← Chapters

ဖြဲလိုက်၊ ကျယ်ကျယ်လေး ဖြဲပစ်လိုက် (၁)

Vol. 3 Ch. 35

ဖြဲလိုက်၊ ကျယ်ကျယ်လေး ဖြဲပစ်လိုက် (၁)

Vol. 3 Ch. 35

နန်းတွင်းအရာရှိကြီးများ : “...”

*ဟဲဟဲ*

ရှုရန်မြောင်၏ ရင်ထဲမှ သိမ်မွေ့လှသော လေချွန်သံကို ကြားလိုက်ရကတည်းက ဘာတွေဖြစ်နေပြီလဲဆိုသည်ကို သူတို့အားလုံး ခန့်မှန်းမိလိုက်ကြသည်။

မရေမတွက်နိုင်သော စိုက်ကြည့်မှုများအောက်တွင် ဝန်ကြီးတစ်ဦးက ရှေ့သို့တိုးထွက်လာပြီး စကားလုံးကို အသေအချာ ရွေးချယ်ကာ ပြောလိုက်သည်။

“ဆရာကြီးချွမ် တစ်ခုခု နားလည်မှုလွဲနေတာများလား၊ ကျွန်တော်တို့ ဘယ်တုန်းကမှ ...”

ချွမ်ရင်ကျန်းက မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်သည်။

မူလကတည်းက ဒေါသကြီးသူ ဖြစ်သည့်အပြင် တစ်စုံတစ်ယောက်က ရှေ့ထွက်လာသည်ကို မြင်လိုက်ရခြင်းက သူ၏ဒေါသမီးကို ပို၍ လောင်မြိုက်စေတော့သည်။ သူက ဗြောင်ပင် မေးလိုက်တော့သည်။

“မင်းက ခေတ်သစ်အယူအဆကို လိုက်စားတဲ့သူလား”

ရှေ့ထွက်လာသူမှာ ယခင်က နန်းတွင်း စောင့်ကြည့်ရေး အမတ် ဖြစ်ခဲ့ဖူးပြီး ဇနီးကြောက်ရသူအဖြစ် နာမည်ကြီးသည့် ချွေ့ယီပင် ဖြစ်သည်။ သူက အလွန်ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။

“ဆရာကြီးချွမ် ဒီကို ကြွလာတာ ကျွန်တော်မျိုးတို့အတွက် ဂုဏ်ယူစရာပါ၊ ကျွန်တော် ချွေ့ယီကတော့ အဓိကအားဖြင့် ခေတ်သစ်ကျမ်းစာတွေကိုပဲ လေ့လာတာ မှန်ပါတယ်”

သူ ထိုသို့ မဝန်ခံလိုက်သင့်ပေ။ ချွေ့ယီက သူ့ကိုယ်သူ မည်သူမည်ဝါ ဖြစ်ကြောင်း ပြောလိုက်သည်နှင့် ချွမ်ရင်ကျန်း၏ မျက်နှာမှာ ဒေါသကြောင့် ဖြူဖျော့သွားတော့သည်။ သူသည် အသက်အရွယ်နှင့်မလိုက်အောင် သွက်လက်စွာဖြင့် သူ၏တုတ်ကောက်ကို မလိုက်ပြီး အားပါးတရ ရိုက်ချလိုက်ကာ အော်ဟစ်တော့သည်။

“ဟွေဆိုတဲ့ စာလုံးကို ဘယ်နှနည်းနဲ့ ရေးရသလဲဆိုတာ ငါ မင်းကို သင်ပေးရသေးတာပေါ့၊ မင်းကများ လူငယ်လေး တစ်ယောက်ကို လွှတ်ပြီး ငါ့လို အဘိုးကြီးကို လှောင်ပြောင်ခိုင်းရတယ်လို့”

