ဗုဒ္ဓဘာသာရဲ့ သန့်စင်တဲ့နယ်မြေထဲမှာ ဒီလို ရှက်စရာ ကိစ္စ ဖြစ်ရတယ်လို့ (၁)
Vol. 3 Ch. 43
နန်းတွင်း ညီလာခံကြီး ပြီးဆုံး၍ အရာရှိကြီးများ လူစုခွဲသွားကြပြီးနောက် အိုမင်းရင့်ရော်လှပြီ ဖြစ်သော ဧကရာဇ် မင်းမြတ်သည် ကျိဆွေ့အား ဝူရင်ဆောင်ဆီသို့ သီးသန့် ခေါ်ယူ တွေ့ဆုံလိုက်တော့သည်။
“ဒီတစ်ခေါက် ဘေးဒုက္ခကယ်ဆယ်ရေး သွားလုပ်တုန်းက သူတို့ရဲ့ကျွန်တွေကို ပြန်မလွှတ်ပေးဘဲ ခေါင်းမာနေတဲ့ ဒေသခံ မြေရှင် အတော်များများကိုပါ တရားဝင် ကွပ်မျက်ပစ်ခဲ့တယ် မဟုတ်လား”
ထိုစကားကို ကြားလိုက်ရသောအခါ ကျိဆွေ့သည် ဘာမှပြန်မပြောဘဲ တိတ်ဆိတ်စွာဖြင့်သာ ခေါင်းညိတ် ဝန်ခံလိုက်ရှာသည်။
“အဲ့ဒီကလေးမလေးကိုရော ရှာတွေ့ခဲ့ရဲ့လား”
ကျိဆွေ့သည် ဝမ်းနည်းရိပ်သန်းလျက်ဖြင့် ခေါင်းကိုသာ ခါယမ်းပြလိုက်မိတော့သည်။
“မင်းအနေနဲ့ အဲ့ဒီကလေးအတွက် မင်းရဲ့အင်အားတွေကို အလွန်အမင်း အကုန်အကျခံ သုံးစွဲခဲ့ပြီးပြီ၊ မင်းရဲ့ ကြိုးပမ်း အားထုတ်မှုတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က အဲ့ဒီသမီးလေးကို လိုက်လံ ရှာဖွေဖို့ အတွက်ပဲ ပေးဆပ်ခဲ့တာ မဟုတ်လား၊ မင်းရဲ့ဇနီး ချင်းဟယ်ကိုတောင် နောက်ထပ် ကလေးတစ်ယောက် ထပ်မံမွေးဖွားဖို့ မတောင်းဆိုခဲ့ဘူး၊ မင်းဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ ညှဉ်းပန်းနှိပ်စက်နေရတာလဲ၊ ဒါတွေ ဖြစ်ပျက်ခဲ့တာ နှစ်ပေါင်း များစွာတောင် ကြာမြင့်ခဲ့ပြီပဲဥစ္စာ”
အိုမင်းလှပြီဖြစ်သော ဧကရာဇ်မင်းမြတ်က လေသံကို ခပ်အေးအေးသို့ လျှော့ချကာ ဖျောင်းဖျပြောဆိုရှာသည်။
“ကျိုက်နျန်၊ မင်းတို့ ကျိမျိုးနွယ်စုရဲ့ သွေးသား မျိုးဆက်ကိုလည်း မပြတ်တောက်အောင် ဆက်လက် ထိန်းသိမ်း ရဦးမယ် မဟုတ်လား”
ကျိုက်နျန် ဆိုသည်မှာ ကျိဆွေ့၏ ရင်းနှီးကျွမ်းဝင်သူများသာ ခေါ်ဝေါ်လေ့ရှိသော ဂုဏ်ထူးဆောင် အမည် ဖြစ်ပေသည်။
ကျိဆွေ့က ပြတ်ပြတ်သားသားပင် ပြန်လည်လျှောက်တင်လိုက်သည်။
“အရှင်မင်းကြီး၊ သူက ဒီအမှုထမ်းရဲ့ သားဦး ရတနာ ပထမဆုံး သမီးလေး ဖြစ်ပါတယ်၊ စစ်မက်ဖြစ်ပွားရာ ကာလတုန်းက ပျောက်ဆုံးသွားခဲ့ရတာမို့လို့ ဒီအမှုထမ်းအနေနဲ့ ဘာပဲဖြစ်ဖြစ် သူ့ကို မရမက ပြန်လည် ရှာဖွေရပါလိမ့်မယ် ဘုရား”
ဧကရာဇ်မင်းမြတ်က သက်ပြင်းတစ်ချက်ကို အသာချလိုက်သည်။
