← Chapters

အခန်း ၃၉၅

Vol. 22 Ch. 395

အခန်း ၃၉၅

Vol. 22 Ch. 395

အပိုင်း (၃၉၅) လူလည် ဖန်ကျန်းရီ။

မြောက်ပိုင်း ရန်သူ သံတမန်အဖွဲ့ မြို့တော်မှ ထွက်ခွာခြင်းသည် သေချာပေါက် ကိစ္စကြီး တစ်ခု ဖြစ်ပေသည်။ ဖါးပါးဆိုသည့်လူကို ဖန်ကျန်းရီက တော်တော်လေး အဆင်ပြေသည်ဟု ထင်၏။ ပေါင်း၍ရ၏။

လက်ဆောင်ငယ် အချို့ကို နှစ်ရက်ခန့် ကြိုတင်ပြင်ဆင်ပြီးနောက် နိုင်ငံတော် ဧည့်ဂေဟာသို့ သွားရောက်ခဲ့သည်။

ထိုအချိန်တွင် နိုင်ငံတော် ဧည့်ဂေဟာ၏ ခြံဝင်းအတွင်း၌ အဆင့်မြင့် အရာရှိကြီးများနှင့် သူကောင်းမျိုး အများအပြား စုဝေးနေကြ၏။

မြောက်ပိုင်း ရန်သူ သံတမန်အဖွဲ့ကို အထူး အရေးပေးလွန်း၍တော့ မဟုတ်ပေ၊ ရိုးရိုးရှင်းရှင်း ယဉ်ကျေးမှုအရ သာ ဖြစ်သည်။

လူအများစုမှာ ဤနေရာတွင် ရိုးရိုးရှင်းရှင်း နှုတ်ဆက်ပြီးနောက် တိုက်ရိုက် ပြန်သွားကြ၏။

လူအနည်းငယ်သာ ကျန်ရစ်ခဲ့သည်။

နိုင်ငံတော် ဧည့်ဂေဟာ တာဝန်ခံ အမတ်ကြီး ချန်ဟုန် နှင့် ဘဏ္ဍာရေးအမတ် ကျန်းရှီ တို့သည် ထိုအထဲတွင် ပါဝင်ပြီး ဘေးတွင် အရာရှိငယ် အချို့ကလည်း ဘာတွေ ပြောနေမှန်း မသိချေ။

ဖန်ကျန်းရီက သတင်းထောက် အချို့၊ လုဖာ နှင့် အိမ်ရှေ့စံတို့ကို ခေါ်ဆောင်ကာ ရောက်ရှိလာသောအခါ အားလုံးက လီယွမ်ကျောက်ကို ချက်ချင်း အရိုအသေပေးကြသည်။

ဖါးပါးပင်လျှင် စကားပြောနေခြင်းကို ရပ်တန့်လိုက်၏။

ကျန်းရှီသည် မျက်လုံးများကို မှေးကာ ဖန်ကျန်းရီကို ကြည့်ရင်း အံကြိတ်ကာ ဒေါသထွက်နေသည်။

ဒီခွေးမသား… စာမေးပွဲခန်းမထဲမှာ ငါ့သားကို လူပုံအလယ်မှာ လုပ်ကြံရဲတယ်။

အဖြေလွှာပေါ်မှာ အညစ်အကြေး တံဆိပ်တုံးကြီး ရိုက်ခဲ့တယ်။

မြို့တော် စာမေးပွဲခန်းမထဲမှာ တံဆိပ်တုံးပါတဲ့ တစ်ခုတည်းသော အဖြေလွှာက ငါ့သားရဲ့ အဖြေလွှာပဲ။

ကံကောင်းထောက်မစွာဖြင့် အခြား စာမေးပွဲစစ်ဆေးသူများက အခြေအနေကို ရိပ်မိပြီး ခန့်မှန်းနိုင်ခဲ့ကြသည်။

အရှင်မင်းကြီး၏ အမိန့်လည်း ပါရှိသောကြောင့် ဤတံဆိပ်တုံးမှာ အတည်မဖြစ်ခဲ့ချေ။

ကျန်းချန်ကလည်း အတော်လေး ကြိုးစားခဲ့သဖြင့် အောင်စာရင်းထဲတွင်တော့ ပါဝင်ခဲ့သော်လည်း သူ၏ အရည်အချင်းက နောက်ဆုံးအဆင့် ဖြစ်ခဲ့သည်။။

