ဝိုး … ငါ့ဦးလေး ဘယ်မှာလဲ (၁)
Vol. 3 Ch. 39
[ဒါပေါ့၊ အဖြေက ရှင်းရှင်းလေးပဲဥစ္စာ၊ ဘယ်ဘက်က ကြည့်ရတာ ပိုပြီး အပန်းပြေမလဲ၊ အဲ့ဒီဘက်ကိုပဲ ငါက အားပေးမှာပေါ့]
[ပွဲကြည့်ပရိသတ်မှာ ဘယ်တုန်းကမှ သစ္စာစောင့်သိမှုဆိုတာ မရှိဘူးကွ]
ရှုရန်မြောင်ကမူ ယခုကဲ့သို့ ကမ္ဘာပျက်မတတ် ရှုပ်ထွေးပွေလီနေသော မြင်ကွင်းကြီးကို ပိုမိုအရသာရှိရှိ ထိုင်ကြည့်နိုင်ရန်အတွက် နေကြာစေ့၊ မြေပဲနှင့် ကိုကာကိုလာသာ ဘေးနားမှာ ရှိမနေခြင်းကိုသာ စိတ်ပျက်လက်ပျက် ညည်းတွားနေတော့သည်။
[သူတို့တွေ အခုပဲ လူကိုယ်တိုင် ထချလိုက်ကြရင် ပိုလန်းမှာ]
[တကယ်လို့သာ တကယ် ထချကြေးဆိုရင်တော့ ဆရာကြီးချွမ်က ကမ္ဘာပေါ်မှာ အရှိန်အဝါအကြီးဆုံး ပြိုင်ဘက် ကင်းကြီး ဖြစ်နေမှာ သေချာတယ်၊ သူ့ရဲ့ အသက်အရွယ်ကြီးနဲ့ဆို ဘယ်ကောင်ကများ သူ့ကို လက်ဖျားနဲ့တောင် တို့ရဲပါ့မလဲ၊ သူတစ်ယောက်တည်းနဲ့တင် နန်းတွင်းထဲက အရာရှိတစ်သိုက်လုံးကို အေးအေးဆေးဆေး တစ်ပြိုင်နက်တည်း ပိတ်ရိုက်ပစ်လို့ ရတယ်]
ဝန်ကြီးများအားလုံး : “…”
ဆရာကြီး ချွမ်ရင်ကျန်းတွင် နန်းတွင်း အရာရှိတံဆိပ်တုံး မရှိသဖြင့် ရှုရန်မြောင်၏ ဤမျှလောက်အထိ အဓိပ္ပာယ် မရှိသော အတွေးအာရုံနောက်မှုများကို မကြားနိုင်ခြင်းမှာ တကယ့်ကို ကံကောင်းလွန်းလှသည်ဟု ဝန်ကြီးများ အားလုံး ရင်ထဲ၌ အကြီးအကျယ် သက်ပြင်းချကာ ဝမ်းသာသွားကြမိတော့သည်။
[ဝါး... အခုကျတော့ သူတို့တွေက ‘သမိုင်းကျမ်းစာ’ အကြောင်း ငြင်းခုံရာကနေ ‘ကွန်ဖြူးရှပ်၏ ဟောပြောချက်များ’ အကြောင်းဘက်ကို ကူးသွားကြပြန်ပြီ၊ ကြည့်ရုံနဲ့တင် ဒီကောင်တွေက တကယ့် စစ်မှန်တဲ့ ကျမ်းစာသမားတွေ မဟုတ်ဘူးဆိုတာ သိသာနေတာပဲ၊ တကယ့် ပွဲမွှေတတ်တဲ့ ဖျက်မြင်း’ စစ်စစ်ဆိုရင်တော့ ‘ကွန်ဖြူးရှပ်၏ ဟောပြောချက်များ’ ထဲမှာ ‘ကွန်ဖြူးရှပ် မိန့်ကြားတော်မူသည်’ ဆိုတဲ့ စကားလုံး စုစုပေါင်း ဘယ်နှစ်ကြိမ်တောင် ပါဝင်လဲဆိုတာကို လှမ်းပြီး စိန်ခေါ် မေးခွန်းထုတ်ရမှာကွ၊ ဒါကို မဖြေနိုင်ဘူးလား၊ အေး ... ဒါဆိုရင်တော့ မင်းတို့ရဲ့ ပညာအရည်အချင်းက လိုပါသေးတယ်လို့ သတ်မှတ်ပစ်လိုက်ရုံပဲ]
ခေတ်သစ်အယူအဆဂိုဏ်း : “…”