“ငါကိုယ်တော် နားလည်ပါတယ်၊ ပြီးခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံး မင်း အဲ့ဒီကလေးမလေးကို ရှာဖွေဖို့အတွက် နန်းတွင်းက မှူးမတ်သူကောင်းတွေနဲ့ ဒေသခံ သူဌေးကြီးတွေ ဘယ်လောက်အထိကို ရန်ငြိုးဖွဲ့ စော်ကားမိ ခဲ့မှန်းတောင် မသိတော့ဘူး”
ကျိဆွေ့၏ ပြီးခဲ့သည့် နှစ်ပေါင်းများစွာက လုပ်ရပ်များကို ပြန်လည်တွေးတောကြည့်ရင်း သူ၏ လုပ်ဆောင်ချက် များမှာ အစွန်းရောက်လွန်းလှသည်ဟု ဧကရာဇ်မင်းမြတ် ကိုယ်တိုင်ပင်လျှင် လက်ခံဝန်ခံရမည် ဖြစ်သည်။
အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ စစ်မက်ဖြစ်ပွားပြီး တိုင်းပြည်ပျက်စီးနေသော အချိန်မျိုးတွင် မိန်းကလေး ငယ်လေး တစ်ယောက် အသက်ရှင်သန်နိုင်ရန် အရှိဆုံးအခွင့်အရေးဆိုသည်မှာ မိမိကိုယ်ကို ကျွန်အဖြစ် ရောင်းချခြင်း ဒါမှမဟုတ် ပြည့်တန်ဆာအိမ်များဆီသို့ ရောင်းစားခံရတာမျိုးပဲ ရှိတတ်သည် ဟူသည့် အမှန်တရားကို ကျိဆွေ့ ကောင်းကောင်းကြီး သိထားသောကြောင့် ဖြစ်၏။ ထို့ကြောင့်လည်း သူသည် နန်းတွင်း၌ ရာထူးအာဏာနှင့် ဂုဏ်သတင်း အောင်မြင်မှုများကို မရမက ရအောင်ယူခဲ့ပြီး အခွင့်အခါကောင်းကို စောင့်ဆိုင်းကာ ဥပဒေသစ် တစ်ခုကို အတင်းအကျပ် ပြဋ္ဌာန်းခိုင်းခဲ့ခြင်း ဖြစ်ပေသည်။
“အကယ်၍ ကျွန်အဖြစ် ခံယူနေရသူ မည်သူမဆိုသည် မိမိတို့သည် မွေးဖွားစဉ်ကတည်းက ကျွန်မဟုတ်ဘဲ လွတ်လပ်သူ ဖြစ်ပါသည်ဟု အစိုးရထံ အသနားခံစာ တင်ပြလာပါက ထိုအချက်သည် အမှန်ဖြစ်စေ၊ အမှားဖြစ်စေ သက်သေပြစရာမလိုဘဲ သူတို့ကို ချက်ချင်း လွတ်လပ်ခွင့် ပေးရမည်”
အချို့သော မိန်းကလေးငယ်များမှာ ချုပ်နှောင်ခံရခြင်း သို့မဟုတ် ခြိမ်းခြောက်ခံထားရသဖြင့် အပြင်သို့ အသနားခံစာ မတင်ပြနိုင်ကြမည်ကို စိုးရိမ်သောကြောင့် ကျိဆွေ့သည် အခါအားလျော်စွာ ဩဇာကြီးမားလှသော အရာရှိကြီးများနှင့် မှူးမတ်များ၏ အိမ်ဂေဟာများဆီသို့ တရားဝင် အလည်အပတ် သွားရောက်လေ့ရှိသည်။
ကျိဆွေ့၏ ရာထူးအဆင့်အတန်းနှင့် အရှိန်အဝါကြီးမားပုံကြောင့် ထိုသူဌေးကြီးများမှာ သူ့ကို လုံးဝ မစော်ကားရဲ ကြချေ။ ထို့ကြောင့် သူတို့သည် မကျေနပ်ကြသော်လည်း အနည်းဆုံးတော့ အပြင်ပန်းအားဖြင့် သူတို့၏ ကျွန်များကို လွတ်လပ်သော အငှားအလုပ်သမားများအဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့ကြရပြီး ဤဥပဒေနှင့် လွတ်ကင်းသည့် အစိုးရပိုင် ကျွန်များကိုသာ ဆက်လက် သိမ်းဆည်းထားရတော့သည်။
