← Chapters

အခန်း ၃၉၆

Vol. 22 Ch. 396

အခန်း ၃၉၆

Vol. 22 Ch. 396

အပိုင်း (၃၉၆) တိုင်းပြည် သစ္စာဖောက် ဖန်ကျန်းရီ။

နိုင်ငံတော် ဧည့်ဂေဟာ အတွင်း၌။

မြောက်ပိုင်း ရုန် သံတမန်အဖွဲ့ ထွက်ခွာသွားသည်နှင့်အမျှ လူများလည်း တဖြည်းဖြည်း လူစုကွဲသွားကြ၏။

ဖန်ကျန်းရီသည်လည်း အခြားသူများနှင့် စကားမပြောဖြစ်ခဲ့ချေ။

ကျန်းရှီကတော့ ပြောစရာပင် မလိုချေ။ သူတို့နှစ်ယောက်က အမြဲတမ်း အဆင်မပြေခဲ့ကြသည်မဟုတ်ပါလား။

နိုင်ငံတော် ဧည့်ဂေဟာ တာဝန်ခံ အမတ်ကြီး ချန်ဟုန်နှင့်လည်း သူ ဘုံစကားပြောစရာ သိပ်မရှိလှပေ။ ထို့ကြောင့် အိမ်ရှေ့စံနှင့် သတင်းထောက်များကို ခေါ်ကာ သတင်းဆောင်းပါးများ ပြင်ဆင်ရန် ပြန်သွားလိုက်တော့သည်။

ယနေ့ စီးပွားရေး လျှို့ဝှက်ချက် တစ်ခုကို ရလိုက်သည်။ မနက်ဖြန် သတင်းစာက သေချာပေါက် အရောင်းသွက်မှာပင်။ ကျင်းတိုင်းပြည် က ထိုအရာမျိုးကို ဖတ်ရတာ အလွန်ကြိုက်ကြ၏။

နိုင်ငံခြားသားများက ကျင်းတိုင်းပြည်ကို လေးစား အားကျသည်ဆိုသော စာမျိုးကို ဖတ်ရလျှင် သူတို့ တစ်ကိုယ်လုံး ယုံကြည်မှုတွေနှင့် ပြည့်နှက်သွားပေလိမ့်မည်။

ထိုသို့ဆိုလျှင် ပန်းရှန်းသတင်းစာ၏ လူကြိုက်များမှုနှင့် ယုံကြည်မှုက ပြည့်ဝသည့်အပြင် ထပ်မံ တိုးတက်လာပေဦးမည်။

ထိုအချိန်တွင် ခြံဝင်းအတွင်း၌ အရာရှိငယ် အချို့ အဝင်အထွက် ပြုလုပ်နေကြဆဲ ဖြစ်၏။

ချန်ဟုန်နှင့် ကျန်းရှီတို့သည် ခြံဝင်းထဲတွင် ရပ်နေကြပြီး ချန်ဟုန်က မုခ်ဦးဘက်သို့ လှမ်းကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။ “ဒီတစ်ခေါက် တကယ် ရေးကြီးခွင်ကျယ် လုပ်လိုက်တာပဲ။ မြောက်ပိုင်း ရုန်သံတမန်အဖွဲ့က ဒီလောက် ကြာကြာ နေလိမ့်မယ်လို့ မထင်ထားဘူး။ နိုင်ငံနှစ်ခု ကူးသန်းရောင်းဝယ်ရေးက တကယ်ပဲ အောင်မြင်သွားပြီနော်။”

ကျန်းရှီက ဖွဖွလေး ပြုံးလိုက်၏။ “အရှင်မင်းကြီးကလည်း ဒီကိစ္စကို ဖြစ်မြောက်ချင်နေတာလေ။ နိုင်ငံတော် ဘဏ္ဍာတိုက်ကလည်း ဟာလာဟင်းလင်း ဖြစ်နေပြီ။ ထပ်တိုက်ရင် ကျုပ်လည်း ဘဏ္ဍာရေးအမတ် ဆက်လုပ်နေစရာ မလိုတော့ဘူး။ ကျုပ်ရဲ့ အရိုးဟောင်းကြီးကို ညှစ်ထုတ်ရင်တောင် ပိုက်ဆံ ထွက်လာမှာ မဟုတ်ဘူး။”

