အခန်း ၄၀၄
Vol. 22 Ch. 404
အပိုင်း (၄၀၄) ဒါကို ဝက်သားနီချက် လို့ ခေါ်တယ်။
"အဘိုးကြီး ... ခင်ဗျား ဖွင့်ထားတာ လူလိမ်ဆိုင်ပဲ။"
လက်ဖက်ရည် တစ်အိုးကို ရှဲ့ရှန်းက တစ်ငုံမှ မသောက်ရသေးသော်လည်း သူကတော့ တစ်ဝက်လောက် သောက်ပြီးနေပြီ ဖြစ်သည်။ အထဲတွင် ဝမ်းနုတ်ဆေး ရောထားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ဤသည်မှာ သူ့ကို လူသတ်မိအောင် ဆွပေးနေခြင်း မဟုတ်ပါလား။
ကျိုးထျဲ့၏ ဒေါသအမှတ်သည် ချက်ချင်း အမြင့်ဆုံးသို့ ရောက်သွားပြီး ထိုင်ခုံကို မကာ ရိုက်ခွဲရန် ပြင်လိုက်၏။
ရှဲ့ရှန်းက ထိုအခြေအနေကို မြင်သောအခါ ချက်ချင်း မတ်တပ်ရပ်ပြီး သူ၏ လက်မောင်းကို ဆွဲကာ ဖျောင်းဖျလိုက်သည်။
"ထားလိုက်ပါ။ ထားလိုက်ပါ ... ကျုပ်တို့လည်း မလုပ်ဖူးတာမှ မဟုတ်တာ။ ခင်ဗျား ဘာမှ မဖြစ်ဘူး မဟုတ်လား။"
ချန်စစ်ဝူသည် ကျိုးထျဲ့ ဒေါသထွက်နေသည်ကို မြင်သောအခါ ဖားယားသည့်ဟန်ဖြင့် ရှေ့တိုးကာ ပြုံးပြလိုက်၏။
“ဒေါသ မထွက်ပါနဲ့။ ဒေါသ မထွက်ပါနဲ့။ အထဲမှာ ဝမ်းနုတ်ဆေး ထည့်ထားပေမဲ့ ဒီနည်းလမ်းက အရင်က ကျုပ်ရဲ့ အလုပ်သမား သူငယ်ချင်း တစ်ယောက်ဆီကနေ ကြားဖူးတဲ့ ဒေသခံ ဆေးမြီးတို တစ်ခုပါ။ မူလ နာမည်က အူလမ်းကြောင်း ချောဆီ ဟင်းရည် တဲ့။
ဒီလက်ဖက်ရည်ကို ကျုပ် ကိုယ်တိုင်လည်း သောက်ပါတယ်။ ဝမ်းမလျှောစေပါဘူး။ ဒါပေမဲ့ ဝမ်းသွားတာတော့ တကယ် ကောင်းပါတယ်။”
ပြောပြီးသည်နှင့် ချန်စစ်ဝူသည် လက်ဖက်ရည်အိုးကို မကာ ကျန်နေသော တစ်ဝက်ကို ပါးစပ်ဖြင့် တဂွတ်ဂွတ် မော့သောက်လိုက်သည်။
သူတို့နှစ်ဦးသည် ချန်စစ်ဝူ နွားရေသောက်သကဲ့သို့ သောက်နေသည်ကို စကားမပြောနိုင်ဘဲ ကြည့်နေရင်း စိတ်ထဲတွင် သက်ပြင်းချမိသွားကြ၏။
ပါရမီရှင်ပဲ။ ဤသေးငယ်လှသော လက်ဖက်ရည်ဆိုင်လေးတွင် ဤသို့သော ပါရမီရှင် ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ကျိုးထျဲ့သည် ထိုအခြေအနေကို မြင်သောအခါ လက်ထဲမှ ခွေးခြေခုံကို ပြန်ချလိုက်ရုံမှလွဲ၍ မတတ်နိုင်တော့ချေ။
"အူလမ်းကြောင်း ချောဆီ ဟင်းရည် ဟုတ်လား။ ဒါဆို အူလမ်းကြောင်း ချောဆီ လက်ဖက်ရည် လို့ ခေါ်ရမှာပေါ့။ ဘာ အစာအိမ်ရှင်း အဆိပ်ထုတ် ဟင်းရည် လဲ။"
ချန်စစ်ဝူက ပြုံးလိုက်သည်။ "ဒါက စာလုံးရေ ပိုများအောင်လို့လေ ..."
