အခန်း ၃၉၄
Vol. 22 Ch. 394
အပိုင်း (၃၉၄) ရင်ထဲမှာ လှိုက်ခနဲဖြစ်သွားပြီး မျက်ရည်ဝဲလာသည်။
ဖန်ကျန်းရီ ခဏမျှ တွေးတောနေလိုက်ပြီး ကုန်သည်များက သူ့အဖြေကို မျှော်လင့်တကြီး စောင့်နေကြသည်ကို တွေ့လိုက်ရ၏။
ထို့နောက် ဖွဖွလေး ပြုံးကာ ဖြေလိုက်သည်။ “အားလုံး သံသယဖြစ်စရာ မလိုပါဘူး။ ကျုပ်မှာ တခြား ရည်ရွယ်ချက် မရှိပါဘူး။
ထုတ်လုပ်မှုနဲ့ ရောင်းချမှု ဆိုတာက လုံးဝ မတူညီတဲ့ လမ်းကြောင်း နှစ်ခုပါ။ ချည်မျှင်နဲ့ အထည်စက်ရုံရဲ့ ထုတ်လုပ်မှု စွမ်းအားက အံ့မခန်း ဖြစ်ပေမယ့်၊ ပစ္စည်းတွေကို တိတိကျကျနဲ့ မြန်မြန်ဆန်ဆန် ရောင်းထွက်ဖို့ ဆိုတာကတော့ အားလုံးကိုပဲ အားကိုးရမှာပါ။
အရှင်မင်းကြီးက ပညာတတ်၊ တောင်သူလယ်သမား၊ လက်မှုပညာရှင်နဲ့ ကုန်သည်တွေ အားလုံးက တစ်သားတည်းပဲလို့ ကျုပ်ကို ခဏခဏ ပြောဖူးတယ်။ ခင်ဗျားတို့က ကုန်သည်တွေ ဖြစ်ပေမဲ့ လုပ်နေတဲ့ အလုပ်က တိုင်းပြည်နဲ့ ပြည်သူအတွက်လို့ ပြောလို့ရတယ်။
တိုင်းပြည်ကြီး အခုလို သာယာဝပြောနေတာက ခင်ဗျားတို့ရဲ့ ကျေးဇူးတွေလည်း မကင်းပါဘူး။ ကျုပ်က အရှင်မင်းကြီးရဲ့ တာဝန်တွေကို ခွဲဝေ ထမ်းဆောင်ပေးရုံပါပဲ။”
အရှင်မင်းကြီးက ဒီလိုတောင် ပြောဖူးတာလား။
တိုင်းပြည်နဲ့ ပြည်သူအတွက်တဲ့လား။ အဆင့်အတန်းက ဒီလောက်တောင် မြင့်သွားတာလား။
ထိုစကားလည်း ထွက်လာရော၊ ကုန်သည်များ ချက်ချင်း မျက်နှာများ နီမြန်းလာကြ၏။
သူတို့ အားလုံးက ချမ်းသာကြွယ်ဝသူများ ဖြစ်ကြသော်လည်း လူမှုအဆင့်အတန်းကတော့ တကယ်ကို မကောင်းလှချေ။
နောက်ခံမရှိသူများဆိုလျှင် ပညာတတ်များ၏ အထင်အမြင်သေးမှုကို ခံရပြီး ပစ္စည်းဈေး အနည်းငယ် ကြီးသွားပါက ကွယ်ရာတွင် အဆဲခံရသေးသည်။
နောက်ခံရှိသူများဆိုလျှင်လည်း ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူကောင်းမျိုးများ၏ ခွေးများသာ ဖြစ်ကြ၏။
သာမန်အချိန်များတွင် မည်သူက သူတို့ကို အရေးလုပ်ဖူးသနည်း။
သို့ပေမည့် ဤစကားက ဖန်ကျန်းရီ ပါးစပ်မှ ထွက်လာသောအခါတော့ မတူတော့ချေ။
သူက အရှင်မင်းကြီး၏ ယုံကြည်ရသူ ဖြစ်ပြီး အိမ်ရှေ့စံနှင့် ဆက်ဆံရေးကိုလည်း အားလုံး မျက်မြင်ကိုယ်တွေ့ပင်။
