ဗုဒ္ဓဘာသာရဲ့ သန့်စင်တဲ့နယ်မြေထဲမှာ ဒီလို ရှက်စရာ ကိစ္စ ဖြစ်ရတယ်လို့ (၂)
Vol. 3 Ch. 44
*ငါ စောစောတုန်းက လိုက်ရှာခိုင်းထားတဲ့လူ၊ သူ ဘုရားကျောင်းနောက်ဘက်က တောင်ပေါ်မှာပဲ ရှိနေသေးတယ် မဟုတ်လား၊ ဒီအတိုင်းကြီး ထွက်သွားတာမျိုးတော့ မဟုတ်လောက်ဘူးမလား*
ထိုစဉ် ရှုရန်မြောင်၏ ရွှင်မြူးလှသော အသံကြီးက ဘေးနားမှ ဝုန်းခနဲ ထွက်ပေါ်လာခဲ့ပြန်သည်။
“ဟင်၊ ဆရာကြီးကျိ... အစားမစားဘူးလားဗျ”
ကျိဆွေ့ခမျာ စိတ်ထဲကမပါဘဲ မျက်နှာသာ လွှဲလိုက်ရင်း နှုတ်ခမ်းထောင့်စွန်းများကို မရမက ဆွဲတင်ကာ အတင်း ပြုံးပြလိုက်ရသည်။
“စားပါတယ်”
*စား၊ စား၊ စား၊ မင်းကတော့ အမြဲတမ်း အစားအသောက်ပဲ ခေါင်းထဲရှိတယ်၊ စားရင်းနဲ့ပဲ သီးပြီး သေသွားလိုက်စမ်း*
*ငါ့ကို ဧကရာဇ်မင်းမြတ်ရဲ့ ဘေးနားကနေ ဖယ်ခွာသွားအောင် အကွက်ဆင် ချင်တာလား၊ အိပ်မက်ပဲ မက် နေလိုက်ပါဦး*
*
ဤဘုရားကျောင်း၏ သတ်သတ်လွတ် ဟင်းလျာများက တကယ့်ကို အဆင့်အတန်း မြင့်မားလှပေသည်။
ရှုရန်မြောင်တစ်ယောက် ဘာစည်းကမ်းမှ ဂရုမစိုက်တော့ဘဲ အားရပါးရနှင့် တပြပြ မြိန်ရေယှက်ရေ ပလုတ် ပလောင်း သွင်းနေတော့သည်။
“အင်း … ဒီသတ်သတ်လွတ် ခေါက်ဆွဲပြုတ်ရည်ကြီးက တကယ့်ကို ရှယ်ပဲဗျာ”
“ဟောဒါလေး၊ ခင်ဗျားတို့ ဒီ စောင်းပုံသဏ္ဌာန် ပဲပြားကင်လေးကို မြည်းကြည့်ပါဦး၊ အသားတစ်ဖတ်မှ မပါဘဲနဲ့ကို မူလ အသားဟင်းအတိုင်း အရသာ တထေရာတည်း ထွက်နေတာဗျာ၊ တကယ့်ကို အံ့ဩဖို့ကောင်းလွန်းတယ်”
“ပြီးတော့ ဒီသုံးမျိုးစပ် အသီးအရွက်ကြော်ကလဲ ရှတတနဲ့ တကယ့်ကို လျှာလည်သွားတာပဲ”
သူတို့အနားတွင် ရှိနေသော ဘုန်းတော်ကြီးများသည် ထမင်းကို စားကောင်းခြင်းကြီး စားနေသော ရှုရန်မြောင်ကို ကြည့်ရင်း တကယ့်ကို အသည်းယား ကရုဏာ သက်နေကြတော့သည်။
မိမိတို့ ချက်ပြုတ်ပြင်ဆင်ထားသည့် သတ်သတ်လွတ် ဟင်းလျာများကို ဤမျှအထိ ဇိမ်ခံကာ မြိန်ရေယှက်ရေ စားသောက်နေသော လူငယ်လေးကို ကြည့်ရင်း ဘုန်းတော်ကြီးများမှာလည်း ရင်ထဲ၌ ကြည်နူးပီတိနှင့် ကျေနပ် အားရမှုများဖြင့် ပြည့်နှက်နေကြတော့သည်။ ဤလူငယ်လေး စားသောက်နေပုံမှာ အလွန်ပင် အစားအသောက် အရသာ တွေ့လှသဖြင့် ဘေးကကြည့်နေသူများပင်လျှင် ဗိုက်ပြန်ဆာလာကာ နောက်ထပ် တစ်ပွဲထပ်တိုးပြီး စားချင်စိတ် ပေါက်လာရသည့်အထိပင်။
