အခန်း (၂၀၁၃-၂၀၁၄)
Vol. 202 Ch. 2013-2014
အခန်း (၂၀၁၃) သူတော်စင်နှင့် ရင်ဆိုင်တိုက်ခိုက်ခြင်း
ဖန့်ချန်သည်လည်း မိမိကိုယ်တိုင်၏ ထွင်းထုထားခဲ့သည့် နတ်ဘုရားတန်ခိုးစွမ်းအားများအားလုံးကို အကုန်အစင် ပုံအောထုတ်သုံးလိုက်မည်ဆိုပါက… မည်ကဲ့သို့သော မြင်ကွင်းမျိုး ဖြစ်ပေါ်လာမည်နည်းဟူ၍ စမ်းသပ်ကြည့်ချင်နေခဲ့ပေသည်။
ထို့ကြောင့်ပင်… သူက မိမိ၏ စွမ်းအားအားလုံးကို ပုံအောလျက် လက်ဦးမှုရယူ တိုက်ခိုက်လိုက်သည့် အခါတွင်မူ၊ ရရှိလာခဲ့သည့် ရလဒ်က မျက်စိတစ်မှိတ်အတွင်းမှာပင် ဤနေရာ၌ ရှိနေခဲ့ကြသည့် သက်ရှိအားလုံးကို တစ်ပြိုင်နက်တည်း သုတ်သင်ရှင်းလင်းပစ်နိုင်ခဲ့ခြင်းပင် ဖြစ်တော့သည်။
လော့ရွှယ်သူတော်စင်နှင့် အခြားသော ပုဂ္ဂိုလ်များအားလုံး၏ ရုပ်ခန္ဓာများသည်… ထိုကြောက်မက်ဖွယ်ကောင်းလှသော နတ်ဘုရားတန်ခိုးစွမ်းအားများ၏ အောက်၌ ပြာအဖြစ် ပြောင်းလဲပျောက်ကွယ်သွားခဲ့ရချေပြီဖြစ်ပြီး၊ သူတို့၏ ဝိညာဉ်ခန္ဓာများသာလျှင် မည်သည်ကိုမျှ မသိနားမလည်နိုင်တော့သည့်အလား တွေဝေငေးမောစွာဖြင့် မူလနေရာ၌ မတ်တပ်ရပ်ကျန်ရစ်နေခဲ့ကြတော့သည်။
ချီယန်သူတော်စင်နှင့် သူခေါ်ဆောင်လာခဲ့သည့် တစ်ပိုင်းသူတော်စင်များ၊ ကန့်သတ်ချက်ကျော်လွန်သူများ အားလုံးသည်လည်း… ထိုနေရာမှာတင် အကုန်အစင် သေဆုံးပျက်စီးသွားခဲ့ကြရပြီး၊ ဝိညာဉ်လွင့်ပြယ်နေသည့် ဝိညာဉ်ရိပ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြရချေပြီ။
"ဒါ… ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ……"
ချီယန်သူတော်စင်၏ မျက်ဝန်းအစုံက တွေဝေငေးမောနေခဲ့မိရင်း… သူ၏ မျက်စိရှေ့မှောက်တွင် အမှန်တကယ် ပေါ်ပေါက်လာခဲ့ရသည့် မြင်ကွင်းအားလုံးကို ဘယ်လိုနည်းနဲ့မျှ ယုံကြည်နိုင်စွမ်း မရှိသေးပါချေ။
"ဒီကိစ္စက ဘာမှ မဖြစ်နိုင်စရာ မရှိပါဘူး"
ဝိညာဉ်ရိပ်တစ်ရိပ်သည် ချီယန်သူတော်စင်၏ ဘေးနားသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။ ထိုသူကမူ အခြားသူမဟုတ်ဘဲ ဖျင်ရွှီတစ်ပိုင်းသူတော်စင်ပင် ဖြစ်ပေသည်။
"ဆယ်ခုကျော်လောက်ရှိတဲ့ ထွင်းထုထားတဲ့ နတ်ဘုရားတန်ခိုးစွမ်းအားတွေလား…… တစ်ပိုင်းသူတော်စင်တစ်ယောက်ရဲ့ အတွင်းနယ်မြေက ဘယ်လိုလုပ်ပြီး ထွင်းထုထားတဲ့ နတ်ဘုရားတန်ခိုးစွမ်းအား ဆယ်ခုကျော်အထိ စုစည်းတည်ဆောက်နိုင်ရတာလဲ၊ ပြီးတော့ အဲဒီအတွင်းနယ်မြေက ကွဲအက်မသွားဘဲ ဘယ်လိုမျိုး တောင့်ခံထားနိုင်ရတာလဲ"
ချီယန်သူတော်စင်က တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
ဤအရာကမူ… တစ်ပိုင်းသူတော်စင်များ၏ အတွင်းနယ်မြေအပေါ်၌ သူအမြဲတမ်း စွဲမှတ်ထားခဲ့ဖူးသည့် ပုံသေအတွေးအခေါ်များကို လုံးဝဥဿုံ ရိုက်ချိုးဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်ပေသည်။
ယခုအချိန်တွင် မီးတောက်နတ်ဘုရားမျိုးနွယ်စုဝင်များအနေဖြင့်… ရာဂဏန်းမျှ များပြားလှသော အထွတ်အထိပ်အရိုးများ၏ အကူအညီများ ရှိနေခဲ့သည့်တိုင်အောင်၊ ၎င်းတို့ စုစည်းတည်ဆောက်နိုင်ခဲ့သည့် အတွင်းနယ်မြေများပေါ်၌ အလွန်ဆုံး ထွင်းထုနိုင်သည့် နတ်ဘုရားတန်ခိုးစွမ်းအား အဆင့်အတန်းက လေးမျိုးထက်မပိုဘဲ အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်ပေသည်။
ထိုထက် ပိုမိုများပြားသွားမည်ဆိုပါကမူ… ထိုကဲ့သို့သော ဆထက် တိုးပွားလာမည့် ကြောက်မက်ဖွယ်ကောင်းလှသည့် ဖိအားများကို တောင့်ခံနိုင်စွမ်းရှိသည့် အတွင်းနယ်မြေဟူ၍ ဘယ်လိုနည်းနဲ့မျှ ရှိတော့မည် မဟုတ်ပါချေ။
"ငါ အစောကြီးကတည်းက ပြောခဲ့ပြီးသားပဲ… မသေမျိုးသန့်စင်ကန်ထဲမှာ အတွင်းနယ်မြေကို စုစည်းတည်ဆောက်နိုင်တဲ့သူက ဘယ်လိုနည်းနဲ့မှ သာမန်လူတစ်ယောက် ဖြစ်မနေနိုင်ဘူးလို့၊ ဧကရာဇ်ဝါ့ထျန် ကိုယ်တိုင်တောင်မှ သူ့ရဲ့ ဖြစ်တည်မှုကို အာရုံမခံမိခဲ့တာကို ကြည့်ခြင်းအားဖြင့် ငါ့ရဲ့ ခန့်မှန်းချက်က မှန်ကန်နေပြီဆိုတာ သက်သေပြနေတာပဲ… ဒီလူက သေချာပေါက် အတိတ်တုန်းက ဟိုသူခိုးပဲ ဖြစ်ရမယ်"
ဖျင်ရွှီတစ်ပိုင်းသူတော်စင်၏ ရင်ထဲ၌ အလွန်တရာ ပြင်းထန်လှသော နာကျည်းမုန်းတီးခြင်းများ ပြည့်နှက်နေခဲ့မိရင်း… အဆိပ်အတောက်များ ပြည့်နှက်နေခဲ့သည့် မုန်းတီးလှသော မျက်ဝန်းအစုံဖြင့် ထိုဘယ်လိုနည်းနဲ့မျှ ရှင်းလင်းစွာ မြင်တွေ့နိုင်ခြင်း မရှိသေးသည့် လူရိပ်ကို စိုက်ကြည့်နေမိတော့သည်။
ချီယန်သူတော်စင်သည် ဖြည်းဖြည်းချင်း စိတ်အာရုံများ ပြန်လည်လန်းဆန်းလာခဲ့ပြီး… ရုတ်တရက်ဆိုသကဲ့သို့ မိမိကိုယ်တိုင်၏ ယခုအချိန် အခြေအနေကို တွေးတောမိလိုက်သည့် အခါတွင်မူ၊ သူ၏ မျက်နှာအမူအရာက ချက်ချင်းဆိုသကဲ့သို့ အကြီးအကျယ် ပြောင်းလဲသွားခဲ့ရတော့သည်။
တစ်ဖက်လူက မည်သူပင် ဖြစ်နေပါစေဦးတော့… တစ်ဖက်လူအနေဖြင့် နောက်ပိုင်းတွင် ချင်ဝူဆန့်၏ နှိမ်နင်းခြင်းကို ခံရမည်လား၊ မခံရဘူးလားဟူသည့် ကိစ္စရပ်ကို သူ ဂရုမစိုက်နိုင်တော့ပါချေ။
သူ၏ ယခုအချိန် ရုပ်ခန္ဓာကမူ တစ်ဖက်လူ၏ လက်ချက်ဖြင့် လုံးဝဥဿုံ ဖျက်ဆီးခြင်းကို ခံလိုက်ရချေပြီဖြစ်ပြီး… အတွင်းနယ်မြေသည်လည်း သူနှင့် ဆက်သွယ်မှုအားလုံး ပြတ်တောက်သွားခဲ့ရချေပြီ။
