အခန်း ၃၉၇
Vol. 22 Ch. 397
အပိုင်း (၃၉၇) နိုင်ငံတော် ဧည့်ဂေဟာ ပြင်ဆင်ရန် လိုအပ်နေပြီ။
ကျန်းရှီ၏ မျက်လုံးထဲတွင် ချက်ချင်းပင် အံ့အားသင့် ဝမ်းသာသွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် မြန်မြန် ပြန်လည် ထိန်းချုပ်လိုက်၏။
သို့နောက် ချန်ဟုန်ကို ကြည့်ကာ တည်ကြည်စွာ ပြောလိုက်သည်။ “ခင်ဗျား သေချာ ကြည့်ပြီးပြီလား။ ဒါက သေးငယ်တဲ့ ကိစ္စ မဟုတ်ဘူး။ ကျုပ်တို့နဲ့ မြောက်ပိုင်းရုန်တွေ ကူးသန်းရောင်းဝယ်ရေး စည်းမျဉ်းတွေထဲမှာ သံသတ္တုတော့ ပါဝင်ပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းရုန်တွေ အင်အား ကြီးမားလာမှာကို စိုးရိမ်တဲ့အတွက် တင်းကျပ်စွာ ကန့်သတ်ထားတယ်။ တကယ်လို့ ဖန်ကျန်းရီက မြောက်ပိုင်းရုန်တွေနဲ့ တိတ်တဆိတ် ပတ်သက်နေတယ်ဆိုရင် .. ဒါက ရုန်နဲ့ တိတ်တဆိတ် ဆက်သွယ်တာပဲ။ ဒါက နိုင်ငံကို သစ္စာဖောက်တာပဲ။”
ချန်ဟုန်က ခေါင်းငုံ့ကာ အကြိမ်ကြိမ် ပြန်ဖတ်ကြည့်ပြီးနောက် အလွန် ရှုပ်ထွေးသော မျက်နှာထားဖြင့် ပြောလိုက်၏။ “မမှားနိုင်ဘူး။ လုံးဝ မမှားနိုင်ဘူး။”
ကျန်းရှီ သက်ပြင်းချလိုက်ပြီး လက်ကို ဖြည်းဖြည်းချင်း နောက်ပစ်လိုက်သည်။ “ဒီလူက… ဒီလောက်ထိ လောဘကြီးလိမ့်မယ်လို့ မထင်ထားဘူး။ စောစောစီးစီး သိလိုက်ရလို့ တော်သေးတယ်။ မဟုတ်ရင် နောင်တစ်ချိန် ဘယ်လောက်ကြီးတဲ့ ဘေးဒုက္ခ ကြီးတွေ ဖြစ်လာမလဲ မပြောနိုင်ဘူး။”
ချန်ဟုန်က ခေါင်းခါပြပြီး လက်ထဲမှ မှတ်တမ်းစာအုပ်ကို ချထားကာ သေတ္တာကို ပြန်လည် စီစဉ်ပြီး သိမ်းဆည်းလိုက်၏။
ကျန်းရှီကို ကြည့်ကာ တည်ကြည်စွာ ပြောလိုက်သည်။ “အမတ်ကြီးကျန်း… ကျုပ်ထင်တာတော့ ဒီကိစ္စကို အခု ချက်ချင်း ကောက်ချက်ချလိုက်ဖို့က နည်းနည်း လောလွန်းနေတယ် ထင်တယ်။
ခုနက မှတ်တမ်းစာအုပ်ကို ကြည့်ရသလောက် ဖါးပါးက အရမ်းကို သေသပ်တဲ့ သူတစ်ယောက်ပဲ။ ဘယ်လိုလုပ်ပြီး ဒီလောက် ပစ္စည်းတွေ အများကြီးကို အလွယ်တကူ မေ့ကျန်ခဲ့ရမှာလဲ။ ဒါ့အပြင် အထဲမှာ ဝူထူရဲ့ အမိန့်စာနဲ့ သူ့ရဲ့ ကိုယ်ပိုင် ပစ္စည်းတွေတောင် ပါနေသေးတယ်။ ဒီအထဲမှာ လှည့်ကွက်တွေ ရှိနေနိုင်တယ်။ တကယ်လို့ သွေးခွဲတဲ့ အကြံအစည်သာ ဆိုရင်ရော … ”
