← Chapters

အခန်း ၄၀၁

Vol. 22 Ch. 401

အခန်း ၄၀၁

Vol. 22 Ch. 401

အပိုင်း (၄၀၁) ဆားမှောင်ခိုသမားများကို ရှာဖွေခြင်း။

ဖုန်းဟွာပြည့်တန်ဆာအိမ်။

ကျိုးထျဲ့၊ ချီယန်တယ်ရှန်း၊ ကျောက်လျဲ့တို့အားလုံးသည် ဧည့်ခန်းထဲတွင် ဝိုင်းထိုင်နေကြ၏။

ရှဲ့ရှန်းသည် ခေါင်းဆောင်နေရာတွင် ထိုင်ကာ သူ၏လက်ထဲရှိ စာရွက်စာတမ်းအထပ်လိုက်ကို ကြည့်ပြီးနောက် ခေါင်းမော့ကာ မေးလိုက်သည်။ "ဒါက အသင်းဝင်အားလုံးရဲ့ အချက်အလက်တွေလား … ကျန်ခဲ့တာတွေ ရှိသေးလား။"

အစေခံက ခေါင်းညိတ်ပြလိုက်၏။ "တာဝန်ခံကြီး… အကုန်လုံး ဒီမှာ ရှိပါတယ်။ အမှားအယွင်း မရှိပါဘူး။"

ရှဲ့ရှန်းက ခေါင်းညိတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "အင်း … ထွက်သွားတော့။"

အစေခံ ထွက်သွားပြီးနောက် ရှဲ့ရှန်းသည် သူ၏မျက်ခုံးကြားကို ပွတ်သပ်လိုက်သည်။ သူ၏စိတ်ထဲတွင် အနည်းငယ် စိတ်ရှုပ်ထွေးလျက် ရှိနေ၏။

လမ်းတစ်လျှောက်လုံး သူက ကျန်းကျန်း ၏ အကြမ်းဖျင်းအခြေအနေများကို အားလုံး ရှင်းပြခဲ့ပြီးဖြစ်သည်။

ကျန်းကျန်းသို့ ရောက်သောအခါ တစ်ရက်သာ အနားယူပြီးနောက် လူအများကိုခေါ်ကာ ဖုန်းဟွာပြည့်တန်ဆာအိမ်သို့ ချက်ချင်း ရောက်လာခဲ့သည်။ သခင်လေး၏ ညွှန်ကြားချက်အရ ဆားလုပ်ငန်းကို စုံစမ်းရာတွင် လျှို့ဝှက်စွာ စုံစမ်းရမည် ဖြစ်၏။ ကိုယ်ပိုင်အင်အားလည်း လုံလုံလောက်လောက် မရှိသဖြင့် ဖုန်းဟွာပြည့်တန်ဆာအိမ်မှနေ၍ စတင်စုံစမ်းရမည်။

ဖုန်းဟွာပြည့်တန်ဆာအိမ်ကို ကျန်းကျန်းမှ မထွက်ခွာမီတည်းက စီမံခန့်ခွဲရန် လူစီစဉ်ထားခဲ့ပြီး ဖြစ်၏။ အသင်းဝင်အားလုံး၏ အချက်အလက်များကို မှတ်တမ်းတင်ထားရမည်။ ဤအထဲတွင် အသုံးဝင်မည့်သူ ရှိကောင်းရှိနိုင်မည်ဟု တွေးကာ အထူးတလည် လာရောက်စစ်ဆေးခြင်း ဖြစ်ပေသည်။

သို့သော် ရလဒ်ကား စိတ်ပျက်စရာပင်။ အသုံးဝင်မည့် အချက်အလက်များ သိပ်မတွေ့ရချေ။

ကျောက်လျဲ့က သူ၏ မျက်မှောင်ကြုတ်နေသောအမူအရာကို ကြည့်ကာ မေးလိုက်၏၊ "ဆရာ … ဘာမှ မတွေ့ဘူးလား။"

ရှဲ့ရှန်းက ခေါင်းခါလိုက်သည်။

ကျိုးထျဲ့သည် ထူထဲလှသော စာရွက်စာတမ်းအထပ်လိုက်ကို ကြည့်ကာ မေးလိုက်၏။ "လောင်ရှဲ့ … ကျုပ်တို့ ထွက်သွားတာ အတော်ကြာနေပြီ။ အသင်းဝင်တွေလည်း ဒီလောက်တောင် များလာပြီပဲ။ ဖုန်းဟွာပြည့်တန်ဆာအိမ်ရဲ့ စီးပွားရေးက အတော် ကောင်းတာပဲ။

