← Chapters

ဘာ … အသက် ၈၀ လူကြီးကို သူတို့ ဘယ်လိုလုပ် ဒီလို လုပ်နိုင်ရတာလဲ (၂)

Vol. 3 Ch. 38

ဘာ … အသက် ၈၀ လူကြီးကို သူတို့ ဘယ်လိုလုပ် ဒီလို လုပ်နိုင်ရတာလဲ (၂)

Vol. 3 Ch. 38

ဤမေးခွန်းက တကယ့်ကို အကွက်ကျကျနှင့် ဖြေရခက်လွန်းလှပေသည်။

ရှေးဟောင်းအယူအဆဂိုဏ်းဝင် အရာရှိကြီးများသည် စားပွဲအစွန်းများနှင့် အနားသတ်များကိုသာ လက်သည်းဖြင့် ဆိတ်နေကြမိပြီး တချို့ကလည်း မျက်မှောင်ကြုတ်လျက်ဖြင့် အချိန်အတော်ကြာသည်အထိ ပြန်လည်တုံ့ပြန်ရန် စကားလုံး ရှာမရ ဖြစ်နေကြတော့သည်။

ထိုစဉ် ရှုရန်မြောင်က ရုတ်တရက် အိုင်ဒီယာတစ်ခု ရသွားပြီး ဘေးနားက စစ်ရေးဝန်ကြီးဌာန အရာရှိလေးကို တံတောင်နှင့် အသာတို့ကာ မေးလိုက်သည်။

“ကျွန်တော့်ဘက်ကနေ ရွှင်းကျီက ဒီခေတ်ဟောင်း ရှန်ရှူးကျမ်း အကြောင်းကို တစ်ခါမှ မကြားဖူးခဲ့လို့ မကိုးကားခဲ့တာပါ ဆိုပြီး တစ်နည်းနည်းနဲ့ သက်သေပြလို့ မရဘူးလားဟင်”

စစ်မက်ရေးရာရုံးမှ အရာရှိလေးက ခေတ္တမျှ စဉ်းစားလိုက်သည်။

“ရတာပေါ့၊ ကျွန်တော်တို့ဘက်ကနေ ခေတ်ဟောင်း ရှန်ရှူးကျမ်းက အဲ့ဒီခေတ်တုန်းက အရမ်းကို လူသိများ ထင်ရှားခဲ့တဲ့ ကျမ်းစာဖြစ်ပါတယ်၊ တကယ်လို့ ရွှင်းကျီသာ ဒါကို မကြားဖူးဘူးဆိုရင်တော့ သူဟာ လုံးဝ ဗဟုသုတမရှိဘဲ အကြားအမြင်နည်းတဲ့လူ ဖြစ်ရပါလိမ့်မယ်လို့ အရင် သက်သေပြလိုက်မယ်လေ၊ အဲ့ဒီနောက်မှ ‘အခု မင်းတို့ရဲ့ အယူအဆတစ်ခုလုံးဟာ ရွှင်းကျီကို ဗဟုသုတမရှိတဲ့ လူအဖြစ် သတ်မှတ်တဲ့အပေါ်မှာပဲ အခြေခံထားတာပဲလို့ ပြန်ပိတ်ရိုက်လို့ ရတာပေါ့”

ရှုရန်မြောင်၏ မျက်လုံးများမှာ အံ့သြလွန်းသဖြင့် ပြူးကျယ်သွားရတော့သည်။

ထိုအရာရှိလေးက ပို၍ပင် စိတ်အားထက်သန်စွာဖြင့် ဆက်ပြောပြနေသည်။

“တကယ်လို့ မင်းတို့သာ အဲ့ဒီအမြင်ထဲမှာ ပိတ်မိသွားပြီဆိုရင် နောင်ဖြစ်မယ့် ကျမ်းစာ ငြင်းခုံပွဲတွေမှာ ရွှင်းကျီရဲ့ အတွေးအခေါ် အယူအဆတွေ အားလုံးကို လုံးဝ ထုတ်သုံးလို့ ရတော့မှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူက ဗဟုသုတမရှိတဲ့လူ ဖြစ်သွားပြီလေ၊ အဲ့ဒီတော့ သူပြောခဲ့သမျှ အငြင်းပွားချက်တွေ အားလုံးကလဲ အလိုအလျောက် ပယ်ဖျက်ရမယ့်အရာတွေပဲ ဖြစ်ကုန်တော့မှာပေါ့၊ အမှန်တော့ ကျွန်တော်ကိုယ်တိုင်လဲ ဒါကိုချေပဖို့ အထောက်အထား မရှာရသေးပါဘူး၊ ဒါပေမဲ့ ရှာစရာလည်း မလိုတော့ဘူးလေ၊ ဘာလို့လဲဆိုတော့ မင်းတို့ ကိုယ်တိုင်ကပဲ ရွှင်းကျီကို ဗဟုသုတ မရှိတဲ့လူပါလို့ ဝန်ခံလိုက်သလို ဖြစ်သွားပြီဥစ္စာ”

