← Chapters

အခန်း ၄၀၃

Vol. 22 Ch. 403

အခန်း ၄၀၃

Vol. 22 Ch. 403

အပိုင်း (၄၀၃) ကြီးမားတဲ့ အကျိုးဆောင်ခဲ့တဲ့ ချန်စစ်ဝူ။

"ချန်စစ်ဝူ ဟုတ်လား။"

ရှဲ့ရှန်းသည် မျက်လုံးကိုမှေးကာ သေချာစွာ ပြန်လည် စဉ်းစားလိုက်၏။

သူ၏ မှတ်ဉာဏ်ထဲတွင် ဤနာမည်ကို ကြားဖူးသည့် အမှတ်အသား မရှိခဲ့ချေ။ ထို့အပြင် ရုပ်သွင်မှာလည်း အလွန် စိမ်းသက်နေပေသည်။ ထို့ကြောင့် စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။

"ကျုပ်တို့ တွေ့ဖူးလား။"

ချန်စစ်ဝူက ဟီးဟီးဟားဟား ရယ်မောလိုက်၏။

“ခင်ဗျားက ကျုပ်ကို မမြင်ဖူးပေမဲ့ ကျုပ်ကတော့ ခင်ဗျားကို မြင်ဖူးတယ်။ ခင်ဗျားတို့ နှစ်ယောက်လုံးကို မြင်ဖူးတာ။ အရင်တုန်းက ကျုပ်က ထွက်ပြေးလာတဲ့ ဒုက္ခသည်လေ။ ခင်ဗျားက အမတ်ကြီးဖန်နဲ့ အမြဲတမ်း အတူတူ ရှိနေတာ မဟုတ်လား။ လမ်းပေါ်မှာ ခင်ဗျားကို မြင်ဖူးတယ်။

အမတ်ကြီးဖန်က ကျုပ်အပေါ် ကျေးဇူးရှိတယ်။ ဒါနဲ့ ... အမတ်ကြီးဖန်ရော ပါလာသေးလား။”

ရှဲ့ရှန်းနှင့် ကျိုးထျဲ့တို့သည် ရုတ်တရက် သဘောပေါက်သွားကြ၏။ ဒုက္ခသည် ဖြစ်နေသောကြောင့် မထူးဆန်းတော့ပေ။

ရှဲ့ရှန်းက ပြုံး၍ ခေါင်းခါလိုက်သည်။

"မပါလာဘူး။ အမတ်ကြီးဖန်က မြို့တော်မှာပဲ ရှိတယ်။ နောက်ကြုံရင်တော့ လာကောင်း လာလိမ့်မယ်။"

ထိုစကားကို ကြားသောအခါ ချန်စစ်ဝူ၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အမူအရာ ပေါ်လာ၏။

ရှဲ့ရှန်းက ချီးကျူးလိုက်သည်။ "အို ... ဆိုင်ရှင်။ ခင်ဗျားရဲ့ စီးပွားရေးက မဆိုးဘူးပဲ။ အရင်က ဒုက္ခသည် ဖြစ်ခဲ့ပေမဲ့ အခုတော့ ကိုယ်ပိုင်ဆိုင်လေးတောင် ဖွင့်နေနိုင်ပြီပဲ။"

ထိုစကားကို ကြားသည်နှင့် ချန်စစ်ဝူသည် ချက်ချင်း ပြန်လည် ဝမ်းသာသွားသည်။ သူ၏ ရိုးရှင်းလှသော လက်ဖက်ရည်ဆိုင်လေးကို ဂုဏ်ယူစွာဖြင့် ကြည့်လိုက်၏။

ဆိုင်ထဲတွင် အာဟာရချို့တဲ့နေပုံရသော အလုပ်သမား နှစ်ယောက်က ဧည့်သည်များကို လက်ဖက်ရည် ချပေးရန် အလုပ်ရှုပ်နေကြသည်။

"ပြောရမယ်ဆိုရင် ဒါတွေအကုန်လုံးက အမတ်ကြီးဖန်ရဲ့ ကျေးဇူးတွေပါ။ အရင်တုန်းက သူက ငွေတုံး ငါးဆယ် ပေးခဲ့လို့သာ ဒီလက်ဖက်ရည်ဆိုင်လေး ဖွင့်နိုင်တဲ့ အရင်းအနှီး ရခဲ့တာပါ။"

