အခန်း ၄၀၀
Vol. 22 Ch. 400
အပိုင်း (၄၀၀) ကျောင်းထိုင်ဆရာတော်ကို ရှာတွေ့သွားပြီ။
"ကျွတ်... ဖန်ကြီး ... ကျုပ် အပြင်ကနေ ကြည့်လာတာ။ တကယ်ကို ခင်ဗျားပြောတဲ့အတိုင်းပဲ။ ဒီနေ့ သတင်းစာတွေ အရမ်းကို ရောင်းအားကောင်းနေတယ်။ ဒီလို အီလည်လည် စာတွေကို ဘာလို့ ဖတ်ချင်နေကြတာလဲ။ လူတွေ အများကြီး ကြိုက်နေကြတာကိုက အံ့ဩစရာပဲ။ စာတတ်ပေတတ်တွေတောင် လာပြီး စိတ်ဝင်တစား ဖတ်နေကြတာ တွေ့တယ်။"
လီယွမ်ကျောက်သည် မျက်နှာပေါ်တွင် နားမလည်နိုင်သော အမူအရာဖြင့် သတင်းစာတစ်စောင်ကိုကိုင်ကာ သတင်းစာတိုက်ထဲသို့ ဝင်လာခဲ့သည်။
ယခင်က မြောက်ပိုင်းရုန်သံတမန်အဖွဲ့ကို အင်တာဗျူးလုပ်စဉ်က ဖန်ကျန်းရီကို သူ လှောင်ပြောင်ခဲ့ဖူးသည်။
ဤသို့သော အီလည်လည် အရာများကို ရေးသားခြင်းသည် သတင်းစာ၏ အဆင့်အတန်းကို ကျဆင်းစေသည်ဟု ထင်ခဲ့သော်လည်း ယခုကဲ့သို့ ရောင်းအား ကောင်းလာလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
သတင်းစာဖတ်ပြသူများသည်လည်း ပြည်သူလူထု တစ်စုတစ်ဝေးကြီးအတွက် အားတက်သရော ဆွေးနွေး ပြောဆိုနေကြသည်။
တကယ်ကို နားလည်ရခက်သော အပြုအမူတွေပင် ..။
ဖန်ကျန်းရီသည် ခြေချိတ်ထိုင်ကာ ပန်းသီးကို ကိုက်စားနေရင်း လီယွမ်ကျောက် ပြန်လာသည်ကို မြင်သောအခါ ပြုံးရွှင်စွာဖြင့် ပန်းသီးတစ်လုံး ပစ်ပေးလိုက်၏။
"ကျုပ် ဘာပြောခဲ့လဲ။ ပြည်သူတွေက အဲဒါမျိုးကိုမှ ကြိုက်တာလို့။ ကျုပ်အမြင်တော့ ပုံမှန် ဒီလိုသတင်းမျိုးတွေ လုပ်ပေးသင့်တယ်။ ဟုန်လုစီဌာန ရှေ့မှာ လူတချို့ကို သွားစောင့်ခိုင်းထားလိုက်။ နိုင်ငံခြားသားတွေ့တာနဲ့ တိုက်ရိုက် အင်တာဗျူးလုပ်ဖို့ ခေါ်လာခဲ့။ လိုအပ်ရင် ငွေနည်းနည်းပါးပါး ပေးလိုက်ပေါ့။"
လီယွမ်ကျောက်သည် ဖန်ကျန်းရီ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။
"သတင်းစာတိုက်က သတင်းတုတွေ မရေးရဘူးလို့ ခင်ဗျားပဲ ပြောခဲ့တယ် မဟုတ်ဘူးလား။ ဒါက လိမ်လည်တာနဲ့ ဘာကွာလို့လဲ။ ပြီးတော့ ဒီလိုသတင်းမျိုးက တန်ဖိုးမှ မရှိတာ။"