ပြိုင်ဘက်၏ လက်နက်ကို သုံး၍ ပြိုင်ဘက်ကိုပင် ပြန်လည် လည်လှီးလိုက်ခြင်းပင် ဖြစ်တော့သည်။

ပွဲဦးထွက် ဘာသာပြန် အရာရှိလေး ရှုရန်မြောင်တစ်ယောက် ဤသည်ကို ကြားလိုက်ရသောအခါ ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားတော့သည်။

[ဪ ... ဒါဆို ဒါက အတင်းအဓမ္မ လိုက်လံငြင်းခုံပြီး ဖျက်မြင်း လုပ်နေကြတာပဲကိုး]

သူ ကောင်းကောင်းကြီး သဘောပေါက်သွားချေပြီ။

[ဒါဆို ကျမ်းစာငြင်းခုံပွဲဆိုတာ တကယ်တော့ ဖျက်မြင်းနှစ်ကောင်က တစ်ဖက်နဲ့တစ်ဖက် မရမက ဗုံးကြဲတိုက်ခိုက် နေကြတာ သက်သက်ပဲပေါ့]

ထို့နောက်တွင်တော့ သူသည် သူ့စိတ်ထဲမှနေ၍ ထိုဖျက်မြင်းဆိုသည့် စကားလုံးအကြောင်းကို တတွတ်တွတ်ဖြင့် ဆက်တိုက် တွေးတောနေတော့သည်။ ဘာပဲဖြစ်ဖြစ် နန်းတွင်းရှိ အရာရှိအားလုံးကတော့ ယခုအခါ ဖျက်မြင်း ဆိုသည်မှာ ဘာကိုဆိုလိုကြောင်း ကောင်းကောင်းကြီး နားလည်သွားကြပြီ ဖြစ်သည်။

ရှေးဟောင်းအယူအဆဂိုဏ်း : “ကွက်တိပဲ၊ ဒီခေတ်သစ်ဂိုဏ်းသား အကောင်တွေက အဓိပ္ပာယ်မရှိ အတင်း လိုက်လံ ငြင်းခုံနေတဲ့ ဖျက်မြင်း ကောင်တွေချည်းပဲကွ”

ခေတ်သစ်အယူအဆဂိုဏ်း : “ဘာလဲ၊ မင်းတို့ဘက်က မနိုင်တော့လို့ တခြားလူတွေကို လိုက်ပြီး ဖျက်မြင်း တွေပါလို့ လျှောက်စွပ်စွဲနေတာလား”

ခေတ်သစ်အယူအဆဂိုဏ်းသားများက လှောင်ပြောင်သရော်လိုက်ကြသည်။

“ကဲ၊ ချေပဖို့ နည်းလမ်း ရှာတွေ့ကြပြီလား၊ အလကား အပင်ပန်းခံပြီး မရုန်းကန်ပါနဲ့တော့၊ ခေတ်ဟောင်း အရေးအသားနဲ့ ရေးထားတဲ့ သမိုင်းကျမ်းစာက အတုကြီးဆိုတာ သေချာနေပါပြီ”

ရှေးဟောင်း အယူအဆ ဂိုဏ်းဝင်များမှာမူ နှုတ်ခမ်းကို တင်းတင်းစေ့ထားကြပြီး အေးစက်လှသော ဆောင်းရာသီကြီး ဖြစ်နေသော်လည်း နဖူးမှ ချွေးစေးများပင် ပြိုင်တူ စီးကျလာကြတော့သည်။

ဆရာကြီး ချွမ်ရင်ကျန်းသည် ခေတ်သစ်ဂိုဏ်းကို အပိုင်ပိတ်ရိုက်မည့် စကားစုတစ်စုကို ရှာဖွေရန်အတွက် သူ၏ ဦးနှောက်ထဲတွင် ကျမ်းစာစာမျက်နှာပေါင်းများစွာကို အပြင်းအထန် လှန်လှော ရှာဖွေနေပုံရသည်။

