ္စည်းတွေ အများကြီး ထုတ်လုပ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။ ဆိုင်မှာ အညံ့စားပစ္စည်းတွေ အများကြီး တင်ထားလို့မှ မရတာ။ သူ ကျုပ်တို့ကို ဈေးကြီးကြီးနဲ့ မတန်တဆ ပစ္စည်းသွင်းခိုင်းမှာတော့ မဟုတ်ပါဘူးနော်။’

ဤသို့ တွေးမိသောအခါ ကုန်သည်များအားလုံး စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာကြပြီး၊ လူအချို့ဆိုလျှင် ဤနေရာသို့ လာရောက်ခဲ့မိသည်ကိုပင် နောင်တရလာကြသည်။

ဖန်ကျန်းရီက ဟားဟားရယ်မောလိုက်ပြီး ဖားယားကာ ဝင်ရောက်ပြောဆိုသည့်လူအား ချီးကျူးသော အကြည့်ဖြင့် ကြည့်လိုက်၏။

‘တကယ့် လူတော်ပဲ။ ဒီလောက် အခြေအနေကို နားလည်တတ်တဲ့လူ… ခဏနေရင် ပစ္စည်းသွင်းတဲ့ ဈေးကို နည်းနည်း မြှင့်ပေးလိုက်အုံးမယ်။’

အခြားကုန်သည်များ၏ မျက်လုံးများတွင်တော့ အနည်းငယ် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို သိသာစွာ တွေ့ရ၏။ ကြည့်ရသည်မှာ သူတို့အပေါ် အတင်းအကျပ် ရောင်းချမည်ကို စိုးရိမ်နေကြပုံရသည်။

ဖန်ကျန်းရီက မြင်လိုက်သည့်အခါ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “ခဏနေရင် အားလုံး မြင်တွေ့ရတဲ့အခါ သိလာမှာပါ။ ကျုပ်က ပူးပေါင်းဆောင်ရွက်ဖို့ လာတယ်လို့ ပြောပြီးမှတော့ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အကုန်လုံးက အကြောင်းအကျိုး ဆီလျော်မှု ရှိပါတယ်။ စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုး မထားကြပါနဲ့။”

ကုန်သည်များ အားလုံးက သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်ကြသည်။

ဖန်ကျန်းရီက ဤသို့ပြောလာမှတော့ အားလုံးက ယုံကြည်ကြပသည်။ အဘယ်ကြောင့်ဆိုသော် ဤသခင်လေးသည် ကုန်သည်များအား နှိပ်စက်ခဲ့သော ရာဇဝင်မျိုး မရှိခဲ့ဖူးသောကြောင့် ဖြစ်၏။

စကားပြောနေစဉ်မှာပင် ဖန်ကျန်းရီသည် အားလုံးကို ခေါ်ဆောင်ကာ ချည်မျှင်နှင့် အထည်စက်ရုံ၏ အတွင်းပိုင်းသို့ ခေါ်ဆောင်လာခဲ့သည်။

ယခုအချိန်တွင် ချည်မျှင်နှင့် အထည်စက်ရုံ အတွင်း၌ ခြေနင်း ငါးလွန်းထိုး ရက်ကန်းစင် ရာပေါင်းများစွာသည် တစ်ပြိုင်နက်တည်း အလုပ်လုပ်နေကြ၏။

ရက်ကန်းစင်များ အလုပ်လုပ်နေသည့် စက်သံများသည် စက်ရုံတစ်ခုလုံးတွင် ဟိန်းထွက်နေသည်။

ကုန်သည်များသည် ဖန်ကျန်းရီ၏ အနောက်မှနေ၍ ဟိုဟိုဒီဒီ လည်ပင်းရှည်ကာ ကြည့်နေကြပြီး သူတို့၏ မျက်လုံးများထဲတွင် အလွန် အံ့အားသင့်နေမှုများကို တွေ့ရ၏။

ဤသို့သော မြင်ကွင်းမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးကြချေ။ ဤမျှစနစ်ကျပြီး ကြီးမားသော စက်ရုံမျိုး သူတို့ဆီ၌ မရှိပေ။