ရလဒ်အနေဖြင့် ယခုအခါ သူ၏သားသည် အပြင်တွင် လူလုံးထွက်ပြ၍ မရအောင် ဖြစ်နေတော့သည်။ အခြားသူများက နှုတ်မှ ဘာမှမပြောသော်လည်း မျက်နှာထားများက အရာအားလုံးကို ဖော်ပြနေ၏။

ဘဏ္ဍာရေးအမတ်မင်း တစ်ဦးလုံး၏ သားဖြစ်သူသည် စာမေးပွဲ၌ ဤမျှအထိ ဆိုးရွားညံ့ဖျင်းစွာ ဖြေဆိုထားလိမ့်မည်ဟု စိတ်ကူးနှင့်ပင် ယဉ်ကြည့်၍ မရနိုင်ချေ။

ညီလာခံ၌လည်း ဤအကောင်က လိပ်တစ်ကောင်အလား ပုန်းအောင်းနေတတ်ပြီး ဟာကွက်တစ်စုံတစ်ရာ ရှာဖွေ၍ မရနိုင်သည်ဖြစ်ရာ အတော်ပင် အခက်တွေ့နေရလေတော့၏။

ဖန်ကျန်းရီ ရောက်လာသည်ကို ဖါးပါး မြင်သောအခါ ချက်ချင်းပင် ပြုံး၍ အပြေးလေး သွားကြိုကာ နွေးထွေးစွာ ပြောလိုက်သည်။ “ညီလေးဖန်… မတွေ့ရတာ ကြာပြီနော်။”

လူဒီလောက်များတာကို ခင်ဗျားက ကျုပ်ကို ညီလေးဖန်လို့ ခေါ်တယ်ပေါ့။

ဖန်ကျန်းရီက မဲ့ပြုံး ပြုံးလိုက်၏။ “ဟုတ်တယ်။ ကျုပ်က ဒီရက်ပိုင်း အရမ်း အလုပ်များနေလို့ပါ။ ဆရာတော်ဖါးပါး အခု ထွက်သွားတော့မယ်ဆိုတာ မထင်ထားဘူး။ မြို့တော်မှာ ထပ်ပြီး မနေတော့ဘူးလား။ ကျုပ်တို့ တိုင်းပြည်ရဲ့ ရှုခင်းတွေကို လေ့လာကြည့်လို့ ရသေးတယ်လေ။”

ဖါးပါးက ယဉ်ကျေးသော အပြုံးကို ဆက်လက် ထိန်းသိမ်းထားသည်။ “ကျုပ် တောက်ယွမ်ခရိုင်ကို သွားခဲ့ပြီးပါပြီ။ ညီလေးဖန် အုပ်ချုပ်နေတဲ့ တောက်ယွမ်ခရိုင်က တကယ်ကို မျက်စိပွင့်သွားစေပါတယ်။ နှမြောစရာပဲ… ပြန်ရောက်သွားရင် အဲဒီလို ကောင်းတဲ့နေရာမျိုးကို နောက်တစ်ခါ မြင်ရတော့မှာ မဟုတ်ဘူး။”

ဖန်ကျန်းရီ၏ စိတ်ထဲတွင် သတိထားလာမိတော့၏။

ကြည့်ရတာ ဒီအဘိုးကြီးက ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ထားပုံရတယ်။ ငါ့အကြောင်းကို အကုန်လုံး စုံစမ်းပြီးလောက်ပြီ။

ဒါဆို လှည့်စားဖို့ သိပ်မလွယ်တော့ဘူးပဲ…

“ဟားဟား … ဆရာတော်ဖါးပါးက နောက်နေပြန်ပြီ။ ကျုပ်ကို ထမင်းကျွေးဖူးတာ မှတ်မိသေးတယ် မဟုတ်လား။ ဒီတစ်ခေါက် ကျုပ်က ဆရာတော်ဖါးပါး အတွက် လက်ဆောင် ယူလာတယ်။ ထမင်းဖိုး ပြန်ဆပ်တယ်လို့ သဘောထားလိုက်ပါ။”

“ညီလေးဖန်က ဘာလို့ ဒီလောက် အားနာနေရတာလဲ။”

ဖန်ကျန်းရီသည် သူ၏ စကားကို အဖက်မလုပ်ဘဲ ရင်ခွင်ထဲမှ သေတ္တာငယ်လေး တစ်ခုကို ထုတ်ယူလိုက်၏။ “ဒီအထဲမှာ တာ့ဖင် ထျန်းရှန်း လက်ဖက်ခြောက် နှစ်ပိဿာ ပါတယ်။ ဆရာတော်ဖါးပါးကို လက်ဆောင်ပေးလိုက်ပြီနော်။”

