အခန်း ၃၉၉
Vol. 22 Ch. 399
အပိုင်း (၃၉၉) ဖန်ကျန်းရီကို မည်သို့ အပြစ်ရှာမည်နည်း။
ဆရာယန်သည် စကားပြောရပ်လိုက်ပြီး ကျန်းရှီ၏ တုံ့ပြန်မှုကို အကဲခတ်ကာ ဆက်ပြောလိုက်၏။
"ပန်ရှန်းရပ်ကွက်မှာဆိုရင် ဒီလူက ဗုဒ္ဓဘာသာကို မနှစ်သက်တဲ့အတွက် ပန်ရှန်းသတင်းစာကို အသုံးပြုပြီး ပြည်သူတွေကို လှုံ့ဆော်ခဲ့တယ်။ ရက်အနည်းငယ်အတွင်းမှာပဲ ပန်ရှန်းရပ်ကွက်ထဲက ဖူယွင်ကျောင်းတော်ဟာ အပျက်အစီးပုံကြီး ဖြစ်သွားခဲ့ရတယ်။ ကျောင်းထိုင်ဆရာတော်ဆိုရင် စိတ်နေစိတ်ထားတွေ လုံးဝ ပြောင်းလဲပြီး တောနက်ထဲကို ဝင်ပြေးသွားတယ်။ တောတွင်းသား လုံးလုံး ဖြစ်သွားခဲ့ရတယ်လို့ ကြားရတယ်။
ဒီကိစ္စကိုကြည့်ရင် သူ့ရဲ့ စိတ်ထားကျဉ်းမြောင်းမှုနဲ့ အငြိုးကြီးတတ်ပုံကို သိနိုင်တယ်။ သူ့အပေါ် ဘာသက်ရောက်မှုမှ မရှိတဲ့ ဘုန်းကြီးတစ်ပါးကိုတောင် ဒီလောက် ရက်ရက်စက်စက် လုပ်ရက်တယ်..။
ခင်ဗျားတို့ နှစ်ယောက်ကြားမှာ ကြီးမားတဲ့ ရန်ငြိုးရန်စ မရှိပေမဲ့ သူ့ရဲ့ စရိုက်အရဆိုရင် နောင်တစ်ချိန် အာဏာကို လက်ဝါးကြီးအုပ်လာတဲ့အခါ ခင်ဗျားကို အလွတ်ပေးပါ့မလား။"
ကျန်းရှီသည် သူ၏ စိုးရိမ်တကြီးဖြစ်နေမှုကို ဖုံးကွယ်ရန် လက်ဖက်ရည်ခွက်ကို မကာ သောက်လိုက်ပသည်။
မှန်ပေ၏။ ဖန်ကျန်းရီသည် ပုံမှန် ညီလာခံတက်ချိန်များတွင် ထင်ပေါ်ကျော်ကြားအောင် မလုပ်တတ်သော်လည်း ပါးစပ်ဟလိုက်သည်နှင့် သတင်းကောင်းများကိုသာ ပြောလေ့ရှိသည်။
သို့ပေမည့် သူတစ်ပါးနှင့် ပဋိပက္ခဖြစ်လာပါက နှုတ်ရေးနှုတ်ရာ၌ လုံးဝ အလျော့ပေးမည် မဟုတ်ချေ။
ထို့အပြင် သူ၏သားဖြစ်သူပင်လျှင် ဖန်ကျန်းရီ၏ ပြင်းပြင်းထန်ထန် ဆုံးမခြင်းကို ခံခဲ့ရဖူးပြီး စာမေးပွဲခန်းမတွင်ပင် လက်စားချေရန် ကြိုးစားခဲ့သေး၏။
မိမိ၏ တုံ့ပြန်မှုကို ဖန်ကျန်းရီက လုံးဝ ဂရုမစိုက်ခဲ့ပေ။
ဤအချက်ကပင် ထိုလူသည် အငြိုးကြီးပြီး လက်စားချေတတ်ကြောင်း သက်သေပြနေသည်။
နောင်တစ်ချိန် သူသာ အာဏာရလာခဲ့လျှင်... မိမိအနေဖြင့် ကြီးမားသော ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရမည် မဟုတ်ပါလား။