ဖန်ကျန်းရီက ခေါင်းခါယမ်းကာ ပြောလိုက်၏။ "ဘယ်လိုလုပ် သတင်းတု ဖြစ်ရမှာလဲ။ မြို့တော်ရဲ့ ဘဝက အဲဒီ နိုင်ငံငယ်လေးတွေထက် အများကြီး ပိုမကောင်းဘူးလား။ ကျုပ်တို့က သူတို့ရဲ့ ရင်ထဲက စကားတွေကို ကိုယ်စား ပြောပေးရုံပဲ။
ပြီးတော့ ဒီလိုသတင်းမျိုးက တကယ်တော့ တန်ဖိုးရှိတယ်။ သတင်းစာ ရောင်းအား တက်ဖို့အတွက် အကျိုးရှိတာကို မပြောနဲ့အုံး။ အနည်းဆုံးတော့ ပြည်သူတွေ ဖတ်ပြီးရင် စိတ်ဓာတ်တွေ တက်ကြွလာမယ်။ ယုံကြည်မှုတွေ တိုးလာမယ်။ အမြင်ကျယ်လာမယ်။ မျိုးချစ်စိတ်ဓာတ်လည်း ပိုပြီး ခိုင်မာလာလိမ့်မယ်။”
မျိုးချစ်စိတ်ဓာတ် ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ ဖန်ကျန်းရီသည် မူမမှန်မှုများကို စောစောပိုင်းတည်းက သတိထားမိခဲ့သည်။
သူ ဝိညာဉ်ကူးပြောင်း ရောက်ရှိလာပြီးတည်းက တာ့ကျင်း၏ သာမန်ပြည်သူများ၌ မျိုးချစ်စိတ်ဓာတ် လုံးဝ မရှိသည်ကို တွေ့ရှိခဲ့ရသည်။ သူ စိတ်ကူးထားသည်နှင့် လုံးဝ ကွာခြားနေ၏။ သို့ပေမည့် သေချာ စဉ်းစားကြည့်ပြီးနောက် နားလည်ရန် မခက်ခဲတော့ပေ။
သမိုင်းလေ့လာရာတွင် အုပ်ချုပ်သူများ၏နေရာမှ ဝင်ကြည့်လေ့ရှိကြသည်။ သမိုင်းမှတ်တမ်းများထဲမှ ဆင်းရဲနွမ်းပါးသော အမတ်များနှင့် သာမန်ပြည်သူများသည် တစ်တန်းတည်း မဟုတ်ပေ။
တခြားဒေသများမှ သာမန်ပြည်သူများသည် အသားတစ်လုတ် စားရရန်ပင် ခက်ခဲနေကြသည်။ အစိုးရက စစ်သား စုဆောင်းချိန်တွင် မြေကြီးထဲ အက်ကွဲကြောင်းရှိလျှင် ထိုအထဲသို့ ဝင်ပုန်းချင်စိတ် ပေါက်နေကြသည်။
သို့သော်ငြား မြို့တော်တွင်တော့ အခြေအနေ အနည်းငယ် ကောင်းမွန်နေကြသည်။ အဘယ်မှာ မျိုးချစ်စိတ် ရှိတော့မည်နည်း။
"ဟမ့်... ရယ်ရတယ်။ ကျုပ်တို့ တာ့ကျင်းက ပြည်သူတွေထဲမှာ မျိုးချစ်စိတ် မရှိတဲ့သူ ဘယ်သူရှိလို့လဲ။ ဒါတွေ ကြည့်နေစရာ လိုသေးလို့လား။ ဒီသတင်းကို သူတို့က အဆန်းဖြစ်လို့ ဖတ်ကြတာ။ အမြဲတမ်း ဒီလိုသတင်းမျိုးတွေ လုပ်နေစရာ မလိုဘူးလို့ ထင်တယ်။
ဒါ ယုံကြည်မှု ရှိတာ မဟုတ်ဘူး။ သိမ်ငယ်စိတ် ဝင်နေတာပဲ။ တည်တည်ငြိမ်ငြိမ်နဲ့ ပစ္စည်းဥစ္စာတွေကြောင့်လည်း ဝမ်းမသာ၊ ကိုယ့်ကိုယ်ကိုယ်လည်း မနှိမ့်ချတာကမှ တကယ့် ယုံကြည်မှုလို့ ခေါ်တာ။
