ငါ ဒီတူတော်ကို ကယ်ဖို့ လိုလို့လား (၂)
Vol. 3 Ch. 42
[အဟီး... ဟီး... ဟီး…]
[ဆင်းရဲသား ပြည်သူလူထုတွေခမျာ တကယ့်ကို သနားစရာကောင်းလိုက်တာ]
[တော်သေးတာပေါ့၊ မြေးတော်ရဲ့ စရိုက်နဲ့ ကျင့်ဝတ်က ဘာမှသုံးမရဘဲ အောက်တန်းကျနေပေမဲ့၊ သူ့ရဲ့ ဦးလေးဖြစ်တဲ့ ဆရာကြီးကျိက လူကောင်းတစ်ယောက် ဖြစ်နေလို့ပေါ့]
နန်းတွင်းအရာရှိကြီးများ : “...”
သူတို့အားလုံး တည်ငြိမ်လေးနက်သော အမူအရာကို အစွမ်းကုန် ထိန်းထားရန် ကြိုးစားနေကြသည်။ သို့သော် ရှုရန်မြောင်၏ စိတ်ထဲကနေ ငိုချင်းချလိုက်၊ ဘေးကနေ လျှောက်ဆတ်လိုက်လုပ်နေတဲ့ ရင်တွင်းဖြစ် အသံကြီးက လုံးဝကို အံချော်နေလွန်းလှသည် မဟုတ်ပါလော။
ကျိဆွေ့ခမျာ မျက်နှာကြီး တင်းမာသွားပြီး အသက်ကို နောက်ထပ်တစ်ကြိမ် ပြင်းပြင်းကြီး ရှူသွင်းလိုက်ရပြန်သည်။
*ထားလိုက်တော့၊ အခုအချိန်မှာ အရေးကြီးဆုံးက ငါ့တူလေးအတွက် အသနားခံပေးဖို့ပဲ*
သူသည် ပျက်စီးလုနီးပါး ဖြစ်သွားသော နန်းတွင်းထဲက ဝမ်းနည်းကြေကွဲစရာ လေထုကို မရမက လမ်းကြောင်း မှန်ပေါ် ပြန်ရောက်အောင် ဆွဲတင်လိုက်သည်။
“အရှင်မင်းကြီး၊ ဒီအမှုထမ်း ဘေးဒုက္ခကယ်ဆယ်ရေး ခရီးစဉ် မထွက်ခွာခင်တုန်းကလည်း မြေးတော်လေးက သူစုဆောင်းထားတဲ့ ကိုယ်ပိုင် မုန့်ဖိုးဘဏ္ဍာထဲကနေ ငွေကြေးတွေကို ထုတ်ပေးပြီး ဘေးဒုက္ခသည်ပြည်သူတွေကို ဝေငှပေးဖို့အတွက် လမ်းခရီးတစ်လျှောက် ဆန်စပါးတွေ ဝယ်ယူသွားပါလို့ ဒီအမှုထမ်းကို ယုံယုံကြည်ကြည်နဲ့ အပ်နှံခဲ့ပါတယ် ဘုရား။ ဒုက္ခသည် ပြည်သူလူထုတွေ အားလုံးဟာ အရှင်မင်းကြီးနဲ့ မြေးတော်လေးတို့ရဲ့ လှိုက်လှဲလှတဲ့ ကရုဏာတော်အပေါ် ရင်ထဲအထိ အကြီးအကျယ် ကျေးဇူးသစ္စာ သိတတ်နေကြပါတယ် ဘုရား”