ကျန်းရှီ ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ ခင်ဗျားပြောတာ အဓိပ္ပာယ် ရှိပါတယ်။ ဒါပေမဲ့… သံတမန်အဖွဲ့ ထွက်သွားခါနီးမှာ ပစ္စည်းတွေကို ဖါးပါး ကိုယ်တိုင် စစ်ဆေးခဲ့တာလား။”
“မဟုတ်ပါဘူး။ တခြားလူတွေ စစ်ဆေးတာပါ။ ဖါးပါးက အဲဒီအချိန်တုန်းက ခြံဝင်းထဲမှာ လူတွေနဲ့ စကားပြောနေတာလေ။”
ကျန်းရှီ စကားပြောရင်း အခန်းထဲတွင် ဟိုဘက်ဒီဘက် လမ်းလျှောက်နေ၏။ စကားပြောရန် ပြင်လိုက်စဉ်မှာပင် တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
တံခါးအပြင်ဘက်မှ အရာရှိငယ်၏ အသံ ထွက်ပေါ်လာ၏။ “အမတ်ကြီးချန် … မြောက်ပိုင်း ရုန် သံတမန်အဖွဲ့က လူတွေ ရောက်လာပါပြီ။ သူတို့ မေ့ကျန်ခဲ့တဲ့ ပစ္စည်းတွေ လာယူတာပါ။”
“သူတို့ကို အထဲခေါ်လာခဲ့။”
ထိုသို့ပြောပြီးနောက် ချန်ဟုန်တို့ နှစ်ယောက်သည် အခန်းတံခါးကို ဖွင့်ကာ ထွက်လာခဲ့ကြသည်။
ခြံဝင်းထဲသို့ ရောက်သောအခါ မြောက်ပိုင်းရုန် သံတမန်အဖွဲ့မှ လူတစ်ဦး စိုးရိမ်တကြီး စောင့်ဆိုင်းနေသည်ကို တွေ့ရ၏။
ချန်ဟုန်ကို မြင်သည်နှင့် ချက်ချင်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “အမတ်ကြီးချန်… ကျုပ်တို့ သံတမန်အဖွဲ့ရဲ့ ပစ္စည်းတချို့ မေ့ကျန်ခဲ့လို့ အထူး လာယူတာပါ။”
သူတို့နှစ်ယောက်သည် မြောက်ပိုင်းရုန် သံတမန်၏ မျက်နှာအမူအရာကို သေချာစွာ စောင့်ကြည့်နေကြ၏။
ကြည့်ရသည်မှာ တကယ်ကို အလွန် စိုးရိမ်နေပုံရပြီး ချွေးသံတရွဲရွဲဖြင့်… စိတ်လှုပ်ရှားမှုများက မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေသည်။
ချန်ဟုန်နှင့် ကျန်းရှီတို့ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် သံတမန်ကို ကြည့်ကာ ပြောလိုက်၏။ “ဘယ်မှာလဲ … ဘယ်လိုလုပ် ဒီလောက် ပေါ့ဆရတာလဲ။ မြန်မြန် သွားကြည့်ကြတာပေါ့။”
သံတမန်က ထပ်မံ၍ အရိုအသေပေးလိုက်ပြီး ဧည့်ဂေဟာ အတွင်းပိုင်းသို့ အမြန် ပြေးဝင်သွားရာ သူတို့နှစ်ယောက်လည်း အနောက်မှ အနီးကပ် လိုက်ပါသွားကြသည်။
မှောင်မိုက်သော အခန်းငယ်လေး အတွင်းသို့ ပြန်ရောက်သောအခါ သံတမန်သည် ရုတ်တရက် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီး အပြုံးလေးဖြင့် ချန်ဟုန်ကို ကြည့်ကာ ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် အမတ်ကြီးချန်။ ဒါတွေပါပဲ။”
