ဟွေဆိုတဲ့ စကားလုံးကို ရေးနိုင်တဲ့ နည်းလမ်း ၄ မျိုးကို ရှင်းပြစမ်း (၂)
Vol. 3 Ch. 34
*ဒါ ဘယ်လို မေးခွန်းမျိုးလဲ*
ရှုရန်မြောင်က အလွန်ရိုးသားလှချည်ရဲ့ဆိုတဲ့ မျက်နှာပေးဖြင့် ဆက်ပြောလိုက်သည်။
“နန်းတွင်းက အရာရှိ တော်တော်များများ ပြောတာကြားဖူးလို့ပါ၊ ရှေးဟောင်းကျမ်းစာ ဂိုဏ်းသားတွေဟာ စာသားတွေကို လေ့လာတဲ့နေရာမှာ အရမ်းကို စေ့စပ်သေချာလွန်းပြီး စာလုံးတစ်လုံးချင်းစီကို ခွဲခြမ်းစိတ်ဖြာတဲ့ နေရာမှာ အလွန်ကျွမ်းကျင်ကြတယ်ဆိုတာလေ၊ ကွန်ဖြူးရှပ် ကျမ်းစာတွေအပေါ်မှာလဲ အရမ်းကို တင်းတင်း ကျပ်ကျပ် ကိုင်တွယ်တတ်ကြပြီး ‘ဟွေ’ (回) ဆိုတဲ့ စာလုံးကိုတောင် ဘယ်နှနည်းနဲ့ ရေးလို့ရသလဲဆိုတာအထိ သုတေသန လုပ်နေကြတာဆိုပဲ၊ အဲ့ဒါက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းလွန်းလို့ ကျွန်တော် လမ်းညွှန်ချက် လာတောင်းတာပါဗျာ”
စကားများက ယဉ်ကျေးသယောင် ရှိသော်လည်း သေချာ စဉ်းစားကြည့်ပါက …
မည်သို့ပင်ဆိုစေကာမူ ချွမ်ရှဲ့၏ လက်ဖက်ရည်ခွက်ကို ကိုင်ထားသော လက်မှာ တင်းခနဲ ဖြစ်သွားတော့သည်။ သူ၏အရှေ့ကလူသာ နန်းတွင်း သံတမန် မဟုတ်လျှင် ဤလက်ဖက်ရည်ခွက်နဲ့ လှမ်းပေါက်မိတာ ကြာလှလေပြီ။
ရုတ်တရက် ဘေးခန်းထဲမှ ကျယ်လောင်သော အော်ဟစ်သံ ထွက်ပေါ်လာသည်။
“ရဲတင်းလိုက်တာ၊ အသုံးမကျတဲ့ ကောင်စုတ်”
*မင်းက ဘယ်သူ့ကို လှောင်ပြောင်နေတာလဲ*
တုတ်ကောက်တစ်ချောင်းကို အားပြုရင်း ဒေါသမျက်နှာဖြင့် ထွက်လာသော အဖိုးအိုက ရှုရန်မြောင်ကို စိုက်ကြည့်နေသည်။
“ရှေးဟောင်း အယူအဆဂိုဏ်းက အသေးအဖွဲ ကိစ္စလေးတွေကိုပဲ ဖက်တွယ်နေပါတယ်လို့ မင်းကို ဘယ်သူက ပြောတာလဲ”
ရှုရန်မြောင်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
“နန်းတွင်းက လူတိုင်းက အဲ့ဒီလိုပဲ ပြောနေကြတာလေ”
ထို့နောက် သူက ဝမ်းသာအားရဖြင့် နှုတ်ဆက်လိုက်ပြန်သည်။
“ဆရာကြီးချွမ်နဲ့ တွေ့ရတာ ဂုဏ်ယူပါတယ် ခင်ဗျာ”
ချွမ်ရင်ကျန်းက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ထိုစကားက သက်သက်မဲ့ လာဆွနေခြင်းမှန်း သူ သိသော်လည်း မိမိတို့ဂိုဏ်းကို ဗြောင်ကျကျ စော်ကားနေခြင်းကိုတော့ ငြိမ်ခံမနေနိုင်ပေ။