အရင်က စံပြအလုပ်သမား ဆိုသည့် ဆိုင်းဘုတ်၏ အဓိပ္ပာယ်ကို သူ စောစောစီးစီးတည်းက သဘောပေါက်ထားပြီး ဖြစ်သည်။ ဘာသာစကား၏ အနုပညာနှင့် ပတ်သက်၍ အသိအမြင် အချို့ ရရှိလာသဖြင့် လက်ဖက်ရည်ဆိုင်၏ ဆိုင်းဘုတ်ကို လူငှား၍ အထူးတလည် ပြုလုပ်ခိုင်းခဲ့ခြင်း ဖြစ်၏။
လက်ဖက်ရည်ဆိုင်၏ ထူးခြားချက်ကို ကြော်ငြာခြင်းသည် မိမိကိုယ်ကိုယ် ကြော်ငြာခြင်းနှင့် အဓိပ္ပာယ် တူညီသည်။ စာလုံးရေ များများပါလေ ပိုကောင်းလေပင်။
ရှဲ့ရှန်းက မတတ်နိုင်သည့်ဟန်ဖြင့် ပြောလိုက်သည်။
"ကဲပါ … ဆိုင်ရှင်ချန် ... ပစ္စည်းတွေ သိမ်းလိုက်တော့။ ဒီနေ့ကစပြီး ခင်ဗျား ကျုပ်ရဲ့ ဖုန်းဟွာ ပြည့်တန်ဆာအိမ်ကို လိုက်ခဲ့။ အဲဒီလူကို ကြည့်ပေး။ ကျန်တာ ကြိုက်သလောက် စား၊ ကြိုက်သလောက် ကစား။ ကုန်ကျစရိတ် အကုန်လုံး ကျုပ် ရှင်းမယ်။"
"ရတာပေါ့။ အခုပဲ သိမ်းလိုက်မယ်။"
...
အချိန်ကား ညနေစောင်းဖြစ်ပြီး နေမဝင်သေးချေ။
ချန်စစ်ဝူသည် အသစ်ဝယ်ထားသော အဝတ်အစားကို ဝတ်ဆင်ကာ ဖုန်းဟွာ ပြည့်တန်ဆာအိမ်၏ တံခါးပေါက်ကို စိုးရိမ်တကြီးဖြင့် ဖြတ်ဝင်သွား၏။ တံခါးဝရှိ အစောင့်များက သူ့ကို တားဆီးလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့ပေမည့် နာမည်ကို မေးမြန်းပြီးနောက် အလွယ်တကူ ဝင်ခွင့်ပြုလိုက်သည်။
ရှဲ့တာဝန်ခံကြီးက ကြိုတင်မှာကြားထားခြင်း ဖြစ်ပေလိမ့်မည်။
ဖုန်းဟွာ ပြည့်တန်ဆာအိမ်၏ တံခါးပေါက်မှ ဝင်လာပြီးနောက် ချန်စစ်ဝူ၏ စိတ်ထဲတွင် အလွန် ကြည်နူးသွား၏။ အမျိုးအစား စုံလင်လှသော ထူးဆန်းသည့်အရာများကို ကြည့်ကာ ပါးစပ်မှ အဆက်မပြတ် ချီးမွမ်းနေမိသည်။
အရာအားလုံးကို သေချာစွာ အကဲခတ်ပြီး မှတ်သားထားကာ အပြင်ရောက်လျှင် အလုပ်သမား သူငယ်ချင်းဟောင်းများနှင့် အတူထိုင်ပြီး ကြွားလုံးထုတ်ရန် စိတ်ထဲတွင် တွက်ဆနေ၏။
သောက်ခွေး။ တွေးကြည့်ရုံနဲ့တင် မျက်နှာပွင့်လိုက်တာ။