အကယ်၍ သူက ရုပ်ခန္ဓာအသစ်တစ်ခုကို ထပ်မံ၍ ရှာဖွေနိုင်ခဲ့မည် ဖြစ်စေ… သို့မဟုတ် လူဝင်စားလျက် ဘဝအသစ်တစ်ခုကို ပြန်လည်စတင်နိုင်ခဲ့မည် ဖြစ်စေဦးတော့၊ သူတော်စင်အဆင့်၏ စွမ်းအင်စုဆောင်းခြင်းအဆင့် စွမ်းရည်များကို ပြန်လည်ရရှိနိုင်ရန်အတွက် နှစ်ပေါင်းမည်မျှတိုင်အောင် အချိန်ပေးရဦးမည်နည်း။
"ချီယန်သူတော်စင်… အခုအချိန်မှာ ငါတို့တွေ ဘာဆက်လုပ်ကြရင် ကောင်းမလဲ"
သူခေါ်ဆောင်လာခဲ့သည့် တစ်ပိုင်းသူတော်စင် ဆယ်ဦးသည်လည်း… ရုတ်တရက်ဆိုသကဲ့သို့ ဤကဲ့သို့သော ပျက်စီးခြင်း ဘေးအန္တရာယ်ကြီးနှင့် ထိပ်တိုက်တိုးလိုက်ရသဖြင့်၊ တစ်ယောက်ချင်းစီ၏ မျက်နှာထက်တွင် အလွန်တရာ ကြည့်ရဆိုးလှသော အမူအရာများ ပေါ်ပေါက်နေခဲ့ကြပြီ ဖြစ်ပေသည်။
မူလတုန်းက နယ်မြေကိုးခုအတွင်းသို့ ဆင်းသက်လာခဲ့ကြသည့် အချိန်တွင်… ၎င်းတို့သည် လုံးဝဥဿုံ အသာစီးရရှိထားခဲ့ကြပြီး ဖြစ်သဖြင့်၊ သူတို့၏ လက်အောက်တွင် ရှိနေခဲ့ကြသည့် ကန့်သတ်ချက်ကျော်လွန်သူများနှင့် အဆင့်ကိုးအဆင့်ရှိ ကျင့်ကြံသူများသည်ပင် သေဆုံးရန် အကြောင်းမရှိခဲ့ပါချေ။
သို့သော်လည်း ၎င်းတို့အနေဖြင့် ဘယ်လိုနည်းနဲ့မျှ တွေးတောမထားခဲ့မိသည်ကမူ… သူတို့ကဲ့သို့သော ချန်ရွှေနတ်ဘုရားနယ်မြေမှ ဆင်းသက်လာခဲ့ကြသည့် ဂုဏ်သရေရှိလှသော တစ်ပိုင်းသူတော်စင်များသည်ပင်၊ ဤနေရာ၌ အသက်ပျောက်သွားခဲ့ရလိမ့်မည်ဟူ၍ ဖြစ်ပြီး… ထိုအရာအားလုံး၏ တရားခံစစ်စစ်ကမူ ချီယန်ပင် ဖြစ်နေခဲ့ရချေပြီ။
ချီယန်အနေဖြင့် စကားလုံးတစ်ခွန်းမျှ ပြန်လည်ပြောဆိုရန် အချိန်မရလိုက်ခင်မှာပင်… ဟင်းလင်ပြင်အတွင်းရှိ ထိုကြောက်မက်ဖွယ်ကောင်းလှသော အတွင်းနယ်မြေ၏ အတွင်းဘက်မှနေ၍၊ စိမ်းဖန့်ဖန့် အလင်းတန်းတစ်ခု ရုန်းကြွထွက်ပေါ်လာခဲ့ပြီး… ကျဝိညာဉ်ရိပ်များအားလုံး၏ ဦးခေါင်းထက်သို့ တိုက်ရိုက် ကျရောက်စေလိုက်တော့သည်။
မျက်တောင်ခတ်ရုံမျှ အချိန်အတွင်းမှာပင်… ချီယန်သူတော်စင် အပါအဝင် ဝိညာဉ်ရိပ်များအားလုံး၏ အပေါ်၌ တံဆိပ်ခတ်နှိပ်ခြင်း တစ်ခု ဖြစ်ပေါ်လာခဲ့ရပြီးနောက်၊ ၎င်းတို့ကို အတွင်းနယ်မြေ၏ အတွင်းဘက်ဆီသို့ အတင်းအကျပ် ဆွဲခေါ်သွားခဲ့ရတော့သည်။
ဘွဲ့နှင်းအပ်ခြင်းကို အသုံးပြုလျက် ချီယန်သူတော်စင်နှင့် အခြားသော ပုဂ္ဂိုလ်များအားလုံးကို မိမိ၏ လက်အောက်ခံ ယင်စစ်သည်တော်များအဖြစ် ပြောင်းလဲပစ်လိုက်ပြီးနောက်တွင်မူ… ဖန့်ချန်သည် ပထမဆုံးအကြိမ်အဖြစ် ဤနေရာမှနေ၍ ချက်ချင်း တိမ်းရှောင်ထွက်ခွာလိုက်တော့သည်။
ယခုအချိန်တွင်… ဖန့်ချန်၏ ရုပ်ရည်သွင်ပြင်အပေါ်၌ ဖုံးလွှမ်းထားခဲ့သည့် မြူခိုးများအားလုံး ပျောက်ကွယ်သွားခဲ့ရချေပြီဖြစ်သဖြင့်၊ ၎င်းတို့အားလုံးသည်လည်း ဖန့်ချန်၏ ရုပ်ရည်သွင်ပြင်စစ်စစ်ကို အသေအချာ ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရပေသည်။
"သေချာပေါက် မင်း ဖြစ်နေတာပဲ"
လော့ရွှယ်သူတော်စင်၏ မျက်နှာအမူအရာက အလွန်တရာ အုံ့မှိုင်းသွားခဲ့ရတော့သည်။ သူမ ခန့်မှန်းခဲ့မိသည့်အတိုင်းပင်… မသေမျိုးသန့်စင်ကန်အတွင်း၌ တိတ်တဆိတ် ကျင့်ကြံနေခဲ့ပြီး အတွင်းနယ်မြေကိုပါ စုစည်းတည်ဆောက်နိုင်ခဲ့သည့် ကျင့်ကြံသူကမူ ထိုဖန့်ငရဲမင်းကြီးပင် ဖြစ်နေခဲ့ရချေပြီ။
ဟေးဖော်သူတော်စင်၊ ချန်ရှန်းသူတော်စင်၊ ကျန်းဝူတစ်ပိုင်းသူတော်စင်နှင့် အခြားသော နတ်လမ်းစဥ်ဂိုဏ်း၏ တည်ရှိမှုများအားလုံးသည်လည်း ရင်ထဲ၌ အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရသလို ဒေါသများလည်း ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ကြရတော့သည်။
"မင်း ငါတို့ရဲ့ အပေါ်မှာ ဘာတွေ လုပ်လိုက်တာလဲ"
ကျန်းဝူတစ်ပိုင်းသူတော်စင်သည် မိမိကိုယ်တိုင်၏ ခန္ဓာကိုယ်အပေါ်၌ မည်ကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်နေခဲ့သည်ကို ခန့်မှန်းမိထားခဲ့သော်လည်း… သူမအနေဖြင့် ရင်ထဲ၌ ထိုအရာကို မယုံကြည်ချင်သေးပါချေ။
"ကျန်းဝူတစ်ပိုင်းသူတော်စင်လား……"
ဖန့်ချန်သည် ကျန်းဝူတစ်ပိုင်းသူတော်စင်ကို တစ်ချက်မျှ စိုက်ကြည့်လိုက်မိရင်း… ထို့နောက်တွင်မူ ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်မိရင်း ပြောဆိုလိုက်တော့သည်။
"ငါက ငါ့ရဲ့ အတွင်းနယ်မြေထဲမှာ နတ်ဘုရားတန်ခိုးစွမ်းအားတစ်ခု ထွင်းထုထားခဲ့တယ်… အဲဒီအရာရဲ့ အမည်က ယင်စစ်သည်တော်ကျင့်စဉ်လို့ ခေါ်တယ်၊ အခုအချိန်မှာ မိတ်ဆွေတို့အားလုံးက ငါ့ရဲ့ လက်အောက်ခံ ယင်စစ်သည်တော်တွေ ဖြစ်သွားကြပါပြီ"
ထိုသို့ဆိုလျှင်မူ… ၎င်းတို့အားလုံး၏ အသက်သေဆုံးခြင်းနှင့် ရှင်သန်ခြင်း အားလုံးက တစ်ဖက်လူ၏ စိတ်အာရုံ တစ်ချက်တည်းအပေါ်၌သာ မူတည်နေခဲ့ရပြီ မဟုတ်ပါလော။ ၎င်းတို့အနေဖြင့် လူဝင်စားလျက် ဘဝအသစ်တစ်ခုကို ပြန်လည်စတင်နိုင်မည့် အခွင့်အရေးမျိုးပင် ဘယ်လိုနည်းနဲ့မျှ ရှိတော့မည် မဟုတ်ပါချေ။
လော့ရွှယ်သူတော်စင်နှင့် အခြားသော ပုဂ္ဂိုလ်များအားလုံးသည်… မျက်စိတစ်မှိတ်အတွင်းမှာပင် လုံးဝဥဿုံ တိတ်ဆိတ်ငြိမ်သက်ခြင်းများအတွင်းသို့ နစ်မြုပ်သွားခဲ့ကြရတော့သည်။
ထိုအချိန်မှာပင်… ချီယန်သူတော်စင်သည် သူ၏ ရင်ထဲ၌ ရှိနေခဲ့သည့် ပြင်းထန်လှသော ဒေါသတရားများကို ဖြည်းဖြည်းချင်း ဖိနှိပ်လိုက်မိရင်း၊ သူ၏ မျက်နှာထက်တွင် အတင်းအကျပ် လုပ်ယူထားရသည့် အပြုံးတစ်ခုကို ဖော်ပြလိုက်မိရင်း ဖန့်ချန်၏ ထံဆီသို့ လက်အုပ်ချီလျက် ပြောဆိုလိုက်တော့သည်။
