အခန်း ၃၉၈
Vol. 22 Ch. 398
အပိုင်း (၃၉၈) အကဲဖြတ်ရခက်သော ဖန်ကျန်းရီ။
ဆရာကြီးယန်လား
ကျန်းရှီ ခဏမျှ ကြောင်အမ်းသွားပြီးနောက်မှ ဤသူမှာ ယန်ကော်အန်း၏ ဖခင် လွန်ခဲ့သော ဆယ်နှစ်က အမတ်ကြီး ဖြစ်ခဲ့သူဖြစ်ကြောင်း သတိရသွား၏။ သူ အတော်ကြာအောင် သွားမတွေ့ဖြစ်ခဲ့ပေ…။
ဝူမင်းသားနှင့် နှုတ်ဆက်ပြီးနောက် ဝူမင်းသား အိမ်တော်မှ ထွက်လာကာ ယန်အိမ်တော်သို့ တန်းတန်းမတ်မတ် သွားခဲ့သည်။
မထွက်ခွာမီ အိမ်မှ အစေခံများကို လက်ဆောင်ပစ္စည်း အချို့ ပြင်ဆင်ခိုင်းခဲ့၏။
ယန်အိမ်တော် တံခါးဝသို့ ရောက်သောအခါ တံခါးစောင့်က မျက်စိလျှင်စွာဖြင့် ကျန်းရှီကို ချက်ချင်း မှတ်မိသွားသည်။
အလောတကြီး အထဲသို့ ဖိတ်ခေါ်ပြီးနောက်မှ သွားရောက် သတင်းပို့၏။
ကျန်းရှီသည် ဧည့်ခန်းမ အတွင်း၌ ထိုင်လျက် ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်နေသည်။
လွန်ခဲ့သော ဆယ်နှစ်က ဆရာကြီးယန်သည် အစိုးရ အဖွဲ့အစည်း အတွင်း၌ အလွန် ဩဇာတိက္ကမ ကြီးမားခဲ့သူ ဖြစ်သည်။ ထို့နောက် ဂုဏ်ကျက်သရေရှိစွာ အနားယူခဲ့၏။
သူ၏သား ယန်ကော်အန်းသည်လည်း ရာထူးတက်လမ်း ဖြောင့်ဖြူးခဲ့ပြီး မိသားစု အခြေအနေမှာ နေ့ချင်းညချင်း တိုးတက်လာခဲ့သည်ဟု ဆိုနိုင်သည်။
သို့သော် ယန်ကော်အန်း အသတ်ခံရပြီးနောက် အရာအားလုံးသည် ကျဆင်းသွားခဲ့၏။
အချိန်အတော်ကြာသွားပြီ ဖြစ်သော်လည်း ယန်အိမ်တော် အတွင်း၌ အေးစက်စက် အငွေ့အသက်များ လွှမ်းမိုးနေဆဲဖြစ်ပြီး အသက်ဝင်မှု ကင်းမဲ့နေပုံရသည်။
အချိန်မည်မျှကြာအောင် စောင့်ဆိုင်းနေရသည် မသိ၊ ဆရာကြီးယန်သည် ဧည့်ခန်းမ တစ်ဖက်မှ တုတ်ကောက်ကို ထောက်ကာ ဖြည်းဖြည်းချင်း ထွက်လာ၏။
သူ၏ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေပြီး ခါးကိုင်း၍ တုန်ယင်စွာ လမ်းလျှောက်လာသည်ကို တွေ့ရသည်။
ကျန်းရှီ အမြန် မတ်တတ်ရပ်ကာ သွားကြိုလိုက်၏။
ဆရာကြီးယန် မျက်လုံး ပင့်ကြည့်လိုက်သည်။ အမြင်အာရုံ မှုန်ဝါးနေသော်လည်း ဉာဏ်ကောင်းသည့် အရိပ်အယောင်ကိုတော့ မြင်တွေ့ရဆဲပင်။