သို့သော်လည်း နယ်စားကြီးများ သို့မဟုတ် မြို့စားကြီးများကဲ့သို့သော အလွန် ဩဇာ ကြီးမားလှသည့် အထက်တန်းစား မိသားစုအချို့ကမူ ၎င်းတို့၏ ကျွန်စာချုပ်များကို လူသိရှင်ကြားပင် ဆက်လက် အသုံးပြုနေကြဆဲ ဖြစ်ပေသည်။
ထို့ကြောင့်လည်း ကျိဆွေ့နှင့် အရှိန်အဝါကြီးမားလှသော အထက်တန်းစား သူကောင်းမျိုးနွယ်စုများအကြား ဆက်ဆံရေးမှာ အမြဲတစေ တင်းမာနေခဲ့ရပြီး သူသည် မှူးမတ်မျိုးနွယ်များ၏ ပြင်းပြင်းထန်ထန် ဝေဖန် ပုတ်ခတ်ခြင်း ကိုလည်း တောက်လျှောက် ရင်ဆိုင်ခဲ့ရရှာသည်။
ထို့အပြင် ပြီးခဲ့သည့် နှစ်ပေါင်းများစွာအတွင်း သူသည် ပြည့်တန်ဆာအိမ် အမြောက်အမြားကိုလည်း အတင်းအကျပ် ပိတ်ပစ်ခဲ့ပြီး ထိုနေရာရှိ မိန်းကလေးတိုင်းကို တခြားသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းအသစ်များ ရရှိအောင် သေသေချာချာ စီစဉ်ပေးခဲ့သည်။ အကြောင်းမှာ မိမိဘက်က အနည်းငယ်မျှ ပေါ့ဆမိရုံဖြင့် မိမိ၏ ရင်သွေးဖြစ်သော သမီးငယ်လေးသည် ထိုကဲ့သို့သော ငရဲခန်းအပုပ်နံ့နံသည့် နေရာမျိုးဆီသို့ ရောက်ရှိသွားမည်ကို သူ အလွန်အမင်း ကြောက်ရွံ့နေမိသောကြောင့်ဖြစ်ကာ ထိုသို့သာ ဖြစ်လာခဲ့ပါက တစ်သက်လုံး နောင်တရပြီး ရင်ကွဲနာကျရမည်ကို စိုးရိမ်နေမိသောကြောင့် ဖြစ်၏။
အိုမင်းလှပြီဖြစ်သော ဧကရာဇ်မင်းမြတ်မှာမူ ဤမျှအထိ ခံစားနေရသော သစ္စာရှိအမတ်ကြီးကို ကြည့်ကာ နောက်ထပ် စကားကို အောင့်ထားနိုင်ခြင်း မရှိတော့ချေ။
“မင်းလဲ ရှုရန်မြောင်ရဲ့ ထူးခြားဆန်းပြားတဲ့ စွမ်းရည်တွေကို ရိပ်မိပြီးသား ဖြစ်မှာပါ၊ အခု မင်းလဲ ဘေးဒုက္ခ ကယ်ဆယ်ရေးကနေ ပြန်ရောက်လာပြီဆိုတော့... သူ့ကို နည်းနည်းပါးပါးလောက် စကားအကဲခတ်ပြီး စမ်းသပ် ကြည့်လို့ ရတာပဲ။ တစ်ခါတလေကျရင် ဘုရားပေးတဲ့ အခွင့်အရေး ဖြစ်လာနိုင်တာပဲ မဟုတ်လား”
ကျိဆွေ့သည် ထိုစကားကြောင့် အမှန်ပင် ဆွံ့အကာ ခဏမျှ တုံ့ဆိုင်းသွားရပြီးမှ ဖြည်းညှင်းစွာဖြင့် ပြန်လည် လျှောက်တင်လိုက်သည်။
“ဒီအမှုထမ်းအပေါ် ထောက်ထားညှာတာပေးတဲ့အတွက် ကျေးဇူး ကြီးမားလှပါတယ် အရှင်မင်းကြီး”
“ဒါပေမဲ့...”
ကျိဆွေ့သည် သူ၏ မျက်ဝန်းအစုံကို တင်းတင်းပိတ်လိုက်မိတော့သည်။ ရှုရန်မြောင်၏ ထူးဆန်းသော စွမ်းရည်များနှင့် မိမိ၏ ပျောက်ဆုံးနေသော သမီးငယ်လေး၏ အကြောင်းကို ဆက်စပ်ပြီး တွေးမိလိုက်တိုင်း သူ၏ ရင်ထဲ၌ ထိန်းမနိုင် သိမ်းမရ ဖြစ်ပေါ်လာတတ်သော ဗာဟီရဖြစ်မှုများနှင့် သောကအမှောင်ထုများကို မနည်းပင် ဖိနှိပ်ချုပ်တည်းထားရသည်.
