ဘာ … အသက် ၈၀ လူကြီးကို သူတို့ ဘယ်လိုလုပ် ဒီလို လုပ်နိုင်ရတာလဲ (၁)
Vol. 3 Ch. 37
နန်းတွင်းထဲတွင် ပုန်းအောင်းနေခဲ့ကြသော ရှေးဟောင်းအယူအဆဂိုဏ်းသားများသည် သူတို့၏ ဓားများကို သွေးထားပြီးဖြစ်ရာ အချိန်မဆိုင်းဘဲ ရှေ့သို့ ငုံ့ထွက်လာကြတော့သည်။
ဤမြင်ကွင်းမှာ မိခင် ကြက်မကြီးကို နောက်ဆုံးတွင် ပြန်လည်ရှာဖွေတွေ့ရှိသွားကြသည့် ကြက်ပေါက်စ လေးများနှယ်ပင်။
“ဆရာကြီးချွမ်”
သူတို့က မျက်ရည်စက်လက်ဖြင့် အော်ဟစ်လိုက်ကြသည်။
“နောက်ဆုံးတော့ ဆရာကြီးက နန်းတွင်းမှာ အမှုထမ်းဖို့ သဘောတူလိုက်ပြီပေါ့”
ချွမ်ရင်ကျန်းမှာ ဆွံ့အသွားပြီး “ငါက အရာရှိလုပ်ဖို့ လာတာမဟုတ်ဘူး” ဟု ငြင်းပယ်ရန်ပင် ခေတ္တ မေ့လျော့ သွားကာ ဗီဇအရ မေးလိုက်မိတော့သည်။
“မင်းတို့က... ဘယ်သူတွေလဲ”
“ကျွန်တော်တို့က ရှေးဟောင်းအယူအဆဂိုဏ်းသားတွေပါ”
“ကျွန်တော်တို့— က— ရှေးဟောင်း— အယူအဆ— ဂိုဏ်းသားတွေ— ပါ”
ထိုအော်ဟစ်သံကြီးမှာ မဆုံးနိုင်သော သီချင်းတစ်ပုဒ်ကဲ့သို့ လေထုထဲတွင် ပဲ့တင်ထပ်ကာ ကျန်ရစ်နေခဲ့တော့သည်။
အသက် ကြီးရင့်လှပြီဖြစ်သော ဧကရာဇ်အိုကြီးပင်လျှင် အံ့အားသင့်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားရပြီး သူ၏ မျက်နှာအမူအရာမှာလည်း ထူးဆန်းသွားလေသည်။
“မင်းတို့ရဲ့ ရှေးဟောင်းအယူအဆဂိုဏ်းက အခုထိ သက်ရှိထင်ရှား ရှိနေသေးတာလား”
အရှင်မင်းကြီး၏ ရင်တွင်းဖြစ် စကားသံကြီးကတော့ အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်လျက် အပြင်သို့ပင် လျှံထွက် လာတော့သည်။
အားလုံးကလည်း ခေါင်းကို အားပါးတရ ငြိမ့်ပြလိုက်ကြသည်။
*ဟုတ်ပါတယ် ဘုရား... ဟုတ်ပါတယ်*
တကယ်ကို ... ဤသို့ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကများ ကြိုတင် တွေးထင်ထားမိပါမည်နည်း။
နေ့တိုင်း အတူတူ အရက်သောက်၊ ရုံးလုပ်ငန်းကိစ္စများကို အတူတူ တွဲလုပ်ပြီး တစ်ခါတစ်ရံ ခေတ်သစ်ဂိုဏ်း၏ ကျမ်းစာတွေကိုပါ အတူတူ ဆွေးနွေးလေ့ရှိကြသော လုပ်ဖော်ကိုင်ဖက်များက တကယ်တမ်းတွင် တစ်ဖက် ရန်သူ့ဘက်က ပုန်းအောင်းနေသော သစ္စာဖောက်များ ဖြစ်နေကြသည်။