ဒီလိုမြင်ကွင်းမျိုးကို ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ တစ်ခါမှ မမြင်ဖူးကြချေ။ သူတို့ဆီ ပစ္စည်းသွင်းသော အလုပ်ရုံများသည် အလုပ်ရုံကြီး ဆိုလျှင်တောင် အသေးစား အလုပ်ရုံငယ်လေးများဆီမှ ပစ္စည်းကောက်၍ ပြန်ရောင်းခြင်း ဖြစ်သည်။

“အားလုံးပဲ… အခု လွတ်လွတ်လပ်လပ် လိုက်ကြည့်လို့ ရပါပြီ။ ကျုပ် အနောက်ကနေ စောင့်နေပါမယ်။ ဖြည်းဖြည်းကြည့်၊ သေချာကြည့်ကြပါ။”

ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီသည် ခြေလှမ်းကျဲများဖြင့် ချည်မျှင် ထုတ်လုပ်ရေးဇုန်မှ ထွက်ခွာသွားသည်။

ကုန်သည်များသည် သူ ထွက်သွားသည်ကို မြင်လိုက်ရသည့်အခါ သိပ်ပြီး မချုပ်တည်းထားကြတော့ဘဲ ပျားအုံကြွသကဲ့သို့ ရက်ကန်းစင်များဆီသို့ အသီးသီး ပြေးသွားကြ၏။

သူတို့၏ မျက်စိရှေ့မှ ငါးလွန်းထိုး ရက်ကန်းစင်များကို မြင်လိုက်ရသည့်အခါ သူတို့၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။

အနီးတွင် သေသေချာချာ အလုပ်လုပ်နေသော အမျိုးသမီး အလုပ်သမားအား ကြည့်၍ အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်၏။ “ဒါ… ဒါက ချည်ငင်စက်လား။ တစ်ခါတည်း ဘယ်လောက် ငင်လို့ရလဲ။”

ချန်ရှောင်မန်သည် ပြေးဝင်လာသော ကုန်သည်များကြောင့် အစပိုင်းတွင် လန့်သွားခဲ့၏။

ဤတစ်လ မပြည့်တပြည့် ကာလအတွင်း၌ သူမသည် အလုပ်အား ကျေနပ်ရွှင်လန်းစွာဖြင့် လုပ်ကိုင်နိုင်ခဲ့သည်ဟု ဆိုရမည်။

နံနက်စောစော ထရသော်လည်း နံနက်စာကို ကောင်းမွန်စွာ သုံးဆောင်ရသည်။ ဘေးဝန်းကျင်ရှိ အမျိုးသမီး အလုပ်သမားများမှာလည်း စိတ်သဘောထား တိုက်ဆိုင်ကြသူများချည်းသာ ဖြစ်ကြသည်။ အားလုံး အတူတကွ ဆုံစည်းမိကြသည့်အခါတိုင်း ပြောဆို၍ မကုန်နိုင်ဖွယ်ရာ ဘုံအကြောင်းအရာ အမြောက်အမြား ရှိနေကြသည်။

နေ့လယ်ဘက်သို့ ရောက်ရှိသောအခါတွင်လည်း အဆီအနှစ်နှင့် ဟင်းလျာများကို နေ့စဉ်ရက်ဆက် သုံးဆောင်ရပြန်သည်။ ထို့အပြင် ကလေးငယ်အား ထိန်းကျောင်းစောင့်ရှောက်ပေးမည့်သူများလည်း ရှိနေသေး၏။

အချိန်ပိုဆင်းရသည်မှာ များပြားလှပြီး တစ်ရက်လျှင် ခြောက်နာရီတိုင်အောင် လုပ်ကိုင်ရသောကြောင့် စက်ရုံမှ ညစာကိုပင် ထပ်မံ စီစဉ်ပေးထားသေးသည်။ သို့ဖြစ်ရာ တစ်နေ့လျှင် သုံးနပ်တိတိ စားသောက်ရသည်နှင့် အတူတူပင် ဖြစ်သည်။

တစ်နေ့လျှင် သုံးနပ်တိုင်တိုင် စားသောက်ရခြင်းမျိုး .... သူမ အရွယ်ရောက် ကြီးပြင်းလာသည့်တိုင်အောင် ဤသို့ ဇိမ်ကျကျ တစ်ကြိမ်တစ်ခါမှ မစားသုံးခဲ့ဖူးချေ။