[ဟင်၊ အဲ့ဒါကြီးက တကယ် မဟုတ်ပါဘူးနော်၊ တကယ်တမ်း ပြည်သူတွေ အဓိက ကျေးဇူးတင်ကြတာက ဘေးဒုက္ခဆိုးကြီးကို ချက်ချင်း အထက်ကို တင်ပြပေးတဲ့၊ ဆန်ဂိုဒေါင်တွေဖွင့်ပြီး ကယ်ဆယ်ရေး လုပ်ပေးတဲ့ ဒေသခံ အရာရှိတွေကိုပဲဥစ္စာ။ ပြီးတော့ ကျိဆွေ့က မြေရှင်သူဌေးတွေကို စည်းရုံးပြီး ဆန်လှူခိုင်းလို့ ကျေးဇူးတင် ကြတာလေ။ အဲ့ဒီ မြေးတော်လေး လှူလိုက်တဲ့ မုန့်ဖိုးလေး နည်းနည်းပါးပါးက ဘာမှ အရာမဝင်ပါဘူး၊ တကယ်တော့ သူ့အမေက သူ့ကို ငွေပြား ၃,၀၀၀ တိတိ လှူခိုင်းတာကို အဲ့ဒီကောင်စုတ်လေးက နောက်ကွယ်မှာ ငွေပြား ၅၀၀ တောင် ခိုးဝှက်ပြီး ချန်ထားခဲ့တာ]
ကျိဆွေ့ : “…”
သူ ထိုအကြောင်းကို တကယ် မသိခဲ့ပါ။ သူ၏ အကြီးဆုံး တူလေးက တကယ့်ကို စိတ်ရင်းနဲ့ ငွေပြား ၂,၅၀၀ ကို အသည်းအသန် ခြစ်ကုတ်စုဆောင်းပြီး လှူလိုက်တာဟု သူ ထင်နေခဲ့သည်။
*တော်ဝင် မိသားစုက ဘာတွေ လိုအပ်နေလို့လား၊ အစားအသောက်လား၊ အဝတ်အစားလား၊ အဲ့ဒီကြားထဲကမှ ကယ်ဆယ်ရေးအလှူငွေထဲက ၅၀၀ ကို မင်းက ခိုးပြီး ဖြတ်စားရဲသေးတယ်ပေါ့*
နန်းတွင်းအရာရှိကြီးများ : “အာ ... အင်း ... ဟိုလေ ...”
အစောပိုင်းတုန်းက အရာရှိကြီးများ အားလုံးသည် ကျိဆွေ့၏ စကားအဆုံး၌ ဝင်ပြီး အားဖြည့် ထောက်ခံပေးရန် အဆင်သင့် ပြင်ထားကြသည်။ ဧကရာဇ်မင်းမြတ် ကိုယ်တိုင်ကလည်း မြေးတော်လေးကို ထောင်ကလွှတ်ချင်တဲ့ အရိပ်အယောင် ပြနေကြောင်း ထင်ရှားလှသည်။ ထို့ကြောင့် သူတို့ကပါ ဘေးကနေ ဝိုင်းဝန်းပြီး မြေးတော်ကို ချီးကျူးကာ ဧကရာဇ်အား ငယ်ရွယ်သူဖြစ်၍ ခွင့်လွှတ်ပေးရန် တောင်းဆိုချင်နေကြသည်။
သို့သော် ယခုအခါ၌ သူတို့အားလုံး ဧကရာဇ်မင်းမြတ်၏ တစ်ဖြည်းဖြည်း တင်းမာလာသော မျက်နှာအမူအရာကို လှမ်းကြည့်ရင်း ရင်ထဲမှာ အကြီးအကျယ် ဒွန်တွဲနေကြတော့သည်။
ငါတို့ အဲ့ဒီကောင်လေးအတွက် လှေကားထောင်ပေးတဲ့ အကွက်ကို ဆက်လုပ်ရဦးမလား*
ကျိဆွေ့တစ်ဦးတည်းသာလျှင် သူ၏ တူတော်မောင်အတွက် ရုန်းကန်နေဆဲဖြစ်သည်။
သူ၏ တူတော်အတွက် ကောင်းကွက်များဖြင့် အသနားခံ၍ မရပါက သူ၏ ကိုယ်ပိုင် အောင်မြင်မှုများကို သုံး၍ ဧကရာဇ်၏ သနားကြင်မှုကို တောင်းခံရလေမလား။