အရာရှိကြီး အတော်များများမှာတော့ ယခုဖြစ်ရပ်ကြောင့် ရုတ်တရက် စိတ်နှလုံးထိခိုက်ကာ ထိုနေရာတွင်ပင် လဲပြိုလုမတတ် ဖြစ်သွားကြရတော့သည်။
“ငါ့သူငယ်ချင်း ... မင်း... မင်းက”
“ဆရာကြီး၊ ကျွန်တော် ဆရာကြီးဆီမှာ ခေတ်သစ်ကျမ်းစာတွေကို ကျွန်တော့ ဘဝတစ်ဝက်လောက် အချိန်ကုန် ခံပြီး သင်ယူခဲ့တာလေ၊ အခုကျမှ ဆရာကြီးက ရှေးဟောင်းအယူအဆဂိုဏ်းက ဖြစ်နေတယ်လို့ ပြောရတယ် လို့လား”
“ငါ့ရဲ့ အရင်းနှီးဆုံး ရင်ဖွင့်ဖော် ရင်ဖွင့်ဖက်ကြီးရာ၊ မင်း ... မင်းနဲ့ ငါနဲ့လေ၊ မင်းက ရှေးဟောင်းဂိုဏ်းက ဖြစ်နေမှတော့ ... အခုထိ ငါတို့နှစ်ယောက် အချိန်ကုန်ခံပြီး ငြင်းခုံဆွေးနွေးခဲ့ကြတာတွေက ဘာတွေလဲ၊ ဒီလို စိတ်တူကိုယ်တူ ရင်ဖွင့်ဖက်မျိုးကို ရှာရခက်လွန်းလို့၊ မင်း နယ်ဘက်ကို ရာထူးအပြောင်းခံရမှာ စိုးလို့လည်း ငါ ရာထူးတက်ဖို့ ကြိုးစားနေတဲ့ကြားကနေ မင်းကို မြို့တော်မှာပဲ ကျန်ခဲ့အောင် ရေကုန်ရေခမ်း ကူညီပေးခဲ့တာ၊ အဲ့ဒါမှ ငါတို့နှစ်ယောက် အတူတူ လက်ဖက်ရည်သောက်၊ ကဗျာစပ်၊ ကျမ်းစာငြင်းခုံပြီး ပျော်နိုင်ကြမှာမို့လို့လေ၊ အခုကျမှ မင်းက ရှေးဟောင်းဂိုဏ်းက ဖြစ်နေတယ် ဟုတ်လား၊ ငါတို့အတူတူ ထားခဲ့တဲ့ မြင့်မြတ်တဲ့ စိတ်ကူးအိပ်မက်တွေနဲ့ ယုံကြည်မှုတွေကရော ဘယ်ရောက်သွားပြီလဲ၊ ဒါကို ငါ့ရဲ့ ဆရာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူငယ်ချင်းတွေ သိသွားရင် ငါ့ကို ဘယ်လိုထင်ကြမလဲ၊ ငါတို့နှစ်ယောက်လုံးကိုရော ဘယ်လိုမြင်ကြတော့မလဲ”
“အဲဒါကလေ ... တကယ်တော့ ...”
ထိုရင်ဖွင့်ဖက်ဖြစ်သူမှာ စကားလုံးများ ထစ်ငေါ့လျက် အိုးတိုးအမ်းတမ်းဖြင့် ပြန်ပြောရှာသည်။
“ငါတို့ အတူတူ ဆွေးနွေးခဲ့ကြတဲ့ ကျမ်းစာငြင်းခုံပွဲတွေအကုန်လုံးက ... အမှန်တော့ ငါ တိတ်တဆိတ် သယ်လာတဲ့ လူသိနည်းတဲ့ ရှေးဟောင်းကျမ်းစာ အစအနတွေအကြောင်းပဲ ဥစ္စာ ...”