"မိတ်ဆွေ… ငါတို့နှစ်ယောက်ကြားထဲမှာ တစ်စုံတစ်ရာ နားလည်မှုလွဲမှားနေတာမျိုး ရှိနေလို့လား၊ မိတ်ဆွေအနေနဲ့ သိထားသင့်တာက… ငါက ဘယ်သူ့ရဲ့ အမိန့်ကို နာခံပြီး ဒီနေရာကို ရောက်လာခဲ့တာလဲဆိုတာကိုပဲ"
"ချင်ဝူဆန့်"
ဖန့်ချန်က တည်ငြိမ်အေးဆေးစွာဖြင့် ပြန်လည်ပြောဆိုလိုက်သည်။
"သူ… သူက သိနေတာလား"
လော့ရွှယ်သူတော်စင်နှင့် အခြားသော ပုဂ္ဂိုလ်များ၏ မျက်ဝန်းအစုံအတွင်း၌ အလွန်တရာ အံ့ဩမှင်တက်သွားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့ရတော့သည်။
ချီယန်သူတော်စင်သည် ခဏမျှ ကြောင်အသွားခဲ့ရပြီးနောက်… ချက်ချင်းဆိုသကဲ့သို့ ပြုံးလိုက်မိရင်း ပြောဆိုလိုက်တော့သည်။
"မိတ်ဆွေအနေနဲ့ သခင်လေးချင် အကြောင်းကို သိထားပြီးသား ဖြစ်နေမှတော့… ငါတို့ရဲ့ ဖြစ်တည်မှုနဲ့ အဆင့်အတန်းကိုလည်း သေချာပေါက် နားလည်ထားပြီးသား ဖြစ်ရမယ်၊ ဒါဆိုရင် ဘာဖြစ်လို့ မိတ်ဆွေက ဒီလိုမျိုး သတ်ဖြတ်ခြင်း နည်းလမ်းတွေကို အသုံးပြုခဲ့ရတာလဲ"
"အကယ်၍ ဒီကိစ္စက နားလည်မှုလွဲမှားခြင်းတစ်ခုမျှသာ ဖြစ်ခဲ့မယ်ဆိုရင်တော့… မိတ်ဆွေအနေနဲ့ ငါတို့အားလုံးရဲ့ ဝိညာဉ်ခန္ဓာတွေကို ဝိညာဉ်ဖမ်းတမန် အကြီးအကဲ ရွှမ်အယ် ရဲ့ လက်ထဲကို ပြန်လည်အပ်နှံပေးပါဦး"
"အဲဒီနောက်ကျမှ…မင်းတို့အားလုံးက ဟင်းလင်ပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့အတွင်းမှာ လူဝင်စားပြီး ဘဝအသစ်ကို ပြန်လည်စတင်ပြီးတော့၊ နောက်တစ်ဘဝကျမှ နယ်မြေကိုးခုက လူသားမျိုးနွယ်စုတွေကို ထပ်မံပြီးတော့ ရင်ဆိုင်တိုက်ခိုက်ကြဖို့လား"
ဖန့်ချန်က ပြုံးလျက် မေးခွန်းထုတ်လိုက်သည်။
"သေချာပေါက် မင်းက ရှန်းဟုန်းအကြွင်းအကျန်တွေ ဖြစ်နေတာပဲ… ဒါပေမဲ့ မင်းက သာမန် တစ်ပိုင်းသူတော်စင်အဆင့်ပဲ ရှိသေးတာပါ၊ အခုအချိန်မှာ ငါတို့ကို သတ်ဖြတ်နိုင်ခဲ့ရင်တောင်မှ… သခင်လေးအနေနဲ့ မင်းကို သေချာပေါက် ရှာဖွေနိုင်မှာဖြစ်ပြီး၊ မင်းရဲ့ အရေခွံကို နွှာပြီး အသားတွေကို လှီးဖြတ်ပစ်လိမ့်မယ်"
တစ်ပိုင်းသူတော်စင်တစ်ဦးက အေးစက်စက် အပြုံးတစ်ခုဖြင့် ခြိမ်းခြောက် စကားဆိုလိုက်သည်။
"တကယ်လို့ ဒီနေရာရဲ့ တားမြစ်ချက်တွေက ချီယန်သူတော်စင်ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို ဖိနှိပ်ထားခြင်း မရှိခဲ့ဘူးဆိုရင်… အခုအချိန်မှာ အမှုန့်လုပ်ခြင်းကို ခံလိုက်ရမှာက မင်းကိုယ်တိုင်ပဲ ဖြစ်ရမယ်၊ မင်းက ဒီနေရာရဲ့ အသာစီးရမှုကို အခွင့်ကောင်းယူရုံသက်သက်ပဲ ရှိသေးတာ"
အခြားသော တစ်ပိုင်းသူတော်စင်တစ်ဦးကလည်း အေးစက်စက် စကားဆိုလိုက်ရင်း…
"မင်း အသေအချာ သိထားသင့်တာက… သခင်လေးက ဒီတစ်ကြိမ်မှာ အင်အားကြီးမားလှတဲ့ ကျင့်ကြံသူ အရေအတွက် ဘယ်လောက်အထိ ခေါ်ဆောင်လာခဲ့လဲဆိုတာပဲ၊ မင်း အဲဒီအကြောင်းကို သိသွားရင် သေချာပေါက် ကြောက်လန့်ပြီး ထွက်ပြေးရလိမ့်မယ်"
"သူတော်စင် ခြောက်ဆယ်ဦး၊ တစ်ပိုင်းသူတော်စင် ခြောက်ရာ၊ ကန့်သတ်ချက်ကျော်လွန်သူ သုံးသောင်းနဲ့ အဆင့် ၉ အဆင့်ရှိ ကျင့်ကြံသူ ခြောက်သန်းထက် မနည်းဘူး မဟုတ်လား"
ဖန့်ချန်က ပြောဆိုလိုက်သည်။
ချီယန်သူတော်စင် အပါအဝင် ဖြစ်သည့် ဤနေရာရှိ ပုဂ္ဂိုလ်အားလုံး၏ မျက်နှာထက်တွင် အလွန်တရာ အံ့ဩမှင်တက်သွားသည့် အရိပ်အယောင်များ တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာခဲ့ရတော့သည်။
တစ်ဖက်လူအနေဖြင့် ဘယ်လိုနည်းနဲ့မျှ ဤမျှလောက်အထိ အသေးစိတ်ကျလှသော အချက်အလက်များကို အသေအချာ သိရှိနေခဲ့ရတာလဲ။
ဒါဆိုရင်… သူတို့ကြားထဲမှာ သစ္စာဖောက်တစ်ယောက် ပေါ်ပေါက်နေခဲ့ပြီဟူ၍လား။
သို့သော်လည်း ဤအရာက လုံးဝဥဿုံ မဖြစ်နိုင်ပါချေ။
ဟော်ဆွေ့မျိုးနွယ်စုဝင်များထဲမှ ကျင့်ကြံသူများသည်… ဘယ်လိုနည်းနဲ့မျှ ရှန်းဟုန်းမျိုးနွယ်စုဝင်များ၏ ဘက်တော်သားအဖြစ် ရပ်တည်ကြလိမ့်မည် မဟုတ်ပါချေ။
မျိုးနွယ်စုနှစ်ခုကြားရှိ ရန်ငြိုးရန်စများကမူ… ရေနှင့်မီးကဲ့သို့ ဘယ်လိုနည်းနဲ့မျှ အတူယှဉ်တွဲနေထိုင်၍ မရနိုင်လောက်အောင် ပြင်းထန်လွန်းလှပေသည်။
"ဒါဆိုရင်… မိတ်ဆွေအနေနဲ့ ငါတို့ကို ဘယ်လိုမျိုး အပြစ်ပေးအရေးယူဖို့ စိတ်ကူးထားလဲ၊ မမေ့ပါနဲ့ဦး… မင်းရဲ့ လက်အောက်မှာ ရှိနေခဲ့ကြတဲ့ လူအများစုကလည်း အခုအချိန်မှာ ဝိညာဉ်ဖမ်းတမန် အကြီးအကဲ ရွှမ်အယ် ရဲ့ လက်ထဲမှာ ရှိနေခဲ့ကြတာကိုပဲ"
ချီယန်သူတော်စင်သည် သူ၏ မျက်နှာထက်မှ အပြုံးများကို ဖြည်းည်းချင်း ရုပ်သိမ်းလိုက်မိရင်း တည်ငြိမ်စွာဖြင့် စကားဆိုလိုက်သည်။
"ဘယ်လိုမျိုး အပြစ်ပေးရမလဲဆိုတာကိုတော့… ငါ လောလောဆယ် တွေးတောထားခြင်း မရှိသေးဘူး၊ ဒါပေမဲ့ မင်းအတွက်ကတော့… ငါက သေချာပေါက် ရှဲ့ကျစ်ဌာနရဲ့ တိုက်ပွဲအတွင်းမှာ သေဆုံးသွားခဲ့ရတဲ့ မိတ်ဆွေတွေအတွက် ကလဲ့စားချေပေးရလိမ့်မယ်"
ဖန့်ချန်က ပြုံးလျက် ပြောဆိုလိုက်သည်။
ဤအကြောင်းအရာကိုပါ သူက သိရှိနေခဲ့ရတာလား။
ချီယန်သူတော်စင်သည် ထိုနေရာမှာတင် အံ့ဩမှင်တက်သွားခဲ့ရတော့သည်။