ရှေးဟောင်းအယူအဆဂိုဏ်း : “…”
“ငါတို့တွေက ဖျက်မြင်းတွေ မဟုတ်ပါဘူးဆိုမှကွာ”
“ကျမ်းဂန်တွေကို ဒီလိုမျိုး လိုက်ပြီး အကွက်ဆင် ငြင်းခုံနေတာဟာ အမှန်တရားကို ရှာဖွေတာမဟုတ်ဘူး၊ ဒါဟာ တမင်သက်သက် အဓိပ္ပာယ်မရှိ ဂျောက်တွန်းနေတာပဲ”
ရှေးဟောင်းအယူအဆဂိုဏ်းမှ ဒေါသထွက်နေသော အရာရှိတစ်ဦးက စားပွဲကို ဗုန်းခနဲနေအောင် လက်ဝါးဖြင့် ရိုက်လိုက်သည်။
“ခေတ်သစ်ဂိုဏ်းသားတို့ ... မင်းတို့က ကုန်းရန် အဖွင့်ကျမ်းကို အဓိကလေ့လာကြတာဆိုတော့ ငါ မေးပါရစေဦး၊ မင်းတို့ရဲ့ ကုန်းရန်ကျမ်းက သိမ်မွေ့နက်နဲတဲ့ အဓိပ္ပာယ်တွေ ကြွယ်ဝလွန်းလို့ နာမည်ကြီးတယ် မဟုတ်လား၊ ကဲ... အဲ့ဒီ သိမ်မွေ့နက်နဲတဲ့ အဓိပ္ပာယ်တွေက စုစုပေါင်း ဘယ်နှစ်ခုတောင် ရှိပြီးတော့ အဲ့ဒါတွေက ဘာတွေလဲဆိုတာ ပြောစမ်းပါဦး”
*ငါတို့က ဖျက်မြင်းတွေ မဟုတ်ကြပါဘူး၊ ဒါပေမဲ့ ရှုရန်မြောင်ရဲ့ ပွဲမွှေတဲ့နည်းလမ်းက တကယ်ပဲ အလုပ် ဖြစ်လွန်းလို့ပါ ဟားဟား*
*ပြီးတော့ ငါတို့က လုံးဝ ယုတ္တိရှိရှိ မေးနေတာလေ၊ “ကွန်ဖြူးရှပ် မိန့်ကြားတော်မူသည်” ဆိုတာ စုစုပေါင်း ဘယ်နှစ်ကြိမ်ပါလဲလို့ မေးတာကမှ နည်းနည်း သေးနုပ်တယ်လို့ ပြောလို့ရဦးမယ်၊ အခုဟာက မင်းတို့ဂိုဏ်းက အမြဲတမ်း ကြွေးကြော်နေတဲ့ ‘ကုန်းရန်ကျမ်း’ ရဲ့ အနှစ်သာရ အဓိပ္ပာယ်တွေအကြောင်း မေးတာလေ၊ အဲ့ဒါကိုမှ မင်းတို့ကိုယ်တိုင် စုစုပေါင်း ဘယ်နှစ်ခုရှိလဲ မသိဘူးဆိုရင်တော့၊ ဒါကြီးက လုံးဝ မဟုတ်သေးဘူးမလား*
ခေတ်သစ် အယူအဆ ဂိုဏ်းသား ပညာရှင်များမှာမူ ဆွံ့အလျက်ဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် အူကြောင်ကြောင်ဖြင့် ကြည့်နေမိကြတော့သည်။
သူတို့သည် မိမိတို့၏ အယူအဆတွင် ယခုကဲ့သို့သော အားနည်းချက်ကြီး ရှိနေလိမ့်မည်ဟု တစ်ခါမျှ ထည့်မတွေး ခဲ့ဖူးချေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်တွင် အတင်းလိုက်လံ ပြစ်ချက်ရှာတတ်သည့် ဖျက်မြင်း ရှုရန်မြောင် မှလွဲ၍ ဘယ်သူကများ “ကွန်ဖြူးရှပ် မိန့်ကြားတော်မူသည်” ဆိုတာ ဘယ်နှစ်ခါပါသလဲ၊ သိမ်မွေ့တဲ့ အဓိပ္ပာယ်တွေ စုစုပေါင်း ဘယ်နှစ်ခုရှိလဲ ဆိုတာကို လိုက်ပြီး ထိုင်ရေတွက်နေပါမည်နည်း။