ထိုစဉ် ရှုရန်မြောင်က ကျိဆွေ့ဘက်သို့ မော့ကြည့်လိုက်သည်။
“ဟင်၊ ဆရာကြီးကျိ၊ ဘာလို့ ဘာမှ မစားတာလဲဗျ၊ ဘာဖြစ်လို့ အဲ့ဒီလက်ဖက်ရည်ခွက်ကြီးကိုပဲ တင်းတင်းဆုပ် ထားပြီး လုံးဝ လက်ကမလွှတ်တမ်း ကိုင်ထားရတာလဲ”
ထိုစကားကြောင့် ဧကရာဇ်မင်းမြတ်ခမျာ ရယ်ချင်စိတ်ကို မနည်းအောင့်အီးမျိုသိပ်လိုက်ရသဖြင့် သီးမလိုပင် ဖြစ်သွားရကာ သူ၏ ရယ်မောချင်နေမှုကို ဖုံးကွယ်ရန်အတွက် ဘုရားကျောင်းက လက်ဖက်ရည်ကြမ်းကို အမြန်ပင် တစ်ငုံမျှ ခပ်တည်တည်ဖြင့် လှမ်းသောက်လိုက်ရတော့သည်။
စစ်မက်ရေးရာရုံးမှ အရာရှိငယ်လေးမှာမူ ဘာကိုမှ သတိမထားမိသယောင် ဟန်ဆောင်ကာ မိမိ၏ မျက်နှာကိုသာ လက်ဝါးဖြင့် အုပ်ထားမိပြန်တော့သည်။
အမှန်တော့ တရုတ်ရိုးရာ ဓလေ့ထုံးတမ်းအရ ဧည့်သည်ကို “လက်ဖက်ရည်ကြမ်း ငှဲ့ပေးပြီး နှုတ်ဆက်ခြင်း” ဆိုသည်မှာ သွယ်ဝိုက်သောနည်းဖြင့် ပြန်ခွင့်ပြုတော့ဟု အချက်ပြသည့် သဘောဖြစ်သော်လည်း ရှုရန်မြောင်ကမူ ထိုအကွက်ကို လုံးဝ ရိပ်မိခြင်းမရှိဘဲ အတုံးလိုက် အတစ်လိုက်ကြီး ဖြစ်နေရှာချေပြီ။
ကျိဆွေ့သည် ရင်ထဲက ဒေါသကို ထိန်းရန်အတွက် လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
“ငါက လက်ဖက်ရည်ကြမ်းကို နည်းနည်း အေးသွားအောင် စောင့်ပြီးမှ သောက်မလို့ပါ”
“ဪ၊ ဒါက လက်ဖက်ရည် သောက်နည်းအသစ် တစ်မျိုးလားဗျာ၊ ကျွန်တော်ဖြင့် တစ်ခါမှကို မကြားဖူးဘူး”
ကျိဆွေ့သည် နှုတ်ခမ်းထောင့်စွန်းများကို မချိပြုံး ပြုံးလိုက်သည်။
“အင်း”
[မျှော်လင့်ထားတဲ့အတိုင်း နန်းတွင်းက ဆရာကြီးတွေဆိုတာ တကယ့်ကို မတူဘူးပဲ၊ လက်ဖက်ရည် သောက်တာ လေးတောင်မှ ဒီလောက်အထိ အနုပညာဆန်ပြီး စည်းစနစ်ကြီးမားလှတာ]
ကျိဆွေ့သည် သူ၏ မျက်ဝန်းအစုံကို စိတ်ပျက်လက်ပျက်ဖြင့် မှိတ်ချလိုက်မိပြီး ရင်ထဲက တောက်လောင်နေသော ဒေါသလှိုင်းများကို မနည်းပင် ဖိနှိပ်ချုပ်တည်းထားရင်း ခွက်ထဲက ခပ်နွေးနွေး လက်ဖက်ရည်ကြမ်းကို တစ်ကျိုက်တည်းဖြင့် အကုန်မော့ချပစ်လိုက်တော့သည်။
*မဟုတ်ဘူးကွ၊ ငါက မင်းကို ဒီနေရာကနေ အခုချက်ချင်း ထွက်သွားတော့လို့ အချက်ပြနေတာကွ*