ထိုသို့ လေးစားမှုမျိုး ပြသလိုက်ခြင်းသည် လုံးဝ ဟန်ဆောင်ခြင်း မဟုတ်သည်မှာ သေချာလှ၏။
ထို့အပြင် သူ ပန်းရှန်းရပ်ကွက်တွင် လုပ်ဆောင်ခဲ့သည်များကိုလည်း အားလုံး မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ တကယ်ကို ကုန်သည်များအပေါ် အခွင့်အရေးများစွာ ပေးခဲ့သည်။
မထင်မှတ်ထားဘူး… မထင်မှတ်ထားဘူး… အရှင်မင်းကြီးနဲ့ အမတ်ကြီးဖန်က ကုန်သည်တွေကို ဒီလောက်တောင် အလေးထားလိမ့်မယ်လို့။ ကျုပ်တို့ရဲ့ အနာဂတ်ကတော့ မျှော်လင့်ချက် ရှိလာပြီ…
လူတစ်ယောက်သည် မျက်လုံးများကို ပွတ်သပ်ကာ တိုးတိုးလေး ပြောလိုက်၏။ “အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ အမတ်ကြီးဖန်ကိုလည်း ကျေးဇူးတင်ပါတယ်။”
ထို့နောက် သုံးလေးယောက်မှစ၍ ကျေးဇူးတင်စကားများသည် တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင် တစ်ခွင်လုံး ပျံ့နှံ့သွားတော့သည်။
ဖန်ကျန်းရီသည် ထိုမြင်ကွင်းကို ကြည့်ကာ အနည်းငယ် စိတ်မကောင်းဖြစ်သွားမိ၏။
လက်ရှိ တိုင်းပြည်အခြေအနေတွင် စီးပွားရေးလုပ်ကိုင်ရသည်မှာ အလွန်ပင် ခက်ခဲကြမ်းတမ်းလှသည်။ ဝင်ဆံ့အောင် ခေါင်းငုံ့နေထိုင်သော်လည်း အကျိုးအမြတ် တစ်စုံတစ်ရာ မဖြစ်ထွန်းပေ။ ပညာတတ်အသိုင်းအဝိုင်းမှ ဝတ်ဆင်လေ့ရှိသော အဝတ်အစားမျိုးကို ဝတ်ဆင်လိုပါကလည်း မိမိအိမ်အတွင်း၌သာ လျှို့ဝှက်စွာ ဝတ်ဆင်ရသည်။
ကုန်သည်များက အဆုံးအစမရှိ ကျေးဇူးတင်စကားတွေ ဆက်တိုက် ပြောနေကြမည်ကို မြင်သောအခါ ဖန်ကျန်းရီသည် အလောတကြီး လက်ကာပြလိုက်၏။ “အားလုံး ဒီလောက်ထိ လုပ်နေစရာ မလိုပါဘူး။
ဒီနှစ် ဆောင်းရာသီမှာ မြို့တော်က ပြည်သူတွေ အေးချမ်းစွာ ကျော်ဖြတ်နိုင်မလား ဆိုတာက အားလုံးရဲ့ စွမ်းဆောင်ရည် အပေါ်မှာပဲ မူတည်နေပါတယ်။
မြို့တော် တစ်ခုတည်း မဟုတ်ဘူးနော်။ နောက်ပိုင်း ခင်ဗျားတို့ ရက်ကန်းစင်တွေ ရသွားပြီး ကုန်ကျစရိတ်တွေ လျှော့ချ၊ ထုတ်လုပ်မှုတွေ တိုးချဲ့ပြီးရင်၊ အနာဂတ်မှာ ခင်ဗျားတို့ရဲ့ ပစ္စည်းတွေကို တိုင်းပြည်ရဲ့ နေရာ အနှံ့အပြားကို ရောင်းချပြီး ပြည်သူတိုင်း အဝတ်ဝတ်နိုင်အောင် လုပ်ပေးရမယ်။
