အခန်း ၄၀၆
Vol. 22 Ch. 406
အပိုင်း (၄၀၆) ခင်ဗျားက ပုန်ကန်တဲ့ တပည့်ပဲ။
"ဖန်ကြီး ... ကျုပ် ခင်ဗျားတို့ ခရိုင်က ဖရဲသီးတွေ အကုန်သယ်လာခဲ့ပြီ။"
ဖန်အိမ်တော်၏ တံခါးဝတွင် လီယွမ်ကျောက်သည် ပါးစပ်ကို ဖြဲကာ သွားဖြူဖြူနှစ်တန်း ပေါ်လာသည်အထိ ပြုံးရင်း ကြွားဝါနေသည့် အမူအရာမျိုး ဖြစ်နေ၏။
လျိုကျင်းက သူ၏ဘေးနားတွင် ရပ်နေပြီး ဖရဲသီးများကို မကြာခဏ လှမ်းကြည့်ကာ မျက်လုံးထဲတွင် လိုချင် တပ်မက်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။
မိမိအိမ်ရှေ့တွင် ရပ်ထားသော ဖရဲသီး လှည်းနှစ်စီးကို ကြည့်ကာ ဖန်ကျန်းရီသည် စကားမပြောနိုင်လောက်အောင် ဆွံ့အသွား၏။ လီယွမ်ကျောက် တကယ် ဖရဲသီး ရောင်းမည်ဟု မထင်မှတ်ထားခဲ့ပေ။
ထောင်ယွမ်ခရိုင်၏ ဖရဲသီးအကြောင်း ပြောရလျှင် သူ တစ်ခါမှ သေချာ ဂရုမစိုက်ခဲ့ပေ။ တာ့ကျင်း တစ်ပြည်လုံးရှိ သီးနှံများ အားလုံးလိုလိုသည် သူ ဝိညာဉ်ကူးပြောင်းရောက်ရှိမလာမိက တွေ့ခဲ့ဖူးသော သီးနှံများနှင့် ကွာခြားမှု ရှိနေပြီး အများကြီး ကွာခြားနေသည်ဟုပင် ဆိုနိုင်၏။
နောင်ခေတ်တွင် နှစ်ရာထောင်ချီ ကြာပြီးနောက် (သို့မဟုတ်) နည်းပညာ တိုးတက်လာပြီးနောက် စိုက်ပျိုးထားသော သီးနှံများသည် လူသားတို့၏ အရသာနှင့် ကိုက်ညီသော လမ်းကြောင်းသို့ ပြောင်းလဲ လာခဲ့သည်။
သို့သော်ငြား မူလမျိုးစိတ်များက ထိုသို့ မဟုတ်ပေ။ ၎င်း၏တစ်ခုတည်းသော ဗီဇမှာ မျိုးစေ့များကို ပြန့်ပွားစေရန်သာ ဖြစ်ပြီး မိမိ၏ အရသာ ပြဿနာကို လုံးဝ ထည့်မတွက်ထားသဖြင့် တကယ်ကို ဆိုးလှ၏။
အထူးသဖြင့် ဖရဲသီး အပါအဝင် ထိုအောက်တန်းကျသော သစ်သီးများသည် ဖန်ကျန်းရီကို ပို၍ပင် စိတ်ပျက်စေခဲ့၏။ အရည်မရွှမ်း၊ မချိုသည်ကို အသာထား၊ သောက်ကျိုးနည်း အသားကလည်း သိပ်မရှိဘဲ အထဲတွင် အခေါင်းပေါက်တွေချည်းဖြစ်သည်။ ထို့ကြောင့် ဤဖရဲသီးများကို သူ တစ်ခါမှ ဂရုမစိုက်ခဲ့ပေ။
သို့ပေမည့် ခရိုင်ထဲရှိ စိုက်ပျိုးရေးဌာနနှင့် ထိုတောသားကြီးများသည် ဖရဲသီးအပေါ် အထူး စိတ်ဝင်စားနေပုံ ပေါ်သည်။ နှစ်စဉ်နှစ်တိုင်း မမောမပန်း ဖရဲသီး စိုက်ပျိုးကြသည်။
ဤဖရဲသီး လှည်းနှစ်စီးကို ဘယ်အချိန်က စိုက်ထားမှန်းလည်း မသိပေ ... အိမ်ရှေ့စံ၏ လက်ထဲသို့ပင် ရောက်ရှိသွားခဲ့သည်။ လီယွမ်ကျောက်သည် ပြီးခဲ့သည့်အကြိမ်က ဖရဲသီး ရောင်းရန် စိတ်ကူးရပြီးတည်းက ရပ်တန့်၍ မရတော့ချေ။
