အခန်း (၂၀၁၅-၂၀၁၆)
Vol. 202 Ch. 2015-2016
အခန်း (၂၀၁၅) အဆုံးမဲ့ရပ်ဝန်း
တိုက်ပွဲ ပြီးဆုံးသွားခဲ့သည်မှာ ၁၅ မိနစ် ကျော်မျှ ကြာမြင့်သွားခဲ့ပြီ ဖြစ်သော်လည်း၊ ချီယန်သူတော်စင်မှာမူ ယခင်က ကြုံတွေ့ခဲ့ရသည့် ထိတ်လန့်တုန်လှုပ်မှုကြီးအတွင်းမှ ယခုထက်တိုင် ရုန်းထွက်နိုင်ခြင်း မရှိသေးပါချေ။
"ရှန်းချန်နတ်ဘုရားနယ်မြေကို နတ်ဘုရားမျိုးနွယ်စုက ဦးဆောင်နေခဲ့တဲ့ အချိန်တုန်းက… နတ်ဘုရားမျိုးနွယ်စု ဖြစ်နေခဲ့ရင်တောင်မှ၊ ကမ္ဘာကြီးအဆင့် အတွင်းနယ်မြေကို ပိုင်ဆိုင်နိုင်ခဲ့တဲ့သူက လက်ချိုးရေလို့ရတဲ့ အရေအတွက် နည်းနည်းလေးပဲ ရှိခဲ့တာ။
နောက်ဆုံးမှာ နတ်ဘုရားမျိုးနွယ်စုတစ်ခုလုံး မျိုးနွယ်ပျက်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ အချိန်အထိတောင်… ကောင်းကင်နိမိတ်ဖြစ်စဥ်အဆင့် အတွင်းနယ်မြေမျိုးကို စုစည်းတည်ဆောက်နိုင်ခဲ့တဲ့ မျိုးနွယ်စုဝင် တစ်ယောက်မှ ပေါ်မလာခဲ့ဖူးဘူး……"
ချီယန်သူတော်စင်သည် မိမိဘာသာ တိုးညှင်းစွာ ရေရွတ်နေမိတော့သည်။
ယခုအချိန်တွင် မီးနတ်ဘုရားမျိုးနွယ်စုသည် နတ်ဘုရားမျိုးနွယ်စု၏ နေရာကို အစားထိုး ဝင်ရောက်နေရာယူထားပြီး၊ ရှန်းချန်နတ်ဘုရားနယ်မြေကိုလည်း မီးနတ်ဘုရားနယ်မြေ ဟူ၍ အမည်ပြောင်းလဲ သတ်မှတ်ထားခဲ့ပြီ ဖြစ်ပေသည်။
သို့သော်လည်း မီးနတ်ဘုရားမျိုးနွယ်စု၏ အခြေခံအုတ်မြစ် တောင့်တင်းမှုကမူ အထွတ်အထိပ် ရောက်ရှိနေခဲ့သည့် နတ်ဘုရားမျိုးနွယ်စု၏ ကာလနှင့် နှိုင်းယှဉ်လျှင် ကွာခြားချက် အနည်းငယ် ရှိနေပါသေးသည်။
ဥပမာအားဖြင့် သူဆိုလျှင်… မီးနတ်ဘုရားမျိုးနွယ်စုအတွင်း၌ အလွန်တရာ ရှားပါးလှသည့် အင်အားကြီးပုဂ္ဂိုလ်တစ်ဦး၊ နယ်မြေတစ်ခု၏ အရှင်သခင်ကြီးအဖြစ် သတ်မှတ်ခြင်း ခံထားရပြီး၊ စွမ်းအင်စုဆောင်းခြင်း အဆင့်နှောင်းပိုင်းတွင် ရှိနေသည့် သူတော်စင်တစ်ဦးပင် ဖြစ်ပေသည်။
သို့သော်ငြားလည်း… သူ၏ အတွင်းနယ်မြေ အဆင့်အတန်းမှာမူ ကမ္ဘာငယ်အဆင့်မျှသာ ရှိပြီး၊ ကမ္ဘာငယ်အဆင့်များထဲတွင်ပင် အထက်တန်းစားအဆင့်အတွင်း၌ မပါဝင်နိုင်ပါချေ။
နောက်ပိုင်းတွင် မီးနတ်ဘုရားမျိုးနွယ်စု၏ အခြေခံအုတ်မြစ်များ ပိုမိုမြင့်မား တိုးတက်လာခဲ့သည့် အချိန်ကျမှသာ… ကမ္ဘာငယ်အဆင့် အထက်တန်းစားအတွင်းနယ်မြေများကို ပိုင်ဆိုင်ထားကြသည့် ပါရမီရှင်အချို့ ဆက်တိုက်ဆိုသကဲ့သို့ ပေါ်ထွက်လာခဲ့ကြခြင်း ဖြစ်ပေသည်။
ထိုပါရမီရှင်များကမူ… အနှေးနဲ့အမြန်ဆိုသကဲ့သို့ အဖိုးအိုကြီးများ၏ နေရာကို အစားထိုး ဝင်ရောက်နေရာယူကြမည်ဖြစ်ပြီး၊ နတ်ဘုရားမျိုးနွယ်စု၏ မျိုးဆက်သစ် အာဏာပိုင် အရှင်သခင်များ ဖြစ်လာကြမည် ဖြစ်ပေသည်။
ဤအရာကမူ မျိုးနွယ်စုတစ်ခု အထွတ်အထိပ်သို့ ရှေးရှုတက်လှမ်းနိုင်ရန်အတွက်… မဖြစ်မနေ ဖြတ်သန်းကျော်လွန်ရမည့် မျိုးဆက်သစ် အပြောင်းအလဲ ဖြစ်စဉ်တစ်ခုပင် ဖြစ်တော့သည်။
"ကောင်းကင်နိမိတ်ဖြစ်စဥ်အဆင့် အတွင်းနယ်မြေ ဟုတ်လား… မင်းပြောချင်တာက အစောပိုင်းတုန်းက ငါ့ရဲ့ အတွင်းနယ်မြေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ပြန်လည်တုန့်ပြန် တိုက်ခိုက်လိုက်တာက၊ ဒီထဲက ကောင်းကင်နိမိတ်ဖြစ်စဥ်ကို လှုံ့ဆော်လိုက်မိလို့ပေါ့ ဟုတ်လား"
ဖန့်ချန်သည် ချီယန်သူတော်စင်၏ ရှေ့မှောက်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားလိုက်မိရင်း တည်ငြိမ်အေးဆေးစွာဖြင့် မေးခွန်းထုတ်လိုက်တော့သည်။
ချီယန်သူတော်စင်သည် သတိပြန်လည်လာခဲ့ပြီးနောက်… ဖန့်ချန်ကို စိုက်ကြည့်လိုက်သည့် သူ၏ မျက်ဝန်းအစုံအတွင်း၌ အလွန်တရာ ပြင်းထန်လှသော ရိုသေလေးစား ကြောက်ရွံ့ခြင်း အရိပ်အယောင်တစ်ခု ချက်ချင်း ဖုံးလွှမ်းသွားခဲ့ရချေပြီ။
ဤအရာကမူ ဖန့်ချန်၏ ကျင့်ကြံခြင်းစွမ်းအားအပေါ် ကြောက်ရွံ့ရိုသေမိခြင်း မဟုတ်ဘဲ… ဤကောင်းကင်နိမိတ်ဖြစ်စဥ်အဆင့် အတွင်းနယ်မြေကြီးကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲဖြင့် အလိုလို ပေါ်ပေါက်လာခဲ့ရသည့် ခြောက်ခြားကြောက်ရွံ့မိခြင်း ဖြစ်ပေသည်။
ရေတွက်၍မရနိုင်လောက်အောင် များပြားလှသည့် နှစ်ကာလများအတွင်း၌… ချီယန်သူတော်စင်သည် မရေမတွက်နိုင်သော အင်အားကြီး ပုဂ္ဂိုလ်များစွာကို မြင်တွေ့ဖူးခဲ့သော်လည်း၊ သူသိရှိထားသမျှထဲတွင် ကောင်းကင်နိမိတ်ဖြစ်စဥ်အဆင့် အတွင်းနယ်မြေကို ပိုင်ဆိုင်ထားနိုင်ခဲ့သူဟူ၍ ချင်ဝူဆန့် တစ်ယောက်တည်းသာ ရှိနိုင်မည် ဖြစ်ပေသည်။
ချင်ဝူဆန့် ကမူ… လူသားမျိုးနွယ်စု၏ နတ်ဘုရားနယ်မြေ ခုနစ်ခုအတွင်း၌ပင် အထက်တန်းစား အထွတ်အထိပ်အဆင့် တည်ရှိမှုကြီးအဖြစ် သတ်မှတ်ခြင်း ခံထားရသူ ဖြစ်ပေသည်။
သူ့ထက် ပိုမိုမြင့်မားလှသည့် အထက်တန်းစား မင်းစိုးရာဇာ ပုဂ္ဂိုလ်ကြီးများကိုမူ… သူကဲ့သို့သော လူမျိုးအနေဖြင့် ဆက်သွယ်ထိတွေ့ခွင့် ရနိုင်ဖို့ နေနေသာသာ၊ မျက်နှာချင်းဆိုင် တွေ့ဆုံခွင့် ရရှိရန် အရည်အချင်းပင် မရှိပါချေ။