“ဒါပေမဲ့... ဒီအမှုထမ်းအနေနဲ့ တကယ်ပဲ မဝံ့ရဲပါဘူး ဘုရား”
နှစ်ပေါင်း သုံးဆယ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ စစ်မက် ဘေးဒဏ်၏ ကမောက်ကမ ရက်စက်မှုများအောက်တွင် မိမိ၏ သမီးငယ်လေးမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းကပင် အသက်ပျောက်ကွယ်သွားခဲ့ရရှာပြီလားဟု သူ အမြဲတစေ တွေးကြောက်နေမိသည်။ ရှုရန်မြောင်၏ စိတ်ထဲမှ ထိုကဲ့သို့သော ရင်ကွဲမတတ် ဝမ်းနည်းစရာ သတင်းဆိုးမျိုးကို ကြားလိုက်ရမည်ကို သူ အလွန်အမင်း ထိတ်လန့် စိုးရိမ်နေမိခြင်း ဖြစ်ပေသည်။
ထို့အပြင် ကျိဆွေ့၏ မျက်တောင်စဥ်များမှာ တုန်ရီနေခဲ့ပြီး ဧကရာဇ်မင်းမြတ်ထံသို့ သူ၏ တောင်းဆိုချက်ကို ထပ်မံ၍ အနူးအညွတ် လျှောက်တင်လိုက်ပြန်သည်။
“အရှင်မင်းကြီး၊ ဒီအမှုထမ်းအပေါ် သနားကရုဏာ သက်တော်မူပါ ဘုရား၊ ရှုရန်မြောင်ရဲ့ ရှေ့မှောက်မှာ ဒီအမှုထမ်းရဲ့ သမီးငယ်လေးအကြောင်းကို ဘယ်သောအခါမှ ထုတ်ဖော် မိန့်ကြားခြင်း မပြုပါနဲ့ ဘုရား”
အချိန်တန်လျှင်တော့ သူကိုယ်တိုင်ပဲ ရှုရန်မြောင်ကို သွားရောက်မေးမြန်းပါလိမ့်မည်။ သို့သော် ယခုအချိန်မှာတော့ မဟုတ်သေးပါ။
ကျိဆွေ့အနေဖြင့် မိမိ၏ တူဖြစ်သူကို ကူညီကယ်တင်ရန် စိတ်ကူးရှိနေဆဲ ဖြစ်ပေသည်။ ၎င်းမှာ နှစ်ပေါင်းများစွာ အတူရှိခဲ့သည့် သံယောဇဉ်ကြောင့်တင်မကဘဲ ထိုတူဖြစ်သူနှင့် မိမိ၏ ပျောက်ဆုံးသွားသော သမီးငယ်လေးတို့မှာ နှစ်မတူသော်လည်း မွေးနေ့ချင်း တိုက်ဆိုင်နေသောကြောင့်လည်း ဖြစ်၏။ သနားစရာကောင်းလှသည့် မိမိ၏ သမီးလေးကို တွေးမိလိုက်တိုင်း သူသည် မိမိ၏တူ အပေါ်တွင်လည်း ပိုမို၍ ကြင်နာသနားတတ်ကာ ခွင့်လွှတ် ပေးလိုစိတ်များ ဖြစ်ပေါ်လာရစမြဲ ဖြစ်သည်။
ထို့ကြောင့်ပင် စာစီစာကုံး ရေးသားခြင်း ပျက်စီးသွားခဲ့ရသည့် ထိုနေ့မှစ၍ လဝက်ခန့်အကြာတွင် ကျိဆွေ့သည် နန်းတော်တွင်းသို့ နောက်တစ်ကြိမ် ထပ်မံဝင်ရောက်ခဲ့ပြန်သည်။
အဓိက မှတ်သားရမည့်အချက်မှာ သူသည် ရှုရန်မြောင် တစ်ဝိုက်တွင် မရှိသည့် အချိန်ကို သေသေချာချာ ရွေးချယ် ပြီးမှ လာခဲ့ခြင်း ဖြစ်ပေသည်။
ဤတစ်ခေါက်တွင်မူ ကိစ္စအဝဝက ချောချောမွေ့မွေ့ ရှိလှသည်။ သူသည် အိုမင်းလှပြီဖြစ်သော ဧကရာဇ် မင်းမြတ်အား လော့ရန်ခရိုင်ရှိ ယွီလုံဘုရားကျောင်းဆီသို့ ကြွမြန်းရန် အကြံပြုဖိတ်မန္တက ပြုခဲ့သည်။ ထိုဘုရားကျောင်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက မိဖုရားခေါင်ကြီး ကိုယ်တိုင် မြတ်စွာဘုရားထံ ဆုတောင်း မေတ္တာပို့သပြီးနောက် ထိုနေ့ညမှာပင် ကိုယ်ဝန်ဆောင်စ လက္ခဏာ စတင်ပြသခဲ့ကာ နောက်ထပ် ခြောက်လ အကြာတွင် ယခုလက်ရှိ အိမ်ရှေ့စံ မင်းသားကြီးကို အောင်မြင်စွာ ဖွားမြင်တော်မူခဲ့သည့် သမိုင်းဝင် ဘုရားကျောင်းလည်း ဖြစ်ပေသည်။