ခေတ်သစ် အယူအဆဂိုဏ်း၏ ခေါင်းဆောင်ကြီးများ ကိုယ်တိုင်ပင်လျှင် ဤအချက်အလက်တွေကို စုစည်း ပြုစု ထားခြင်း မရှိခဲ့ကြချေ။
[သူတို့ရဲ့ အဓိက အာရုံစိုက်မှုက ခေတ်သစ်ဂိုဏ်းရဲ့ ကွန်ဖြူးရှပ် အတွေးအခေါ်တွေကို နိုင်ငံရေးနဲ့ ပေါင်းစပ်ဖို့ပဲဥစ္စာ၊ သူတို့အတွက်တော့ ‘ကဗျာကျမ်း’ ဆိုတာ ဧကရာဇ်မင်းတွေကို သတိပေးဆုံးမဖို့၊ ‘နွေဦးနှင့် ဆောင်းဦးရာဇဝင်ချုပ်’ ဆိုတာ ဥပဒေကြောင်းအရ အမှုအခင်းတွေကို ဆုံးဖြတ်ဖို့ ဖြစ်ပြီးတော့ ‘ဂန္ထဝင်ကျမ်းကြီးငါးစောင်’ ကတော့ တစ်ဦးချင်းစီရဲ့ ကျင့်ဝတ်နဲ့ နိုင်ငံတော်အုပ်ချုပ်ရေးအတွက် လမ်းညွှန်ချက်တွေအနေနဲ့ပဲ အသုံးတော်ခံခဲ့တာကိုး]
[ဒါတင်မကသေးဘူး၊ ကွန်ဖြူးရှပ်ကျမ်းစာတွေကို ‘ဂန္ထဝင်ကျမ်းကြီးငါးစောင်’ ထက် ပိုပြီး မြင့်မြတ်အောင် ပုံဖျက် ထားတဲ့ လျှို့ဝှက်ဆန်းကြယ်ကျမ်းတွေလဲ ရှိသေးတယ်။ ဥပမာ - ‘ကွန်ဖြူးရှပ်ရဲ့ မိခင်ဟာ နတ်မင်းကြီးရဲ့ မစမှုကြောင့် သန္ဓေတည်ခဲ့တာ’ ဆိုတာမျိုး၊ ‘ငါတို့မင်းဆက်ဟာ အရင်မင်းဆက်ရဲ့ ဓာတ်ကြီးငါးပါး လည်ပတ်မှုကို အောင်နိုင်ခဲ့လို့ အစားထိုး တက်လာတာ’ ဆိုတာမျိုး၊ ပြီးတော့ ‘ကောင်းကင်ဘုံနဲ့ လူသားလောကဟာ တစ်ထပ်တည်း တုံ့ပြန်ဆက်သွယ်နေတယ်’ ဆိုတဲ့ အယူအဆမျိုးတွေပေါ့]
အကျဉ်းချုပ်ပြောရလျှင် ခေတ်သစ် ဂိုဏ်းသားများသည် နိုင်ငံရေးရာမဟာဗျူဟာနှင့် ပရောဂျက် အကြီးကြီး များကိုသာ အာရုံစိုက်နေခဲ့ကြသဖြင့် အခြေခံကျလှသော ပညာရပ်ဆိုင်ရာ ကွက်လပ်များကို ဖြည့်ဆည်းရန် လုံးဝ မေ့လျော့နေခဲ့ကြခြင်း ဖြစ်သည်။
ယခုအခါ ရှေးဟောင်း အယူအဆဂိုဏ်း၏ အကွက်ကျကျ ပိတ်ရိုက်ခြင်းကို ခံလိုက်ရပြီဖြစ်ရာ သူတို့သည် နဖူးမှ ချွေးစေးများ တရစပ် စီးကျလာပြီး တစ်ခွန်းမှ ပြန်မပြောနိုင်ဘဲ လုံးဝ ဆွံ့အသွားကြရရှာတော့သည်။
ရှုရန်မြောင်ကတော့ စိတ်ထဲမှနေ၍ အားရပါးရ အောင်ပွဲခံနေတော့သည်။
[လှလိုက်တဲ့အကွက်]
[ရှေးဟောင်း ဂိုဏ်းသားတွေဆီမှာ ဒီလိုမျိုး အပိုင်ပိတ်ရိုက်မယ့် ဝှက်ဖဲ အလန်းကြီး ရှိနေလိမ့်မယ်လို့ ဘယ်သူက ကြိုသိမှာလဲ]
[ဒီတစ်ခါတော့ သူတို့တွေ ခေတ်သစ်ဂိုဏ်းကို ရင်ဆိုင်ဖို့ သွေးဆာနေကြပြီပဲ]