“အားနာစရာ မလိုပါဘူး။ ကျုပ် လမ်းလျှောက်နိုင်ပါသေးတယ်။” လက်ယမ်းပြပြီးနောက် ဆရာကြီးယန်သည် နေရာတွင် ဝင်ထိုင်လိုက်၏။
ထိုအခါမှသာ ကျန်းရှီ စိတ်အေးလက်အေး ပြန်ထိုင်လိုက်သည်။
“ဆရာကြီးယန်… မတွေ့ရတာ ကြာပြီနော်။ ဒီရက်ပိုင်း ကျန်းမာရေး ကောင်းရဲ့လား။”
အစေခံများ လက်ဖက်ရည် လာချပေးနေစဉ် ဆရာကြီးယန်သည် တုတ်ကောက်ကို စားပွဲဘေးတွင် မှီထားလိုက်ပြီး လက်ဖက်ရည်ပန်းကန်ကို ယူ၍ တစ်ငုံ သောက်လိုက်၏။
ပြီးနောက် မျက်လွှာချကာ ပြန်ဖြေလိုက်သည်။ “ကျုပ် အသက်အရွယ်နဲ့ ခန္ဓာကိုယ် တစ်ဝက် မြေကြီးထဲ ရောက်နေပြီလေ။ ကောင်းနိုင်အုံးမယ် ထင်လို့လား။ ပြီးတော့ ဆရာကြီးယန် ဆိုပြီး ခေါ်မနေပါနဲ့။ ကျုပ်က အရှင်မင်းကြီး စွန့်ပစ်ထားတဲ့ ခွေးအိုကြီး တစ်ကောင် သတ်သတ်ပါပဲ။”
ကျန်းရှီ အကြိတ်အနယ် ပြုံးလိုက်၏။ “ဆရာကြီးယန်က နောက်နေပြန်ပြီ။”
ထို့နောက် ခေါင်းငုံ့ကာ လက်ဖက်ရည် သောက်လိုက်သည်။
ဒီအဘိုးကြီးရဲ့ ရင်ထဲက မကျေနပ်မှုတွေက နည်းနည်းလေးမှ မလျော့သွားဘူး၊ စကားစပြောတာနဲ့ ရင်ကို အောင့်သွားစေတာပဲ။
“ကောင်းပြီ။ စကားတွေ ရှည်မနေနဲ့တော့။ ကော်အန်း သေပြီးကတည်းက ကျုပ်ရဲ့ တပည့်တွေ၊ လက်အောက်ငယ်သားတွေလည်း မလာကြတော့ပါဘူး။ ခင်ဗျားလည်း အတူတူပဲ မဟုတ်လား။ ဒီနေ့ ဘာကိစ္စ ရှိလို့ လာရှာတာလဲ။ ပြောစရာ ရှိတာ တည့်သာပြောပါ။ ကျုပ် အသက်ကြီးပြီ၊ အချိန်ဖြုန်းဖို့ အချိန်မရှိဘူး။ အလကား စကားတွေ နားမထောင်ချင်ဘူး။”
ကျန်းရှီ နှုတ်ခမ်းမဲ့လိုက်ပြီး အနည်းငယ် အနေရခက်သွား၏။
“ဆရာကြီးယန်က ဒီလို ပြောလာမှတော့ ကျုပ်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်။ ဒီနေ့ လာတာက ဆရာကြီးယန်ကို သတင်းကောင်း တစ်ခု ပြောပြချင်လို့ပါ။ ဖန်ကျန်းရီနဲ့ ပတ်သက်တဲ့ ကိစ္စပါ။”
ဖန်ကျန်းရီ ဆိုသော စကားလုံး သုံးလုံး ထွက်လာသည်နှင့် ဆရာကြီးယန်သည် ချက်ချင်း ခေါင်းမော့လာပြီး မျက်လုံးမှေးကာ ကျန်းရှီကို ကြည့်လိုက်၏။ “ပြောပါ။”