ချန်ဟုန်သည် ထိုသူ၏ မျက်နှာအမူအရာကို အကဲခတ်ရင်း ပြုံးကာ ပြောလိုက်သည်။ “အာ … အားနာစရာ မလိုပါဘူး။ ဒါက နိုင်ငံတော် ဧည့်ဂေဟာရဲ့ တာဝန်လစ်ဟင်းမှုလည်း ပါပါတယ်။ သေချာ စစ်ဆေးပြီး ခင်ဗျားတို့ကို စောစော အကြောင်းကြားသင့်တာ။ အပြန်ခရီးအတွက် လှည်းနဲ့ မြင်းတွေ ပြင်ဆင်ပြီးပြီလား။ မရှိရင်လည်း ကျုပ် လူလွှတ်ပြီး ပြင်ဆင်ပေးပါမယ်။”
“ကျေးဇူးတင်ပါတယ် အမတ်ကြီး။ ပြင်ဆင်ပြီးပါပြီ။”
ထပ်မံ၍ အလုပ်ရှုပ်သွားပြီးနောက် ဤတစ်ကြိမ်တွင် ပစ္စည်းများ အားလုံးကို လုံးလုံးလျားလျား သယ်ဆောင် သွား၏။
ချန်ဟုန်နှင့် ကျန်းရှီတို့သည် ခြံဝင်းအပြင်ဘက်တွင် ရပ်လျက် သံတမန်အဖွဲ့၏ မြင်းလှည်းများ ထွက်ခွာသွားသည်ကို ကြည့်နေကြသည်။
“ကျုပ် အမြင်တော့… ဒီကိစ္စက ဟန်ဆောင်ထားတာနဲ့ မတူဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အရှင်မင်းကြီးဆီကို စောစော သတင်းပို့တာ ကောင်းမယ်။”
“ဟုတ်တယ်… ဒါက အရေးကြီးတဲ့ ကိစ္စပဲ။ အမတ်ကြီးချန်… ဒီကိစ္စကို ကျုပ်ပဲ အရှင်မင်းကြီးကို သတင်းပို့လိုက်မယ်။ ခင်ဗျား အပင်ပန်းခံနေစရာ မလိုတော့ဘူး။”
ချန်ဟုန်သည် ကျန်းရှီကို ကြည့်ကာ စိတ်ထဲတွင် အဆက်မပြတ် ချိန်ဆနေ၏။
ကြည့်ရတာ သူက ဖန်ကျန်းရီကို လက်တုံ့ပြန်ချင်နေတာပဲ။ တကယ်လို့ ဒီလူသာ လျှောက်တင်လွှာထဲမှာ ပိုပိုသာသာတွေ ရေးထည့်လိုက်ရင် အဲဒီအခါကျရင် ငါပါ သက်သေအဖြစ် ပါသွားအုံးမှာ။
အကျိုးမရှိတဲ့ အပြင် ပြဿနာပါ အရှာခံရမှာ ဆိုတော့ မဖြစ်ဘူး။ သူ့ကို ဝင်ပါခွင့် ပေးလို့ မဖြစ်ဘူး။
“မလိုပါဘူး။ ဒီကိစ္စက နိုင်ငံတော် ဧည့်ဂေဟာမှာ ဖြစ်တာဆိုတော့ ကျုပ်ပဲ အရှင်မင်းကြီးဆီ တင်ပြတာ ပိုသင့်တော်မယ် ထင်ပါတယ်။” ချန်ဟုန်က အေးတိအေးစက်ဖြင့် စကားတစ်ခွန်း ပြောလိုက်၏။
ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလား။ ကျန်းရှီ မျက်မှောင် ဖြည်းဖြည်းချင်း ကြုတ်သွားသည်။
“သံတမန်အဖွဲ့က အခန်းတစ်ခန်းစာ ပစ္စည်းတွေကိုတောင် မေ့ကျန်ခဲ့နိုင်တယ်ဆိုတော့ ဧည့်ဂေဟာရဲ့ အနေအထားက အရမ်း ဆိုးနေလို့များလား။ ခုနက အခန်းထဲမှာ အလင်းရောင် လုံးဝ မကောင်းတာကို ကျုပ် မြင်လိုက်တယ်။
နိုင်ငံခြား သံတမန်အဖွဲ့တွေကို လက်ခံတွေ့ဆုံဖို့ သုံးတာဆိုတော့ နည်းနည်းတော့ မလေးမစား လုပ်ရာ ကျနေသလိုပဲ။ ပစ္စည်းတွေ ထားဖို့ဆိုရင် နေရာ သေသေချာချာ ရှိသင့်တာပေါ့။”
“ …….”