ချန်စစ်ဝူ၏ စိတ်အခြေအနေသည် ပိုမို ကြည်နူးလာပြီး ဘယ်ကြည့်ညာကြည့်ဖြင့် အလွန် လှပသော ပန်းအိုး အချို့ကို တွေ့ရသည်။ ကိုင်ကြည့်ချင်သော်လည်း မကိုင်ရဲပေ။
ထိုအချိန်တွင် ရှဲ့ရှန်းသည် သတင်းရရှိပြီး အပေါ်ထပ်မှ ဆင်းလာခဲ့သည်။ လှေကားထစ်တွင် ရပ်ကာ ချန်စစ်ဝူ၏ ကြောက်ရွံ့တုံ့ဆိုင်းနေသော ပုံစံကို မြင်တော့ ပြုံး၍ ပြောလိုက်၏။ "ဆိုင်ရှင်ချန် ... ဘာပစ္စည်း ကြိုက်လဲ။ ပြန်တဲ့အခါ နှစ်ခုလောက် ရွေးပြီး ယူသွားလို့ ရတယ်။ အားမနာပါနဲ့။"
ချန်စစ်ဝူသည် ရှက်ရွံ့စွာ ပြုံးလိုက်သည်။ "ရှဲ့တာဝန်ခံကြီးက အရမ်း အားနာတတ်တာပဲ။ အဲဒီလောက်ကြီး ... ကျေးဇူးတင်ပါတယ်။"
ဒီအထဲက ပစ္စည်းတွေ တစ်ခုမှ ဈေးမပေါလောက်ဘူး။ တစ်သက်လုံး နောင်တမရစေနဲ့။
ရှဲ့ရှန်းက ဧည့်ခန်းမကြီး၏ နံရံထောင့်ရှိ သတိမထားမိနိုင်သော နေရာတစ်ခုကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
“ဆိုင်ရှင်ချန် ... ခဏနေရင် ဧည့်သည်တွေ များလာတော့မယ်။ ခင်ဗျားအတွက် နေရာ စီစဉ်ပေးထားတယ်။ ခင်ဗျား စိတ်အေးအေးထားပြီး စားသောက်နေလိုက်။ အဲဒီလူကို တွေ့တာနဲ့ ကျုပ်ကို တိုက်ရိုက် လာပြောလိုက်ရုံပဲ။”
ချန်စစ်ဝူက ခေါင်းကို အဆက်မပြတ် ညိတ်ပြပြီးနောက် ထောင့်နေရာတွင် ဝင်ထိုင်လိုက်သည်။
ဧည့်သည်များ လာမည့်အချိန် မရောက်သေးသော်လည်း ဖုန်းဟွာ ပြည့်တန်ဆာအိမ်၏ ဝန်ဆောင်မှုမှာ အတော်လေး အဆင့်မြင့်သည်။ ဧည့်သည် အနည်းငယ်သာ ရှိနေသော်လည်း ဧည့်ခန်းမ အလယ်ရှိ စင်မြင့်ပေါ်တွင် သီချင်းဆို ကခုန်သည့် ဖျော်ဖြေမှုများ ရှိနေဆဲ ဖြစ်၏။
ချန်စစ်ဝူသည် လက်ဖက်ရည် သောက်ရင်း ဖျော်ဖြေမှုကို ကြည်နူးစွာ ကြည့်ရှုနေသည်မှာ မိုးချုပ်သွားသည် အထိပင်။
ဖုန်းဟွာ ပြည့်တန်ဆာအိမ်၏ ဧည့်ခန်းမထဲတွင် ဧည့်သည်များ တဖြည်းဖြည်း များပြားလာသည်။
ထိုအချိန်တွင် ရှဲ့ရှန်းသည် နောက်ဘက်မှ ပြန်ထွက်လာပြီး ချန်စစ်ဝူ၏ မျက်နှာချင်းဆိုင်တွင် တိုက်ရိုက် ဝင်ထိုင်လိုက်၏။