"ဖန့်ငရဲမင်းကြီး… မင်းရဲ့ ဒီအတွင်းနယ်မြေက၊ ဘာအမှားအယွင်းမျှ မရှိဘူးဆိုရင်တော့ သူ့ရဲ့ အဆင့်အတန်းက အမှန်တကယ်ပဲ ကောင်းကင်နိမိတ်ဖြစ်စဥ်အဆင့်အတွင်းမှာ ပါဝင်နေတာပါ"
ချီယန်သူတော်စင်သည် အလွန်တရာ လေးနက်တည်ကြည်လှသော မျက်နှာအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ရင်း-
"ဒီအတွင်းနယ်မြေကို အခြေခံအုတ်မြစ်အဖြစ် ထားရှိပြီးတော့… အကယ်၍ မင်းအနေနဲ့ နောင်တစ်ချိန်မှာ မှန်ကန်တဲ့ သူတော်စင်ကျမ်းစာရဲ့ ကျင့်စဉ်နည်းလမ်းတွေကို လျှောက်လှမ်းနိုင်မယ်ဆိုရင်တော့၊ အခွင့်အရေး အနည်းငယ်မျှ ရှိရုံနဲ့တင် ကောင်းကင်နိမိတ်ဖြစ်စဥ် သူတော်စင်တစ်ဦးအဖြစ် သေချာပေါက် အောင်မြင်ဖြစ်ထွန်းလာနိုင်လိမ့်မယ်"
"မှန်ကန်တဲ့ သူတော်စင်ကျမ်းစာရဲ့ ကျင့်စဉ်နည်းလမ်း ဟုတ်လား……"
ဖန့်ချန်၏ စိတ်အာရုံအတွင်း၌ ချက်ချင်းဆိုသကဲ့သို့ ကျင့်စဉ်ပုံရိပ်တစ်ခု အလိုလို ထင်ဟပ်ပေါ်ပေါက်လာခဲ့တော့သည်။
ထိုအရာကမူ သူ မင်ရွှီကျင့်စဉ်ကာလတုန်းက… ရှဲ့ကျစ်ရဲ့ အတွင်းဘက်မှာရှိတဲ့ သူတော်စင်ကျမ်းစာကနေ သူ့အတွက် အထူးပြုပြင် ဖန်တီးပေးခဲ့သည့် ကျင့်ကြံခြင်း နည်းလမ်းစစ်စစ် ဖြစ်ပေသည်။
ထိုနှစ်ကာလများတုန်းက သူ၏ ခန္ဓာကိုယ်အတွင်း၌ အထွတ်အထိပ်အရိုးတည်ရှိမနေခဲ့သဖြင့် ဤကျင့်စဉ်ကို လည်ပတ်လှုံ့ဆော်နိုင်စွမ်း မရှိခဲ့ပါချေ။
ယခုအချိန်တွင်မူ သူ၏ စိတ်ကူးက ညင်သာစွာ လှုပ်ရှားသွားခဲ့ရုံမျှဖြင့်… ထိုကျင့်စဉ်နည်းလမ်းက ခန္ဓာကိုယ်အတွင်း၌ မိမိဘာသာ အလိုအလျောက် စတင်လည်ပတ်သွားခဲ့ရချေပြီ။
မျက်စိတစ်မှိတ်အတွင်းမှာပင်… ဤကမ္ဘာမြေကြီး တစ်ခွင်လုံးသည်လည်း ထိုသူတော်စင်ကျမ်းစာကျင့်စဉ်၏ လည်ပတ်လှုံ့ဆော်မှုကြောင့် ပိုမို၍ သက်ဝင်လှုပ်ရှား လာခဲ့ကြသည့်အလား ထင်မှတ်ရပေသည်။
"မင်း…… မင်းက သူတော်စင်ကျမ်းစာရဲ့ ကျင့်စဉ်နည်းလမ်းကို တတ်မြောက်ထားတာလား "
ချီယန်သူတော်စင်သည် ဤအရပ်အတွင်းရှိ ပြောင်းလဲမှုများကို အလွန်တရာ စူးရှထက်မြက်စွာဖြင့် အာရုံခံမိသွားခဲ့ပြီးနောက်… အလွန်တရာ တုန်လှုပ်ခြောက်ခြားလှသော မျက်ဝန်းအစုံဖြင့် ဖန့်ချန်ကို စိုက်ကြည့်လိုက်မိတော့သည်။
"ငါက ရှန်းဟုန်းမျိုးနွယ်စုရဲ့ ကျန်ရစ်သူတစ်ယောက် ဖြစ်နေမှတော့… သူတော်စင်ကျမ်းစာကျင့်စဉ်ကို တတ်မြောက်ထားတာက ဘာများ မသင့်တော်တာ ရှိလို့လဲ"
ဖန့်ချန်က ပြုံးလျက် မေးခွန်းထုတ်လိုက်သည်။
"မသင့်တော်ဘူး မင်းက သေချာပေါက် မရေမတွက်နိုင်တဲ့ သံသရာအတွင်းမှာ အကြိမ်ကြိမ် လူဝင်စားခဲ့ရတာ ဖြစ်ပြီးတော့… ဒီအတွင်းနယ်မြေကတောင်မှ အသစ်ပြန်လည် စုစည်းတည်ဆောက်ထားရတာလေ၊ အတိတ်တုန်းက သူတော်စင်ကျမ်းစာကျင့်စဉ်တွေက ဘယ်လိုနည်းနဲ့မျှ အသုံးဝင်တော့မှာ မဟုတ်ဘဲ အလိုလို ပျက်ပြယ်သွားရမှာ ထုံးစံပဲလေ……"
ချီယန်သူတော်စင်က မိမိဘာသာ တွေဝေစွာဖြင့် ရေရွတ်နေမိတော့သည်။
ဖန့်ချန်၏ ရင်ထဲ၌ အနည်းငယ်မျှ စိတ်လှုပ်ရှား ဝမ်းမြောက်မိသွားခဲ့ရသည်… ကံကောင်းထောက်မစွာဖြင့် သူ နောက်ဆုံးအကြိမ် သူတော်စင်ကျမ်းစာကျင့်စဉ်ကို ပြုပြင်ဖန်တီးခဲ့သည့် အချိန်ကစ၍ ယနေ့ထက်တိုင်အောင် တစ်ကြိမ်တစ်ခါမျှ သံသရာလူဝင်စားခြင်း မပြုလုပ်ခဲ့ရသေးသဖြင့်၊ ထိုသူတော်စင်ကျမ်းစာကျင့်စဉ်က ကွက်တိပင် ပြန်လည်အသုံးဝင်နေခဲ့ခြင်း ဖြစ်ပေသည်။
အကယ်၍ အဲဒီလို မဟုတ်ခဲ့ဘူးဆိုရင်တော့… သူက ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ဆီသို့ သွားရောက်ပြီး သူတော်စင်ကျမ်းစာကျင့်စဉ်ကို ရှာဖွေနိုင်မည့် နည်းလမ်းကို မဖြစ်မနေ စဉ်းစားတွက်ချက်ရမည် ဖြစ်ပြီး၊ ယခုအချိန်တွင် ရှိနေခဲ့သည့် အခြေအနေများနှင့် ယှဉ်လျှင်မူ ကောင်းကင်ဘုံသို့ တက်လှမ်းရသည်ထက်ပင် ပိုမိုခက်ခဲပေလိမ့်မည်။
ထပ်မံ၍ သမိုင်းမသေမျိုးစာအုပ်ကို ရှာဖွေတွေ့ရှိနိုင်ခဲ့ပြီး၊ ထိုစာအုပ်အတွင်းရှိ နှစ်ကာလများက ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့နှင့် တိုက်ရိုက်သက်ဆိုင်နေခဲ့မှသာ အခွင့်အရေး ရှိနိုင်ပေလိမ့်မည်။
"မင်းပြောတဲ့ ကောင်းကင်နိမိတ်ဖြစ်စဥ် သူတော်စင်က… ဘယ်လောက်အထိ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းပကားမျိုး ရှိလဲ၊ မင်းကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ဖူးမြော်ဖူးလား"
ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် မေးခွန်းထုတ်လိုက်သည်။
"တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးပါဘူး… ငါ့လို လူမျိုးက ဘယ်လိုလုပ်ပြီး ကောင်းကင်နိမိတ်ဖြစ်စဥ် သူတော်စင်ကြီးကို ဖူးမြော်ခွင့်ရမယ့် အရည်အချင်းမျိုး ရှိပါ့မလဲ။