ချန်ဟုန် မျက်လုံး အပြူးသား ဖြစ်သွားပြီး ညည်းတွားလိုက်၏။ “ဟုတ်ပါတယ်။ ကျုပ်တို့ရဲ့ နိုင်ငံတော် ဧည့်ဂေဟာက ပြင်ဆင်မှုမရှိတာ ကြာပြီဆိုတော့ နိုင်ငံခြား ဧည့်သည်တွေကို မလေးမစား လုပ်ရာ ကျနေတာပေါ့။”
ဒါပေမဲ့ ဒါလည်း ဘာမှ မတတ်နိုင်ဘူးလေ။ နိုင်ငံတော် ဘဏ္ဍာတိုက်က ကျပ်တည်းနေတာကိုး…”
“ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ။ နိုင်ငံခြား ဧည့်သည်တွေကိုတော့ ဆင်းရဲခံခိုင်းလို့ မဖြစ်ဘူးလေ။”
ကျန်းရှီက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “မဟုတ်ရင် ကျုပ်တို့ ကျင်းတိုင်းပြည်ရဲ့ မျက်နှာ ဘယ်မှာ ထားရတော့မလဲ။ နောက်နှစ်ပေါ့၊ နောက်နှစ် နွေဦးပေါက်ရင် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံတော် ဧည့်ဂေဟာကို ငွေတစ်သိန်း ချပေးမယ်၊ ပြန်လည် မွမ်းမံပြင်ဆင်ဖို့ပေါ့။ ခင်ဗျား ဘယ်လိုထင်လဲ။”
ချန်ဟုန် အဆက်မပြတ် ခေါင်းညိတ်လိုက်ပြီး ရင်ထဲတွင် ပျော်ရွှင်သွား၏။ “ကောင်းတာပေါ့။ အရမ်း ကောင်းတာပေါ့။ ဒါဆို ကျုပ်က အမတ်ကြီးကျန်းကို ကျေးဇူးတင်ပါတယ်
မြောက်ပိုင်း ရုန်သံတမန်အဖွဲ့က အခုလေးတင် ထွက်သွားတာဆိုတော့၊ ကျုပ်က အောက်က ရုံးစာတွေကို ပြန်စစ်ဆေးရအုံးမယ်။ တကယ်ကို အလုပ်များနေတာ။
“ဖန်ကျန်းရီရဲ့ ကိစ္စကိုတော့… အမတ်ကြီးကျန်းကိုပဲ ကျုပ် ကိုယ်စား အရှင်မင်းကြီးဆီ တင်ပြပေးဖို့ အကူအညီ တောင်းပါရစေ။ ဒါက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ။ အားနာစရာ မလိုပါဘူး။”
ကျန်းရှီ ဖွဖွလေး ပြုံးလိုက်၏။ “ဒါဆိုရင် ခင်ဗျားပဲ အရင် အလုပ်ဆက်လုပ်လိုက်ပါ။ ကျုပ် သွားတော့မယ်။”
“အာ… ဖြည်းဖြည်း သွားပါ။ ကျုပ် လိုက်ပို့ပါ့မယ်…”
…
ဝူမင်းသား အိမ်တော် အတွင်း၌။
ကျန်းရှီသည် တည်ငြိမ်သော မျက်နှာထားဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်ကာ လက်ဖက်ရည် တစ်ငုံ သောက်လိုက်၏။
“မင်းသား… ကိစ္စကတော့ ယေဘုယျအားဖြင့် ဒီလိုပါပဲ။ မင်းသား ဘယ်လိုထင်လဲ မသိဘူး။”
ဝူမင်းသားသည် ဧည့်ခန်းမ အလယ်တွင် ထိုင်လျက် လက်ထဲမှ ယပ်တောင်ကို ပုတ်နေသည်။ အချိန်အတော်ကြာမှ ဖြည်းဖြည်းချင်း စကားစပြောလာ၏။ “ကျုပ် ထင်တာတော့… ဒီအထဲမှာ လှည့်ကွက်တွေ ရှိနိုင်တယ်။”
ကျန်းရှီက ဝူမင်းသားကို ကြည့်ကာ မေးလိုက်သည်။ “ဘာကြောင့် အဲဒီလို ထင်ရတာလဲ။”