“ရွှင်းကျီက ပြောခဲ့ဖူးတယ်၊ ကျမ်းစာများ၏ ရည်ရွယ်ချက်မှာ အုပ်ချုပ်ရေးနှင့် အစိုးရရေးရာကိစ္စရပ်များကို မှတ်တမ်းတင်ရန် ဖြစ်၏။ ကဗျာလင်္ကာများ၏ ရည်ရွယ်ချက်မှာ သံစဉ်တို့၏ အလယ်၌ ရပ်တန့်အခြေပြုရန် ဖြစ်၏။ ကျင့်ထုံးကျင့်ဝတ်များ၏ ရည်ရွယ်ချက်မှာ ဥပဒေများနှင့် ကဏ္ဍရပ်များ၏ အခြေခံခွဲခြားမှု ဖြစ်စေရန် ဖြစ်၏တဲ့”

သူ တကယ်ပဲ ချေပချက်တစ်ခုကို ရှာတွေ့သွားခဲ့ချေပြီ။

“ဒီနေရာမှာ ကဗျာလင်္ကာဆိုတာ ကဗျာကျမ်းကို ရည်ညွှန်းတာဖြစ်ပြီး ကျင့်ထုံးဆိုတာ ကျင့်ဝတ်မှတ်တမ်းကို ရည်ညွှန်းတာ ဖြစ်တယ်၊ ဒါကြောင့် ကျမ်းစာဆိုတာ သမိုင်းကျမ်းစာကို ဆိုလိုတာပဲ၊ ရွှင်းကျီက အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးရာ ကိစ္စတွေကို မှတ်တမ်းတင်ဖို့အတွက်ပဲ သမိုင်းကျမ်းစာကို သုံးစွဲခဲ့တာကွ၊ ဒါပေမဲ့ လူသားတို့၏ စိတ်နှလုံးသည် ဘေးအန္တရာယ်များလှ၏၊ တရားဓမ္မ၏ စိတ်နှလုံးသည် သိမ်မွေ့နက်နဲလှ၏ ဆိုတဲ့ စကားရပ် ကတော့ ‘လူသားတွေရဲ့ စိတ်ဟာ အမြဲတမ်း သတိရှိနေရမယ်၊ တရားဓမ္မကိုတော့ သိမ်မွေ့နက်နဲစွာ ပျိုးထောင်ရမယ်’ ဆိုတဲ့ သဘာဝတရားနဲ့ စိတ်နေစိတ်ထားပိုင်းဆိုင်ရာ အတွေးအခေါ်ကို ဖော်ပြနေတာ ဖြစ်ပြီး နိုင်ငံရေးနဲ့ ဘာမှမဆိုင်ဘူး၊ အဲ့ဒါကြောင့်မို့လို့ပဲ ရွှင်ကျီးက နိုင်ငံရေးရာတွေကို မှတ်တမ်းတင်တဲ့ ‘သမိုင်းကျမ်းစာ’ ကို မကိုးကားဘဲ သဘာဝတရားနဲ့ စိတ်နေစိတ်ထားအကြောင်း ရေးဖွဲ့ထားတဲ့ တာအိုကျမ်းကိုပဲ သဘာဝကျကျ ရွေးချယ် ကိုးကားခဲ့တာပေါ့ကွ”

ချွမ်ရင်ကျန်းသည် စကားလုံးများကို ရေပန်းပမာ သွက်လက်ချက်ချာစွာ ပြောဆိုချေပလိုက်တော့သည်။

ယခုတစ်ကြိမ်တွင်မူ ခေတ်သစ် အယူအဆ ဂိုဏ်းသားများဘက်က ဆွံ့အပြီး ပြန်လည်အရေးနိမ့်သွားရမည့် အလှည့်သို့ ရောက်ရှိသွားချေပြီ။

ရှေးဟောင်း အယူအဆဂိုဏ်းဝင် အရာရှိကြီးများကတော့ သူတို့၏ ဆရာသခင်ကြီးအတွက် အောင်ပွဲခံကာ ဝမ်းသာအားရ အော်ဟစ်လိုက်ကြတော့သည်။