ဖါးပါးသည် သေတ္တာကို ယူ၍ အလေးချိန် ချိန်ကြည့်ကာ ပြုံးလိုက်သည်။ “ဒါဆိုရင် ညီလေးဖန်ရဲ့ စေတနာကို ကျုပ် ငြင်းဆန်လို့ မကောင်းတော့ဘူးပေါ့။”

“ဆရာတော်ဖါးပါး …. ကျုပ် အကူအညီလေး တစ်ခု တောင်းချင်လို့ပါ။” ဖန်ကျန်းရီက ပြောလိုက်၏။

“ပြောပါ။”

“မြို့တော်မှာ ဒီလောက်ရက် အကြာကြီး နေသွားတာဆိုတော့ မြို့တော်ထဲမှာ သတင်းစာ ရှိတယ်ဆိုတာ ဆရာတော် ဖါးပါး သိလောက်မှာပါ။ ဒါကြောင့်… ခင်ဗျားတို့ သံတမန်အဖွဲ့ထဲက တစ်ယောက်လောက်ကို ခေါ်ပြီး အင်တာဗျူးလေး လုပ်ချင်လို့ပါ။ နိုင်ငံနှစ်ခုကြားက ရိုးရှင်းတဲ့ ယဉ်ကျေးမှု ဖလှယ်မှု တစ်ခု အနေနဲ့ပေါ့။ ရနိုင်မလား။”

ဖါးပါးသည် သူ့ကို စိုက်ကြည့်ရင်း စိတ်ထဲတွင် တွေးတောနေ၏။

ဒီကောင့်အကြောင်း အကြာကြီး စုံစမ်းကြည့်တော့ သူက လုံးဝ ရိုးသားတဲ့ လူကောင်းတစ်ယောက် မဟုတ်ဘူး ဆိုတာ သေချာတယ်။

ငါတောင် အကဲဖြတ် မှားသွားခဲ့သေးတယ်။ အခု ဒီလိုမျိုး လုပ်တာက နောက်ကွယ်မှာ ဘာအကြံအစည်တွေ ရှိနေမလဲ…

“ဒီလို ကိစ္စသေးသေးလေးကတော့ သေချာပေါက် ရတာပေါ့။ ညီလေးဖန် ဘယ်သူ့ကို ခေါ်ချင်လဲ။”

ဖန်ကျန်းရီက ကျပန်း လက်ညှိုးထိုးပြလိုက်၏။ “သူပဲ ဖြစ်ဖြစ်၊ ရမလား။ တကယ်တော့ ဘယ်သူဖြစ်ဖြစ် ရပါတယ်။”

ဖါးပါးသည် သူ လက်ညှိုးထိုးပြရာသို့ ကြည့်လိုက်ရာ မိမိတို့ သံတမန်အဖွဲ့ထဲမှ သာမန် အဖွဲ့ဝင် တစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ခေါင်းညိတ်လိုက်သည်။ “ရပါတယ်။”

ထို့နောက် မြောက်ပိုင်း ရုန် ဘာသာစကားဖြင့် ထိုလူအား လှမ်းအော်လိုက်၏။ “လိဟန် .. မင်း အမတ်ကြီးဖန်နဲ့ လိုက်သွားလိုက်အုံး။”

“မလိုပါဘူး။ လုဖာ… မင်း ဒီညီလေးနဲ့ သတင်းထောက်တွေကို ခေါ်ပြီး အပြင်မှာ ရိုးရိုးရှင်းရှင်းလေး အင်တာဗျူး လုပ်လိုက်။ ကျုပ် ဆရာတော် ဖါးပါးနဲ့ စကားပြောစရာ ရှိသေးတယ်။”

Tဤသို့သော အခြေအနေမျိုးကို မြင်လိုက်ရတော့ ဖါးပါးလည်း စိတ်အေးသွားသည်။

ဖန်ကျန်းရီက ဖွဖွလေး ပြုံးလိုက်သည်။ “ဆရာတော်ဖါးပါး … သူတို့ ဘာသာ သူတို့ အလုပ်ရှုပ်ပါစေ။ ကျုပ်တို့ ဆက်ပြောကြတာပေါ့။ ဒီတစ်ခေါက် ခင်ဗျား ပြန်သွားရင် ကျုပ်က ခင်ဗျားကို လက်ဆောင်တချို့ ပေးလိုက်ဖို့ ပြင်ဆင်ထားတယ်။ ဒါကြောင့် ကျုပ် အထူး ပြင်ဆင်လာတာ…”