ချွေ့ယီမှာ အလန့်တကြား အော်ဟစ်လိုက်ပြီး ဗီဇအရပင် ခေါင်းကိုလက်နှင့်အုပ်ကာ ငုံ့ချလိုက်တော့သည်။ အရိုက်ခံရသည့် အတွေ့အကြုံ ကြွယ်ဝလှသူဖြစ်သဖြင့် သူသည် ပြန်လည်ခုခံရန် မစဉ်းစားပေ။ သူ ဘယ်လိုလုပ် ခုခံနိုင်မည်နည်း။ ဤပညာရှိကြီးက အသက် ၈၆ နှစ် ရှိနေပြီ ဖြစ်သည်။ အကယ်၍ ချွေ့ယီက သူ့ကို လက်ဖျားနှင့် ထိလိုက်လျင် ချွမ်ရင်ကျန်းကို ထောက်ခံအားပေးသူများ၏ တံတွေးခွက်ထဲတွင် ပက်လက်မျော သွားပေလိမ့်မည်။

ထိုသို့ အသာတကြည် ငုံ့ခံနေသည့်တိုင်အောင် ချွေ့ယီခမျာ မနေနိုင်တော့ဘဲ အော်ဟစ်အသနားခံမိတော့သည်။

“ဆရာကြီးချွမ်၊ ကျေးဇူးပြုပြီး ရပ်ပါတော့၊ ရပ်ပါတော့”

*‘ဟွေ’ ဆိုတဲ့ စာလုံးကို ဘယ်နှနည်းနဲ့ ရေးရသလဲ ဆိုတာကြီးက ဘာလဲ*

*ရှုရန်မြောင်၊ မင်း ဘာတွေ လုပ်ခဲ့ပြန်ပြီလဲ*

“မိုက်မဲတဲ့ အကောင်”

ချွမ်ရင်ကျန်းမှာ ပို၍ပင် ဒေါသူပုန်ထသွားပြီး ဝန်ကြီးများက မည်မျှပင် ဝိုင်းဝန်းတားဆီးရန် ကြိုးစားပါစေ၊ သူ၏ တုတ်ကောက်ရိုက်ချက်များမှာ မိုးပက်သလို တဒေါက်ဒေါက် ကျရောက်နေဆဲပင်။

ချွမ်ရင်ကျန်းတွင်လည်း သူ့ကိုယ်ပိုင် ကျိုးကြောင်းဆင်ခြင်မှု အတွေးတို့ ရှိနေသည်။

နန်းတွင်းသံတမန် ရှုရန်မြောင်နှင့်အတူ မြို့တော်သို့ လာသည့် ရှစ်ရက်၊ ကိုးရက်တာ ခရီးတစ်လျှောက်တွင် သူတို့နှစ်ဦး အတော်လေး စကားစမြည် ပြောဖြစ်ခဲ့ကြသည်။ ထိုအခါမှ ဤလူငယ်သည် ကျမ်းစာများကို တကယ်ပဲ တစ်လုံးမှ နားမလည်ကြောင်း ချွမ်ရင်ကျန်း သိလိုက်ရတော့သည်။ ရှုရန်မြောင် အလွတ်အမှတ်မိဆုံး စာသားဆို၍ ကွန်ဖြူးရှပ်၏ “မိတ်ဆွေများ ဝေးလံသော အရပ်မှ လာရောက်လည်ပတ်ခြင်းသည် ဝမ်းမြောက်စရာ မဟုတ်ပါလော” ဟူသော အဆိုအမိန့်တစ်ခုပဲ ရှိသည်။ ၎င်းကိုပင် ရှုရန်မြောင်၏ ပါးစပ်ထဲရောက်လျှင် “မိတ်ဆွေများ ဝေးလံသော အရပ်မှ လာလျှင် ဝေးလံသည့်တိုင်အောင် လိုက်လံနှိမ်နင်းပစ်ရမည်” ဟူ၍ တစ်လွဲတချော် ပုံပျက်ပန်းပျက် ပြောင်းလဲသွားတတ်သေးသည်။