“ဖန်ကျန်းရီက တိုင်းပြည်ကို သစ္စာဖောက်ပြီး ကိုယ်ကျိုးရှာဖို့ မြောက်ပိုင်း ရုန်တွေဆီက ငွေတုံး ခြောက်သောင်း လက်ခံပြီး သံသတ္တုတွေကို ခိုးရောင်းဖို့ လုပ်နေတယ်။” ကျန်းရှီက တိုတိုတုတ်တုတ် ရှင်းပြလိုက်သည်။
သို့ပေမည့် ထိုသတင်းကို ကြားလိုက်ရသော်လည်း ဆရာကြီးယန်မှာမူ ပြန်လည် တည်ငြိမ်သွား၏။ ကုလားထိုင်ပေါ်တွင် စကားတစ်ခွန်းမှ မပြောဘဲ ထိုင်နေပြီး လက်ဖက်ရည်ပန်းကန်ကို ကိုင်ကာ တိတ်ဆိတ်စွာဖြင့် ဘာတွေ တွေးနေမှန်း မသိချေ။
ကျန်းရှီကလည်း မလောဘဲ သူ အသက်ကြီး၍ တုံ့ပြန်မှု နှေးနေသည်ဟုသာ ထင်မှတ်နေ၏။
အချိန်အတော်ကြာမှ ဆရာကြီးယန်က ဖြည်းဖြည်းချင်း စကားစပြောလာသည်။ “သက်သေရော။”
ကျန်းရှီ ခေါင်းခါပြလိုက်၏။ “မြောက်ပိုင်း ရုန်သံတမန်အဖွဲ့ရဲ့ ပစ္စည်းတွေထဲက မှတ်တမ်းစာအုပ် တစ်အုပ် တွေ့ခဲ့တယ်။ ဖါးပါး ကိုယ်တိုင် ရေးမှတ်ထားတာ။
မြောက်ပိုင်း ရုန် သံတမန်အဖွဲ့က အခု ပြန်သွားပြီဆိုတော့ ဒီမှတ်တမ်းစာအုပ်လည်း မရှိတော့ဘူးပေါ့။ ဒါပေမဲ့ နိုင်ငံတော် ဧည့်ဂေဟာ တာဝန်ခံ အမတ်ကြီး ချန်ဟုန်က သက်သေ လုပ်ပေးနိုင်တယ်။ သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ပဲ။”
ဆရာကြီးယန် လက်ဖက်ရည်ပန်းကန်ကို ချလိုက်ပြီး ကျန်းရှီကို ကြည့်ကာ အထင်သေးစွာ ပြောလိုက်၏။ “ဒီလောက် လျှို့ဝှက်တဲ့ မှတ်တမ်းစာအုပ်ကို မြောက်ပိုင်းရုန်တွေက ဘာလို့ ခင်ဗျားကို ပေးကြည့်ရမှာလဲ။ သွေးခွဲတဲ့ အကြံအစည်ပဲ။”
“သွေးခွဲတာ ဟုတ်မဟုတ်… အရေးကြီးလို့လား။ ဆရာကြီးယန်… အခု ကျုပ်တို့ နှစ်ယောက်တည်း ရှိတာဆိုတော့ ကျုပ် တည့်ပဲ ပြောတော့မယ်။ ယန်ကော်အန်း အတွက် လက်စားမချေချင်ဘူးလား။ ယန် မိသားစု ဒီလို အခြေအနေ ရောက်သွားတာ ဖန်ကျန်းရီကြောင့်လို့ ပြောလို့ရတယ်လေ။
ယန်ကော်အန်းက နှမြောစရာပါ… သူက အရည်အချင်းလည်း ရှိတယ်၊ ဖြောင့်မတ်တည်ကြည်တယ်၊ လုပ်ဖော်ကိုင်ဖက်တွေကလည်း လေးစားကြတယ်။ တိုင်းပြည်ရဲ့ အမာခံထောက်တိုင်ကြီးလို့ တကယ် ပြောလို့ရတယ်။ အနာဂတ်မှာ အစိုးရအဖွဲ့ထဲ ဝင်ပြီး ဝန်ကြီးချုပ် ဖြစ်ဖို့ဆိုတာလည်း မခက်ခဲပါဘူး။ ကျုပ် အမြဲတမ်း သူ့ကို အားကျခဲ့တာပါ။
