အခန်း ၄၀၂
Vol. 22 Ch. 402
အပိုင်း (၄၀၂) သာမန်လူ ချန်စစ်ဝူ။
ရှေးခေတ်ကာလများကတည်းက ဆားနှင့် သံကို အစိုးရကသာ ချုပ်ကိုင်ထားခဲ့သည်။
ဆားမှောင်ခိုကူးခြင်းသည် နိုင်ငံတော်ဘဏ္ဍာတိုက်မှ ငွေကို တိုက်ရိုက်ယူခြင်းနှင့် တူညီသောကြောင့် သေဒဏ်ထိုက်သည့် ရာဇဝတ်မှုကြီး ဖြစ်သည်။ ထို့ကြောင့် ဆားမှောင်ခိုသမားများကို ရှာဖွေရန်မှာ မလွယ်ကူပေ။
တောက်ယွမ်ခရိုင်တွင် အစောဆုံး ဆားမှောင်ခို အဆက်အသွယ်ကို ရှာတွေ့ခဲ့စဉ်က ငံပြာရည်ရောင်းသူ၏ ပါးစပ်မှ ထွက်ကျလာသော အချက်အလက်များမှတစ်ဆင့် ရှာဖွေခဲ့ရခြင်း ဖြစ်သည်။
ထို့နောက် အဆက်အသွယ်များမှတစ်ဆင့် အထက်သို့ ဆက်လက် စုံစမ်းကာ ဆားမှောင်ခို ခေါင်းဆောင်ကြီးကို ရှာတွေ့ခဲ့ခြင်း ဖြစ်၏။
ဤဆားမှောင်ခိုသမားများ၏ သတိထားမှုမှာလည်း အလွန် မြင့်မား၏။ အချိန်အတော်ကြာအောင် ကြိုးစားသော်လည်း အဆင်မပြေသဖြင့် နောက်ဆုံး ဖန်ကျန်းရီ ကိုယ်တိုင် ရှေ့ထွက်ကာ ထိုလူများကို ခရိုင်ရုံးသို့ ဖိတ်ခေါ်၍ ဆွေးနွေးခဲ့ရသည်။
ဆားမှောင်ခိုသမားများသည် ဖန်ကျန်းရီ လုပ်ငန်းစွမ်းရည် အလွန် ကျွမ်းကျင်နေသည်ကို မြင်သောအခါမှသာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြခြင်း ဖြစ်၏။
ထို့ကြောင့် ဤကိစ္စသည် မည်မျှ ခက်ခဲကြောင်း သိသာပေသည်။
ရှဲ့ရှန်း ဖုန်းဟွာပြည့်တန်ဆာအိမ်သို့ ပြန်ရောက်လာသောအခါ ကုန်သည်များစွာက သူ့ထံသို့ လာရောက် တွေ့ဆုံကြ၏။
ယခု ရှဲ့ရှန်းသည် ဖန်ကျန်းရီနှင့် အတူ အလုပ်လုပ်နေကြောင်း အားလုံး သိထားကြသဖြင့် အထူး နွေးထွေးစွာ ဆက်ဆံကြသည်။
ရှဲ့ရှန်းကလည်း တစ်ဦးချင်းစီကို ပြန်လည် တုံ့ပြန်ကာ လက်ဆောင်များ ယူဆောင်လျက် အိမ်ပေါက်စေ့ လိုက်လံ နှုတ်ဆက်ခဲ့၏။
ပထမ အကြောင်းရင်းမှာ နောင်တစ်ချိန်တွင် အသုံးဝင်လာစေရန် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ခြင်း ဖြစ်သည်။
