အခန်း ၃၉၂
Vol. 22 Ch. 392
အပိုင်း (၃၉၂) မျက်စိပွင့်သွားခြင်း။
ထောင့်ချိုးတွင် စုဝေးနေသော လူအုပ်ကြီးသည် တတွတ်တွတ် ဆွေးနွေးနေကြသော်လည်း အချိန်အတော်ကြာသည်အထိ မည်သည့်အဖြေမှ ထွက်မလာခဲ့ချေ။
ထို့ကြောင့် လူစုခွဲကာ အခြားရက်ကန်းစင်များကို လေ့လာရန် ထွက်လာခဲ့ကြပြီး တည်ဆောက်ပုံများကို ပိုမို မှတ်သားထားရန် ကြိုးစားကြ၏။ သို့မှသာ ပြန်ရောက်သောအခါ ကျွမ်းကျင်သော လက်သမားများကို ရှာဖွေ၍ တိတ်တဆိတ် အတုခိုး ပြုလုပ်နိုင်မည်။
မကြာမီ အများစုမှာ ကြည့်ရှုလေ့လာပြီးစီးသွားသဖြင့် အုပ်စုလိုက် နောက်တစ်ဆင့်သို့ ဆက်လျှောက်သွားကြ၏။
အထည်များ ထုတ်လုပ်ပြီးနောက် ဆက်လက်သွားရမည့် နေရာမှာ အဝတ်ဖြတ်သည့် နေရာ ဖြစ်သည်။
ယခုအခါ အဝတ်ဖြတ်သည့်နေရာတွင် မယုံနိုင်လောက်အောင် ရှည်လျားသော စားပွဲရှည်ကြီးများကို တန်းစီ ချထား၏။
အထည်စများ သယ်ဆောင်လာသော အမျိုးသမီး အလုပ်သမားများသည် စားပွဲရှည်များတစ်လျှောက် အထည်စများကို အသီးသီး ချထားပေးကြသည်။
အထည်စများကို ရရှိသော အမျိုးသမီး အလုပ်သမားများသည် ချက်ချင်း ဖြတ်တောက်ကြ၏။
သို့ပေမည့် သူတို့က အထည်စများကို သတ်မှတ်ထားသော ပုံစံများအတိုင်း ဖြတ်တောက်ရန်သာ တာဝန်ယူပြီးနောက် သပ်ရပ်စွာ စီထားလိုက်ကြကာ ထပ်မံ၍ လှည့်ပင် မကြည့်ကြတော့ချေ။
အထည်စများ အတော်အသင့် မြင့်တက်လာသောအခါ ဖြတ်တောက်ပြီးသော အထည်များကို နောက်တစ်ဆင့်သို့ သယ်ဆောင်သွားမည့် အမျိုးသမီး အလုပ်သမားများ ရောက်ရှိလာပြန်သည်။
ကုန်သည်များသည် စားပွဲရှည်ဘေးတွင် ရပ်ကာ တတွတ်တွတ် စတင် ဆွေးနွေးကြပြန်၏။
“အစ်ကိုလျို .. ဒီလို အခြေအနေမျိုးကို ခင်ဗျား မြင်ဖူးလား။ ဘာလို့ ဖြတ်ပဲ ဖြတ်ပြီး မချုပ်တာလဲ။”
“မမြင်ဖူးဘူး။ ကြည့်ရတာ နောက်တစ်ဆင့်ရောက်မှ ချုပ်မယ့်ပုံပဲ။”
“ဒီလို အဝတ်လုပ်တဲ့ နည်းလမ်းမျိုး ရှိသေးတယ်လို့ မထင်ထားဘူး။ အဲဒီ အမျိုးသမီး အလုပ်သမားတွေ အထည်ဖြတ်တဲ့ အမြန်နှုန်းက အရမ်းမြန်တယ်။ တစ်ရက်ကို အထည်ဘယ်လောက်တောင် ဖြတ်နိုင်မလဲ မသိဘူး။”