ငါက စွမ်းအင်စုဆောင်းခြင်း အဆင့်နှောင်းပိုင်းမှာပဲ ရှိသေးတဲ့ သူတော်စင်တစ်ယောက်ပါ…… ငါ့ရဲ့ အထက်မှာ အသက်စွမ်းအင်အဆင့် ရှိသေးသလို၊ ကမ္ဘာတည်ဆောက်ခြင်းအဆင့်လည်း ရှိနေသေးတယ်၊ အဲဒီနောက်ပိုင်းကျမှ ကမ္ဘာကြီးသူတော်စင်အဆင့် ရှိတာ။
ဒီကျင့်ကြံခြင်းနယ်ပယ်က… နယ်မြေတစ်ခုရဲ့ အရှင်သခင်ကြီး ဖြစ်တည်မှုမျိုး ဖြစ်ရုံတင်မကဘဲ၊ အသုံးပြုနိုင်တဲ့ နည်းလမ်းတွေကလည်း နတ်ဘုရားတွေလိုမျိုး အစွမ်းထက်လှပြီး၊ သူတို့ရဲ့ အတွင်းနယ်မြေ ကျယ်ပြောလှပုံနဲ့ အခြေခံအုတ်မြစ် နက်ရှိုင်းပုံကတော့ မင်းနဲ့ငါ စိတ်ကူးထဲမှာတောင် ထည့်သွင်းပုံဖော်ကြည့်ဖို့ ခက်ခဲလွန်းလှပါတယ်။
အခုအချိန်မှာ ရှိနေခဲ့တဲ့ ဒီနတ်ဘုရားလောကကြီး ဆိုရင်လည်း… ကမ္ဘာတည်ဆောက်ခြင်းသူတော်စင်တစ်ဦး ချန်ရစ်ထားခဲ့တဲ့ အရာတစ်ခုမျှသာ ဖြစ်တာလေ"
ချီယန်သူတော်စင်က စကားဆိုလိုက်သည်။
ကမ္ဘာတည်ဆောက်ခြင်းသူတော်စင် ဟုတ်လား… ကမ္ဘာငယ်အဆင့်ရဲ့ တတိယမြောက် နယ်ပယ်အဆင့်လား။
ဖန့်ချန်က တစ်စုံတစ်ခုကို စဉ်းစားတွေးတောမိသွားခဲ့သည်။
နတ်ဘုရားလောကကြီး၏ နယ်မြေကျယ်ပြောလှပုံကမူ… နယ်မြေကိုးခုနှင့် ယှဉ်လျှင် အဝေးကြီး လိုအပ်နေသေးသော်လည်း၊ ထိုအရာက ဟင်းလင်ပြင်အတွင်း၌ သဘာဝအလျောက် ဖြစ်တည်ပေါ်ပေါက်လာခဲ့ကြသည့် ကြယ်တာရာများနှင့် စကြဝဠာကြီး ဖြစ်ပေသည်။
လူသားတစ်ယောက်၏ စွမ်းအားက ဘယ်လိုလုပ်ပြီး ထိုအရာမျိုးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိပါ့မည်နည်း။
သို့သော်လည်း ကမ္ဘာငယ်အဆင့် တတိယမြောက် နယ်ပယ်တွင် ရှိနေခဲ့သည့် သူတော်စင်တစ်ဦးတည်းကပင်… နတ်ဘုရားလောကကြီး ကဲ့သို့သော အတွင်းနယ်မြေမျိုးကို စုစည်းတည်ဆောက်နိုင်စွမ်း ရှိခဲ့သည်ဖြစ်ရာ၊ နယ်မြေအကျယ်အဝန်းက နယ်မြေကိုးခု၏ ၁၀ ရာခိုင်နှုန်း နီးပါးမျှ ရှိနေခဲ့ခြင်း သို့မဟုတ် အနည်းငယ် ပိုများခြင်း၊ လျော့နည်းခြင်း ဖြစ်နိုင်သဖြင့် ဤအရာက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည့် အဆင့်အတန်း ဖြစ်ပေသည်။
၎င်းထက် ပိုမိုမြင့်မားလှသည့် ကမ္ဘာကြီးသူတော်စင်အဆင့်၏ အတွင်းနယ်မြေဆိုလျှင်မူ ပြောနေစရာပင် လိုအပ်မည် မဟုတ်ပါချေ။
"ကမ္ဘာငယ်သူတော်စင်အဆင့်မှာ ကျင့်ကြံခြင်း နယ်ပယ် သုံးခု ရှိတယ်ဆိုရင်… ကမ္ဘာကြီးသူတော်စင်အဆင့်မှာရော၊ ကျင့်ကြံခြင်းနယ်ပယ် ဘယ်နှစ်ခု ရှိလဲဆိုတာ မင်း သိလား"
ဖန့်ချန်က မေးမြန်းလိုက်သည်။
"ကမ္ဘာကြီးသူတော်စင်အဆင့် ဟုတ်လား……"
ချီယန်သူတော်စင်က စိတ်မသက်မသာဖြင့် ခေါင်းခါပြလိုက်မိရင်း-
"ငါက ကမ္ဘာငယ်အဆင့်ရဲ့ စွမ်းအင်စုဆောင်းခြင်း အဆင့်နှောင်းပိုင်းမျှသာ ရှိသေးတာမို့… ကမ္ဘာကြီးအဆင့်ရဲ့ ကိစ္စရပ်တွေကို ဘယ်လိုလုပ်ပြီး သိရှိနိုင်ပါ့မလဲ၊ ဖန့်ငရဲမင်းကြီးအနေနဲ့ ငါ့ကို အကျပ်မရိုက်ပါနဲ့တော့"
"ဒါဆိုရင်လည်း ကောင်းပြီလေ… မင်းသိရှိနားလည်ထားတဲ့ စွမ်းအင်စုဆောင်းခြင်း နယ်ပယ်အကြောင်းကို ပြောပြစမ်းပါ။
ငါက အခုမှ အတွင်းနယ်မြေကို စုစည်းတည်ဆောက်ထားရတာ ဖြစ်လို့ တစ်ပိုင်းသူတော်စင်အဆင့်ပဲ ရှိသေးတယ်။
သူတော်စင်အဆင့်ရဲ့ လမ်းစဉ်ကို သက်သေပြပြီး အောင်မြင်နိုင်ဖို့ဆိုရင်… မဖြစ်မနေ စွမ်းအင်စုဆောင်းခြင်း နယ်ပယ်ကို တက်လှမ်းရမှာလား။
ဒီနယ်ပယ်အဆင့်က တစ်ပိုင်းသူတော်စင်အဆင့်နဲ့ ဘာများ ကွာခြားမှု ရှိလို့လဲ"
ဖန့်ချန်က စကားဆိုလိုက်သည်။
ချီယန်သူတော်စင်သည် တစ်ဖက်လူ၏ မေးခွန်းများကို အမှန်တကယ် မဖြေကြားချင်သော်လည်း… ယခုအချိန်တွင် သူ၌ ဆုတ်ခွာစရာ လမ်းကြောင်း လုံးဝ ရှိမနေခဲ့တော့ဘဲ၊ ဝိညာဉ်ပါမကျန် လုံးဝ ပျက်စီးပျောက်ကွယ်သွားခြင်း မခံချင်ပါသဖြင့်၊ ရိုးရိုးသားသားပင် ပြန်လည်ဖြေကြားလိုက်ရတော့သည်။
"စွမ်းအင်စုဆောင်းခြင်း ဆိုတာကတော့… စကားလုံးရဲ့ အဓိပ္ပာယ်အတိုင်းပဲ၊ မိမိကိုယ်တိုင်ရဲ့ အတွင်းနယ်မြေထဲကနေ အငွေ့အသက် စွမ်းအားတွေကို စုဆောင်းရယူပြီး မိမိရဲ့ ခန္ဓာကိုယ်ကို ပြန်လည်မွေးမြူ ထောက်ပံ့ပေးရတာ ဖြစ်ပါတယ်။
ဒီကျင့်ကြံခြင်းနယ်ပယ်ကို ရောက်ရှိသွားတဲ့ အချိန်ကျမှသာ… အမှန်တကယ်ပဲ သူတော်စင်အဆင့် ရာထူးနေရာနဲ့ ထိုက်တန်သွားခဲ့တာ
ဘာဖြစ်လို့လဲဆိုတော့ မင်းအနေနဲ့ ပြင်ပလောကကြီးထဲကနေ စွမ်းအားတွေကို ထပ်မံရယူနေဖို့ မလိုအပ်တော့ဘဲ… အတွင်းနယ်မြေထဲမှာတင် စွမ်းအားတွေက အဆက်မပြတ် ရှင်သန်တိုးပွားနေနိုင်ခဲ့ပြီ ဖြစ်လို့ပါပဲ။
အဲဒီအချိန်ကျရင် အတွင်းနယ်မြေရဲ့ စွမ်းအားတွေက မိမိရဲ့ ခန္ဓာကိုယ်ကို အမြဲတမ်း မွေးမြူစောင့်ရှောက်ပေးနေမှာ ဖြစ်ပြီး… ကျင့်ကြံခြင်း နယ်ပယ်တစ်ခု တိုးတက်လာတိုင်းမှာ၊ ဘက်ပေါင်းစုံကနေ အလွန်တရာ ကြီးမားလှတဲ့ တိုးတက်မှုမျိုး ပေါ်ပေါက်လာလိမ့်မယ်။