ထို့အပြင် ကျိဆွေ့သည် ထိုဘုရားကျောင်းအတွင်း၌ ဧကရာဇ်မင်းမြတ် စိတ်ကြည်လင်စေရန်အတွက် လူ တစ်ယောက် ကိုပါ ကြိုတင်စီစဉ် ပျိုးထောင်ထားခဲ့သေးသည်။
“ရှုရန်မြောင်”
အိုမင်းလှပြီဖြစ်သော ဧကရာဇ်မင်းမြတ်သည် သူ၏ လက်ထဲမှ အမွှေးတိုင်ကို အသာအယာ ချထားလိုက်ရင်း အံ့အားသင့်သွားလေသည်။
“မင်းက အိမ်ထောင်လဲ မရှိသေးဘဲနဲ့ ဒီဘုရားကျောင်းကို ကလေးဆုတောင်းဖို့ ဘာလာလုပ်နေတာလဲ”
ကျိဆွေ့ခမျာ ရုတ်တရက် ခန္ဓာကိုယ်ကြီး ယိုင်နဲ့သွားရတော့သည်။
*မဟုတ်ဘူးလေ၊ အဲ့ဒါ ငါ စီစဉ်ထားတဲ့သူ မဟုတ်ဘူး*
ရှုရန်မြောင်သည် အံ့အားသင့်စွာဖြင့် လှည့်ကြည့်လာသည်။
“အရှင်မင်း ——”
ထိုအခါ အိုမင်းလှပြီဖြစ်သော ဧကရာဇ်မင်းမြတ်သည် ဆတ်ခနဲ လှုပ်ရှားလိုက်ပြီး ရှုရန်မြောင်၏ ပါးစပ်ကို လက်ဖြင့် ကမန်းကတန်း လှမ်းပိတ်၍ တီးတိုးပြောဆိုလိုက်သည်။
“လူသိမခံဘဲ လျှို့ဝှက် ခရီးထွက်လာတာ”
ဧကရာဇ်မင်းမြတ်အနေဖြင့် မျက်ရိပ်ပြရုံမျှဖြင့် ရှုရန်မြောင်တစ်ယောက် လိမ္မာပါးနပ်စွာ ပါးစပ်ပိတ်သွားလိမ့်မည် ဟူသော မျှော်လင့်ချက်ကို လုံးဝ လက်လျှော့ထားပြီးပြီ ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်တိုင် လက်ပါပြီး လူကိုယ်တိုင် လှမ်းပိတ်လိုက်ခြင်းကသာ အန္တရာယ်အကင်းဆုံး ဖြစ်ပေလိမ့်မည်။
ရှုရန်မြောင်ခမျာ မျက်လုံးကြီး အဝိုင်းသားဖြင့် မျက်တောင်တဖျတ်ဖျတ် ခတ်နေရှာတော့သည်။
ဧကရာဇ်မင်းမြတ်သည် သူ့ပါးစပ်ကို လွှတ်ပေးလိုက်ပြီးနောက် သူ၏ လက်ဖဝါးကို ဝတ်ရုံလက်အင်္ကျီပေါ်တွင် ရွံရှာစွာ သုတ်လိုက်သည်။
ရှုရန်မြောင်ကမူ ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်စွာဖြင့်ပင် ဆက်လက်၍ ရှင်းပြလေသည်။
“ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက် ရှိလို့ပါ၊ လျန်ဟန့်က မြတ်စွာဘုရားထံမှာ ချစ်စရာကောင်းတဲ့ သားယောက်ျားလေး တစ်ယောက် ရပါစေကြောင်း ဆုတောင်းဖို့ လာတာနဲ့ ကျွန်တော်လဲ အဖော်အဖြစ် လိုက်ခဲ့တာဗျ၊ ပြီးတော့ လျန်ဟန့် ပြောပြတာကတော့ ဒီဘုရားကျောင်းက သတ်သတ်လွတ် ဟင်းလျာတွေက တကယ်ကို လက်ရာမြောက်လှတယ် ဆိုလို့ပါ”
ရှုရန်မြောင်က လှမ်း၍ လက်ညှိုးထိုးပြလိုက်ရာ အိုမင်းလှပြီ ဖြစ်သော ဧကရာဇ်မင်းမြတ်နှင့် ကျိဆွေ့တို့သည် သဘာဝ အလျောက် ထိုနေရာသို့ လှည့်လည်ကြည့်ရှုမိကြတော့သည်။ သူတို့မြင်တွေ့လိုက်ရသည်မှာ ဘုရားကျောင်း၏ ကျောင်းထိုင် ဆရာတော်ကြီးသည် ဆုတောင်း မေတ္တာ ပို့သပြီးသွားသော အမျိုးသမီးတစ်ဦးအား အသာအယာ ထူမပေးနေခြင်းပင် ဖြစ်သည်။ ဆရာတော်ကြီးသည် တရားဒေသနာအချို့ကို