ဖါးပါး၏ မျက်နှာထား လေးနက်သွား၏။ “ညီလေးဖန်… ခင်ဗျား ကျုပ်ကို လက်ဖက်ခြောက် ပေးပြီးပြီပဲ။ တခြား လက်ဆောင်တွေ မလိုတော့ပါဘူး။”

“လက်ဖက်ခြောက်က ထမင်းဖိုး ဆပ်တာလေ။ လက်ဆောင်က ကျုပ် ပေးချင်လို့ ပေးတာ။ ဆရာတော်ဖါးပါး လုံးဝ မငြင်းပါနဲ့။”

ပြောရင်းနှင့် ဖန်ကျန်းရီသည် ရင်ခွင်ထဲမှ စိမ်းလန်းပြီး ကြီးမားသော ဖန်ပုတီးစေ့ တစ်လုံးကို ထုတ်ယူလိုက်၏။

သို့သော် ထိုဖန်ပုတီးစေ့၏ အပေါ်နှင့် အောက်တွင် အပေါက်ငယ်လေး တစ်ခုစီ ရှိနေသည်။

ဖန်ကျန်းရီသည် ဖန်ပုတီးစေ့ကို ဖါးပါး၏ မျက်စိရှေ့သို့ တိုးပေးကာ လျှို့ဝှက်ဆန်းကြယ်သောဟန်ဖြင့် ပြောလိုက်၏။ “ဆရာတော်ဖါးပါး … ဒီပုတီးစေ့က သာမန် မဟုတ်ဘူးနော်။

အပြင်ပန်းက ကြည့်ရင် သာမန်လို့ ထင်ရပေမယ့်၊ အတွင်းထဲမှာတော့ အကွေ့အကောက်တွေ ကိုးဆယ့်ကိုးကွေ့တောင် ရှိတာ။ ဒီပုတီးစေ့ကို ကြိုးသေးသေးလေး တစ်ချောင်း ဖြတ်သွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ ခင်ဗျား သိလား။”

ဖါးပါးသည် ပုတီးစေ့ကို ယူ၍ သေချာ လေ့လာကြည့်ရာ အတွင်းပိုင်းတွင် အကွေ့အကောက်များ တကယ် ရှိနေသည်ကို ဝေဝါးစွာ မြင်တွေ့ရ၏။

ဒါပေမဲ့ ငါက ဘာကိစ္စ ကြိုးထည့်ရမှာလဲ။ ဖန်ကျန်းရီရဲ့ အတွေးအခေါ်က ဘာလို့ ဒီလောက် သောက်တလွဲ ဖြစ်နေရတာလဲ။ ဒါမှမဟုတ် ဒီအထဲမှာ နက်ရှိုင်းတဲ့ အဓိပ္ပာယ် တစ်ခုခု ရှိနေတာများလား။

ခဏမျှ လေ့လာပြီးနောက် ဖါးပါးသည် ခါးသီးစွာ ပြုံး၍ ခေါင်းခါပြလိုက်၏။ “မသိဘူး။ တကယ်လို့ ကြိုးက မာနေရင်တော့ ထိုးထည့်လို့ ရလောက်မယ် ထင်တယ်။”

ဖန်ကျန်းရီက ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည်။

“မှားတယ်။ ကြိုးသေးသေးလေးကို ပုရွက်ဆိတ် ကိုယ်ပေါ်မှာ ချည်ပြီး၊ ပုရွက်ဆိတ်ကို ဖြတ်လျှောက်ခိုင်းလိုက်ရင် ရပြီ မဟုတ်ဘူးလား။”

“ဒီလိုကိုး။”

တော်ဖါးပါးက သဘောပေါက်သွားသလို ပြောလိုက်၏။ “ဒါပေမဲ့… ဒါက ဘာအဓိပ္ပာယ် ရှိလို့လဲ။”

ဖန်ကျန်းရီ နှုတ်ခမ်းမဲ့လိုက်သည်။ “ဆရာဖါးပါး တခြား တိုင်းပြည်တွေကို သံတမန် သွားလုပ်တဲ့ အခါကျရင် ဒါလေးကို ယူပြီး တခြားလူတွေနဲ့ ယှဉ်ပြိုင်လို့ ရတာပေါ့။ ဉာဏ်ပညာကို ကြွားဝါလို့ ရတာပေါ့။”