ဤတစ်ကြိမ်တွင် တကယ် လုပ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ အိမ်ရှေ့စံ နန်းတော်ထဲတွင် ဖရဲသီး ရောင်းမည့်အကြောင်းကို တွေးမိတိုင်း ဖန်ကျန်းရီ ခေါင်းကိုက်သွားရ၏။
ကြည့်မကောင်းဘူး။ သွားလေလေ လမ်းချော်လေလေပဲ။
ယောက္ခမကြီး ဒေါသထွက်သွားရင် ငါ သူ့သမီးလေးကို လက်ထပ်ရပါအုံးမလား။
လီယွမ်ကျောက်သည် ဖန်ကျန်းရီ တစ်နေရာတည်းတွင် ရပ်နေပြီး တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ မနေနိုင်ဘဲ တိုက်တွန်းလိုက်သည်။
"ဖန်ကြီး ... မနက်ဖြန် ကျုပ်တို့နှစ်ယောက် နန်းတော်ထဲမှာ ဖရဲသီး သွားရောင်းကြမလား။" အိမ်ရှေ့စံ ... ကျုပ်တို့ ခရိုင်က ဖရဲသီးတွေ အကုန် သယ်လာတာလား။ ပိုက်ဆံရော ပေးခဲ့ရဲ့လား။"
"ကျုပ် လျိုကျင်းကို ဝယ်ခိုင်းလိုက်တာ။ သူက ပိုက်ဆံမပေးရဘူး အလကားရတာတဲ့။"
ဖန်ကျန်းရီသည် လျိုကျင်းကို သံသယဖြင့် ကြည့်လိုက်၏။
လျိုကျင်းက အလျင်အမြန် ရှင်းပြလိုက်သည်။ "ကျုပ်က အမတ်ကြီးဖန် ဖရဲသီး စားချင်နေတယ်လို့ ပြောလိုက်တာ။ အဲဒါနဲ့ သူတို့က ဖရဲသီးတွေ အကုန် ခူးပေးလိုက်တာ။"
"..."
ကျုပ့်နာမည်ကိုသုံးပြီး ကျုပ်ဖရဲသီးတွေကို လိမ်ယူတယ်။ ပြီးတော့ သွားရောင်းအုံးမယ်တဲ့။ လူမှန်ရင် ဒီလိုကိစ္စမျိုး လုပ်ပါ့မလား။
ဖန်ကျန်းရီက ဟန်လုပ်ပြုံးကာ ပြောလိုက်၏။
"အိမ်ရှေ့စံ ... နန်းတော်ထဲမှာ ဈေးသွားရောင်းရင် အရှင်မင်းကြီး ရိုက်မှာကို မကြောက်ဘူးလား။"
"အရင်တစ်ခေါက်က ကျုပ်တို့ နှစ်ယောက် မျက်မှန် သွားရောင်းခဲ့သေးတယ် မဟုတ်လား။"
လီယွမ်ကျောက်က မျက်လုံးပြူးကာ မေးလိုက်သည်။ "ခင်ဗျား မေ့သွားပြီလား။"
"မျက်မှန်က မျက်မှန်လေ။ အဲဒါက မရှိမဖြစ် လိုအပ်တဲ့အရာ။ ဒါက စားစရာလေ။ စားလည်းရတယ် မစားလည်းရတယ်။ ဘယ်သူက ဒီတစ်လုတ်ကို အရေးစိုက်နေမှာလဲ။
အရှင်မင်းကြီးသာ သိရင် အိမ်ရှေ့စံကို သေချာပေါက် ရိုက်လိမ့်မယ်။ အိမ်ရှေ့စံ မဖြစ်မနေ ရောင်းချင်နေရင် ရပ်ကွက်ထဲမှာ သွားရောင်းလိုက်လို့ မရဘူးလား။" ဖန်ကျန်းရီက မေးလိုက်၏။
"ရပ်ကွက်ထဲ ဟုတ်လား။ ဒီဖရဲသီးကို တစ်လုံး ငွေဆယ်တုံးနဲ့ ရောင်းမလို့ စီစဉ်ထားတာ။ ရပ်ကွက်ထဲမှာ ဘယ်သူက ဝယ်နိုင်မှာလဲ။ ခင်ဗျား သွားမလား ၊ မသွားဘူးလားသာ ပြော။" လီယွမ်ကျောက်က တိုက်တွန်းလိုက်သည်။
