အခန်း ၃၉၃
Vol. 22 Ch. 393
အပိုင်း (၃၉၃) လူဆိုတာ ရည်မှန်းချက် ရှိရမယ်။
အချင်းချင်း ကြည့်လိုက်ကြပြီးနောက် မကြာမီ ဖန်ကျန်းရီအား ချွေးပြန်နေသော မျက်နှာများဖြင့် ကြည့်လိုက်ကြ၏။
ဖန်ကျန်းရီက ဖွဖွလေး ပြုံးလိုက်သည်။ “အားလုံးရဲ့ စိတ်ထဲမှာ အဖြေရှိလောက်ပြီလို့ ထင်ပါတယ်။ ချည်မျှင်နဲ့ အထည်စက်ရုံက ဈေးကွက်ထဲကို စရောင်းပြီဆိုတာနဲ့ လူတော်တော်များများအတွက်တော့ သေလောက်တဲ့ ထိုးနှက်ချက် ဖြစ်လာမှာပါ။
ငါးနှစ်တောင် မကြာပါဘူး။ ကျုပ်ထင်တာတော့ ဒီမှာရှိတဲ့ လူတစ်ဝက်ကျော်က ဒီနေရာမှာ ဆက်ရှိနေဖို့တောင် အရည်အချင်း မပြည့်မီတော့ဘူး။”
အသေးစား အထည်ဆိုင်ပိုင်ရှင်များမှာ စိုးရိမ်ပူပန်မှုမှသည် အကြောက်တရားသို့ ပြောင်းလဲသွားကြပြီ ဖြစ်၏။
သူတို့သည် အထည်ဆိုင်ကြီးများကဲ့သို့ အထက်တန်းလွှာများကို အမှီပြုပြီး ပိုးထည်ကဲ့သို့သော ပစ္စည်းများကို အမြောက်အမြား ရောင်းချနိုင်သူများ မဟုတ်ကြချေ။ သူတို့ သွားသည့်လမ်းကြောင်းမှာ အမြတ်နည်းနည်းနှင့် အများကြီး ရောင်းရသည့် လမ်းကြောင်းဖြစ်ပြီး ချည်မျှင်နှင့် အထည်စက်ရုံက တိုက်ရိုက် ထိုးနှက်လိုက်သည်မှာ သူတို့လို လူမျိုးများကို ဖြစ်သည်။
ငါးနှစ်ဆိုတာ အရမ်း များသေးတယ်။ နှစ်နှစ်။ အလွန်ဆုံး နှစ်နှစ်ဆိုရင် သွားပြီပဲ။
သူတို့အားလုံး အကြောက်လွန်နေသည်ကို မြင်တော့ ဖန်ကျန်းရီက လက်ကို ယမ်းပြကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ဒါပေမဲ့… အားလုံး အရမ်းကြီး စိတ်ပူစရာ မလိုပါဘူး။
ဒီချည်မျှင်နဲ့ အထည်စက်ရုံကို ကျုပ် ကိုယ်တိုင် စီမံခန့်ခွဲနေတာ မဟုတ်ပါဘူး။ ကျုပ်တို့တိုင်းပြည်ရဲ့ ပဉ္စမ မင်းသမီး ကိုယ်တိုင် စီမံခန့်ခွဲနေတာပါ။
မင်းသမီးက သဘောထား ပြည့်ဝပြီး တခြား ကုန်သည်တွေ အကျိုးပျက်စီးမှာကို မလိုလားပါဘူး။ ဒါကြောင့် ချည်မျှင်နဲ့ အထည်စက်ရုံက အခုထိ ပစ္စည်းတွေကို ဂိုဒေါင်ထဲမှာပဲ ပုံထားပြီး တစ်စတောင် မထုတ်ရသေးပါဘူး။