အဲဒီအချိန်ကျရင် ခင်ဗျားတို့ ပိုက်ဆံလည်း ရမယ်၊ နာမည်လည်း ရမယ်။ ပြည်သူတွေလည်း အကျိုးခံစားရမယ်။ ဒါက သုံးဦးသုံးဖလှယ် အကျိုးရှိတာပဲ။
ဒါကိုကြည့်ရင် ပိုက်ဆံရှာတာ အပြင် ခင်ဗျားတို့က တိုင်းပြည်နဲ့ ပြည်သူ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားတဲ့ တာဝန်ကိုပါ ထမ်းဆောင်နေရတာပဲ။ ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ကျုပ်လိုပဲ ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့ သွေးတွေ စီးဆင်းနေတာ။
အဲဒီအချိန်ကျရင် လူတွေက ကုန်သည်တွေကို အထင်သေးအုံးမလား။ မသေးတော့ဘူး။ အဲဒီအချိန်ကျရင် ခင်ဗျားတို့က ဖြောင့်မတ်တဲ့ ကုန်သည်တွေ ဖြစ်သွားပြီ။ လူတိုင်းက လေးစားကြလိမ့်မယ်။ ကလေးတွေတောင် ကြီးလာရင် ကုန်သည် လုပ်ချင်ကြလိမ့်မယ်။
ခင်ဗျားတို့ကို မြင်တာနဲ့ ဘယ်သူမဆို ဒီလိုလုပ်ရလိမ့်မယ်…” ပြောရင်းနှင့် ဖန်ကျန်းရီက လက်မ ထောင်ပြလိုက်သည်။
ကုန်သည်များ၏ ရင်ထဲတွင် လှိုက်ခနဲ ဖြစ်သွားပြီး မျက်ရည်များပင် ဝဲလာကြ၏။
ကျုပ်တို့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတာ အမတ်ကြီးဖန်နဲ့ အမျိုးအစားတူ ကိုယ်ကျင့်တရား သွေးတွေပဲကိုး။
သူက ဒီလောက်အထိ ပြောနေမှတော့ ကြည့်ရတာ ဒီနှစ် ဆောင်းတွင်း အဝတ်အထည်တွေကို ဘယ်လိုပဲဖြစ်ဖြစ် ဈေးလျှော့ပြီး ထုတ်ရောင်းရတော့မှာပဲ…။
“အဟမ်း… ကောင်းပြီ။ အဓိက အကြောင်းအရာကို ပြန်ဆက်ရအောင်။
ရက်ကန်းစင် အကြောင်း ပြောရရင် ကျုပ် အရင်တုန်းက ကျန်းကျန်းမှာ လေလံပစ်ခဲ့ဖူးတယ်။ တစ်လုံးကို ငွေတုံး ထောင်ဂဏန်းလောက် ရှိတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက်မို့ ယာယီ အစီအစဉ် လိုမျိုး လုပ်ခဲ့တာ။
အခု အခြေအနေတွေ တည်ငြိမ်နေပြီဆိုတော့ သေချာပေါက် အဲဒီလောက် ဈေးမကြီးတော့ပါဘူး။ တစ်ထောင်ပဲ… အားလုံး ဘယ်လိုထင်လဲ။” ဖန်ကျန်းရီသည် လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်၏။
ကုန်သည်များ ထပ်မံ၍ အချင်းချင်း တိုင်ပင်ကြပြန်သည်။
တစ်ထောင်လား။ ဈေးကြီးသေးတာပဲ။ ဒါက သစ်သားဘောင်တွေနဲ့ သံနည်းနည်း ပေါင်းထားတာ မဟုတ်ဘူးလား။