ယခုအချိန်တွင် ကျိဆွေ့ခမျာ ဘုရားကျောင်းနောက်ဘက်က တောင်ပေါ်မှာ ဇာတ်တိုက် စီစဉ်ထားခဲ့တဲ့လူသာ အချိန်လွန်ပြီး ထွက်မသွားသေးပါစေနဲ့လို့ပဲ ရင်တထိတ်ထိတ်နဲ့ ဆုတောင်းနေရုံကလွဲလို့ ဘာမှမတတ်နိုင် တော့ချေ။
*
ယွီလုံ ဘုရားကျောင်း၏ နောက်ဘက်တောင်ကုန်းထက်တွင်မူ တည်ငြိမ်သိင်္ဂါရှိလှသော သခင်ကြီးတစ်ဦးသည် အေးအေးလူလူပင် လက်ဖက်ရည်ကြမ်းကို အရသာခံ သောက်သုံးနေခဲ့ပေသည်။
သူသည် အနုစိတ်မွမ်းမံထားသော စားပွဲငယ်တစ်ခုတွင် ထိုင်နေပြီး သူ၏ ဘေးနား၌မူ ငွေသားဖြင့် ပြုလုပ်ထားသည့် သေတ္တာ ငယ်လေးတစ်လုံး ရှိနေသည်။ ထိုသေတ္တာလေးထဲတွင် နေရောင်ခြည်အောက်၌ တဖျတ်ဖျတ် တောက်ပ နေသော လတ်ဆတ်သည့် လက်ဖက်စိမ်းရွက်များ ရှိနေကြ၏။
သူသည် ပလာယာပုံသဏ္ဌာန် ညှပ်လေးကို အသုံးပြုကာ လက်ဖက်ခြောက်အနည်းငယ်ကို ညင်သာစွာ ညှပ်ယူပြီး ရေနွေးအိုးထဲသို့ ထည့်လိုက်သည်။ လေပြေအဝှေ့တွင် လက်ဖက်နံ့သာတို့၏ မွှေးပျံ့လှသော ရနံ့သည် ဝေဟင် ထက်၌ သင်းပျံ့သွားရတော့သည်။
ရေနွေး အပူချိန်သည် အနေတော် အကောင်းဆုံး အနေအထားသို့ ရောက်ရှိသွားသောအခါ သူသည် ရေနွေးအိုးကို အသာအယာ စောင်းလိုက်ပြီး ပန်းပွင့်ပုံသဏ္ဌာန် အလှဆင်ထားသော ‘ရီရှင်း ရွှံ့လက်ဖက်ရည်ခွက်လေးထဲသို့ လက်ဖက်ရည်ကြမ်းများကို စီးဆင်းသွားစေခဲ့သည်။ သူ၏ လှုပ်ရှားမှုတိုင်းမှာ တည်ငြိမ်သိမ်မွေ့လွန်းလှရာ ကုချင်းကို စည်းချက်ဝါးချက်ကျကျ တီးခတ်နေသည့် ဂီတဖျော်ဖြေမှုတစ်ခုကဲ့သို့ပင် ပနံရလှပေသည်။
လက်ဖက်ရည်ကြမ်းမှာ လုံးဝ ကြည်လင်တောက်ပနေပြီး သင်းပျံ့သော ရနံ့ကို ထုတ်လွှတ်နေသည်။ ထိုသခင်ကြီးသည် လက်ဖက်ရည်ကို တစ်ငုံမျှ အသာအယာ မြည်းစမ်းလိုက်ပြီးနောက် အရသာကို ခံစားရင်း သူ၏ နှုတ်ခမ်းအစုံကို လှပစွာ တွန့်ကွေးကာ ပြုံးလိုက်မိတော့သည်။
သူ၏ အနည်းငယ် နိမ့်ဆင်းနေသော အကြည့်များနှင့်အတူ သူ၏ ပတ်ဝန်းကျင်တစ်ခုလုံးတွင် တည်ငြိမ် အေးချမ်းမှုနှင့် မြင့်မြတ်လှသော အရှိန်အဝါများ လွှမ်းခြုံနေခဲ့ရာ၊ ကြည့်ရသည်မှာ သက်ဝင်လှုပ်ရှားနေသည့် ပန်းချီကား တစ်ချပ်အလားပင်။ အဝေးကနေ လှမ်းကြည့်မည်ဆိုပါက သူသည် လောကီအပူအပင်ကင်းဝေးရာ နတ်ဘုံနတ်နန်းဆီက ဆင်းသက်လာသည့် အရှိန်အဝါရှင်တစ်ဦးပမာ မြင်တွေ့ရသူတိုင်း၏ စိတ်နှလုံးကို သာယာ ငြိမ်းချမ်း သွားစေနိုင်စွမ်း ရှိပေသည်။