ဈေးနှုန်းကို ကြားလိုက်ရသောအခါ ဖန်ကျန်းရီသည် စဉ်းစားခန်း ဝင်သွား၏။
ငွေဆယ်တုံး။ မဈေးကြီးဘူး။ ကိုယ့်ခရိုင်ထဲမှာလည်း ဒီဈေးနဲ့ပဲ ရောင်းတာ။ အထွက်နှုန်း နည်းတော့ ပိုက်ဆံရှိတဲ့သူတွေပဲ ဝယ်ကြမှာပဲ။ ဒါကြောင့် သိပ်တော့ အလွန်အကျွံ မဖြစ်ဘူး။
ဒါပေမဲ့ ငါက ဘာလို့ ဖရဲသီးရောင်းရမှာလဲ။
"အိမ်ရှေ့စံ ... ပိုက်ဆံ ဘယ်လောက် လိုနေလဲသာ ပြောပါ။ ကျုပ်ဆီမှာ ရှိတယ်။ ကျုပ်ကို အားမနာနဲ့။" ဖန်ကျန်းရီက ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်၏။
လီယွမ်ကျောက်သည် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး ရှေ့တိုးကာ ဖန်ကျန်းရီကို ခြံထဲသို့ ဆွဲသွင်းသွားသည်။
"ဖန်ကြီး ... ကျုပ် ပိုက်ဆံ မလိုဘူး။ ပိုက်ဆံ သုံးစရာ နေရာလည်း မရှိဘူး။ ဖရဲသီး ရောင်းချင်ရုံ သတ်သတ်ပဲ။"
"ဘာလို့လဲ။" ဖန်ကျန်းရီမှာ ဇဝေဇဝါ ဖြစ်သွား၏။
ဖရဲသီး ရောင်းတဲ့ကိစ္စကို ဒီလောက်တောင် စွဲလမ်းနေတာလား။ ခင်ဗျား အရင်ဘဝက သစ်သီးဆိုင် ဖွင့်ခဲ့တာလား။
လီယွမ်ကျောက်သည် အနည်းငယ် ရှက်ရွံ့နေပုံပေါ်သည်။
“အရင်တစ်ခေါက်က ကျုပ်တို့ နှစ်ယောက် မျက်မှန် ရောင်းခဲ့တယ် မဟုတ်လား။ အဲဒါ အတော်လေး ကောင်းတယ်လို့ ခံစားရတယ်။ ဒီတစ်ခေါက်တော့ ဖရဲသီး ရောင်းကြည့်ချင်တယ်။ တကယ် ရောင်းချင်တာ။
ကျုပ် ငယ်ငယ်ကတည်းက အဲဒီ ဆရာတွေရဲ့ ဆုံးမတာကို ခံခဲ့ရတယ်။ သူတို့က ဗြောင်မပြောပေမဲ့ သူတို့က ကျုပ် ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်နေကြတာကို ကျုပ် စောစောစီးစီးတည်းက ရိပ်မိတယ်။ ဒါပေမဲ့ ကျုပ် ငယ်ငယ်ကတည်းက စစ်တိုက်ထွက်ပြီး ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရယူချင်ခဲ့တာ။ နှမြောစရာက အဲဒီ အခွင့်အရေး လုံးဝ မရှိခဲ့ဘူး။
အပြင်ထွက်ပြီး အလုပ်လုပ်တော့လည်း ခင်ဗျားက ကျုပ်ရဲ့အနောက်မှာ အမြဲတမ်း ရပ်တည်ပေးနေတယ်။ ဒီတစ်ခေါက်တော့ ဖရဲသီး ရောင်းပြီး သူတို့ကို သက်သေပြချင်တယ်။”
ဖန်ကျန်းရီသည် မနေနိုင်ဘဲ ခေါင်းညိတ်လိုက်သည်။ "ဒါပေမဲ့ ဖရဲသီး ရောင်းတာက ကြီးကျယ်တဲ့ ကိစ္စမှ မဟုတ်တာ။ အမတ်ကြီးတွေက သဘောတူကြမှာ မဟုတ်ဘူး။"
လီယွမ်ကျောက်သည် ထိုနေရာတွင် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းရှည်ကြီး ချကာ ရှင်းပြလိုက်၏။