“ကွက်တိပဲ၊ အဲ့ဒါပဲဗျာ၊ ဆရာကြီးချွမ်က တကယ့်ကို ပါရမီရှင်ကြီးပဲ၊ ဆရာကြီးက တကယ့်ကို ပညာဗဟုသုတ ပြည့်စုံလွန်းလှပါတယ်၊ ဆရာကြီးချွမ်က ရှေးဟောင်း စာပေလောကအတွက် မဟာဂုဏ်ရောင်ကို ဆောင်ကြဉ်း ပေးလိုက်တာပဲ”

သို့သော် ထိုစဉ်မှာပင်... ခေတ်သစ်အယူအဆဂိုဏ်းဘက်က ချက်ချင်းပင် နောက်ထပ် ကောက်ချက်တစ်ခုဖြင့် တိုက်စစ်ဆင်ပြန်သည် —

ခေတ်သစ်အယူအဆဂိုဏ်း : “ငါ့မှာ မေးခွန်းတစ်ခု ကျန်သေးတယ်။ ခေတ်ဟောင်း အရေးအသားနဲ့ ရေးထားတဲ့ သမိုင်းကျမ်းစာထဲမှာ... မြစ်ဝါမြစ်ဟာ ကျိရှီတောင်ကို ဖြတ်သန်း စီးဆင်းသွားတယ်လို့ ဖော်ပြထားတယ်၊ ပြီးတော့ အဲ့ဒီခေတ်ဟောင်း သမိုင်းကျမ်းစာကို ပထမဆုံး ရှာဖွေဖော်ထုတ်ခဲ့တဲ့သူက စာအုပ်ဘေးမှာ မှတ်စု ရေးခဲ့ပြီး ကျိရှီတောင်က မြစ် ဖြတ်သန်းစီးဆင်းရာ ကျင်းချန်ခရိုင်ရဲ့ အနောက်တောင်ဘက်မှာ တည်ရှိပါတယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီ ကျင်းချန် ခရိုင်ဆိုတာက အဲ့ဒီကျမ်းစာကို ရှာဖွေဖော်ထုတ်ခဲ့သူ သေဆုံးပြီးမှ နန်းတွင်းက တရားဝင် သတ်မှတ်တည်ထောင်ခဲ့တဲ့ ခရိုင်အမည် ဖြစ်နေတာကွ၊ အဲ့ဒီလူက သူ သေပြီးမှ ပေါ်လာမယ့် ခရိုင် အမည်ကို သူ မသေခင်ကတည်းက ဘယ်လိုနည်းနဲ့ ကြိုသိပြီး မှတ်စုရေးခဲ့တာလဲ”

ရှေးဟောင်း အယူအဆ ဂိုဏ်းဝင်များ၏ နဖူးပြင်မှ ချွေးစေးများမှာ တရစပ် ပြန်လည်စီးကျလာကြပြန်သည်။

ဆရာကြီး ချွမ်ရင်ကျန်းက ချေပသည်။

“ခေတ်ဟောင်းအရေးအသားနဲ့ ရေးထားတဲ့ သမိုင်းကျမ်းစာကို ပထမဆုံး ရှာဖွေဖော်ထုတ်ခဲ့တဲ့သူက ကွန်ဖြူးရှပ်ရဲ့ မျိုးဆက်နွယ်ဝင် တစ်ယောက်ပဲကွ။ ကွန်ဖြူးရှပ်၏ စာပေါင်းချုပ်ထဲမှာ ရေးထားတာကတော့ ‘ရှေးဟောင်း ပညာရှိကြီးတွေရဲ့ သွန်သင်ဆုံးမမှုတွေကို မိသားစုအလိုက် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြပြီး ငါတို့က မျိုးဆက် တစ်ခုပြီး တစ်ခု အစဉ်အဆက် လေ့လာခဲ့ကြတာဖြစ်တယ်’ တဲ့၊ တချို့ဆိုရင် ဒီသမိုင်းကျမ်းစာကို ‘ကွန်ဖြူးရှပ်မျိုးရိုးရဲ့ အစဉ်အလာကျမ်း’ လို့တောင် ခေါ်ကြသေးတယ်၊ ဒီလိုမျိုး မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့တဲ့ ကျမ်းစာဖြစ်တဲ့အတွက် နောက်ပိုင်းပေါ်လာတဲ့ မျိုးဆက်သစ်တွေက ကျင်းချန် ခရိုင်ဆိုတဲ့ နာမည်ကို ဖြည့်စွက် မှတ်စု ရေးခဲ့ကြတာက အလွန်ပဲ သဘာဝကျလှပါတယ်”

ခေတ်သစ်အယူအဆဂိုဏ်း : “ငါ့မှာ နောက်ထပ် မေးခွန်းတစ်ခု ရှိသေးတယ်...”