ရှဲ့ရှန်းက မေးလိုက်၏။ "အခု ဘဝအခြေအနေ ဘယ်လိုနေလဲ။ ပိုက်ဆံရော ရရဲ့လား။"

ချန်စစ်ဝူက ထပ်မံ ဝမ်းသာသွားပြန်သည်။

"ရတာပေါ့။ ကျုပ်လည်း အခုဆိုရင် ဘဝပြောင်းသွားပြီလို့ ပြောလို့ရနေပြီ။"

စဉ်းစားကြည့်လျှင် သူ စွန်းမိသားစုတွင် အလုပ်လုပ်စဉ် အစပိုင်း၌ အလွန် ပျော်ရွှင်ခဲ့သည်။ သို့ပေမည့် အချိန်ကြာလာသည်နှင့်အမျှ စိတ်ထဲတွင် ဘဝအတွက် ပိုမိုမြင့်မားသော တောင်းဆိုမှုများ အလိုလို ရှိလာခဲ့၏။

သို့သော်ငြား လုပ်အားခ မတက်လာသောကြောင့် သူ၏ စံပြအလုပ်သမား ဆိုသည့် နာမည်က အမည်ခံသတ်သတ်ဖြစ်ခဲ့သည်။ နောက်ပိုင်း အသက်ကြီးလာပြီ ဖြစ်သောကြောင့် မည်မျှကြိုးစားလုပ်ကိုင်စေကာမူ အသက်နှစ်ဆယ်အရွယ် လူငယ်များကို မယှဉ်နိုင်တော့ပေ။

စွန်းမိသားစု၏ အိမ်တော်ထိန်းက မျက်စိရှင်လွန်းသဖြင့် သူ့ကို လုပ်အားခ ချက်ချင်း လျှော့ချပစ်ခဲ့သည်။ နောက်ပိုင်းတွင် သူသည် ဘဝကို စိတ်ပျက်လာသဖြင့် အလုပ်ခွင်တွင် အပျင်းထူရန်သာ ရွေးချယ်ခဲ့၏။

သို့ပေမည့် အလုပ်ခွင်ဖြစ်ပြီး ကြီးကြပ်ရေးမှူးများ ရှိနေသောကြောင့် အလွန် တင်းကျပ်ကာ အပျင်းထူရန် လုံးဝ မဖြစ်နိုင်ခဲ့ချေ။

ကံကောင်းထောက်မစွာဖြင့် သူ၏ လက်ထဲတွင် ဖန်ကျန်းရီ ပေးသနားခဲ့သော ငွေတုံး ငါးဆယ် ရှိနေသေးသည်။ သူသည် စိတ်ကို ဒုံးဒုံးချ၍ အလုပ်ထွက်ပစ်လိုက်၏။ အချိန်ပိုကြေး မရခဲ့သည့်အပြင် စွန်းမိသားစုကို အလုပ်သမား ဝတ်စုံ ပျက်စီးကြေး ကြေးပြား ငါးဆယ် ပြန်လျော်ပေးခဲ့ရသည်။ သို့နှင့် ကိုယ်ပိုင် စီးပွားရေး လုပ်ရန် ထွက်လာခဲ့တော့သည်။

ကံကောင်းသည်မှာ ပုံမှန်အားဖြင့် အလုပ်သမား သူငယ်ချင်းများနှင့် စုဝေးစကားပြောလေ့ရှိသဖြင့် သူတို့ ဘာလိုအပ်သည်ကို သူ အလွန် သိရှိထားသည်။ ဤအလုပ်သမားများသည် ပုံမှန်အားဖြင့် ရေငတ်ပြေပြီး လန်းဆန်းစေမည့် လက်ဖက်ရည်မျိုးကို သောက်ချင်ကြသည်။ သို့ပေမည့် နေရာအနှံ့ ဖုန်ထူနေသော နေရာမျိုးတွင် လက်ဖက်ရည်ဆိုင်က ဘယ်ကရောက်လာမည်နည်း။

ထို့ကြောင့် ချန်စစ်ဝူသည် ရဲဝံ့စွာဖြင့် ကိုယ်တိုင် လက်ဖက်ရည်ဆိုင် ဖွင့်လိုက်၏။

ငွေနှစ်တုံးဖြင့် တစ်လစာ မြေကွက်လပ်တစ်ခုကို ငှားရမ်းလိုက်သည်။ ငွေများများစားစား မကုန်သော အညံ့စား လက်ဖက်ခြောက် အများကြီးကိုဝယ်ယူပြီး တစ်ခါဖျော်လျှင် အိုးကြီးတစ်လုံးစာ ဖျော်ထားလိုက်သည်။ အလုပ်သမား သူငယ်ချင်းများ လာပါက ကြေးပြား နှစ်ပြားဖြင့် ကြိုက်သလောက် သောက်နိုင်သည်။ အကန့်အသတ်မရှိ ထပ်ဖြည့်ပေးသည်။