ဤမျှ စာမတတ်ပေမတတ် လူငယ်လေးတစ်ယောက်က “ရှေးဟောင်းအယူအဆဂိုဏ်းဟာ သိပ်ကို အသေးအဖွဲ ဆန်လွန်းတယ်၊ အပေါ်ယံ အဆင်တန်ဆာတွေနဲ့ အသိဉာဏ်တိမ်ဖျင်းလွန်းလို့ ‘ဟွေ’ စာလုံးကို ဘယ်နှနည်းနဲ့ ရေးရမလဲဆိုတာလောက်ကိုပဲ အချိန်ကုန်ခံ လေ့လာနေကြတာ” ဆိုသည့် ပြင်းထန်ပြီး အချက်ကျလှသော ဝေဖန်ပုတ်ခတ်မှုကို ဘယ်လိုလုပ် ကိုယ်တိုင် တွေးတောနိုင်ပါမည်နည်း။

ထို့ကြောင့် ဤအချက်များကို တစ်စုံတစ်ယောက်က နောက်ကွယ်မှ သွေးထိုးပေးလိုက်ပြီး ဒီလူငယ်လေးကို အသုံးချကာ လာရောက်ဆွခိုင်းခြင်း ဖြစ်ရမည်ဟု သူ အပိုင်တွက်လိုက်သည်။

အကျိုးဆက်အနေဖြင့် နန်းတွင်းရှိ အရာရှိကြီး အားလုံးမှာ သံသယ တရားခံများ ဖြစ်သွားကြရတော့သည်။ ယခုအချိန်တွင် ရှေ့သို့ ထွက်ရဲသူမှန်သမျှသည် မစားရခက်၊ စားရခက် ဖြစ်ပြီး မရိုးမသားဖြင့် ကိုယ့်ကိုယ်ကိုယ် လုံအောင် လာရှင်းခြင်းဟုသာ အဘိုးအိုက မြင်နေတော့သည်။

*မင်းတို့နောက်ကွယ်မှာ ဘာမှဖုံးကွယ်ထားတာ မရှိဘူးဆိုရင် ဘာလို့ ဒီလောက်အထိ ပျာပျာသလဲ ရှေ့ထွက် လာရတာလဲ*

စာပေကျမ်းဂန်များကို ရေးသားပြုစုတတ်သလို တစ်ဖက်တွင်လည်း ဓားခုတ်လှံထိုး ကျွမ်းကျင်လှသည့် ဝါရင့် ကွန်ဖြူးရှပ် ပညာရှိကြီး ချွမ်ရင်ကျန်းသည် အသက်အရွယ်ကြီးရင့်မှုကို အဟန့်အတားတစ်ခုအဖြစ် အဖြစ်မခံသူ ဖြစ်သည်။ အသက် ၉၀ နီးပါး ရှိနေပြီ ဖြစ်သော်လည်း နွားသိုးတစ်ကောင်ကဲ့သို့ သန်မာဆဲပင်။ မိနစ်ပိုင်း အတွင်းမှာပင် ချွေ့ယီ၏ မျက်နှာတစ်ခုလုံး ဖူးယောင် ညိုမည်းသွားတော့သည်။ ထိုအချိန်တွင် ချွမ်ရင်ကျန်း၏ အော်ဟစ် ကြိမ်းမောင်းသံကြီးမှာလည်း ဖြောင့်မတ်တည်ကြည်သော ဒေါသအရှိန်အဝါတို့ဖြင့် ဟိန်းထွက် နေတော့သည်။