ရှေးဟောင်း အယူအဆဂိုဏ်းမှ ပညာရှင်ကြီးများသည် ယဉ်ကျေးသိမ်မွေ့သောအပြုံးများဖြင့် ပြုံးနေကြသည်။
“အိုးဟိုးဟိုး … တော်ပါတော့ဗျာ၊ ချီးမွမ်းလွန်းနေပါပြီ”
တစ်ချိန်တည်းမှာပင် စစ်မက်ရေးရာရုံးမှ အရာရှိလေးမှာမူ ရှုရန်မြောင်ကို လှမ်းကြည့်ရင်း ဦးနှောက် မီးတောက် မတတ် အကြီးအကျယ် ခေါင်းခဲလာရတော့သည်။
၎င်းသည် သာမန် ကျမ်းစာ ငြင်းခုံပွဲလေးအဖြစ် စခဲ့ခြင်း ဖြစ်သည်။ သာမန် ငြင်းခုံပွဲသက်သက်ပင်။ ရှုရန်မြောင်က ကြားထဲမှနေ၍ မီးလောင်ရာ လေပင့်လုပ်ပြီး ပွဲကို ပိုအရှိန်တက်အောင် မွှေပေးခဲ့တာ မှန်သော်ငြားလည်း ၎င်းသည် ကျမ်းဂန်တွေအကြောင်း ငြင်းခုံသည့် ပွဲသာ ဖြစ်နေသေးခဲ့သည်။
*မင်းက ပထမဆုံးအနေနဲ့ ‘ခေတ်ဟောင်း သမိုင်းကျမ်းစာ’ က အတုအယောင် ဖြစ်နိုင်တယ်လို့ အကြံပြု လိုက်ပြီးတော့ ရှေးဟောင်း အယူအဆဂိုဏ်းတစ်ခုလုံးကို လူပြက်ကြီးတွေ ဖြစ်လုနီးပါး ဖြစ်အောင် လုပ်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ တကယ်လို့သာ ‘ခေတ်ဟောင်း သမိုင်းကျမ်းစာ’ က အတုကြီး ဖြစ်သွားခဲ့မယ်ဆိုရင် လောကမှာ ‘ခေတ်ဟောင်း အရေးအသား’ ဆိုတာကြီးက တည်ရှိစရာ အကြောင်းမရှိတော့ဘူးလေ၊ အဲ့ဒီ ခေတ်ဟောင်း အရေးအသားမှ မရှိရင် ရှေးဟောင်း အယူအဆ ဂိုဏ်းဆိုတာရော ဘာလို့ ရှိနေရတော့မှာလဲ*
*အခုကျတော့လဲ ခေတ်သစ်ဂိုဏ်းသားတွေမှာ သူတို့ကိုယ်တိုင် ကြွေးကြော်နေတဲ့ ‘သိမ်မွေ့နက်နဲတဲ့ အဓိပ္ပာယ်တွေ’ စုစုပေါင်း ဘယ်နှစ်ခုရှိလဲတောင် မသိရော့လေသလားဆိုပြီး အရှက်တကွဲ အဝတ်ဗလာဖြစ်အောင် လုပ်ပြန်ပြီ။ ဒါက ကွန်ဖြူးရှပ်ကို ကြည်ညိုကိုးကွယ်ပါတယ်လို့ ပါးစပ်ကပြောပြီး ကွန်ဖြူးရှပ်ရဲ့ နာမည်ရင်းက ခုံးချူးလို့ ခေါ်မှန်းတောင် မသိသလို ဖြစ်နေတာပဲ။ ဒါကြီးက ဘယ်လိုမျိုး သက်ဝင်ယုံကြည်မှုလဲ*
ထိုငြင်းခုံပွဲကြီးသည် သာမန် နှုတ်မှုရေးရာ စစ်ပွဲလေးတစ်ခုအဆင့်မှနေ၍ တစ်ဖက်နှင့်တစ်ဖက် သေကျေ ပျက်စီးကြောင်း ကြံစည်ပြီး အမဲဖျန်းကြသော ဓားချင်းခုတ်ပွဲ အသွင်သို့ ကူးပြောင်း အရှိန်တက်သွားခဲ့လေပြီ။
ထိုအချိန်တွင် တော်ဝင်အကျဉ်းထောင်၏ အနက်ရှိုင်းဆုံး အမှောင်ထုထဲ၌။