ရွတ်ဖတ်သရဇ္ဈာယ် ပေးပြီးနောက် ဘေးနားရှိ အမွမ်းအပြံအိုးထဲမှ မိုးမခခက်ကို ယူကာ သူမ၏ ဦးခေါင်းထက်သို့ ပရိတ်ရေများကို ညင်သာစွာ ပက်ဖျန်းပေးလိုက်လေသည်။ ထိုဆရာတော်ကြီး၏ အနောက်ဘက်တွင်မူ စစ်မက်ရေးရာရုံးမှ အရာရှိငယ်တစ်ဦးသည် ရိုသေလေးစားစွာဖြင့် နောက်ကွယ်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။
အိုမင်းလှပြီ ဖြစ်သော ဧကရာဇ်မင်းမြတ်၏ မျက်လုံးများမှာ ဝိုင်းစက်သွားရတော့သည်။
“ဒီတစ်ယောက်လား”
အမျိုးသမီးသည် လူလတ်ပိုင်းအရွယ် ဖြစ်သော်လည်း ကျက်သရေရှိကာ ကျော့မောနေဆဲပင်။ သို့သော် သူမနှင့် အရာရှိလေးမှာ သက်တူ ရွယ်တူ မဟုတ်ချေ။ သူမက လေးဆယ်နီးပါး ရှိပုံရသည်။
ရှုရန်မြောင်သည် တစ်ခဏမျှ တောင့်တင်းသွားပြီးမှ အလျင်အမြန် ပြောလိုက်သည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒီတစ်ယောက် မဟုတ်ပါဘူး”
ဧကရာဇ်အိုကြီး၏ အကြည့်က ပျော့ပျောင်းသွားသည်။
တော်ပါသေး၏။ သူ၏ အရာရှိတွင် ထူးခြားသော အချစ်ရေး ဝါသနာ ရှိနေသည်ဟု သူ ထင်လုနီးပါး ဖြစ်ခဲ့ရသည်။ အသက် နှစ်ဆယ် အရွယ်နှင့် အသက် လေးဆယ်အရွယ်တဲ့လား။ သူ လုံးဝ လက်မခံနိုင်ပါ.
ဤအတွေးကား ဆယ့်ခြောက်နှစ်အရွယ် မိန်းမပျိုလေးအား ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ခဲ့သည့် ခြောက်ဆယ့် သုံးနှစ်အရွယ် ဧကရာဇ်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုအမျိုးသမီးသည် ပရိတ်ရေ ပက်ဖျန်းခြင်း ခံယူပြီးနောက် လှည့်အထွက်တွင် စစ်မက်ရေးရာရုံးမှ အရာရှိ ငယ်လေးအား ညှို့ဓာတ်ပြည့်ဝသော မျက်လုံးများဖြင့် ခိုး၍ မျက်စိမှိတ်ပြလိုက်ပြီး သူမ၏ နှုတ်ခမ်းအစုံကို ဆွဲဆောင်မှုရှိရှိ တွန့်ကွေးပြလိုက်လေသည်။
အိုမင်းလှပြီဖြစ်သော ဧကရာဇ်မင်းမြတ်သည် ရှုရန်မြောင်ဘက်သို့ ကမန်းကတန်း လှည့်လိုက်သည်။
“တကယ်ပဲ ဒီတစ်ယောက် မဟုတ်ဘူးလား”
သူငယ်ချင်းဖြစ်သူ၏ ပုံရိပ်ကို ဧကရာဇ်၏ မျက်စိရှေ့မှောက်တွင် မထိခိုက်စေရန်အတွက် ရှုရန်မြောင်က ပြတ်ပြတ်သားသားပင် အာမခံလိုက်၏။
“လုံးဝ မဟုတ်ပါဘူး ဘုရား”
ထိုစဉ် သူတို့စကားပြောသံကြောင့် အမျိုးသမီးကြီးက လှမ်းကြည့်လာခဲ့ရာ သန်မာထွားကျိုင်းဆဲဖြစ်သော ဧကရာဇ် မင်းမြတ်၏ အရှိန်အဝါကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်ဝန်းအစုံမှာ ဝင်းခနဲ တောက်ပသွားရတော့သည်။ သူမသည် မွှေးပျံ့လှသော ရေမွှေးနံ့များနှင့်အတူ လေထဲတွင် လွင့်မျောလာသကဲ့သို့ ဧကရာဇ်၏အနားသို့ တိုးကပ် လာခဲ့ပြီး သူမ၏ မျက်လုံးများကို ဧကရာဇ်မင်းမြတ်ထံသို့သာ စူးစူးစိုက်စိုက် စိုက်ကြည့်နေတော့သည်။
ဧကရာဇ်မင်းမြတ် : “...”