ပြီးတော့ ဒီချည်မျှင်နဲ့ အထည်စက်ရုံ တည်ထောင်ခဲ့တာကလည်း ပိုက်ဆံရှာဖို့ မဟုတ်ပါဘူး။ မြို့တော်က ပြည်သူတွေ ဆောင်းရာသီမှာ နွေးနွေးထွေးထွေး နေနိုင်ဖို့အတွက်ပါ။
“မင်းသမီးက ဒီလောက် မေတ္တာတရား ကြီးမားပေမယ့် ကျုပ်ကတော့ ပြည်သူတွေကြားထဲမှာ မဟုတ်မမှန် သတင်းတွေ ကြားနေရတုန်းပါပဲ။ အားလုံး ပြန်ရောက်ရင် မင်းသမီးရဲ့ ကောင်းမှုကုသိုလ်တွေကို များများ ပြန့်ပွားအောင် လုပ်ပေးကြဖို့ မျှော်လင့်ပါတယ်။ အားလုံး နားလည်တယ် မဟုတ်လား။”
သေချာ ဖြန့်ဝေပေးကြ။
ငါက သူ့သမီးလေးအတွက် နာမည်ကောင်းရအောင် လုပ်ပေးနေတယ်ဆိုတာကို ယောက္ခမ ဧကရာဇ်ကြီး နောက်ဆုံးတော့ သိသွားရမယ်… ဟင်းဟင်း။
စတော်ဘယ်ရီ ရနံ့လေးနှင့်မင်းသမီးကို တွေးမိတော့ ဖန်ကျန်းရီသည် ရမ္မက်ကြီးစွာ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိ၏။
ယနေ့ညလည်း နန်းတော်ထဲဝင်ပြီး အစီရင်ခံရဦးမည်။
မင်းသမီး ကိုယ်တိုင် ချည်မျှင်နှင့် အထည်စက်ရုံကို စီမံခန့်ခွဲနေသည်ဆိုသော ကိစ္စမှာ ပြည်သူများကြားတွင် ကြိုတင် ပြန့်နှံ့နေခဲ့ပြီး အတော်လေး ဆူညံနေပြီ ဖြစ်သည်။
ဝန်ကြီးဌာန ခြောက်ခုကလည်း နေ့စဉ်သတင်းစာတွင် ဤကိစ္စနှင့် ပတ်သက်၍ ဆောင်းပါး ရေးသားဖော်ပြခဲ့ဖူးပြီး တိုက်ရိုက် မပြောသော်လည်း သွယ်ဝိုက်သော နည်းဖြင့်တော့ ငြင်းဆိုခဲ့ကြ၏။
အိမ်ရှေ့စံ တစ်ပါးလုံး တစ်နေကုန် အပြင်ထွက်ပြီး ရိုင်းစိုင်းနေသည်ကိုတောင် အရှင်မင်းကြီးက ဘာမှမပြောတော့သည့်အပြင် မင်းသမီးကိုပင် ဈေးထွက်ရောင်းခိုင်းနေပြီလား။
ပန်းရှန်း နေ့စဉ်သတင်းစာက ဤကိစ္စနှင့် ပတ်သက်ပြီး ဘာမှ မပြောခဲ့ပေ။
နန်းတော်ထဲမှ လူတွေက ဤကိစ္စကို နည်းနည်း အမြင်မကြည်ပေမဲ့ ကြီးကျယ်သော ကိစ္စတစ်ခုဟုတော့ မထင်ကြပေ။
မင်းသမီးက နန်းတော်ထဲမှာပဲ အမြဲ ရှိနေတာလေ။ ဘာစီးပွားရေး လုပ်ရမှာလဲ။
ကောလာဟလတွေ … အကုန်လုံး ကောလာဟလတွေချည်းပဲ။
တိုင်းသူပြည်သားတို့အကြား၌ ကောလာဟလဟူသည်မှာ ယခင်ကတည်းကပင် ပေါများစမြဲ ဖြစ်သည်။ တော်ဝင်မိသားစု အနေဖြင့် ကိစ္စရပ်တိုင်းအပေါ် ဤသို့ လိုက်လံ၍ အလေးအနက်ထား ဂရုပြုနေရမည် ဆိုလျှင် ရှေ့ဆက်၍ အဘယ်သို့ ရပ်တည်နေထိုင်ပါတော့မည်နည်း။