ကြက်ကလေးတစ်ကောင်ကိုတောင် ဖမ်းဆီးနိုင်စွမ်း မရှိတဲ့ သာမန်စာပေပညာရှင် တစ်ဦးဖြစ်နေခဲ့ရင်တောင်မှ… တစ်နေ့နေ့မှာ သူတော်စင်တစ်ဦး ဖြစ်လာခဲ့မယ်ဆိုရင်တော့၊ သူတော်စင်ခန္ဓာကိုယ်က ပိုင်ဆိုင်ထားသင့်တဲ့ စွမ်းအားမျိုးကို ချက်ချင်း ထုတ်ဖော်ပြသနိုင်စွမ်း ရှိသွားလိမ့်မယ်"
ချီယန်သူတော်စင်၏ စကားလုံးများကြောင့် ဖန့်ချန်သည် ကောင်းကင်ဘုံလမ်းစဥ် အကြောင်းကို ပြန်လည်တွေးတောမိသွားခဲ့သည်။
ထို့ကြောင့်ပင် ထိုသူတော်စင်များအားလုံးက ကောင်းကင်ဘုံလမ်းစဥ် ကို လုံးဝ အရေးမစိုက်ဘဲ နှာခေါင်းရှုံ့ခဲ့ကြခြင်း ဖြစ်ရပေမည်။
သူတော်စင်များကမူ မိမိကိုယ်တိုင်၏ အတွင်းနယ်မြေထဲကနေ အတွင်းနယ်မြေစွမ်းအားကို စုဆောင်းစုပ်ယူလျက် မိမိကိုယ်ကို သန်မာအောင် ပြုလုပ်နိုင်ကြပေသည်။
သို့သော်လည်း ကောင်းကင်ဘုံလမ်းစဥ်ကမူ… မိမိ၏ လက်အောက်ခံ ကျင့်ကြံသူများ လမ်းစဉ်သက်သေပြသည့် အချိန်တွင် ရှိနေခဲ့သည့် နယ်မြေစွမ်းအားများကို စုပ်ယူနိုင်မှသာ၊ မိမိကိုယ်ကို သန်မာအောင် ပြုလုပ်နိုင်ခြင်း ဖြစ်ပေသည်။
ဥပမာအားဖြင့် နယ်မြေကိုးခု၏ ကောင်းကင်ဘုံလမ်းစဥ် ဆိုလျှင်… မဖြစ်မနေ နယ်မြေကိုးခု၏ စွမ်းအားများကို ရယူပြီးမှသာ ရှင်သန်နိုင်မည် ဖြစ်ပေသည်။
အကယ်၍ နယ်မြေကိုးခု၏ အခြေခံအုတ်မြစ်များ လုံးဝ ခန်းခြောက် ပျက်စီးသွားခဲ့မည်ဆိုပါက… ကောင်းကင်ဘုံလမ်းစဥ်သည်လည်း ဘယ်လိုလုပ်ပြီး တစ်ဦးတည်း သီးသန့် ရှင်သန်ကျန်ရစ်နိုင်ပါတော့မည်နည်း။
"ဘာဖြစ်လို့ အတွင်းနယ်မြေရဲ့ စွမ်းအားတွေက အဆက်မပြတ် စီးဆင်းနေနိုင်ရတာလဲ၊ ဒီစွမ်းအားတွေက ရော ဘယ်နေရာကနေ မြစ်ဖျားခံပြီး ရောက်ရှိလာတာလဲ"
ဖန့်ချန်၏ ရင်ထဲ၌ ရုတ်တရက်ဆိုသကဲ့သို့ မေးခွန်းတစ်ခု အလိုလို ပေါ်ပေါက်လာခဲ့ရသည်။
ထိုမေးခွန်းကို သူက ထုတ်ဖော်ပြောဆိုလိုက်ရင်း ချီယန်သူတော်စင်ကို ပြန်လည်ဖြေကြားရန် တောင်းဆိုလိုက်သည့် အခါတွင်မူ… ချီယန်သူတော်စင်၏ မျက်နှာထက်၌ အလွန်တရာ အံ့အားသင့် တွေဝေသွားသည့် အရိပ်အယောင်တစ်ခု ချက်ချင်း ပေါ်ပေါက်လာခဲ့ရတော့သည်။
"အတွင်းနယ်မြေ ဆိုတာက… မူလကတည်းက အဆုံးမဲ့ရပ်ဝန်း တစ်ခုပဲလေ၊ ဒါကြောင့်မို့လို့ သူ့ရဲ့ အတွင်းနယ်မြေစွမ်းအားတွေကလည်း သဘာဝအတိုင်း အဆုံးမဲ့ ဖြစ်နေရမှာက ထုံးစံပဲ မဟုတ်လား"
"အဆုံးမဲ့ရပ်ဝန်း ဟုတ်လား… ဘယ်လိုပဲဖြစ်ဖြစ် မြစ်ဖျားခံရာ အရင်းအမြစ်တစ်ခုတော့ ရှိနေရမှာပဲ၊ မင်းက ဟင်းလင်ပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့အတွင်းမှာ ဒီလောက်အထိ အကြာကြီး နေထိုင်ခဲ့တာတောင်မှ… ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အသေးစိတ် တစ်ကြိမ်တစ်ခါမျှ မကြားဖူးဘူးလား"
"အဲ…… ဒါနဲ့ပတ်သက်ပြီး ဘယ်သူမှ ထုတ်ဖော်ပြောဆိုဖူးခြင်း မရှိသလို၊ ငါကိုယ်တိုင်လည်း တစ်ကြိမ်တစ်ခါမျှ စဉ်းစားတွေးတောမိခြင်း မရှိခဲ့ပါဘူး၊ ငါ ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်လျှောက်လှမ်းခဲ့တဲ့ ကာလကတည်းက ဒီအချက်ကို အလိုလို သိရှိနားလည်ထားခဲ့တာပါ။
သူတော်စင်တွေ သေဆုံးသွားခဲ့ပြီးတဲ့နောက်မှာတော့… အတွင်းနယ်မြေက အရှင်သခင်မဲ့ နယ်မြေတစ်ခု ဖြစ်သွားခဲ့ရပြီး တဖြည်းဖြည်းနဲ့ သေဆုံးသွားခဲ့ပြီး အတွင်းနယ်မြေတွေ ပေါ်ထွက်လာတတ်တယ်လို့ပဲ ကြားဖူးတာ။
သူတော်စင်က အသက်ရှင်နေသေးရဲ့သားနဲ့… အတွင်းနယ်မြေက အရင်ဦးဆုံး သေဆုံးပျက်စီးသွားခဲ့ရတယ်ဆိုတာမျိုးတော့ တစ်ကြိမ်တစ်ခါမျှ မကြားဖူးပါဘူး။
ဒါကြောင့်မို့လို့ ငါ့ရဲ့ ခန့်မှန်းချက်အရဆိုရင်တော့… အမှန်တော့ အတွင်းနယ်မြေစွမ်းအား ဆိုတာက၊ မိမိကိုယ်တိုင်ဆီကနေပဲ မြစ်ဖျားခံပြီး ရောက်ရှိလာတာ ဖြစ်နိုင်ပါတယ်။
ငါတို့တွေ သူတော်စင်အဆင့်ကို အောင်မြင်ပြီးတဲ့နောက်မှာ… မူလကတည်းက ပိုင်ဆိုင်ထားသင့်တဲ့ အစွမ်းသတ္တိ နည်းလမ်းမျိုး ဖြစ်ရမယ်"
ချီယန်သူတော်စင်၏ ဤစကားလုံးများကမူ ကြည့်ရသည်မှာ မည်သည့်ကျိုးကြောင်းဆီလျော်မှုမျှ မရှိသည့်အလား ထင်မှတ်ရသော်လည်း… သေသေချာချာ အသေးစိတ် ပြန်လည်တွေးတောကြည့်မည်ဆိုပါက၊ ထိုအထဲ၌ တွေးတောဆင်ခြင်စရာ ကောင်းလှသည့် အဓိပ္ပာယ်အချို့ ရှိနေခဲ့ခြင်း ဖြစ်ပေသည်။
"အတွင်းနယ်မြေစွမ်းအားက… မူလကတည်းက မိမိကိုယ်တိုင်ဆီကနေပဲ မြစ်ဖျားခံတာ ဟုတ်လား……"
ဖန့်ချန်၏ မျက်ဝန်းအစုံအတွင်း၌ စဉ်းစားတွေးတောနေသည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့ရပြီးနောက်… နောက်တစ်စက္ကန့်တွင်မူ သူက လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်တော့သည်။
ထိုအခါတွင်မူ… စွမ်းအားမျက်နှာပြင်ကြီးတစ်ခုက ရေတံခွန်ကြီးတစ်ခုအလား ကောင်းကင်ယံထက်မှနေ၍ တရစပ် လှိမ့်ဆင်းလာခဲ့သည်ကို မြင်တွေ့လိုက်ရပေသည်။
မရေမတွက်နိုင်လောက်အောင် များပြားလှသည့် ကွဲပြားခြားနားလှသော ပုံရိပ်မြင်ကွင်းများစွာသည် ထိုစွမ်းအားမျက်နှာပြင်ကြီး၏ အပေါ်၌ တစ်ပြိုင်နက်တည်း ထင်ဟပ်ပေါ်ပေါက်လာခဲ့ကြပြီ ဖြစ်ပေသည်။