ဒုတိယ အကြောင်းရင်းမှာမူ သွယ်ဝိုက်သောနည်းဖြင့် သတင်းအချက်အလက်များကို စုံစမ်းရန် ဖြစ်သည်။ ဤကုန်သည်များတွင် မြေယာများစွာ ရှိပြီး လယ်သမားများစွာကို မွေးမြူထားသောကြောင့် ဆားအသုံးပြုမှု ပမာဏမှာလည်း အလွန် များပြား၏။
သူတို့အတွက် အစိုးရဆားကို ဝယ်ယူရန်မှာ ဖိအားမရှိသော်လည်း ဈေးနှုန်း၏ သက်ရောက်မှုမှာ နေရာတိုင်းတွင် ရှိနေသည်။ သူဌေးများပင် ဖြစ်လင့်ကစား ယင်း၏ သက်ရောက်မှုကို ခံရတတ်သည်။ အထူးသဖြင့် ကုန်သည်များသည် အသေးအဖွဲ ကိစ္စများမှအစ တွက်ခြေကိုက်ရန် အမြဲတမ်း စဉ်းစားလေ့ရှိသည်။
ဥပမာအားဖြင့် နောင်ခတ် သူဌေးအများအပြားသည် ကားပါကင်ခ အနည်းငယ်အတွက် အငြင်းပွားတတ်သကဲ့သို့ပင်။
ဤကုန်သည်များ၏ လက်ထဲတွင် ဈေးသက်သာသော ရွေးချယ်စရာ ရှိနေပါက ဈေးကြီးသော အရာကို ဝယ်ယူလိုမည် မဟုတ်ပေ။
ထို့အပြင် အန္တရာယ် အများစုမှာ ဆားမှောင်ခိုသမားများ၏ ခေါင်းပေါ်သို့သာ ကျရောက်မည် ဖြစ်ပြီး ဆားဝယ်ယူသူများ အတွက် အန္တရာယ် သိပ်မကြီးမားချေ။ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ငွေပေး၍ ဖြေရှင်းနိုင်သည်။
ရှဲ့ရှန်းမှလွဲ၍ ကျန်သူများအားလုံးသည် မြို့တွင်းရှိ လမ်းသွယ်လမ်းကြားများတွင် ဆားမှောင်ခိုသမားများ၏ သဲလွန်စကို တိတ်တဆိတ် လိုက်လံ ရှာဖွေနေကြ၏။
ဤသို့ဖြင့် ခုနစ်ရက်ကြာသွားသော်လည်း မည်သည့် သဲလွန်စမှ မရရှိခဲ့ပေ။
အားလုံးသည် ဧည့်ခန်းထဲတွင် ထပ်မံ စုဝေးပြီးနောက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အနည်းငယ် ကျဆင်းနေကြ၏။
သို့ပေမည့် ရှဲ့ရှန်းကတော့ တက်ကြွနေပုံ ပေါ်သည်။
"မိတ်ဆွေတို့... ဒီနေ့ သဲလွန်စ တစ်ခုခု ရခဲ့ကြလား။"
အားလုံးက ခေါင်းခါပြကြပြီး ကျိုးထျဲ့က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ "ဆားမှောင်ခိုသမား ရှာရတာ ဒီလောက် ခက်မယ်လို့ မထင်ထားဘူး။ ညီအစ်ကိုတွေ အကုန်လုံး မြို့ကို အနှံ့ လျှောက်ရှာနေတာတောင် သဲလွန်စ တစ်ခု မတွေ့ရဘူး။
လောင်ရှဲ့... ဒီမှာ ဆက်ပြီး အချိန်ဖြုန်းနေမယ့်အစား ဆားထွက်တဲ့ ဒေသကို တိုက်ရိုက် သွားလိုက်ရင် မကောင်းဘူးလား။"