သူ့သူငယ်ချင်းမှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ နောက်သို့ သုံးလှမ်းခန့် ယိမ်းထိုး ဆုတ်ခွာသွားတော့သည်။
ထိုရင်ဖွင့်ဖက်ဖြစ်သူက ရှေ့သို့ အမြန်တိုးသွားပြီး သူ့လက်ကို တင်းတင်းဆုပ်ကိုင်လိုက်လိုက်သည်။
“ငါ့ရဲ့ ရင်ဖွင့်ဖက်ကြီးရာ၊ မင်းမှာ ရှေးဟောင်းကျမ်းစာတွေကို အဓိပ္ပာယ် ဖွင့်ဆိုနိုင်တဲ့ ထူးခြားပြောင်မြောက်တဲ့ ပါရမီတွေ ရှိတယ်ကွ၊ ငါ့ကို ယုံစမ်းပါ၊ ငါနဲ့အတူ ရှေးဟောင်း ကျမ်းစာတွေကိုပဲ လေ့လာလိုက်စမ်းပါ၊ မင်းရဲ့ ရာထူး အရှိန်အဝါက မင်းကိုယ်တိုင်တောင် မမှန်းဆနိုင်လောက်တဲ့ အမြင့်ဆုံးအဆင့်အထိ ပျံသန်းသွားရလိမ့်မယ်”
“အင်၊ အဲဒါက ... ငါ ... ငါ ... အင်း ...”
ထိုသူငယ်ချင်းဖြစ်သူမှာ သိသိသာသာ ဝေခွဲမရ ဖြစ်နေပြီး သူ့ကို ဆွဲခေါ်ရာနောက်သို့ အလိုက်သင့် ပါသွား တော့သည်။ ရှေးဟောင်း အယူအဆ ဂိုဏ်းသားများအလယ်တွင် ရောက်ရှိသွားသည့်အချိန်တွင်မူ သူ၏ တွေဝေမှုများမှာ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“ကောင်းပြီလေ၊ ငါ့ရဲ့ ရင်ဖွင့်ဖက်ကြီး၊ ငါတို့ ဆက်ပြီး ရင်ဖွင့်ဖက်တွေအဖြစ်ပဲ နေကြတာပေါ့”
သူသည် ထိုနေရာ၌ ဗြောင်ပင် ဘက်ပြောင်းတော့သည်။
ခေတ်သစ်အယူအဆဂိုဏ်းသားများမှာ ဒေါသအိုး ပေါက်ကွဲကုန်ကြပြီး သူ့ကို သစ္စာဖောက်အကောင်၊ ရှေးဟောင်း ဂိုဏ်း၏ ခွေးအဆင့်ပဲ ရှိတဲ့ကောင်ဟူ၍ တရစပ် လှမ်းဆဲကြတော့သည်။
ဆရာကြီး ချွမ်ရင်ကျန်းသည်လည်း စိတ်ထဲတွင် မိုးကြိုးပစ်ချခံလိုက်ရသလို ဗြုန်းဆန်ကန်ဖြစ်သွားရာမှ နောက်ဆုံးတွင် အသိပြန်ဝင်လာပြီး အားရပါးရ ဟားတိုက်ရယ်မောလိုက်တော့သည်။
“ကောင်းတယ်၊ တကယ့်ကို ကောင်းတယ်၊ ငါက နန်းတွင်းထဲမှာ ရှေးဟောင်းကျမ်းစာတွေကို ထောက်ခံတဲ့သူ တစ်ယောက်မှ မရှိတော့ဘူးလို့ ထင်နေတာ၊ မင်းတို့အားလုံးက ပိုမိုကြီးမြတ်တဲ့ ရည်မှန်းချက်တစ်ခုအတွက် အရှက် သိက္ခာကို မြိုသိပ်ပြီး အချိန်အခါကောင်းကို စောင့်ဆိုင်းနေခဲ့ကြတာပဲကိုး”
ရှုရန်မြောင် : [ချကြစမ်း၊ အားရပါးရသာ ချပစ်လိုက်ကြ]