ထို့ကြောင့် ဤကိစ္စမှာ တစ်ခဏတာ ငြိမ်ကျသွားခဲ့ပြီး ဖန်ကျန်းရီဘက်တွင်လည်း မည်သည့် ဖိအားမှ မရှိခဲ့ချေ။
တိုင်းသူပြည်သားတို့အကြား၌ တစ်ခါတစ်ရံ ပြောဆိုသံများ ရှိနေခဲ့သော်ငြားလည်း ယနေ့တွင် အမတ်ကြီးဖန်ထံမှ အတည်ပြုချက် ရရှိသွားခဲ့၏။
ဤချည်မျှင်နှင့် အထည်စက်ရုံကြီးမှာ အမှန်တကယ်ပင် မင်းသမီးကိုယ်တိုင် ဖွင့်လှစ်ထားခြင်း ဖြစ်ပေတော့သည်။
ကုန်သည်များ အားလုံး ချက်ချင်း မတ်တတ်ရပ်ကာ တညီတညွတ်တည်း အရိုအသေပေးလိုက်ကြ၏။
“အမတ်ကြီးဖန်… ဒီကိစ္စကို ကျုပ်တို့ တာဝန်ထားလိုက်ပါ။ မင်းသမီးက ဒီလောက်အထိ မေတ္တာတရား ကြီးမားပြီး ပြည်သူကို ချစ်တဲ့စိတ် ရှိတာကို ကျုပ်တို့ တကယ် လေးစားမိပါတယ်။”
ဖန်ကျန်းရီက ပြုံးကာ ပြောလိုက်သည်။ “ကောင်းပြီ။ ကောင်းပြီ။ အားလုံး သိရင် ပြီးတာပါပဲ။ ဆက်ပြီးတော့ ကျုပ်တို့ အရေးကြီးတဲ့ ကိစ္စလေးတွေ ပြောရအောင်။
မင်းသမီးက အားလုံး အရှုံးပေါ်မှာကို မကြည့်ရက်တော့ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် နည်းလမ်းကို ရှာရတော့မှာပေါ့။
ဒါပေမဲ့ ကျုပ် စဉ်းစားကြည့်တာ… သိပ်ကောင်းတဲ့ နည်းလမ်းတော့ မရှိဘူး။ ဒါနဲ့ပဲ အားလုံးရဲ့ လက်ထဲမှာ ရှိတဲ့ အထည်တွေကို အကုန် ဝယ်လိုက်ရင် ပိုကောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမဲ့ ဒီပိုက်ဆံက ပန်းရှန်းရပ်ကွက်ရဲ့ ပိုက်ဆံကို သုံးမှာပါ။ ဆိုလိုတာက အိမ်ရှေ့စံနဲ့ ကျုပ်ရဲ့ ပိုက်ဆံပေါ့။ အားလုံးပေါင်း ငွေတုံး ခြောက်သောင်းလောက် ရှိမယ်။
ခင်ဗျားတို့ နောက်မှ ဘယ်ဆိုင်က ဘယ်လောက် ရောင်းမလဲ၊ ဘယ်ဈေးနဲ့ ရောင်းမလဲ ဆိုတာ တိုင်ပင်လိုက်ကြပါ။”
ကုန်သည်များ၏ မျက်နှာပေါ်တွင် အံ့ဩသွားသော အမူအရာများ ပေါ်လာခဲ့၏။
သတင်းကောင်း။ ဒါ သတင်းကောင်းပဲ။