ကျုပ် ကိုယ်တိုင် တပ်မတော်ကြီးကို ဦးဆောင်ပြီး ဝူထူကို တိုက်ခိုက် အောင်နိုင်တဲ့အချိန်ကျရင် ကျုပ်တို့ တာ့ကျင်း ပြည်သူတွေ ဒါတွေ ကြည့်စရာမလိုဘဲ အလိုလို ယုံကြည်မှု ရှိလာလိမ့်မယ်။" လီယွမ်ကျောက်က မထီမဲ့မြင် ပြောလိုက်သည်။
ခင်ဗျားက တပ်မတော်ကြီးကို ဦးဆောင်မယ်။
ဖန်ကျန်းရီက သူ့ကို တစ်ချက် လှမ်းကြည့်လိုက်၏။
ထားလိုက်ပါတော့။ လူတိုင်း စိတ်ကူးယဉ်ခွင့်ရှိတာပဲ။
"အိမ်ရှေ့စံ ပြောတာ မှန်တယ်။ ဒါပေမဲ့ သူတို့က သာမန်ပြည်သူတွေလေ။ သူတို့အပေါ် လိုအပ်ချက်တွေ အရမ်း မမြှင့်ထားပါနဲ့။
အခု ပိုက်ဆံအိတ်က ပြားကပ်နေတာ ဘယ်က ယုံကြည်မှု ရှိလာမှာလဲ။ ကျုပ်တို့က သူတို့ကို ပိုက်ဆံ အမြန်ရှာနိုင်အောင် မကူညီနိုင်ဘူး။ စစ်တိုက်ဖို့ဆိုတာကလည်း မဖြစ်နိုင်သေးဘူး။ ဒါဆို ကိုယ့်ကိုယ်ကိုယ် မြှင့်တင်တာထက် သူတစ်ပါးကို နှိမ့်ချတာက ပိုကောင်းတာပေါ့။
ပြီးတော့ ဒါကို ဓနသိုက် သော့ချက် လို့ ခေါ်တယ်။ ပြည်သူတွေ ကြိုက်တယ်ဆိုရင် နေ့တိုင်း ပြပေးလိုက်ပေါ့။ သတင်းစာရောင်းအား ထိုးတက်သွားမှာ မဟုတ်ဘူးလား။"
လီယွမ်ကျောက်သည် ခဏမျှ စဉ်းစားလိုက်ပြီး သူ၏ လက်ထဲရှိ အရိုးသာ ကျန်တော့သော ပန်းသီးကို ကြည့်ကာ ပြောလိုက်သည်။
"နည်းနည်းတော့ ယုတ္တိရှိသလိုပဲ။ ကျုပ်ကို ပန်းသီး တစ်လုံးပေးအုံး။"
"ကုန်သွားပြီ။"
"အေးလေ... ကျုပ် ဖရဲသီး စားချင်လာပြီ။ ဈေးကွက်ထဲမှာ ရောင်းဖို့ ရှိသေးလား။ လူလွှတ်ပြီး ဝယ်ခိုင်းလိုက် ရမလား။"
"ဈေးကွက်ထဲမှာတော့ မရှိတော့ဘူး။ ဒါပေမဲ့ တောက်ယွမ်ခရိုင်က ဖန်လုံအိမ်ထဲမှာတော့ ရှိသေးတယ်။ အိမ်ရှေ့စံ စားချင်တယ်ဆိုရင် မနက်ဖြန် လူကြုံနဲ့ ပို့ပေးလိုက်မယ်။"
"ဖန်လုံအိမ်။"
လီယွမ်ကျောက်၏ မျက်နှာပေါ်တွင် နားမလည်နိုင်သော အမူအရာ ပေါ်လာ၏။ "နည်းနည်း ရင်းနှီးနေသလိုပဲ။"
"ဆောင်းရာသီမှာ သီးနှံတွေကို အိမ်ထဲမှာ စိုက်ပြီး မီးဖိုနဲ့ အပူပေးတာလေ။ ဒါဆို ဆောင်းရာသီမှာလည်း သီးနှံတွေ ကြီးထွားလာနိုင်တယ်။ နည်းပညာပိုင်းက သိပ်မပြည့်စုံသေးဘူး။ အရင်က အိမ်ရှေ့စံကို ဖန်လုံအိမ် အကြောင်း ပြောပြဖူးတယ်။ အိမ်ရှေ့စံ မေ့သွားပြီလား။"