သို့သော်လည်း ထိုကဲ့သို့ အထာကျကျနှင့် စတိုင်မိမိ ထိုင်နေရင်းကပင် သူ၏ ရင်တွင်း၌မူ ယခုကဲ့သို့ စိတ်မရှည်စွာဖြင့် တွေးတောညည်းတွားနေမိတော့သည်။
“ဝန်ကြီးကြီးကျိကတော့ ဧကရာဇ်မင်းမြတ် မကြာခင် ရောက်လာတော့မယ်လို့ ပြောခဲ့တာပဲ၊ အခု ငါ လက်ဖက်ရည်ကြမ်း သုံးအိုးတောင် ကုန်သွားပြီ၊ ဗိုက်လည်း တင်းပြီး ပေါက်ထွက်တော့မယ်၊ တကယ်ကို အိမ်သာ အသည်းအသန် သွားဖို့ လိုနေပြီဟ”
သဘာဝတရား၏ ခေါ်သံကို မနည်းအောင့်အီးထားရင်း နောက်ဆုံး လက်လျှော့တော့မည့် ဆဲဆဲတွင်မှ ဧကရာဇ် မင်းမြတ်သည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့တော့သည်။
သခင်ကြီးသည် ရိုးရှင်းလှသော တောင်သူလယ်သမားတစ်ဦးကဲ့သို့ အရပ်ဝတ်လဲထားသည့် ဧကရာဇ်မင်းမြတ်အား တွေ့လိုက်ရသောအခါ တိုင်းပြည်၏ အရှင်သခင်ဖြစ်မှန်း မသိယောင်ဆောင်လျက်ဖြင့် လက်ဖက်ရည်ကြမ်း အတူတူ သောက်ရန် ကမ်းလှမ်း ဖိတ်ခေါ်လိုက်လေသည်။
ဘေးနားရှိ ကျိဆွေ့ခမျာ မျက်လုံးကြီးပြူးကာ ကမူးရှူးထိုးဖြင့် မျက်ရိပ်ပြပြီး တားဆီးလိုက်ရတော့သည်။
*မဟုတ်ဘူးလေ၊ မဟုတ်ဘူး၊ ဘယ်သူကများ လမ်းမှာတွေ့တဲ့ လယ်သမားတစ်ယောက်ကို တွေ့တွေ့ချင်း ဗုန်းခနဲ လက်ဖက်ရည်ကြမ်း လှမ်းတိုက်မလဲကွ၊ အရင်ဆုံး စကားစမြည် နည်းနည်းပါးပါး ပြောပြီး အခြေအနေ ကြည့်ရဦးမယ်၊ ပြီးမှ ရင်းနှီးသွားတော့မှ ဖိတ်ခေါ်ရမှာလေ*
သို့သော်လည်း စားပွဲအနောက်တွင် ထိုင်နေသော သခင်ကြီးမှာမူ ခြေထောက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ကပ်ညှပ်ထားရင်း ကူကယ်ရာမဲ့စွာဖြင့် ကျိဆွေ့၏ မျက်ရိပ်ပြနေမှုများကို မမြင်ချင်ယောင်ဆောင်ကာ အားတက်သရော ဆက်လက် ဖိတ်ခေါ်နေတော့သည်။
“လူကြီးမင်း၊ ဒီလိုနေရာမျိုးမှာ ဆုံရတာ တကယ်ကို ရေစက်ပဲဗျာ၊ ကျေးဇူးပြုပြီး လက်ဖက်ရည်ကြမ်းတစ်ခွက် အတူတူ သောက်ကြရအောင်”
ဧကရာဇ်မင်းမြတ်သည် သူ့အား အဓိပ္ပာယ်ပါပါ စူးစိုက်ကြည့်လိုက်သည်။
“ကောင်းပြီလေ”
မကြာမီအချိန်အတွင်းမှာပင် သူတို့နှစ်ဦးမှာ တကယ်ကို စကားလက်ဆုံကျကာ အကြိုက်ချင်း ထပ်တူကျ သွားကြတော့သည်။