“…”

“လူလာစမ်း …။ ကျုပ်ရဲ့ စစ်တုရင်ခုံကို ယူခဲ့။” ဖန်ကျန်းရီက အနောက်သို့ လှမ်းခေါ်လိုက်၏။

သတင်းထောက် တစ်ဦးက ရှေ့ထွက်လာပြီး စစ်တုရင်ခုံ တစ်ခုကို ကမ်းပေးလိုက်သည်။ ဖ

န်ကျန်းရီက စစ်တုရင်ခုံကို ယူကာ ဖါးပါး၏ ရှေ့သို့ ယူသွားလိုက်၏။ “ဒါက ဆရာဖါးပါးကို ပေးမယ့် ဒုတိယ လက်ဆောင်ပဲ။”

ဖါးပါးသည် မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲတွင် အနည်းငယ် စိတ်မရှည် ဖြစ်လာသော်လည်း ယဉ်ကျေးစွာဖြင့် ပြန်ဖြေလိုက်သည်။ “ညီလေးဖန်… ကျုပ် အမြင်မမှားဘူးဆိုရင် ဒါက သာမန် စစ်တုရင်ခုံလေး တစ်ခုပါပဲနော်။”

“ဟုတ်ပါတယ်။ တကယ်တော့ စစ်တုရင်ခုံ ပါပဲ။ ဒါပေမဲ့ တကယ်လို့ ကျုပ်က စစ်တုရင်ခုံရဲ့ ပထမ အကွက်မှာ ဂျုံစေ့ တစ်စေ့ ထည့်မယ်၊ ဒုတိယ အကွက်မှာ နှစ်စေ့ ထည့်မယ်၊ တတိယ အကွက်မှာ လေးစေ့ ထည့်မယ်။ ဒီလိုနည်းနဲ့ ဆက်သွားရင် စုစုပေါင်း ဂျုံစေ့ ဘယ်လောက် ထည့်ရမလဲ။”

ဖါးပါး၏ မျက်ခမ်းစပ်များက တဆတ်ဆတ် နှင့် လှုပ်ခါသွား၏။

သူ တကယ် ဘာပြောချင်တာလဲ။ လုံးဝ နားမလည်တော့ဘူး။

“ကျုပ်ထင်တာကတော့… ဘယ်လိုပဲဖြစ်ဖြစ် သောင်းဂဏန်းလောက်တော့ ရှိမှာပေါ့။” ဖါးပါးက လေးလံသော အသံဖြင့် ဖြေလိုက်သည်။

“မှားတယ်။ တစ်ကမ္ဘာလုံးက စားနပ်ရိက္ခာတွေ အကုန် စုရင်တောင် မလောက်ဘူး။”

ဖါးပါး လုံးဝ မဟန်နိုင်တော့ဘဲ ငိုရခက် ရယ်ရခက် ဖြစ်နေ၏။ “ညီလေးဖန် … မင်း ဘာကို ဆိုလိုချင်တာလဲ။ ကျုပ် လုံးဝ နားမလည်တော့ဘူးဗျာ။”

ဖန်ကျန်းရီက ပြုံးကာ စစ်တုရင်ခုံကို သူ့လက်ထဲသို့ ထည့်ပေးလိုက်ပြီး အနောက်ရှိ သတင်းထောက်ကို လှည့်၍ ပြောလိုက်သည်။ “အကုန်လုံး မှတ်ထားပြီးပြီလား။”

သတင်းထောက်က ခေါင်းငုံ့ကာ စာရေးနေပြီး ခေါင်းပင်မမော့ဘဲ ပြန်ဖြေလိုက်၏။ “မှတ်ထားပြီးပါပြီ။”

ထို့နောက် ဖန်ကျန်းရီက ဖါးပါးဘက်သို့ လှည့်လိုက်သည်။ “ဆရာတော်ဖါးပါး အထင်မလွဲပါနဲ့။ ဘာထူးခြားတဲ့ အဓိပ္ပာယ်မှ မရှိပါဘူး။ ကျုပ်တို့ နိုင်ငံနှစ်ခု ဆုံတွေ့ရခဲတယ်ဆိုတော့ လှပတဲ့ ဇာတ်လမ်းလေးတွေ ချန်ထားခဲ့ရမှာပေါ့။