“မင်းတို့လို အပေါ်ယံဟန်ဆောင်မှုတွေနဲ့ ပြည့်နေတဲ့ ချီရူတွေ၊ ကွန်ဖြူးရှပ် ပညာရှိကြီးရဲ့ အဓိက သီလလတရားတွေကို နတ်ဘုရားတွေရဲ့ ဖန်တီးမှုတွေအဖြစ် ပုံဖျက်ရဲတယ်ပေါ့၊ ကျားရေခြုံထားတဲ့ သိုးတွေလို မိုက်မဲလိုက်ကြတာ၊ ကွန်ဖြူးရှပ်ဝါဒရဲ့ အခြေခံအုတ်မြစ်ဟာ ရန် (ကရုဏာတရား)၊ ယီ (တရားမျှတခြင်း)၊ လီ (ကျင့်ဝတ်ရိုသေခြင်း)၊ ကျီ (အသိဉာဏ်ပညာ)၊ ရှင်း (သစ္စာရှိခြင်း)၊ ယုံ (သတ္တိရှိခြင်း) နဲ့ ရှန်း (ကြင်နာသနားခြင်း) အပေါ်မှာပဲ တည်တာကွ၊ ဒါ လူသားဆန်မှုအကြောင်းပဲ၊ နတ်ဘုရားတွေ၊ နတ်မင်းတွေ၊ ဧကရာဇ်တွေအကြောင်း မဟုတ်ဘူး၊ မင်းတို့က ကွန်ဖြူးရှပ်ကို ကိုးကွယ်ပူဇော်ပြီး သူ့ရဲ့ အခြေခံမူတွေကိုတော့ စွန့်ပစ်ထားကြတယ်၊ တကယ့်ကို အရှက်မရှိတာပဲ၊ ကျားရေခြုံထားတဲ့ အရေခြုံသမားတွေ ... မင်းတို့ အပြစ်ပေးခံရဖို့ အချိန်တန်ပြီ”

(မှတ်ချက်: ချီရူ - ဆိုသည်မှာ ချီပြည်နယ်နှင့် ဆက်စပ်နေသော ခေတ်သစ်အယူအဆဂိုဏ်း နောက်လိုက်များကို ခေါ်ဆိုပြီး လုရူ - မှာမူ လုပြည်နယ်နှင့် ဆက်စပ်သည့် ရှေးဟောင်းအယူအဆဂိုဏ်းကို ရည်ညွှန်းပါသည်)

ထိုအချိန်တွင် ရှုရန်မြောင်က သူ၏မိတ်ဆွေကောင်းဖြစ်သော စစ်မက်ရေးရာရုံးမှ အရာရှိကို တံတောင်နှင့် အသာတို့ကာ တိုးတိုးလေး မေးလိုက်သည်။

“ငါ ‘ကွန်ဖြူးရှပ်’ အကြောင်းကိုတော့ သိပါတယ်၊ ဒါပေမဲ့ အဲ့ဒီ ဆူကုန်း (ဆရာကြီး ကွန်ဖြူးရှပ်ရဲ့ မရှိမဖြစ် သီလတရားများ) ဆိုတာကြီးက ဘာကို ပြောတာလဲဟင်”

ထိုအရာရှိမှာ သူ့ကို လုံးဝ ဇဝေဇဝါဖြစ်နေသော မျက်နှာပေးဖြင့် ပြန်ကြည့်လိုက်တော့သည်။

ရှုရန်မြောင်က အရှက်အကြောက် လုံးဝမရှိဘဲ ခပ်အေးအေးပင် ပြန်လည်ရှင်းပြလိုက်သည်။

“အဲ ... စာမေးပွဲတွေ ပြီးသွားကတည်းက အဲ့ဒီစာအုပ်တွေကို ငါ အကုန် လွှင့်ပစ်လိုက်ပြီလေ၊ ငါက လစာလေး မှန်မှန်စား၊ သေမယ့်ရက်ကိုထိုင်စောင့်ရင်း ရာထူးအကြီးကြီးတွေ မက်မောမနေတဲ့ သာမန်အရာရှိငယ်လေးပဲ လုပ်ချင်တာကိုး”