ချွမ်ရင်ကျန်း : “ဒီမေးခွန်းက အဓိပ္ပာယ်မရှိလိုက်တာ၊ ငါ တစ်ခွန်းတည်းနဲ့ သက်သေပြလိုက်မယ်...”

ခေတ်သစ်အယူအဆဂိုဏ်း : “ငါ့မှာ နောက်ထပ် မေးခွန်းတစ်ခု ကျန်သေးတယ်...”

ချွမ်ရင်ကျန်း : “ငါ့မှာ အဖြေရှိပြီးသားပါ...”

ခေတ်သစ်အယူအဆဂိုဏ်း : “ငါ့မှာ မေးခွန်းတစ်ခု ထပ်ရှိသေးတယ်...”

ချွမ်ရင်ကျန်း : “ငါ့မှာလဲ နောက်ထပ် ချေပချက်တစ်ခု ရှိသေးတယ်...”

ခေတ်သစ်အယူအဆဂိုဏ်း : “ငါတို့မှာ ကျန်သေးတယ်...”

ချွမ်ရင်ကျန်း : “ငါ့မှာလဲ ကျန်သေးတယ်...”

နောက်ဆုံးတွင် ဆရာကြီး ချွမ်ရင်ကျန်း တစ်ဦးတည်းကသာ အာပေါင်အာရင်းသန်သန်ဖြင့် တရစပ် လိုက်လံ ချေပနေရပြီး ကျန်ရှိနေသော ရှေးဟောင်း အယူအဆဂိုဏ်းဝင် အရာရှိများမှာမူ ကြားထဲကနေ စကားတစ်ခွန်းပင် ဝင်ပြောခွင့် မရတော့ချေ။

ဉာဏ်ပညာ အလွန်ထက်မြက်လှသော ဆရာကြီးချွမ်တစ်ဦးတည်းကသာ အားလုံးကို ဒိုင်ခံချေပပေးနိုင်ခြင်း ဖြစ်သည်။ ကျန်ရှိနေသော ရှေးဟောင်းဂိုဏ်းသား အရာရှိများမှာမူ တစ်သက်လုံး ခေတ်သစ် အယူအဆဂိုဏ်း၏ အတွေးအခေါ်၊ အချက်အလက်များကိုသာ သုံးပြီး ငြင်းခုံလာခဲ့ကြသူများဖြစ်ရာ ယခုကဲ့သို့ ရှေးဟောင်း ကျမ်းစာများကို အခြေခံ၍ ပြန်လည်ချေပရန်အတွက် သင့်တော်မည့် အထောက်အထားများကို ရုတ်တရက် ရှာမရ ဖြစ်နေကြရှာသည်။

သို့သော်လည်း ဘာမှမဖြစ်ပေ။ သူတို့သည် ရှုရန်မြောင်၏ ရင်တွင်းဖြစ်များထံမှနေ၍ သူတို့နှင့် ကွက်တိကျမည့် ပညာရပ်တစ်ခုကို သင်ယူတတ်မြောက်သွားခဲ့ကြပြီ မဟုတ်ပါလော။

ဆရာကြီးချွမ် : “မင်းကြီးဝမ်က သက္ကရာဇ်အမည်ကို တစ်ခါမျှ မပြောင်းလဲခဲ့ပါဘူးလို့ ပြောပြီး ဒါကို သုံးပြီး ခေတ်ဟောင်း သမိုင်းကျမ်းစာက အတုပါလို့ သက်သေပြဖို့ ကြိုးစားနေတာက လုံးဝ လုပ်ကြံဖန်တီးထားတဲ့ စကား သက်သက်ပဲ၊ သမိုင်းမှတ်တမ်းတွေကို သေသေချာချာ နားထောင်ကြစမ်း”

ရှုရန်မြောင် : [ကွက်တိပဲ]

ရှေးဟောင်းအယူအဆဂိုဏ်းဝင်များ : “ကွက်တိပဲ”