ဧကရာဇ်၏ မြေးတော်သည် အိပ်ရာမှ နိုးလာကတည်းက အပြင်ဘက်သို့ ခေါင်းပြူထွက်ကြည့်နေသည်မှာ ၁,၄၄၄ ကြိမ် တိတိ ရှိနေပြီ ဖြစ်သည်။ ပျမ်းမျှအားဖြင့် ငါးကြိမ် အသက်ရှူတိုင်း တစ်ခါ အပြင်ကို ချောင်းကြည့်နေခြင်း ဖြစ်၏။
ထိုအခါ လူစားလဲခံထားရသော သားအတုက ဘေးနားရှိ တော်ဝင် သမက်ဟောင်းကြီးအား တီးတိုး ပြောလိုက်သည်။
“ဒီနေ့ သူ့ရဲ့ ဦးလေး လာလိမ့်မယ်”
“ဟန်လင်း တော်ဝင် အကယ်ဒမီက အဲ့ဒီ နာမည်ကျော် မဟာ ပညာရှိကြီးလား”
တော်ဝင်သမက်ဟောင်းကြီး၏ မျက်နှာမှာ အားကျ မနာလိုမှုများဖြင့် ဝင်းခနဲ ဖြစ်သွားရတော့သည်။
“ခေတ်သစ် အယူအဆဂိုဏ်းရဲ့ ထိပ်သီး ခေါင်းဆောင်ကြီး၊ အိမ်ရှေ့စံမင်းသားရဲ့ ဆရာသခင်၊ ပြီးတော့ ဧကရာဇ် မင်းမြတ်နဲ့ မိဖုရားခေါင်ကြီး နှစ်ဦးစလုံးရဲ့ ယုံကြည်စိတ်ချရတဲ့ အကြံပေးအရာရှိကြီး ဆရာကြီးကျိကို ပြောတာမလား၊ သူ့ရဲ့ ညီမက အိမ်ရှေ့စံ မိဖုရား ဖြစ်လာခဲ့သလို သူ့မိသားစုထဲက နောက်ထပ် တစ်ယောက်ကလဲ ဧကရာဇ်ရဲ့ နှမတော် ဖြစ်တဲ့ ချင်းဟယ် မင်းသမီးနဲ့ လက်ထပ်ပြီး တော်ဝင်မောင်နှံ ဖြစ်ခွင့်ရခဲ့တာလေ”
ထို့အပြင် ထိုလက်ထပ်ပွဲသည် မင်းဆက်သစ် စတင်ထူထောင်ခါစတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မင်းသမီးဟူသည့် ဘွဲ့ထူးအဆင့်အတန်းများ တရားဝင် မသတ်မှတ်ရသေးခင် ကာလက ကျင်းပခဲ့ခြင်း ဖြစ်သဖြင့် နန်းတွင်းတွင် ရာထူးအာဏာ ရယူခြင်းနှင့် ပတ်သက်၍ ငြိစွန်းခြင်း မရှိခဲ့ချေ။
တော်ဝင် သမက်ဟောင်းကြီးမှာမူ သူ၏ အားကျမှုကို လုံးဝ ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ချေ။
ထိုစဉ် သားအတုက ရုတ်တရက် ခေါင်းလှည့်လိုက်ရာ သူ၏ သူငယ်အိမ်များမှာ အနည်းငယ် ကျုံ့သွားတော့သည်။
“သူ ရောက်လာပြီ”
မှောင်မည်း စုတ်ပြတ်နေသော အကျဉ်းထောင်ကြီးအတွင်း၌ တည်ငြိမ်လေးနက်သော ခြေသံများ ပဲ့တင်ထပ်၍ ထွက်ပေါ် လာသည်။ မီးတောက် မီးလျှံများ တဖျတ်ဖျတ် လှုပ်ခတ်သွားပြီးနောက် တော်ဝင်ရွှေခြည်ထိုး အနက်ရောင် ဖိနပ်တစ်ဖက်က အမှောင်ထဲမှ ပြူထွက်လာခဲ့သည်။ ယင်းဖိနပ်ပေါ်တွင် တောင်တန်းများနှင့် မြစ်ရေပြင်တို့၏ ပုံသဏ္ဌာန်ကို ရွှေမှောင်ရောင်ချည်မျှင်များဖြင့် ခန့်ညားထည်ဝါပြီး စိပ်စိပ်စပ်စပ် ပန်းထိုး ထားသည်ကို မြင်တွေ့ရသည်။