“ဒီအမှုထမ်းအနေနဲ့ ဒီတစ်ခေါက် ဘေးဒုက္ခကယ်ဆယ်ရေးလုပ်ငန်းကို သွားရောက်ကြီးကြပ်ခဲ့တာဟာ မိမိရဲ့ တာဝန်ဝတ္တရားကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ရုံမျှသာ ရှိပါတယ် ဘုရား။ အခုလို အရှင်မင်းကြီးရဲ့ အသိအမှတ် ပြုခြင်းကို ခံရပြီး ပြည်သူလူထုတွေရဲ့ ချစ်ခင်မြတ်နိုးမှုကို ရရှိခဲ့တာဟာ... တကယ့်ကို ကံကောင်းလှပါတယ် ဘုရား”
[ဟင်း]
ရှုရန်မြောင်သည် သူ၏ စိတ်ကူးစိတ်သန်းများကို အတောမသတ် စေလွှတ်လိုက်ပြီး၊ သူ၏ ဦးနှောက်ထဲက နိုင်ငံရေးအာဏာ ခွဲခြမ်းစိတ်ဖြာချက် ဇာတ်ညွှန်းကြီးကို ယခုကဲ့သို့ ဆက်လက်၍ အားရပါးရ ကြိုးကိုင် မွှေနှောက် နေလေတော့သည်။
*ဒါက ငါ့ဘာသာငါ ခန့်မှန်းကြည့်တာ သက်သက်ပါပဲ၊ ဒါပေမဲ့ ငါ့ကို ရဲရဲဝံ့ဝံ့ကြီး စိတ်ကူးယဉ်ပြီး သုံးသပ်ခွင့် ပြုစမ်းပါဦး*
[တကယ့်ကို ဇာတ်လိုက်မင်းသားရဲ့ စံနမူနာအတိုင်းပါပဲလား၊ ငါ ထင်တဲ့အတိုင်းပဲဟေ့၊ ဒီလောက်အထိ ရာထူး အာဏာ ကြီးမားလှတဲ့ ဇာတ်လိုက်ကြီးတစ်ယောက်က နန်းတွင်းထဲမှာ ဒူးထောက် ဦးညွှတ်စရာမလိုတဲ့ အထူးအခွင့်အရေး၊ ဧကရာဇ်ကိုယ်တိုင် အိမ်အထိ လာရောက်လည်ပတ်ရတဲ့ ဂုဏ်ဒြပ် ဒါမှမဟုတ် နန်းတော်ထဲကို ဓားဆွဲပြီး ဝင်ထွက်ခွင့်ရတဲ့ အာဏာမျိုးတွေကို ရဖို့အတွက် နောက်ထပ်တစ်ဆင့် ထပ်ပြီး မရုန်းကန်ဘဲ နေပါ့မလား]
[ဒါက သူက ဧကရာဇ်ကို သွယ်ဝိုက်တဲ့နည်းနဲ့ သတိပေးနေတာဗျ၊ ‘ပြည်သူလူထုတွေအကုန်လုံးက ငါ့နောက်ကွယ်မှာ ရှိနေကြတယ်နော်၊ တကယ်လို့ မင်းကြီးက ငါ့ရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုရင်တော့ ကောင်းတာပေါ့၊ တကယ်လို့ အသိအမှတ်မပြုဘူးဆိုရင်လဲ ငါ့မှာ ပြည်သူတွေရဲ့ ထောက်ခံမှု အပြည့်အဝ ရှိနေသေးတယ်’ ဆိုပြီးတော့ပေါ့]
*လျှောက်ပြီးတော့ အဓိပ္ပာယ်မရှိတာတွေ လျှောက်မမွှေစမ်းပါနဲ့ကွာ*
ကျိဆွေ့ခမျာ စိတ်တိုတုန်လှုပ်လွန်းသဖြင့် သူ၏ လက်ချောင်းလေးများပင် တစ်ဆတ်ဆတ် တုန်ရင်လာခဲ့ ရတော့သည်။