ဘုန်းတော်ကြီး ဟွေ့ကျောက် ဆီမှာ အစီအရင် သွားလုပ်ထားလို့များလား။
ခဏမျှ တိုင်ပင်ပြီးနောက် လူတစ်ယောက်က မတ်တတ်ရပ်ကာ ပြောလိုက်၏။ “ခုနက အမတ်ကြီးဖန် ပြောသွားတဲ့ စကားတွေကြောင့် ကျုပ် ရင်ထဲမှာ တကယ်ကို ကြည်နူးသွားရပါတယ်။
အမတ်ကြီးဖန်က ကုန်သည်တွေကို အလေးထားတယ်ဆိုတဲ့ နာမည်ကောင်းကို ကျုပ် အစောကြီးတည်းက ကြားဖူးပါတယ်။ ဒါကြောင့် ကျုပ်က တခြားလူတွေကို အမတ်ကြီးဖန်က ကျုပ်ရဲ့ စံပြပုဂ္ဂိုလ်ပဲလို့ ခဏခဏ ပြောဖြစ်ပါတယ်။
ဒါပေမဲ့ စီးပွားရေးဆိုတာ စီးပွားရေးပဲလေ… ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီရက်ကန်းစင်က တစ်ထောင် မတန်ဘူးလို့ ကျုပ် ထင်တယ်။ နည်းနည်းလောက် ထပ်လျှော့ပေးလို့ ရမလား။”
လူတစ်ယောက်က ထောက်ခံပြောဆိုလိုက်သည်။ “ဟုတ်ပါတယ်။ အမတ်ကြီးဖန်။ ရက်ကန်းစင် ဈေးက နည်းနည်း များနေတယ်။”
“အမတ်ကြီးဖန်ကို မလိမ်ပါဘူး။ ကျုပ် ကျောက် မိသားစုရဲ့ စီးပွားရေးက မြောက်ပိုင်း တစ်ခွင်လုံးမှာ ရှိတာပါ။ တကယ်လို့ ရက်ကန်းစင် ဝယ်တာ နည်းသွားရင်လည်း အများကြီး အကျိုးမရှိသလို၊ အများကြီးဆိုရင်လည်း အလုံးရာချီပြီး ဝယ်ရမှာဆိုတော့ ဖိအား အရမ်းများတယ်။ ကျုပ်တို့ စီးပွားရေး လုပ်တယ်ဆိုတာ လက်ထဲက ပိုက်ဆံတွေက အပြင်မှာ အလုပ်လုပ်နေတဲ့ သဘောပါပဲ။ အဲဒီလောက် လက်ငင်းငွေ အများကြီး အပြင်ကို မထုတ်နိုင်ပါဘူး။”
ထို့နောက် ကြက်တစ်ပေါက် ဘဲတစ်ပေါက်နှင့် အသီးသီး ညည်းတွားသံများ ထွက်ပေါ်လာကြ၏။
ဖန်ကျန်းရီသည် ပြုံးကာ ခေါင်းခါလိုက်သည်။ ကုန်သည်များ၏ သဘာဝအရ ဈေးဆစ်မည်မှာ သေချာပြီး ဤသည်မှာ လုံးဝ မထူးဆန်းပေ။ သို့ပေမည့် အံ့ဩစရာ ကောင်းသည်မှာ သူ့အား ဈေးဆစ်ရဲသည့် လူများ ဤမျှများပြားနေခြင်းပင်။
စိတ်ဝင်စားစရာပဲ။
ဖန်ကျန်းရီ လက်ခုပ်တီးကာ ပြုံးလိုက်၏။ “ချစ်စရာကောင်းတယ်။ ချစ်စရာကောင်းတယ်။ ခင်ဗျားတို့က မြို့တော်ရဲ့ ထိပ်တန်း အထည်သည်တွေ ပီသပါပေတယ်။ ကျုပ်ကို ဒီနေရာမှာ ဈေးဆစ်ရဲတာကိုက တော်တော် သတ္တိရှိတာပဲ။”
ကုန်သည်များ ကြောင်အမ်းသွားကြသည်။ ခုနက အကောင်းကြီးကနေ ဈေးလျှော့ခိုင်းတော့ မကျေနပ်တော့ဘူးလား။