ဆရာကြီးချွမ် : “ယုံကျား သူပုန်ထကြွမှုတုန်းက ခေတ်ဟောင်း ‘သမိုင်းကျမ်းစာ’ တွေ ပျောက်ဆုံးသွားခဲ့ရတယ် ဆိုတာနဲ့ ပတ်သက်ပြီး ‘ဧကရာဇ်မင်းများ၏ ရာဇဝင်ချုပ်’ထဲမှာ ဆရာကြီး ထိုက်ပေါင်ကုန်းက ခေတ်ဟောင်း ကျမ်းစာတွေကို သုံးပြီး ဖူဖုန်းဒေသက ဆူးယွီကို သင်ကြား ပြသခဲ့တယ်လို့ ပါတယ်။ ပြီးတော့ ‘ကွန်ဖြူးရှပ် ပညာရှင်များ၏ မှတ်တမ်း’ ထဲမှာလဲ ဒီကျမ်းစာတွေ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ပုံကို ဖော်ပြထားသေးတယ်။ ဒါတင် မကသေးဘူး ‘သမိုင်းကျမ်းစာ၏ မှန်ကန်သော အဖွင့်ကျမ်း’ ထဲမှာလည်း သမိုင်း အထောက်အထားတွေ နဲ့တကွ နှစ်ပေါင်းလေးရာ ကြာပြီးတဲ့နောက်မှာ မင်းတို့ကောင်တွေက အမှန်တရားကို လိုသလို လိမ်လည် လှည့်ဖြား နေကြတာပဲ၊ ငါ့ရဲ့ မှတ်ဉာဏ်က မှုန်ဝါးနေပြီလို့ မင်းတို့ ထင်နေကြတာလား”

ရှုရန်မြောင် : [ဝါး ... ဆရာကြီးကတော့ တကယ့်ကို လန်းလှချည်လား၊ ပညာရှင် တစ်သိုက်လုံးကို တစ်ကိုယ်တော် ဒိုင်ခံပြီး ဉာဏ်ပြိုင်ချနေတာပဲ]

ရှေးဟောင်း စာပေ ဂိုဏ်းဝင်များ : “ကွက်တိပဲ”

ဆရာကြီးချွမ် : “မင်းတို့တွေက ဆံပင်ညှပ် ရာသီရှာပြီး ပြစ်ချက်ရှာနေကြတာ...”

ရှုရန်မြောင် : [ဆရာကြီးကတော့ ရှယ်ပဲဗျာ]

ရှေးဟောင်းစာပေဂိုဏ်းဝင်များ : “ကွက်တိပဲ”

ရှုရန်မြောင် : [ဒါနဲ့ ဒီရှေးဟောင်းစာပေဂိုဏ်းဝင် အရာရှိတွေ ဘက်ပြောင်းလာကြတာက ဘာထူးခြားသွားလို့လဲ၊ ဆရာကြီးချွမ် တစ်ယောက်တည်းနဲ့တင် ခေတ်သစ်ဂိုဏ်းသားတွေကို အေးအေးဆေးဆေး အပိုင်ပိတ်ရိုက် နိုင်နေတာပဲဟာကို၊ ဒီကောင်တွေက နောက်ပြန်ဆုတ်သွားကြတော့မှာလား]

ရှေးဟောင်းစာပေဂိုဏ်းဝင်များ : “ကွက်တိပဲ...”

*ဟင်၊ နေပါဦး၊ သူတို့ အခုတင်ပဲ ရှုရန်မြောင်ရဲ့ စိတ်ထဲကနေ အဆဲခံလိုက်ရတာလား*

ဆရာကြီးချွမ် : “မင်းတို့ ခေတ်သစ်ဂိုဏ်းသားတွေအနေနဲ့ အခွင့်အရေးရတုန်း ပိုပြီးတော့ အတင်းအဓမ္မ မလုပ်ကြနဲ့”

ရှုရန်မြောင် : [တောက်၊ အဲ့ဒီလူတွေက မရှက်ကြဘူးလားမသိဘူးနော်၊ လူအုပ်ကြီး တစ်ခုလုံး စုပေါင်းနေတာတောင် အသက် ၈၆ နှစ်အရွယ် အဘိုးအိုကြီးတစ်ယောက်ကို လုံးဝ ယှဉ်လို့မရကြဘူး]

“...”