အကယ်၍ ချည်မျှင်နှင့် အထည်စက်ရုံက အမှန်တကယ် ကုန်ပစ္စည်းများ ရောင်းချရန် ပြင်ဆင်နေသည် ဆိုပါက အနည်းဆုံးအားဖြင့် ဤဆောင်းရာသီ၌ သူတို့ လက်ဝယ်ရှိ ကုန်ပစ္စည်းဟောင်းများကို ထုတ်ယူရောင်းချနိုင်မည်။ အရာရှိမင်းများ၌လည်း ဤမျှတိုင် သဘောထား ပြည့်ဝကောင်းမွန်သည့် အချိန်အခါမျိုး ရှိနေပါသေးလား။ အမှန်တကယ်ပင် ထူးဆန်းအံ့ဩဖွယ် ကောင်းလှချေသည်။
“တကယ်လို့ ခင်ဗျားတို့က ဝယ်မယ့်ဈေး အရမ်းနိမ့်တယ်လို့ ထင်ရင်လည်း မရောင်းဘဲ နေလို့ရပါတယ်။ ကျုပ်က အတင်းအကျပ် မလုပ်ပါဘူး။
ဒါပေမဲ့ ဝယ်ထားပြီးသား အထည်တွေ၊ အဝတ်အထည်တွေနဲ့ ချည်မျှင်နဲ့ အထည်စက်ရုံက ထုတ်တဲ့ အထည်တွေ၊ အဝတ်အထည်တွေကိုတော့ ဈေးကွက်ထဲမှာ ဈေးလျှော့ရောင်းမှာပါ။ အားလုံး ကိုယ့်ဘာသာ စဉ်းစားကြပါ။”
ကုန်သည်များသည် ထပ်မံ၍ အချင်းချင်း တိုးတိုးလေး ဆွေးနွေးလာကြပြန်၏။
“ဟူး… အမတ်ကြီးဖန်ရဲ့ ပုံစံကို ကြည့်ရတာ တစ်မြို့လုံးက ပြည်သူတွေ ဆောင်းရာသီမှာ အဝတ်သစ် ဝတ်နိုင်အောင် တကယ်ပဲ လုပ်ပေးချင်နေပုံရတယ်။”
“ဒါက သတင်းကောင်းပဲ။ ချည်မျှင်နဲ့ အထည်စက်ရုံရဲ့ အားသာချက်က ဒီလောက်ကြီးနေတာ ယှဉ်ပြိုင်ဖို့ထက် သူ့ကို တိုက်ရိုက် ရောင်းလိုက်တာက ပိုကောင်းတယ်။ ပြဿနာလည်း အများကြီး ကင်းသွားတာပေါ့။”
လူတစ်ယောက်က ခနဲ့တဲ့တဲ့ ပြုံးကာ ပြောလိုက်သည်။ “ခင်ဗျားတို့ ရူးနေလား။ ချည်မျှင်နဲ့ အထည်စက်ရုံရဲ့ ထုတ်လုပ်မှု စွမ်းအားက ဘယ်လောက်ပဲ မြင့်မြင့် ဒီဆောင်းရာသီမှာ မြို့တော် တစ်မြို့လုံးအတွက် လုံလောက်တဲ့ အထည်တွေ မထုတ်လုပ်နိုင်ပါဘူး။”
“အစိုးရက ကျုပ်တို့ရဲ့ ပစ္စည်းတွေကို ဝယ်ပြီး တစ်မြို့လုံးမှာ ဖြန့်ရောင်းတဲ့ အခါကျရင် ကျုပ်တို့အတွက် နေရာ ဘယ်ရှိတော့မလဲ။ အဲဒီအခါကျရင် သူတို့ လုပ်သမျှ ခံရတော့မှာပေါ့။”
“ဒါပေမဲ့ ဒီလို ထုတ်လုပ်မှု စွမ်းအားမျိုးနဲ့ ဆိုရင် တစ်မြို့လုံးကို ဖြန့်ချိဖို့က အနှေးနဲ့အမြန်ပဲလေ။ ခြောက်လ စောတာနဲ့ ခြောက်လ နောက်ကျတာက ကျုပ်တို့အတွက် ဘာများ ကွာခြားသွားလို့လဲ။” လူတစ်ယောက်က ပြန်လည် ချေပလိုက်သည်။