“ဒါပေမဲ့ စီးပွားရေး လုပ်တယ်ဆိုတာ ဈေးညှိနှိုင်းရမှာပေါ့။ ခင်ဗျားတို့ရဲ့ သတ္တိကို ကျုပ် လေးစားပါတယ်။
ခင်ဗျားတို့ ဒီလောက် သတ္တိရှိတာကို ထောက်ထားပြီး ကျုပ် ထပ်လျှော့ပေးမယ်။ နောက်ဆုံး ဈေးက ၇၀၀ ပဲ။ ကျုပ် ပြောလို့ ပြီးပြီ။ ဘယ်သူ သဘောတူလဲ။ ဘယ်သူ ကန့်ကွက်လဲ။”
ကုန်သည်များသည် ချက်ချင်းပင် မျက်နှာများ ဝင်းလက်သွားကြတော့၏။
မကန့်ကွက်တော့ပါဘူး။ ခင်ဗျားက ဒီလောက် မျက်နှာသာ ပေးနေမှတော့ ထပ်ကန့်ကွက်ရင် ပြဿနာရှာ သလိုဖြစ်သွားမှာပေါ့။
မည်သူမှ မကန့်ကွက်သည်ကို မြင်လိုက်ရသည့်အခါ ဖန်ကျန်းရီသည် ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။ “ကောင်းပြီ။ ဒါဆို ကြိုတင်မှာယူချင်တဲ့ သူတွေက ပန်းရှန်းရပ်ကွက်ကို သွားလို့ရပြီ။ အဲဒီမှာ ဧည့်ခံပေးမယ့် လူတွေကို ကျုပ် စီစဉ်ထားပေးမယ်။
ဒါပေမဲ့ ဒီနှစ်တော့ ပစ္စည်း မရနိုင်သေးဘူး။ ခြောက်လ ကြိုမှာရမယ်။ ဒီခြောက်လ အတွင်းမှာ ခင်ဗျားတို့ မြေနေရာတွေ ပြင်ဆင်တာ၊ စက်ရုံတွေ ဆောက်တာ၊ အမျိုးသမီး အလုပ်သမားတွေ ခေါ်တာတွေ သွားလုပ်ထားလို့ ရသေးတယ်။
ပြီးတော့… ဒီရက်ကန်းစင်တွေကို ခင်ဗျားတို့ ဝယ်သွားပြီးရင် လူရှာပြီး လွတ်လွတ်လပ်လပ် အတုခိုးလို့ ရတယ်။ ကျုပ် လုံးဝ မတားဘူး။
ကျွမ်းကျင်တဲ့ လက်သမားတွေကိုခေါ်ပြီး ပိုကောင်းတဲ့ ရက်ကန်းစင်တွေ လုပ်ဖို့ကိုလည်း သုတေသန လုပ်လို့ ရသေးတယ်။ ဒီနေ့ လွန်းငါးခု ငင်နိုင်တယ်၊ မနက်ဖြန်ကျရင် လွန်းဆယ်ခု ငင်နိုင်တာမျိုး မဖြစ်နိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ။ အတွေးအခေါ်ကို ဖွင့်ထားပါ။ ဒါမှ ပိုက်ဆံ အများကြီး ရှာနိုင်မှာ။”
ကုန်သည်များသည် ထိုစကားများကြောင့် ရင်ထဲတွင် လှိုင်းထန်သွားကြ၏။
သဘောထား ကြီးလွန်းတယ်။ တကယ်ကို သဘောထား ကြီးလွန်းတယ်။ တစ်သက်လုံး နေလာတာ ကောင်းကင်ကနေ မုန့်တွေ တကယ် ကျလာတာနဲ့ ကြုံရပြီ။
ဒါက မုန့်ကျလာတာ မဟုတ်တော့ဘူး၊ ရွှေတုံးတွေ ကျလာတာပဲ။
ဒီနေ့သာ မလာဖြစ်ခဲ့ရင် တစ်ဘီလီယံလောက် ရှုံးသွားတာနဲ့ အတူတူပဲ။
ဖန်ကျန်းရီသည် အားလုံးကို ပြုံးရွှင်စွာ ဆက်လက် ကြည့်နေ၏။