*ထားလိုက်ပါတော့လေ၊ ပြောချင်သလောက်သာ ပြောပါစေတော့၊ အဓိကကတော့ ရှုရန်မြောင်က ငါတို့ဘက်ကနေ ရပ်တည်ပေးနေတာပဲ မဟုတ်လား*

ရှေးဟောင်းအယူအဆဂိုဏ်းဝင် အရာရှိကြီးများကတော့ ဘာမှမဖြစ်သကဲ့သို့ပင် ဘေးမှနေ၍ ဆက်လက် အားပေးကြပြန်သည်။

“ကွက်တိပဲ”

ခေတ်သစ်အယူအဆဂိုဏ်းသားများမှာမူ ဆရာကြီးချွမ်၏ တရစပ်ပိတ်ရိုက်မှုကြောင့် လုံးဝ အရေးနိမ့်သွားခဲ့ရပြီး ယခုအခါတွင်မူ မရှုမလှဖြင့် အသည်းအသန် သက်ပြင်းချရင်း တောင့်ခံထားကြရရှာတော့သည်။

ရှေးဟောင်းအယူအဆဂိုဏ်းဝင်များက သူတို့၏ဆရာသခင်ကြီးနောက်မှနေ၍ မျက်စိမှိတ်လျက် ဗူးပိတ်ထောက်ခံ နေကြသည်ကို မြင်သောအခါ ခေတ်သစ်အယူအဆဂိုဏ်းသားများမှာ ဒေါသလည်းထွက်၊ ရင်လည်းနာကု န်ကြတော့သည်။

သူတို့မှာလည်း ဆရာ ရှိပေသည်။ သို့သော် သူတို့၏ဆရာကြီးမှာ မြို့တော်ကို ပြန်လာသော လမ်းခုလတ်မှာတင် ရှိနေသေးပုံရသည်။ ထို့အပြင် မြို့တော်ကို ရောက်လာခဲ့ရင်တောင်မှ မကြာသေးခင်ကမှ နန်းတွင်း အကျဉ်းထောင်ထဲ ထည့်ခံလိုက်ရသော သူ၏ ကံဆိုးမိုးမှောင်ကျလှသော တူတော်မောင် မင်းသားကြီးဆီကိုပဲ အရင်ဆုံး သွားတွေ့ရပေလိမ့်မည်။ ဘယ်လိုနည်းနဲ့မှ ဒီပွဲကို အမှီလာနိုင်စရာ အကြောင်းမရှိချေ။

တကယ်ကို ရင်နာစရာကောင်းလှပေစွ။

“မင်းတို့ကောင်တွေက ‘ကွက်တိပဲ’ ဆိုတာကြီးပဲ တတွတ်တွတ် ပြောနေတော့တာပဲ”

ခေတ်သစ်ဂိုဏ်းသားများက ဒေါသတကြီးဖြင့် ကန့်ကွက်ကြတော့သည်။

“ငါတို့ကရော မင်းတို့ဆီကနေ အချက်အလက်တစ်ခုလောက် ပြန်ချေပတာကို မကြားရတော့ဘူးလား”

“သူများပြောတာကိုပဲ ကြက်တူရွေးလို လိုက်အော်နေတဲ့ အကောင်တွေ၊ မင်းတို့လိုကောင်တွေနဲ့ နန်းတွင်းထဲမှာ အတူတူ အမှုထမ်းနေရတာကိုက အရှက်ခွဲခံနေရသလိုပဲ”

ရှေးဟောင်းအယူအဆဂိုဏ်းဝင် အရာရှိကြီးများမှာမူ ယခုတစ်ကြိမ်တွင်တော့ စကားဆွံ့သွားကြရပြီး၊ ယခင်လို ထောက်ခံသည့်အနေဖြင့် ‘ကွက်တိပဲ’ ဟုပင် ဝင်မပြောရဲကြတော့ချေ။

ထိုစဉ် ရှုရန်မြောင်ကမူ...

ပွဲကြည့်ပရိသတ်ကြီး၏ ရင်တွင်းဖြစ် စကားသံကြီးကတော့ ပဲ့တင်ထပ်လျက် အကျယ်ကြီး ထွက်ပေါ်လာပြန်သည်။

[ကွက်တိပဲ]

ရှေးဟောင်းအယူအဆဂိုဏ်းသားများ : “…”

*မင်းက ... တကယ်တမ်းကျတော့ ဘယ်သူ့ဘက်က ရပ်တည်ပေးနေတာလဲ*

All Chapters