ချန်ဟုန်က ဟားဟား ရယ်မောလိုက်သည်။ “အဓိပ္ပာယ် ရှိတယ်။ ဒါပေမဲ့ အမတ်ကြီးဖန်ကတော့ တကယ် ပိုက်ဆံပေါတာပဲ။ ဒီလောက်များတဲ့ တာ့ဖင် ထျန်းရှန်း လက်ဖက်ခြောက်တွေနဲ့ စိန်တွေကိုတောင် ရှာနိုင်သေးတယ်။

လှည်း အစီးရေ တော်တော်များများတောင်… ဟူး… ဒီလောက် ရှားပါးတဲ့ ပစ္စည်းတွေကိုတောင် ရှာနိုင်တယ်ဆိုတော့ တော်တော် အရည်အချင်း ရှိတာပဲ။”

ဖန်ကျန်းရီ၏ နာမည်ကို ကြားလိုက်သည်နှင့် ကျန်းရှီ၏ မျက်နှာတွင် ချက်ချင်းပင် မနှစ်မြို့သော အမူအရာ ပေါ်လာသော်လည်း မကြာမီ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

သူက အေးစက်စက် အသံဖြင့် ပြောလိုက်သည်။ “တောက်ယွမ်ခရိုင်ရဲ့ ကြွယ်ဝချမ်းသာမှုကို အခု လူတိုင်း သိနေကြတာပဲလေ။ ဖန်ကျန်းရီ ပိုက်ဆံပေါတာ သဘာဝကျပါတယ်။ အရှင်မင်းကြီး ကိုယ်စား သံတမန်အဖွဲ့ကို လက်ဆောင်ပြန်ပေးနိုင်တယ် ဆိုတော့… သေချာပေါက် အရည်အချင်း နည်းနည်းတော့ ရှိမှာပေါ့။”

ချန်ဟုန် မျက်မှောင်ကြုတ်သွား၏။

အရှင်မင်းကြီး ကိုယ်စား လက်ဆောင် ပြန်ပေးတယ်တဲ့။ ဒီစကားကို မဆင်မခြင် ပြောလို့ မရဘူးနော်။

အဆင့်ကျော်သွားပြီ။

ခင်ဗျားတို့ နှစ်ယောက် အဆင်မပြေဘူးဆိုတာ အားလုံး သိပေမဲ့ လွန်လွန်ကျူးကျူး ပြောစရာ မလိုပါဘူး။ ခင်ဗျားသားလည်း စာမေးပွဲ အောင်သွားပြီပဲ။ ပြောချင်ရင်တောင် ကျုပ်ကို လာမပြောနဲ့။

ချန်ဟုန်က ဤအကြောင်းအရာကို ရပ်တန့်ရန် ပြင်လိုက်စဉ်မှာပင် အရာရှိငယ်တစ်ဦး သူတို့နှစ်ယောက်ထံ အပြေးအလွှား ရောက်လာ၏။ ပြီးနောက် ချွေးသံတရွဲရွဲဖြင့် ပြောလိုက်သည်။ “အမတ်ကြီးတို့။ မြောက်ပိုင်း ရုန် သံတမန်အဖွဲ့ရဲ့ ပစ္စည်းတွေ ကျန်နေခဲ့ပါတယ်။ သူတို့ ပစ္စည်းတွေ စစ်ဆေးတုန်းက အခန်းတစ်ခန်း ကျန်ခဲ့တာပါ။”