ထို့နောက် ဖြူဖျော့ပြီး အေးစက်စက်နိုင်လှသော ရုပ်ရည်ရှိသည့် အမျိုးသားတစ်ဦးသည် အရိပ်ထဲမှ ထွက်ပေါ် လာတော့သည်။ သူ၏ ခက်ထန်နေသော အကြည့်များမှာ ဧကရာဇ်၏ မြေးတော်ကို လှမ်းကြည့်လိုက်သည့် အချိန်တွင်မူ တဖြည်းဖြည်းနှင့် နူးညံ့ ပျော့ပြောင်းသွားကာ နွေးထွေးလှသော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲ သွားတော့သည်။
ဧကရာဇ်၏ မြေးတော်သည်လည်း ထောင်တိုင်များကို အတင်းပြေးဖက်ကာ ဒူးတစ်ဖက် ထောက်လျက်ဖြင့် ရင်ထဲရှိ လှိုက်လှဲလှသော ခံစားချက်များစွာဖြင့် မော့ကြည့်လိုက်မိတော့သည်။
“ဦးလေး”
ကျိဆွေ့၏ ရင်ထဲ၌ တစ်ချက်မျှ အောင့်တက်သွားရတော့သည်။ သူ၏ တူတော်မောင်မှာ တစ်သက်နှင့် တစ်ကိုယ် ယခုကဲ့သို့သော ဆင်းရဲဒုက္ခမျိုးကို ဘယ်တုန်းက ကြုံဖူးခဲ့သနည်း။ ဤသို့ စက်ဆုပ် ရွံရှာဖွယ်ကောင်းသော အကျဉ်းထောင် ဆိုးကြီးထဲ၌ သူ့တူလေးခမျာ ကိုယ်အလေးချိန်တွေတောင် ကျပြီး ပိန်သွားရှာ၏။
အခြေအနေအရပ်ရပ်ကို သေသေချာချာ မေးမြန်းစုံစမ်းပြီးနောက် ကျိဆွေ့၏ မျက်နှာတစ်ခုလုံး တင်းမာသွားပြီး မျက်မှောင်ကြုတ်သွားသည်။
“ဒီကိစ္စရဲ့ နောက်ကွယ်မှာ ဘယ်သူ ရှိနေလဲဆိုတာ ငါ သိပြီ”
ဧကရာဇ်၏ မြေးတော်၏ မျက်နှာမှာလည်း နာကျည်းမုန်းတီးမှုများကြောင့် ရှုံ့မဲ့သွားရတော့သည်။
“ဘယ်သူလဲ ဦးလေး၊ အဲ့ဒီ သတင်းပေးတဲ့ကောင်က ဘယ်သူလဲ”
*ဘယ်သူကများ ရဲရဲတင်းတင်း သတင်းလာပေးရဲတာလဲ*
ကျိဆွေ့က စကားပြန်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် အနက်ရောင် နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသည့် ဝတုတ်တုတ် အရာရှိတစ်ဦးမှာ သူ၏ ကိုယ်ခန္ဓာနှင့်မလိုက်အောင်ပင် ဖျတ်လတ်သွက်လက်စွာဖြင့် ထောင်ထဲသို့ ဝုန်းဒိုင်းကြဲ ဝင်ရောက်လာခဲ့သည်။ ထို့နောက် ကျိဆွေ့၏ နားနားသို့ ကပ်၍ စကားအနည်းငယ် တိုးတိုးလေး ကပ်ပြောလိုက်ရာ ကျိဆွေ့၏ မျက်နှာအမူအရာမှာ တစ်ချက်အတွင်း ချက်ချင်း ကြီးကြီးမားမား ပြောင်းလဲသွားပြီး ထရပ်ကာ ထွက်ခွာရန် ပြင်လိုက်တော့သည်။
“ဦးလေး”