“ပြန်သွားပြီး သူတို့ကို ပြောလိုက်စမ်း၊ ခေတ်သစ်အယူအဆ ဂိုဏ်းသားတွေဆိုတာ ကျေးလက်က လူမိုက်တွေရဲ့ ပေါက်ကရ စကားတွေ၊ ရေတွင်းထဲက ဖားသူငယ်တွေနဲ့ အတူတူပဲလို့၊ သူတို့ကများ ရှေးဟောင်းအယူအဆ ပညာရပ်ရဲ့ နက်ရှိုင်းတဲ့ အမှန်တရားတွေကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ”
*အရာရှိ ရာထူးကို လက်ခံဖို့လား၊ ဟမ့် … ဒီလောက် အပေါစားဆန်တဲ့ လှောင်ပြောင်မှုမျိုးနဲ့ ငါ့ကို အရူးလုပ်လို့ ရမယ်ထင်နေလား*
“နားလည်ပါပြီ၊ ဒီစကားကို သေချာပေါက် ပြန်ပြောပေးပါ့မယ်”
ရှုရန်မြောင်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေတော့သည်။
“ဒါပေမဲ့ ‘ဟွေ’ (回) ဆိုတဲ့ စာလုံးကို တကယ်ပဲ ဘယ်နှမျိုး ရေးလို့ရတာလဲဟင်”
ချွမ်ရင်ကျန်းက အေးစက်စွာ ပြန်ဖြေသည်။
“ငါတို့ အဲ့ဒီလို အရာမျိုးတွေကို ဘယ်တုန်းကမှ မလေ့လာခဲ့ဘူး”
“ဒါပေမဲ့ ရှေးဟောင်းအယူအဆဂိုဏ်း ဆိုတာက အသံထွက်တွေနဲ့ စာလုံးတွေရဲ့ မူလအစကို ရှာဖွေပြီး အဓိပ္ပာယ် ဖွင့်ဆို မှတ်တမ်းတင်ရတာကို အဓိကထားတာ မဟုတ်ဘူးလား”
“အဓိပ္ပာယ် မရှိလိုက်တာ၊ ငါတို့ရဲ့ စေ့စပ်သေချာတဲ့ ကျမ်းစာလေ့လာမှုတွေနဲ့ သမိုင်းကြောင်းဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေကို စာလုံးတစ်လုံးတည်းအပေါ် စွဲလမ်းနေပါတယ်ဆိုပြီး မင်းက ဘယ်လိုတောင် လိမ်လည်လှည့်ဖြား ပြောဆိုရဲတာလဲ၊ ရယ်ချင်စရာပဲ၊ မင်းတို့ ခေတ်သစ် အယူအဆ ဂိုဏ်းသားတွေက ဧကရာဇ်ကို ဖားဖို့နဲ့ မင်းတို့ရဲ့ ကိုယ်ကျိုးစီးပွား နိုင်ငံရေးအတွက် ပညာရှိတွေရဲ့ စကားကို အမြဲတမ်း ပုံဖျက်နေကြတာပဲ၊ စာသား အကျိုးအပဲ့တွေ ထဲကနေ အဓိပ္ပာယ်တွေ လိုက်ရှာပြီး အသေးအဖွဲကိစ္စတွေကို ကပ်သီးကပ်သတ် လုပ်နေတာက မင်းတို့ဂိုဏ်းပဲ မဟုတ်လား”
“အင်း... အင်း”
ရှုရန်မြောင်က အတည်ပေါက်ဖြင့် ခေါင်းတငြိမ့်ငြိမ့် လုပ်နေသည်။
ချွမ်ရင်ကျန်းသည် တစ်ဖက်မှ ပြန်လည်ချေပလာမည့် စကားကို စောင့်ဆိုင်းနေမိသည်။
တစ်ဒင်္ဂမျှ တိတ်ဆိတ်သွားပြီးနောက် သူ မျက်မှောင်ကြုတ်သွားသည်။
“မင်း ဘာမှ ပြန်မပြောတော့ဘူးလား”
ရှုရန်မြောင်က ရိုးသားစွာ ခေါင်းခါပြလိုက်သည်။
“ကျွန်တော်က ဒီလိုအရာတွေကို နားမလည်လို့ပါ”
ချွမ်ရင်ကျန်း : “...”