ချန်ဟုန် အံ့အားသင့်သွား၏။ “ဘာ။ အခန်းတစ်ခန်းစာ ပစ္စည်းတွေ အကုန် ကျန်ခဲ့တာလား။ မြန်မြန် .. သွားကြည့်ရအောင် လမ်းပြ။”

အရာရှိငယ်က ခေါင်းညိတ်ပြပြီး ချက်ချင်း လှည့်ကာ လမ်းပြပေးလိုက်သည်။

ချန်ဟုန်နှင့် ကျန်းရှီတို့လည်း အနောက်မှ အနီးကပ် လိုက်ပါသွားကြ၏။

ဧည့်ဂေဟာရှိ ပစ္စည်းများ သိမ်းဆည်းထားသော အခန်းသို့ ရောက်သောအခါ သေတ္တာကြီး ခြောက်လုံးကို ကြည့်ပြီး ချန်ဟုန်သည် ထပ်မံ၍ မျက်မှောင်ကြုတ်သွားပြန်သည်။

ဤသည်ကား နောက်ဆုံးအခန်းဖြစ်သည့်အပြင် အလင်းရောင် ကောင်းစွာ မကျရောက်သော ထောင့်ကွယ်၌ ရှိနေသည်ဖြစ်ရာ မေ့ကျန်ရစ်ခဲ့ရန် အလွန်ပင် ဖြစ်နိုင်ခြေ များ၏။ သို့သော်ငြားလည်း မြောက်ပိုင်းရုန် သံတမန်အဖွဲ့ကမူ အလွန်တရာ ပေါ့ဆလွန်းလှပသည်။ အခန်းတစ်ခန်းစာမျှ ရှိသည့် ပစ္စည်းပစ္စယများကိုပင် မေ့ကျန်ရစ်ခဲ့ကြသည်လား။

ထို့ကြောင့် ဘေးရှိ အရာရှိငယ်အား ချက်ချင်း အော်ခေါ်လိုက်၏။ “သံတမန်အဖွဲ့ရဲ့ ပစ္စည်းတွေ ဟုတ်တယ်။ သူတို့ အဝေးကြီး ရောက်လောက်အုံးမှာ မဟုတ်ဘူး။ မြန်မြန်၊ သံတမန်အဖွဲ့ကို လာယူဖို့ အမြန်မြင်းနဲ့ သွား အကြောင်းကြားလိုက်။”

အရာရှိငယ် အလောတကြီး အပြင်ထွက်ရန် ပြင်လိုက်စဉ် ကျန်းရှီက လက်တားလိုက်သည်။

“နေအုံး။ မလောနဲ့အုံး။”

“အမတ်ကြီးကျန်း… ဒါက ဘာသဘောလဲ။” ချန်ဟုန် အနည်းငယ် ဇေဝဇဝါ ဖြစ်သွား၏။

ကျန်းရှီ၏ မျက်နှာထား လျှို့ဝှက်ဆန်းကြယ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ “ခင်ဗျား… ဒီအထဲမှာ ဘာတွေ ပါလဲဆိုတာ မသိချင်ဘူးလား။ တကယ်လို့ အသုံးဝင်တဲ့ ပစ္စည်းတွေ ပါနေရင်ရော။”

“ဒါက… သိပ်မကောင်းဘူးထင်တယ်။” ထိုသို့ ပြောလာမှ ချန်ဟုန် သဘောပေါက်သွားပြီး စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွား၏။

“မြောက်ပိုင်း ရုန်တွေက နယ်စပ်က ရန်သူကြီးတွေလေ။” ကျန်းရှီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဒါဆိုလည်း ကြည့်တာပေါ့။” ဤအချိန်တွင် ချန်ဟုန်သည် လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်း လက်ခံလိုက်၏။

ရုန်နိုင်ငံရဲ့ ပစ္စည်းတွေဆိုတော့ ဘာကိုယ်ကျင့်တရားမှ လိုက်စောင့်ထိန်းနေစရာ မလိုဘူး။ ကြည့်ရုံပဲလေ။