မြေးတော်က လှမ်းအော်ခေါ်လိုက်သည်။
ကျိဆွေ့သည် ခြေလှမ်းတုံ့သွားပြီး မြေမှုန့်များ၊ ဖုန်မှုန့်များ ကပ်ညိကာ ရှုပ်ပွနေသော သူ၏ တူတော်မောင်၏ ဆံပင်များကို လှမ်းကြည့်လိုက်မိသည်။ သူသည် တူလေး၏ ခေါင်းကို အသာအယာ ပုတ်ပေးပြီး စိတ်အေးအောင် နှစ်သိမ့်ပေးချင်သော်လည်း သူ့တွင် အလွန် အသန့်ကြိုက်တတ်သည့် ရောဂါ ရှိနေသည်။
နောက်ဆုံးတွင် သူ ဘယ်လိုမှ မလုပ်နိုင်တော့ပေ။ သူသည် ကတိတစ်ခုကိုသာ အလျင်အမြန် စကားပါးခဲ့ပြီး လှည့်ထွက် သွားတော့သည်။
“ငါ မင်းကို ဒီနေရာကနေ မရမက ကယ်ထုတ်ပေးမယ်”
သူ့နောက်ကွယ်တွင်မူ ဧကရာဇ်၏ မြေးတော်က ဝမ်းနည်းပက်လက်ဖြင့် အော်ဟစ် ငိုယို ကျန်ရစ်ခဲ့တော့သည်။
“ဝါး... ဦးလေး၊ ကျွန်တော် ဦးလေးကိုပဲ မျှော်နေတော့မယ်နော်”
ကျိဆွေ့သည် ခြေလှမ်းကျဲကြီးများဖြင့် ခပ်သွက်သွက် လျှောက်လှမ်းရင်း အကျဉ်းထောင် အပြင်ဘက်သို့ ရောက်သည်နှင့် သူ၏ ဝတ်ရုံအပြင်ဖုံးကို ဆွဲချွတ်လိုက်သည်။
“ချွမ်ရင်ကျန်းက ဘာဖြစ်လို့ ရုတ်တရက်ကြီး နန်းတွင်းညီလာခံကို တက်ရောက်လာရတာလဲ၊ ပြီးတော့ ဘယ်လိုနည်းနဲ့ ရှေးဟောင်း အယူအဆဂိုဏ်းက အသာစီး ရသွားရတာလဲ”
သူ့နောက်မှ ကပ်လျက် လိုက်ပါလာသော အရာရှိမှာမူ သေသေချာချာ ခေါက်သိမ်းထားသည့် နန်းတွင်းဝတ်စုံ အသစ်တစ်စုံကို လက်မှ ကိုင်ထားရင်း ခေါင်းကို အစွမ်းကုန် နှိမ့်ချကာ အမှီလိုက်နိုင်ရန် ခြေလှမ်းသွက်သွက်ဖြင့် လိုက်လာသည်။
“ကြားသိရသလောက်တော့ ဝန်ထမ်းရေးရာ ဝန်ကြီးဌာနက ရှုလို့ အမည်ရတဲ့ အရာရှိလေးတစ်ယောက်က သူ့ကို ဖိတ်ခေါ်ပြီး ပြန်ခေါ်လာခဲ့တာလို့ သိရပါတယ်”
ထိုအရာရှိလေးသည် အထက်တန်းကျလှသော မဟာပညာကျော်ကြီးက ဤကိစ္စ၏ နောက်ကွယ်မှ တရားခံကို စကား တစ်ခွန်းတည်းနှင့် ချက်ချင်း ရိပ်မိသွားသည်ကို မြင်သောအခါ အလွန်အံ့အားသင့်သွားရတော့သည်။
“ရှုရန်မြောင်လား၊ အဲ့ဒီကောင်က ဘာလို့ နေရာတကာမှာ ပါနေရတာလဲ”
ထိုအမည်နာမကို ကြားလိုက်ရသည်နှင့် အိမ်ရှေ့စံမင်းသား၏ ဆရာသခင်လည်းဖြစ်၊ ဟန်လင်း တော်ဝင် အကယ်ဒမီ၏ ထိပ်သီးပညာရှင်လည်း ဖြစ်သော ကျိဆွေ့၏ မျက်နှာတစ်ခုလုံး ချက်ချင်းဆိုသလို မည်းမှောင် သွားတော့သည်။