အရေးအကြီးဆုံးသော အချက်မှာ လုပ်အားခကို လဝက်တစ်ကြိမ် ရှင်းလင်းပေးခြင်းပင် ဖြစ်သည်။ လုပ်အားခ ရရှိသည်နှင့် တစ်ပြိုင်နက် သူမသည် ခင်ပွန်းဖြစ်သူအတွက် စက်ရုံမှ ချုပ်လုပ်သော ကြိုးသိုင်းဘောင်းဘီ တစ်ထည်ကို ဝယ်ယူပေးခဲ့သည်။

သူမ ဝယ်ပေးထားသော ကြိုးသိုင်းဘောင်းဘီ အသစ်အား ဝတ်ဆင်ကာ ကလေးငယ်တစ်ဦးပမာ အလွန်တရာ ပျော်ရွှင်မြူးထူးလျက် သီချင်းများ ဆိုလိုက်၊ ခုန်ပေါက်လိုက် ပြုလုပ်နေသော ခင်ပွန်းဖြစ်သူကို ကြည့်ရှုရင်း သူမ၏ ရင်တွင်း၌ ဖော်ပြ၍ မရနိုင်လောက်အောင် နက်ရှိုင်းသည့် ကျေနပ်ပီတိမျိုးကို ခံစားလိုက်ရ၏။

နောင်အခါတွင် ကလေးငယ်အတွက်ပါ ကြိုးသိုင်းဘောင်းဘီ တစ်ထည်ကို ထပ်မံ ဝယ်ယူပေးရပေဦးမည်။

ဘဝခရီးလမ်းသည် ဤကဲ့သို့သာ အစဉ်အမြဲ ဆက်လက် ဖြတ်သန်းသွားနိုင်မည် ဆိုပါက မည်မျှကောင်းမွန်လိမ့်မည်နည်း။

မဆုတ်မနစ် ကြိုးစားအားထုတ်မှုများကြောင့် ယခုအခါတွင် သူမသည် အဖွဲ့ အမှတ်(၇) ၏ အဖွဲ့ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့သည်။ မကြာမီ လကုန်ရက်သို့ ရောက်ရှိပါကလည်း စံပြအလုပ်ကြိုးစားမှုဆု ရွေးချယ်ပွဲကို ကျင်းပပေလိမ့်မည်။

ထိုရွေးချယ်ပွဲမှာ ကုန်ထုတ်လုပ်မှု ပမာဏအပေါ် မူတည်၍ ရွေးချယ်အကဲဖြတ်မည် ဖြစ်သည်။ ယခု သူစိမ်းများ လာရောက် နှောင့်ယှက်မှုကြောင့် အချိန်အနည်းငယ် ကြန့်ကြာသွားခဲ့ရသည့်အပေါ် ချန်ရှောင်မန် အနေဖြင့် များစွာ နှမြောတသ ဖြစ်နေမိသည်။ ကုန်ထုတ်လုပ်မှု ပမာဏတွင် အခြားသော အဖွဲ့များမှ မိမိတို့အား ကျော်လွန်သွားမည်ကိုလည်း လွန်စွာ စိုးရိမ်ပူပန်နေမိသည်။

သို့ပေမည့် မကြာမီ သတိပြန်ဝင်လာခဲ့သည်။ ထို့ကြောင့် သူမ၏ လက်လှုပ်ရှားမှုများကို အမြန်ဆုံး အရှိန်မြှင့်လိုက်၏။

ကုန်သည်များက သူမ ဂရုမစိုက်သည်ကို မြင်ရသည့်အခါ ထပ်မေးလိုက်ပြန်သည်။ “ကျုပ်ကို အမတ်ကြီးဖန်က ဖိတ်လာတာပါ။ ဒါက ဘာရက်ကန်းစင်လဲ။ တစ်ခါ ဘယ်လောက် ငင်လို့ရလဲ။”

ဤလိုမေးလာမှပဲ ချန်ရှောင်မန်က ဖြည်းဖြည်းချင်း နှုတ်ခမ်းဟလာခဲ့၏။ “ဒါကို ငါးလွန်းထိုး ချည်ငင်စက်လို့ ခေါ်တယ်။ တစ်ခါတည်း လွန်းငါးခု ငင်လို့ရတယ်။ ချည်ငင်တဲ့ အမြန်နှုန်းက သာမန် ရက်ကန်းစင်တွေထက် အဆနှစ်ဆယ်လောက် ပိုမြန်တယ်။”