ချွမ်ရင်ကျန်းသည် သူ၏တုတ်ကောက်ကို အားပြုရပ်လျက် ခန်းမတစ်ဖက်ရှိ ခေတ်သစ် အယူအဆ ဂိုဏ်းသားများဆီသို့ မာန်ပါပါဖြင့် လှမ်းကြည့်လိုက်သည်။
“ငါ့ရဲ့လမ်းစဉ်မှာ ငါတစ်ယောက်တည်း မဟုတ်ဘူးကွ၊ မင်းတို့ကောင်တွေဆီမှာ ဘာအပေါက်အပြဲ ဆင်ခြေတွေ ရှိသေးလဲ၊ အကုန်ထုတ်ခဲ့စမ်း”
ရှုရန်မြောင် : [ချစမ်း၊ ချ]
ရှေးဟောင်းအယူအဆဂိုဏ်းဝင် အရာရှိများသည်လည်း ဆရာကြီးချွမ်ရင်ကျန်း၏ နောက်ကွယ်တွင် ရင်ကော့ ခေါင်းမော့လျက် ထပ်တူထပ်မျှ ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်လိုက်ကြသည်။
ခေတ်သစ်အယူအဆဂိုဏ်းသားများကမူ နှာခေါင်းရှုံ့လှောင်ပြောင်လိုက်ကြသည်။
“မင်းတို့က သစ်ပင်ကြီးတစ်ပင်ကို လှဲဖို့ကြိုးစားနေတဲ့ ပုရွက်ဆိတ်တွေပါပဲကွာ”
ရှုရန်မြောင် : [လာပြီဟေ့၊ ချကြတော့]
ထိုစဉ် အငြင်းပွားနေသော နှစ်ဖက်ဂိုဏ်းစလုံးက ပြိုင်တူပင် အော်ဟစ်လိုက်ကြတော့သည်။
“ပါးစပ်ပိတ်ထားစမ်း”
ရှုရန်မြောင်၏ မျက်လုံးများမှာ အရည်လဲ့လျက် တောက်ပသွားတော့သည်။
[ဝါး၊ သူတို့တွေ တကယ် စချကြပြီ]
ဘေးနားတွင် ရပ်နေသော စစ်မက်ရေးရာရုံးမှ အရာရှိလေးခမျာတော့ နှုတ်ခမ်းထောင့်စွန်းများ တဆတ်ဆတ် တုန်ခါနေရှာသည်။
တကယ်တမ်းတွင် သူသာ ကြားထဲကနေ ကောက်ချက်တွေ လိုက်မချပေးခဲ့လျှင် ဒီကျမ်းစာ အငြင်းပွားပွဲကြီးက ဒီလောက်အထိ အရှိန်တက်လာစရာ အကြောင်းမရှိချေ။ ပြောရမည်ဆိုပါက သူသာ ကြားထဲကနေ ဖျက်မြင်းလုပ် မွှေမပေးခဲ့ရင် အခုလို လူကိုယ်တိုင် ချတဲ့အဆင့်ထိတောင် ရောက်လာမှာ မဟုတ်ပေ။
အခြေအနေကို ဘေးကနေ ထိုင်ကြည့်ပြီး ပွဲလန့်တုန်း ဖျာခင်းရတာကို သဘောကျလှသည့် ဧကရာဇ်အိုကြီး သည်လည်း အခွင့်အရေးကို လက်လွှတ်မခံဘဲ နှစ်ဖက်ဂိုဏ်းသားများ စနစ်တကျ ထိုင်ပြီး ငြင်းခုံနိုင်ကြစေရန် အတွက် စားပွဲများနှင့် ဖျာထိုင်ခုံ တစ်ဒါဇင်ခန့်ကို အမြန်ယူလာပေးရန် နန်းတော်အစောင့်များကို အမိန့်ပေး လိုက်တော့သည်။