သူမအား နည်းလမ်းအမျိုးမျိုးဖြင့် မနည်းပင် တိမ်းရှောင်မောင်းထုတ်ပြီးသွားချိန်တွင်မူ ဧကရာဇ်သည် စိတ်တို ရမလို၊ ရယ်ရမလိုဖြင့် နောက်သို့ ပြန်လှည့်ကြည့်လိုက်မိတော့သည်။
မြင်တွေ့လိုက်ရသည်မှာ ရှုရန်မြောင်မှာ ကြမ်းပြင်က အုတ်ချပ်တွေကိုပဲ အသည်းအသန် လိုက်ရေတွက်နေသလိုမျိုး မြေကြီးကိုသာ စိုက်ကြည့်နေပြီး ကျိဆွေ့ကလည်း ဘုရားကျောင်း နံရံဆေးရေးပန်းချီတွေကိုပဲ စိတ်ဝင်တစား လေ့လာနေသယောင် အဝေးသို့ မျက်နှာလွှဲထားကြခြင်း ဖြစ်၏။ ၎င်းတို့နှစ်ဦးစလုံးမှာ ဧကရာဇ် အကျပ်ရိုက် နေသည့် အခြေအနေကို ဝင်ရောက်ကူညီဖြေရှင်းပေးရန် လုံးဝ စိတ်ကူးမရှိကြချေ။
ဧကရာဇ်မင်းမြတ်၏ အကြည့်က ရှုရန်မြောင်ထံသို့ ရောက်ရှိသွားချိန်တွင်တော့ ထိုလူငယ်လေးသည် စိတ်ထဲကနေ ကြောင်အမ်းအမ်းဖြင့် ယခုကဲ့သို့ ဗြောင်ကျကျ တွေးတော ညည်းတွားလိုက်လေတော့သည်။
[ဟာ... ဒါပဲလား၊ ဒီလောက်အထိ မြန်မြန်ဆန်ဆန်ကြီး ဇာတ်သိမ်းသွားတာလားဗျာ]
*ဘာကို နှမြောစရာကြီးလဲကွ*
ဧကရာဇ်မင်းမြတ်တစ်ယောက် ရင်ထဲ၌ ဒေါသပုန်ထကာ တောက်ခေါက်မိတော့သည်။
*မင်းက ငါ့ကို အဲ့ဒီမိန်းမကြီးနဲ့ ဇာတ်လမ်းတွေဘာတွေ စပတ်သက်မိအောင် အကွက်ဆင်ပေးဖို့ မျှော်လင့် နေတာလား ဟမ်*
ထို့နောက် အနည်းငယ် ကြာမြင့်သွားပြီးနောက် ယွီလုံဘုရားကျောင်း၏ သတ်သတ်လွတ်ဟင်းလျာများမှာ အလွန်ပင် နာမည် ကျော်ကြားလှကြောင်း ကြားသိရသဖြင့် ဧကရာဇ်မင်းမြတ်သည် ရှုရန်မြောင်အား မိမိနှင့်အတူ ထိုနေရာ၌ပင် နေ့လယ်စာ အတူတူသုံးဆောင်ရန် ဆုံးဖြတ်လိုက်တော့သည်။
သာမန်လူများအတွက်မူ တိုင်းပြည်၏ သက်ဦးဆံပိုင် ဧကရာဇ်မင်းမြတ်တစ်ပါးနှင့်အတူ ထမင်းလက်ဆုံ စားခွင့်ရခြင်းမှာ ဘဝတစ်ခုလုံးအတွက် တကယ့်ကို ဂုဏ်ယူမဆုံးနိုင်စရာ မဟာအခွင့်အရေးကြီး ဖြစ်ပေသည်။
ဧကရာဇ်မင်းမြတ်သည် အလွန်နွေးထွေးလှသော အပြုံးကြီးဖြင့် ပြုံးပြလိုက်မိ၏။
ယခုကဲ့သို့ အထူးအခွင့်အရေးမျိုး ရရှိသွားတဲ့ ရှုရန်မြောင်တစ်ယောက် သေချာပေါက် ခံစားမိနေရသည်မှာ။
[ဟာ... သေလိုက်ပါတော့ဗျာ၊ ဧကရာဇ်နဲ့ အတူတူ ထမင်းစားရမယ် ဟုတ်လား၊ ဒါကြီးက နည်းနည်းမှ မကောင်းဘူးဟ၊ ဧကရာဇ်နဲ့ ထမင်းစားရပြီဆိုကတည်းက ထိုင်ပုံထိုင်နည်း စည်းကမ်းတွေကို သေသေချာချာ ထိန်းနေရမယ်၊ စကားပြောရင်လဲ မှားမှာစိုးလို့ အမြဲ ဆင်ခြင်နေရမယ်၊ အဆိုးဆုံးကတော့ ဧကရာဇ်စားမယ့် ဟင်းဖတ်ကို အမှတ်မထင် ဝင်နှိုက်မိရင်တောင် အသက်ပျောက်နိုင်တယ်လေ၊ ဘယ်သူကများ ကိုယ့်ရဲ့ အထက်လူကြီးနဲ့ အတူတူ ထမင်းစားချင်မှာလဲဗျာ]