“ပြည်သူလူထုတွေအားလုံးက သူတို့ ခုလို အသက်ဘေးကနေ လွတ်မြောက်ခဲ့ရတာက အရှင်မင်းကြီးရဲ့ အလွန် အမြော်အမြင်ကြီးမားလှတဲ့ ဉာဏ်ပညာတော်ကြောင့်သာ ဖြစ်တယ်ဆိုတာကို ကောင်းကောင်းကြီး သိကြပါတယ် ဘုရား၊ အရှင်မင်းကြီးအနေနဲ့ တိုင်းပြည်အပေါ် ကရုဏာ မထားဘဲအခွန်ဝန်ကြီးဌာနကို အမြန်ဆုံးနှုန်းနဲ့ ဒုက္ခသည် ကယ်ဆယ်ရေးဆန်တွေ စေလွှတ်ဖို့ အမိန့်မပေးခဲ့ဘူးဆိုရင် ပြီးတော့ ဒုက္ခသည်ဒေသတွေရဲ့ အခွန်အတုတ်တွေကို ကင်းလွတ်ခွင့် မပေးခဲ့ဘူးဆိုရင် ဒီအမှုထမ်း အဲ့ဒီနေရာကို မရောက်ခင်ကတည်းက ကွေ့ရှီ၊ ယုံဖုန်းနဲ့ ရှင်းအန်း ဒေသတစ်ခုလုံးမှာ လူသေကောင်တွေ တောင်လိုပုံနေလောက်ပါပြီ ဘုရား”
ထိုအခါ ရှုရန်မြောင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
[အခုမှ ကြောက်သွားပြီလား၊ တကယ်လို့ မင်းကြီးက ငါနဲ့ ထိုက်တန်တဲ့ ဆုလာဘ်နဲ့ အခွင့်အရေးတွေကို မပေးဘူးဆိုရင် နောက်တစ်ခါ ဘေးဒုက္ခကယ်ဆယ်ရေး စေလွှတ်တဲ့အခါ မင်းရဲ့ တော်ဝင် အထူး ကိုယ်စားလှယ်ကြီးက မင်းရဲ့မြေယာတွေကို ငတ်မွတ်ခေါင်းပါးဘေးထဲမှာပဲ ပစ်ထားပြီး အပုပ်ခံလိုက်မှာနော်၊ အဘိုးကြီး၊ မင်း ဒီလိုမျိုး ဖြစ်သွားတာကိုတော့ လုံးဝ အဖြစ်ခံမှာမဟုတ်ဘူးမလား ဟိဟိ]
ဧကရာဇ်မင်းမြတ်၏ နှုတ်ခမ်းထောင့်စွန်းများမှာ အလိုအလျောက် တွန့်ချိုးသွားရတော့သည်။ သူသည် ရှုရန်မြောင်ကို ပြောချင်နေခဲ့သည်။
*မင်းသာ ဆက်ပြီး လျှောက်တွေးနေဦးမယ်ဆိုရင် ကျိဆွေ့တစ်ယောက် အပြစ်ပေးခံရဖို့ ငါ့ရှေ့မှာ ဒူးထောက်ပြီး ငိုယို တောင်းပန်ရတော့မယ့် အခြေအနေ ဆိုက်နေပြီဟ*
*ကျိဆွေ့က လမ်းမှားရောက်နေတဲ့ သူ့ရဲ့ တူကောင်စုတ်လေးကို ထောင်ထဲကနေ ပြန်ကယ်ချင်ရုံ သက်သက် လေးပါကွာ*
*ကျိဆွေ့ခမျာ ဒီလိုမျိုး အတွေးနဲ့ အစော်ကားခံရဖို့ မထိုက်တန်ပါဘူးကွ*
ဧကရာဇ်မင်းမြတ် အနေဖြင့် ရှုရန်မြောင်၏ စိတ်ကူးယဉ် အဓိပ္ပာယ်မရှိသော တွေးတောချက်များကို လုံးဝ ယုံကြည်ခြင်း မရှိပေ။ ဤကောင်စုတ်လေးသည် ဝတ္ထုဇာတ်လမ်းပေါင်းစုံကို ခေါင်းထဲထည့်ကာ ဘေးကနေ ကိုယ်တိုင် စိတ်ကူးယဉ်ပြီး သရော် ဖျော်ဖြေနေခြင်းသက်သက်သာ ဖြစ်ပေသည်။