အဓိကအကြောင်းရင်းမှာ ချွမ်ရင်ကျန်းက အသက်ကြီးလှပြီ ဖြစ်ပြီး ဤသို့ ကျမ်းစာအငြင်းပွားပွဲမျိုးက များသော အားဖြင့် နာရီပေါင်းများစွာ ကြာတတ်သောကြောင့် ဖြစ်သည်။ ဤအဘိုးအိုကြီးကို အကြာကြီး မတ်တတ်ရပ် ခိုင်းထားမိပါက အငြင်းပွားပွဲ ပြီးသည်နှင့် ဈာပနအခမ်းအနားပါ တစ်ပါတည်း ကျင်းပပေးလိုက်ရမည့် အခြေအနေ ဖြစ်သွားနိုင်၍ ဖြစ်သည်။
ထိုသို့ဖြင့် ခေတ်သစ်အယူအဆဂိုဏ်းက ပထမဆုံး စတင်တိုက်စစ်ဆင်လိုက်တော့သည်။
“ခေတ်ဟောင်းအရေးအသားနဲ့ ရေးထားတဲ့ ရှန်ရှူး ကျမ်းစာ စပေါ်ခါစတုန်းက အရင်ရှိပြီးသား ခေတ်သစ် ရှန်ရှူးကျမ်းထက် ၁၆ အခန်း ပိုများပါတယ်လို့ပဲ အခိုင်အမာ ဆိုခဲ့ကြတယ်၊ နှစ်ပေါင်း ၄၀၀ လုံးလုံးလည်း ဒီအခန်း အရေအတွက်က ပြောင်းလဲမသွားခဲ့ဘူး၊ ဒါပေမဲ့ စစ်မက်တွေ ဖြစ်ပွားလိုက်၊ ငြိမ်းချမ်းလိုက်နဲ့ နှစ်ပေါင်း ၄၀၀ ကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ အဲ့ဒီကျမ်းစာထဲမှာ ရုတ်တရက်ကြီး နောက်ထပ် ၂၅ အခန်း တိုးလာပြန်ရော၊ ဒီလို အခန်းအရေအတွက်တွေ တစ်လွဲစီ ဖြစ်နေတာဟာ အဲ့ဒီကျမ်းစာက အတုအယောင် ညစ်ပတ်ထားတဲ့အရာ ဖြစ်နေလို့ပဲဆိုတာ သက်သေပြနေတာပဲ”
ခေတ်သစ်ဂိုဏ်းသား၏ စကားအဆုံးတွင် ရှေးဟောင်းအယူအဆဂိုဏ်းဝင် အရာရှိများ၏ မျက်နှာတစ်ခုလုံး ညိုမှောင် သွားကြတော့သည်။
စာပေလောက၏ မဟာခေါင်းဆောင်ကြီးဖြစ်သော ချွမ်ရင်ကျန်းပင်လျှင် မျက်မှောင်ကြုတ်မိသွားသည်။
ဤပွဲသည် လမ်းဘေးက ရန်ပွဲမဟုတ်ဘဲ တရားဝင် ကျမ်းစာအငြင်းပွားပွဲ ဖြစ်နေသောကြောင့်ပင်။ သာမန် လမ်းဘေး ရန်ပွဲသာဆိုလျှင် သူတို့အနေဖြင့် ဤသို့ အော်ဟစ်အနိုင်ယူ၍ ရနိုင်ပေသည်။
“တရားဝင်မှတ်တမ်းတွေထဲမှာ မဖော်ပြထားရုံနဲ့ အရပ်ထဲမှာ လူပြိန်းတွေကြား ဒီအပြောင်းအလဲတွေ မရှိခဲ့ဘူးလို့ ပြောလို့ရမလားကွ၊ လောကကြီးက အကျယ်ကြီးပဲ၊ စာအုပ်စာတမ်းတွေကလည်း နေရာအနှံ့ ပျံ့လွင့်နေတာ၊ နှစ်ပေါင်း ၄၀၀ ကြာမှ ပြန်ရှာတွေ့တယ်ဆိုတာ သဘာဝကျကျ ဖြစ်နိုင်ခြေအပြည့် ရှိတယ်”
သို့သော် ကျမ်းစာ ငြင်းခုံပွဲကြီးများ၏ သဘောသဘာဝမှာ ထိုသို့ လျှောက်အော်၍ မရချေ။