ကုန်သည်များသည် အံ့ဩချီးကျူးပြီးနောက် မကြာမီ အထည်များကို သယ်ဆောင်သွားသော အမျိုးသမီး အလုပ်သမားများနောက်သို့ လိုက်ကာ နောက်တစ်ဆင့်သို့ ပြောင်းရွှေ့ ကြည့်ရှုကြသည်။
မကြာမီ အဝတ်ချုပ်သည့် နေရာသို့ ရောက်ရှိသွားကြပြီး စက်ရုံရှိ အမျိုးသမီး အလုပ်သမား အများစုသည် ဤနေရာတွင် အဝတ်အစားများ ချုပ်လုပ်နေကြ၏။
ဤအပိုင်းသည် အမျိုးသမီး အလုပ်သမား အရေအတွက် အများဆုံး နေရာဖြစ်ပြီး အဝတ်ချုပ်သည့် နေရာအတွင်းတွင် စားပွဲ ရာပေါင်းများစွာ ချထားသည်။
အဝတ်ချုပ်သမားများ၏ စားပွဲများသည် အခြားသူများနှင့် မတူဘဲ အလွန် ကျယ်ဝန်းကာ အပေါ်တွင် နေရာများကို ကြိုတင် ပိုင်းခြားရေးဆွဲထား၏။
အထည်စများ သယ်ဆောင်လာသော အမျိုးသမီး အလုပ်သမားများသည် ဖြတ်တောက်ပြီးသော အထည်များကို ခွဲခြားထားသော နေရာများအတိုင်း သေချာစွာ ချထားပေးသည်ကို တွေ့ရသည်။
အဝတ်ချုပ်နေသော အမျိုးသမီး အလုပ်သမားများသည် ခေါင်းပင် မမော့ဘဲ အထည်စများကို ဆွဲယူကာ စတင် ချုပ်လုပ်ကြ၏။
မည်မျှကြာအောင် အချိန်ယူလိုက်သည် မသိ၊ အဝတ်အစား တစ်စုံမှာ အသစ်စက်စက် ထွက်ပေါ်လာသည်။ သို့နှင့် ခြေရင်းရှိ ခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်သည်။
ကုန်သည်များသည် ဤမြင်ကွင်းကို ကြည့်ကာ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်မိကြ၏။
လူတစ်ယောက်က အံ့အားသင့်စွာဖြင့် အော်လိုက်သည်။ “ကျုပ် နားလည်ပြီ။ ဒါက အဝတ်လုပ်တဲ့ အဆင့်တွေကို ခွဲခြားထားတာပဲ။ တစ်ယောက်က အဆင့်တစ်ခုကိုပဲ တာဝန်ယူရတာ။”
“ဒီလိုဆိုရင် သူတို့ အများကြီး ကျွမ်းကျင်သွားနိုင်တာပေါ့။ ဒီလိုနည်းနဲ့ ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတွေက အရည်အသွေးလည်း တည်ငြိမ်သလို ထုတ်လုပ်မှု စွမ်းအားလည်း အရမ်းမြင့်မှာပဲ။”
“ကောင်းလိုက်တာ။ တကယ်ကို ကောင်းလိုက်တာ။”
“လောကမှာ ဒီလို ထုတ်လုပ်တဲ့ နည်းလမ်းမျိုး ရှိသေးတယ်လို့ မထင်ထားဘူး။ ကျုပ်အမြင်တော့ ဒီနည်းလမ်းကို ကျုပ်တို့ အကုန်လုံး သင်ယူလို့ ရတယ်။ ရက်ကန်းစင်ထက်တောင် ပိုအရေးကြီးသေးတယ်။”
အခြား ကုန်သည်များ အားလုံးကလည်း ချီးကျူးကာ ခေါင်းညိတ်ကြ၏။