“သေချာပေါက် ကွာတာပေါ့။ ဒီစက်ရုံက ထုတ်လုပ်တာတွေ အကုန်လုံးက ဆေးမဆိုးရသေးတဲ့ အထည်ကြမ်းတွေချည်းပဲ ဆိုတာ ခင်ဗျား သတိမထားမိဘူးလား။ ကျုပ်တို့က ကိုယ်ပိုင် ဆေးဆိုးလုပ်ငန်းတွေကို သုံးတာလေ။ ရက်ကန်းရက်တာ ကောင်းတိုင်း ဆေးဆိုးတာ ကောင်းမယ်လို့ မဆိုလိုဘူး။ ဆေးဆိုးတာ မကောင်းရင် ဘယ်လိုလုပ် ရောင်းကောင်းမှာလဲ။ ကျုပ်တို့ အမီလိုက်နိုင်ဖို့ အချိန်မရှိဘူးလို့ မဆိုနိုင်ဘူး။”
တိုးတိုးလေး ဆွေးနွေးနေသံများသည် အနည်းနှင့်အများတော့ ထွက်ပေါ်လာခဲ့၏။
ဖန်ကျန်းရီသည် စကားအချို့ကို ကြားလိုက်ရသဖြင့် ခါးသီးစွာ ပြုံးကာ ခေါင်းခါလိုက်သည်။
ကောင်းမှု လုပ်ရတာလည်း မလွယ်ဘူး။
“အားလုံးပဲ… တကယ်လို့ အားလုံးက မရောင်းချင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ကျုပ်တို့ နည်းလမ်း ပြောင်းကြတာပေါ့။”
“ခင်ဗျားတို့က ပန်းရှန်းရပ်ကွက်ကို အရင်းဈေး စာရင်းစာအုပ် ပြပါ။ ပြီးရင် ပြည်သူတွေကို အရင်းဈေးနဲ့ အထည်တွေ၊ အဝတ်အထည်တွေ ရောင်းပေးပါ။ ဘယ်လောက် ရောင်းရလဲဆိုတဲ့ အပေါ် မူတည်ပြီး ရပ်ကွက်ကနေ ငါးရာခိုင်နှုန်း ထောက်ပံ့ကြေး ပေးမယ်။ သေချာတာကတော့ တကယ်လို့ လိမ်လည်ပြီး စာရင်းလုပ်တဲ့သူ ရှိရင်တော့ တိုင်းပြည်ရဲ့ ဥပဒေအတိုင်း အရေးယူခံရမယ်။”
(ဝယ်ယူထားသော ဈေးအတိုင်း ပြည်သူတွေကို ရောင်းချပေးရမယ်။ ပစ္စည်းရဲ့ အမြတ်အတွက် ပန်းရှန်းရပ်ကွက်က ကုန်သည်တွေကို ၅ ရာခိုင်နှုန်းထောက်ပံ့မယ်။ ဝယ်ယူထားသော စာရင်းစာရွက်ကို ရပ်ကွက် အုပ်ချုပ်ရေးမှုးထံ တင်ပြရန် လိုအပ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ - ဘာသာပြန်သူ)
“နောက်တစ်ခု။ ဒီနေ့ အားလုံး မြင်တွေ့ခဲ့ရတဲ့ ရက်ကန်းစင်တွေကို အကုန်လုံးကို ရောင်းပေးမယ်။”
ချက်ချင်းပင် ကုန်သည်များကြားတွင် ဆူညံသွားတော့၏။
“အမတ်ကြီးဖန် ပြောတာ တကယ်လား။”
“တကယ်ပေါ့။ ကျုပ် ဘယ်တော့မှ အလကား စကား မပြောဘူး။”