တကယ်တော့ ဖန်လုံအိမ် ဆိုသည့်အရာကို တောက်ယွမ်ခရိုင်တွင် စမ်းသပ်စိုက်ပျိုးနေသည်မှာ ကြာပြီဖြစ်သည်။ အရှင်မင်းကြီး တောက်ယွမ်ခရိုင်သို့ ပထမဆုံးအကြိမ် ရောက်ရှိစဉ်က ဖရဲသီး ဝယ်စားနေသူများကို အမှတ်မထင် တွေ့ခဲ့ရသည်။
သို့ပေမည့် စီးပွားရေးအရ တွက်ခြေမကိုက်သောကြောင့် တွင်ကျယ်စွာ မဖြန့်ဖြူးနိုင်ခဲ့ဘဲ ရာသီပေါ် မဟုတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးအချို့ကို စားရန်သာ ကိုယ်တိုင် စိုက်ပျိုးနိုင်ခဲ့၏။
လီယွမ်ကျောက်က မေးစေ့ကို ပွတ်ကာ တွေးလိုက်သည်။ "အို... ကျုပ် မှတ်မိသလိုလို ရှိပြီ။ ဒါဆို လယ်သမားတွေ ဆောင်းရာသီမှာလည်း စိုက်ပျိုးလို့ ရသွားပြီပေါ့။"
ဖန်ကျန်းရီသည် ဟန်လုပ် ပြုံးလိုက်၏။
"ဖန်လုံအိမ်က အထွက်နှုန်း မကောင်းဘူး။ ထိန်းချုပ်ရ ခက်တယ်။ ကုန်ကျစရိတ်လည်း အရမ်းများတယ်။ တန်ဖိုးကြီးတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကိုပဲ စိုက်လို့ရတယ်။
ပြီးတော့ ဖရဲသီး စိုက်ရင်လည်း သိပ်မစားကောင်းဘူး။ မချိုဘူး။ မဟုတ်ရင် မနှစ်ကတည်းက အိမ်ရှေ့စံဆီ ပို့ပေးခဲ့မှာပေါ့။ ဆားနည်းနည်း ဖြူးလိုက်ရင် ချိုသွားမှာ မဟုတ်ဘူးလား။"
ဆားအကြောင်း ကြားလိုက်ရသောအခါ ဖန်ကျန်းရီသည် ရုတ်တရက် အံ့အားသင့်သွားသည်။
ဆား... အချိန်တွက်ကြည့်ရလျှင် ရှဲ့ရှန်းတို့အဖွဲ့ ကျန်းကျန်းကို ရောက်နေလောက်ပြီ။ အဲဒီဘက်က အခြေအနေ ဘယ်လိုရှိလဲ မသိဘူး။
စပြန်စာ ရဖို့ဆိုလျှင် နောက်ထပ် တစ်လလောက် ကြာဦးမည်။
တောင်ဘက်သို့ ဆက်လက် စုံစမ်းစစ်ဆေးမည်ဆိုလျှင် အသွားအပြန် သတင်းပို့ရသည်မှာ အလွန် အလုပ်ရှုပ် ပေလိမ့်မည်...။
"ဖန်ကြီး... ဖန်ကြီး... ကျုပ်ပြောတာ ကြားရဲ့လား။"
"ဟမ်... အိမ်ရှေ့စံ ဘာပြောလိုက်တာလဲ။" ဖန်ကျန်းရီ သတိပြန်ဝင်လာပြီး လီယွမ်ကျောက်က သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်ကို တွေ့လိုက်ရ၏။