အရင်းနည်းပြီး အမြတ်လည်း နည်းသော်လည်း တဖြည်းဖြည်းနှင့် အမြတ်ငွေ ရလာခဲ့သည်။ နောက်ပိုင်းတွင် အရည်အသွေး ပိုကောင်းသော လက်ဖက်ခြောက် အချို့ကိုပါ ထပ်မံ ထည့်သွင်းလာခဲ့၏။

ရှဲ့ရှန်းသည် ထိုသူ ပိုက်ဆံရှာနိုင်ပြီဟု ကြားသောအခါ ဝမ်းသာပီတိဖြစ်သွားပြီး အားပေးစကား ပြောလိုက်သည်။

"ကောင်းတယ်။ ခင်ဗျားရဲ့ ဒီလက်ဖက်ရည်ဆိုင်လေးက သေးပေမဲ့ ဈေးနှုန်းက မျှတပြီး တန်တော့ နောက်ပိုင်း စီးပွားရေး တဖြည်းဖြည်း ပိုကြီးလာမှာ သေချာတယ်။"

ချန်စစ်ဝူက ဝမ်းသာအားရဖြင့် ပြောလိုက်၏။

“အို ... ခင်ဗျားရဲ့ ကောင်းချီးစကားအတွက် ကျေးဇူးပါ။ ဒါပေမဲ့ အမတ်ကြီးဖန် မလာတာ တကယ် နှမြောစရာပဲ။ ခင်ဗျား မသိပါဘူး။ အမတ်ကြီးဖန် ထွက်သွားကတည်းက ကျုပ်တို့လို အောက်ခြေ အလုပ်သမားတွေ တော်တော်လေး ဒုက္ခရောက်နေကြတာ။”

ကျိုးထျဲ့က ထိုစကားကို ကြားသောအခါ စားပွဲကို ရိုက်လိုက်သည်။

"ဘာဖြစ်လို့လဲ။ ကျုပ်တို့ရဲ့ အမတ်ကြီးဖန်က ဒုက္ခသည်တွေကို မနှိပ်စက်ဖို့ မှာထားခဲ့တာပဲ။ သူ ထွက်သွားတာနဲ့ လူတွေကို အနိုင်ကျင့်ရဲတဲ့သူ ရှိနေပြီလား။"

ချန်စစ်ဝူက ချက်ချင်းပင် ညည်းညူလိုက်၏။

“ဒါပေါ့။ အမတ်ကြီးဖန် ထွက်သွားတဲ့ ပထမ နှစ်လကတော့ အဆင်ပြေသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ အဲဒီ ခွေးသူဌေးတွေက ကျုပ်တို့ရဲ့ လုပ်အားခတွေကို စပြီး လျှော့ချတော့တာပဲ။”

ရှဲ့ရှန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"လုပ်အားခ လျှော့ရင် တခြားအိမ်မှာ သွားလုပ်လိုက်ရင် မပြီးဘူးလား။ သူတို့က ပူးပေါင်းထားကြလို့လား။"

ချန်စစ်ဝူက ပြန်ဖြေလိုက်၏။

“မဟုတ်ဘူး။ ကျုပ်တို့ အလုပ်သမားတွေက ဈေးအရမ်းနှိမ်တောင်းနေလို့ပါ။ ခင်ဗျား မသိပါဘူး။ မြို့ပြင်က စာသင်ကျောင်းက အသက် ဆယ့်နှစ်နှစ်အောက် ကလေးတွေကို အခမဲ့ ကျောင်းတက်ခွင့် ပေးထားတယ်ဆိုတဲ့ သတင်းက ပြန့်သွားတော့ တခြားနေရာက လူတွေ အများကြီး အဲဒါကို မျှော်လင့်ပြီး ရောက်လာကြတယ်။