“ခြောက်သောင်း… အရမ်း နည်းလွန်းတယ်။” ဝူမင်းသား နှာခေါင်းရှုံ့ကာ ပြုံးလိုက်၏။
ဖါးပါးရဲ့ နည်းလမ်းက အဆင်ပြေတယ်။ ဒါပေမဲ့ အမြင်ကျဉ်းလွန်းတယ်။
ငွေတုံး ခြောက်သောင်း။ အရင်တုန်းက ကျုပ် ငွေတုံးသိန်းဂဏန်းလောက် ဖန်ကျန်းရီရဲ့ မျက်စိရှေ့ ချပြခဲ့တုန်းကတောင် သူ မျက်တောင် တစ်ချက် မခတ်ခဲ့ဘူး။
ငွေတုံး ခြောက်သောင်းကို အကျိုးဆောင်ခတဲ့လား။ ဘယ်သူ့ကို အထင်သေးနေတာလဲ။
“ဒါပေမဲ့… သံသတ္တုနဲ့ သံထည်ပစ္စည်းတွေရဲ့ အကျိုးအမြတ်က အဲဒီထက် အများကြီး ပိုများတယ်။ ဖန်ကျန်းရီက အနာဂတ် အကျိုးအမြတ်တွေကို မျှော်လင့်နေတာရော မဖြစ်နိုင်ဘူးလား။” ကျန်းရှီက ပြန်လည် ချေပလိုက်၏။
ဝူမင်းသား ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ခင်ဗျား ပြောတာလည်း အဓိပ္ပာယ် ရှိပါတယ်။ ဒါပေမဲ့ ဒီလို ကိစ္စမျိုးက အန္တရာယ် အရမ်းကြီးလွန်းတယ်။ ပိုက်ဆံရှာတဲ့ လမ်းကြောင်းတွေ အများကြီး ရှိတာပဲ။ ဖန်ကျန်းရီမှာလည်း ပိုက်ဆံ အလုံအလောက် ရှိနေပြီ။ သူ ဘာလို့ ဒီလို အန္တရာယ်မျိုးကို မဖြစ်မနေ စွန့်ရမှာလဲ။
ကျုပ် အမြင်တော့ ဒါက ဖါးပါးရဲ့ သွေးခွဲတဲ့ အကြံအစည် တစ်ခု သက်သက်ပါပဲ။”
ကျန်းရှီ ခေါင်းညိတ်လိုက်၏။ “မင်းသားက ဉာဏ်ကောင်းပါတယ်။ ဒါဆို ဒီကိစ္စကို အရှင်မင်းကြီးဆီ တင်ပြရမလား။ ဖန်ကျန်းရီက အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို နေ့တိုင်း ရနေတာ။ မင်းသား သူ့ကို ဆွဲဆောင်ချင်ရင် ဖိနှိပ်တာက ပိုကောင်းမယ် ထင်တယ်။”
ဝူမင်းသား ခဏမျှ တိတ်ဆိတ်သွားသည်။ “ကျုပ်လည်း အဲဒီလိုပဲ ရည်ရွယ်ထားတာပါ။ မကြာသေးခင်က ပြည်သူတွေ ကြားထဲမှာ ချည်မျှင်နဲ့ အထည်စက်ရုံက ပဉ္စမမင်းသမီး ဖွင့်ထားတာလို့ ကောလာဟလတွေ ထွက်နေတာ ခင်ဗျား ကြားလား။”
“ကြားပါတယ်။ ဒါပေမဲ့ တကယ်တမ်း နောက်ကွယ်က လုပ်နေတာက ဖန်ကျန်းရီပါ။ ဒီကိစ္စက ဘာလို့ မင်းသမီးနဲ့ ပတ်သက်နေရတာလဲ ဆိုတာကိုတော့ ကျုပ်လည်း စဉ်းစားလို့ မရသေးပါဘူး။”
ဝူမင်းသား အေးစက်စက် ပြုံးလိုက်၏။ “ဖန်ကျန်းရီက မင်းသမီးကို ဆေးကုပေးဖူးတယ်။ ချည်မျှင်နဲ့ အထည်စက်ရုံ ဖွင့်ပြီးတော့လည်း နန်းတော် အနောက်ဆောင်ကို ညဘက် ဝင်ဝင်သွားတာ အကြိမ်ကြိမ်ပဲ။ သူတို့နှစ်ယောက် တိတ်တဆိတ် ပတ်သက်နေတယ်လို့ ကျုပ် သံသယရှိတယ်။