ကျိဆွေ့မှာမူ အကျပ်ရိုက်နေလေသည်။
“မြေးတော်လေးက ငွေပြား ၃,၀၀၀ ထဲကနေ ၅၀၀ ကို ကိုယ်တိုင် ခိုးဝှက်ပြီး ချန်ထားခဲ့မိတယ်ဆိုပေမဲ့ သူက အသက်အရွယ် ငယ်ရွယ်သေးတဲ့ ကလေးတစ်ယောက်မျှသာ ရှိပါသေးတယ် ဘုရား ... ကလေးသာသာလေးပဲ ရှိသေးလို့ပါ”
ထိုအခါ နန်းတွင်းအရာရှိကြီးများအားလုံးက ကျိဆွေ့ကို ကြည့်ကာ အကြီးအကျယ် သနားကရုဏာ သက်သွားကြ တော့သည်။
ဤသည်က အရှိန်အဝါ ကြီးမားလှသော ဆရာကြီး ကျိဆွေ့တဲ့လား။ ရှုရန်မြောင်၏ ဘေးမှ လျှောက်မွှေနေသော အတွေးစကားတွေကြောင့် သူသည် စကား အပြောအဆိုများ ပျက်စီးသွားရပြီး ကလေးပဲ ရှိသေးလို့ပါ ဟူသော အဓိပ္ပာယ် မရှိသော စကားမျိုးအထိ လျှောချလိုက်ရသည်။
ထိုစဉ် ရှုရန်မြောင်ကမူ သူ၏ ရင်တွင်းဖြစ်ထဲ၌ ယခုကဲ့သို့ စာတန်းထိုးကာ ရွတ်ဆိုလိုက်ပြန်သည်။
[ ဟုတ်တယ်၊ သူက ကလေးပဲရှိသေးတာလေ၊ အဲ့ဒါကြောင့်မို့လို့ သူ့ကို ထောင်ထဲကနေ လုံးဝ လွှတ်မပေးသင့်ဘဲ ပိုပြီး ပြစ်ဒဏ်ခတ်ရမယ့် အကြောင်းပြချက်အစစ်အမှန်ပေါ့ဗျာ]
*မင်း... အခုချက်ချင်း... ပါးစပ်ပိတ်ထားစမ်း*
ကျိဆွေ့ခမျာ ဒေါသတကြီးဖြင့် သူ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထားမိတော့သည်။
“အရှင်မင်းကြီး၊ ဒီအမှုထမ်းအနေနဲ့ နှိမ့်ချစွာ လျှောက်တင်ချင်တာကတော့ မြေးတော်လေးက ငယ်ရွယ်သေးတယ် ဆိုပေမဲ့ တိုင်းပြည်ရဲ့ ဝန်ထုပ်ဝန်ပိုးကို ကူညီထမ်းပိုးချင်တဲ့ စိတ်ဆန္ဒရှိတာကို ပြသခဲ့ပြီးသား ဖြစ်ပါတယ် ဘုရား၊ တစ်ခါတစ်ရံမှာ သူ့ရဲ့ အပြုအမူတွေက စူးစမ်းဆင်ခြင်မှုမရှိဘဲ ရဲတင်းလွန်းနေတတ်ပေမဲ့ သူ့ရဲ့ စိတ်ရင်းစေတနာ ကတော့ အကောင်းကြီးပါ ဘုရား။ သူက ငယ်ရွယ်လွန်းသေးလို့ အချို့သော ကိစ္စရပ်တွေရဲ့ ကြီးလေးနက်နဲပုံကို သေသေချာချာ နားမလည်သေးတာပဲ ဖြစ်ပါတယ်၊ ဒါကြောင့် ယခုအချိန်မှာ သူ့ကို လမ်းမှန်ပေါ်ရောက်အောင် စနစ်တကျ သွန်သင်ဆုံးမပေးနိုင်မယ့် တင်းကြပ်တဲ့ ဆရာသခင်ကောင်း