ဤသို့သောပွဲမျိုးတွင် ပြိုင်ဘက်၏ အချက်ကျလှသော တိုက်စစ်ဆင်မှုကို ပြန်လည်ချေပရန်အတွက် မိမိဘက် ကလည်း ရှေးဟောင်းကျမ်းဂန်များနှင့် သမိုင်းဝင်အထောက်အထား ခိုင်ခိုင်လုံလုံကို ကျမ်းညွှန်းနှင့်တကွ ပြန်လည် ထုတ်နုတ် ပြသနိုင်ရမည်သာ ဖြစ်လေသည်။
စကြာဝဠာတစ်ခုလုံးက လက်ခံထားသော အမှန်တရားတစ်ခု ဖြစ်နေရင်တောင်မှ ဒီလိုပွဲမျိုးမှာတော့ စာသား အထောက်အထား တိတိကျကျ ပြနိုင်ဖို့ လိုအပ်ပါတယ်။ ဥပမာ - ကွန်ဖြူးရှပ်က ယောက်ျား တစ်ယောက် ဖြစ်ပါတယ်လို့ ငြင်းခုံချင်ရင်တောင်မှ ဝေပြည်နယ်က နယ်စားမင်း ဝေလင်ကုန်း၏ ဇနီးသည်နှင့် ကွန်ဖြူးရှပ်တို့ နှစ်ယောက်တည်း သီးသန့်ရှိနေခဲ့ပြီးတဲ့နောက် သူ၏တပည့်များက ဆရာ၏ သီလတရားအပေါ် သံသယဝင်ခဲ့ကြပုံ စသည့် ဖြစ်ရပ်မျိုးကို ကျမ်းစာထဲကနေ ထုတ်နုတ်ကိုးကားပြရမှာ ဖြစ်သည်။ ယင်းက သူ ယောက်ျားတစ်ယောက် ဖြစ်တယ်ဆိုသည်ကို သွယ်ဝိုက်ပြီး သက်သေပြရာ ရောက်တာကြောင့် ဖြစ်ပေသည်။
တကယ်၍ မိမိပြောသောအချက်ကို အထောက်အထား ခိုင်ခိုင်လုံလုံ မပြနိုင်ဘဲ ရှုံးနိမ့်သွားခဲ့လျှင် ပြိုင်ဘက်က တရားဝင် သမိုင်းကြောင်း ဖန်တီးခွင့် အာဏာကို ရရှိသွားပြီး ကွန်ဖြူးရှပ်၏ သမိုင်းအမွေအနှစ်ကို သူတို့ စိတ်ကြိုက် ပြန်ပြင်ရေးသွားနိုင်၏။ နောက်ဆုံးတွင် ကွန်ဖြူးရှပ်အား သမိုင်းစာအုပ်များထဲတွင် အလွန်မြင့်မြတ်တဲ့ အမျိုးသမီးကြီး ကွန်ဖြူးရှပ် ဟူ၍ပင် ပုံဖျက်လိုက်နိုင်သည်။
အကယ်၍ ဤအယူအဆသာ သမိုင်းတွင် စွဲမြဲသွားခဲ့လျှင် နောင်လာနောင်သား မျိုးဆက်သစ်များအနေဖြင့်လည်း ယင်းကိုပင် လက်ခံထားကြသည့် အမှန်တရားတစ်ခုအဖြစ် သတ်မှတ်သွားကြပေလိမ့်မည်။
ထို့ကြောင့်ပင် ဂိုဏ်းတစ်ခုစီသည် မိမိတို့၏ လမ်းစဉ်ကို တရားဝင် အမှန်တရားအဖြစ် သတ်မှတ်နိုင်ရန်အတွက် အသက်ပန်ဆင်ကာ အပြင်းအထန် တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။ ဤပွဲတွင် အနိုင်ရရှိခြင်းက သမိုင်းကြောင်းနှင့် အတွေးအခေါ်များကို တစ်ဦးတည်းမူပိုင် ချုပ်ကိုင်ခွင့် ရရှိသွားမည် ဖြစ်ပြီး ထိုအတွေးအခေါ်များက မည်မျှပင် ရယ်စရာကောင်းနေပါစေဦးတော့၊ တစ်တိုင်းပြည်လုံးရှိ ပညာရှိစာဆိုတို့၏ ရင်ထဲသို့ ရိုက်သွင်းပေးမည့် ယုံကြည်ချက်များကို စိတ်ကြိုက် ညွှန်ကြားခွင့် ရရှိသွားမည် မဟုတ်ပါလော။