တကယ်တမ်းတွင် ဤသခင်ကြီးသည် အမျိုးသမီးများ လိုက်နာရမည့် ကျင့်ဝတ်နှင့် အိန္ဒြေစောင့်ထိန်းမှုများကို အလေးအနက် တိုက်တွန်းနှိုးဆော်ထားသည့် အမျိုးသမီးများအတွက် ဆုံးမစာ စာအုပ်ကို ရေးသားခဲ့သည့် စာဆိုကျော်တစ်ဦး ဖြစ်ပေသည်။ အစဉ်အလာစနစ်ဟောင်းကို အလွန်အမင်း ဖက်တွယ်ထားသည့် ဧကရာဇ် မင်းမြတ် အနေဖြင့် သူ၏ အမြင်များနှင့် မိမိ၏ သဘောထားများမှာ ကွက်တိ ထပ်တူကျနေသဖြင့် တကယ့်ကို သဘောကျ နှစ်ခြိုက်သွားရတော့သည်။
[တူရာလာစုတာကိုး]
ရှုရန်မြောင်က စိတ်ထဲကနေ ခေါင်းကို တည်တည်ငြိမ်ငြိမ်ဖြင့် ညိတ်လျက် တွေးလိုက်လေသည်။
ထိုအခါ ဧကရာဇ်မင်းမြတ်၊ ကျိဆွေ့နှင့် စစ်မက်ရေးရာရုံးမှ အရာရှိငယ်လေးတို့အားလုံးမှာ ၎င်းကို လုံးဝ မကြားလိုက်ရသည့်အလား မသိချင်ယောင်ဆောင်ကာ အသည်းအသန် ဟန်ဆောင်နေကြရပြန်တော့သည်။
*
တစ်ဖက်တွင်မူ အဖိုးကြီးနှစ်ယောက်၏ စကားဝိုင်းက ပိုမိုသက်ဝင် လှုပ်ရှားလာနေချိန်တွင် ပျင်းရိ ငြီးငွေ့လွန်း လှသဖြင့် ခေါင်းကိုက်မတတ် ဖြစ်နေသော ရှုရန်မြောင်တစ်ယောက် ဘုရားကျောင်းတွင်းက အတင်းအဖျင်းများကို စိတ်ထဲကနေ လိုက်လံ မွှေနှောက်ရှာဖွေကြည့်မိတော့သည်။
[ဝါး... အံ့ဩစရာကြီးဗျာ၊ ယွီလုံဘုရားကျောင်းက ကိုရင်တစ်ပါးက သတ်သတ်လွတ် ဟင်းပွဲတွေနဲ့အတူ တည့်ခင်းမယ့် ဆေးခတ်ထားတဲ့ ရေနွေးအိုးကို မှားပြီး ရောထည့်မိလိုက်တယ်တဲ့၊ အခုဆို ဘုရားကျောင်းထဲက လူတွေခမျာ ဘယ်သူက အဲ့ဒီဆေးခတ်ထားတဲ့ လက်ဖက်ရည်ကို သောက်မိသွားလဲဆိုတာ ကမူးရှူးထိုးနဲ့ လိုက်စုံစမ်းနေကြရတယ်တဲ့]
ရှုရန်မြောင်က စိတ်ထဲကနေ ဝမ်းသာအားရဖြင့် ဆက်တွေးနေသည်။
[ဆေးခတ်ထားတယ် ဟုတ်လား၊ ဘာဆေးလဲမသိဘူး၊ ဝမ်းနှုတ်ဆေးလား၊ ဘယ်လို ကံဆိုးတဲ့ ကောင်ကများ သောက်မိသွားပါလိမ့်၊ တော်သေးတာပေါ့၊ ငါက လက်ဖက်ရည် သိပ်မကြိုက်လို့ တစ်ငုံမှ မထိမိတာ]
*ဟင်*
*တစ်ယောက်ယောက်က ဝမ်းနှုတ်ဆေးတွေကို မတော်တဆ သောက်မိသွားတယ် ဟုတ်လား*
ထိုရိုးရှင်းလှသော စကားလုံးအနည်းငယ်က ဧကရာဇ်အိုကြီး၏ အာရုံစိုက်မှုကို ချက်ချင်းဆိုသလို ဗုန်းခနဲ ဖမ်းစား သွားတော့သည်။ ထို့ကြောင့် ရှေ့က သခင်ကြီး ဇိမ်ဆွဲပြီး ရွတ်ဖတ်နေသည့် တရားဒေသနာများကို သူ လုံးဝ နားမထောင်တော့ချေ။