သူတို့အနီးအနားတွင် ရောက်နေသော မင်းသမီး ဝမ်ရှို့သည်လည်း စကားဝိုင်းကို အသေအချာ နားစွင့်နေလေသည်။ သူမသည် ကွန်ဖြူးရှပ်ကျမ်းစာများကို နှံ့စပ်အောင် မလေ့လာထားသော်လည်း နန်းတွင်းထဲတွင် ရှင်သန်နိုင်ရန် အတွက် အခြေခံအချက်အလက်များကို သိထားဖို့ လိုအပ်ကြောင်း နားလည်ထားသည်။ ပညာရှင် တစ်ယောက် ဖြစ်ရန် မလိုသော်လည်း အခြားသူများက ကျမ်းစာများကို ကိုးကားပြောဆိုလာသည့်အခါ ဘာကိုဆိုလိုသည် ဆိုတာကိုတော့ သူမ သဘောပေါက်ထားရမည် မဟုတ်ပါလော။

စစ်မက်ရေးရာရုံးမှ အရာရှိက သက်ပြင်းတစ်ချက်ချကာ ရှင်းပြလိုက်သည်။

“ရှေးခေတ် ပညာရှိတွေက မြင့်မြတ်တဲ့ သီလတရားတွေ ရှိပေမဲ့ မင်းဆန်တဲ့ ဘွဲ့အာဏာ မရှိတဲ့သူတွေကို ‘ဆူဝမ်’ (Su Wang - ဘွဲ့မဲ့ဘုရင် သို့မဟုတ် ရိုးရှင်းသောမင်းမြတ်) လို့ သတ်မှတ်ကြတယ်၊ ကွန်ဖြူးရှပ်ကို အလွန်အမင်း ကိုးကွယ် ပူဇော်တဲ့ ခေတ်သစ်အယူအဆဂိုဏ်းက ဆရာကြီးကို ‘ဆူဝမ်’ အဖြစ် ချီးမြှောက်ခဲ့ကြပြီး သူ့ရဲ့ မင်းဆန်တဲ့ အပြုအမူတွေကို ‘နွေဦးနှင့် ဆောင်းဦး မှတ်တမ်းများ’ ကျမ်းထဲမှာ ထည့်သွင်းဖော်ပြထားတယ်လို့ အခိုင်အမာ ပြောကြတာပေါ့၊ ဒါပေမဲ့ ရှေးဟောင်းအယူအဆဂိုဏ်းကတော့ ကွန်ဖြူးရှပ်ကို အခုလို နတ်ဘုရားလိုလို၊ ဘုရင်လိုလို ပုံဖျက်တာကို အရမ်းမုန်းတယ်၊ ကွန်ဖြူးရှပ်က နတ်ဘုရားလည်းမဟုတ်၊ ဘုရင်လည်းမဟုတ်ဘဲ သာမန်လူသား တစ်ယောက်ပဲလို့ သူတို့က တစိုက်မတ်မတ် အလေးအနက် ပြောကြတာလေ”

ရှုရန်မြောင်က အခုမှပဲ သဘောပေါက်သွားသည့်အလား ခေါင်းတငြိမ့်ငြိမ့် လုပ်တော့သည်။

[ ဆိုးက (ဪ... အဲ့လိုလား)]

[ဒါဆို အဘိုးကြီးချွမ်က ခေတ်သစ်ဂိုဏ်းသားတွေကို လက်ညှိုးထိုးပြီး ဗြောင်ဆဲနေတာပေါ့]

[ဟဲဟဲ ... မင်းတို့ကောင်တွေ ကွန်ဖြူးရှပ်ရဲ့ စစ်မှန်တဲ့ စိတ်ဝိဉာဉ်ကို ဖျက်ဆီးနေကြတာ၊ မင်းတို့ လျှောက်အော်နေတဲ့ ပေါက်ကရတွေက ကွန်ဖြူးရှပ်ဝါဒလို့ အခေါ်ခံရဖို့တောင် မတန်ဘူး၊ ဒီလိုဖြစ်နေတာကိုများ မင်းတို့ကိုယ်မင်းတို့ ကျမ်းစာပညာရှင်တွေလို့ ပြောရဲသေးတယ်ပေါ့ ဟုတ်လား ဆိုပြီး ဆဲနေတာပဲ]