သူသည် ဒေါသတွေ ထွက်နေသော်လည်း တစ်ဖက်က ဘာမှပြန်မပြောသဖြင့် ဟင်းလင်းပြင်ကို လက်သီးနဲ့ ထိုးလိုက်ရသလိုမျိုး အရှိန်သတ်သွားရသည်။
ရှုရန်မြောင်က ဆက်ပြောပြန်သည်။
“ဒါနဲ့ ကျိုးမင်းဆက်၏ ကျင့်ထုံးများဆိုတဲ့ ကျမ်းစာက ပူးပေါင်းကြံစည်မှုတွေနဲ့ ပြည့်နေတဲ့ စာအုပ်တစ်အုပ်လို့ လူတွေ ပြောတာ ကြားဖူးတယ်၊ နိုင်ငံရေးမှာ ပဒေသရာဇ်စနစ်ကို မြှင့်တင်ပေးပြီး စီးပွားရေးမှာလဲ အထက်တန်းစား မိသားစုတွေ မျက်နှာသာရအောင် တွင်းနက်လယ်ကွင်းစနစ်လိုမျိုး မူဝါဒတွေကို အားပေးထားတာဆိုပဲ”
ချွမ်ရင်ကျန်း ပေါက်ကွဲသွားတော့သည်။
“ပေါက်ကရတွေ၊ မူလက ကျိုးအရာရှိလို့ ခေါ်တဲ့ ကျိုးမင်းဆက်၏ ကျင့်ထုံးများ ကျမ်းစာက ကျမ်းရင်းလဲ မဟုတ်ဘူး၊ အဖွင့်ကျမ်းလဲ မဟုတ်ဘူး၊ ဒါက ကျိုးမင်းဆက်ရဲ့ အုပ်ချုပ်ရေးစနစ်ကို ဖော်ပြထားတာပဲ ဖြစ်ပြီး ခေတ်သစ် စာဖတ်ပရိသတ်တွေ အတွက် ရှေးခေတ် အုပ်ချုပ်ပုံကို နားလည်စေဖို့ သမိုင်းမှတ်တမ်းတစ်ခုအဖြစ် တည်ရှိနေတာကွ”
သူသည် ဒေါသအရှိန်ဖြင့်ပင် စိတ်အားထက်သန်စွာ ဆက်လက် ရေရွတ်နေတော့သည်။
“ခေတ်သစ်ဂိုဏ်းသားတွေက အာဏာမက်မောပြီး ပညာရှိတွေရဲ့ အခြေခံမူတွေကို သူတို့ရဲ့ မူဝါဒတွေ၊ ဧကရာဇ်ရဲ့ အကြိုက်တွေနဲ့ ကိုက်ညီအောင် အမြဲတမ်း လိမ်ကောက်နေကြတာ၊ သူတို့ရဲ့ နှလုံးသားထဲမှာ ကုန်သည်စိတ်ပဲ ရှိပြီး မျက်လုံးထဲမှာလည်း နိုင်ငံရေးပဲ မြင်တယ်၊ ခေတ်သစ်အယူအဆ ပညာရပ် ဟုတ်လား၊ အသိဉာဏ်တိမ်ဖျင်းတဲ့ လူတွေရဲ့ အောက်တန်းကျတဲ့ အတွေးအခေါ်တွေပဲ”
“အင်း ... အင်း”
ရှုရန်မြောင်က ခေါင်းကို အားရပါးရ ထပ်ငြိမ့်ပြပြန်သည်။
“ဆရာကြီးက တကယ့်ကို အထင်ကြီးစရာကောင်းတာပဲ”
ချွမ်ရင်ကျန်း : “...”