အဆ နှစ်ဆယ်လား။

ကုန်သည်များ ကြောင်အမ်းသွားပြီး အထည်ထွက်လာသည့် နေရာကို မျက်တောင်မခတ်တမ်း စိုက်ကြည့် နေကြ၏။

အထည်စများ တစ်စစနှင့် ယက်လုပ်ပြီး ထွက်လာသည်ကို မျက်စိရှေ့တွင် မြင်နေရရာ တံတွေးများကို ခက်ခက်ခဲခဲ မြိုချလိုက်ကြသည်။

ရက်ကန်းစင်များကို သူတို့ အများကြီး မြင်ဖူးသော်လည်း ဤကဲ့သို့သော အမြန်နှုန်းမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

စက်ရုံထဲမှာ ဒီလို စက်မျိုး ရာနဲ့ချီ ရှိနေတာဆိုတော့ ဒါက လူပေါင်း သောင်းနဲ့ချီပြီး ဒီနေရာမှာ ချည်ငင်နေတာနဲ့ အတူတူပဲ မဟုတ်လား။

ကောင်းကင်ဘုံ … ဒါဆို မြို့တော် တစ်မြို့လုံးက အထည်ဆိုင်တွေ ဘာမှ ဆက်လုပ်စရာ မလိုတော့ဘူး။ ခင်ဗျားတို့ရဲ့ ချည်မျှင်နဲ့ အထည်စက်ရုံ တစ်ခုတည်းက အကုန်လုံးကို လွှမ်းမိုးသွားတော့မှာပေါ့။

“အသင့်ဖြစ်ပြီးသား အထည်တွေ၊ အထည်အလိပ်တွေက ဘယ်မှာလဲ။” ကုန်သည်တစ်ဦးက အလောတကြီး မေးလိုက်၏။

ချန်ရှောင်မန်၏ စိတ်ထဲတွင် အလွန် ရှုပ်ထွေးသွားသည်။

ဒီလူက ဘာလို့ ဒီလောက် စကားများရတာလဲ။ ထုတ်လုပ်မှုကို နှောင့်ယှက်နေတယ်။

သို့ပေမည့် အမတ်ကြီးဖန်၏ ဧည့်သည်ဖြစ်သောကြောင့် မဖြေလို့မဖြစ်ပေ။ ထို့ကြောင့် ခေါင်းမော့ကာ မေးစေ့ဖြင့် နေရာတစ်ခုကို ညွှန်ပြလိုက်၏။

ကုန်သည်များသည် သူမ ညွှန်ပြရာဘက်သို့ လှည့်ကြည့်လိုက်ရာ စက်ရုံထောင့်တွင် အထည်လိပ်များ အပုံလိုက် ပုံထားသည်ကို တွေ့လိုက်ရသည်။

ထို့အပြင် လက်တွန်းလှည်း အသေးစားများဖြင့် အထည်များကို လာရောက် သယ်ဆောင်သွားသူများကိုလည်း တွေ့ရ၏။

ကုန်သည်များသည် ချက်ချင်း ထောင့်ချိုးဆီသို့ ပြေးသွားကြရာ အခြားသူများလည်း အသင့်ဖြစ်ပြီးသား အထည်လိပ်များ ပုံထားရာဆီသို့ ပြေးသွားကြသည်။

လူတစ်ဦးက အထည်တစ်လိပ်ကို ကောက်ကိုင်လိုက်ပြီး ဟိုဘက်လှည့် ဒီဘက်လှည့် ကြည့်နေ၏။

သူ၏ ပါးစပ်မှလည်း တကျွတ်ကျွတ်နှင့် ချီးကျူးသံများ ထွက်ပေါ်လာသည်။ “အထည်ကောင်း … အထည်ကောင်း။ သားမွေးက သာမန်ဆိုပေမဲ ယက်ထားတာက တကယ်ကောင်းတယ်။ အပ်ချုပ်ရာတွေက သိပ်သည်းပြီး သပ်ရပ်နေတာပဲ။