မူလက ခေတ်သစ်အယူအဆဂိုဏ်းက အရာရှိများသည် တည်ငြိမ်စွာဖြင့်သာ ကျိုးကြောင်းပြ ငြင်းခုံနေခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း ရှုရန်မြောင်က ချွမ်ရင်ကျန်း၏ ပညာရပ်ဆန်ဆန် ကြိမ်းမောင်းမှုကို အရပ်သုံးစကား အကြမ်းစားကြီးအဖြစ် ပြောင်းလဲပြီး အတွေးထဲကနေ ဘွင်းဘွင်းရှင်းရှင်း ဘာသာပြန်ပေးလိုက်သည့်အခါတွင်မူ... တစ်ဂိုဏ်းလုံးရှိ လူများအားလုံး ဒေါသတရားတို့ တောက်လောင်ကုန်တော့သည်။

*ငါတို့က မင်းကို အသက်ကြီးတဲ့ လူကြီးသူမမို့လို့ ရိုသေပေးနေတာနော် အဘိုးကြီး၊ လွန်မလာနဲ့*

ပညာရပ်ဆိုင်ရာ ဂိုဏ်းဂဏချင်း အငြင်းပွားမှုများတွင် အသက်အရွယ် သို့မဟုတ် ကျား၊ မ ခွဲခြားမှုများ မရှိပေ။ မိမိတို့နှင့် သဘောထားကွဲလွဲသူမှန်သမျှကို အပြတ်အသတ် ချေမှုန်းပစ်ရုံသာ ရှိသည်။

ဒေါင့်တစ်နေရာသို့ လွင့်စဉ်သွားပြီး အရိုက်ခံထားရသော ချွေ့ယီသည် နာကျင်စွာဖြင့် ညည်းတွဲလိုက်မိသည်။ ဖူးယောင်နေသော မျက်နှာကို လက်နှင့်ထိမိသည့်အခါ တွန့်ခနဲ ဖြစ်သွားရသော်လည်း ပလ္လင်တော်ရှိရာဘက်သို့ လှမ်းကြည့်လိုက်စဉ် သူ၏ မျက်နှာအမူအရာမှာ သိမ်မွေ့စွာ ပြောင်းလဲသွားတော့သည်။

ဧကရာဇ်မင်းမြတ်အနေဖြင့် ရှေးဟောင်းအယူအဆဂိုဏ်း၏ ခေါင်းဆောင်ကို နန်းတော်သို့ ဆင့်ခေါ်ခဲ့ခြင်းမှာ မြို့တော်သို့ လာရောက်လည်ပတ်ရုံ သက်သက်မဟုတ်ပေ။ နန်းတွင်းအတွက် ဤပညာရပ်ဆိုင်ရာ စစ်တလင်း အငြင်းပုံပွဲကြီး စတင်ရန် အကွက်ချလိုက်သည့် အစပျိုးမှုတစ်ခုသာ ဖြစ်လေတော့သည်။

စတေးခံရမည့်သူ၏ ရာထူးကလည်း နန်းတော်ကို သိက္ခာမကျစေရန်အတွက် အလွန်အမင်း မမြင့်လွန်းသင့်သလို ဆရာကြီးချွမ်ကို သေချာပေါက် ရိုသေမှုရှိကြောင်း ပြသနိုင်ရန်အတွက်လည်း အလွန်အမင်း မနိမ့်လွန်းသင့်ပေ။

အခွန်ဘဏ္ဍာရေးဌာန၏ ပဉ္စမအဆင့် လက်ထောက်ဝန်ကြီးဖြစ်သော ချွေ့ယီကတော့ ဤနေရာအတွက် ကွက်တိပင် ဖြစ်လေသည်။

ချွေးရိက သူ့ဘာသာ တိုးတိုးလေး ရေရွတ်ရင်း ညည်းတွားနေမိတော့သည်။

“အရှင်မင်းကြီးအနေနဲ့ ငါ့ရဲ့ အလိုက်သိမှုကို သဘောကျပြီး ဟိုးအရင်တစ်ခေါက်က ကိစ္စအတွက် စိတ်မကွက်ဖို့ပဲ မျှော်လင့်ရတာပါပဲ ...”