"ကျုပ်ပြောတာက ခင်ဗျားတို့ တောက်ယွမ်ခရိုင်မှာ ဒီလို ကောင်းတဲ့အရာတွေ ရှိနေတာ ဘာလို့ အပြင်ထုတ်ပြီး မရောင်းတာလဲလို့။
ကျုပ် နန်းတော်ထဲ ယူသွားပြီး ရောင်းပေးမယ်။ သက်ရှည်ကျန်းမာစေတဲ့ ဖရဲသီး ဆိုပြီး တစ်လုံးကို ငွေတုံး ဆယ်ဂဏန်း၊ နှစ်ဆယ်လောက်နဲ့ ရောင်းမယ်လေ။
ဆောင်းရာသီမှာ ကြီးထွားနိုင်တဲ့ ဖရဲသီးဆိုတော့ အံ့သြစရာကောင်းတဲ့ အစွမ်းသတ္တိတွေ ရှိမှာ သေချာတယ်။ အဲဒါဆို အမြတ်အစွန်းတွေ အများကြီး မရနိုင်ဘူးလား။"
အိမ်ရှေ့စံ စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ ဖန်ကျန်းရီ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။
အိမ်ရှေ့စံက ဘယ်လိုဖြစ်သွားတာလဲ။
ကြည့်ရတာ ယုတ်မာတဲ့ ကုန်သည်အဖြစ် ပြောင်းလဲသွားတော့မယ် ထင်တယ်။ အဘိုးကြီးတွေကို လိမ်လည်ပြီး ကျန်းမာရေး ဖြည့်စွက်စာတွေ ရောင်းတဲ့သူနဲ့ တူနေပြီ။
လျိုကျင်း သင်ပေးထားတာလား။ ဒီသေနာကျ မိန်းမစိုးက အိမ်ရှေ့စံကို လမ်းမှားရောက်အောင် လုပ်နေတာပဲ။
ဒီကိစ္စကို နောက်ကျရင် အရှင်မင်းကြီး မေးလာရင် သေချာ ရှင်းပြရမယ်...။
"ထားလိုက်ပါတော့ အိမ်ရှေ့စံရယ်။ ဖရဲသီးတစ်လုံးနဲ့ ပိုက်ဆံ အများကြီး မရနိုင်ပါဘူး။ မလိုပါဘူး။"
"ကျုပ် ထင်တာကတော့..."
"ငြိမ်ငြိမ်နေစမ်း။ မလှုပ်နဲ့။"
လီယွမ်ကျောက် စကားပြောရန် ပြင်လိုက်စဉ်မှာပင် တံခါးဝမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ထို့နောက် တံခါး ပွင့်သွား၏။
လူငယ်နှစ်ယောက်က ညစ်ပတ်ပေရေနေသော အဘိုးကြီးတစ်ယောက်ကို တွဲခေါ်လာသည်။ ဖန်ကျန်းရီကို မြင်လိုက်သည်နှင့် သူတို့၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ ပေါ်လာသည်။
"ဟာ... သခင်လေးကို ရှာတွေ့ပြီ။ ခုနက အိမ်ကို သွားတာ မတွေ့ဘူး။"
ဖန်ကျန်းရီ ကြည့်လိုက်တော့ ထိုနှစ်ယောက်မှာ တောက်ယွမ်ခရိုင်မှ ဖြစ်ကြောင်း သိလိုက်ရသဖြင့် အလျင်အမြန် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ။ ဒီလူက ဘယ်သူလဲ။"
ထိုနှစ်ယောက်သည် အချင်းချင်း ကြည့်လိုက်ကြပြီး...