*ဘယ်လို ကံဆိုးမိုးမှောင်ကျတဲ့ ကောင်ကများ ဝမ်းနှုတ်ဆေးခတ်ထားတဲ့ လက်ဖက်ရည်ကြမ်းကို သောက်မိ သွားတာပါလိမ့်*
*တကယ်လို့ ဒီကိစ္စကို ဘယ်သူမှ သတိမထားမိဘဲ ဂုဏ်သရေရှိ လူကြီးမင်းတွေရဲ့ ရှေ့မှောက်မှာတင် အရှက်ရစရာ ပြဿနာကြီး သွားဖြစ်ရင်တော့ ... အဟမ်း... အဟမ်း... တကယ့်ကို သိက္ခာကျလွန်းလို့ အဲ့ဒီလူရဲ့ မိသားစုတစ်ခုလုံး လော့ရန်ခရိုင်ကနေ မိုင်ငါးရာလောက် ဝေးတဲ့နေရာဆီအထိ အိုးအိမ်ပြောင်းရွှေ့ သွားရမယ့်အထိကို အရှက်ကွဲမှာ သေချာတယ်*
ထိုအခိုက်၌ ဧကရာဇ်မင်းမြတ်သည် သူတစ်ပါး ဒုက္ခရောက်သည်ကို မြင်လျှင် ဝမ်းသာမိတတ်သည့် သူ၏ လှိုက်လှဲလှသော အပြုံးကြီးကို မျက်နှာပေါ်တွင် မပေါ်လွင်စေရန် မနည်းပင် ထိန်းချုပ်လိုက်ရရှာသည်။
ရှေ့က သခင်ကြီးကမူ အခြေအနေ ပြောင်းလဲသွားသည်ကို လုံးဝ ရိပ်မိခြင်းမရှိဘဲ ဂုဏ်သိက္ခာရှိလှသော အပြုံးကြီးဖြင့် ဆက်လက်၍ ဟောပြောနေလေသည်။
“အမျိုးသမီးတွေဆိုတာ မွေးရာပါကိုက ပြည့်စုံမှု မရှိကြတဲ့သူတွေပါ”
ဧကရာဇ်မင်းမြတ်ဆီက ဘာတုံ့ပြန်မှုမှ ရှိမလာခဲ့ချေ။
သခင်ကြီး : “...”
သူသည် သူ၏ လေသံကို အနည်းငယ် မြှင့်လိုက်လေသည်။
“ဒါကြောင့်မို့လို့ အမျိုးသမီးတွေအနေနဲ့ မိမိတို့ရဲ့ ခင်ပွန်းသည်ကို မိမိတို့ရဲ့ ကောင်းကင်ဘုံကြီးသဖွယ် သတ်မှတ်ပြီး ရိုသေကိုးကွယ်ရပါမယ်”
ဧကရာဇ်မင်းမြတ် : “အာ... အေးဗျာ... ဟုတ်တာပေါ့”
မိမိကိုယ်တိုင်က အတင်းအဖျင်း၏ ပစ်မှတ် မဟုတ်တော့သည့်အခါမျိုးတွင် ဘေးကနေ ပေါက်ပေါက်ဆုပ်စားရင်း ပွဲကြည့်ရသည့် အရသာက တကယ့်ကို ပိုမိုဆွဲဆောင်မှု ရှိလှပေသည်။ ဧကရာဇ်မင်းမြတ်သည် ရင်ထဲ၌ တဖြည်းဖြည်းနှင့် မချင့်မရဲ ဖြစ်လာတော့သည်။
*ရှုရန်မြောင်၊ မင်းကလဲ ဘာလို့ စိတ်ထဲကနေ ဘာမှဆက်မပြောတော့တာလဲကွ၊ ဘယ်ကောင် ကံဆိုးသွားတာလဲ၊ မြန်မြန်ပြောစမ်းပါဦး*
သခင်ကြီးသည် သွားကို တင်းတင်းကြိတ်လိုက်ရင်း... လေသံကို နောက်ထပ်တစ်ဆင့် ထပ်မံမြှင့်လိုက်ပြန်သည် —— “ခင်ပွန်းသည် ကွယ်လွန်သွားခဲ့ရင်တောင်မှ... အမျိုးသမီးတွေဟာ မိမိတို့ရဲ့ သားသမီးတွေကို ကောင်းကင်ဘုံအဖြစ် ဆက်လက် သတ်မှတ်ရပါမယ်။”
ဧကရာဇ်မင်းမြတ် : “...”