“မင်း အပြင်ထွက်သွား။ ဧည့်ဂေဟာ အပြင်ဘက်မှာ လူတချို့ ထပ်ချထားလိုက်။ တကယ်လို့ မြောက်ပိုင်း ရုန်တွေ လာရှာရင် အထဲကို ပေးမဝင်နဲ့။ ဒီကို အရင် လာအကြောင်းကြား။”

“ကောင်းပါပြီ” အရာရှိငယ်က ပြန်ဖြေပြီး အပြင်သို့ ထွက်သွားသည်။

အခန်းထဲတွင် အလင်းရောင် သိပ်မရှိသဖြင့် အလွန် မှောင်မိုက်နေ၏။

သူတို့နှစ်ယောက်သည် သေတ္တာတစ်လုံးကို ရွေးကာ ဖြည်းဖြည်းချင်း ဖွင့်လိုက်ကြပြီး ခေါင်းပြု၍ သေချာစွာ ကြည့်ရှုလိုက်ကြသည်။

သေတ္တာထဲတွင် စာအုပ်များ အပြည့် ပါရှိပြီး… ကျင်းတိုင်းပြည် ဈေးကွက်ထဲတွင် ရှိသော စာအုပ်များ အားလုံးနီးပါး ဤသေတ္တာကြီး တစ်လုံးထဲတွင် ရှိနေ၏။

ချန်ဟုန်က သက်ပြင်းချလိုက်သည်။ “ဒီဆရာတော်ဖါးပါး က တကယ်ကို ပညာလိုလားသူပဲ။ ဒီလောက် စာအုပ်တွေ အများကြီး ဝယ်ထားလိမ့်မယ်လို့ မထင်ထားဘူး။ ဒါကြောင့် သူက ကျုပ်တို့ နိုင်ငံအကြောင်း ဒီလောက် သိနေတာကိုး။ စကားပြောကြည့်ရတာ ကျုပ်တို့နဲ့ ဘာမှမကွာဘူး။”

ကျန်းရှီက ခေါင်းညိတ်လိုက်ပြီး ဘာမှ ပြန်မပြောချေ။

ဤအချက်ကို နိုင်ငံနှစ်ခု ကူးသန်းရောင်းဝယ်ရေး ကိစ္စ ဆွေးနွေးစဉ်မှာ အားလုံး သတိထားမိခဲ့ပြီးသားဖြစ်သည်။ ဤလူက စကားပြော အရမ်းကောင်းပြီး အပြုအမူတွေကလည်း စည်းကမ်းတကျ ရှိသည်။

သေချာပေါက် ကြိုးကြိုးစားစား လေ့လာထားတာပဲ ဖြစ်ရမည်။

ထို့နောက် ဒုတိယ သေတ္တာကို ဖွင့်လိုက်ရာ အထဲတွင် ကျင်းတိုင်းပြည် ဈေးကွက်မှ ထွက်ကုန် အမျိုးမျိုး ပါရှိသော်လည်း တန်ဖိုးရှိသော ပစ္စည်းများ သိပ်မပါဝင်ချေ။

သေတ္တာ၏ အတွင်းပိုင်းသို့ရောက်အောင် လှန်လှောကြည့်လိုက်သောအခါ အထဲတွင် အဝတ်အစားများနှင့် ကိုယ်ပိုင် ပစ္စည်းများ ထည့်ထားပုံရသည်။

ချန်ဟုန်က သေချာစွာ ကြည့်ရှုလိုက်၏။ “ဒါက ဖါးပါးရဲ့ အဝတ်အစားတွေပဲ။ အပေါ်က တစ်ထည် သူ ဝတ်ဖူးတာ ကျုပ် မြင်ဖူးတယ်။ အောက်မှာ ဘာတွေ ရှိသေးလဲ မသိဘူး။ ရှုပ်မသွားအောင် သတိထား လုပ်ပါ။”