နယ်မြေကိုးခု၏ စစ်မီးတောက်မီးလျှံများကမူ… ယခုအချိန်တွင် အရပ်ရပ်သို့ ကူးစက်လောင်မြိုက်နေခဲ့ချေပြီ။
ချင်ဝူဆန့် ၏ လက်အောက်ခံ တပ်စခန်းကြီး ခြောက်ခု၏ နည်းလမ်းများကလည်း… ပိုမို၍ ရက်စက်ကြမ်းကြုတ် လာခဲ့ကြချေပြီ ဖြစ်ပေသည်။
ရေတွက်၍မရနိုင်လောက်အောင် များပြားလှသည့် လူသားကျင့်ကြံသူများသည်… မည်သည့်အရပ်တွင် ပုန်းကွယ်နေခဲ့ကြသည်ဖြစ်စေ၊ ၎င်းတို့၏ ရှာဖွေဖော်ထုတ်ခြင်းကို ခံလိုက်ရပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံနေကြရပေသည်။
"ဒါ…… ဒါက……"
ချီယန်သူတော်စင်သည် ဤစွမ်းအားမျက်နှာပြင်ကြီးကို ကြည့်လိုက်မိရင်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရတော့သည်။
သူက ရုတ်တရက်ဆိုသကဲ့သို့ အနည်းငယ် နားလည်သဘောပေါက်သွားခဲ့ရသည်… ဘာဖြစ်လို့ ဤဖန့်ငရဲမင်းကြီးက ကိစ္စရပ်များစွာကို ဤမျှလောက်အထိ အသေးစိတ် သိရှိနေခဲ့ရတာလဲဟူ၍။
ဘာဖြစ်လို့လဲဆိုတော့ သူက ထိုစွမ်းအားမျက်နှာပြင်ကြီး၏ အတွင်းဘက်၌… ချင်ဝူဆန့် ၏ ပုံရိပ်ခြေရာကိုပါ အသေအချာ မြင်တွေ့လိုက်ရသောကြောင့် ဖြစ်ပေသည်။
'ဒါက ကောင်းကင်နိမိတ်ဖြစ်စဥ်အဆင့် အတွင်းနယ်မြေရဲ့ ကြောက်မက်ဖွယ်ကောင်းလှတဲ့ အချက်ပဲလား။
သနားစရာကောင်းလှတဲ့ တစ်ပိုင်းသူတော်စင်အဆင့်မျှသာ ရှိသေးတဲ့သူက… ကမ္ဘာကြီးသူတော်စင်အဆင့် ရှိတဲ့သူကို ဒီလိုမျိုး ပုံစံနဲ့ စောင့်ကြည့်နေနိုင်ခဲ့ပြီးတော့၊ တစ်ဖက်လူကတော့ ဘာတစ်ခုမှ သိရှိခြင်း မရှိသေးတာလား'
ချီယန်သူတော်စင်၏ ရင်ထဲ၌မူ… အလွန်တရာ ပြင်းထန်လှသော လှိုင်းတံပိုးကြီးများ ရုန်းကြွထက်သန်လာခဲ့သည့်အလား ခံစားလိုက်ရတော့သည်ပင်။
အခန်း (၂၀၁၆) ငါးကြီး
"ဒုတိယအစ်မ… ညီမတို့ ရောက်နေတဲ့ ဒီနေရာကလေ၊ အဲဒီပြင်ပကျင့်ကြံသူတွေ တကယ်ပဲ ရှာမတွေ့နိုင်ဘူးလို့ သေချာလို့လားဟင်"
ဖန့်ရှောင်ပန်း၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေရှာသည်။
ယခုအချိန်တွင် သူတို့သည် မြေဝက်ဝံကြယ် မှ ထွက်ခွာလာခဲ့ကြပြီဖြစ်ပြီး၊ ရှေးဟောင်းနယ်မြေအတွင်းရှိ လူသူအရိပ်အယောင် လုံးဝကင်းမဲ့နေသော လူသူမနီးသည့် ကြယ်တာရာတစ်ခုပေါ်တွင် ခိုအောင်းပုန်းကွယ်နေကြခြင်း ဖြစ်ပေသည်။
ပြင်ပကျင့်ကြံသူများ စတင်ပေါ်ထွက်လာပြီး မကြာမီအချိန်မှာတင်၊ သူတို့သည် လျှို့ဝှက်အစောင့်အရှောက်ဌာနဆီမှ သတင်းစကားကို ရရှိခဲ့ကြသဖြင့် အချိန်မီ ရွှေ့ပြောင်းတိမ်းရှောင်နိုင်ခဲ့ကြခြင်း ဖြစ်သည်။
ဤအရပ်တွင် ဖန့်ရှောင်ပန်းအပြင် ဖန့်ကျစ်ရွှယ်၊ နတ်မိမယ်ယွီ ၊ ဖန့်ရှောင်ထျန်းနှင့် ဖန့်ထုံ စသည့် ဖန့်ချန်နှင့် အနီးစပ်ဆုံး သွေးသားရင်းချာတော်စပ်သူ အားလုံး ရှိနေကြပေသည်။
"ဒီလောက်အထိတော့ စောစောစီးစီး ရှာတွေ့နိုင်ဦးမယ် မထင်ပါဘူး၊ အခုလောလောဆယ်တော့ စောင့်ဆိုင်းနေရုံပဲ တတ်နိုင်တော့မှာပါ"
ဖန့်ကျစ်ရွှယ်က တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် စကားဆိုလိုက်ရင်း-
"လျှို့ဝှက်အစောင့်အရှောက်ဌာနဘက်က သတင်းပို့တာတွေ ပြတ်တောက်သွားပြီဆိုတော့…ယင်လောကရဲ့ လက်ရှိအခြေအနေကလည်း မသက်သာဘူးဆိုတာ ပြနေတာပဲ။ ပြီးတော့ ရှဲ့ကျစ်ဌာနဘက်ကလည်း… ဝင်ရောက်လို့ မရတော့ဘူး။ စိုးရိမ်ရတာကတော့ အင်မတန်ကြီးမားတဲ့ ရှဲ့ကျစ်ဌာနကြီးတစ်ခုလုံးဟာ လျှို့ဝှက်အစောင့်အရှောက်ဌာနက သတင်းပို့ခဲ့သလိုမျိုး တကယ်ပဲ ပျက်စီးသွားခဲ့ရပြီ ထင်ပါရဲ့……"
"ရှဲ့ကျစ်ဌာနကြီးတောင် ပျက်စီးသွားခဲ့ပြီလား……"
လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာဖြင့် ကြည့်လိုက်မိကြတော့သည်။
သာမန်ကျင့်ကြံသူများအနေဖြင့်မူ ရှဲ့ကျစ်ဌာန တည်ရှိနေခြင်းကို သိရှိနိုင်စရာ အကြောင်းမရှိပါချေ။
သို့သော်လည်း သူတို့၏ အဆင့်အတန်းမှာမူ သာမန်လူများနှင့် မတူညီဘဲ ကွဲပြားခြားနားလှပေရာ၊ ရှဲ့ကျစ်ဌာန တည်ရှိမှုကို သိရှိထားရုံတင်မကဘဲ ရှဲ့ကျစ်ဌာန၏ သူတော်စင်မျှော်စင်အတွင်းသို့ပင် သွားရောက်၍ ကျင့်ကြံအားထုတ်ဖူးကြပေသည်။
ထို့ကြောင့်ပင် လူတိုင်း၏ ကျင့်ကြံခြင်းစွမ်းအားများမှာ တိုတောင်းလှသော အချိန်ကာလတစ်ခုအတွင်း၌ အဆမတန် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကြခြင်း ဖြစ်ပေသည်။
"အခုအချိန်မှာတော့ ငါတို့တွေ အစ်ကိုကြီးတို့အဖွဲ့ ထွက်ပေါ်လာမှာကိုပဲ စောင့်ဆိုင်းနေဖို့ လိုအပ်တယ်။ ဒီနေရာကတော့ စိတ်ချရသေးတယ်လို့ ယူဆလို့ရတဲ့အတွက်… မင်းတို့တွေ ဒီနေရာမှာပဲ သေသေချာချာ နေထိုင်ကြပါ။ တရားကျင့်ဖို့အတွက် မြေအောက်ခန်းတချို့ကို တူးဆွထားကြ၊ ပြီးတော့ တားမြစ်အစီအရင်တွေကိုလည်း လျှောက်ပြီး မခင်းကျင်းထားကြနဲ့ဦး။ ပြင်ပကျင့်ကြံသူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်မိမှာ စိုးရတယ်၊ အရင်ဦးဆုံး သေသေချာချာ ပုန်းကွယ်နေကြပါ"