ဒီအထဲမှာ သူဌေးတွေချည်းပဲ။ ဆားကုန်သည် တစ်ယောက်လေးတောင် မရှိဘူးလား။"

အချိန်အတော်ကြာ နှုတ်ဆိတ်နေသော ချီယန်တယ်ရှန်းက ဝင်ပြောလိုက်သည် "ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ ခုနက ဖုန်းဟွာပြည့်တန်ဆာအိမ်ကို ကြည့်ပြီးပြီ။ တကယ်ကို ကောင်းတယ်။ ဒါပေမဲ့ … ဆားကုန်သည်တွေရဲ့ မျက်စိထဲတော့ ဝင်အုံးမယ် မထင်ဘူး။

ဆားကုန်သည်တွေရဲ့ ကြွယ်ဝချမ်းသာမှုက သာမန်လူတွေ စိတ်ကူးယဉ်လို့ ရနိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ အရင်တုန်းက ကျုပ် အရှင်မင်းကြီးနဲ့အတူ ဆားကုန်သည်တွေရဲ့ အိမ်တွေကို လှည့်လည်ကြည့်ရှုခဲ့ဖူးတယ်။

ဧက ထောင်ချီ ကျယ်ဝန်းတဲ့ အိမ်ကြီးအိမ်ကောင်းတွေ။ လှပတဲ့ မိန်းမချောတွေက တိမ်တိုက်တွေလိုပဲ။ ပန်းပုလက်ရာတွေနဲ့ ကျောက်စိမ်းရုပ်တုတွေ အများကြီးပဲ။ အရှင်မင်းကြီး ကိုယ်တိုင်တောင် အံ့အားသင့် ချီးကျူးခဲ့ရတယ်။

ကျန်းကျန်းက ကုန်စည်စီးဆင်းမှုမှာ အရေးပါတဲ့ နေရာတစ်ခု ဖြစ်ပေမဲ့ အဓိက ဆားထွက်တဲ့ နေရာတော့ မဟုတ်သေးဘူး။ ဖုန်းဟွာပြည့်တန်ဆာအိမ်ရဲ့ နာမည်ကလည်း ဆားကုန်သည်တွေကို အဝေးကြီးကနေ လာဖို့အထိ ဆွဲဆောင်နိုင်လောက်တဲ့ အနေအထား မရှိသေးဘူး။

ကျုပ်တို့ ရှာမယ်ဆိုရင်တောင် ဆားမှောင်ခိုသမားတွေကိုပဲ ရှာတွေ့နိုင်မှာပါ။ ဒါပေမဲ့ အဲဒီလူတွေက သေဒဏ်ထိုက်တဲ့ အလုပ်ကို လုပ်နေကြတာ။ ဒီမှာ သူတို့ရဲ့ သဲလွန်စတွေကို ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ။ ဒီနေရာကို ကြိုက်ရင်တောင် ပိုက်ဆံပိုပေးချင်ပေးမယ်၊ ဘာအသင်းဝင်မှ လုပ်ချင်မှာ မဟုတ်ဘူး။"

ရှဲ့ရှန်း စကားမပြောရသေးမီ ကျိုးထျဲ့က သူ့ကို မျက်စောင်းထိုးကာ ပြောလိုက်၏။

"အဘိုးကြီး … ခင်ဗျား စကားများလှချည်လား။ ဒီလောက် အသက်ကြီးနေပြီ ခင်ဗျားရဲ့ ဦးနှောက်က တခြား ဘာတွေ မှတ်မိနေသေးလို့လဲ။

ဆားကုန်သည်တွေ ဘယ်လောက်ပဲ အဆင့်အတန်းမြင့်တယ်ဆိုဆို ကျုပ်တို့ တောက်ယွမ်ခရိုင်လောက် အဆင့်အတန်း မြင့်လို့လား။"

သူ၏ သရော်တော်တော်စကားကို ကြားသောအခါ ချီယန်တယ်ရှန်းသည် ရုတ်တရက် မတ်တပ်ရပ်ကာ လက်ညှိုးထိုးပြီး ဒေါသတကြီး ပြောလိုက်သည် "ကျိုးထျဲ့ … မင်း တော်သင့်ပြီနော်။ လမ်းတစ်လျှောက်လုံး ကျုပ်ကို ခွန်းတုံ့ပြန်နေတာလား။"