ဒါပေမဲ့ လမ်းတစ်ဝက်မှာ ဖန်ကျန်းရီ လို လူရွှင်တော် တစ်ယောက် ခုန်ထွက်လာမယ်လို့ မထင်ထားဘူး။ အရှင်မင်းကြီးက ဘယ်လိုများ လှည့်စားခံလိုက်ရလဲ မသိဘူး။ ဒီလို လူမျိုးကို ညီလာခံမှာ စကားတွေ မဆင်မခြင် ပြောခွင့် ပေးထားတယ်။ တကယ်ကို… ခေတ်ပျက်ကြီးပါပဲ။”
ဆရာကြီးယန်၏ မှုန်ဝါးနေသော မျက်လုံးများတွင် မျက်ရည်များ တဖြည်းဖြည်း စုဝေးလာ၏။
လက်သီးများကိုလည်း သတိမထားမိဘဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ “ကျုပ်သားလေး… မတရား အသတ်ခံရတာ။ ကျုပ်တို့ ယန် မိသားစုက မျိုးဆက် အဆက်ဆက် သစ္စာရှိခဲ့တာ… အဆင့်အတန်း နိမ့်တဲ့ လူနည်းနည်း သေသွားရုံနဲ့ အရှင်မင်းကြီးက ကော်အန်းကို ရက်ရက်စက်စက် သတ်ပစ်လိုက်တယ်။ ကျုပ် ဘယ်လိုလုပ် ကျေနပ်နိုင်မှာလဲ။
ကော်အန်း အပေါ်မှာ ကျုပ် တစ်သက်လုံး စိတ်နှစ်ပြီး ပြုစုပျိုးထောင်ခဲ့တာ… ယန် မိသားစုရဲ့ ကံကြမ္မာ အားလုံးကို သူ့အပေါ် ပုံအပ်ထားခဲ့တာ။ သူ့အတွက် ကျုပ် ဘယ်လိုလုပ် လက်စားမချေဘဲ နေနိုင်မှာလဲ။
ခွေးမသား ဖန်ကျန်းရီ။ ကျုပ် သူ့အသားကို စားပြီး၊ သူ့ရိုးတွင်းချဉ်ဆီကို စုပ်ချင်တယ်။”
ထိုသို့ ပြောရင်း ဆရာကြီးယန်သည် မျက်ရည်များကို သုတ်လိုက်၏။
ကျန်းရှီ၏ ရင်ထဲတွင် ဝမ်းသာသွားသည်။ “ဟုတ်ပါတယ်။ ဒီလို လူဆိုးကို မဖယ်ရှားရင် အစိုးရ အဖွဲ့ထဲမှာ ဘယ်တော့မှ အေးချမ်းမှာ မဟုတ်ဘူး။ ဒါဆိုရင် ဆရာကြီးယန် က…”
“ဒါပေမဲ့ ဒီကိစ္စက ကျုပ်နဲ့ ဘာမှ မသက်ဆိုင်ဘူး။ စွပ်စွဲချင်ရင် ခင်ဗျား ဘာသာ ခင်ဗျား သွားစွပ်စွဲပါ။ ကျုပ်ကို လာမဆွဲသွင်းနဲ့။ ကျုပ်က အခု သာမန် ပြည်သူ တစ်ယောက်အဖြစ်ပဲ ရှိတော့တာ။ ထိန်းသိမ်းရမယ့် မိသားစု အမွေအနှစ်တွေလည်း ရှိသေးတယ်။”
“…”
ခွေးမသားကြီး။ ဒီသေခါနီး အဘိုးကြီးက ဘယ်လို ဖြစ်နေတာလဲ။