မင်မင်းဆက်ကာလမှစ၍ အရင်းရှင်စနစ် သန္ဓေတည် အစပျိုးလာခဲ့သည်ဟူသော အထက်တန်းကျောင်း သမိုင်းသင်ခန်းစာကို သူ ဝေဝါးစွာ မှတ်မိနေသေး၏။
လွတ်လပ်စွာ အလုပ်သမား ငှားရမ်းခြင်း၊ စက်ရုံအလုပ်ရုံများနှင့် အလုပ်ရှင် အလုပ်သမား စနစ်စသည်တို့သည် လက်မှုလုပ်ငန်း၊ ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းများမှ စတင်ပေါက်ဖွားလာခဲ့ခြင်း ဖြစ်သည်။ ဤအရာများသည် ယခုအခါ ဈေးကွက်အတွင်း၌ တည်ရှိနေပြီ ဖြစ်သော်ငြားလည်း အတိုင်းအတာအားဖြင့် များစွာ မကျယ်ပြန့်သေးချေ။ နောင် အနှစ်နှစ်ဆယ်၊ သုံးဆယ်ခန့် ကြာမြင့်လာသောအခါ... ယခု သူ၏ မျက်မှောက်တွင် ရှိနေကြသော ကုန်သည်များထဲမှ ခေါင်းကိုင် အရင်းရှင်ကြီးအချို့ ပေါ်ထွက်လာမည်လား။
ဤအတွေး ဝင်လာသည်နှင့်တစ်ပြိုင်နက် သူ၏ စိတ်အစဉ်မှာ မချုပ်တည်းနိုင်လောက်အောင် ဖြစ်လာရသည်။
ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်တို့သည် အထိန်းအကွပ်မရှိ ကွေးညွတ်တက်သွားသည်။ ထိုသို့သာဆိုလျှင် အလွန်တရာ စိတ်ဝင်စားဖွယ် ကောင်းလာပေမည်။
အနာဂတ် တစ်ချိန်ချိန်၌ အမျိုးသမီး အလုပ်သမားတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးမည့် အဖွဲ့အစည်းတစ်ခုကိုပင် သူကိုယ်တိုင် ဦးစီးတည်ထောင်ဖြစ်မည်လား မပြောတတ်ချေ။
“ကဲ… အချိန်လည်း လင့်နေပြီ။ အားလုံး ပြန်ပြီး သီးသန့် ဆွေးနွေးကြပါ။ အမြန်ဆုံးဆိုရင် မနက်ဖြန်ကစပြီး ဈေးလျှော့ရောင်းလို့ ရပါပြီ။ ဈေးအများဆုံးလျှော့တဲ့ သူတွေထဲက လူအနည်းငယ် ရွေးပြီး ကျုပ်က သတင်းစာထဲမှာ အခမဲ့ ကြော်ငြာပေးပါမယ်။ ဒီနေ့တော့ ဒီလောက်ပဲ။ အားလုံး ပြန်ကြပါတော့။”
“အမတ်ကြီးဖန်က ဖြောင့်မတ်လိုက်တာ။” ကုန်သည်များ အားလုံး စိတ်လှုပ်ရှားစွာဖြင့် တညီတညွတ်တည်း အော်လိုက်ကြ၏။
ထို့နောက် အချင်းချင်း နှုတ်ဆက်ကြရင်း တဖြည်းဖြည်း လူစုကွဲသွားကြသည်။
ဖန်ကျန်းရီသည် ထွက်ခွာသွားသော ကုန်သည်များကို မျက်စိတစ်ဆုံး လိုက်ကြည့်ပြီးနောက် ပင်ပန်းနွမ်းနယ်စွာဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်၏။
တစ်မနက်လုံး လှုပ်ရှားခဲ့ရတာ၊ ရေတစ်ပေါက်တောင် မသောက်ရသေးဘူး၊ ထမင်းတစ်လုတ်တောင် မစားရသေးဘူး။