သူတို့နှစ်ယောက် သတိထား၍ ဖယ်ကြည့်နေစဉ် ချန်ဟုန်၏ မျက်နှာပေါ်တွင် ရုတ်တရက် ဝမ်းသာသွားသော အမူအရာ ပေါ်လာပြီး အောက်ခြေရှိ စာအုပ်တစ်အုပ်ကို ယူကာ ပြောလိုက်သည်။ “ဒါ မြောက်ပိုင်း ရုန် သံတမန်အဖွဲ့ရဲ့ စာရင်းစာအုပ်ပဲ။”

ကျန်းရှီ၏ မျက်နှာပေါ်တွင်လည်း အံ့အားသင့် ဝမ်းသာသွားသော အမူအရာ ပေါ်လာ၏။ “ကျုပ်ကို မြန်မြန် ဘာသာပြန်ပြစမ်း။ အပေါ်မှာ ဘာတွေ ရေးထားလဲ။”

ချန်ဟုန်သည် ပြတင်းပေါက်အနီးသို့ တိုးသွားကာ ခေါင်းငုံ့ကြည့်ရင်း ပြောလိုက်သည်။ “ဒါက… အထဲမှာ မြို့တော်မှာ ပစ္စည်းဝယ်တဲ့ အသုံးစရိတ်တွေ မှတ်ထားတယ်။ ပြီးတော့ မြို့တော် နေရာအနှံ့က ပစ္စည်း ဈေးနှုန်းတွေလည်း ပါတယ်။”

“ဟားဟား … ဒီဆရာဖါးပါး က တကယ်ကို သေသပ်လွန်းတယ်။ အပ်တစ်ချောင်းရဲ့ ဈေးနှုန်းကိုတောင် မှတ်ထားသေးတယ်။”

ကျန်းရှီ၏ ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားလာ၏။ ကြည့်ရသည်မှာ ကံကောင်းပုံရသည်။ အထဲတွင် တကယ်ပဲ ပစ္စည်းကောင်းများ ပါနေသည်။

ချန်ဟုန်က သူ့နားနား ကပ်၍ ရေရွတ်နေစဉ်၊ သူကတော့ သေတ္တာထဲတွင် ဆက်လက် ရှာဖွေနေခဲ့ရာ မကြာမီ မှတ်တမ်းစာအုပ် အချို့နှင့် စာရေးထားသော ပိုးထည် အချို့ကို ထပ်မံ ရှာတွေ့ခဲ့သည်။

ကျန်းရှီက အလောတကြီး ကမ်းပေးလိုက်၏။ “ဒါတွေ ထပ်ကြည့်စမ်း။ အပေါ်မှာ ဘာတွေ ရေးထားလဲ။”

ချန်ဟုန်သည် ပိုးထည်ကို အရင်ဆုံး ယူ၍ တစ်ချက် ကြည့်လိုက်ပြီး တုန်ယင်စွာဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ဒါ… ဒါက ခန်မင်းကြီး ဝူထူ ဆီက သူ့ကို ပေးတဲ့ အမိန့်စာပဲ ဖြစ်ရမယ်… အပေါ်မှာ သူ့ရဲ့ တံဆိပ်တုံးတောင် ပါသေးတယ်။”

“တကယ့်ကို လျှို့ဝှက် ပစ္စည်းတွေပဲ။ ဒီလို ပစ္စည်းမျိုးကိုတောင် မေ့ကျန်ခဲ့တယ်ပေါ့။”

“ဘာရေးထားလဲ။ ခင်ဗျား ဘာသာပြန်လေ။” ကျန်းရှီက လည်ပင်းရှည်ကာ အလောတကြီး ပြောလိုက်၏။

ချန်ဟုန် အမြန် ခေါင်းခါပြလိုက်သည်။ “ဘာအရေးကြီးတဲ့ အကြောင်းအရာမှ မပါပါဘူး။ တာဝန်ပေးအပ်တာတွေ၊ မှာကြားတာတွေ အများစုပါပဲ။”