ကျန်းရှီသည် ဟိုတွေးဒီတွေး တွေးတောပြီးနောက် လက်ဖက်ရည်ပန်းကန်ကို တည်ငြိမ်စွာ ချလိုက်သည်။
"ဆရာယန်... ဒါဆိုရင် ဘယ်လိုမြင်လဲ။ ဆရာယန်ရဲ့ သဘောထားကို ကြည့်ရတာ ဖန်ကျန်းရီကို ဒီအတိုင်း ဆက်လွှတ်ထားမယ့်ပုံပဲ။ ဒါပေမဲ့ ဒါက နောင်တစ်ချိန် နန်းတွင်းအတွက် အဆိပ်သင့် အကျိတ်ဆိုးကြီး တစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်တယ်။"
ဆရာယန်က သက်ပြင်းချလိုက်၏။
"မှန်တယ်... အရှင်မင်းကြီးကလည်း လျစ်လျူရှုထားတယ်။ အိမ်ရှေ့စံကလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိဘူး။ ဒီလူယုတ်မာက နောင်တစ်ချိန် ကျုပ်တို့ တာ့ကျင်းနိုင်ငံရဲ့ ရင်ထဲက ဆူးတစ်ချောင်း ဖြစ်လာမှာ အသေအချာပဲ။"
ကျန်းရှီက သက်ပြင်းချလိုက်သည်။
"ဟူး... ဒီလိုဆိုရင် ဆရာယန်အနေနဲ့ ဒီအဆိပ်အကျိတ်ကို ဘယ်လို ဖယ်ရှားသင့်တယ်လို့ ထင်ပါသလဲ။ ကျုပ်ကိုတော့ ရှေ့ထွက်ခိုင်းမှာ မဟုတ်ပါဘူးနော်။"
ဆရာယန်က သူ၏ ဝတ်ရုံလက်ကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။
"မှန်တာပေါ့။ ဒီလိုပဲ ဖြစ်သင့်တယ်။ ကျုပ်တို့ နှစ်ယောက် ပူးပေါင်းမှသာ အခွင့်အရေး ရနိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီအဘိုးကြီးက အခု ချက်ချင်း ရှေ့ထွက်လို့ မရသေးဘူး။ ခင်ဗျားက ရှေ့ကနေ နေပေးဖို့ လိုအပ်တယ်။"
ဖဲချပ်လှန်လိုက်ပြီပေါ့။
ကျန်းရှီက ခပ်ဖွဖွ ရယ်မောလိုက်ပြီး မတ်တပ်ရပ်ကာ အရိုအသေပေးလိုက်၏။
"ဆရာယန်... ဒီနေ့ အနှောင့်အယှက်ပေးမိသွားပြီ၊ သွားခွင့်ပြုပါအုံး။"
"ဟေး... ခဏနေအုံး။ မသွားနဲ့အုံး။ ဒီအဘိုးကြီး စကားပြောလို့ မပြီးသေးဘူး။"
ကျန်းရှီ တကယ် ထွက်သွားတော့မည်ကို မြင်သောအခါ ဆရာယန်က အလျင်စလို တားဆီးလိုက်သည်။
ကျန်းရှီက ဖြည်းညင်းစွာ လှည့်ကြည့်လိုက်၏။
"ဆရာယန်... ထားလိုက်ပါ။ ဒီနေ့ ကျုပ်လာတာက ဒီကိစ္စကို လာပြောပြရုံ သတ်သတ်ပါ။ တခြား ရည်ရွယ်ချက် မရှိပါဘူး။ အချိန်လည်း မစောတော့ဘူး။ ကျုပ် သွားသင့်ပြီ။"
ဆရာယန်က မတ်တပ်ရပ်ကာ ရှေ့တိုးသွားပြီး ကျန်းရှီ၏ ဝတ်ရုံလက်ကို ဆွဲကိုင်လိုက်ကာ ဒေါသတကြီး ကြည့်လိုက်သည်။