နောက်ပိုင်းကျရင် ခရိုင်ထဲကနေ ဆရာ နှစ်ယောက်လောက် ခေါ်ပြီး ဒီလိုအလုပ်တွေ လုပ်ခိုင်းရမယ်။ ကိုယ်တိုင် လုပ်ရတာ အရမ်း ပင်ပန်းတယ်။
ခဏနားပြီးနောက် ဖန်ကျန်းရီသည် မြင်းစီး၍ အိမ်ပြန်လာခဲ့၏။
အိမ်တံခါးဝသို့ ရောက်သည်နှင့် အိမ်ရှေ့စံက ခြံဝင်းထဲတွင် အားအင်အပြည့်ဖြင့် မတ်တတ်ရပ်ကာ အိမ်က အစေခံများကို တရားမဝင် ပွဲစားများအား ရက်ရက်စက်စက် နှိမ်နင်းခဲ့သည့် သူ၏ ကြီးကျယ်ခမ်းနားသော လုပ်ရပ်များအကြောင်း ကြွားလုံးထုတ်နေသည်ကို မြင်လိုက်ရသည်။
ခွေးမသား .. ဒီကောင် တကယ်ကို အားနေတာပဲ။ နောက်ပိုင်း သူကို အလုပ်တွေ ပိုခိုင်းရမယ်။
ဖန်ကျန်းရီသည် မည်းမှောင်နေသောမျက်နှာဖြင့် လီယွမ်ကျောက် အနားသို့ သွားကာ ပခုံးကို ပုတ်၍ ပြောလိုက်၏။ “အိမ်ရှေ့စံ… ဘာလုပ်နေတာလဲ။”
လီယွမ်ကျောက် နောက်လှည့်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ဖန်ကြီး .. ခင်ဗျား ဘာလို့ အခုမှ ပြန်ရောက်တာလဲ။ ကျုပ် စောင့်နေတာ အတော်ကြာပြီ။”
ဖန်ကျန်းရီ သက်ပြင်းချလိုက်၏။ “ချည်မျှင်နဲ့ အထည်စက်ရုံ သွားတာလေ။ ထမင်းလည်း မစားရသေးဘူး။ ခင်ဗျား စားပြီးပြီလား။”
“မစားရသေးဘူး… ဖန်ကြီး။ ကျုပ် ဟိုပေါင်မုန့် စားချင်တယ်။ ကျုပ်အတွက် နည်းနည်းလောက် ကင်ပေးမလား။
ဟေ့ … နေပါအုံး။ ကျုပ် အခုလာတာ အရေးကြီး ကိစ္စရှိတယ်။ နန်းတော်ထဲကနေ အခုလေးတင် ထွက်လာတာ။ နောက်နှစ်ရက်နေရင် မြောက်ပိုင်းက ရန်သူတွေရဲ့ သံတမန်အဖွဲ့ ပြန်တော့မယ်လို့ ကြားတယ်။ ခင်ဗျား လိုက်ပို့မလား။” လီယွမ်ကျောက်က ပြောလိုက်၏။
မြောက်ပိုင်းက ရန်သူတွေရဲ့ သံတမန်အဖွဲ့ ဆွေးနွေးလို့ ပြီးသွားပြီလား။ အခု ပြန်တော့မှာလား။
ဒါပေမဲ့ သေချာ ပြန်စဉ်းစားကြည့်ရင် သူတို့ ဒီမှာ နေတာ တော်တော်လေး ကြာနေပြီပဲ။
ဖါးပါး က သူ့ကို ငွေတုံး ခြောက်သောင်း ပေးခဲ့တယ်။ အဲဒီပိုက်ဆံကို မြို့တော်က ပြည်သူတွေ အဝတ်ဝယ်ဖို့တောင် သုံးလိုက်သေးတယ်။
လူ့ကျင့်ဝတ်အရတော့ အပြန်ကို လိုက်ပို့သင့်တယ်။
“ပို့မယ်။ အိမ်ရှင် ဝတ္တရား ကျေရမှာပေါ့။ နောက်နှစ်ရက်နေရင် ကျုပ် သူတို့ဆီ သွားလိုက်အုံးမယ်။”