စဉ်းစားကြည့်လေ။ ကလေးတွေ အလကား ကျောင်းတက်ရပြီး ထမင်းစားရဖို့အတွက် လူတွေ အများကြီး မြို့ထဲကို ရုတ်တရက် ဝင်လာကြတာ။ ပြီးတော့ သူတို့က တောင်းဆိုမှု သိပ်မမြင့်ကြဘူး။နောက်ပိုင်းကျတော့ အလုပ်သမား ခေါ်တဲ့ သူဌေးတွေက တစ်နေ့ကို ထမင်းနှစ်နပ်ပဲ ကျွေးတာတောင် လာလုပ်မယ့်သူတွေ ရှိနေတယ်။ နောက်ဆုံး ဘယ်သူမှ လုပ်အားခ မရကြတော့ဘူး။”

ချန်စစ်ဝူ၏ ညည်းညူသံများကို နားထောင်ပြီးနောက် ကျိုးထျဲ့က မျက်လုံးပင့့်ကာ ရှဲ့ရှန်းကို ကြည့်လိုက်သည်။ "ကျုပ်တို့ ကိစ္စတွေကို သေချာ မလုပ်ခဲ့ရဘူးပဲ ... အခု ဘယ်လိုလုပ်မလဲ။"

ရှဲ့ရှန်းက လမ်းဘေးတွင် အလုပ်ရှုပ်နေသေးသော အလုပ်သမားများကို ကြည့်ကာ ပြောလိုက်၏။

"အရင်တုန်းက အလျင်စလို လုပ်ခဲ့ရတော့ ဒါမျိုးက ရှောင်လွှဲလို့ မရပါဘူး။ ကျုပ်တို့လည်း ရောက်နေပြီဆိုတော့ ဖြေရှင်းဖို့ နည်းလမ်းတစ်ခု စဉ်းစားရလိမ့်မယ်။ ဆိုင်ရှင် ... ခင်ဗျားဆီမှာ အလုပ်သမား နှစ်ယောက် ရှိတာ တွေ့တယ်။ သူတို့ တစ်လကို လုပ်အားခ ဘယ်လောက်ရလဲ။"

"ဘာလုပ်အားခ ရမှာလဲ။ တစ်နေ့ ထမင်းနှစ်နပ်ပဲ။ လုပ်ချင်လုပ်၊ မလုပ်ချင်နေပဲ။"

"..."

ရှဲ့ရှန်းသည် ရိုးအဟန်ဆောင်နေသော ချန်စစ်ဝူကို စကားမပြောနိုင်ဘဲ ကြည့်နေမိသည်။ ခင်ဗျားက လက်ဖက်ရည်ဆိုင်စုတ်လေး ဖွင့်ထားပြီးတော့ ခင်ဗျားပါးစပ်ကပြောတဲ့ ခွေးသူဌေးတွေနဲ့ ဘာမှမကွာပါလား...။

ချန်စစ်ဝူသည် သူတို့နှစ်ယောက် စကားမပြောသည်ကို မြင်သောအခါ ကိုယ်တိုင် စတင် ပြောလိုက်၏။ "ခုနက ခင်ဗျားတို့ နှစ်ယောက် ဆားမှောင်ခိုသမားအကြောင်း ပြောနေတာ ကြားလိုက်တယ်။ ခင်ဗျားတို့က ဆားမှောင်ခို ဝယ်ချင်လို့လား။"

ကျိုးထျဲ့နှင့် ရှဲ့ရှန်းတို့သည် ချက်ချင်း အံ့ဩဝမ်းသာစွာဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။ မမျှော်လင့်ဘဲ အကျိုးအမြတ် ရလိုက်ခြင်းပင်။

ရှဲ့ရှန်းက တိုးတိုးလေး အလျင်အမြန် မေးလိုက်၏။ "မှန်တယ်။ ဆားမှောင်ခို ရောင်းတဲ့နေရာကို ခင်ဗျား သိလို့လား။"

"မသိဘူး။"

"..."

ချန်စစ်ဝူသည် ခေါင်းမော့ကာ ပြန်လည် စဉ်းစားနေပြီးနောက် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။

“အခုတော့ တကယ် မရှိတော့တာ။ ဘယ်နေရာမှ ဝယ်လို့ မရတော့ဘူး။ အရင်တုန်းကတော့ ဝယ်လို့ ရတယ်။ ကျုပ် စွန်းန်းမိသားစုမှာ အလုပ်လုပ်တုန်းက သူတို့ ဆားမှောင်ခို ဝယ်တာ မြင်ဖူးတယ်။