ရှေးဟောင်းအယူအဆဂိုဏ်းသားများသည် ပြိုင်ဘက်များကို အပြတ်အသတ် ချေမှုန်းပစ်ချင်နေကြပြီ ဖြစ်သည်။
သို့သော်လည်း ခေတ်ဟောင်း အရေးအသားနှင့် ရေးထားသော ရှန်ရှူးကျမ်းစာထဲတွင် အဘယ်ကြောင့် အခန်းအရေအတွက်များ ရုတ်တရက်ကြီး တိုးလာရသနည်း။
ဘက်ပြောင်းသွားခဲ့သော ရင်ဖွင့်ဖက် အရာရှိနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြပြီးနောက် တစ်ဦးက အသံကိုမြှင့်၍ ပြန်လည်ချေပလိုက်တော့သည်။
“သီလတရား မှတ်တမ်းများထဲမှာ ရေးထားတာကတော့ ရွှမ်ဧကရာဇ်မင်းမြတ် လက်ထက်တုန်းက ဟော်တုန်း ဒေသက အမျိုးသမီးတစ်ယောက်ဟာ ပျက်စီးနေတဲ့ အိမ်အိုကြီးတစ်လုံးထဲကနေ ထိုက်ရှီ အခန်း အပါအဝင် ခေတ်ဟောင်း စာသား အခန်း ၃ အခန်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပါရှိတယ်၊ ဒါဟာ ဟိုးအရင်က ရှိခဲ့ပါတယ်ဆိုတဲ့ ၁၆ အခန်းအပြင် နောက်ထပ် ထပ်တိုးလာတဲ့ အခန်းတွေရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်တယ်၊ ဒါကြောင့် နှစ်ပေါင်း ၄၀၀ လုံးလုံး အခန်းအရေအတွက်က ပြောင်းလဲမသွားခဲ့ဘူး ဆိုတဲ့ မင်းတို့ရဲ့ ပြောကြားချက်ဟာ လုံးဝ မမှန်ကန်ဘူး၊ ဒါ့အပြင် ငါတို့အနေနဲ့ ဒီလိုမျိုး ဆင်တူတဲ့ မှတ်တမ်းတွေကို အခြားစာအုပ်တွေမှာလည်း ရှာဖွေပြနိုင်သေးတယ်၊ ဥပမာအားဖြင့်...”
သူတို့သည် ယင်းဖြစ်ရပ်နှင့် ဆင်တူသော မှတ်တမ်းများပါရှိသည့် အခြားသော ကျမ်းစာ သုံးလေးအုပ်ကိုပါ တရစပ် ထုတ်နုတ် ကိုးကားပြလိုက်ကြတော့သည်။
ယခုအခါတွင်မူ မျက်မှောင်ကြုတ်ရမည့်အလှည့်က ခေတ်သစ်အယူအဆ ဂိုဏ်းသားများဘက်သို့ ရောက်ရှိ သွားချေပြီ။
သူတို့သည် ဤကိုးကားချက်စာအုပ် အချို့ကို ရင်းနှီးပြီးသား ဖြစ်သော်လည်း ကျန်စာအုပ်အချို့ကိုမူ ခပ်ဝါးဝါးမျှသာ ကြားဖူးကြခြင်း ဖြစ်သည်။ ရှေးဟောင်း အယူအဆ ဂိုဏ်းသားများထံတွင် ယခုကဲ့သို့ ကျယ်ပြန့်လှသော ပညာရပ် ဆိုင်ရာ အသိပညာဗဟုသုတများ ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့မိချေ။