သူက ခေတ္တမျှ စကားစဖြတ်လိုက်ပြီးမှ ပို၍ ခါးခါးသီးသီးဖြင့် ထပ်မံရေရွတ်လိုက်သည်။

“တကယ်လို့ စိတ်ထဲမှာ အဖုအထစ် ရှိနေသေးရင်တောင်မှ အနည်းဆုံးတော့ ငါ ညီလာခံမှာ ပြောခဲ့တဲ့ စကား မှတ်တမ်းတွေကို ငါ့မိန်းမဆီ ထပ်ပြီး သွားမပို့ပါနဲ့တော့၊ ငါက အပြင်မှာ မျက်နှာရအောင် လေလုံးထွားပြီး ကြွားခဲ့ရုံတင်ပါ၊ တကယ်တမ်း ငါ့မိန်းမက ငါ့ကို ခြေဆုပ်လက်နယ်ပြုစုတာမျိုးကို မလိုချင်ပါဘူး။ ဘာလို့ အဲ့ဒါတွေကို သွားပြောရတာလဲ”

လွန်ခဲ့သည့် နှစ်ပတ်လုံးလုံး ချွေ့ယီတစ်ယောက် ကြမ်းပြင်ပေါ်မှာပဲ အိပ်ခဲ့ရသည်။ သူ့ဇနီးက သူ့ကို အိပ်ခန်းထဲ ပေးမဝင်ရုံတင်မကဘဲ အိမ်ထဲရှိ ဖျာများနှင့် ပရိဘောဂ အားလုံးကိုပါ သိမ်းဆည်းပစ်ခဲ့သောကြောင့် ဖြစ်သည်။

မျက်ရည်ဝိုင်းနေသော မျက်ဝန်းများဖြင့် ချွေ့ယီသည် ပိုမိုပြင်းထန်လာသည့် ခေတ်သစ်နှင့် ရှေးဟောင်း အယူအဆ ဂိုဏ်းတို့၏ အငြင်းပွားပွဲကြီးဆီသို့ နောက်ထပ်တစ်ကြိမ် လှမ်းကြည့်လိုက်မိတော့သည်။

အစပိုင်းတွင် ဆွေးနွေးမှုမှာ အပြန်အလှန် အမြင်ချင်းဖလှယ်ရင်း အတိုင်းအတာတစ်ခုအထိ ယဉ်ကျေးပျူငှာ နေသေးသည်ဟု ဆိုရမည်။

ခေတ်သစ်အယူအဆဂိုဏ်း : “ကွန်ဖြူးရှပ်က နတ်ဘုရားတစ်ပါးလို မြင့်မြတ်သူဖြစ်တယ်”

ရှေးဟောင်းအယူအဆဂိုဏ်း : “ကွန်ဖြူးရှပ်က သာမန်လူသားတစ်ယောက်ပဲ”

ခေတ်သစ်အယူအဆဂိုဏ်း : “ကောင်းကင်ဘုံနဲ့ လူသားတွေဟာ တစ်သားတည်း ဆက်နွှယ်နေတာကွ၊ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်တယ်ဆိုတာ လူ့အဖွဲ့အစည်း ပျက်စီးယိုယွင်းနေပြီဆိုတဲ့ နိမိတ်လက္ခဏာပဲ၊ ကွန်ဖြူးရှပ်က နွေဦးနှင့် ဆောင်းဦး မှတ်တမ်းများထဲမှာ ပျက်သုဉ်းခါနီး မင်းဆိုးမင်းညစ်တွေ လက်ထက်က ကြုံခဲ့ရတဲ့ ဘေးအန္တရာယ်ပေါင်းများစွာကို သေချာ မှတ်တမ်းတင်ခဲ့တယ်၊ ဘာဖြစ်လို့လဲ၊ နောင်လာနောင်သား ဘုရင်မင်းမြတ် တွေကို သတိပေးဖို့နဲ့ ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်း တရားသဖြင့် အုပ်ချုပ်လာစေဖို့ ဆော်သြခဲ့တာ”