ကျန်သူများကလည်း ခေါင်းညိတ် ထောက်ခံကြ၏။
သို့ပေမည့် ချီယန်တယ်ရှန်း တစ်ဖြစ်လဲ ချန်တယ်ရှန်း တစ်ဖြစ်လဲ ချန်အိမ်တော်ထိန်းကတော့ နှုတ်ဆိတ်နေဆဲ ဖြစ်သည်။
သူလည်း ဤရက်ပိုင်းအတွင်း အများကြီး လျှောက်သွားခဲ့သည်။ အသက်အရွယ် ကြီးရင့်နေပြီး တောက်ယွမ်ခရိုင် သို့ နောက်ကျမှ ရောက်လာသူ ဖြစ်သော်လည်း မင်းသမီးလေးအတွက်၊ သူ့ကိုယ်သူအတွက် ကြိုးစားရမည်။ အသုံးမကျသော သူကို မည်သည့်နေရာတွင်မှ ကြိုက်နှစ်သက်မည် မဟုတ်ပေ။
တောက်ယွမ်ခရိုင်တွင် အချိန်အတန်ကြာ နေထိုင်ခဲ့သဖြင့် ဖန်ကျန်းရီ၏ အကြောင်းကို သူ အနည်းငယ် သိရှိထားသည်။
ထိုသခင်လေးသည် သံယောဇဉ် ကြီးတတ်သူ ဖြစ်သည်။ ဤတစ်ကြိမ် သူသာ အကျိုးဆောင်နိုင်ပါက နောင်တစ်ချိန်တွင် ကောင်းမွန်သော ဘဝကို မျှော်လင့်နိုင်ပြီ ဖြစ်၏။
သူ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ ရှဲ့ရှန်းက မေးလိုက်သည်။ "ချန်အိမ်တော်ထိန်း... ခင်ဗျား ဘယ်လိုထင်လဲ။"
ချန်တယ်ရှန်းက အရင်ဆုံး ခေါင်းညိတ်လိုက်ပြီး သူ၏ အတွေးများကို စုစည်းကာ ပြောလိုက်သည်။
"ကျုပ် ထင်တာကတော့ တစ်ခုခု မှားနေသလိုပဲ။ ဆားမှောင်ခိုသမားတွေကို အစိုးရက အဓိကထား နှိမ်နင်းနေပေမဲ့ အမြတ်အစွန်း ကြီးမားတဲ့အတွက် ဘယ်တော့မှ ပပျောက်သွားတာ မရှိဘူး။ ဘယ်နေရာမှာမဆို အတူတူပဲ။ အကြီးနဲ့ အသေးပဲ ကွာတာ။
ကျန်းကျန်းက နဂိုတည်းက ကြွယ်ဝချမ်းသာတဲ့ နေရာတစ်ခု ဖြစ်ပေမဲ့ ဘေးအန္တရာယ် ကြုံတွေ့ခဲ့ရလို့ လူသစ်တွေ အများကြီး ဝင်ရောက်လာခဲ့တယ်။
ဒီလောက်များတဲ့ ဆင်းရဲသား ပြည်သူတွေ ရှိနေတာက ဆားမှောင်ခိုသမားတွေ လှုပ်ရှားဖို့ အကောင်းဆုံး အချိန်ပဲ။ ဒါပေမဲ့... ဘယ်လိုလုပ် တစ်ယောက်မှ ရှာမတွေ့ရတာလဲ။
ဒါဆိုရင် ဖြစ်နိုင်ခြေ နှစ်ခုပဲ ရှိတယ်။ ကျန်းကျန်းက ဆားမှောင်ခိုသမား အားလုံးကို လူတစ်ယောက်တည်းက ထိန်းချုပ်ထားတာ။ ဒါမှမဟုတ် ဆားထွက်တဲ့ ဇာစ်မြစ်ကို ဖြတ်တောက်ခံလိုက်ရတာ။ ဒါကြောင့် ဒီကနေ ထွက်ခွာပြီး ဆားထွက်တဲ့ ဒေသကို တိုက်ရိုက်သွားဖို့ ကျုပ်လည်း သဘောတူတယ်။