သို့ပေမည့် ဤကုန်သည်များသည် သေချာစွာ အသေးစိတ် မကြည့်ရှုခဲ့ကြသည်မှာ သိသာသည်။
အဝတ်ချုပ်သည့် အပိုင်းသည် တကယ်တမ်းတွင် ဆိုးရွားသော ချို့ယွင်းချက် တစ်ချို့ ရှိနေ၏။
အဆင့်အားလုံးကို ခြုံကြည့်မည်ဆိုလျှင် အနှေးဆုံးမှာ အဝတ်ချုပ်သည့် အပိုင်းဖြစ်ပြီး ဤအပိုင်းသည် တစ်ခုလုံး၏ ကုန်ထုတ်လုပ်မှုလိုင်းကို အများကြီး နှောင့်နှေးစေသည်။
အပ်ချုပ်စက် မရှိသောကြောင့် လက်ဖြင့်သာ ချုပ်လုပ်ရသဖြင့် ဤနေရာတွင် လူအင်အား အများဆုံး ခွဲဝေ ချထားရခြင်း ဖြစ်၏။
ဖန်ကျန်းရီ အနေဖြင့် အပ်ချုပ်စက် ကဲ့သို့သော အထောက်အကူပြု စက်ကိရိယာများ ပြုလုပ်ရန် လူရှာဖို့ သေချာပေါက် စဉ်းစားခဲ့ဖူးသည်။
သို့သော်ငြား ဝမ်းနည်းစရာ ကောင်းသည်မှာ သူသည် ခြေနင်း အပ်ချုပ်စက်ကို မြင်ဖူးသော်လည်း ၎င်း၏ လုပ်ဆောင်ပုံ သဘောတရားကိုတော့ တစ်စက်ကလေးမှ နားမလည်ခဲ့ချေ။
တောက်ယွမ်ခရိုင်မှ ဆရာကြီးချီကို စမ်းသပ် ပြုလုပ်ခိုင်းကြည့်ခဲ့သည်။
ဆရာကြီးချီသည်လည်း ပုံစံငယ်အချို့ကို ဆက်တိုက် ပြုလုပ်နိုင်ခဲ့သော်လည်း လက်တွေ့ စမ်းသပ်သည့်အခါ ပြဿနာများ ပေါ်လာခဲ့၏။
ရက်ကန်းစင်များသည် တည်ဆောက်ပုံ ရှုပ်ထွေးသော်လည်း ခြေရာခံနိုင်သော အခြေခံရှိသည့်အတွက် အသစ်အဆန်းများ တီထွင်နိုင်ခြင်း ဖြစ်သည်။
သို့ပေမည့် အပ်ချုပ်စက်သည် တည်ဆောက်ပုံ ပိုမို ရှုပ်ထွေးပြီး ယခင်ကလည်း ပုံစံမရှိခဲ့ဖူးသဖြင့် ဖန်ကျန်းရီသည် ဤဘက်ပိုင်းတွင် စူးစမ်းရှာဖွေမှုကို ယာယီ ရပ်ဆိုင်းထားခဲ့ရ၏။
ထို့ကြောင့် ယခုအခါ အမျိုးသမီး အလုပ်သမားများ၏ အဝတ်ချုပ်သည့် အမြန်နှုန်းမှာ လျင်မြန်ပုံရပြီး ချည်ငင်သည့် အပိုင်းနှင့် အဝတ်ဖြတ်သည့် အပိုင်းတို့၏ အရှိန်အဟုန်နှင့် လိုက်ဖက်နိုင်ပုံရသည်။ သို့သော်ငြား တကယ်တမ်း လက်တွေ့တွင်တော့ အဝတ်ချုပ်သည့် အရည်အသွေးမှာ အနည်းငယ် ညံ့ဖျင်းနေသည်။
အမြန်လိုချင်သောကြောင့် အပ်ချုပ်ရာများမှာ မလှပသလို ခိုင်ခံ့မှုလည်း မရှိချေ။
သို့ပေမည့် အသင့်ဝတ် အဝတ်အထည်များသည် ကိုယ်ပေါ်တွင် ဝတ်ဆင်ရန် လုံလောက်သော်လည်း ချုပ်ရိုးများ ပြတ်ထွက်ရန် လွယ်ကူသည်။