တကယ်ကို လူအို ဉာဏ်များလုပ်နေတာပဲ။ ခုနကပဲ နှပ်ကြောင်းဆွဲ ငိုပြနေပြီးတော့ အခုကျတော့ သူ့နဲ့ ဘာမှမဆိုင်ဘူးတဲ့လား။
ကျန်းရှီ၏ ရင်ထဲတွင် မအောင့်နိုင်ဘဲ ဒေါသများ ထွက်လာ၏။
ဆရာကြီးယန်က အေးစက်စက် ပြုံးလိုက်သည်။ “တကယ်လို့ ခင်ဗျား ကျုပ်ကို လာရှာတာက ကျုပ်ရဲ့ အင်အားကို သုံးပြီး ဖန်ကျန်းရီကို ဖြုတ်ချချင်လို့ ဆိုရင်တော့ မေ့လိုက်ပါတော့။ ကျုပ် သူ့နောက်ခံကို စုံစမ်းပြီးပြီ။ ငွေတုံး ခြောက်သောင်းလေးနဲ့ သူ့ကို ဝယ်လို့ရပြီလို့ ထင်နေလား။ အရှင်မင်းကြီးလည်း ယုံမှာ မဟုတ်ဘူး။”
ကျုပ်ရဲ့ တပည့်တွေနဲ့ လက်အောက်ငယ်သား ဟောင်းတွေကို အရှင်မင်းကြီးက သေသေချာချာ သိနေတာ။ ကော်အန်း သေသွားပြီ ဆိုပေမယ့်၊ ကျုပ်လည်း သူ့အတွက် လက်စားချေချင်ပေမယ့်၊မိသားစု ဆက်ပြီး ရပ်တည်ဖို့ ကျုပ် လိုအပ်သေးတယ်။ ဒါကြောင့် ခင်ဗျားနဲ့ အတူတူ ဒီအန္တရာယ်ကို မစွန့်စားနိုင်ဘူး။”
“ကျုပ်…” ကျန်းရှီ တစ်ခဏမျှ စကားပြောမထွက်တော့ချေ။
သူ လာတုန်းက အခြေအနေ အမျိုးမျိုးကို စိတ်ကူးယဉ်ခဲ့ပေမယ့် ဒီလို အခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။
ဒီအဘိုးကြီးက အေးတိအေးစက် နိုင်လွန်းတယ်၊ သွေးအေးလွန်းတယ်။
“ဖန်ကျန်းရီက ခင်ဗျား သားကိုလည်း တော်တော်လေး ဒုက္ခပေးခဲ့တယ် ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ သူ့ကို ဖြုတ်ချဖို့ ဆိုတာ လွယ်တဲ့ ကိစ္စ မဟုတ်ဘူး။”
အခြေအနေက ရုတ်တရက် အလှည့်အပြောင်း ဖြစ်သွားသည်ကို မြင်လိုက်ရသဖြင့် အလောတကြီး မေးလိုက်၏။ “ဆရာကြီးယန် ပြောပါအုံး။”
“ဖန်ကျန်းရီ ဆိုတဲ့ ကောင်လေးက အပြင်ပန်းမှာ ပေါ့ပေါ့ဆဆ နိုင်ပေမယ့် လုံးဝ ရိုးရှင်းတဲ့လူ မဟုတ်ဘူး။”
ဆရာကြီးယန်၏ မျက်နှာတွင် လေးနက်သော အမူအရာများ ပြည့်နှက်နေ၏။ “အိမ်ရှေ့စံရဲ့ နာမည်ကို သုံးပြီး ပန်းရှန်း သတင်းစာတိုက် တည်ထောင်တယ်။ အမတ် အကုန်လုံးကို လက်ခုပ်ထဲ ထည့်ပြီး ကစားနေတာ။ ညီလာခံမှာ နာမည် သိပ်မကောင်းပေမဲ့ သူက သတင်းစာကို သုံးပြီး ပြည်သူတွေရဲ့ ထောက်ခံမှုကို အမြဲ ယူနေတယ်။ လူတော်တွေကိုတောင် စည်းရုံးနေသေးတယ်။