ဖန့်ကျစ်ရွှယ်က သေသေချာချာ မှာကြားလိုက်သည်။
လူတိုင်း၏ စိတ်အာရုံများ လှုပ်ရှားသွားခဲ့ရချေပြီ။
နတ်မိမယ်ယွီက ရုတ်တရက် ဝင်ရောက်မေးမြန်းလိုက်သည်။
"ဒါဆိုရင် နင်ကရော ဘာလုပ်မလို့လဲ"
ဖန့်ကျစ်ရွှယ်က သာယာစွာ ပြုံးလိုက်ရင်း
"ငါကတော့ မြေဝက်ဝံကြယ် ဆီကို ပြန်သွားရမယ်"
စကားအဆုံးတွင် သူမက မလှမ်းမကမ်း၌ တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် ရပ်တန့်နေသည့် လုယွမ်ကို လှည့်ကြည့်လိုက်ကာ-
"စီနီယာလုယွမ်… ကျွန်မကို မြေဝက်ဝံကြယ် ဆီ ပြန်ခေါ်ဆောင်သွားပေးပါ"
"မဖြစ်နိုင်တာ၊ ဖန့်ငရဲမင်းကြီးရဲ့ တိုက်ရိုက်သွေးသား မျိုးဆက်တွေဖြစ်တဲ့ မင်းတို့တစ်တွေဟာ လက်ရှိလို အခြေအနေမျိုးမှာ မြေဝက်ဝံကြယ် မှာ ရှိနေလို့ မဖြစ်ဘူး။
အဲဒီ ပြင်ပကျင့်ကြံသူတွေဆိုတာ ခွေးတွေလိုပဲ၊ အနံ့ခံ အလွန်စူးရှကြတာ။ ငါ့အထင်တော့ အခုအချိန်မှာ သူတို့တွေ မြေဝက်ဝံကြယ် ရှိတဲ့နေရာကို ရှာတွေ့နေလောက်ပြီ"
လုယွမ်က အေးစက်တည်ငြိမ်စွာပင် ငြင်းပယ်လိုက်ပြီးနောက်၊ ထွက်ခွာရန်အတွက် သူမ၏ မသေမျိုးလှေပျံကို ထုတ်ဖော်လိုက်တော့သည်။
"ကျွန်မရဲ့ အစ်ကိုကြီးက ငရဲမင်းကြီး ဖြစ်သလို၊ ကျွန်မကလည်း သူ့ရဲ့ ညီမအရင်းခေါက်ခေါက်ပဲ။ စီနီယာကတော့ ကျွန်မအစ်ကိုကြီးရဲ့ လက်အောက်ခံ တစ်ယောက် ဖြစ်တာကြောင့်… ကျွန်မက မြေဝက်ဝံကြယ်ဆီ ပြန်ချင်တယ်လို့ ပြောရင်၊ စီနီယာအနေနဲ့ ကျွန်မကို မဖြစ်မနေ ခေါ်ဆောင်သွားပေးရမယ်"
ဖန့်ကျစ်ရွှယ်က လေးနက်တည်ကြည်သော မျက်နှာအမူအရာဖြင့် ပြတ်ပြတ်သားသား ဆိုလိုက်သည်။
လုယွမ်၏ ခြေလှမ်းများ ရုတ်ချည်း ရပ်တန့်သွားခဲ့ရပြီး၊ စိတ်ဝင်စားဖွယ်ရာ အကြည့်တစ်ချက်ဖြင့် ဖန့်ကျစ်ရွှယ်ကို စိုက်ကြည့်လိုက်ရင်း-
"ကောင်မလေး… အခုအချိန်မှာ မြေဝက်ဝံကြယ်ဆီ ပြန်သွားတာက သေတွင်းထဲကို သက်သက်သက်ဆင်း သွားတာနဲ့ အတူတူပဲဆိုတာကို မင်း သိရဲ့လား"
"သေသွားရလည်း ကိစ္စမရှိပါဘူး၊ သေပြီးရင်လည်း ဝိညာဉ်နတ်ဘုရားလမ်းစဉ်ကို ဆက်လက်ကျင့်ကြံလို့ ရတာပဲဥစ္စာ။
ကျွန်မ သိတာကတော့… ပြင်ပကျင့်ကြံသူတွေက နယ်မြေကိုးခုထဲကို ကျူးကျော်ဝင်ရောက်လာခဲ့ပြီဖြစ်လို့၊ ပုန်းကွယ်နေရုံနဲ့ ဘာမှထူးလာမှာ မဟုတ်ဘူး။ ကျွန်မရဲ့ ကျင့်ကြံခြင်းစွမ်းအားက မမြင့်မားဘူးဆိုရင်တောင်မှ တတ်နိုင်သလောက် အင်အားတစ်ရပ်အနေနဲ့ ကူညီပေးချင်ရုံသက်သက်ပါပဲ"
ဖန့်ကျစ်ရွှယ်က ပြန်လည်ပြောကြားလိုက်သည်။
"ဒါဆိုရင် ကျွန်မတို့လည်း ပြန်မယ်"
ဖန့်ရှောင်ပန်းကလည်း အလျင်အမြန်ပင် ဝင်ရောက်ပြောဆိုလိုက်ရင်း-
"သေရင်လည်း အတူတူသေကြတာပေါ့၊ အလွန်ဆုံးရှိလှ အစ်ကိုကြီးရဲ့ လက်အောက်မှာ ယင်စစ်သည်တွေ ဝင်လုပ်ကြတာပေါ့"
"ပြောတော့ လွယ်တာပေါ့၊ ယင်လောကကြီးကို အခုအချိန်မှာ ဘယ်သူက အုပ်ချုပ်နေလဲဆိုတာကိုတောင် အသေအချာ မပြောနိုင်သေးဘူး။
မော်ထျန်းဌာန ရဲ့ အတိတ်တုန်းက အခြေအနေကို မင်းတို့ သိကြရဲ့လား။
အခုအချိန်မှာ ဖန့်ငရဲမင်းကြီးရဲ့ အခြေအနေက အတိတ်တုန်းက မော်ထျန်းဌာနရဲ့ အခြေအနေနဲ့ ထပ်တူနီးပါး ဖြစ်နေပြီ။
မင်းတို့အနေနဲ့ မျှော်လင့်နိုင်တာကတော့…မော်ထျန်းတီကျန့်က ကောင်းကင်ဘုံလမ်းစဉ်ရဲ့ ရာထူးနေရာကို စောစောစီးစီး ရရှိသက်သေပြနိုင်ဖို့ပါပဲ။
အဲဒီလိုမှ မဟုတ်ရင်တော့… လောကသုံးပါးစလုံးဟာ ဒီပြင်ပကျင့်ကြံသူတွေရဲ့ သွေးချောင်းစီး သတ်ဖြတ်ခြင်းကို အလူးအလဲ ခံကြရလိမ့်မယ်"
လုယွမ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း အေးစက်စွာ ပြောဆိုပြီးနောက် မသေမျိုးလှေပျံပေါ်သို့ တက်လှမ်းရန် ပြင်ဆင်လိုက်တော့သည်။
ဖန့်ကျစ်ရွှယ်ကလည်း မသေမျိုးလှေပျံပေါ်သို့ အတင်းအကျပ် လိုက်ပါတက်လှမ်းရန် ပြုလုပ်လိုက်သည်ကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ… လုယွမ်က လက်ကို ချက်ချင်းပင် ဝှေ့ယမ်းလိုက်တော့ရာ၊ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားတစ်ရပ်က ရုတ်ချည်း တိုက်ခတ်ထွက်ပေါ်သွားခဲ့ပြီး လူတိုင်းကို မလှုပ်မယှက်နိုင်ဘဲ မတ်တတ်ရပ်လျက်သား အနေအထားဖြင့် ဖိနှိပ်ချုပ်ချယ်ထားလိုက်တော့သည်။
ဖန့်ကျစ်ရွှယ်သည် မလျှော့သော ဇွဲဖြင့် လုယွမ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိဆဲ ဖြစ်သည်။
လုယွမ်က သက်ပြင်း ညင်သာစွာ တစ်ချက်ချလိုက်ရင်း-
"မင်းရဲ့ စိတ်ဓာတ်ကို ငါ နားလည်ပါတယ်၊ ဒါပေမဲ့ ဒီတစ်ကြိမ် နယ်မြေကိုးခုရဲ့ တိုက်ပွဲမှာတော့… လူတစ်ရာမှာ ကိုးဆယ့်ကိုးယောက်က သေရမှာထက်မက ပျက်စီးကြရလိမ့်မယ်။
ဒါပေမဲ့ ငါတို့လို အဖိုးအို အဖွားအိုကြီးတွေက နှစ်ပေါင်းများစွာကြာအောင် စောင့်ဆိုင်းလာခဲ့ကြရတာ ဖြစ်လို့… မင်းတို့လို လူငယ်တွေကို ငါတို့ရဲ့ ရှေ့ကနေ သေတွင်းထဲ အဝင်ခံနိုင်ပါ့မလား။