ကျုပ်က ခင်ဗျားကို လက်ဆောင်ပေးတယ်၊ သတင်းထောက်တွေက အဲဒါကို မှတ်တမ်းတင်ပြီး တစ်လောကလုံးကို ဖြန့်ဝေပေးမယ်။ ဒီလောက်ထိ ရိုးရှင်းပါတယ်။”

ဖါးပါးသည် မတတ်သာဘဲ ခေါင်းညိတ်လိုက်၏။ “ညီလေးဖန်ရဲ့ စေတနာကို ကျုပ် လက်ခံပါတယ်။ မကြာသေးခင်က ခင်ဗျား မြို့တော်မှာ ချည်မျှင်နဲ့ အထည်စက်ရုံ လုပ်နေပြီး အမျိုးသမီး အလုပ်သမားတွေ အများကြီး ခေါ်ထားတယ်လို့ ကြားတယ်။ ဟုတ်လား။”

ဖန်ကျန်းရီ သူ့ကို တစ်ချက် စွေကြည့်လိုက်သည်။ “ဆရာတော်ဖါးပါးရဲ့ သတင်းက အရမ်း တိကျတာပဲ။ ချည်မျှင်နဲ့ အထည်စက်ရုံ အကြောင်း ပြောရရင် အနာဂတ်မှာ ခင်ဗျားနဲ့ ကျုပ်နဲ့ အများကြီး ပတ်သက်လာနိုင်တယ်။

နောက်ပိုင်းဆို ကျုပ်တို့က သိုးမွေးသုံးပြီး အဝတ်အထည်လုပ်ဖို့ စက်ရုံအသစ်တောင် ထပ်ဆောက်ချင် ဆောက်မှာ။ အဲဒီအချိန်ကျရင် ကျုပ်တို့ နိုင်ငံနှစ်ခု စီးပွားရေး လမ်းကြောင်း ပွင့်သွားရင် ခင်ဗျားတို့ဆီမှာ သိုးမွေး ဘယ်လောက်ရှိရှိ ကျုပ်တို့က ဈေးကောင်းကောင်းနဲ့ အကုန်ဝယ်မယ်။”

ဖါးပါး၏ မျက်လုံးများ အရောင်လက်သွား၏။ “ဒီစကား တကယ်လား။”

“တကယ်ပေါ့။ လုံးဝ တကယ်။”

ဖါးပါးက ပြုံးလိုက်သည်။ “ကောင်းပြီ။ ဒါဆိုရင် ညီလေးဖန် ကျုပ်တို့ နိုင်ငံရဲ့ သိုးမွေးတွေကို လာဝယ်မယ့် အချိန်ကို မျှော်လင့်နေပါမယ်။ အခု အချိန်လည်း မစောတော့ဘူး။ ကျုပ် သွားရတော့မယ်။ ဒီမှာပဲ နှုတ်ဆက်ပါတယ်။”

ဖန်ကျန်းရီ လက်သီးဆုပ်လိုက်၏။

ဖါးပါး လှည့်ထွက်သွားပြီး ခြံဝင်းအတွင်းရှိ အရာရှိများကို တစ်ဦးချင်းစီ နှုတ်ဆက်နေသည်။

လူအားလုံးကို ပြန်ခေါ်ပြီးနောက် အပြန်ခရီးအတွက် လှည်းယာဉ်တန်းပေါ်သို့ တက်သွားတော့၏။

…

လမ်းတွင် ချီလျဲ့သည် မြင်းစီးလာရင်း သံမျှော်စင်ကြီး တစ်ခုကဲ့သို့ အလွန် တောင့်တင်းခိုင်မာသော ခံစားချက်ကို ပေးစွမ်းနေသည်။

သို့ပေမည့် ယခုအချိန်တွင်တော့ စိတ်အားထက်သန်မှု အနည်းငယ် လျော့နည်းနေပုံရ၏။

လှည်းယာဉ်ပေါ်တွင် မျက်လုံးမှိတ်ကာ အနားယူနေသော ဖါးပါးအား ကြည့်၍ အနည်းငယ် ဒေါသသံဖြင့် ပြောလိုက်သည်။ “ဆရာဖါးပါး… ဘာလို့ ကျုပ်ကို ကျန်းပြောင်ဆီ သွားခွင့် မပေးတာလဲ။”

“မလိုပါဘူး။ ရှုံးတာက ရှုံးတာပဲ။ ရှက်စရာ မရှိပါဘူး။”