မိမိကိုယ်ကိုယ် အတင်းအကျပ် အာရုံပြန်စုစည်းလိုက်ရင်း ဧကရာဇ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“အာ ... ဟုတ်ကဲ့၊ ဟုတ်ပါတယ်၊ အမှန်ပဲဗျာ”
သို့သော် နောက်တစ်စက္ကန့်တွင်မူ သူ၏ ခန္ဓာကိုယ်ကြီးက ရှုရန်မြောင်ရှိရာ အရပ်မျက်နှာဘက်သို့ မသိမသာဖြင့် ယိုင်စောင်း၍ ကပ်သွားခဲ့ပြန်ချေပြီ။
သူ၏ ဘယ်ဘက်မျက်လုံးက အော်ဟစ်နေသယောင် ရှိသည်။
“ရှုရန်မြောင်... မင်းဖတ်လို့ မပြီးသေးဘူးလားကွ၊ ဘာလို့ ဒီလောက်အထိ နှေးကွေးနေရတာလဲ”
သူ၏ ညာဘက်မျက်လုံးကတော့ အသနားခံနေသည်အလားပင်။
“မြန်မြန်လေး အဲ့ဒီလူက ဘယ်သူလဲဆိုတာ ပြောပြစမ်းပါ၊ ငါဖြင့် အဲ့ဒီလူ အရှက်ကွဲမယ့် ပြကွက်ကြီးကို ကြည့်ဖို့ မစောင့်နိုင်တော့ဘူးဗျာ”
ထိုအခါမှသာ ရှေ့က သခင်ကြီးသည် တစ်ခုခု မှားယွင်းနေပြီဆိုသည်ကို သတိထားမိသွားတော့သည်။ သူသည် ကူညီကယ်တင်ပေးရန် မျှော်လင့်ချက်ဖြင့် ကျိဆွေ့ဘက်သို့ လှမ်းကြည့်လိုက်ရင်း မျက်လုံးချင်း အသည်းအသန် အချက်ပြလိုက်တော့သည်။
*ဆရာကြီးကျိ၊ ဧကရာဇ်မင်းမြတ် ဘာဖြစ်သွားတာလဲဗျာ၊ စောစောတုန်းကတော့ တကယ့်ကို အာရုံစိုက်ပြီး နားထောင်နေတာ၊ အခုကျမှ ဘာလို့ ဒီလောက်အထိ စိတ်လွင့်နေရတာလဲ*
*သခင်ကြီးကျိ*
*သခင်ကြီးကျိ၊ ခင်ဗျားက ဘာလို့ မျက်နှာကြီး စိမ်းတက်လာတာလဲ*
ထိုသခင်ကြီးခမျာ ရင်ထဲက သောကဗျာပါဒတွေကို ဖော်ပြနိုင်ရန်အတွက် မျက်နှာကြွက်သားများကို အစွမ်းကုန် အသုံးပြုပြီး မရမက မျက်ရိပ်ပြ နေရလွန်းသဖြင့် ရူးချင်စိတ်ပင် ပေါက်လာရတော့သည်။ သို့သော်လည်း သန့်ရှင်း သပ်ရပ်မှုကို အလွန်အမင်း အစွဲအလမ်းကြီးလှပြီး ဘုရားကျောင်းအတွင်း၌ မနှစ်မြို့ဖွယ် အော့နှလုံးနာစရာ ပြကွက်တစ်ခုခုကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရမည်ကို စိုးရိမ်စိတ်ဖြင့်သာ ခေါင်းထဲအပြည့် ဖြစ်နေသော ကျိဆွေ့မှာမူ ဘာကိုမှ သတိမထားမိဘဲ လုံးဝ အူတူတူကြီး ဖြစ်နေရှာသည်။ ထိုသခင်ကြီးဘက်က မည်မျှပင် သေလုမတတ် အချက်ပြနေပါစေဦးတော့၊ သူ၏ ကူကယ်ရာမဲ့ မျက်ရိပ်ပြချက်များမှာ လျစ်လျူရှုခြင်းကိုသာ ခံလိုက်ရချေပြီ။