မင်းတို့တွေ နောက်ထပ် ရက်အနည်းငယ်လောက် ပိုပြီး အသက်ရှင်နေနိုင်တာက ပိုကောင်းပါတယ်၊ ငါတို့တွေ သေဆုံးသွားခဲ့ပြီးတဲ့ အခါကျမှပဲ မင်းတို့တွေ ဆက်ပြီး သေကြတာပေါ့"
စကားအဆုံးတွင် လုယွမ်က ခါးသီးစွာ ပြုံးလိုက်ရင်း-
"ဘယ်သူက ထင်မှတ်ထားမိမှာလဲ… လူသားမျိုးနွယ်စုက မိစ္ဆာမျိုးနွယ်စုနဲ့ တိုက်ခိုက်ရတယ်၊ နတ်ဆိုးမျိုးနွယ်စုနဲ့ တိုက်ခိုက်ရတယ်၊ နောက်ဆုံးမှာတော့… ဒီပြင်ပကျင့်ကြံသူတွေနဲ့ပါ ထပ်ပြီး တိုက်ခိုက်နေရဦးမယ်လို့"
သူမက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ရင်း မသေမျိုးလှေပျံပေါ်သို့ တက်လှမ်း၍ ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင်မူ… ကြောက်မက်ဖွယ်ကောင်းလှသော မဟာအစီအရင်ကြီးတစ်ခုက ဟင်းလင်းပြင်ကြီးအတွင်း၌ ပေါ်ပေါက်လာခဲ့ပြီးနောက်၊ ပြင်းထန်လှသော ဖိအားများဖြင့် အောက်သို့ ဖိနှိပ်ချလိုက်တော့သည်။
ကန့်သတ်ချက်ကို ကျော်လွန်ထားပြီးဖြစ်သည့် လုယွမ်ပင်လျှင် ထိုထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလှသော စွမ်းအားကြီးကြောင့် ခြောက်ခြားသွားခဲ့ရပြီး၊ မဆင်မခြင် လှုပ်ရှားခြင်း မပြုရဲတော့ပါချေ။
တစ်ချိန်တည်းမှာပင် သူမက စွမ်းအားအချို့ကို ခွဲထုတ်လိုက်ပြီးနောက် ဖန့်ကျစ်ရွှယ်နှင့် အခြားသူများကို အလျင်အမြန် ကာကွယ်ပေးလိုက်ကာ… ဤပြင်းထန်လှသော အငွေ့အသက်များကြောင့် သူတို့အားလုံး တစ်စစီ ကြေမွပျက်စီးသွားခြင်းမှ ကာကွယ်တားဆီးပေးလိုက်တော့သည်။
လုယွမ်၏ မျက်နှာအမူအရာက အလွန်တရာ လေးနက်တည်ကြည်သွားခဲ့ရပြီး၊ ရင်ထဲ၌လည်း အံ့အားသင့် ထိတ်လန့်မိသွားခဲ့ရသည်။
ပြင်ပကျင့်ကြံသူတွေက… ဘယ်လိုလုပ်ပြီး ဒီလောက်အထိ မြန်မြန်ဆန်ဆန် ရောက်ရှိလာနိုင်ရတာလဲ။ နယ်မြေကိုးခုရဲ့ လက်ရှိအခြေအနေက သူမ ထင်မှတ်ထားခဲ့တာထက် အဆပေါင်းရာချီပြီး ပိုမိုစိုးရိမ်စရာ ကောင်းနေခဲ့ပြီလား။
"သခင်လေးက ကျွန်မကို ရှာဖွေတွေ့ရှိပြီး ခေါ်ဆောင်လာခဲ့တာ မကြာသေးဘူး… အခုတော့ ကျွန်မက ထပ်ပြီး ပျောက်ဆုံးရတော့မှာပေါ့"
နတ်မိမယ်ယွီက ကောင်းကင်ယံထက်ရှိ ကောင်းကင်ဘုံကြီးတစ်ခုအလား နက်ရှိုင်းကျယ်ပြောလှသော မဟာအစီအရင်ကြီးကို မော့ကြည့်လိုက်မိရင်း၊ သူမ၏ မျက်ဝန်းအစုံအတွင်း၌ မိမိကိုယ်ကိုယ် လှောင်ပြောင် သရော်မိသည့် အရိပ်အယောင်တစ်ခု ထင်ဟပ်ပေါ်ပေါက်နေခဲ့တော့သည်။
"ဒီလိုမျိုး လူသူဆိတ်သုဉ်းတဲ့ အရပ်ဒေသမှာတောင်… ရှန်းဟုန်းအကြွင်းအကျန်တွေ ရှိနေသေးတာလား၊ မင်းတို့လို ရှန်းဟုန်းအကြွင်းအကျန်တွေကတော့ တကယ်ပဲ ထွက်ပြေးပုန်းကွယ်ရာမှာ အင်မတန် တော်ကြတာပဲ"
မဟာအစီအရင်ကြီး၏ အထက်တွင်… လူပေါင်း ရာကျော်မျှ မတ်တတ်ရပ်နေကြသည်ကို မြင်တွေ့လိုက်ရပေသည်။
ခေါင်းဆောင်ဖြစ်သူမှာ ကတုံးဆံပင်တိုဖြင့် ပိတ်စအဝတ်အစားကို ဝတ်ဆင်ထားပြီး၊ မိန်းကလေးတစ်ယောက်ကဲ့သို့ လှပလွန်းသဖြင့် မိစ္ဆာတစ်ကောင်အလား ထင်မှတ်ရသော မျက်နှာအမူအရာထက်တွင် စိတ်လှုပ်ရှား ရင်ခုန်ခြင်းများနှင့်အတူ လုယွမ်တို့အဖွဲ့ကို စိုက်ကြည့်နေခဲ့ခြင်း ဖြစ်ပေသည်။
လုယွမ်၏ မျက်နှာထက်တွင် အလွန်တရာ လေးနက်တည်ကြည်မှုများ ဖုံးလွှမ်းသွားခဲ့ရသည်။
ဤလူ၏ အငွေ့အသက်စွမ်းအားကမူ… သူမထက် မရေမတွက်နိုင်အောင် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်လှပြီး၊ ထို့ပြင် သူ၏ နောက်ကွယ်တွင် ရှိနေကြသော လူများ၏ ကျင့်ကြံခြင်းနယ်ပယ်မှာလည်း အနည်းဆုံး အဆင့်ကိုး သမားများ ဖြစ်ကြပေရာ၊ သူမ၏ အတိတ်တုန်းက ကျင့်ကြံခြင်းအဆင့်နှင့် ထပ်တူနီးပါး ဖြစ်ပေသည်။
၎င်းတို့ထဲမှ အဆင့်ကိုး ကျော်လွန်၍ ကန့်သတ်ချက်ကို ကျော်လွန်ထားကြသည့် ကျင့်ကြံသူအချို့ ဆိုလျှင်မူ… လက်ရှိအချိန်တွင် ရှိနေသည့် သူမ၏ စွမ်းအားထက်ပင် ပိုမိုသန်မာကြပေသည်။
"နေကောင်းကြရဲ့လား… ငါကတော့ ချန်းရွှေနတ်ဘုရားနယ်မြေ ကနေ လာခဲ့တဲ့ တစ်ပိုင်းသူတော်စင်တစ်ယောက်ပါ၊ မင်းတို့အနေနဲ့ ငါ့ကို ဇီထျန်းတစ်ပိုင်းသူတော်စင် လို့ ခေါ်ဆိုနိုင်ပါတယ်"
ချောမောလှပလွန်းသည့် လူငယ်က လုယွမ်ကို ကြည့်လျက် ပြုံးရွှင်စွာဖြင့် နှုတ်ဆက်စကား ဆိုလိုက်သည်။
"ဇီထျန်းတစ်ပိုင်းသူတော်စင် ဟုတ်လား……"
လုယွမ်က ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်ရင်း-
"စီနီယာအနေနဲ့ ဘာကိစ္စများ ရှိလို့ပါလဲ"
"ဘာကိစ္စ ရှိလို့လဲ ဟုတ်လား… မင်းတို့တွေက ရှန်းဟုန်းအကြွင်းအကျန်တွေ မဟုတ်ကြဘူးလား။ ငါတို့တွေ ဒီတစ်ကြိမ် လာခဲ့တာက ပိုက်စိပ်တိုက် လွတ်မြောက်နေတဲ့ ငါးလေးတွေကို လိုက်လံနှိမ်နင်း ရှင်းလင်းဖို့အတွက်ပဲလေ။ မူလတုန်းကတော့ ငါးစာလေးတွေ၊ ပုစွန်လေးတွေပဲ ရှိလိမ့်မယ်လို့ ထင်မှတ်ထားခဲ့တာ… ဒါပေမဲ့ မမျှော်လင့်ဘဲနဲ့ ငါးကြီးတစ်ကောင်ကိုပါ တွေ့ရှိလိုက်ရလိမ့်မယ်လို့ မထင်ထားမိဘူး"