အရောင်ကောင်းကောင်းလေး ဆိုးလိုက်မယ်ဆိုရင် ဒီအထည်က တစ်လိပ်ကို ငွေတစ်တေလ်းလောက် ရောင်းလို့ရမယ်။ တကယ်လို့ အမတ်ကြီးဖန် ရောင်းချင်တာက ဒီအထည်မျိုး ဆိုရင်တော့ လုံးဝ ပြဿနာ မရှိဘူး။ ဈေးဘယ်လောက် သွင်းရမလဲ ဆိုတာပဲ မသိတာ။”

တစ်ယောက်က အနောက်သို့ လှည့်ကာ ချည်ငင်နေဆဲဖြစ်သော အမျိုးသမီး အလုပ်သမားများကို ကြည့်၍ ပြောလိုက်၏။ “သိပ်ပြီး ဈေးကြီးမှာတော့ မဟုတ်ဘူး။ ဒီချည်ငင်တဲ့ ထုတ်လုပ်မှု စွမ်းအားက ဒီလောက် ကြောက်စရာကောင်းနေတာ။”

“ဒီလို ပစ္စည်းကောင်းမျိုးကို အမတ်ကြီးဖန်က ဖုံးကွယ်မထားဘူးဆိုတော့ သူက ဒီရက်ကန်းစင်တွေကို ရောင်းဖို့ ဖြစ်နိုင်ခြေ ရှိမလား။”

တစ်ယောက်က ပြုံးလိုက်ပြီး သူ့မျက်နှာထားက အနည်းငယ် လျှို့ဝှက်ဆန်းကြယ်နေ၏။ သူက လူအုပ်ကြားသို့ တိုးဝင်သွားပြီး တမင်တကာ လေးနက်သော ဟန်ဖြင့် ပြောလိုက်သည်။ “မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ခင်ဗျားတို့ထဲက တချို့လူတွေ မသိသေးဘူး ဖြစ်မယ်။ တကယ်တော့ ဒီလို ရက်ကန်းစင်မျိုးက တောင်ပိုင်းမှာ ရှိနေပြီလေ။

ကြားရသလောက်တော့ အမတ်ကြီးဖန်က ကျန်းကျန်းမှာတုန်းက လေလံပစ်ခဲ့တာတဲ့။ အဲဒီဘက်က သူငယ်ချင်း တချို့က သတင်းပို့လာလို့ ကျုပ် သိရတာ။ အဲဒီတုန်းက လေလံပစ်တဲ့ ပျမ်းမျှဈေးက တစ်လုံးကို ငွေတုံး သုံးထောင်လောက် ရှိတယ်တဲ့။”

ဉာဏ်ကောင်းသူ တစ်ဦးက ချက်ချင်း မေးလိုက်၏။ “သုံးထောင်။ ဒါက အရမ်း ဈေးကြီးလွန်းတယ်။ ဒီရက်ကန်းစင် က ရွှေနဲ့ လုပ်ထားတာမှ မဟုတ်တာ။ ဈေးကွက်ထဲမှာ ပေါ်နေပြီဆိုမှတော့ အတုမလုပ်နိုင်တဲ့ လူ မရှိဘူးလား။”

ထိုလူက ခေါင်းခါပြလိုက်သည်။ “ဒီလို ပစ္စည်းကောင်းမျိုးကို အတုလုပ်နိုင်ရင်တောင်မှ အပြင်ကို ဘယ်ရောက်မလဲ။ ဘယ်သူက ဒီလောက် ပေါ်ပေါ်တင်တင် ထုတ်လုပ်ရဲမှာလဲ။”

အားလုံး တိတ်ဆိတ်သွားကြ၏။

ဟုတ်တယ်။ ဒီလို ပစ္စည်းမျိုး ရှိနေရင် ဘယ်သူမဆို လျှို့ဝှက်ထားမှာပဲ။

ဒီပစ္စည်းလေး ရှိရုံနဲ့ ပြီးတော့ အချိန် လုံလုံလောက်လောက် ရမယ်ဆိုရင် ဈေးကွက်မှာ ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။

ပြိုင်ဘက် အကုန်လုံးက ဒီလို ထုတ်လုပ်မှု စွမ်းအားမျိုးရှေ့မှာ အရေးမပါတော့ဘူး။

ဒါဆို… ဖန်ကျန်းရီက ကျုပ်တို့ကို ဘာလို့ ဒီခေါ်လာတာလဲ။ အင်အား ပြတာလား။

All Chapters