ဒီလူငယ်က စည်းကမ်းမရှိလိုက်တာ။ သွားမယ်ဆိုတာနဲ့ ချက်ချင်း ထွက်သွားတော့တာပဲ။
ထို့နောက် သူက အသံနှိမ့်ကာ ဒေါသတကြီး ပြောလိုက်၏။
"ခင်ဗျားလို ဘဏ္ဍာရေးဝန်ကြီးဌာနက အမတ်ကြီးတစ်ယောက်က ကလေးတစ်ယောက် လှည့်စားတာကို အကြိမ်ကြိမ် ခံနေရတာကို ကျေနပ်နေတာလား။"
"လှည့်စားခံရလည်း ခံရပြီးပြီပဲ။ ဒီအတိုင်းပဲ ထားလိုက်ပါတော့မယ်။ ဆရာယန်တောင် မိသားစုအတွက် ကိုယ်ရေးကိုယ်တာ ရန်ငြိုးတွေကို စွန့်လွှတ်နိုင်သေးတာပဲ။ ကျုပ်လည်း ဆရာယန်ဆီကနေ သင်ခန်းစာ ယူသင့်တာပေါ့။"
"ခင်ဗျား ..."
ဆရာယန်က သက်ပြင်းရှည်ကြီး ချလိုက်သည်။ "ထိုင်ပါအုံး …. ပြောတာကို ဆုံးအောင် နားထောင်အုံး။"
ကျန်းရှီက ခေါင်းညိတ်လိုက်ပြီးနောက် သူတို့နှစ်ဦး နေရာသို့ ပြန်ထိုင်လိုက်ကြသည်။
ဆရာယန်က ကျန်းရှီကို ကြည့်ကာ ဆက်ပြောလိုက်၏။ "ဒီအဘိုးကြီး ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တော့မယ်။ ဖန်ကျန်းရီ မသေသရွေ့ ကျုပ် သေပျော်မှာ မဟုတ်ဘူး။ ကော်အန်းအတွက် ကလဲ့စားကို ကျုပ် မဖြစ်မနေ ချေရမယ်။
ဒါပေမဲ့ ဒီမိသားစု တစ်စုလုံးကိုလည်း လျစ်လျူရှုထားလို့ မရဘူး။ ဒါကြောင့် သင့်တော်တဲ့ ဖြေရှင်းနည်း ရဖို့ဆိုရင် ကျုပ်တို့နှစ်ယောက် ပူးပေါင်းမှ ရလိမ့်မယ်။
အခု ခင်ဗျား ကျုပ်ကို ပြောရမှာက ဖန်ကျန်းရီကို နန်းတွင်းကနေ ထွက်သွားစေချင်သလား ဆိုတာပဲ။"
ကျန်းရှီက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
သူလည်း ဖန်ကျန်းရီကို သတ်ချင်သည်။ သို့ပေမည့် ဝူမင်းသားက အရှင်လတ်လတ် လိုချင်နေသည် မဟုတ်ပါလား။
သို့ပေမည့် ဖန်ကျန်းရီကို ရွှံ့ဗွက်ထဲသို့ အရင်နင်းချေပစ်ရန် သူ ဝန်လေးမည် မဟုတ်ပေ။ ဖန်ကျန်းရီ၌ ရာထူးအာဏာ မရှိတော့လျှင် ဝူမင်းသားအနားသို့ ရောက်သွားသည့်တိုင် ခွေးတစ်ကောင်မျှသာ ဖြစ်သွားပေလိမ့်မည်။
"ဒါဆိုရင် ကျုပ်တို့ရဲ့ ရည်မှန်းချက်က မတူညီတာ မရှိဘူး။"
"ဒါပေမဲ့ အခု ဖန်ကျန်းရီက မြောက်ပိုင်းရုန်တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ သက်သေက သူ့ကို ဒုက္ခပေးနိုင်လောက်တဲ့အထိ မလုံလောက်ဘူး။ ဘယ်လို ဆက်လုပ်ရမလဲ။" ကျန်းရှီက မေးလိုက်၏။