“ကျုပ်လည်း ရပ်ကွက်ထဲမှာ နေတာ ကြာပြီဆိုတော့ အသေးအဖွဲ ကိစ္စလေးတွေကနေ စလုပ်တာ ပိုကောင်းတယ်ဆိုတာ တွေ့ရှိခဲ့တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် နန်းတော်ထဲက ဆရာတွေနဲ့ အမတ်ကြီးတွေက ကျုပ်ကို ငယ်ငယ်တည်းက ဆူပူကြိမ်းမောင်းနေကြတာ။
အမှန်အတိုင်း ပြောရရင် ကျုပ် စိတ်ထဲမှာ သူတို့ကို နည်းနည်း ကြောက်တယ်။ သူတို့က ပညာရှိ ဘုရင်ဆိုတာ ဘာလဲ၊ ပညာရှိ ဘုရင်ဆိုတာ ဘယ်လို လုပ်ရမယ်ဆိုတာကို အမြဲတမ်း ပြောပြနေကြတာ။
သူတို့ ရေးဆွဲပေးထားတဲ့ လမ်းကြောင်းအတိုင်း ကျုပ် လျှောက်ရမယ်။ နည်းနည်း အဆင်မပြေတာနဲ့ အဆူခံရမယ်။ ခမည်းတော်ကတောင် သူတို့ဘက်က ပါသေးတယ်။
ဒါပေမဲ့ ပညာရှိ ဘုရင်ဆိုတာ တကယ်တမ်း ဘယ်လိုမျိုးလဲ ဆိုတာကို ဘယ်သူက သေချာ ရှင်းပြနိုင်မှာလဲ။ ကျုပ်လည်း သမိုင်းစာအုပ်တွေ ဖတ်ပါတယ်။ ဒါပေမဲ့ သမိုင်းစာအုပ်တွေထဲမှာ ပညာရှိ ဘုရင်ဆိုတာ ဘယ်လိုမျိုး လုပ်ရမယ်ဆိုတာကို သေချာ ရေးမထားဘူး။
အရင်တစ်ခေါက်က ကျုပ်တို့ မျက်မှန် သွားရောင်းတုန်းက အဲဒီ အမတ်ကြီးတွေကလည်း သိပ်တော့ မဟုတ်ပါဘူး ဆိုတာ ကျုပ် တွေ့ရှိခဲ့တယ်။ သူတို့ရဲ့ အမြင်ကလည်း အကန့်အသတ် ရှိတာပဲ။ သူတို့လည်း လှည့်စားခံရတာပဲ မဟုတ်ဘူးလား။
ဒါကြောင့် ကျုပ်က သူတို့ စီစဉ်ပေးတာကို မခံချင်ဘူး။ သူတို့ သဘောမတူလည်း ကျုပ် ဂရုမစိုက်ဘူး။
ကျုပ် ထင်တာတော့ စီးပွားရေး လုပ်တယ်ဆိုတာ တခြားနည်းနဲ့ အားပြိုင်တာ တစ်မျိုးပဲ။ ကျုပ်က ဖရဲသီးတွေကို သူတို့ဆီ ရောင်းနိုင်ရင် အနိုင်ရပြီပဲ။”
လီယွမ်ကျောက် ထိုစကားကို ပြောလိုက်ချိန်တွင် မျက်နှာပေါ်၌ တဖြည်းဖြည်း မကျေနပ်သည့် အမူအရာများ ပေါ်လာ၏။
ဖန်ကျန်းရီသည် ချက်ချင်းပင် ရိုသေလေးစားသွားပြီး မနေနိုင်ဘဲ လက်မထောင်ပြလိုက်သည်။
အိမ်ရှေ့စံသည် ငယ်ငယ်ကတည်းက ရှေးရိုးစွဲ အဘိုးကြီးတစ်စု၏ လေ့ကျင့်သင်ကြားမှုကို ခံခဲ့ရသော်လည်း ယနေ့တိုင် ဤကဲ့သို့သော စိတ်နေသဘောထားနှင့် တွေးခေါ်မှုပုံစံကို ထိန်းသိမ်းထားနိုင်ခြင်းမှာ အလွန် ရှားပါးလှ၏။
သဘာဝကျကျ ပြောရလျှင် ဤခေတ်ကာလမှ လူများသည် အလွန် စောစီးစွာ ရင့်ကျက်ကြပြီး အသက် ဆယ့်လေး၊ ဆယ့်ငါးနှစ် အရွယ်၌ အိမ်ထောင်ဦးစီး ဖြစ်နေခြင်းမှာ ပုံမှန်ဖြစ်သည်။ အထူးသဖြင့် လီယွမ်ကျောက်သည် အရွယ်ရောက်နေပြီ ဖြစ်သော်လည်း တချို့နေရာများတွင် ကလေးတစ်ယောက်လို ပြုမူနေဆဲ ဖြစ်သည်။