ဒါပေမဲ့ ကျုပ်တို့မှာ အမည်ခံ မရှိဘူး... အလုပ်လုပ်ရတာ အရမ်း ခက်ခဲလိမ့်မယ်။"
ရှဲ့ရှန်းက ခေါင်းညိတ်လိုက်၏။
"မှန်တယ် .. ယုတ္တိရှိတယ်။ တကယ်တော့ ကျုပ်တို့မှာ အမည်ခံ ရှိပါတယ်။ မထွက်လာခင်က သခင်လေးက သူ့ရဲ့ အစိုးရ တံဆိပ်တုံးနဲ့ ကိုယ်ပိုင် တံဆိပ်တုံး ကျုပ်ကို ပေးလိုက်တယ်။ ဒါပေမဲ့ လွယ်လွယ်နဲ့တော့ ထုတ်သုံးလို့ မရဘူး။
ဖုန်းဟွာ ပြည့်တန်ဆာအိမ်မှာတော့ သံသယဖြစ်စရာ လူ ၅ ယောက်ကို ကျုပ် တွေ့ခဲ့တယ်။ အဲဒီ ၅ ယောက်ရဲ့ အချက်အလက်တွေကို မှတ်ထားတယ်။ အားလုံးပဲ ကြည့်ကြည့်ကြပါ။"
ပြောပြီးသည်နှင့် ရှဲ့ရှန်းသည် စားပွဲပေါ်ရှိ စာရွက်ကို ကောက်ယူကာ ဘေးသို့ လက်ဆင့်ကမ်း ပေးလိုက်သည်။
"ဒီစာရင်းထဲက လူ ၅ ယောက်က ဖုန်းဟွာ ပြည့်တန်ဆာအိမ်ရဲ့ အမြဲတမ်းဖောက်သည်တွေပဲ။ ဒေသခံတွေလည်း မဟုတ်ဘူး။ ဘာအလုပ်လုပ်မှန်းလည်း မသိရဘူး။ ပြည့်တန်ဆာအိမ်ထဲမှာလည်း ဘယ်သူနဲ့မှ စီးပွားရေး အကြောင်း မဆွေးနွေးကြဘူး။
ကျုပ်တို့ရဲ့ ဖုန်းဟွာ ပြည့်တန်ဆာအိမ်က စားသောက်ပျော်ပါးတာ အပြင် စီးပွားရေး အခွင့်အလမ်းတွေကို ဖလှယ်ဖို့ အဓိကပဲ။ ဒီ ၅ ယောက်ကလွဲရင် ချွင်းချက် မရှိသလောက်ပဲ။ ဒီရက်ပိုင်းအတွင်း ဆက်ပြီး စောင့်ကြည့်ကြတာပေါ့။ သဲလွန်စ မရရင် ချက်ချင်း ထွက်သွားကြမယ်။"
ချန်တယ်ရှန်းက စာရင်းကို သေချာ ကြည့်ရှုရင်း မေးလိုက်၏။
"ဒီအထဲမှာ မှတ်တမ်းတင်ထားတာ အတော်လေး ရှင်းလင်းတယ်။ အဲဒီအထဲက နှစ်ယောက်က ဟိုင်ယွမ်မြို့ကနေ လာတာ။ မြေပုံအရဆိုရင် အဲဒီနေရာက အရေးပါတဲ့ ဆားထွက်တဲ့ ဒေသပဲ။ ပြည့်တန်ဆာအိမ်က အစေခံတွေက ဒါကို ဘယ်လိုလုပ် သိတာလဲ။"
ရှဲ့ရှန်းက အနည်းငယ် ပြုံးလိုက်သည်။
"ဖုန်းဟွာ ပြည့်တန်ဆာအိမ်ကို စတင် တည်ထောင်တည်းက အလုပ်သမား အားလုံးကို သေချာ ရွေးချယ်ပြီး လေ့ကျင့်ပေးထားတာ။
အလုပ်လုပ်တာ သွက်လက်ရုံတင် မကဘူး၊ စာလည်း ဖတ်တတ် ရေးတတ်တယ်။