ရှုရန်မြောင်က သူ၏ အကြောင်းပြချက်များကို ထောက်ခံနေသော်လည်း ချွမ်ရင်ကျန်းမှာမူ တစ်စုံတစ်ခုကြောင့် အသက်ရှူကျပ်သလို ခံစားနေရဆဲပင်။
ချွမ်ရင်ကျန်းက မေးလိုက်သည်။
“မင်း ဒါတွေပြောဖို့ပဲ လာတာလား”
ရှုရန်မြောင်က ရိုးရိုးသားသား ပြန်ဖြေသည်။
“ကျွန်တော်က ကျမ်းစာတွေ ဒါမှမဟုတ် အငြင်းအခုန်တွေအကြောင်း သိပ်မသိပါဘူး။ ဆရာကြီး ပြောတာတွေက တကယ့်ကို ကျိုးကြောင်းဆီလျော်ပြီး နက်နဲတယ်လို့ပဲ ခံစားရလို့ပါ”
ချွမ်ရင်ကျန်းမှာ ဝမ်းသာရမည့်အစား ပို၍ပင် စိတ်တိုလာရသည်။
ရှုရန်မြောင်က ဆက်ပြောပြန်သည်။
“ဒါနဲ့လေ”
ချွမ်ရင်ကျန်းက ဒေါသတကြီး ဖြတ်ပြောလိုက်သည်။
“မင်းက ကျမ်းစာ လေ့လာမှုတွေကို နားမလည်ဘူးဆိုရင် ဒီမေးခွန်းတွေ အားလုံးကို ဘာလို့ လိုက်မေးနေရတာလဲ”
“ဟင်”
ရှုရန်မြောင်က စိုးရိမ်တကြီး လေသံဖြင့် ပြန်ဖြေသည်။
“ကျွန်တော်က နားမလည်လို့ မေးတာပါ၊ မေးခွင့်မရှိဘူးလားဟင်၊ နန်းတွင်းက လူတိုင်းက ရှေးဟောင်း အယူအ ဆဂိုဏ်းအကြောင်းကို ဒီလိုပဲ ပြောနေကြတာဆိုတော့ တကယ် ဟုတ်မဟုတ် အမှန်တရားကို သိချင်ရုံတင်ပါ”
ချွမ်ရင်ကျန်းမှာ အသက်ကို ဝဝရှူလိုက်ရသည်။
“ငါ ပင်ပန်းနေပြီ၊ မင်း ပြန်တော့၊ တကယ်လို့ မေးစရာတွေ ထပ်ရှိနေသေးရင် နောက်မှပဲ လာမေးတော့”
“ဟုတ်ကဲ့ပါ”
ရှုရန်မြောင်က ဝမ်းသာအားရပင် ထွက်ခွာသွားတော့သည်။
ချွမ်ရှဲ့က သူ့အဘိုးကို လှမ်းကြည့်လိုက်သည်။
“အဘိုး ... သူက အဘိုးကို တမင်သက်သက် လာဆွနေတာနော်”
ချွမ်ရင်ကျန်းက ခေါင်းငြိမ့်လိုက်သည်။
“ငါသိပါတယ်၊ ဒီလို အောက်တန်းကျတဲ့ ဆွပေးမှုမျိုးနဲ့တော့ ငါ့ကို အရူးလုပ်လို့ မရပါဘူး”
ထိုနေ့ ညနှောင်းပိုင်းတွင် ချွမ်ရင်ကျန်းသည် အိပ်ရာထဲတွင် ထိုင်လျက် ဒေါသများ တနုံ့နုံ့ ဖြစ်နေလေသည်။
“မိုက်မဲလိုက်တဲ့ ကောင်စုတ်လေး”
“အသိဉာဏ် တိမ်ဖျင်းလိုက်တာ”
“အောက်တန်းကျတဲ့ လူပြိန်း၊ အမှန်ကို မမြင်နိုင်တဲ့ကောင်၊ မဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေတာ၊ အိမ်သာထဲက စကားတွေထက်တောင် မသာဘူး”
သူသည် စောစောက ရှေးဟောင်းအယူအဆဂိုဏ်းအပေါ် ဝေဖန်မှုများကို အားပါးတရ ချေပခဲ့သော်လည်း တစ်ဖက်က ဘာမှပြန်မပြောဘဲ “အင်း... အင်း” ပဲ လုပ်သွားသဖြင့် လေထဲကို လက်သီးနဲ့ ထိုးလိုက်ရသလိုမျိုး အားမလို အားမရ ဖြစ်နေတော့သည်။
တစ်ညလုံး အိပ်မပျော်ဘဲ တွေးတောနေပြီးနောက် နောက်တစ်နေ့ မနက်တွင် သူက ကြေညာလိုက်တော့သည်။
“ဒါကို ငါ ဒီအတိုင်း လွှတ်မထားနိုင်ဘူး”
ချွမ်ရင်ကျန်းသည် ရှုရန်မြောင်ကို သွားရှာလိုက်သည်။
“ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်၊ ဒါပေမဲ့ ငါက အရာရှိရာထူးကို လက်ခံဖို့ လိုက်မှာ မဟုတ်ဘူး၊ ငါက ကျမ်းစာတွေကို အပြတ်အသတ် ငြင်းခုံဖို့ လိုက်မှာ”
ရှုရန်မြောင်က ရိုကျိုးစွာ ခေါင်းငြိမ့်လိုက်သည်။
“နားလည်ပါပြီ ဆရာကြီးချွမ်”
ရှုရန်မြောင် ပြန်လည်သတင်းပို့လာသောအခါ ဧကရာဇ်မင်းမြတ်မှာ မှင်တက်သွားရသည်။
“မင်း သူ့ကို ဘယ်လိုများ နားချပြီး ခေါ်လာနိုင်တာလဲ”
ရှုရန်မြောင် : “ဆရာကြီးချွမ်က ကျမ်းစာတွေကို အပြတ်အသတ် ငြင်းခုံဆွေးနွေးဖို့ လိုက်လာတာပါ ဘုရား”
ဤအချက်တစ်ခုတည်းနှင့်တင် တကယ့်ကို ကြီးမားလှသော အောင်မြင်မှုဟု ဆိုနိုင်သည်။ အရင်တုန်းက ကျမ်းစာ ငြင်းခုံပွဲများဖြင့် မက်လုံးပေးခဲ့စဉ်ကပင် ချွမ်ရင်ကျန်းမှာ ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည်ချည်း မဟုတ်လား။
မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်မှာ အလွန်အမင်း သဘောကျနေလေသည်။
“ရှုရန်မြောင် ... မင်းက တကယ့်ကို ဉာဏ်ထက်မြက်တဲ့သူပဲ”
[ငါက လျှောက်ပေါက်ပြီး ပြောခဲ့တာတင်ပါ]
ရှုရန်မြောင်က ချီတုံချတုံ ဖြစ်နေသည်။
“အရှင်မင်းကြီး၊ ကျွန်တော်မျိုးအနေနဲ့ နည်းနည်းတော့ လှည့်ကွက်သုံးခဲ့ရသလို အမှန်တရားနဲ့ မကိုက်ညီတဲ့ စကားတချို့ကိုလဲ ပြောမိခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဖက် အရာရှိကြီးတို့ ... ကျွန်တော့်ကို ခွင့်လွှတ်ကြပါဦးဗျာ”
ဝန်ကြီးများ : “…”
လေထုထဲတွင် မကောင်းသော နိမိတ်တစ်ခု လွှမ်းမိုးလာသယောင် ခံစားလိုက်ရသည်။
မကြာမီ မိနစ်ပိုင်းအတွင်းမှာပင် အသက် ၈၀ အရွယ် အဖိုးအိုတစ်ဦးမှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး ညိုမည်း နေပြီး သူ၏ တုတ်ကောက်ဖြင့် ကြမ်းပြင်ကို အားပါးတရ ဆောင့်ကာ ညီလာခံခန်းမအတွင်းသို့ ဒေါသတကြီး ဝင်လာတော့သည်။
“ဘယ်သူကများ ရှေးဟောင်းအယူအဆဂိုဏ်းကို စော်ကားရဲတာလဲ၊ ရှေ့ကို ထွက်ခဲ့စမ်း”
ဝန်ကြီးများ : “….”
*နေပါဦး ... ငါတို့က ဘယ်တုန်းက ...*
ငါတို့က ခေတ်သစ် အယူအဆဂိုဏ်းကို လေ့လာနေကြတာ မှန်ပေမဲ့ ရှေးဟောင်းဂိုဏ်းကို ဘာကိစ္စနဲ့ လိုက်တိုက်ခိုက် နေရမှာလဲ၊ နန်းတွင်းမှာလဲ အဲ့ဒီဂိုဏ်းကို လေ့လာတဲ့သူမှ တစ်ယောက်မှ မရှိတော့တာ၊ ဘယ်သူကများ အဲ့ဒါကို ထုတ်ပြောနေမှာလဲ*
ထိုအချိန်တွင် ရှုရန်မြောင်မှာမူ သူ၏ရင်ထဲ၌ ပျော်ရွှင်စွာဖြင့် လေချွန်နေပြီး သူ၏မျက်နှာမှာလည်း ဘာ မှမသိသည့် ကလေးသူငယ် တစ်ဦးကဲ့သို့ အပြစ်ကင်းစင်နေတော့သည်။