အနောက်တွင် အစေခံမလေးများက ဟင်းပွဲများ စတင် လာချပေးနေ၏။ အရသာရှိလှသော ဟင်းပွဲများသည် ချန်စစ်ဝူ၏ မျက်စိရှေ့တွင် တစ်ပွဲပြီးတစ်ပွဲ ပေါ်လာတော့သည်။
အရင်တုန်းက မြို့တွင်းရှိ ကုန်သည်များနှင့် ဆက်ဆံရေး ကောင်းမွန်စေရန် ဖုန်းဟွာ ပြည့်တန်ဆာအိမ်သည် ရှားပါး တောရိုင်းတိရစ္ဆာန် အများအပြားကို ရှာဖွေထားခဲ့သည်။ ဤဟင်းလျာများသည်လည်း ဘေးအန္တရာယ် အခြေအနေ သက်သာလာသည်နှင့်အမျှ ရရှိနိုင်သော အစားအသောက် စာရင်းထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
ကိစ္စရပ်များ ဖြေရှင်းပြီးသွားပြီဖြစ်ရာ ဤသို့ အလွန်အမင်း ဇိမ်ကျကျ လုပ်ဆောင်မှုမျိုးကို အားပေးရန် မသင့်တော်တော့ချေ။
ထိုအရာများကို စားသုံးခြင်းသည် တကယ်တမ်းတွင် မျက်နှာရရန်သာ ဖြစ်ပြီး စားပွဲပေါ် ရောက်လာသောအခါ သာမန် အမဲသား၊ သိုးသားလောက် အရသာရှိမည် မဟုတ်ပေ။ ပြည့်တန်ဆာအိမ်ထဲရှိ အရက်နှင့် ဟင်းလျာများ ကောင်းမွန်ခြင်းမှာ တကယ်တမ်းတွင် ချက်ပြုတ်နည်း ကောင်းမွန်ခြင်းကြောင့်သာ ဖြစ်ပြီး အားလုံးသည် ဆီများများ အနှစ်များများပါသော ဟင်းအကောင်းစားများသာ ဖြစ်သည်။
စားပွဲအပြည့် တစ်ခါမှ မမြင်ဖူးသော အရသာရှိလှသည့် ဟင်းပွဲများကို မြင်လိုက်ရသောအခါ ချန်စစ်ဝူ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွား၏။ သို့ပေမည့် ရှဲ့ရှန်းက တူကိုင်မည့် အရိပ်အယောင် မပြသဖြင့် သူလည်း အရင် မစားရဲဘဲ စားပွဲပေါ်ရှိ ဟင်းပွဲများကို ကြည့်ကာ လည်ချောင်းထဲမှ တံတွေးများကိုသာ အဆက်မပြတ် မြိုချနေမိ၏။
ရှဲ့ရှန်းသည် သူ၏ ကြောက်ရွံ့နေမှုကို မြင်သောအခါ လက်ဆန့်တန်းကာ ဖိတ်ခေါ်သည့်ဟန် ပြုလုပ်လိုက်သည်။ "လွတ်လွတ်လပ်လပ် နေပါ။ ကိုယ့်အိမ်လိုပဲ သဘောထားပါ။ မလောက်ရင် နောက်ထပ် ဟင်း ထပ်မှာမယ်။"
ချန်စစ်ဝူက အလိုအလျောက် ခေါင်းညိတ်ပြလိုက်၏။ သို့သော်ငြား အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။