ဖန်ကျန်းရီ သက်ပြင်းချလိုက်သည်။ “လူကို ငါးပေးတာထက် ငါးဖမ်းနည်း သင်ပေးတာက ပိုကောင်းတယ်ဆိုတဲ့ စကား ရှိတယ်လေ။ အားလုံးရဲ့ စိတ်ထဲမှာ ဘာတွေ စိုးရိမ်နေလဲ ဆိုတာ ကျုပ် သိပါတယ်။ ချည်မျှင်နဲ့ အထည်စက်ရုံက ဈေးကွက်ကို ဝင်လုပြီး ခင်ဗျားတို့ရဲ့ ထမင်းအိုးကို ခွဲမှာကို ကြောက်နေကြတာ မဟုတ်လား။
ဒါပေမဲ့ ကျုပ် အားလုံးကို အာမခံနိုင်ပါတယ်။ ပန်းရှန်း ချည်မျှင်နဲ့ အထည်စက်ရုံက လောလောဆယ် ထုတ်လုပ်မှုကိုပဲ တာဝန်ယူပြီး ရောင်းချမှုကို တာဝန်မယူဘူး။
တကယ်လို့ အားလုံးရဲ့ ဆိုင်တွေမှာ ချည်မျှင်နဲ့ အထည်စက်ရုံရဲ့ အထည်တွေကို ရောင်းပေးချင်တယ်ဆိုရင် ချည်မျှင်နဲ့ အထည်စက်ရုံရဲ့ ရက်ကန်းစင်တွေကို ဝယ်ယူခွင့် ရလိမ့်မယ်။
သေချာတာကတော့ စက်ရုံက အထည်တွေနဲ့ အဝတ်အထည်တွေရဲ့ ဈေးနှုန်း သတ်မှတ်ချက်က ကျုပ်ရဲ့ စည်းကမ်းအတိုင်း လုပ်ရမယ်။ ဒါဆိုရင်… ပြဿနာ ရှိသေးလား။”
ပြဿနာလား။ သေချာပေါက် မရှိဘူး။
ခင်ဗျား ဘယ်လို ရောင်းချင်တယ် ဆိုတာကိုပြော .. ကျုပ်ဆိုင်မှာ ခင်ဗျား သဘောအတိုင်း ရောင်းလို့ ရတယ်။ ကျုပ် လိုချင်တာက ရက်ကန်းစင်ပဲ။
ရက်ကန်းစင် ရသွားရင် ခင်ဗျားကို ဘယ်သူက ဂရုစိုက်တော့မှာလဲ။
ကုန်သည်တစ်ဦးက စိတ်ထဲတွင် သံသယဖြစ်နေသဖြင့် ချက်ချင်း မတ်တတ်ရပ်ကာ မေးလိုက်၏။ “အမတ်ကြီးဖန် … ကျုပ် ဒီအဓိပ္ပာယ်ကို နားမလည်ဘူး။ ကျုပ်ရဲ့ အတွေးတိမ်မှုကို ခွင့်လွှတ်ပါ။ ချည်မျှင်နဲ့ အထည်စက်ရုံက တကယ်ပဲ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးကို ဆောင်ရွက်ပေးချင်တာလား။ တကယ်လို့သာ ချည်မျှင်နဲ့ အထည်စက်ရုံက ကိုယ်တိုင် ပစ္စည်းတွေ ရောင်းမယ်ဆိုရင် ဈေးကွက်ထဲမှာ ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး ဆိုတာ သိသိကြီးနဲ့လေ။”
ဖန်ကျန်းရီ ဖွဖွလေး ပြုံးကာ လက်နှစ်ဖက်ကို နောက်ပစ်လိုက်သည်။
ကိုယ်ကျိုးစွန့်လွှတ်ကာ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခြင်းလား။ မဟုတ်ပေ။ ယခုအခါတွင် သူ၏လက်ဝယ်၌ လုံလောက်သော ငွေကြေးဓနများ ရှိနေခဲ့ပြီ ဖြစ်သည်။ ခရိုင်အတွင်းရှိ သုတေသနဌာန အသီးသီးအတွက် ရန်ပုံငွေများစွာ သုံးစွဲနေရသည် ဆိုသော်ငြားလည်း... ပြည်သူ့အကျိုးပြု ကိစ္စရပ်များ၌ အခြားသူများနှင့် အကျိုးအမြတ် လုယက်နေရန် မလိုအပ်တော့ချေ။