နောက်ထပ် စက္ကန့်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက်… ဟင်းလင်ပြင်အတွင်းရှိ ဖန့်ချန်၏ အတွင်းနယ်မြေ ရှေ့မှောက်တွင်မူ၊ ရုတ်တရက်ဆိုသကဲ့သို့ ခန့်ညားထည်ဝါလှသော နတ်ဘုရားတံခါးကြီးတစ်ခု ထပ်မံ၍ ထွက်ပေါ်လာခဲ့ရချေပြီ။
"မိတ်ဆွေအနေနဲ့ မသေမျိုးသန့်စင်ကန်အတွင်းမှာဒီလောက်အထိ မြင့်မားလှတဲ့ အဆင့်အတန်းမျိုးကို တိတ်တဆိတ် ကျင့်ကြံနိုင်ခဲ့တာကို ကြည့်ခြင်းအားဖြင့်… အမှန်တကယ်ကို ကောင်းကင်ထက်ကပါရမီရှင်တစ်ဦး ဖြစ်ရမယ်"
"အခုလေးတင် စုစည်းတည်ဆောက်ပြီးစ ကာလပဲ ရှိသေးတဲ့ အတွင်းနယ်မြေက… ငါကိုယ်တိုင်ရဲ့ အတွင်းနယ်မြေထက်တောင် ပိုပြီး နက်ရှိုင်းလှတဲ့ အခြေခံအုတ်မြစ်တွေကို ပိုင်ဆိုင်ထားနိုင်ခဲ့တာကို ကြည့်ခြင်းအားဖြင့်၊ ငါကိုယ်တိုင်တောင်မှ မိတ်ဆွေကို အလွန်တရာ အားကျမိရတယ်"
ဧကရာဇ်ဝါ့ထျန်း လား……
ဖန့်ချန်၏ ရင်ထဲ၌ အလွန်တရာ ပြင်းထန်လှသော ဖိအားတစ်ခု ချက်ချင်းဆိုသကဲ့သို့ ပေါ်ပေါက်လာခဲ့ရတော့သည်။
တစ်ဖက်လူ၏ အတွင်းနယ်မြေ အဆင့်အတန်းကမူ… သူနှင့်ယှဉ်လျှင် အဆပေါင်းများစွာ ပိုမို၍ အင်အားကြီးမားလွန်းလှသည်မှာ ထင်ရှားလွန်းလှပေသည်။
သူသည် အပိုစကားများကို ဖွင့်ဟပြောဆိုခြင်း မပြုခဲ့ဘဲ… စိတ်အာရုံတစ်ချက် တုန့်ပြန်လိုက်မိရင်း၊ မိမိကိုယ်တိုင်၏ အတွင်းနယ်မြေကို အသုံးပြုလျက် ဟင်းလင်ပြင်၏ အနက်ရှိုင်းဆုံး နေရာအရပ်ဆီသို့ တရစပ် အရှိန်မြှင့်တင်ကာ တိမ်းရှောင်ထွက်ခွာလိုက်တော့သည်။
"ထွက်ပြေးချင်တာလား"
ဧကရာဇ်ဝါ့ထျန် သည် သူ၏ ကျောပြင်ဘက်ဆီသို့ လက်နှစ်ဖက်ကို ပစ်ပေးထားမိရင်း… မိမိကိုယ်တိုင်၏ အတွင်းနယ်မြေ နတ်ဘုရားတံခါးကြီး၏ ရှေ့မှောက်တွင် မတ်တပ်ရပ်နေခဲ့မိရင်း၊ သူ၏ မျက်ဝန်းအစုံအတွင်း၌ အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ရပြီးနောက်… ချက်ချင်းဆိုသကဲ့သို့ မိမိ၏ အတွင်းနယ်မြေကို လှုံ့ဆော်အသုံးပြုလျက် နောက်ကနေ တရစပ် လိုက်လံဖမ်းဆီးလိုက်တော့သည်။
တစ်ချိန်တည်းမှာပင်… သူသည် မိမိကိုယ်တိုင်၏ အတွင်းနယ်မြေကို အဆက်မပြတ် လှုံ့ဆော်မောင်းနှင်လိုက်မိရင်း၊ တစ်ချက်ပြီးတစ်ချက်ဆိုသကဲ့သို့ ဖန့်ချန်၏ အတွင်းနယ်မြေအပေါ်သို့ ပြင်းထန်စွာ တိုက်ခိုက်ဝင်ဆောင့်စေလိုက်တော့သည်။
ဓာတ်ကြီးငါးပါး ထိန်းချုပ်ခြင်းကျင့်စဉ်ကမူ… မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရားနဂါးကြီး ငါးကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရချေပြီဖြစ်ပြီး၊ အမျိုးမျိုးသော ထွင်းထုထားသည့် နတ်ဘုရားတန်ခိုးစွမ်းအားများနှင့် ပူးပေါင်းလျက်… အတွင်းနယ်မြေ၏ နတ်ဘုရားတံခါးကြီးကို အပြင်းအထန် ကာကွယ်စောင့်ရှောက်နေခဲ့ကြပြီ ဖြစ်ပေသည်။
ဤသို့ ကာကွယ်ထားခဲ့သည့်တိုင်အောင်… တစ်ဖက်လူ၏ အဆက်မပြတ် ပြင်းထန်စွာ တိုက်ခိုက်ဝင်ဆောင့်လာခဲ့သည့် အကြိမ်တိုင်းတွင်မူ၊ ဖန့်ချန်အနေဖြင့် မိမိကိုယ်တိုင်၏ ခန္ဓာကိုယ်အပေါ်၌ ခံစားနေရသည့် ဖိအားများက အဆမတန် ပိုမို၍ ကြီးမားလာခဲ့ရသည်ကို အသေအချာ ခံစားသိရှိနေခဲ့ရသည်။
ဤအတိုင်းသာ ဆက်လက်၍ ဖြစ်ပျက်နေဦးမည်ဆိုပါကမူ… သူ၏ အတွင်းနယ်မြေကမူ သေချာပေါက် တစ်ဖက်လူ၏ လက်ချက်ဖြင့် ရိုက်ချိုးဖျက်ဆီးခြင်းကို ခံရတော့မည် ဖြစ်ပေသည်။
ဖန့်ချန်၏ မျက်နှာအမူအရာက အလွန်တရာ လေးနက်တည်ကြည်သွားခဲ့ရချေပြီဖြစ်ပြီး… ဤအရာကမူ သူတော်စင်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးနှင့် ပထမဆုံးအကြိမ်အဖြစ် ရင်ဆိုင်တိုက်ခိုက်ဖူးခြင်း ဖြစ်ပေသည်။
တစ်ဖက်လူ၏ အသုံးပြုခဲ့သည့် နည်းလမ်းများနှင့် စွမ်းရည်များကမူ… ဖျင်ရွှီတစ်ပိုင်းသူတော်စင်နှင့် အခြားသော လူများနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် မရေမတွက်နိုင်အောင် များပြားလှသည့် အဆပေါင်းများစွာ ပိုမို၍ အင်အားကြီးမားလွန်းလှပေသည်။
သူ့အနေဖြင့် ယခုအချိန်တွင်… အလွန်ဆုံး ရှိလှမှ ထွက်ပြေးတိမ်းရှောင်နိုင်မည့် စွမ်းရည်မျိုးသာ ရှိနေခဲ့ခြင်း ဖြစ်ပြီး၊ ပြန်လည်၍ ခုခံတိုက်ခိုက်နိုင်မည့် စွမ်းရည်မျိုး ဘယ်လိုနည်းနဲ့မျှ မရှိသေးပါချေ။
"ဧကရာဇ်ဝါ့ထျန် ရောက်လာခဲ့ပြီလား အလွန်ကောင်းတာပဲ "
ဖျင်ရွှီတစ်ပိုင်းသူတော်စင်သည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ… သူ၏ ရင်ထဲ၌ အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရတော့သည်။
လော့ရွှယ်သူတော်စင်နှင့် အခြားသော ပုဂ္ဂိုလ်များအားလုံးသည်လည်း တစ်ယောက်ပြီးတစ်ယောက် သတိပြန်ဝင်လာခဲ့ကြပြီး… မိမိကိုယ်တိုင်၏ ယခုအချိန် အခြေအနေကို စစ်ဆေးကြည့်ရှုလိုက်ကြမိရင်း၊ တစ်ပြိုင်နက်တည်းမှာပင် မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့သည့် မျက်ဝန်းအစုံဖြင့် ဧကရာဇ်ဝါ့ထျန် ရှိနေခဲ့သည့် ခန့်ညားထည်ဝါလှသော နတ်ဘုရားတံခါးကြီးဆီသို့ စိုက်ကြည့်လိုက်ကြတော့သည်။
ဤနေရာတွင် ရှိနေခဲ့သည့် အတွင်းနယ်မြေသာ ဧကရာဇ်ဝါ့ထျန်း ၏ လက်ချက်ဖြင့် ရိုက်ချိုးဖျက်ဆီးခြင်းကို ခံလိုက်ရမည်ဆိုလျှင်မူ… ၎င်းတို့အနေဖြင့် ကျင့်ကြံခြင်းလမ်းစဉ်ကို အစကနေ ပြန်လည်စတင်နိုင်မည့် မျှော်လင့်ချက်များ သေချာပေါက် ရှိနေသေးသည် မဟုတ်ပါလော။
အခန်း (၂၀၁၄) ကောင်းကင်ဖြစ်စဉ်နိမိတ်