ဒီကိစ္စကို… နောင်တော် ဧကရာဇ် သေချာပေါက် သိမှာပဲ။ ဒါပေမဲ့ မတားဆီးဘူးဆိုတော့ ခွင့်ပြုထားတဲ့ သဘောပဲ။ တကယ်လို့ နောင်တော် ဧကရာဇ်က သဘောတူပြီး လက်ထပ်ပေးလိုက်ရင် နောက်ပိုင်း သူ့ကို ဆွဲဆောင်ဖို့ အရမ်း ခက်သွားလိမ့်မယ်။”
အရှင်မင်းကြီး က မင်းသမီးကို ဖန်ကျန်းရီနဲ့ လက်ထပ်ပေးချင်နေတာလား။
ကျန်းရှီ၏ မျက်နှာတွင် အံ့အားသင့်သွားသော အမူအရာ ပေါ်လာ၏။ သို့ပေမည့် သူ့ကို အံ့အားသင့်စေသည်မှာ ဤကိစ္စ မဟုတ်သေးပေ။
“မင်းသားက နန်းတော်ထဲမှာ လူတွေ ထည့်ထားသေးတာလား။”
ဝူမင်းသားက လက်ကာပြလိုက်သည်။ “မိန်းမစိုး တစ်ယောက်ပါပဲ။ အရင်တုန်းက လူဟောင်းလေးမို့ သိပ်အသုံးမဝင်ပါဘူး။”
ထိုအခါမှသာ ကျန်းရှီ၏ ရင်ထဲတွင် အနည်းငယ် သက်သာရာ ရသွား၏။
ဝူမင်းသားက ထိုအမူအရာကို မြင်လိုက်သည့်အခါ အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ “ဘာလဲ … ကျုပ်နောက် လိုက်ရတာ နောင်တရနေပြီလား။ နောင်တရလည်း ကိစ္စမရှိပါဘူး။ နောင်တော် ဧကရာဇ်ဆီ သွားပြောလို့ ရတယ်။ ဒါပေမဲ့ ခင်ဗျား မေ့မထားနဲ့နော်၊ ခင်ဗျားတို့ ကျန်းမိသားစု တစ်နှစ်ကို ငွေတုံး သန်းနှစ်ဆယ် ဘယ်ကရနေလဲ ဆိုတာ…”
ကျန်းရှီ အလောတကြီး တံတွေး မြိုချလိုက်ပြီး အံကြိတ်ကာ ပြောလိုက်၏။ “ကျုပ် နောင်တမရပါဘူး။ ဒါပေမဲ့ ကျုပ် သိချင်တာက မင်းသားကများ…”
ဝူမင်းသားက ခေါင်းခါပြလိုက်သည်။ “အချိန် မရောက်သေးဘူး။ အများကြီး လိုသေးတယ်။ နောင်တော် ဧကရာဇ်ရဲ့ လက်က အရမ်း ကျပ်လွန်းတယ်… ငွေရှိရုံနဲ့တော့ လုံးဝ မလုံလောက်သေးဘူး။ ခင်ဗျား စိတ်ချပါ။ ယုံကြည်မှု အပြည့်အဝ မရှိဘဲနဲ့ ကျုပ် ဘာမှ လုပ်မှာ မဟုတ်ဘူး။”
ကျန်းရှီ၏ ရင်ထဲတွင် လေးလံနေသော အရာကြီး တစ်ဝက်ခန့် လျော့ကျသွား၏။ “ဒီနှစ်ရက်အတွင်း အရှင်မင်းကြီးက နေရာအနှံ့က ဆားလုပ်ငန်း စာရင်းတွေကို စစ်ဆေးဖို့ ဘဏ္ဍာရေး ဝန်ကြီးဌာန ကို လူလွှတ်လိုက်တယ်။ ဒါပေမဲ့ အကုန်လုံး ပုံမှန်ပါပဲ။ ဘာပြဿနာမှ မရှိနိုင်ပါဘူး။”
“အင်း … သိပြီ။”
“ဒါဆို… ဖန်ကျန်းရီကို စွပ်စွဲဖို့ ကိစ္စကရော…”
ဝူမင်းသား ရုတ်တရက် အထင်သေးသလို ပြုံးလိုက်၏။ “ကျုပ်တောင် မယုံတာ၊ နောင်တော် ဧကရာဇ်က ယုံမယ်လို့ ခင်ဗျား ထင်နေလား။ ဒါလေးနဲ့ ဖန်ကျန်းရီကို ဖိနှိပ်ဖို့ အများကြီး လိုပါသေးတယ်။ ဒီကိစ္စကို ခင်ဗျား ဘာသာ စဉ်းစားပြီး လုပ်ပါ။ ကျုပ် မပါဘူး။
ဒါပေမဲ့… ခင်ဗျား ဆရာကြီးယန်ကို သွားပြီး မေးကြည့်လို့တော့ ရတယ်…”