အမျိုးသမီး အလုပ်သမားတစ်ချို့က တင်ပြခဲ့ဖူးပြီး ဖန်ကျန်းရီ ကိုယ်တိုင်လည်း ဤပြဿနာကို သေချာစွာ စဉ်းစားခဲ့ဖူးသော်လည်း ဈေးကွက်သို့ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် လက်ရှိ အခြေအနေ အတိုင်းသာ ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့၏။
ထို့ကြောင့် ဖန်ကျန်းရီသည် ဖြတ်တောက်ပြီးသော အထည်များကို တိုက်ရိုက်ရောင်းချပြီး လူများကို အိမ်ပြန်ကာ ကိုယ်တိုင် ချုပ်လုပ်ခိုင်းရန်ပင် စဉ်းစားခဲ့ဖူးသည်။
သို့ပေမည့် သေချာ ပြန်စဉ်းစားကြည့်သည့်အခါ ထိုသို့ဆိုလျှင် လူတွေက အသင့်ဖြစ်ပြီးသား အထည်တွေကို ဝယ်ပြီး အိမ်ပြန် ကိုယ်တိုင် ဖြတ်ကာ ချုပ်ပေလိမ့်မည်။
အဝတ်ချုပ်ရာ ညံ့ဖျင်းခြင်းသည် တကယ်တော့ ပြဿနာ အသေးအမွှားလေး တစ်ခုသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အထည်စ၏ အရည်အသွေးကတော့ အာမခံနိုင်သောကြောင့် ဖြစ်၏။
အပ်ချုပ်သည့် ကိစ္စနှင့် ပတ်သက်၍တော့ ဤခေတ်တွင် အိမ်တိုင်းရှိ အမျိုးသမီးတိုင်းနီးပါး အပ်ချုပ် တတ်ကြသည်။ ချုပ်ထားသော ချုပ်ရိုးများ ပြတ်ထွက်သွားလျှင် ကိုယ်တိုင် ပြန်လည် ချုပ်လုပ်နိုင်သည်။
ဆောင်းရာသီတွင် အဝတ်မဝတ်နိုင်သည်ထက်စာလျှင် ဤသို့ဖြစ်ခြင်းက ပိုကောင်းပေသေးသည်။
ကုန်သည်များ လည်ပတ်ကြည့်ရှုပြီးနောက် ချည်မျှင်နှင့် အထည်စက်ရုံ အတွင်းမှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြ၏။
အပြင်ဘက်တွင် မြေကွက်လပ် တစ်ခုရှိပြီး ကုလားထိုင် ဆယ်ခုကျော်ကို ကြိုတင် ခင်းကျင်းထားကာ ဖန်ကျန်းရီသည် အရှေ့ဆုံးတွင် ရပ်လျက် လက်ဖြင့် နေရောင်ကို ကွယ်ကာ ချည်မျှင်နှင့် အထည်စက်ရုံ အတွင်းဘက်သို့ ကြည့်နေသည်။
ကုန်သည်များသည် ဖန်ကျန်းရီ၏ အနားသို့ တစ်ယောက်ပြီး တစ်ယောက် စုဝေးလာကြ၏။
သို့ပေမည့် မည်သူမှ မထိုင်ကြသေးဘဲ တစ်ချို့က ဖန်ကျန်းရီအား မျှော်လင့်ချက် မျက်လုံးများဖြင့် ကြည့်နေကြသည်။
တစ်ချို့ကတော့ နှစ်ယောက် တစ်စု တွဲကာ တိုးတိုးလေး တိုင်ပင်နေကြ၏။
တစ်ချို့ကတော့ ခေါင်းငုံ့ကာ စဉ်းစားနေကြသည်။