"အခုလက်ရှိ အချက်အလက်တွေက အနည်းငယ်တော့ အထောက်အကူ ဖြစ်ပေမဲ့ သက်သေက ခိုင်လုံမှု မရှိသေးဘူး။
မြောက်ပိုင်းရုန်သံတမန်အဖွဲ့ မြို့တော်ကို လာတုန်းက ငွေတုံးတွေ ယူလာမှာ သေချာတယ်။ ဒါကြောင့် လာဘ်ထိုးမယ်ဆိုရင် လျှို့ဝှက်စွာ လုပ်ဆောင်ရလိမ့်မယ်။ ဒီငွေတွေကို ငွေလွှဲလက်မှတ်တွေအဖြစ် ပြောင်းဖို့အတွက် ငွေတိုက်ကို သွားရလိမ့်မယ်။
ဒီလောက်များပြားတဲ့ ငွေတွေကို ငွေတိုက်မှာ သွားလဲဖို့ဆိုရင် ဟုန်လုစီ ဌာနက စကားပြန်နဲ့ သက်တော်စောင့်တွေ ထည့်ပေးလိုက်မှာ သေချာတယ်။
ပြီးတော့ ဖန်ကျန်းရီရဲ့ အိမ်ကို လာဘ်သွားထိုးဖို့ဆိုရင် သံတမန်အဖွဲ့ လူတွေက မြို့တော်ရဲ့ လမ်းတွေကို မကျွမ်းကျင်သလို မြေပုံလည်း မရှိဘူး။ ဒါကြောင့် အလည်အပတ်သွားမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟုန်လုစီ ဌာနက စကားပြန်ကို လမ်းပြခိုင်းဖို့ အခွင့်အလမ်း များတယ်။ ဒီလိုဆိုရင် ဖန်ကျန်းရီ လာဘ်စားတယ်ဆိုတာကို အသေအချာ သက်သေပြနိုင်ပြီပေါ့။"
ကျန်းရှီက မျက်မှောင်ကြုတ်လိုက်သည်။
"ဘယ်လို သက်သေပြမှာလဲ။ မြောက်ပိုင်းရုန်တွေက ဖန်ကျန်းရီဆီ အလည်သွားရုံသတ်သတ် ဆိုရင် သူ လာဘ်စားတယ်ဆိုတာကို ဘယ်သူက မျက်မြင်သက်သေ ပြနိုင်မှာလဲ။"
ဆရာယန်က ပြုံး၍ ခေါင်းခါလိုက်၏။
"သူများ မြင်ဖို့ မလိုပါဘူး။ မြောက်ပိုင်းရုန်တွေက ငွေတိုက်မှာ ငွေလွှဲလက်မှတ် သွားလုပ်တယ်ဆိုရင် သူတို့ရဲ့ ရည်ရွယ်ချက်ကို သံသယဖြစ်စရာ ဖြစ်လာလိမ့်မယ်။
သာမန်အချိန်တွေမှာ ဟုန်လုစီ ဌာန က သူတို့ကို ဈေးဝယ်ဖို့ ကူညီပေးနေတာပဲ။ ငွေတုံးတွေ သုံးလို့ ရလျက်သားနဲ့ ဘာလို့ ငွေလွှဲလက်မှတ် သုံးစရာ လိုရတာလဲ။
ဒုတိယအချက်အနေနဲ့ မြောက်ပိုင်းရုန်တွေထဲက တစ်ယောက်ယောက်က ဖန်ကျန်းရီကို လျှို့ဝှက် သွားတွေ့တာ သေချာတယ်။ ပြီးတော့ ချန်ဟုန်ရဲ့ သက်သေထွက်ဆိုချက်လည်း ရှိသေးတယ်။