ကျိုးထျဲ့က အေးစက်စက် ပြုံးလိုက်၏ "တုံ့ပြန်တော့ ဘာဖြစ်လဲ။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် အရင်တုန်းကလို တံဆိပ်တုံးကိုင် မိန်းမစိုးကြီးလို့ ထင်နေတုန်းပဲလား။ ပိုက်ဆံယူပြီး အလုပ်မလုပ်ဘူး။ ကျုပ်သာ အရည်အချင်း မရှိရင် သေချာပေါက် ဒုက္ခရောက်နေလောက်ပြီ။ ဒီကိစ္စကို ကျုပ် တစ်သက်လုံး မှတ်ထားမယ်။"

ချီယန်တယ်ရှန်းကလည်း အလျော့မပေးချေ။ "မင်းက ဘာတွေ အရည်အချင်း ရှိလို့လဲ။ မင်းက ပိုက်ဆံပေးပြီး ပထမဆု ဝယ်ခဲ့တာကို။"

"ခင်ဗျား … ကျုပ်ကို ရွဲ့နေတာပေါ့လေ။” ကျိုးထျဲ့က မျက်လုံးပြူးကာ လက်မောင်းကို ပင့်တင်ပြီး ရှေ့သို့ တိုးသွားရန် ပြင်လိုက်၏။

ကျောက်လျဲ့က သူ့ကို ဆွဲထားရန် အလျင်အမြန် မတ်တပ်ရပ်လိုက်သည်။

ချီယန်တယ်ရှန်းက ခေါင်းမော့ကာ မျက်လုံးမှိတ်ထားပြီး စူးရှသောအသံဖြင့် အော်ဟစ်လိုက်၏။

"မင်း ကျုပ်ကို တစ်ချက်လောက် ရိုက်ကြည့်လိုက်စမ်း။ နောက်ကျလို့ သခင်လေး ကျုပ်တို့ မင်းသမီးလေးနဲ့ လက်ထပ်တဲ့အခါ မင်းကို အသေသတ်ပစ်မယ်။"

"ထွီ … ခင်ဗျားက ဒီနည်းနဲ့ ကောင်းကင်ကို ပျံတက်ချင်နေတာလား။" ကျိုးထျဲ့က ပါးစပ်ကသာ တင်းခံနေသော်လည်း သူ၏လက်သီးကို ဖြည်းညင်းစွာ ချလိုက်သည်။

ဤကိစ္စကို လမ်းခရီးတွင် ချီယန်တယ်ရှန်းက သူ့ကို ကြွားလုံးထုတ်ခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သူ့စိတ်ထဲတွင်လည်း အခြေအနေကို သေချာ မသိချေ။ သခင်လေးသာ တကယ် လက်ထပ်လိုက်လျှင် မည်သို့ လုပ်မည်နည်း။ ဤမိန်းမစိုးအိုကြီး၏ ကုန်းချောတတ်သော အတတ်ပညာမှာ သာမန် မဟုတ်ချေ။

သူ အလျှော့ပေးသွားသည်ကို မြင်သောအခါ ချီယန်တယ်ရှန်း က အေးစက်စက် ပြုံးလိုက်၏။ "ဟင်း … အမှိုက်ကောင်လေး … မင်းမှာ အရည်အချင်းမှ မရှိတာ။"

"အဘိုးကြီး … ခင်ဗျား ဒီနေ့ ကျုပ်လက်ထဲမှာ သေဖို့သာ ပြင်ထား။"

ရှဲ့ရှန်းက စားပွဲကို ပြင်းပြင်းထန်ထန်ရိုက်ကာ ဒေါသတကြီး အော်လိုက်သည်။ "တော်ကြတော့။ အလုပ်လုပ်ဖို့ ထွက်လာတာ။ အရင်ရန်ငြိုးတွေက ဘာလို့ အခုထိ ရှုပ်ယှက်ခတ်နေကြတာလဲ။

ထပ်ပြီး ရန်ဖြစ်နေကြမယ်ဆိုရင် ငါ အကုန်လုံးကို အစိုးရရုံးမှာ သွားတိုင်ပစ်မယ်။"

သူတို့နှစ်ဦးသည် ချက်ချင်း ငြိမ်သက်သွားကြ၏။

ကျောက်လျဲ့က ရှဲ့ရှန်းကို လက်မထောင်ပြလိုက်သည်။ ဆရာက တကယ့်ကို ဆရာပါပေ။

ရှဲ့ရှန်းက ဆက်၍ ပြောလိုက်သည်။ "ချီယန်အိမ်တော်ထိန်း ပြောတာ ယုတ္တိရှိတယ်။ တကယ့် ဆားကုန်သည်တွေ နဲ့ အဆက်အသွယ်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါတို့ ဆားမှောင်ခိုသမားတွေကိုပဲ ရှာလို့ ရနိုင်မယ်။"