အရှုံးမပေးလိုသော စိတ်ထား၊ မြန်ဆန်စွာ သင်ယူနိုင်စွမ်း၊ ပြင်းပြသော သိချင်စိတ်၊ အပြစ်ကင်းစင်သော စရိုက်လက္ခဏာ...။
ဤသည်မှာ လုံးဝ ကလေးဆန်ခြင်း မဟုတ်ပေ။ ဖန်ကျန်းရီသည်လည်း ဤကဲ့သို့သော အခြေအနေမျိုးကို နားလည်ထားသည်။ သူသည် ယခင်ဘဝက အောင်မြင်မှုဆိုင်ရာ ပညာရပ်များကို သေချာစွာ ဖတ်ရှုလေ့လာခဲ့ဖူး၏။
ဤကဲ့သို့သော အရည်အချင်းမျိုးသည် ပုံမှန်အားဖြင့် မွေးရာပါဖြစ်ပြီး ပျိုးထောင်ရန် အလွန် ခက်ခဲသည်။ သို့ပေမည့် အများအားဖြင့် ပိုမို အောင်မြင်လွယ်ကြသည်။
ကလေးတစ်ယောက်ကဲ့သို့ လောကကြီးကို လေ့လာစောင့်ကြည့်ပြီး ပေါင်းစပ်ဝင်ရောက်နိုင်ကာ နယ်ပယ်သစ်များကို စွန့်စားရှာဖွေရန် ပိုမို လွယ်ကူသည်။ မန်ဇီးကလည်း "ကြီးမြတ်သော သူသည် မိမိ၏ မူလကလေးငယ်စိတ်ကို မစွန့်လွှတ်သူ ဖြစ်သည်" ဟု မိန့်ဆိုခဲ့ဖူး၏။
ဆိုလိုသည်မှာ ကြီးကျယ်သော အောင်မြင်မှုများကို ရယူနိုင်သူများသည် ကလေးတစ်ယောက်ကဲ့သို့ ဖြူစင်သော စိတ်နှလုံး ရှိကြသည်ဟူ၍ပင်။
အိမ်ရှေ့စံ၏ စကားများက အလွန် ကောင်းမွန်သော်လည်း ဖန်ကျန်းရီကတော့ ဤစွန့်စားမှုကို လုပ်ရန် အစီအစဉ် မရှိပေ။
"အိမ်ရှေ့စံ ပြောတာ အရမ်း ကောင်းပါတယ်။ ကျုပ် တကယ်ကို ရင်ထဲကနေ လေးစားသွားပြီ။ ဒါပေမဲ့ အိမ်ရှေ့စံ ကိုယ်တိုင် သွားလိုက်ရင် ရပြီ။ ကျုပ်ကို ခေါ်သွားစရာ မလိုပါဘူး။"
"ခင်ဗျား ကျုပ်ဘေးမှာ မရှိရင် ကျုပ် စိတ်မချဘူး။"
"..."
"ခမည်းတော် ကျုပ်ကို ရိုက်လာရင် ခင်ဗျားက ကျုပ်ကိုယ်စား ဝင်ပြီး အကြောင်းပြချက် ပေးရမှာလေ။"
"..."
"ခင်ဗျားသာ ကျုပ်နဲ့ လိုက်ရင် ခင်ဗျားနဲ့ အစေခံမလေး ရှုပ်နေတဲ့ကိစ္စ မြောင်ဟန်ကို ကျုပ် မပြောဘဲနေမယ်။"
ဖန်ကျန်းရီ၏ တစ်ကိုယ်လုံး တုန်တက်သွား၏။
"နေပါအုံး … ကျုပ် ဘယ်တုန်းက အစေခံမလေးနဲ့ ရှုပ်နေလို့လဲ။ စကားပြောရင် သက်သေပြရမယ်နော်။ ကျုပ် ခင်ဗျားကို အသရေဖျက်မှုနဲ့ တရားစွဲမယ်နော်။ ခင်ဗျား ကျုပ်ကို အသရေဖျက်နေတာ။"
လီယွမ်ကျောက်က ပခုံးတွန့်လိုက်သည်။
"ရင်ထဲက အသံလေ။ ကျုပ် ကြားလိုက်တယ်။ မြောင်ဟန် ယုံ၊ မယုံတော့ ကျုပ်လည်း မသိဘူး။"
သောက်ခွေး။ ခင်ဗျားကို သင်ပေးလိုက်မိတာ။ ကျုပ်ရဲ့ ဒီပညာတွေကို ခင်ဗျား အကုန် သဘောပေါက်သွားပြီပဲ။
ဖန်ကျန်းရီသည် အံကြိတ်ကာ ဒေါသထွက်သွား၏။ ခင်ဗျားလို ပုန်ကန်တဲ့ တပည့်။ ကျုပ်ရဲ့ ပညာတွေကို သင်ယူပြီး ကျုပ်ကို ပထမဆုံး ပြန်အသုံးချရဲတယ်။