"သခင်လေး သူ့ကို မသိဘူးလား။ ဒီလူကို ကျွန်တော်တို့ ခရိုင်ရဲ့ မျောက်ဖမ်းအဖွဲ့က တောင်ပေါ်မှာ တွေ့ခဲ့တာ။ ပါးစပ်ကနေ ပွစိပွစိနဲ့ ဆဲဆိုနေတာ။ သေချာ နားထောင်ကြည့်တော့ သခင်လေးကို ဆဲနေတာဗျ။
ဆရာအောက်ချန်ကို သတင်းပို့တော့ သူက အရေးကြီးတဲ့ ရန်သူများ ဖြစ်နေမလားဆိုပြီး သခင်လေးဆီ သွားပြခိုင်းလိုက်တာ။"
ထိုအဘိုးကြီး၏ ဆံပင်များသည် ဖရိုဖရဲ ဖြစ်နေပြီး ဆံပင်ဖြူများက မျက်နှာကို ဖုံးအုပ်ထားသဖြင့် မျက်နှာကို သေချာ မမြင်ရချေ။ ပါးစပ်မှလည်း တတွတ်တွတ် ရေရွတ်နေဆဲ ဖြစ်သည်။
"မင်း မကောင်းဆိုးဝါး... ငရဲပြည် အထပ်တစ်ဆယ့်ရှစ်ထပ်ကို ကျပါစေ..."
ဖန်ကျန်းရီက မျက်မှောင်ကြုတ်လိုက်၏။
"သူ့ဆံပင်တွေကို ဖယ်လိုက်စမ်း။"
ဒီလူက ဘယ်သူလဲ။ ဒီလို အရူးလို ဖြစ်နေတဲ့လူက ငါ့ရန်သူလား။
ဆံပင်များကို ဖယ်လိုက်ပြီးနောက် ထိုအဘိုးကြီးသည် ဖန်ကျန်းရီကို မြင်သွားသည်။ သို့နှင့် အကြီးအကျယ် လှုံ့ဆော်ခံလိုက်ရသကဲ့သို့ အော်ဟစ်လိုက်သည်။
"သတ္တိကောင်းတဲ့ ခွေးမိစ္ဆာ။ မင်း လူမဟုတ်ဘူးဆိုတာ ငါ တစ်ချက်ကြည့်တာနဲ့ သိတယ်။ မင်းရဲ့ မူလရုပ်သွင်ကို အမြန် ပြန်ပြောင်းလိုက်စမ်း။"
ခွေးမိစ္ဆာ။
လီယွမ်ကျောက်သည် ဘေးနားတွင် ပါးစပ်ကို အုပ်ကာ တခစ်ခစ် ရယ်မောနေ၏။
ဖန်ကျန်းရီ၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားပြီး ထိုအဘိုးကြီးကို သေချာ အကဲခတ်လိုက်သည်။
အချိန်အတော်ကြာ ကြည့်ပြီးနောက် သူ၏ မျက်လုံးများ တဖြည်းဖြည်း ပြောင်းလဲသွား၏။
ဒီလူက ဖူယွင်ကျောင်းတော်က ကျောင်းထိုင်ဆရာတော် ဟုန်ချန် မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီလိုပုံစံ ဖြစ်သွားတာလဲ။ တောက်ယွမ်ခရိုင်ရဲ့ တောင်ပေါ်ကိုတောင် ရောက်သွားသေးတယ်။
ငါ တောက်ယွမ်ခရိုင်မှာ ရှိနေတာကို ကြားပြီး ကလဲ့စားလာချေတာတော့ မဟုတ်ပါဘူးနော်...။
အကုသိုလ်... အကုသိုလ်ပါလား...။
"ဆရာတော် ဟုန်ချန်လား။" ဖန်ကျန်းရီက သတိထား၍ မေးလိုက်သည်။
ဟုန်ချန်သည် ပါးစပ်မှ အဆက်မပြတ် ဆဲဆိုနေဆဲ ဖြစ်သော်လည်း သူ၏ နာမည်ကို ခေါ်သံကြားလိုက်ရသောအခါ ရုတ်တရက် ရပ်တန့်သွား၏။
မခံမရပ်နိုင်စရာ အမှတ်တရများက ရင်ထဲသို့ ချက်ချင်း ဝင်ရောက်လာသည်။ မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာပြီး မျက်နှာပေါ်တွင် မျက်ရည်နှစ်ကြောင်း ဖြစ်သွားခဲ့သည်...။
"ဖန်ကျန်းရီ... မင်းရဲ့ ဘိုးဘေး အဆက်ဆက် ခွေးယိုး….."