အတွင်းနယ်မြေ နှစ်ခုသည် ဟင်းလင်ပြင်အတွင်း၌ တစ်ခုက အသည်းအသန် မောင်းနှင်ထွက်ပြေးပြီး နောက်တစ်ခုက တရစပ် လိုက်လံဖမ်းဆီးရင်း အဆက်မပြတ် အကြိတ်အနယ် တိုက်ခိုက်နေကြပေသည်။
သို့သော်လည်း ဖန့်ချန်၏ ဘက်ကမူ အမြဲတမ်း အလဲလဲအပြိုပြိုဖြင့် အရိုက်ခံနေရသည့် အခြေအနေတွင်သာ ရှိနေခဲ့ပြီး၊ ဧကရာဇ်ဝါ့ထျန်း ကမူ ဖန့်ချန်၏ အတွင်းနယ်မြေ နတ်ဘုရားတံခါးကြီးကို ရိုက်ချိုးဖျက်ဆီးပစ်ရန် အဆက်မပြတ် ကြိုးပမ်းနေခဲ့သည်။
သို့သော်ငြားလည်း… ဆယ်ခုကျော်မျှ များပြားလှသည့် ထွင်းထုထားသည့် နတ်ဘုရားတန်ခိုးစွမ်းအားများ၏ အပြင်းအထန် ကာကွယ်စောင့်ရှောက်ထားမှုအောက်၌၊ ဧကရာဇ်ဝါ့ထျန်း ၏ ပြင်းထန်လှသော တိုက်စစ်များသည်လည်း ခဏတဖြုတ်အတွင်းမှာတော့ အမှန်တကယ် ထိရောက်လှသည့် ရလဒ်မျိုးကို မလုပ်ဆောင်နိုင်သေးပါချေ။
"မိတ်ဆွေက သာမန် တစ်ပိုင်းသူတော်စင်အဆင့်ပဲ ရှိသေးတာပါ၊ ဧကရာဇ်ဝါ့ထျန်း ကတော့ စွမ်းအင်စုဆောင်းခြင်း အစောပိုင်းအဆင့်မှာ ရှိနေတဲ့ သူတော်စင်တစ်ယောက်ပဲ… မိတ်ဆွေရဲ့ အတွင်းနယ်မြေက တစ်ချိန်ချိန်မှာတော့ သူ့ရဲ့ လက်ချက်နဲ့ ရိုက်ချိုးဖျက်ဆီးတာကို ခံရမှာက အနှေးနဲ့အမြန်ပဲလေ။
ဒီလိုလုပ်ရင် ဘယ်လိုလဲ… ငါက ကြားလူအဖြစ် စေ့စပ်ညှိနှိုင်းပေးမယ်၊ အားလုံး ဝိုင်းဖွဲ့ပြီးတော့ ကောင်းကောင်းမွန်မွန် ဆွေးနွေးကြည့်ကြတာပေါ့"
ချီယန်သူတော်စင်သည်… ဧကရာဇ်ဝါ့ထျန်း ၏ တိုက်စစ်များက ခဏတဖြုတ်အတွင်း အရာမထင်သေးသည်ကို မြင်တွေ့လိုက်ရသည့်အခါ စိတ်ကူးတစ်ချက် ပေါ်လာခဲ့ပြီးနောက် ချက်ချင်းပင် အကြံပြုချက်တစ်ခုကို ထုတ်ဖော်ပြောဆိုလိုက်တော့သည်။
သူခေါ်ဆောင်လာခဲ့သည့် တစ်ပိုင်းသူတော်စင်များ၏ မျက်နှာအမူအရာကလည်း အနည်းငယ် ပြောင်းလဲသွားခဲ့ရပြီး… တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါဖြင့် စိုက်ကြည့်လိုက်ကြမိသော်လည်း၊ မည်သည့်စကားတစ်ခွန်းမျှ ထပ်မံ၍ ဝင်ရောက်ပြောဆိုခြင်း မပြုခဲ့ကြပါချေ။
"ရှန်းဟုန်းမျိုးနွယ်စုနဲ့ ဟော်ဆွေ့မျိုးနွယ်စုကြားက ရန်ငြိုးရန်စတွေအကြောင်း သိသိကြီးနဲ့တောင်… မင်းက ငါ့ကို အတူတူထိုင်ပြီး ဆွေးနွေးဖို့ ပြောနေသေးတာပဲ၊ မင်းကပဲ တုံးအ နေတာလား… ဒါမှမဟုတ် ငါ့ကိုပဲ အရူးတစ်ယောက်လို့ ထင်နေတာလား"
ဖန့်ချန်က မချိပြုံး ပြုံးလိုက်မိရင်း ပြောဆိုလိုက်တော့သည်။
"မိတ်ဆွေက စိတ်ထဲမှာ ပုံသေတွေးထားမိပြီးတော့… ဟော်ဆွေ့မျိုးနွယ်စုနဲ့ ရှန်းဟုန်းမျိုးနွယ်စုကြားက ရန်ငြိုးတွေက ရေနဲ့မီးလို ဘယ်လိုမှ အတူယှဉ်တွဲလို့ မရနိုင်ဘူးလို့ပဲ ထင်နေတာ၊ အမှန်တော့ အဲဒီလို မဟုတ်ပါဘူး။
မိတ်ဆွေ လော့ရွှယ်သူတော်စင်တို့ အုပ်စုကိုပဲ ကြည့်လိုက်ပါဦး… သူတို့တွေလည်း အတိတ်တုန်းက မင်းတို့ ရှန်းဟုန်းမျိုးနွယ်စုရဲ့ ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တွေ ဖြစ်ခဲ့ဖူးတာပဲ မဟုတ်လား၊ အခုတော့ သခင်လေးရဲ့ လက်အောက်မှာ အဆင်ပြေပြေ တည်ရှိနေကြတာပဲလေ"
ချီယန်သူတော်စင်သည် သူ၏ ရင်ထဲ၌ ရှိနေခဲ့သည့် ဒေါသများကို အတင်းအကျပ် ဖိနှိပ်လိုက်မိရင်း… ပြုံးလျက် လော့ရွှယ်သူတော်စင်တို့ အုပ်စုဆီသို့ လက်ညှိုးထိုးပြလိုက်တော့သည်။
လော့ရွှယ်သူတော်စင်သည်လည်း စိတ်ကူးတစ်ချက် ရရှိသွားခဲ့ပြီးနောက် ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်ရင်း-
"ဖန့်ငရဲမင်းကြီး… အတူတူထိုင်ပြီး ဆွေးနွေးကြည့်ကြဖို့ အမှန်တကယ် ဖြစ်နိုင်ပါတယ်၊ နယ်မြေကိုးခုရဲ့ အခြေအနေက အမှန်တော့ အဆုံးအဖြတ်ပေးပြီးသား ဖြစ်နေပါပြီ။ အကယ်၍ ဖန့်ငရဲမင်းကြီးသာ အတူတူထိုင်ပြီး ညှိနှိုင်းဆွေးနွေးမယ်ဆိုရင်တော့… ထိခိုက်သေဆုံးမှုတွေကို အနည်းဆုံးအဆင့်အထိ လျှော့ချပစ်နိုင်လိမ့်မယ်"
"မင်းတို့တွေလိုပဲ ကိုယ့်ရဲ့ မျိုးနွယ်စုအပေါ်မှာ သစ္စာဖောက်ဖျက်ခိုင်းဖို့ စိတ်ကူးနေတာလား"
ဖန့်ချန်က ပြောဆိုလိုက်သည်။
လော့ရွှယ်သူတော်စင်က ညင်သာစွာ ခေါင်းခါပြလိုက်ရင်း-
"သစ္စာဖောက်တာ မဟုတ်ပါဘူး၊ ငါတို့တွေက လူသားမျိုးနွယ်စုဝင်တွေ ဖြစ်သလို… ဟော်ဆွေ့မျိုးနွယ်စုကလည်း လူသားမျိုးနွယ်စုဝင်တွေပဲလေ။ ဒါကြောင့်မို့လို့ ငါတို့တွေက ကိုယ့်ရဲ့ မျိုးနွယ်စုအပေါ်မှာ ဘယ်တုန်းကမှ သစ္စာဖောက်ဖျက်ခဲ့ခြင်း မရှိပါဘူး"
"ဆင်ခြေတွေပဲ"
ဖန့်ချန်က သရော်ပြုံး ပြုံးလိုက်မိရင်း ကျိန်ဆဲစကားဆိုလိုက်တော့သည်။
"မင်းတို့တွေ မြစ်ထဲကိုသွားပြီးတော့… အမှားတွေကို သေသေချာချာ ပြန်လည်ဆင်ခြင်သုံးသပ်နေကြတာက ပိုကောင်းလိမ့်မယ်"
လော့ရွှယ်သူတော်စင်နှင့် အခြားသော ပုဂ္ဂိုလ်များ၏ မျက်နှာအမူအရာက ချက်ချင်းဆိုသကဲ့သို့ အကြီးအကျယ် ပြောင်းလဲသွားခဲ့ရချေပြီဖြစ်ပြီး… ထို့နောက်တွင်မူ ၎င်းတို့၏ ခန္ဓာကိုယ်များက မိမိကိုယ်တိုင်ပင် ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့်အလား မြစ်ကြီး၏ အတွင်းဘက်ဆီသို့ တစ်လှမ်းချင်းစီ လျှောက်လှမ်းသွားခဲ့ကြတော့သည်။
"ဖန့်ငရဲမင်းကြီး… ဒီကိစ္စက ညှိနှိုင်းဆွေးနွေးလို့ ရနိုင်ပါသေးတယ်"
ကျန်းဝူတစ်ပိုင်းသူတော်စင်က အတင်းအကျပ် လုပ်ယူထားရသည့် အပြုံးတစ်ခုဖြင့်
"ငါ မင်းအတွက် အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုတွေကို သေသေချာချာ အသေးစိတ် တွက်ချက်ပြရင် ဘယ်လိုလဲ"