အမတ်ကြီးဖန်ရဲ့ ဘေးနားက လူပီသတယ်။ အမတ်ကြီးဖန်လိုပဲ သဘောကောင်းတယ်။ ကျုပ်လို အောက်ခြေ လူတန်းစားကိုတောင် အထင်မသေးဘူး။ နေရာတိုင်းမှာလည်း ဂရုစိုက်ပေးတယ်။ ဒီနေ့ ကျုပ် သေချာ ကြည့်ပေးရမယ်။
ထို့နောက် သူသည် တူကို ကောက်ကိုင်ကာ တပြက်ပြက် အသံမြည်အောင် အငမ်းမရ စားသောက်လေတော့၏။
ရှဲ့ရှန်းသည် မနေနိုင်ဘဲ ပြုံးလိုက်သည်။ ဤစားသောက်ပုံက ကျန်းပြောင်ကိုပင် ပြိုင်နိုင်လောက်သည်။
နင်သွားမည်ကို စိုးရိမ်သဖြင့် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်၏။
"ဖြည်းဖြည်း စားပါ။ အဲဒီလူ ရှိ၊မရှိလည်း တစ်ချက်လောက် ကြည့်ပေးပါအုံး။"
ချန်စစ်ဝူသည် ပါးစပ်အပြည့် အသားဟင်းများ ပလုတ်ပလောင်းစားရင်း ခေါင်းမော့ကာ တစ်ပတ် လှည့်ကြည့် လိုက်သည်။ ခေါင်းခါလိုက်ပြီး ပါးစပ်ထဲမှ ဟင်းများကို ခက်ခက်ခဲခဲ မြိုချကာ ပြောလိုက်၏။ "မရှိသေးဘူး။ တွေ့တာနဲ့ ခင်ဗျားကို ချက်ချင်း ပြောမယ်။"
ပြောပြီးသည်နှင့် စိတ်လှုပ်ရှားစွာ ထပ်ပြောလိုက်သည်။
“ရှဲ့တာဝန်ခံကြီး ... ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ် တစ်သက်လုံး ဒီလောက် အရသာရှိတဲ့ ဟင်းတွေကို တစ်ခါမှ မစားဖူးဘူးဗျာ။
နှမြောစရာကောင်းတာက ကျုပ်မိန်းမနဲ့ ကလေးတွေ စောစော သေသွားတော့ ဒီလို ကံကောင်းမှုမျိုးကို မခံစားသွားရဘူး။
ဟူး... ခင်ဗျားနောက် လိုက်ရတာ တကယ် ကံကောင်းတာပဲ။ ဒီအသားကို ကြည့်လေ... ကမ္ဘာပေါ်မှာ ဒီလောက် အရသာရှိတဲ့ အသား ဘယ်လိုလုပ် ရှိနေရတာလဲ။”
သူသည် ဝက်သားနီချက် တစ်တုံးကို တူဖြင့် ညှပ်ကာ သေချာစွာ အကဲခတ်ကြည့်ပြီးနောက် ပါးစပ်ထဲသို့ တစ်ခါတည်း ထိုးထည့်ကာ မျက်လုံးမှိတ်ပြီး သေချာ အရသာခံနေ၏...။
"ဝက်သားနီချက် နောက်တစ်ပွဲ ထပ်ချပေး။" ရှဲ့ရှန်းက ဘေးနားရှိ အစေခံမလေးကို လှမ်းမှာလိုက်သည်။
ချန်စစ်ဝူသည် ခေါင်းမော့ကာ ကျေးဇူးတင်စကား ပြောရန် ပြင်လိုက်သော်လည်း ရှဲ့ရှန်းက ချက်ချင်း တားမြစ်လိုက်သဖြင့် ခေါင်းလှည့်ကာ မေးလိုက်ရ၏။