ပြည့်တန်ဆာအိမ်က မိန်းကလေးတွေဆိုရင် မြို့ထဲက ဘယ်ပြည့်တန်ဆာအိမ်ကို သွားသွား ထိပ်တန်း အဆင့်တွေချည်းပဲ။ ပြီးတော့ လူပေါင်းစုံနဲ့ ဆက်ဆံဖူးတော့ ဒီလို သတင်းအချက်အလက်မျိုး ရဖို့ဆိုတာ မခက်ခဲဘူး။"
ချန်တယ်ရှန်း၏ မျက်နှာပေါ်တွင် ရုတ်တရက် မှိုင်းညို့သော အမူအရာ ပေါ်လာ၏။
ဒီပြည့်တန်ဆာအိမ်က အတော်လေး ကောင်းတာပဲ။ အရင်တုန်းက ကျုပ် အရှေ့ပိုင်းစုံစမ်းရေးဌာနကို အုပ်ချုပ်တုန်းကတောင် ဒီလောက်ထိ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ခဲ့ဘူး။ လူအချင်းချင်း နှိုင်းယှဉ်ရင် တကယ် ဒေါသထွက်စရာပဲ...။
"၅ ရက် အချိန်ပေးမယ်။ ညီအစ်ကိုတွေကို သူတို့နောက် လိုက်ခိုင်းထားပါ။ ၅ ရက်အကြာမှ သတင်း အချက်အလက် မရရင် ကျုပ်တို့ ထွက်သွားကြမယ်။
အစည်းအဝေး ပြီးပြီ။"
...
သုံးရက်အကြာ၊ မြို့တွင်းရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်။
လက်ဖက်ရည်ဆိုင်ကို အလွန် ရိုးရှင်းစွာ ဆောက်လုပ်ထားပြီး ပတ်ဝန်းကျင် အနေအထားနှင့် လုံးဝ လိုက်ဖက်မှု မရှိချေ။ တံခါးဝရှိ အလံပေါ်တွင် အစာအိမ်ရှင်း အဆိပ်ထုတ် လက်ဖက်ရည်ဟု ရေးသားထားသည်။
ရှဲ့ရှန်းနှင့် ကျိုးထျဲ့တို့သည် လက်ဖက်ရည်ဆိုင်ထဲတွင် မျက်နှာချင်းဆိုင် ထိုင်ကာ စကားမပြောဘဲ နေကြ၏။
သူ ယနေ့နံနက် သူဌေးတစ်ဦးထံသို့ သွားရောက် လည်ပတ်ခဲ့ပြီး အပြန်လမ်းတွင် ကျိုးထျဲ့ တစ်ယောက်တည်း လမ်းပေါ်တွင် လျှောက်သွားနေသည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် လက်ဖက်ရည်ဆိုင်တွင် အတူတကွ လက်ဖက်ရည် သောက်ရန် ခေါ်လာခဲ့ခြင်း ဖြစ်သည်။
အစေခံက လက်ဖက်ရည် လာချပေးသည်နှင့် ကျိုးထျဲ့က တစ်ခွက်လုံးကို အကုန် မော့သောက်လိုက်၏။
ရှဲ့ရှန်းက သူ့ကို အထက်အောက် အကဲခတ်ကြည့်ရင်း မေးလိုက်သည်။ "ခင်ဗျား ဘာလို့ တစ်ယောက်တည်း ဖြစ်နေတာလဲ။ တစ်ခုခု ထူးခြားမှု ရှိလား။"
ကျိုးထျဲ့က ခေါင်းခါလိုက်သည်။ "ကျုပ် လိုက်နေတဲ့ကောင်က လူကုန်ကူးတဲ့ကောင်ပဲ။ မြို့ပြင်က စာသင်ကျောင်းမှာ စောင့်နေတာ။ သူ့အိမ်ကနေ အခုပဲ ထွက်လာတာ။"