အရာအားလုံးက ယုတ္တိရှိနေရင် လူတွေ စိတ်ထဲမှာ တွေးထင်နေတဲ့ အရာကပဲ အဖြေဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ဖန်ကျန်းရီကို သူ့အပြစ်ကင်းကြောင်း ကိုယ်တိုင် သက်သေပြခိုင်းလိုက်ရုံပဲ။ ပါးစပ် တစ်ရာ ရှိရင်တောင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။
အဲဒီအချိန်ကျရင် အပြစ်ကင်းကြောင်း သက်သေပြဖို့အတွက် အရှင်မင်းကြီးဆီကနေ ဖန်ကျန်းရီရဲ့ အိမ်ကို ရှာဖွေဖို့ လူလွှတ်ခိုင်းလို့ ရတယ်။ သူ ငြင်းဆန်တယ်ဆိုရင် သူ့စိတ်ထဲမှာ မလုံမခြုံ ဖြစ်နေလို့ပဲ။ လာဘ်မစားဘူး ဆိုရင်တောင် ဖန်ကျန်းရီလို ကြီးမားတဲ့ စည်းစိမ်ချမ်းသာ ရှိတဲ့လူက စစ်ဆေးခံနိုင်ပါ့မလား။"
ဒီဂျင်းဟောင်းကြီးက တကယ်ကို အဆိပ်ပြင်းတာပဲ။
ကျန်းရှီက လက်ခုပ်တီးကာ ရယ်မောလိုက်သည်။ "ကောင်းတယ်။ ဒါပေမဲ့ ဆရာယန် ပြောတဲ့အချက်တွေက သူ့ကို ဖြုတ်ချဖို့ မလုံလောက်သေးဘူး။"
ဆရာယန်က သက်ပြင်းချလိုက်၏။
"မှန်တယ်။ ဒါကြောင့် အခု ကျုပ်တို့ သူ့ကို ဘာမှ လုပ်လို့ မရသေးဘူး။ စောင့်ရမယ်။ ဖန်ကျန်းရီရဲ့ နောက်ထပ် အမှားတစ်ခုကို စောင့်ရမယ်။ အပြစ်နှစ်ခု ပေါင်းပြီးမှ တစ်ချက်တည်းနဲ့ အသေသတ်နိုင်လိမ့်မယ်။ ဒီလိုမှ မဟုတ်ရင် အိမ်ရှေ့စံရဲ့ ဩဇာလွှမ်းမိုးမှုနဲ့ အစောကြီး ပြန်လည် ထကြွလာလိမ့်မယ်။"
ကျန်းရှီက မေးလိုက်သည်။
"ဒါဆို... ဘာလို့ ဆရာယန်က ကျုပ်ကို ရှေ့ထွက်ခိုင်းရတာလဲ။ ကျုပ်တို့ နှစ်ယောက်ထဲက ဘယ်သူ အရင် စတင်လှုပ်ရှားတယ်ဆိုတာ ကွာခြားမှု ရှိလို့လား။ ပြီးတော့ ကျုပ်တို့ ဒီအတိုင်း ထိုင်စောင့်နေရုံပဲလား။"
"ဖန်ကျန်းရီနဲ့ ကျုပ်မိသားစုရဲ့ ရန်ငြိုးကို အရှင်မင်းကြီးက မသိဘဲ နေပါ့မလား။ အရှင်မင်းကြီးက နဂိုတည်းက မျက်နှာလိုက်တတ်တော့ အဲဒီအချိန်ကျရင် ပိုပြီး ခက်ခဲသွားလိမ့်မယ်။
ဒါကြောင့် ခင်ဗျားက ကျုပ်ထက် အရင် ရှေ့ထွက်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ အခွင့်အရေး မပေါ်လာခင်အထိ ဒီအတိုင်း ထိုင်စောင့်နေလို့တော့ မရဘူး။ လူတွေရဲ့ စကားက ကြောက်စရာကောင်းတယ်ဆိုတဲ့ စကားရှိတယ်။ ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေကို အရှင်မင်းကြီးဆီ မကြာခဏ အသနားခံစာ တင်ခိုင်းလိုက်။