သူသည် ခန်မင်းကြီး ဝူထူ၏ အမိန့်စာကို ကြည့်ပြီးနောက် အခြား မှတ်တမ်းစာအုပ်များကို ထပ်ယူကာ အမြန် ဖတ်ကြည့်လိုက်၏။ “ဒါတွေကလည်း သာမန်ပါပဲ။”

“အကုန်လုံးက စာရင်းစာအုပ်တွေ၊ ပစ္စည်းဈေးနှုန်းတွေ၊ ဒေသန္တရ ဓလေ့ထုံးစံတွေ၊ ပြီးတော့ ကျုပ်တို့ ကျင်းတိုင်းပြည် အရာရှိလောကက အမတ်တွေရဲ့ နာမည်စာရင်းတွေ မှတ်ထားတာ။ ဟင် … ဒီဖါးပါး က ကျုပ်နဲ့ ပြောခဲ့ဖူးတဲ့ စကားတွေကိုတောင် အပေါ်မှာ မှတ်ထားသေးတယ်။

မြောက်ပိုင်း ရုန်လို လူရိုင်း နိုင်ငံမျိုးမှာ ဒီလို လူတော်မျိုး ရှိလိမ့်မယ်လို့ မထင်ထားဘူး။”

ချန်ဟုန်က တတွတ်တွတ် ပြောရင်း ဖါးပါးအား မရပ်မနား ချီးကျူးနေစဉ်၊ သူ၏ အကြည့်များ ရုတ်တရက် ရပ်တန့်သွားပြီး လည်ချောင်းထဲတွင် တစ်စုံတစ်ခု နင်သွားသကဲ့သို့ ဖြစ်သွား၏။

မှတ်တမ်းစာအုပ်ပေါ်ရှိ အကြောင်းအရာများကို ကြည့်ရင်း သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။

သူ၏ ထိုအမူအရာကို မြင်လိုက်ရသည့်အခါ ကျန်းရှီ ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး အပေါ်ရှိ အကြောင်းအရာများကို လက်ညှိုးထိုးကာ လောဆော်လိုက်၏။ “ဒီမှာ ဘာရေးထားလဲ။ အရေးကြီးတဲ့ အကြောင်းအရာတွေ ပါနေလို့လား။ ငေးမနေနဲ့၊ မြန်မြန် ဘာသာပြန်လေ။”

ချန်ဟုန်သည် မှတ်တမ်းစာအုပ်ကို စိုက်ကြည့်နေပြီး သူ၏ အကြည့်များမှာ မတည်မငြိမ် ဖြစ်နေ၏။ ထို့နောက် ခေါင်းကို တောင့်တင်းစွာ မော့လာပြီး ကျန်းရှီကို ကြည့်ကာ တံတွေး မြိုချရင်း ပြောလိုက်သည်။ “ဒီအပေါ်မှာ ပြောထားတာက…

ဖန်ကျန်းရီက ဖါးပါးကို ကတိပေးထားတယ်တဲ့… နိုင်ငံနှစ်ခု တကယ်လို့ ကူးသန်းရောင်းဝယ်ဖြစ်ရင် တောက်ယွမ်ခရိုင်ကနေ သံထည်ပစ္စည်း အမြောက်အမြား ထောက်ပံ့ပြီး သူတို့နဲ့ အရောင်းအဝယ် လုပ်မယ်တဲ့။ အဲဒီအတွက် ဖါးပါးက သူ့ကို ငွေတုံး ခြောက်သောင်း လက်ဆောင်ပေးခဲ့တယ်တဲ့။ အကျိုးဆောင်ခ အနေနဲ့ပေါ့။

ဒီအပေါ်မှာ သူတို့နှစ်ယောက် လျှို့ဝှက် တိုင်ပင်ခဲ့တဲ့ အကြောင်းအရာတွေကို စာမျက်နှာ ငါးမျက်နှာ အပြည့် ရေးမှတ်ထားတယ်။”

All Chapters