တစ်ယောက် လိုအပ်နေတာ ဖြစ်ပါတယ် ဘုရား၊ ဒါကြောင့် အရှင်မင်းကြီးအနေနဲ့ သူ့ကို ပြစ်ဒဏ်ပေးတာတစ်ခုတည်းနဲ့တင် မပြီးဘဲ နောင်တချိန်မှာ အသုံးကျ လာအောင် စည်းကမ်းကြီးမားတဲ့ ဆရာကြီးတစ်ယောက်နဲ့ သေသေချာချာ ပညာသင်ကြား ပျိုးထောင် ပေးဖို့ အနူးအညွတ် သနားခံအပ်ပါတယ် ဘုရား”
လုံလောက်လေပြီ။
ကျိဆွေ့သည် မျှော်လင့်ချက်မဲ့စွာဖြင့် သူ၏ မျက်ဝန်းအစုံကို မှိတ်ချလိုက်မိတော့သည်။
သူ ဘာများ ထပ်ပြောနိုင်ဦးမည်နည်း။
လက်ရှိအချိန်တွင် ကျိဆွေ့သည် မိမိကိုယ်ကို စာမေးပွဲခန်းထဲ၌ စာစီစာကုံး တစ်စောင်ကို ရေးသားနေမိသည့် ကျောင်းသား တစ်ယောက်ပမာ ခံစားလိုက်ရတော့သည်။ စာစီစာကုံး ရေးနေရင်း အလယ်ကောင်၌ လမ်းကြောင်း တောင်ရောက်မြောက်ရောက်ဖြင့် လုံးဝ လွဲချော်သွားခဲ့ရကာ နောက်ဆုံးစာပိုဒ်ကျမှ ဇာတ်သိမ်းကို မရမက အတင်းပြန်ဆွဲစိပြီး လျှောက်ဖာနေရသည့် ကူကယ်ရာမဲ့ ဒုက္ခသည်တစ်ဦးကဲ့သို့ပင်။
တစ်ဖက်တွင်မူ လွန်ခဲ့သည့် သုံးရက်တိတိ ပတ်လုံး မိမိနှင့်အတူ အာပေါင်အာရင်းသန်သန်ဖြင့် အကြိတ်အနယ် ငြင်းခုံခဲ့သော ဉာဏ်အလွန်ထက်မြက်လှသည့် ပြိုင်ဘက်ကြီး ကျိဆွေ့တစ်ယောက် ယခုအခါ ရှုရန်မြောင်၏ စိတ်ထဲက မွှေနှောက်ချက်များကြောင့် လုံးဝကို အလဲလဲအပြိုပြို ဖြစ်ကာ ကမူးရှူးထိုး အရေးနိမ့်နေပုံကို ဘေးမှ ရပ်ကြည့်နေရသော ဆရာကြီး ချွမ်ရင်ကျန်းတစ်ယောက် ဝန်ကြီးချုပ်ကြီးသော်၏ စကားလုံးများကို မရည်ရွယ်ဘဲ ပြန်လည်အမှတ်ရသွားမိတော့သည်။
“ဒီခန်းမဆောင်ကြီးဆီကို ဆရာကြီး ရောက်ရှိလာတာကို လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ”
ကမ္ဘာသစ်ကြီးဆီမှ ကြိုဆိုပါ၏။
*ဒီကမ္ဘာသစ်ကြီးက တကယ်ပဲ မလွတ်နိုင်တော့ဘူးလား*
တစ်ချိန်တည်းမှာပင်... ကျိဆွေ့၏ ဦးနှောက်ထဲ၌လည်း အတွေးတစ်ခုက ဝုန်းခနဲ ဝင်ရောက်လာခဲ့ချေပြီ။
*နေပါဦး ငါ့မှာ ဒီလို သုံးစားမရတဲ့ တူကို တကယ်ပဲ အသက်နဲ့လဲပြီး မရမက လိုက်ကယ်နေဖို့ လိုအပ်လို့လား*