[ငါဆိုရင် တကယ့်ကို ထမင်းကောင်းကောင်း စားရဲမှာ မဟုတ်သလို၊ ရေတောင် ဝဝလင်လင် သောက်ရဲမှာ မဟုတ်ဘူး၊ တွေးမိတာနဲ့တင် ဗိုက်ထဲက အလိုလို အောင့်လာသလိုပဲ]
[ဒါပေမဲ့ ငြင်းလိုက်ရင်လဲ တော်ဝင် အမိန့်တော်ကို ဖီဆန်ရာ ရောက်ဦးမယ်၊ ကျွန်တော်မျိုး ဗိုက်အောင့်နေလို့ပါ ဆိုပြီး ဆင်ခြေပေးရင် ကောင်းမလား မသိဘူး]
ထိုအခါ ဧကရာဇ်မင်းမြတ်၏ မျက်နှာပေါ်က နွေးထွေးလှသော အပြုံးကြီးမှာ ချက်ချင်းဆိုသလို အေးခဲ တောင့်တင်း သွားရတော့သည်။
ထိုနေရာတွင် ရှိနေသော စစ်မက်ရေးရာရုံးမှ အရာရှိငယ်လေးခမျာ ရှုရန်မြောင်အား သတိပေးသည့်အနေဖြင့် အဟွတ်အဟွတ်နှင့် ချောင်းပင် ဆိုးလိုက်ချင်မိတော့သည်။
*အနည်းဆုံးတော့ ဟန်ဆောင်ပြီး ဝမ်းသာပြလိုက်ပါဦးလား၊ နေပါဦး ... သူ တကယ်ပဲ ဟန်ဆောင်နေတာပဲ*
တော်ဝင် မျက်နှာသာပေးမှုကို လှိုက်လှဲဝမ်းသာစွာဖြင့် လက်ခံတော့မည့်အလား အပြင်ပန်း၌ တကယ့်ကို သရုပ်ဆောင် ကောင်းလှသော ရှုရန်မြောင်၏ ပျော်ရွှင် မြူးတူးနေသည့် မျက်နှာပေးကြီးကို ကြည့်ရင်း ဧကရာဇ် မင်းမြတ်မှာမူ မိမိကိုယ်ကို အပြစ်မရှိတဲ့ ဝိညာဉ်လေးတစ်ကောင်ကို အတင်းအကျပ် ဖိနှိပ်ချုပ်ချယ်နေသည့် အာဏာရှင် ရက်စက်သူကြီး တစ်ဦးကဲ့သို့ ခံစားလိုက်ရသဖြင့် သွားကို တင်းတင်းကြိတ်လိုက်မိတော့သည်။
“ရှုရန်မြောင်...”
ဧကရာဇ်မင်းမြတ်သည် သွားကြားထဲကနေ မနည်းအောင့်အီးကာ လေသံကို ထိန်းပြီး မိန့်ကြားလိုက်သည်။
“ဒီနေ့ ငါကိုယ်တော်က လူသိမခံဘဲ လျှို့ဝှက်ခရီးထွက်လာတာဆိုတော့ ထုံးတမ်းအစဉ်အလာတွေကို ဖယ်ထားပြီး ရိုးရိုး ရှင်းရှင်းပဲ လုပ်ကြတာပေါ့၊ မင်း ကြိုက်တာကို မင်း စိတ်ရှိသလို စားလိုက်”
*ငါက မင်းထင်သလိုမျိုး အဲ့လောက်အထိ သဘောထားသေးသိမ်တဲ့ အဘိုးကြီး မဟုတ်ဘူးကွ၊ ဟွန်း*
ဤတစ်ကြိမ်တွင်မူ ရှုရန်မြောင်တစ်ယောက် တကယ်ကို ဝမ်းသာပီတိ ဖြစ်သွားရတော့သည်။
“ကျေးဇူး ကြီးမားလှပါတယ် ခင်ဗျာ”
ဘေးနားရှိ အရာရှိငယ်လေးမှာမူ မချိတင်ကဲ ဖြစ်လှသဖြင့် အဝေးသို့ မျက်နှာလွှဲကာ မိမိ၏ မျက်နှာကို လက်ဝါး ဖြင့်သာ အုပ်ထားမိတော့သည်။
*ဒီလူကတော့လေ ဧကရာဇ်က အလိုက်သင့် ယဉ်ကျေးစကား ပြောလိုက်တာကို တကယ်ကြီး ထင်နေရှာတာပဲ*
အနီးအနားတွင် ရပ်နေသော ကျိဆွေ့မှာမူ ရင်ထဲ၌ သောကဗျာပါဒများဖြင့် ပြည့်နှက်နေသဖြင့် ယခုကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်များကို အာရုံစိုက်ရန် စိတ်မပါနိုင်ရှာပေ။ သူ၏ စိတ်အစုံကတော့ တခြားတစ်နေရာဆီသို့ လုံးဝ ရောက်ရှိနေခဲ့ချေပြီ။