"ရှဲ့တာဝန်ခံကြီး ... ခင်ဗျားရဲ့ စီးပွားရေးက ဒီလောက် ကြီးကျယ်နေတာကို ဆားမှောင်ခို ဝယ်ဖို့ လိုသေးလို့လား။"
ရှဲ့ရှန်းက သတိပေးလိုက်သည်။ “ဒီကိစ္စကို ခင်ဗျား အများကြီး မေးစရာ မလိုဘူး။ ခင်ဗျား အလုပ် ခင်ဗျား သေချာလုပ်။ ပြဿနာ တက်မှာ စိုးလို့။
ပြန်ရောက်တဲ့အခါ တခြားလူတွေက ဒီကိစ္စကို မေးရင်တောင်မှ ပိုပြီး တစ်ခွန်းမှ မဟနဲ့။ ဒါက အမတ်ကြီးဖန်က မှာလိုက်တာ။ နားလည်လား။ ခဏနေလို့ အဲဒီလူ ပေါ်လာရင် ခင်ဗျား အပေါ်ထပ်မှာ သွားပြီး ပျော်ပါးလိုက်။ အိပ်ရာနိုးရင် အိမ်ပြန်တော့။ မလာဘူးဆိုရင် မနက်ဖြန် ထပ်လာခဲ့။
ဒါက ငွေတုံး ငါးဆယ်။ ခင်ဗျား ယူထားလိုက်။”
ချန်စစ်ဝူသည် ဆီတွေပေကျံနေသော ပါးစပ်ကို အလျင်အမြန် သုတ်ကာ လက်ခါပြလိုက်၏။
"မဖြစ်ပါဘူး … ခင်ဗျား ပေးတာ အရမ်း များလွန်းတယ်။ ဒီပိုက်ဆံကို ကျုပ် တကယ် မယူရဲပါဘူး။"
အနေတော်တွင် ရပ်တန့်ရမည်ဆိုသော သဘောတရားကို သူ နားလည်ထားသည်။ ဤတစ်ခေါက် လာရသည်မှာ သူတစ်ပါးကို အလွန် ကုန်ကျစရိတ် များစေခဲ့ပြီ ဖြစ်သည်။
ချန်စစ်ဝူ၏ စိတ်ထဲတွင် အလွန် အားနာနေမိ၏။
ရှဲ့ရှန်းက ငွေလွှဲလက်မှတ်ကို သူ၏ ရှေ့တွင် ရိုက်ချလိုက်သည်။ "အားနာမနေပါနဲ့။ ဒီငွေလွှဲလက်မှတ်က ခင်ဗျားကို ပေးတာ မဟုတ်ဘူး။
ကျုပ်တို့ ပြည့်တန်ဆာအိမ်က မိန်းကလေးတွေက အလကား မဟုတ်ဘူး။ ဒီငွေငါးဆယ်က အချိန်ကျရင် ခင်ဗျား သဘောကျတဲ့ မိန်းကလေးကို ပေးဖို့။"
ချန်စစ်ဝူသည် ချက်ချင်း စကားဆွံ့အသွားပြီး စားပွဲပေါ်ရှိ ငွေလွှဲလက်မှတ်ကို ငေးကြောင်ကြည့်နေမိ၏။
ချီးတဲ့မှ... ဒီအလုပ်လုပ်တာ ဒီလောက်တောင် ပိုက်ဆံရတာလား။ ငါဘာလို့ မိန်းမ မဖြစ်ရတာလဲ။
စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီးနောက် ချန်စစ်ဝူသည် သူခိုးကဲ့သို့ ဘယ်ညာ ကြည့်လိုက်ကာ ငွေလွှဲလက်မှတ်ကို သိမ်းရန် ပြင်လိုက်စဉ်မှာပဲ တစ်စုံတစ်ခုကို တွေ့မိသွားသည်။ ရုတ်တရက် တိုးတိုးလေး အော်ဟစ်လိုက်သည်။
"ဟင် ... ရှဲ့တာဝန်ခံကြီး။ သူ လာပြီ။"