ကျောက်လျဲ့က မေးလိုက်၏။ "ဆရာ … ဒါဆို ဆားမှောင်ခိုသမားတွေကို ဘယ်မှာ သွားရှာရမလဲ။ ဆားမှောင်ခိုနဲ့ အစိုးရဆားက ဘာပတ်သက်မှု ရှိလို့လဲ။"

ရှဲ့ရှန်းက ပြုံးလိုက်သည်။ "ခရိုင်ထဲက ဆားမှောင်ခိုသမားတွေဆီကနေ ကျုပ်လည်း ပစ္စည်း ယူဖူးတယ်။ ဒီလူတွေက မြို့တိုင်းမှာနီးပါး ရှိတတ်တယ်။ အကြီးအသေးပဲ ကွာတာ။ ကျန်းကျန်းမြို့လို အချက်အချာကျတဲ့ နေရာမျိုးမှာ ဆားမှောင်ခိုသမားတွေ သေချာပေါက် လှုပ်ရှားမှာပဲ။

သူတို့က နာမည်အရသာ ဆားမှောင်ခိုသမားတွေ ဖြစ်ပေမဲ့ တကယ်တမ်းကျတော့ သူတို့လက်ထဲက ဆားတွေက အစိုးရ ဆားလုပ်ငန်းကနေ ထွက်လာတာတွေချည်းပဲ။

ဒီလိုမှ မဟုတ်ရင် တောက်ယွမ်ခရိုင်လို ဆားအများကြီး သုံးတဲ့နေရာကိုတင်ပို့ဖို့ ဘယ်ဆားမှောင်ခိုသမားက ကိုယ်တိုင် ချက်လုပ်နိုင်မှာလဲ။"

ကျောက်လျဲ့က သဘောပေါက်သွားဟန်ဖြင့် ပြောလိုက်၏။ "ရှာတွေ့ရင်တောင် နောက်ပိုင်း ကျုပ်တို့ ဘယ်လို ဆက်လုပ်ကြမလဲ။"

"အင်း … ဒါကြောင့် ကျုပ်တို့ အရင်ဆုံး သဲလွန်စတစ်ခုကို အရင်ရှာရမယ်။ ပြီးတော့ ကိုယ်တိုင် ဆားမှောင်ခိုသမားတွေ ဖြစ်လာအောင် လုပ်ရမယ်။ ဒီအမည်ခံ ရသွားပြီဆိုရင် နောက်ကိစ္စတွေက လုပ်ရ လွယ်သွားပြီ။"

ကျောက်လျဲ့က ရုတ်တရက် နားလည်သွားသည်။ "ဪ … ဒါကြောင့် ခုနက ဆရာ စာရွက်စာတမ်းတွေကို ကြည့်ပြီး ရှာနေတာကိုး။"

ရှဲ့ရှန်းက စာရွက်စာတမ်းများကို ကောက်ကိုင်လိုက်၏။ "တောင်နဲ့မြောက်က အရမ်းဝေးတယ်။ ခရိုင်ထဲက ဆားမှောင်ခို ဆက်သွယ်ရေးကို ရှာရင်လည်း အဓိပ္ပာယ် မရှိနိုင်ဘူး။

လျိုရွှန်းရဲ့ နောက်ကွယ်က ကြိုးကိုင်သူက ဆားလုပ်ငန်းနဲ့ ပတ်သက်နေတယ်ဆိုရင်တောင် သူ့ရဲ့ ဩဇာလွှမ်းမိုးမှု က ဒီလောက်အထိ ကြီးမားဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ မြောက်ပိုင်းက အဓိက ဆားထွက်တဲ့ ဒေသလည်း မဟုတ်ဘူး။

ဖုန်းဟွာပြည့်တန်ဆာအိမ်က အသင်းဝင်အားလုံးကို ကျုပ် ကြည့်ပြီးသွားပြီ။ အသုံးဝင်တဲ့ အချက်အလက် သိပ်မရှိဘူး။

ဒါကြောင့် ကျုပ်တို့ ဒီမှာ အချိန်တစ်ခုလောက် နေရလိမ့်မယ်။ ကျုပ်တို့လူတွေကို သေချာ စောင့်ကြည့်ခိုင်းထားပါ။ အပြင်မှာလည်း သေချာ စုံစမ်းရမယ်။ ဆားမှောင်ခိုသမားတွေကို ရှာတွေ့အောင် ကြိုးစားကြ။"

All Chapters