ရှဲ့ရှန်းက မျက်ခုံးပင့်ကာ မေးလိုက်၏။
"သတ်ပစ်လိုက်ပြီလား။"
"လျှာကို ဖြတ်၊ လက်ကြော ခြေကြောတွေကို ဖြတ်ပစ်လိုက်တယ်။ ကျန်တဲ့လူတွေကိုတော့ ကြိုးတုပ်ပြီး အိမ်ထဲမှာ ပစ်ထားခဲ့တယ်။ အဲဒီကောင်ရဲ့ အိမ်မှာ ငွေသေတ္တာ နှစ်လုံး ရှိတယ်။ မသယ်နိုင်လို့ ညီအစ်ကိုတွေကို သွားယူခိုင်းဖို့ ပြန်လာတာ။
လောင်ရှဲ့... ဆက်ပြီး စောင့်နေလို့လည်း ဘာရလဒ်မှ ထွက်လာမှာ မဟုတ်ဘူးလို့ ထင်တယ်။ မနက်ဖြန် ပစ္စည်းတွေ သိမ်းပြီး စောစော ထွက်သွားကြရင် မကောင်းဘူးလား။"
ရှဲ့ရှန်းက သက်ပြင်းရှည်ကြီး ချလိုက်၏။
"မလောနဲ့။ ခင်ဗျားဘက်က တစ်ယောက် ဖယ်ထုတ်နိုင်သွားပြီ။ ကျောက်လျဲ့ဘက်ကလည်း တစ်ယောက် ဖယ်ထုတ်လိုက်ပြီ။ နောက်ထပ် နှစ်ရက်လောက် စောင့်ကြည့်ရအောင်။ မထင်မှတ်ထားဘူး... ဆားမှောင်ခိုသမား ရှာရတာ ဒီလောက် ခက်လိမ့်မယ်လို့။ တကယ်ကို ထူးဆန်းတယ်။ ကျုပ်တို့ ခရိုင်မှာ ဆားဝယ်တုန်းကတောင် ဒီလောက် ရှုပ်ယှက်ခတ်မနေပါဘူး။"
သူတို့နှစ်ဦး စကားပြောနေစဉ် ဘေးနားရှိ ဆိုင်ရှင်က နားစွင့်နေပြီး သူတို့ကို အကဲခတ်နေ၏။
အချိန်အတော်ကြာ အကဲခတ်ပြီးနောက် သူသည် ရဲဝံ့စွာဖြင့် မြေပဲကြော် တစ်ပန်းကန်ကို ကိုင်ကာ လျှောက်လာခဲ့သည်။
သူတို့နှစ်ဦး အနားသို့ ကပ်ကာ ရှဲ့ရှန်းကို ကြည့်ပြီး တိုးတိုးလေး မေးလိုက်၏။ "ခင်ဗျားက ရှဲ့ရှန်း .. ရှဲ့တာဝန်ခံကြီးများ ဖြစ်နေမလား။"
ရှဲ့ရှန်း အနည်းငယ် အံ့အားသင့်သွားပြီး လက်ဖက်ရည်ဆိုင်ရှင်ကို ကြည့်လိုက်သည်။
ဆိုင်ရှင်၏ အပြုံးက အနည်းငယ် ရွံစရာကောင်းနေပြီး ကြီးမားသော သွားဝါကြီးများက အစာမကြေချင်စရာပင်။
ရှဲ့ရှန်းက ပြုံးယောင်သန်းကာ ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်။ ဆိုင်ရှင်က ဘယ်သူများလဲ...။"
သူမှန်း သိလိုက်သည်နှင့် ဆိုင်ရှင်သည် အလျင်အမြန် နောက်ဆုတ်လိုက်ပြီး ရိုသေစွာဖြင့် အရိုအသေပေးလိုက်၏။ "ကျုပ်က သာမန်လူ ချန်စစ်ဝူပါ။ ရှဲ့တာဝန်ခံကြီးကို ဂါရဝပြုပါတယ်။"