ရှေးဟောင်းအယူအဆဂိုဏ်း : “ပေါက်ကရတွေ၊ နွေဦးနှင့် ဆောင်းဦး မှတ်တမ်းများ ထဲမှာ နေ့ရက်တွေနဲ့ ဖြစ်ရပ်တွေကို သေသေချာချာ စေ့စေ့စပ်စပ် မှတ်တမ်းတင်ထားတာဟာ ဒါဟာ သမိုင်းမှတ်တမ်း သက်သက်ပဲ ဆိုတာ သက်သေပြနေတာပဲ။ မင်းတို့ဆီက သမိုင်းစာအုပ်တွေထဲမှာရော ဘယ်တုန်းက ဘယ်နေရာမှာ ဘေးအန္တရာယ်တွေ ဖြစ်ခဲ့တယ်ဆိုတာကို ရေးမထားဘူးလား”

ခေတ်သစ်အယူအဆဂိုဏ်း : “မင်းတို့ကမှ ပေါက်ကရတွေ လျှောက်ပြောနေတာ၊ နွေဦးနှင့် ဆောင်းဦး မှတ်တမ်းများက သမိုင်းအလုပ်တစ်ခု ဖြစ်တာမှန်ပေမဲ့ သမိုင်းကြောင်း သက်သက်ပဲ မဟုတ်ဘူး၊ ယောင်မင်းကြီးက ရွှမ်းမင်းကြီးကို ထီးနန်းလွှဲပြောင်းပေးခဲ့တုန်းကလိုမျိုး ကောင်းကင်ဘုံရဲ့ အမိန့်အာဏာကို အသိအမှတ် ပြုထားတာ မဟုတ်ဘူးလား၊ နွေဦးနှင့် ဆောင်းဦး မှတ်တမ်းများက ကောင်းကင်ဘုံရဲ့ ကံကြမ္မာဆိုတဲ့ အယူအဆကို ဘယ်တုန်းကမှ စွန့်ပစ်မထားဘူးကွ”

ရှေးဟောင်းအယူအဆဂိုဏ်း : “ကောင်းကင်ဘုံကိုလဲ အပြစ်မတင်နဲ့၊ သူတစ်ပါးကိုလဲ အပြစ်မဆိုနဲ့၊ အောက်ခြေ ကနေ စတင်လေ့လာပြီး မြင့်မြတ်တဲ့အဆင့်ကို တက်လှမ်းပါဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို မင်းတို့ သိရဲ့လား၊ ကွန်ဖြူးရှပ်က ကောင်းကင်ဘုံ တည်ရှိတာကို ငြင်းပယ်ခဲ့တာ မဟုတ်ဘူး၊ ဒါပေမဲ့ သူဟာ လူသားတွေရဲ့ ကြိုးပမ်း အားထုတ်မှုကိုပဲ ဦးစားပေးခဲ့တာကွ၊ ယောင်မင်းကြီးက ရွှမ်းမင်းကြီးကို ထီးနန်းလွှဲပြောင်းပေးတာ ကောင်းကင်ဘုံရဲ့ အလိုတော်လို့ မြင်ကြတာမှန်ပေမဲ့၊ ရွှမ်းမင်းကြီးကလည်း ယွီကို တရားသဖြင့် မအုပ်ချုပ်ရင် ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးမှု ဆုံးရှုံးလိမ့်မယ်လို့ သတိပေးခဲ့တာပဲ၊ လူသားတွေရဲ့ လုပ်ဆောင်ချက်ကသာ ပထမ၊ ကောင်းကင်ဘုံရဲ့ အမိန့်အာဏာဆိုတာ ဒုတိယပဲ၊ သဘောပေါက်ရဲ့လား”

ခေတ်သစ်အယူအဆဂိုဏ်း : …. … …

All Chapters