စကားလုံးတွေကို အရမ်းကြီး ပြင်းပြင်းထန်ထန် သုံးစရာ မလိုဘူး။ ဖန်ကျန်းရီကို သွယ်ဝိုက်ပြီး တိုက်ခိုက်လို့ ရတယ်။ ဥပမာ - ဒီတစ်ခေါက် ဖန်ကျန်းရီနဲ့ မြောက်ပိုင်းရုန်တွေ အရမ်း ရင်းနှီးနေတယ်ဆိုတဲ့ အကြောင်းကို အရှင်မင်းကြီးဆီ အစီရင်ခံလို့ ရတယ်။
အချိန်ကြာလာရင် အရှင်မင်းကြီးရဲ့ အမြင်တွေ ပြောင်းလဲသွားပြီး ဖန်ကျန်းရီရဲ့ မျက်နှာဖုံး အစစ်အမှန်ကို မြင်လာလိမ့်မယ်။ ဒီကိစ္စက ကျုပ်ထက် ခင်ဗျားက ပိုပြီး သင့်တော်တယ်။ ဖန်ကျန်းရီ အမှားလုပ်မိတဲ့ အချိန်ကျရင် ဒီအဘိုးကြီး ကိုယ်တိုင် ရှေ့ထွက်လာခဲ့မယ်။"
ကျန်းရှီ၏ မျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသည့် အမူအရာ ပေါ်လာသည်။
"ဒါဆို... ကျုပ် နားလည်ပါပြီ။ ဆရာယန်... အချိန်လည်း မစောတော့ဘူး။ ဒီတစ်ခါတော့ တကယ် ပြန်ခွင့်ပြုပါအုံး။"
"ဖြည်းဖြည်းသွားပါ။ ဒီအဘိုးကြီး လိုက်မပို့တော့ဘူးနော်..."
...
နောက်တစ်နေ့၊ ယန်ရှင်းစံအိမ်တော်။
အရှင်မင်းကြီးသည် အသနားခံစာ နှစ်စောင်ကို ကိုင်ကာ အဆက်မပြတ် နှိုင်းယှဉ် ဖတ်ရှုနေ၏။
တစ်ခုက ဘဏ္ဍာရေးဝန်ကြီးဌာန အကြံပေးအမတ်ထံမှ ဖြစ်ပြီး နောက်တစ်ခုက ဟန်လင်ကျောင်းတော် ထံမှ ဖြစ်သည်။
ထိုအချိန်တွင် ကော်ထျန်းယန်သည် တံခါးပြင်မှ သတင်းစာတစ်စောင် ကိုင်ကာ အလျင်စလို ဝင်လာပြီး အရှင်မင်းကြီးရှေ့တွင် ရိုသေစွာ လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး... ဒီနေ့ ပန်ရှန်းသတင်းစာ ရောက်လာပါပြီ။ မျက်နှာဖုံးသတင်းကတော့ မြောက်ပိုင်းရုန် သံတမန်အဖွဲ့ကို နှုတ်ဆက်တဲ့ သတင်းပါဘုရား။"
"ဖတ်ပြစမ်း။" အရှင်မင်းကြီးက ခေါင်းမမော့ဘဲ အမိန့်ပေးလိုက်၏။
"တာ့ကျင်းနဲ့ မြောက်ပိုင်းရုန်တို့ရဲ့ ချစ်ကြည်ရေးက ကမ္ဘာတည်သရွေ့ တည်တံ့ပါစေ။ မြောက်ပိုင်းရုန်လူငယ်လေး လီဟန်ဟာ သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် တာ့ကျင်းရဲ့ မြို့တော်ကို ခြေချခဲ့ပြီး ထူးခြားတဲ့ ဘဝ အတွေ့အကြုံကို ခံစားခဲ့ရပါတယ်...