"ငါကတော့… မင်း လူသားဘဝကို စွန့်လွှတ်ဖို့ ရွေးချယ်ခဲ့တဲ့ အချိန်တုန်းက၊ ဒီလိုမျိုး ရွေးချယ်မှုမျိုးကို ပြုလုပ်ခဲ့လိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးမထားခဲ့မိဘူး"
ဖန့်ချန်က သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်မိရင်း-
"မင်းရဲ့ အပြုအမူ အပြောအဆို တိုင်းက… ငါ့ကို အတိတ်တုန်းက ယောက်ျားပီသတဲ့ သတ္တိမျိုး ရှိခဲ့ဖူးတဲ့ ကျန်းဝူတစ်ပိုင်းသူတော်စင်ကိုပဲ ပြန်လည်သတိရစေတယ်၊ အခုလိုမျိုး မူမမှန်ဘဲ ကပ်ဖားရပ်ဖား လုပ်နေတဲ့ ပုံစံမျိုးကို မဟုတ်ဘူး"
ကျန်းဝူတစ်ပိုင်းသူတော်စင်၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့ရပြီး… အော်ဟစ်ဆဲဆိုရန် ပြင်လိုက်သော်လည်း၊ သူမ၏ ခန္ဓာကိုယ်ကမူ မိမိကိုယ်တိုင်ပင် ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ မြစ်ကြီး၏ အတွင်းဘက်ဆီသို့ နစ်မြုပ်ပျောက်ကွယ်သွားခဲ့ရချေပြီ။
ထို့နောက်တွင်မူ… ချီယန်သူတော်စင် ခေါ်ဆောင်လာခဲ့သည့် အခြားသော တစ်ပိုင်းသူတော်စင်များနှင့် ကန့်သတ်ချက်ကျော်လွန်သူများ အားလုံး ဖြစ်ပေသည်။
မကြာခင်အချိန်အတွင်းမှာပင်… အလွန်တရာ ကျယ်ပြောလှသော အတွင်းနယ်မြေကြီး၏ အတွင်းဘက်၌၊ ချီယန်သူတော်စင်နှင့် ဖန့်ချန် နှစ်ဦးတည်းသာလျှင် ကျန်ရစ်နေခဲ့ကြတော့သည်။
ဧကရာဇ်ဝါ့ထျန် ကမူ နောက်ကနေ တရစပ် အလျှော့မပေးဘဲ လိုက်လံတိုက်ခိုက်နေဆဲ ဖြစ်သော်လည်း… ဖန့်ချန်၏ ထိုအတွင်းနယ်မြေကြီးကမူ အလွန်တရာ ခိုင်မာတောင့်တင်းလွန်းလှသဖြင့်၊ ခဏတဖြုတ်အတွင်းမှာတော့ ဘယ်လိုနည်းနဲ့မျှ ရိုက်ချိုးဖျက်ဆီးနိုင်ခြင်း မရှိနိုင်မှန်း ချီယန်သူတော်စင် အသေအချာ သိရှိနားလည်ထားပေသည်။
"ချီယန်သူတော်စင်… ငါ့ကို အတွင်းနယ်မြေတွေရဲ့ အဆင့်အတန်း သတ်မှတ်ချက် အခေါ်အဝေါ်တွေအကြောင်း ပြောပြစမ်းပါဦး၊ ငါ နားထောင်ချင်လို့"
ဖန့်ချန်က ပြုံးလျက် မေးခွန်းထုတ်လိုက်သည်။
ချီယန်သူတော်စင်သည် မူလက ငြင်းဆန်ပယ်ချရန် ပြင်လိုက်သော်လည်း… ရုတ်တရက်ဆိုသကဲ့သို့ သူ၏ ခန္ဓာကိုယ်အတွင်း၌ တောက်လောင်နေသည့် ပြင်းထန်လှသော မီးတောက်မီးလျှံများ၏ လောင်မြိုက်ခြင်းကို ခံလိုက်ရသည့်အလား၊ ထိုပြင်းထန်လှသော နာကျင်မှု ဝေဒနာများကြောင့် သူက ချက်ချင်းပင် ဒူးထောက်လဲကျသွားခဲ့ရပြီးနောက် ကျယ်လောင်စွာ အော်ဟစ်ညည်းတွားလိုက်မိတော့သည်။
သူက ချက်ချင်းပင် အလျင်အမြန် ပြောဆိုလိုက်ရတော့သည်။
"အတွင်းနယ်မြေတွေရဲ့ အဆင့်အတန်းက… သူတော်စင်တွေရဲ့ ကျင့်ကြံခြင်း စွမ်းအား အဆင့်အတန်းနဲ့ တိုက်ရိုက် ဆက်စပ်နေတာပါ "
ဤစကားလုံးများ ထွက်ပေါ်လာခဲ့ပြီးနောက်တွင်မူ… ထိုပြင်းထန်လှသော နာကျင်မှု ဝေဒနာများက ချက်ချင်းဆိုသကဲ့သို့ ပျောက်ကွယ်သွားခဲ့ရတော့သည်။
ချီယန်သူတော်စင်သည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မတ်တပ်ပြန်ရပ်လိုက်မိရင်း… ဧကရာဇ်ဝါ့ထျန် ရှိနေခဲ့သည့် ဘက်ဆီသို့ တစ်ချက်မျှ စိုက်ကြည့်လိုက်ပြီးနောက် ဆက်လက်၍ ပြောဆိုလိုက်တော့သည်။
"သူတော်စင်အဆင့်ရဲ့ နယ်ပယ်ငါးခုက …ကမ္ဘာငယ်အဆင့်၊ကမ္ဘာကြီးအဆင့်၊ ကောင်းကင်ဖြစ်စဉ်နိမိတ်အဆင့် ၊ အထွတ်အထိပ်တရားအဆင့် နဲ့ ကောင်းကင်မွန်အဆင့် ဆိုပြီး ရှိကြတာပါ။ ပြီးတော့ အတွင်းနယ်မြေတွေကိုလည်း… ဒီလိုမျိုး နယ်ပယ်ငါးခုအတိုင်းပဲ အဆင့်အတန်း ခွဲခြား သတ်မှတ်ထားတာပဲ။ ငါ့ရဲ့ အတွင်းနယ်မြေလိုမျိုးဆိုရင်… စတင်ပြီး စုစည်းတည်ဆောက်ခဲ့တဲ့ ကာလကတည်းက ကမ္ဘာငယ်အဆင့် ရှိခဲ့တာပါ။
ဒါပေမဲ့ ပိုမိုများပြားလှတဲ့ တစ်ပိုင်းသူတော်စင်တွေရဲ့ အတွင်းနယ်မြေတွေကတော့… စတင်ပြီး စုစည်းတည်ဆောက်ခဲ့တဲ့ အချိန်တုန်းက ကမ္ဘာငယ်အဆင့်ကိုတောင် မမီကြပါဘူး၊ အဲဒီလို အရာမျိုးကိုတော့ အဆင့်မရှိတဲ့ အညတရအဆင့်လို့ ခေါ်ကြတယ်။ ဒီလိုမျိုး အတွင်းနယ်မြေတွေက… ရန်သူတွေနဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့ အခါမျိုးမှာ လွယ်လွယ်ကူကူနဲ့ ကွဲအက်ပျက်စီးသွားတတ်ကြပြီး၊ လုံးဝ တည်ငြိမ်မှု မရှိကြပါဘူး"
ချီယန်သူတော်စင်၏ စကားလုံးများကြောင့်… ဖန့်ချန်သည် သူ မူလက ကျိုရွှမ်နယ်ပယ်အတွင်း၌ စုစည်းတည်ဆောက်ခဲ့ဖူးသည့် အတွင်းနယ်မြေအကြောင်းကို ပြန်လည်တွေးတောမိသွားခဲ့သည်။
ထိုအရာကမူ သေချာပေါက် အဆင့်မရှိသည့် အညတရအဆင့်အတွင်း၌သာ ပါဝင်နေခဲ့ခြင်း ဖြစ်ရမည်ဖြစ်ပြီး… ထို့ကြောင့်ပင် အခြားသူများနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းပင် မပြုလုပ်ရသေးဘဲ၊ မိမိဘာသာ တိုက်ရိုက် ကွဲအက်ပျက်စီးသွားခဲ့ရခြင်း ဖြစ်ပေသည်။
သို့သော်လည်း ယခုအချိန်တွင် ရှိနေခဲ့သည့် ဤအတွင်းနယ်မြေကမူ… အခြေခံအုတ်မြစ်က အလွန်တရာ နက်ရှိုင်းလှပြီး ဖွဲ့စည်းတည်ဆောက်ပုံကလည်း အလွန်တရာ ခိုင်မာတောင့်တင်းလွန်းလှသဖြင့်၊ အဆင့်အတန်းကလည်း သေချာပေါက် သာမန်ထက် ထူးကဲလွန်နေရမည် ဖြစ်ပေသည်။
"အတွင်းနယ်မြေတွေရဲ့ အဆင့်အတန်းကို ဘယ်လိုမျိုး ခွဲခြားသတ်မှတ်ကြတာလဲ"
ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် မေးခွန်းထုတ်လိုက်ရင်း… တစ်ချိန်တည်းမှာပင် ဧကရာဇ်ဝါ့ထျန်း ရှိနေခဲ့သည့် ဘက်ဆီသို့ တစ်ချက်မျှ လှမ်းကြည့်လိုက်မိရာ၊ တစ်ဖက်လူ၏ လှုပ်ရှားမှုများက အစောပိုင်းတုန်းကလောက် ပြင်းထန်ခြင်း မရှိတော့သည့်အလား ခံစားလိုက်ရသည်။
"ကမ္ဘာငယ်အဆင့်ရှိတဲ့ အတွင်းနယ်မြေတွေကိုတော့ သီးသန့် ခွဲခြားနေဖို့ မလိုပါဘူး… ထွင်းထုထားတဲ့ နတ်ဘုရားတန်ခိုးစွမ်းအား အရေအတွက်ကို ကြည့်ရုံနဲ့တင် အသေအချာ သိရှိနိုင်ပါတယ်။ သာမန် ကမ္ဘာငယ်အဆင့်ရှိတဲ့ အတွင်းနယ်မြေတစ်ခုက… အလွန်ဆုံး ထွင်းထုနိုင်တဲ့ နတ်ဘုရားတန်ခိုးစွမ်းအား အဆင့်အတန်းက တစ်မျိုးကနေ လေးမျိုးအထိပဲ ရှိတာပါ။
ဟင်းလင်ပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့အတွင်းမှာ ရှိနေကြတဲ့ ကျင့်ကြံသူတွေထဲက ကိုးပုံတစ်ပုံထက်မနည်းတဲ့ တစ်ပိုင်းသူတော်စင်တွေအားလုံးက… ဒီလိုမျိုး အဆင့်အတန်းရှိတဲ့ အတွင်းနယ်မြေတွေကိုပဲ ပိုင်ဆိုင်ထားကြတာပါ"
ချီယန်သူတော်စင်က အလွန်တရာ ရှုပ်ထွေးလှသော မျက်နှာအမူအရာဖြင့် စကားဆိုလိုက်ရင်း-
"မိတ်ဆွေရဲ့ ဒီအတွင်းနယ်မြေက… ငါ့ရဲ့ အသိပညာ ဗဟုသုတ နယ်ပယ်တွေကိုတောင် ကျော်လွန်နေခဲ့ပြီ၊ ဒါက သေချာပေါက် ကမ္ဘာကြီးအဆင့်ရှိတဲ့ အတွင်းနယ်မြေ ဖြစ်ဖို့ ရာခိုင်နှုန်း အလွန်များပါတယ်။ ဒီအရာက ဘာကို သက်သေပြနေတာလဲဆိုရင်… မိတ်ဆွေအနေနဲ့ နောင်တစ်ချိန်မှာ ကမ္ဘာကြီးသူတော်စင်အဆင့်ရဲ့ ဖြစ်တည်မှုမျိုးကို သေချာပေါက် အောင်မြင်ရရှိနိုင်လိမ့်မယ်ဆိုတာပဲ"
"ကမ္ဘာကြီးသူတော်စင်အဆင့် ရာထူးနေရာလား… ဒါက ချင်ဝူဆန့် ရဲ့ ယခုအချိန် ကျင့်ကြံခြင်း နယ်ပယ်ပဲ မဟုတ်လား"
ဖန့်ချန်က တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
ချီယန်သူတော်စင်၏ မျက်နှာအမူအရာက အကြိမ်ကြိမ် အလီလီ ပြောင်းလဲသွားခဲ့ရတော့သည်… တစ်ဖက်လူအနေဖြင့် ဘယ်လိုလုပ်ပြီး ချင်ဝူဆန့် ၏ ကျင့်ကြံခြင်း နယ်ပယ်အဆင့်အတန်းကိုပါ ဤမျှလောက်အထိ အသေအချာ ရှင်းလင်းစွာ သိရှိနေခဲ့ရတာလဲ။
'ငါ့ရဲ့ ဒီအတွင်းနယ်မြေက… အဆင့်အတန်းက အထွတ်အထိပ်အဆင့်အတွင်းမှာ မပါဝင်နိုင်ခဲ့ရင်တောင်မှ၊ ကွာခြားမှုက အများကြီး ရှိနေမှာ မဟုတ်ဘူးလို့ မူလက ထင်မှတ်ထားခဲ့တာ။ အခုကြည့်ရသလောက်တော့… ဒုတိယတန်းစား အဆင့်အတွင်းမှာပဲ ပါဝင်နေသေးတာ ဖြစ်နိုင်တယ်။ သူ့ရဲ့ အထက်မှာ ကောင်းကင်ဖြစ်စဉ်နိမိတ်အဆင့် ၊အထွတ်အထိပ်တရားအဆင့် နဲ့ကောင်းကင်အဆင့်တွေ ရှိနေသေးတာပဲ မဟုတ်လား… ကောင်းကင်အဆင့်… ဟော်ဆွေ့မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ကြီးကမူ ခုံသမာဓိရုံးရဲ့ ဂုဏ်ထူးဆောင် ကောင်းကင်အကြီးကဲတစ်ယောက်ပဲလေ၊ ဒါဆိုရင် ဒီပုဂ္ဂိုလ်ကြီးက ကောင်းကင်အဆင့်သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေတာလား'
ဖန့်ချန်သည် ချီယန်သူတော်စင်ကို စိုက်ကြည့်လိုက်မိရင်း တည်ငြိမ်စွာဖြင့် မေးခွန်းထုတ်လိုက်တော့သည်။
"ဟော်ဆွေ့မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ကြီးက ကောင်းကင်အဆင့်သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦးလား"
"ဒါ… ဒါကတော့ ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားက အလွန်နိမ့်ကျလွန်းလှသလို၊ နှစ်ပေါင်းများစွာတိုင်အောင် မီးနတ်ဘုရားနယ်မြေအတွင်းမှာပဲ အမြဲတမ်း နေထိုင်ခဲ့တာ ဖြစ်ပြီး… ချန်ရွှေနတ်ဘုရားနယ်မြေဆီသို့ တစ်ကြိမ်တစ်ခါမှ မရောက်ရှိခဲ့ဘူး ဟော်ဆွေ့မျိုးနွယ်စုခေါင်းဆောင်ကြီးရဲ့ ကျင့်ကြံခြင်းစွမ်းအားက ဘယ်လောက်အထိ မြင့်မားလဲဆိုတာကို ငါ အသေအချာ မသိပါဘူး။
ဒါပေမဲ့ အခုအချိန်မှာ လူသားမျိုးနွယ်စုဝင်တွေအားလုံးက ဟော်ဆွေ့မျိုးနွယ်စုခေါင်းဆောင်ကြီးကိုပဲ အထွတ်အထိပ်အဆင့်အနေနဲ့ အမြဲတမ်း ရိုသေလေးစားနေကြတာကို ကြည့်ခြင်းအားဖြင့်… သူက သေချာပေါက် ကောင်းကင်သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ရမယ်"
ချီယန်သူတော်စင်က တိုးညှင်းစွာ ပြန်လည်ဖြေဆိုလိုက်သည်။
"ငါ့ရဲ့ ဒီအတွင်းနယ်မြေထဲမှာ… ဆယ်ခုကျော်မျှ များပြားလှတဲ့ နတ်ဘုရားတန်ခိုးစွမ်းအားတွေကို ထွင်းထုထားခဲ့တာဖြစ်လို့၊ မင်းပြောခဲ့တဲ့ ကမ္ဘာငယ်အဆင့်ရှိတဲ့ အတွင်းနယ်မြေတွေထက် အဆပေါင်းများစွာ ပိုမိုကျော်လွန်နေတာ အသေအချာပဲ။ ဒါကြောင့်မို့လို့ သူ့ရဲ့ အနိမ့်ဆုံး အဆင့်အတန်းက ကမ္ဘာကြီးအဆင့်ရှိတဲ့ အတွင်းနယ်မြေ ဖြစ်ရမယ်။
နတ်ဘုရားတန်ခိုးစွမ်းအားတွေ ထွင်းထုထားတဲ့ အရေအတွက်ကို ကြည့်ပြီး အတွင်းနယ်မြေရဲ့ အဆင့်အတန်းကို ခွဲခြားသတ်မှတ်တာအပြင်… အခြားသော နည်းလမ်းတွေနဲ့ ရော ခွဲခြားသတ်မှတ်လို့ ရနိုင်သေးလား"
ဖန့်ချန်က ထပ်မံ၍ မေးခွန်းထုတ်လိုက်သည်။
ချီယန်သူတော်စင်သည် စကားလုံးများ ပြန်လည်ပြောဆိုရန် ပြင်လိုက်စဉ်မှာပင်… ရုတ်တရက်ဆိုသကဲ့သို့ ခေါင်းကို လွှဲလိုက်မိရင်း ဧကရာဇ်ဝါ့ထျန် ရှိနေခဲ့သည့် ဘက်ဆီသို့ လှမ်းကြည့်လိုက်မိတော့သည်။
ဖန့်ချန်သည်လည်း စိတ်အာရုံတစ်ချက် လှုပ်ရှားသွားခဲ့ရပြီး… သူ၏ မျက်ဝန်းအစုံက အလွန်တရာ လေးနက်တည်ကြည်သွားခဲ့ရတော့သည်။