အဲဒီတုန်းက ကျုပ်တို့ အလုပ်သမားတွေက များတယ်လေ။ အလုပ်လုပ်တဲ့အခါ ဆားမစားရရင် အားမရှိဘူး။ စွန်းမိသားစုကလည်း ဆား အများကြီး မကျွေးချင်ဘူး။ နောက်ပိုင်း လူတွေ အလုပ်ကြိုးကြိုးစားစား မလုပ်ကြတာကို မြင်တော့မှ ဆား အများကြီး သွားဝယ်ပေးရတော့တာ။ သူနဲ့ အဲဒီ ဆားမှောင်ခိုသမား ခိုးကြောင်ခိုးဝှက် လုပ်နေတာကို ကိုယ်တိုင် မြင်ခဲ့ရလို့ ဆားမှောင်ခို ဝယ်တာဆိုတာ သေချာ သိခဲ့တာ။

အဲဒီတုန်းက ကျုပ် စွန်းမိသားစုဆီ လုပ်အားခ သွားထုတ်တာ။ အပြင်ထွက်လာတော့ လမ်းထောင့်မှာ အိမ်တော်ထိန်းနဲ့ အဲဒီလူ အတူတူ ရှိနေတာကို တွေ့လိုက်ရတယ်။ ဆားတွေ တစ်လှည်းလုံး အပြည့်ပဲ။ အိမ်တော်ထိန်းကတောင် နည်းနည်း မြည်းကြည့်ပြီး ပစ္စည်းကောင်းတယ်လို့ ပြောနေသေးတယ်။”

ကျိုးထျဲ့က ခေါင်းကို ပွတ်ကာ မေးလိုက်၏။ "အဲဒါ ဆားမှောင်ခိုမှန်း ခင်ဗျား ဘယ်လို သေချာ သိတာလဲ။"

ချန်စစ်ဝူက ချက်ချင်း ပြန်ဖြေသည်။

“ဆားရောင်းတဲ့ အဲဒီကောင် ဖုန်းဟွာ ပြည့်တန်ဆာအိမ်ထဲ ဝင်သွားတာ ကျုပ် မြင်လိုက်တယ်လေ။ လမ်းပေါ်မှာ ခဏခဏ တွေ့ဖူးတယ်။ အစိုးရဆား ရောင်းတဲ့သူက အဲဒီလောက် ပိုက်ဆံပေါပြီး အဲဒီလောက်တောင် အဆင့်အတန်းမြင့်မြင့် နေနိုင်ပါ့မလား။

ရှဲ့တာဝန်ခံကြီးရဲ့ ဖုန်းဟွာ (လေပန်းချီစံအိမ်) ပြည့်တန်ဆာအိမ်က ငွေတွေ ရေလိုဖြုန်းတဲ့ နေရာဆိုတာ ဘယ်သူ မသိဘဲ နေမှာလဲ။ ငွေတုံး ထောင်ဂဏန်းလောက် မရှိရင် အထဲကိုတောင် လှမ်းမကြည့်ရဲဘူး။”

ရှဲ့ရှန်းက လက်ကို အဆက်မပြတ် ခါယမ်းကာ ပြုံး၍ ပြောလိုက်၏။ "အဲဒီလောက်ထိလည်း မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ အဲဒီလောက် မဈေးကြီးပါဘူး။ ဒါဆိုရင် ခင်ဗျား အဲဒီလူကို သိတာပေါ့။"

ကိစ္စရပ်က ရုတ်တရက် အပြောင်းအလဲ ဖြစ်လာပြီဟု တွေးမိကာ ရှဲ့ရှန်း၏ စိတ်အခြေအနေသည် အလွန် ကောင်းမွန်သွားသည်။

ချန်စစ်ဝူက ရင်ဘတ်ကိုပုတ်ကာ အာမခံလိုက်၏။ "တွေ့တာနဲ့ ချက်ချင်း မှတ်မိတယ်။"

ရှဲ့ရှန်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ။ ဒါဆိုရင် ဆိုင်ရှင်ချန် ... ကျုပ်ကို ကူညီတဲ့အနေနဲ့ ဖုန်းဟွာ ပြည့်တန်ဆာအိမ်မှာ ရက်အနည်းငယ် နေပြီး အဲဒီလူကို မှတ်မိအောင် ကြည့်ပေးလို့ ရမလား။ ခင်ဗျားရဲ့ လက်ဖက်ရည်ဆိုင်လည်း ဖွင့်စရာ မလိုတော့ဘူး။ နစ်နာကြေး ဘယ်လောက်ရှိရှိ ကျုပ် လျော်ပေးပါ့မယ်။"