အားလုံးသိကြတဲ့အတိုင်း မြောက်ပိုင်းရုန်မှာ ဝံပုလွေတွေ ပေါများပြီး ဘဝရပ်တည်ဖို့ အင်မတန် အန္တရာယ်များပါတယ်။ လီဟန်ဟာ သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် သန်းခေါင်ယံအချိန်မှာ အကင်စားရတဲ့ လုံခြုံမှုကို ခံစားခဲ့ရပါတယ်...
အကင်တွေအပြင် သူက ဟော့ပေါ့နဲ့ အကြော်တွေကိုလည်း နှစ်သက်သွားခဲ့ပါတယ်။ မြောက်ပိုင်းရုန်ကို မပြန်ခင်မှာ လီဟန်က 'ငါတို့ တာ့ကျင်းက တကယ်ကို အရမ်း မိုက်တာပဲ။ နောက်ဘဝကျရင်လည်း တာ့ကျင်းနိုင်ငံသား ဖြစ်ချင်တယ်' လို့ စိတ်လှုပ်ရှားစွာနဲ့ ကြွေးကြော်သွားခဲ့ပါတယ်။"
အရှင်မင်းကြီး၏ မျက်နှာသည် ပေါင်းအိုးထဲမှ ထွက်ခါစ ဂဏန်းတစ်ကောင်ကဲ့သို့ နီမြန်းသွားသည်။
ဖော်ပြ၍မရနိုင်သော ရှက်ရွံ့မှုတစ်ခုသည် ခြေဖျားမှနေ၍ ခေါင်းပေါ်အထိ ဆောင့်တက်သွားကာ လက်ဖက်ရည် တစ်ငုံ သောက်လိုက်မှသာ အနည်းငယ် သက်သာသွား၏။
ထို့နောက် သူက တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။ "ဒါ... မြောက်ပိုင်းရုန်တွေ ဒီကိစ္စကို မသိဘူးမလား။"
ကော်ထျန်းယန်၏ မျက်နှာသည်လည်း နီရဲနေ၏။
"မသိလောက်ပါဘူး အရှင်မင်းကြီး။ သံတမန်အဖွဲ့ ပြန်သွားမှ ဒီသတင်းကို ထုတ်ပြန်တာပါ။ သံတမန်အဖွဲ့ ပြန်သွားတဲ့နေ့က... အိမ်ရှေ့စံနဲ့ အမတ်ဖန်တို့ ကိုယ်တိုင် သတင်းထောက်တွေကို ခေါ်သွားတာလို့ ထင်ပါတယ်...။"
"နောက်ဆိုရင် အဲဒီ အသုံးမကျတဲ့ ကောင်နှစ်ကောင်ကို ဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေ မလုပ်ခိုင်းနဲ့။ အသုံးကျတဲ့ အလုပ်လေး ဘာလေး မရှိကြဘူးလား။"
ပြောပြီးသည်နှင့် အရှင်မင်းကြီးသည် သူ၏ ဘေးနားရှိ အသနားခံစာ နှစ်စောင်ကို ရွံရှာစွာဖြင့် လွှင့်ပစ်လိုက်သည်။
ဒါကို မြောက်ပိုင်းရုန်တွေနဲ့ အလွန်အမင်း ရင်းနှီးနေတယ်လို့ ခေါ်သလား။ မြောက်ပိုင်းရုန်တွေကို အသာထား။ ငါကိုယ်တော်တိုင် သူ့ကို ရိုက်ချင်နေပြီ။