သူတို့ မြင်တွေ့လိုက်ရသည်ကမူ… ထိုခန့်ညားထည်ဝါလှသော နတ်ဘုရားတံခါးကြီး၏ အတွင်းဘက်မှနေ၍၊ ရုတ်တရက်ဆိုသကဲ့သို့ အစောပိုင်းတုန်းက အသုံးပြုခဲ့သည့် နည်းလမ်းများထက် အဆပေါင်းများစွာ ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလှသော ပျက်စီးခြင်း နတ်ဘုရားစွမ်းအားများ တစ်ပြိုင်နက်တည်း ရုန်းကြွထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်ပေသည်။
ထိုအရာကမူ အလွန်တရာ ကြီးမားလှသော နက်မှောင်လှသည့် လက်ဝါးစောင်းကြီး တစ်ခုပင် ဖြစ်တော့သည်။
ဖန့်ချန်၏ ရင်ထဲ၌ မကောင်းသော အာရုံခံစားမှုတစ်ခု ချက်ချင်း ပေါ်ပေါက်လာခဲ့ရသည်… အကယ်၍ ဤလက်ဝါးစောင်းကြီးကသာ သူ၏ အတွင်းနယ်မြေအပေါ်သို့ တိုက်ရိုက် ကျရောက်လာခဲ့မည်ဆိုပါက၊ သူ၏ အတွင်းနယ်မြေ နတ်ဘုရားတံခါးကြီးကို တိုက်ရိုက် ရိုက်ချိုးဖျက်ဆီးပစ်နိုင်လောက်သည့် စွမ်းအားမျိုး ရှိနေခဲ့ခြင်း ဖြစ်ပေသည်။
မိမိကိုယ်တိုင်၏ ဗီဇစိတ်အာရုံ တုန့်ပြန်မှုအောက်၌ပင်… မြစ်ကြီး၏ အတွင်းဘက်တွင် ရှိနေခဲ့ကြသည့် မသေမျိုးသန့်စင်ရေများနှင့် ဝမ်ချွမ်းရေများ အားလုံးသည် တစ်ပြိုင်နက်တည်း ပြင်းထန်စွာ ရုန်းကြွထွက်ပေါ်လာခဲ့ကြပြီဖြစ်ပြီး၊ ကောင်းကင်ယံထက်သို့ တက်လှမ်းသွားခဲ့ကြသည့် ကြောက်မက်ဖွယ်ကောင်းလှသော ရေလွှမ်းမိုးဘေးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရကာ… ထိုနက်မှောင်လှသည့် လက်ဝါးစောင်းကြီးရှိရာ ဘက်ဆီသို့ တိုက်ရိုက် လွှတ်ထုတ်လျက် တိုက်ခိုက်ချေဖျက်စေလိုက်တော့သည်။
ယခုအချိန်တွင်မူ… ဖန့်ချန်၏ ခန္ဓာကိုယ်အတွင်း၌ ရှိနေခဲ့သည့် ကန့်သတ်ချက်ကျော်လွန်ခြင်း စွမ်းအားများသာမက၊ အတွင်းနယ်မြေအတွင်း၌ ရှိနေခဲ့ကြသည့် ကန့်သတ်ချက်ကျော်လွန်ခြင်း စွမ်းအားများ အားလုံးသည်လည်း အလွန်တရာ ပြင်းထန်လှသော နှုန်းထားများဖြင့် ကုန်ဆုံးသွားခဲ့ရချေပြီ ဖြစ်ပေသည်။
ထိုနက်မှောင်လှသည့် လက်ဝါးစောင်းကြီးကမူ… ချက်ချင်းဆိုသကဲ့သို့ ပျော်ဝင်ပျက်စီးသွားခဲ့ရချေပြီဖြစ်ပြီး၊ ထိုမျှတင် မကသေးဘဲ… ကောင်းကင်ယံထက်မှ ကြောက်မက်ဖွယ်ကောင်းလှသော ရေလွှမ်းမိုးဘေးကြီးကမူ လုံးဝ ရပ်တန့်သွားခြင်း မရှိသေးဘဲ၊ အဝေးတစ်နေရာ၌ ရှိနေခဲ့သည့် ဧကရာဇ်ဝါ့ထျန် ရှိရာ ဘက်ဆီသို့ တရစပ် လှိမ့်ဝင်လျက် တိုက်ခိုက်သွားခဲ့တော့သည်။
"ဒါက… ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ဧကရာဇ်ဝါ့ထျန် ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ရပြီးနောက်… သူက လက်နှစ်ဖက်ကို အမြန်မြှင့်တင်လိုက်မိရင်း၊ ခန့်ညားထည်ဝါလှသော နတ်ဘုရားတံခါးကြီးကို မျက်စိတစ်မှိတ်အတွင်းမှာတင် အမြန်ပိတ်ဆို့လိုက်ရတော့သည်၊ တစ်ချိန်တည်းမှာပင် ထိုကြောက်မက်ဖွယ်ကောင်းလှသော ရေလွှမ်းမိုးဘေးကြီးကလည်း ၎င်း၏ ရှေ့မှောက်ဆီသို့ တိုက်ရိုက် ရောက်ရှိလာခဲ့ချေပြီ။
မသေမျိုးသန့်စင်ရေများနှင့် ဝမ်ချွမ်းရေများ၏ ပြင်းထန်စွာ တိုက်ခိုက်ဝင်ဆောင့်ခြင်းကို ခံလိုက်ရသည့်အတွက်… ဧကရာဇ်ဝါ့ထျန် သည် မိမိကိုယ်တိုင်၏ အတွင်းနယ်မြေက တစ်လက်မချင်းစီ အပြင်းအထန် တိုက်စားခံနေရသည်ကို အသေအချာ ခံစားသိရှိလိုက်ရတော့သည်။
'ဒါက တစ်ပိုင်းသူတော်စင်တစ်ယောက်ရဲ့ စွမ်းအားမျိုး မဟုတ်ဘူး ဘာဖြစ်လို့ သူ့ရဲ့ အတွင်းနယ်မြေထဲမှာ… ဒီလိုမျိုး ကြောက်မက်ဖွယ်ကောင်းလှတဲ့ အင်အားစုမျိုး ကိန်းအောင်းပုန်းကွယ်နေနိုင်ရတာလဲ'
ဧကရာဇ်ဝါ့ထျန် ၏ မျက်ဝန်းအစုံအတွင်း၌ အလွန်တရာ အုံ့မှိုင်းလှသော အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့ရပြီးနောက်… ချက်ချင်းပင် စိတ်အာရုံတစ်ချက် တုန့်ပြန်လိုက်မိရင်း၊ မိမိကိုယ်တိုင်၏ အတွင်းနယ်မြေကို အသုံးပြုလျက် ဟင်းလင်ပြင်၏ အနက်ရှိုင်းဆုံး နေရာအရပ်ဆီသို့ ချက်ချင်း တိမ်းရှောင်ထွက်ခွာသွားခဲ့ရတော့သည်။
ပစ်မှတ် ဖြစ်သည့် ရန်သူ လုံးဝ ပျောက်ကွယ်သွားခဲ့ရသည့် အချိန်ကျမှသာ… မြစ်ကြီး၏ ရေလှိုင်းလုံးကြီးများသည်လည်း နောက်ပြန်လှည့်လာခဲ့ကြပြီး မြစ်ကြီး၏ အတွင်းဘက်ဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့ကြကာ၊ မူလအတိုင်း တည်ငြိမ်အေးဆေးစွာဖြင့် ပြန်လည်စီးဆင်းသွားခဲ့ကြတော့သည်၊ အစောပိုင်းတုန်းက ဖြစ်ပျက်ခဲ့ဖူးသည့် ကြောက်မက်ဖွယ်ရာ မြင်ကွင်းအားလုံးက ဘာမှ မရှိခဲ့ဖူးသည့်အလားပင်။
"မင်း...မင်းက ကောင်းကင်ဖြစ်စဉ်နိမိတ်အဆင့် အတွင်းနယ်မြေကို ပိုင်ဆိုင်ထားတာပဲ……"
ချီယန်သူတော်စင်က ထစ်ထစ်ငေါ့ငေါ့ဖြင့် ရေရွတ်လိုက်မိရင်း… သူ၏ မျက်ဝန်းအစုံအတွင်း၌ အလွန်တရာ ပြင်းထန်လှသော ထိတ်လန့်တုန်လှုပ်ခြင်းများမှလွဲ၍ အခြား ဘာမျှ ရှိမနေခဲ့ပါချေ။
ဒါဆိုရင်… သူ၏ မျက်စိရှေ့မှောက်တွင် ရှိနေခဲ့သည့် လူသားကမူ၊ ရှန်းဟုန်းမျိုးနွယ်စုဝင်များထဲမှ အမှန်တကယ်ကို အဓိကကျလှသော အမာခံ ပါရမီရှင်စစ်စစ်တစ်ဦး ဖြစ်နေခဲ့ရပြီ မဟုတ်ပါလော။
ထိုအချက်မှလွဲ၍… သူ၏ စိတ်ထဲ၌ အခြားသော မည်သည့်အကြောင်းပြချက်မျိုးကိုမျှ စဉ်းစားတွေးတော၍ မရနိုင်တော့ပါချေ၊ ဘာဖြစ်လို့ ချန်ရွှေနတ်ဘုရားနယ်မြေရဲ့ ပြင်ပဘက်မှာ… ဤမျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းလှသော ကောင်းကင်နိမိတ်ဖြစ်စဥ် အဆင့်ရှိတဲ့ အတွင်းနယ်မြေမျိုးကို စုစည်းတည်ဆောက်နိုင်တဲ့ တည်ရှိမှုမျိုး ပေါ်ပေါက်လာခဲ့ရတာလဲဟူ၍ပင်။