လူစုံသွားသည်ကို မြင်လိုက်ရသည့်အခါ ဖန်ကျန်းရီသည် လက်ကို ချလိုက်ပြီး စကားစလိုက်၏။ “အားလုံးပဲ။ အားလုံး လည်ပတ်ကြည့်ရှုလို့ ပြီးလောက်ပြီနော်။ ဘယ်လိုနေလဲ။”
“လာရကျိုး နပ်ပါတယ်။ လာရကျိုး နပ်ပါတယ်။”
“အမတ်ကြီးဖန် ကျေးဇူးပါ။”
“အမတ်ကြီးဖန်က ဖြောင့်မတ်လိုက်တာ။”
ဖန်ကျန်းရီက ပြုံးကာ လက်ဖြင့် ဖိချပြလိုက်၏။ “အားလုံး ထိုင်ကြပါ။ အားလုံး ပင်ပန်းနေလောက်ပြီ။ ထိုင်ပြီးမှ စကားပြောကြတာပေါ့။”
ကုန်သည်များသည် အလွန် စကားနားထောင်ကြပြီး အသီးသီး ဝင်ထိုင်ကြသည်။
ဤမျှ ကြာမြင့်စွာ လမ်းလျှောက်ခဲ့ကြရပြီး ဤမျှထိ စိတ်လှုပ်ရှားခဲ့ကြရသည်ဖြစ်ရာ ဤအချိန်ရောက်ရှိလာသောအခါ၌ အနည်းငယ်တော့ ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။
ဆက်လက်၍ကား အရေးပါလှသော အပိုင်းသို့ ဆိုက်ရောက်လာတော့မည်။ အမတ်ကြီးဖန်၌ မည်သို့သော အကြံအစည်များ ရှိနေသည်ကို မည်သူမှ မခန့်မှန်းနိုင်ချေ။
ယနေ့တွင် သူသည် ရက်ကန်းစင်များကို မရောင်းချခဲ့လျှင်တောင်မှ များစွာ အကျိုးအမြတ် ထွက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဤအသစ်စက်စက်ဖြစ်သော လုပ်ငန်းတာဝန် ခွဲဝေမှု နည်းစနစ်ကို မြင်တွေ့ရရုံမျှဖြင့်ပင် အားလုံး၏ အမြင်အာရုံများ ပွင့်လင်းသွားခဲ့ရ၏။
မိမိတို့ နေရပ်သို့ ပြန်လည်ရောက်ရှိ၍ အတုယူ ကျင့်သုံးလိုက်သည်နှင့် တစ်ပြိုင်နက် ကုန်ထုတ်လုပ်မှု စွမ်းအားကို ချက်ချင်း မြှင့်တင်နိုင်မည်ဖြစ်ပြီး ကုန်ကျစရိတ်ကိုလည်း လျှော့ချနိုင်မည်။
ဤအရာသည် ကောင်းကင်ဘုံမှ အလိုလို ကျရောက်လာသော လာဘ်ကြီးတစ်ရပ်နှင့် အလားသဏ္ဌာန် တူလှသည်။
အားလုံးက ဖန်ကျန်းရီအား စိတ်လှုပ်ရှား တက်ကြွနေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည်မှာ ငွေတုံးငွေခဲကြီး တစ်ခုအား ငေးမောကြည့်ရှုနေကြသည့်အလားပင်။
ဖန်ကျန်းရီက အားလုံးကို ပြုံးရွှင်စွာ ကြည့်နေပြီး စကားမပြောသေးချေ။
ကြည့်ရတာ အားလုံးရဲ့ တက်ကြွမှုတွေ နိုးကြားလာပြီထင်တယ်။ အရမ်း ကောင်းတယ်။