သို့သော်သူတို့ဘက်တွင်လည်း သက်သေအထောက်အထားများစွာ ကျန်ရှိနေသေးသည်သာ။
နောက်ထပ် ခေတ်သစ်ဂိုဏ်းသား ပညာရှင်တစ်ဦးက ရှေ့သို့ တစ်လှမ်းတိုးထွက်လာပြီး ချေပပြန်သည် -
“ရွှင်းကျီ ကျမ်းစာထဲမှာ ‘လူသားတို့၏ စိတ်နှလုံးသည် ဘေးအန္တရာယ်များလှ၏၊ တရားဓမ္မ၏ စိတ်နှလုံးသည် သိမ်မွေ့နက်နဲလှ၏’ လို့ ဖော်ပြထားတယ်၊ ဒီစာသား ရှစ်လုံးက သို့ကျင်း ကျမ်းစာထဲကနေ ကောက်နုတ် ကိုးကားထားတာ ဖြစ်တယ်၊ ဒါပေမဲ့ ခေတ်ဟောင်းအရေးအသားနဲ့ ရေးထားတဲ့ ရှန်ရှူးကျမ်းစာထဲမှာလဲ အဲ့ဒီစာသားနဲ့ ထပ်တူနီးပါးတူတဲ့ ‘လူသားတို့၏ စိတ်နှလုံးသည် ဘေးအန္တရာယ်များလှ၏၊ တရားဓမ္မ၏ စိတ်နှလုံးသည် သိမ်မွေ့နက်နဲလှ၏’ ဆိုတဲ့ စကားစု ပါဝင်နေပြန်ရော၊ တကယ်လို့ ရှန်ရှူးကျမ်းစာက ရွှင်းကျီ ကျမ်းစာထက် စောပြီး ပေါ်ထွက်ခဲ့တာဆိုရင် ဘာဖြစ်လို့ ရွှင်းကျီက သူ့ရဲ့ ကိုးကားချက် အရင်းအမြစ်က ရှန်ရှူး ကျမ်းစာပါလို့ အသိအမှတ်မပြုခဲ့တာလဲ၊ ဒါကို ကြည့်ခြင်းအားဖြင့် ရွှင်းကျီ ကျမ်းစာကို ရေးသားနေတဲ့အချိန်တုန်းက ဒီခေတ်ဟောင်း ရှန်ရှူးကျမ်းစာဆိုတာ လောကမှာ တည်တောင်မတည်ရှိသေးဘဲ နောက်မှ အတုအယောင် လုပ်ထားတာဆိုတာ ထင်ရှားနေတာပဲ”
ဤတစ်ကြိမ်တွင်မူ ရှေးဟောင်းအယူအဆဂိုဏ်းသားများအားလုံး မျက်နှာပျက်သွားကြရတော့သည်။
ဒီလို အကျပ်ရိုက်စရာ မေးခွန်းမျိုးကို သူတို့ ဘယ်လိုနည်းနဲ့ ပြန်ပြီး ဆင်ခြေပေး ငြင်းခုံရပါမည်နည်း။ ရွှင်းကျီက ရှန်ရှူးကျမ်းကို ကိုးကားမည့်အစား သို့ကျင်းကျမ်းကိုပဲ ရွေးချယ်ကိုးကားခဲ့ခြင်းက သူ၏ ကိုယ်ပိုင် စိတ်ကြိုက် ကိစ္စပဲ မဟုတ်ပါလော။
သို့သော် ရှေးဟောင်း အယူအဆ ဂိုဏ်းသားများသည် စိတ်ကို တင်းတင်းမတ်မတ် ပြန်ပြင်လိုက်ကြရသည်။
အဘယ်ကြောင့်ဆိုသော် ကျမ်းစာ ငြင်းခုံပွဲကြီးများ၏ သဘောက ဤသို့ ရှိတတ်၍ ဖြစ်သည်။ ပြိုင်ဘက်က မေးလာတဲ့ မေးခွန်းက မည်မျှပင် ရယ်စရာကောင်းပြီး ယုတ္တိမရှိပါစေဦးတော့ မိမိဘက်က ကျမ်းဂန်စာသား အထောက်အထားများဖြင့်သာ မရမက ပြန်လည် တုံ့ပြန်ချေပရမည်သာ ဖြစ်ချေသည်။