*သခင်ကြီးကျိ*
သခင်ကြီးခမျာ ရင်ထဲ၌ လုံးဝ ပြိုလဲပျက်စီးလုနီးပါး ဖြစ်သွားရတော့သည်။
*ဘာတွေ ဖြစ်နေကြတာလဲဗျာ*
*ဘာလို့ ခင်ဗျားတို့အားလုံး ဒီလောက်အထိ စိတ်လွင့်နေကြရတာလဲ၊ ခေါင်းထဲမှာ ဘာတွေ တွေးနေကြတာလဲ၊ တစ်ယောက်ယောက်ကများ ကျွန်တော့်ကို ရှင်းပြပေးမယ့်သူ မရှိဘူးလားဗျာ၊ ဒီလိုမျိုး ဘာမှမသိရဘဲ ရင်တမမနဲ့ စောင့်နေရတာက တကယ်ကို လူသတ်နေသလိုပဲ၊ အား ... တကယ်တော့ ကျွန်တော်လဲ၊ ကျွန်တော်လဲ ဆက်ပြီး အောင့်မထားနိုင်တော့ဘူးဗျာ*
တစ်ဖက်တွင်မူ ရှုရန်မြောင် တစ်ယောက်ကတော့ စိတ်ထဲ၌ အတင်းအဖျင်း သမုဒ္ဒရာကြီးထဲမှာပဲ ဆက်လက် နစ်မျောနေဆဲ ဖြစ်ပေသည်။
[သောက်ကျိုးနည်း၊ ဘယ်အကောင်ကများ အဲ့ဒီဆေးခတ်ထားတဲ့ လက်ဖက်ရည်ကြမ်းကို သောက်မိသွား တာပါလိမ့်၊ ဘာလို့ စနစ်ထဲမှာ ရှာလို့မတွေ့ရတာလဲ၊ တကယ့်ကို ထူးဆန်းလွန်းတယ်]
ရှုရန်မြောင်ခမျာ မိမိ၏ ဆံပင်များကိုပင် ဆွဲဖွပစ်ချင်စိတ် ပေါက်လာရသလို သူ၏ အတွေးကို အတိုင်းသား ကြားနေရသည့် အခြားလူ သုံးဦးမှာလည်း ထပ်တူထပ်မျှပင် စိတ်မရှည်နိုင် ဖြစ်နေကြရသည်။ သူတို့သာ တတ်နိုင်မည် ဆိုပါက ရှုရန်မြောင်၏ ဦးနှောက်ထဲက စနစ်ကြီးကို ကိုယ်တိုင် ဝင်ရောက် လွှဲပြောင်းပြီး အသည်းအသန် လိုက်လံ ရှာဖွေပေးချင်စိတ်ပင် ပေါက်နေကြတော့၏။
ဤကဲ့သို့ တစ်ဝက်တစ်ပျက်ကြီးနှင့် အဖြေမပေါ်ဘဲ ရင်တုန်အောင် လုပ်နေသည့် အခြေအနေကြီးက တကယ့်ကို နှိပ်စက်ညှဉ်းပန်းမှုတစ်ရပ်ပမာ ခံရခက်လွန်းလှပေသည်။
[နေပါဦး၊ ခဏလေး]
ရှုရန်မြောင် တစ်ယောက် ရုတ်တရက် ခန္ဓာကိုယ်ကြီး တောင့်တင်းသွားရတော့သည်။
[ငါ မရှာနိုင်တာ မဆန်းပါဘူး၊ အမှန်တော့ အဲ့ဒါက ဝမ်းနှုတ်ဆေးမှ မဟုတ်ဘဲကိုး]
ရှုရန်မြောင်၏ စိတ်လှုပ်ရှားမှုမှာ ယခင်ကထက် ပိုမိုမြင့်မားသော အထွတ်အထိပ် အဆင့်သစ်တစ်ခုသို့ ဝုန်းခနဲ ဆောင့်တက် သွားရတော့သည်။
[အဲ့ဒါက စိတ်ကြွဆေးကြီး]