ဒီတစ်ခေါက် စာမေးပွဲမှာ ပန်းရှန်း သတင်းစာတိုက်က ရှစ်ယောက်တောင် အောင်တယ်။ ဒါပေမဲ့ ကျုပ် သိရသလောက် သတင်းစာတိုက်ကနေ ဝင်ဖြေတဲ့ သတင်းထောက်က ဆယ်ယောက်ကျော်ပဲ ရှိတာ။ ပထမဆုရတဲ့ လူတောင် ပါသေးတယ်။
အောင်စာရင်း ထွက်ပြီးတာနဲ့ ပန်းရှန်း သတင်းစာတိုက်က သတင်းထောက် အသစ်တွေကို အကြီးအကျယ် ခေါ်နေပြန်ပြီ။ ဒီတစ်ခေါက်ဆိုရင် ဖုံးကွယ်တောင် မထားတော့ဘူး။ အနာဂတ် အရာရှိတွေကို ပြုစုပျိုးထောင်ဖို့ ဆိုပြီး တိုက်ရိုက် ပြောလာတယ်။
ဖန်ကျန်းရီက မျက်နှာပြောင်တိုက်ပြီး မိန်းမစိုးကို အစ်ကိုကြီးလို့ ခေါ်ရဲတယ်။ လီယန်စုန့် နဲ့ ဆက်ဆံရေးကို သုံးပြီး အချိန်တစ်ခု ရသွားရင် ညီလာခံမှာရော နယ်ဘက်မှာရော သူ့လူတွေ ဘယ်လောက်တောင် များလာမလဲ။ ဒါတွေကို ခင်ဗျား တွေးဖူးရဲ့လား။
ပြီးတော့… ပြောဖို့ မသင့်တော်တဲ့ စကား တစ်ခွန်း ပြောရရင် .. ဒီကောင်လေးက ဒီလောက် အကြံအစည် ကြီးမားနေတာ …
အိမ်ရှေ့စံကိုလည်း သူက ပြုစုပျိုးထောင် ပေးနေတာဆိုတော့ အနာဂတ်ကျရင် ….. ဖြစ်မလာနိုင်ဘူးလား…”
“ရုပ်သေးရုပ်လား။” ကျန်းရှီ မရည်ရွယ်ဘဲ ပြောလိုက်မိ၏။
“ဒီစကားကို ကျုပ် ပြောတာ မဟုတ်ဘူးနော်…”
သွားသေလိုက်။ ခင်ဗျား လို အောက်တန်းကျတဲ့ လူအိုကြီး။
ကျန်းရှီ စိတ်ထဲတွင် ကျိန်ဆဲလိုက်ပြီး ကျောချမ်းသွားသည်။
မှန်ပေသည်။ ဤအဘိုးအို၏ သုံးသပ်ချက်ကား အမှန်ပင် ဖြစ်လ၏။ ယခင်ကသူ ဤမျှအထိ တွေးတောမိခဲ့ခြင်း မရှိချေ။ ဖန်ကျန်းရီသည် ဤမျှ ငယ်ရွယ်နုနယ်လှသည်တိုင် သူ၏ အကြံအစည်များမှာ နက်ရှိုင်းကာ ကြောက်မက်ဖွယ် ကောင်းနေသည်။ အလွန်တရာမှ ကျောချမ်းဖွယ် ကောင်းလှပေသည်။
သို့ဆိုလျှင် နောင် ဆယ်နှစ်... အနှစ်နှစ်ဆယ်ခန့် ကြာမြင့်လာသောအခါ ညီလာခံတစ်ရပ်လုံးသည် သူတစ်ဦးတည်း၏ ဩဇာအာဏာလွှမ်းမိုးမှုအောက်သို့ ကျရောက်သွားမည် မဟုတ်ပါလား။ ထိုအခါ သူ အလိုရှိရာကို စိတ်တိုင်းကျ ခြယ်လှယ်နိုင်သွားပေတော့မည်။