ဖါးပါးက မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ “အဆင့်အတန်း နိမ့်တဲ့ ကောင်လေး တစ်ယောက် အတွက်ကို မင်းက ဘာလို့ ဒီလောက် ခေါင်းထဲ ထည့်ထားရတာလဲ။

ကူးသန်းရောင်းဝယ်ရေးကမှ အရေးကြီးတဲ့ ကိစ္စပဲ။ ခန်မင်းကြီးက သံထည်ပစ္စည်းတွေ အရမ်း လိုအပ်နေတယ်။ အကယ်၍ နောက်ဆယ်နှစ် အတွင်းမှာ ငွေရောင်ဝံပုလွေ မြင်းတပ်ဖွဲ့ နောက်ထပ် အနည်းငယ် ထပ်ဖွဲ့နိုင်ရင်၊ အဲဒီအချိန်ကျရင် ကျင်းတိုင်းပြည်က အသတ်ခံရဖို့ စောင့်နေတဲ့ သိုးသူငယ်လို ဖြစ်သွားမှာပဲ။ မင်းက ဘာလို့ ဒီလောက် လောနေရတာလဲ။

ကျန်းပြောင်က ဘာမှ မဟုတ်ဘူး။ ဖန်ကျန်းရီကမှ ရန်သူကြီးပဲ။

ကျန်းကျန် ရေဘေး၊ စားနပ်ရိက္ခာ ရှားပါးမှု၊ အကျင့်ပျက် အရာရှိတွေကို သတ်တာ၊ တောက်ယွမ်ခရိုင်၊ ပန်းရှန်းရပ်ကွက်… ဒီလူက တိုင်းပြည်ရဲ့ အမာခံထောက်တိုင်ကြီးလို့ ခေါ်လို့ရတယ်။”

သူ ထိုသို့ ပြောလိုက်သောအခါ ချီလျဲ့၏ အာရုံစူးစိုက်မှုသည် ချက်ချင်း ပြောင်းလဲသွား၏။ “ဒီလူက အရာရှိလောကမှာ ထူးဆန်းတဲ့ သူတစ်ယောက်လို့ ခင်ဗျား ပြောဖူးတာ ကျုပ် မှတ်မိတယ်။ သူ့ရဲ့ အရည်အချင်းက ဒီလောက် ကောင်းနေတာကို ဘာလို့ ဖယ်ကြဉ်ခံနေရသေးတာလဲ။”

ဖါးပါးက ဟားဟား ရယ်မောလိုက်သည်။ “ဒါက ကျင်းတိုင်းပြည်ရဲ့ အရာရှိလောကပဲလေ။ အတွင်းရေး တိုက်ပွဲတွေပေါ့။”

“မင်း နားမလည်ပါဘူး။ သူ ဘယ်လောက်ပဲ အောင်မြင်မှုတွေ ရခဲ့ပါစေ၊ ဒီအစိုးရ အဖွဲ့အစည်း အတွင်းမှာ ရှိနေသရွေ့၊ ကျန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူရခဲ့တဲ့ အောင်မြင်မှုတွေက အစိုးရကို အမှီပြုပြီး ရခဲ့တာလို့ပဲ ထင်ကြမှာပဲ။

တခြားတစ်နည်း ပြောရရင် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အမြင်မှာ အစိုးရ မရှိရင် သူက ဘာမှမဟုတ်ဘူး။ ဖန်ကျန်းရီက ကိစ္စတချို့ အောင်မြင်ခဲ့ရင်တောင် သူတို့ရဲ့ရင်ထဲမှာတော့ ကံကောင်းလို့ ဖြစ်သွားတာလို့ပဲ ထင်ကြမှာပါ။ ဒီလောက် ရိုးရှင်းတယ်။”

ချီလျဲ့ မျက်မှောင်ကြုတ်သွား၏။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျင်းတိုင်းပြည်က အမတ်တွေ အကုန်လုံး မျက်စိကန်း နေကြတာလား။”

“ပွဲကနေတဲ့ သူက တွေဝေတတ်တယ်။ သေချာတာကတော့ သူတို့ အားလုံးက မျက်စိကန်း နေတာတော့ မဖြစ်နိုင်ပါဘူး။”