ဇီထျန်းတစ်ပိုင်းသူတော်စင်က လုယွမ်ကို ကြည့်လျက် အလွန်တရာ ဝမ်းမြောက်ဝမ်းသာစွာဖြင့် စကားဆိုလိုက်ရင်း-
"မင်းတို့ရဲ့ နယ်မြေကိုးခုအတွင်းမှာ… ကန့်သတ်ချက်ကို ကျော်လွန်တဲ့အထိ ကျင့်ကြံနိုင်ခဲ့တဲ့ တည်ရှိမှုမျိုးက အင်မတန်မှ ရှားပါးလှပါတယ်။
မင်းရဲ့ ကျင့်ကြံခြင်းစွမ်းအားက ငါ့ရဲ့ မျက်စိထဲကို မဝင်ဘူးဆိုရင်တောင်မှ… မင်းက နယ်မြေကိုးခုအတွင်းမှာ အရေးပါတဲ့ အဓိက ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေမှာ သေချာပါတယ်။
ပြီးခဲ့တဲ့ အကြိမ်တုန်းကတော့ အကြီးမားဆုံး အကျိုးအမြတ်ကို ချီယန်သူတော်စင် က လုယူသွားခဲ့တာမို့၊ တပ်မခြောက်ခုရဲ့ ခေါင်းဆောင်တွေတောင်မှ အကျိုးအမြတ် သိပ်ပြီး မရရှိခဲ့ကြဘူး။
အခုအချိန်မှာတော့ ငါက ကံကောင်းထောက်မစွာနဲ့ တွေ့ရှိခဲ့ရပြီဖြစ်လို့… သခင်လေးအနေနဲ့လည်း ဒီကိစ္စအတွက် ငါ့ကို သေသေချာချာ ဆုလာဘ်တွေ ပေးသနားတော်မူလိမ့်မယ်လို့ ယုံကြည်ပါတယ်"
"ငါးကြီး ဟုတ်လား… မသိရင်တော့ ငါက မင်းတို့လို ပြင်ပက လာတဲ့ ဒုစရိုက်ကောင်တွေရဲ့ မျက်စိထဲမှာ ငါးကြီးတစ်ကောင်အဖြစ် အဆင့်သတ်မှတ် ခံထားရတာပေါ့"
လုယွမ်က သက်ပြင်းတစ်ချက်ချရင်း ရေရွတ်လိုက်မိတော့သည်။
ဤစကားလုံးများ ထွက်ပေါ်လာခဲ့ပြီးနောက်… ဇီထျန်းတစ်ပိုင်းသူတော်စင်မှလွဲ၍ သူ၏ နောက်ကွယ်တွင် ရှိနေကြသော ကန့်သတ်ချက်ကျော်လွန်သူများနှင့် အဆင့်ကိုး ကျင့်ကြံသူများ အားလုံး၏ မျက်နှာထက်တွင် ချက်ချင်းဆိုသကဲ့သို့ ဒေါသအရိပ်အယောင်များ ဖုံးလွှမ်းသွားခဲ့ရချေပြီ။
သေးသိမ်လှတဲ့ ရှန်းဟုန်းအကြွင်းအကျန် သစ္စာဖောက်ကောင်မက… သူတို့ကို နှုတ်သီးကောင်းလျှာပါးဖြင့် ဒီလိုမျိုးအထိ စော်ကားရဲတယ် ဟုတ်လား။
"အားလုံးပဲ မလောကြပါနဲ့ဦး… ဒီတစ်ယောက်က ငါးကြီးတစ်ကောင် ဖြစ်နေမှတော့၊ သူမ ခေါ်ဆောင်လာခဲ့တဲ့ ဒီကျင့်ကြံသူတွေကလည်း သာမန်လူတွေ ဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး"
ဇီထျန်းတစ်ပိုင်းသူတော်စင်က ပြုံးလျက်ဖြင့် သူ၏ လက်ထဲရှိ ကြေးနီပြားကို မြှောက်၍ ဝှေ့ယမ်းလိုက်သည့်အခါတွင်မူ… ထိုအရာ၏ အပေါ်မှနေ၍ တောက်ပလွန်းလှသော အလင်းတန်းကြီးတစ်ခု ချက်ချင်း ဖြာထွက်လာခဲ့သဖြင့်၊ သူက ချက်ချင်းပင် ဟဟဟဟူ၍ အားရပါးရ ရယ်မောလိုက်တော့ရင်း-
"ကြည့်ကြစမ်းပါဦး… ဒါက ရှန်းဟုန်းအကြွင်းအကျန်တွေရဲ့ အဓိက အနှစ်ချုပ် မျိုးဆက်တွေပဲဟေ့၊ ဟားဟား"
လူတိုင်းသည်လည်း အလွန်တရာ ဝမ်းမြောက်မိသွားကြတော့သည်၊ သူတို့တစ်လမ်းလုံးတွင် ပိုက်စိပ်တိုက် လိုက်လံရှာဖွေပြီး လွတ်မြောက်နေသူများကို ဖမ်းဆီးခဲ့ကြသော်လည်း… ဤမျှလောက်အထိ တောက်ပလွန်းလှသော အလင်းရောင်မျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးပါချေ။
"ဇီထျန်းတစ်ပိုင်းသူတော်စင်… သူတို့ကို တိုက်ရိုက်ပဲ ဖမ်းဆီးလိုက်ကြရအောင်"
လူအချို့က မစောင့်ဆိုင်းနိုင်တော့ဘဲ တောင်းဆိုလိုက်ကြသည်။
"မလောပါနဲ့ဦး… ဒီငါးကြီးတွေကို ငါးစာအဖြစ် အသုံးပြုပြီးတော့၊ နယ်မြေကိုးခုအတွင်းမှာ ရှိနေသေးတဲ့ ပိုပြီးတော့ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကိုပါ ထပ်ပြီး မျှားခေါ်လို့ ရနိုင်သေးတာပဲဥစ္စာ"
ဇီထျန်းတစ်ပိုင်းသူတော်စင်က ပြုံးလျက် လက်ကို ဝှေ့ယမ်းကာ တားဆီးလိုက်ပြီးနောက်၊ လုယွမ်ကို လှည့်ကြည့်လိုက်ရင်း စကားဆိုလိုက်သည်။
"မိန်းကလေး… မင်းမှာ ဘာကယ်တင်ရှင်ဖြစ်ဖြစ်၊ ကူညီပေးမယ့်လူဖြစ်ဖြစ် ရှိနေသေးလား။ အဲဒီလိုလူ ရှိရင်တော့ စောစောစီးစီး သတင်းပို့ပြီး ဒီနေရာကို လာခိုင်းလိုက်တာက ပိုကောင်းလိမ့်မယ်၊ ဒါဆိုရင် မင်းတို့တွေအတွက် ရှင်သန်ခွင့် အခွင့်အရေး အနည်းငယ်တော့ ရှိနိုင်ဦးမှာပေါ့"
မောက်မာလွန်းလှသည်။
ဤအရာကမူ ဖန့်ကျစ်ရွှယ်နှင့် အခြားသူများ၏ ရင်ထဲ၌ ထိုဇီထျန်းတစ်ပိုင်းသူတော်စင်အပေါ် မြင်တွေ့လိုက်ရသည့် ပထမဆုံးသော အတွေးပင် ဖြစ်တော့သည်။
"ကူညီပေးမယ့်လူ ဟုတ်လား……"
လုယွမ်က တစ်စုံတစ်ခုကို စဉ်းစားတွေးတောမိသွားခဲ့ဟန်ဖြင့် မျက်ဝန်းအစုံက ချက်ချင်းပင် လှုပ်ရှားသွားခဲ့ရပြီးနောက်၊ အရပ်မျက်နှာတစ်ခုဆီသို့ လှည့်လည်ကြည့်ရှုလိုက်မိရင်း-
"တကယ်ပဲ ကူညီပေးမယ့်လူ ရောက်လာနိုင်တာ ဖြစ်တဲ့အတွက်… အားလုံးပဲ ခဏလောက် စောင့်ဆိုင်းပေးကြမလား"
တကယ်ပဲ ကူညီပေးမယ့်လူ ရှိနေတာလား။
ဖန့်ကျစ်ရွှယ်နှင့်နတ်မိမယ်ယွီ တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြရင်း… ဤအရာက လုယွမ်အနေဖြင့် အချိန်ဆွဲရန်အတွက် အသုံးပြုလိုက်သည့် နည်းဗျူဟာတစ်ခုမျှသာ ဖြစ်လိမ့်မည်ဟု သံသယဝင်နေမိကြတော့သည်။
သို့သော်လည်း လက်ရှိလို အခြေအနေမျိုးတွင်မူ… အချိန်ဆွဲနေခဲ့လျှင်တောင်မှ၊ သူတို့ကို ကူညီပေးနိုင်မည့်သူတစ်ဦး ရောက်ရှိလာနိုင်စရာ အကြောင်းမရှိပါချေ။