"…..."
ဆက်ဆဲတော့မည်ကို မြင်သောအခါ ဖန်ကျန်းရီသည် သူ၏ လက်ထဲရှိ ပန်းသီးအူတိုင်ကို ဟုန်ချန်၏ ပါးစပ်ထဲသို့ အလျင်အမြန် ထိုးထည့်လိုက်သည်။
ဟုန်ချန်သည် ချက်ချင်းပင် အငမ်းမရ စားသောက်လေတော့၏...။
သူ၏ သနားစရာကောင်းသော အခြေအနေကို ကြည့်ပြီး ဖန်ကျန်းရီသည်လည်း စိတ်မကောင်း ဖြစ်သွားသည်။
ဒီဘုန်းကြီးက ငါနဲ့ တကယ် ရန်ငြိုး မရှိပါဘူး။ ဒီလောက်တောင် ဒုက္ခရောက်နေပြီလား။
သက်ပြင်းချပြီးနောက် ဖန်ကျန်းရီက တောက်ယွမ်ခရိုင်မှ လူငယ်နှစ်ယောက်ကို လှမ်းခေါ်ကာ ဟုန်ချန်ကို လက်ညှိုးထိုးပြပြီး အမိန့်ပေးလိုက်၏။
"မှတ်ထား … သူက သခင်လေးရဲ့ ဧည့်သည်တော်ပဲ။ စိတ်ဖောက်ပြန်နေတာ။ ခရိုင်ကို ပြန်သွားရင် နေဖို့ နေရာ သေချာ စီစဉ်ပေးလိုက်။ အောက်ချန်ကိုလည်း ပြောလိုက်။ သူ့ကို ဆေးကုပေးဖို့ သမားတော် နှစ်ယောက်လောက် ခေါ်ပေးလိုက်အုံးလို့။ ပြီးတော့ နေစရာ နေရာ တစ်ခုပါ စီစဉ်ပေးလိုက်ဖို့။ ကဲ... ပြန်ကြတော့။"
ထိုနှစ်ယောက်က ခေါင်းညိတ်ပြပြီး ဟုန်ချန်ကို တွဲကာ လှည့်ထွက်သွားကြသည်။
ဟုန်ချန်၏ ကျောပြင်ကို ကြည့်ရင်း ဖန်ကျန်းရီက သက်ပြင်းချလိုက်၏။
"အိမ်ရှေ့စံ... ဗုဒ္ဓတရားကို သေချာ မလေ့လာရင် ဒီလို အကျိုးဆက်မျိုး ခံစားရတတ်တယ်ဆိုတာ အဲဒါပဲ။"
လီယွမ်ကျောက်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "အင်း... သတင်းစာထဲမှာ ထည့်ပြီး ကြေညာလိုက်ပါလား။ သံဝေဂ တရားပေါ့။"
“…..”