ချန်စစ်ဝူက ဟီးဟီးဟားဟား ရယ်မောလိုက်၏။

"မလိုပါဘူး။ မလိုပါဘူး။ ဒီလို ကိစ္စသေးသေးလေးကို။ ခင်ဗျားက အမတ်ကြီးဖန်အတွက် အလုပ်,လုပ်ပေးနေတယ်ဆိုတာ ကျုပ် သိပါတယ်။ ဖုန်းဟွာ ပြည့်တန်ဆာအိမ်ထဲကို ဝင်ခွင့်ရတာနဲ့တင် ဘာနဲ့မှမလဲနိုင်အောင် တန်နေပါပြီ။"

ရှဲ့ရှန်းနှင့် ကျိုးထျဲ့တို့သည် ချက်ချင်းပင် တဟားဟား ရယ်မောလိုက်ကြသည်။

"ဆိုင်ရှင်ချန် ... အားနာမနေပါနဲ့။ ပေးသင့်တဲ့ ပိုက်ဆံကတော့ ပေးရမှာပေါ့။ နောက်ကျရင် ခင်ဗျားလို အရည်အချင်းရှိတဲ့သူကို အမတ်ကြီးဖန်ဆီ စာရေးပြီး မိတ်ဆက်ပေးရအုံးမယ်။"

အမတ်ကြီးဖန်ဆီ မိတ်ဆက်ပေးမယ်။

ချန်စစ်ဝူသည် ချက်ချင်းပင် အလွန်အမင်း ဝမ်းသာသွား၏။ အနောက်သို့ လှည့်ကာ အော်လိုက်သည်။ "ထျဲ့တန် ... လက်ဖက်ရည် လာချပေး။ မွှေးတဲ့ လက်ဖက်ရည်ကို ချပေး။"

"ခင်ဗျားတို့ နှစ်ယောက် ကြိုက်သလောက် သောက်ကြပါ။ အားရပါးရ သောက်ကြ။ ဒီနေ့ ကျုပ် ဒကာခံတယ်။ ရှဲ့တာဝန်ခံကြီး ... ကျုပ်အတွက် ကောင်းကောင်းလေး ပြောပေးပါအုံးနော်။"

ရှဲ့ရှန်းသည် အသံတိတ် ရယ်မောမိသည်။ အဘိုးကြီးက အသက်ကြီးနေသော်လည်း တိုးတက်ချင်စိတ်က ပြင်းထန်လွန်းနေသေးသည်။

"စိတ်ချပါ။ ကိစ္စသေးသေးလေးပါ။ ခင်ဗျားလည်း အားနာမနေပါနဲ့။ ခင်ဗျားတို့ရဲ့ ဒီ အစာအိမ်ရှင်း အဆိပ်ထုတ် လက်ဖက်ရည်က မဆိုးဘူးပဲ။ ဒီလက်ဖက်ရည်ကို မြို့တော်မှာတောင် မကြားဖူးဘူး။ ဒါက ဘာလက်ဖက်ခြောက်လဲ။"

ချန်စစ်ဝူသည် လက်ကို ပွတ်သပ်ကာ ရှက်ရွံ့သည့် အမူအရာဖြင့် အလွန် တုံ့ဆိုင်းနေပုံ ပေါ်၏။ နောက်ဆုံးတွင် ရှဲ့ရှန်းတို့ နှစ်ယောက်၏ သိချင်နေသော အကြည့်များက သူ့ထံသို့ အဆက်မပြတ် ရောက်နေသည်ကို မြင်တော့မှ အံကြိတ်ကာ တိုးတိုးလေး ပြောလိုက်၏။

"ဘာမှ မဟုတ်ပါဘူး ... အဲဒါက ... နည်းနည်းလေး ... ဝမ်းနုတ်ဆေး နည်းနည်း ထည့်ထားတာပါ။"

"..."

"သောက်ခွေး။"

ရှဲ့ရှန်း၏ မျက်နှာသည် ရုတ်တရက် ပျက်ယွင်းသွားပြီး ပါးစပ်နားသို့ ရောက်နေပြီဖြစ်သော လက်ဖက်ရည်ခွက်ကို ဖြည်းညင်းစွာ ပြန်ချလိုက်သည်။

ကျိုးထျဲ့၏ မျက်နှာကတော့ စိမ်းပုပ်သွားခဲ့လေသည်။

All Chapters