နောက်ဆုံးတော့ ကုန်သည်တစ်ဦးက စူးစမ်းချင်စိတ်ကို မအောင့်နိုင်ဘဲ စကားစပြောလာ၏။ “အမတ်ကြီးဖန် .. ဒီနေ့ ခင်ဗျား ကျုပ်တို့ကို မျက်စိပွင့်သွားအောင် လုပ်ပေးလိုက်တာပဲ။ ကျုပ် အထည်ဆိုင် ဖွင့်လာတာ တစ်သက်တာ ရှိပြီ။ ဒီလို ရက်ကန်းစင်မျိုးနဲ့ ထုတ်လုပ်တဲ့ နည်းလမ်းမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါကြောင့် ကျုပ် ရဲရဲဝံ့ဝံ့လေး မေးပါရစေ… ဒီ… ရက်ကန်းစင်တွေကို ရောင်းမှာလား။”
ဖန်ကျန်းရီ ပြုံးလိုက်ပြီး ကုန်သည်များရှေ့တွင် ဟိုဘက်ဒီဘက် လမ်းလျှောက်နေလိုက်၏။ ခေါင်းငုံ့ကာ နှာခေါင်းကို မကြာခဏ ကုတ်နေပြီး အလွန်အမင်း စိတ်ရှုပ်ထွေးနေသည့် ပုံစံမျိုး လုပ်နေသည်။
ကုန်သည်များလည်း ရင်တထိတ်ထိတ် ဖြစ်နေကြ၏။
ဖန်ကျန်းရီက မေးခွန်းကို တိုက်ရိုက် မဖြေဘဲ ပြန်မေးလိုက်သည်။ “တကယ်လို့ ပန်းရှန်း ချည်မျှင်နဲ့ အထည်စက်ရုံက အထည်စတွေနဲ့ အသင့်ဝတ် အဝတ်အထည်တွေ ဈေးကွက်ထဲ ဝင်လာမယ်ဆိုရင် မြို့တော်မှာ ပြိုင်ဘက် ရှိအုံးမယ်လို့ ထင်လား။”
ထိုစကား ထွက်လာသည်နှင့် နေရာရှိ ကုန်သည် အများအပြား ချွေးပြန်သွားကြ၏။
ဖန်ကျန်းရီ၏ ဤစကားက အားလုံးကို ခြိမ်းခြောက်နေသည်နှင့်တူသည်။
အဝတ်အထည်နှင့် အထည်စများ၏ ကုန်ကျစရိတ်သည် ယေဘုယျအားဖြင့် ကုန်ကြမ်း၊ လုပ်အားခနှင့် သိုလှောင်မှု၊ သယ်ယူပို့ဆောင်မှု စသည့် အဆင့်များဖြင့် ဖွဲ့စည်းထား၏။
ကုန်ကြမ်းကိစ္စအတွက်မူ အထူးတလည် ဆိုဖွယ်ရာ မရှိတော့ချေ။ အရေအတွက် များပြားလေလေ ကုန်ကျစရိတ် သက်သာလေလေပင်။
သာမန် အထည်အလိပ် ကုန်သည်အချင်းချင်း အကြား၌ ကုန်ကြမ်းရယူရသော ဈေးနှုန်းမှာလည်း ကြီးမားစွာ ကွာခြားမှု မရှိလှပေ။
သို့ဖြစ်ရာ ကုန်ကြမ်း ကုန်ကျစရိတ် ကွာခြားချက်ကို ဖယ်ထုတ်လိုက်ပါက အကြီးမားဆုံးသော ကွာခြားချက်မှာ လုပ်အားခပင် ဖြစ်ပေတော့သည်။
ယခုအခါ ပန်းရှန်း ချည်မျှင်နှင့် အထည်စက်ရုံ၏ ဤမျှတိုင် ကြောက်မက်ဖွယ် ကောင်း ကုန်ထုတ်လုပ်မှု စွမ်းအားကြီးဖြင့်ဆိုပါက လူတစ်ဦးတည်းက လူဆယ်ဦးစာမျှ လုပ်ကိုင်နိုင်စွမ်းရှိနေရာ ၎င်းတို့အား မည်သူက ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတော့မည်နည်း။