ယခင်က ကျန်းကျန်းမြို့၌ ရက်ကန်းစင်များကို တစ်ကြိမ် ရောင်းချခဲ့ဖူးသည်။ ထိုစဉ်က တစ်စုံတစ်ယောက်မှ ၎င်းအား အတုယူ ပုံတူကူးချကာ ဈေးကွက်အတွင်း၌ ဖြန့်ချိရောင်းချလာမည်လားဟု သူ၏ ရင်တွင်း၌ တိတ်တဆိတ် မျှော်လင့်နေခဲ့မိသည်။ သို့ပေမည့် ရလဒ်မှာ စိတ်ပျက်ဖွယ်ရာပင်။ သူ ရောင်းချခဲ့သော ရက်ကန်းစင် အရေအတွက်မှာ နည်းပါးလွန်းလှသဖြင့် အားလုံးက ထိုအရာအား ရတနာတစ်ပါးပမာ လျှို့ဝှက်သိမ်းဆည်းထားတတ်ကြပုံ ရသည်။
စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းဟူသည် အကြီးမားဆုံးသော ပရဟိတပင် ဖြစ်သည်။ ပြိုင်ဆိုင်မှု ရှိလာမှသာလျှင် တိုးတက်လိုသည့် တွန်းအားများ ပေါ်ပေါက်လာမည်။ ထို့အပြင် သူ့အနေဖြင့် ချည်မျှင်နှင့် အထည်စက်ရုံ တစ်ခုတည်းကိုသာ နေ့စဉ်ရက်ဆက် ထိုင်၍ စောင့်ကြည့်နေရန် အချိန်မရှိချေ။
ချစ်စရာကောင်းလှသော မင်းသမီးလေးမှာ အရေးပါသည် မှန်သော်ငြားလည်း တိုင်းသူပြည်သားများ ဆောင်းရာသီ၌ အဝတ်အထည်များကို နွေးထွေးစွာ ဝတ်ဆင်နိုင်ရေးက ပို၍ အရေးကြီးလှ၏။
ခရိုင်မှ ထွက်ခွာလာခဲ့သည့် အချိန်မှစ၍ ပခုံးထက်၌ တာဝန်ဝတ္တရားများကို ထမ်းပိုးထားခဲ့ရပြီ ဖြစ်ရာ သမိုင်းပေး တာဝန်သိစိတ်လေး အနည်းငယ်တော့ ကိန်းအောင်းလာခဲ့သည်။
အကယ်၍ ရက်ကန်းစင်များကို အမြောက်အမြား ဖြန့်ချိပေးလိုက်လျှင် နောင်ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ သို့မဟုတ် အနှစ်ငါးဆယ်ခန့် ကြာမြင့်လာသောအခါတွင် လူတိုင်းလူတိုင်း အဝတ်အထည် လုံလောက်စွာ ဝတ်ဆင်နိုင်မည့် အခြေအနေသို့ ရောက်ရှိလာနိုင်မည်။
ထိုအချိန်ကာလသည် လွန်စွာမှ ကြာမြင့်ကောင်း ကြာမြင့်သွားနိုင်သည်။ သို့မဟုတ် အချည်းနှီး အလဟဿလည်း ဖြစ်သွားနိုင်ခြေလည်း ရှိ၏။
မည်သို့ပင်ဆိုစေကာမူ လူဟူသည်. ခိုင်မာသော ရည်မှန်းချက် ရှိရမည်။