ချီလျဲ့ ခဏမျှ စဉ်းစားလိုက်သည်။ “ဒါဆို… ခင်ဗျား ဧည့်ဂေဟာမှာ ထားခဲ့တဲ့ ပစ္စည်းတွေက အသုံးဝင်ပါ့မလား။ အရမ်း ရိုးရှင်းလွန်းနေမလား။”

“ကျင်းတိုင်းပြည်က လူတွေက အရမ်း ကောက်ကျစ်တယ်။ သူတို့ သေချာပေါက် ကြည့်မှာပါ။ အထူးသဖြင့် ကျန်းရှီ အဲဒီမှာ ရှိနေတယ်လေ။ သူနဲ့ ဖန်ကျန်းရီ အဆင်မပြေဘူး ဆိုတာ လျှို့ဝှက်ချက် မဟုတ်တော့ဘူး။”

နေ့လယ်လောက်ကျရင်၊ ကျုပ်တို့ မေ့ကျန်ခဲ့တဲ့ ပစ္စည်းတွေကို သွားယူဖို့ လူလွှတ်လိုက်။ အခြေအနေ ဘယ်လောက်အထိ ဆိုးသွားမလဲ ဆိုတာကတော့… ကံကြမ္မာ အပေါ်မှာပဲ မူတည်တော့မှာပေါ့။”

ဖါးပါးက ပေါ့ပေါ့ဖါးပါး ပြောလိုက်ပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ရှေ့မှ လှည်းယာဉ်တန်းဆီသို့ အော်ခေါ်လိုက်၏။ “လိဟန် … ဒီလာခဲ့။”

ရှေ့မှ လှည်းယာဉ်တန်းနှင့် အတူ လိုက်ပါလာသော လိဟန်သည် ဖါးပါး အနားသို့ ချက်ချင်း အပြေးလေး ရောက်လာသည်။

“ဆရာဖါးပါး… ဘာအမိန့် ရှိပါသလဲ။”

“ခုနက ဖန်ကျန်းရီ မင်းကို သတင်းထောက်တွေနဲ့ အပြင်ထွက်ခိုင်းတော့ မင်း သူတို့ကို ဘာတွေ ပြောလိုက်လဲ။ အစအဆုံး ငါ့ကို ပြန်ပြောပြစမ်း။”

“ဘာမှ ထူးထူးခြားခြား မပြောပါဘူး။ အရင်ဆုံး ကျုပ်ကို ကိုယ့်တိုင်းပြည် ဘာသာစကားနဲ့ မြို့တော်က ပြည်သူတွေကို ဆုတောင်းစကား ပြောခိုင်းတယ်။ ပြီးတော့ ကျင်းတိုင်းပြည် ဘာသာစကားနဲ့ ထပ်ပြောခိုင်းတယ်။” လိဟန်သည် ခေါင်းကို စောင်းကာ အစောပိုင်းက အင်တာဗျူးတွင် ထိုသူများ သူ့အား သင်ပေးခဲ့သော စကားများကို ပြန်လည် စဉ်းစားနေ၏၊

ထို့နောက် သူသည် လည်ပင်းကို ဆန့်ထုတ်ကာ မျက်လုံးကို ပြူး၍ လက်မကို ထောင်လျက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ကျုပ်တို့ ကျင်းတိုင်းပြည်က တကယ်ကို အရမ်း မိုက်တာပဲ။ မြောက်ပိုင်းရုန်ရဲ့ အသားကင်က မစားကောင်းဘူး။ ကျင်းတိုင်းပြည်က အမွှေးအကြိုင်တွေ ထည့်မှ စားကောင်းတာ။ နောက်ဘဝကျရင်လည်း ကျင်းတိုင်းပြည်သားပဲ ဖြစ်ချင်တယ်။”

“ဖြန်း။”

ပြင်းထန်ပြီး အရှိန်ပြင်းသော ပါးရိုက်သံကြီး တစ်ချက် လိဟန်၏ မျက်နှာပေါ်သို့ ကျရောက်သွား၏။

လိဟန် တစ်ယောက် မျက်လုံးထဲတွင် ကြယ်တွေ လမင်းတွေ မြင်သွားပြီး ခဏတာမျှ ကြောင်အလို့နေသည်။

အမြင်အာရုံ တဖြည်းဖြည်း ပြန်လည် ရှင်းလင်းလာသောအခါ မဲမှောင်နေသော မျက်နှာနှင့် ဖါးပါးက သူ့ကို ကြည့်ကာ အံကြိတ်၍ ပြောလိုက်၏ “ထွက်သွားစမ်း။”

All Chapters