← Chapters

အခန်း (၂၀၂၁-၂၀၂၂)

Vol. 203 Ch. 2021-2022

အခန်း (၂၀၂၁-၂၀၂၂)

Vol. 203 Ch. 2021-2022

အခန်း (၂၀၂၁) မင်းက ဘာလို့ ဂုဏ်ယူဝင့်ကြွားနေတာလဲ

ယွမ်ဟယ်နှင့် ဖန့်ကျန့်ထျန်းတို့၏ ဤအစီအစဉ်ကို… သာမန်လူသားမျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စုများမှာ လုံးဝ မသိရှိကြပါချေ။

သိရှိသူဟူ၍… အနည်းငယ်မျှသော လက်ချိုးရေတွက်နိုင်သည့် လူအနည်းငယ်သာ ရှိပေသည်။

ယခုအချိန်တွင်မူ… အစီအစဉ်ကြီးမှာ အောင်မြင်ခါနီးသို့ ဆိုက်ရောက်နေပြီ ဖြစ်သောကြောင့်သာ၊ လူအများအပြား ဤကိစ္စထဲသို့ ပါဝင်ပတ်သက်လာခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

"မဖြစ်နိုင်တာ… မင်းတို့ရဲ့ အဲဒီလိုမျိုး အစီအစဉ်က ဘယ်လိုမှ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ ရွှမ်အယ်ဝိညာဉ်ဖမ်းတမန်နဲ့ သူ့ရဲ့ နောက်ကွယ်က ဝိညာဉ်မျိုးနွယ်စုက အင်အားကြီး ပုဂ္ဂိုလ်တွေက… မင်းတို့တွေကို ဒီလိုမျိုး ကိစ္စရပ်တွေထဲ ဝင်ရောက်စွက်ဖက်ခွင့် ပေးမှာမဟုတ်ဘူး။ ဟော်ဆွေ့အဘိုးအိုရဲ့ မျက်နှာက… မင်းတို့တွေထက်စာရင် ဘယ်လောက်အထိ ကြီးမားလဲဆိုတာ မင်းတို့မသိဘူးလား၊ သူက ခုံရုံး ရဲ့ ဂုဏ်ထူးဆောင် ကောင်းကင်အရှင် ပဲလေ… မင်းတို့မှာကော ဘာရှိလို့လဲ။ ဝိညာဉ်မျိုးနွယ်စုက ဘာဖြစ်လို့ မင်းတို့ရဲ့ မျက်နှာကို ထောက်ထားရမှာလဲ"

ချီယန်သူတော်စင်၏ မျက်နှာထက်တွင် ဟန်ကိုယ်ဖို့ကာ ပြုံးလိုက်သည့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး… ခေါင်းကို ဆက်တိုက် ခါယမ်းနေမိတော့သည်။

သူ့အနေဖြင့် တကယ်လို့သာ အစီအစဉ်ကြီး အောင်မြင်သွားခဲ့ပါက… ဟင်းလင်းပြင် အမြင့်ဆုံး မဟာမိတ်အဖွဲ့ထဲတွင် မည်ကဲ့သို့သော ထိတ်လန့်ဖွယ် မျိုးစေ့တစ်ခု အမြစ်တွယ်သွားလိမ့်မည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။

မီးနတ်ဘုရားမျိုးနွယ်စုကို နေသာစေဦးတော့… ဟော်ဆွေ့မျိုးနွယ်စုပင် ဖြစ်ပါစေဦး၊ နောင်နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ… ပြန်လည်ကိုက်ခဲခြင်းကို ပြင်းပြင်းထန်ထန် ခံရနိုင်ခြေ ရှိပေသည်။

ချီယန်သူတော်စင်၏ စိုးရိမ်တုန်လှုပ်မှုများ ရောပြွမ်းနေသည့် မေးခွန်းကို ကြားလိုက်ရသည့်အခါ… ဤနေရာတွင် ရှိနေကြသော ယန်နတ်ဘုရားများ အားလုံးက တဟားဟား ရယ်မောလိုက်ကြတော့သည်။

နတ်ဘုရားမျိုးနွယ်စု မှ ဆင်းသက်လာခဲ့သည့် ယန်နတ်ဘုရား တစ်ဦးက သာယာစွာ ပြုံးလျက် စကားဆိုလာသည်။

"အတိတ်တုန်းကတော့ ငါလည်း လူသားမျိုးနွယ်စုမှာ ဘာနောက်ခံအင်အား ရှိလဲဆိုတာ မသိခဲ့ဘူး၊ ဒါပေမဲ့ နောက်ပိုင်းကျတော့ ငါသိသွားခဲ့ရတယ်။ လူသားမျိုးနွယ်စုနဲ့ ဝိညာဉ်မျိုးနွယ်စုက ထိပ်တန်း အာဏာပိုင် ပုဂ္ဂိုလ်ကြီး တစ်ယောက်နဲ့က… ဆက်ဆံရေးက အလွန်တရာ နက်ရှိုင်းလှတယ်၊ ပြီးတော့ ငါတို့ နတ်ဘုရားမျိုးနွယ်စုနဲ့လည်း ပတ်သက်မှုတွေ အများကြီး ရှိခဲ့ဖူးတယ်။

အတိတ်တုန်းက ဟော်ဆွေ့အဘိုးအိုက အလွန်တရာ အင်အားကြီးမားလွန်းခဲ့ပြီး… အကူအညီတွေ အများကြီး ရရှိခဲ့တာကြောင့်သာ၊ ဝိညာဉ်မျိုးနွယ်စုက အဲဒီအင်အားကြီး ပုဂ္ဂိုလ်က ငြိမ်သက်နေခဲ့ရတာ။ နောက်ဆုံးကျတော့မှ သူက ခုံရုံးရဲ့ ဂုဏ်ထူးဆောင် ကောင်းကင်အရှင် ရာထူးကို ရရှိသွားခဲ့တာပဲ။

ငါတို့မျိုးနွယ်စုရဲ့ ကမ္ဘာကြီးသူတော်စင် က… အဲဒီတုန်းက ဟော်ဆွေ့အဘိုးအိုရဲ့ ရန်သူဘက်ကနေ ကူညီပေးခဲ့တာကြောင့်၊ ကိစ္စရပ်တွေထဲ ပါဝင်ပတ်သက်သွားခဲ့ရပြီး… မတရားတဲ့ ပြစ်ဒဏ်တွေ ပေးခြင်းခံရကာ၊ လွင့်ပါးအခြေချရတဲ့ လူမျိုးစု ဘဝကို ရောက်ရှိသွားခဲ့ရတာ။

အခုအချိန်မှာတော့… နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီ ဖြစ်လို့၊ ငါတို့တွေလည်း ပြန်သွားရမယ့် အချိန်ရောက်ပြီ၊ အတိတ်က ရန်ကြွေးတွေကို… တစ်ရက်နေ့ကျရင် တစ်ခုချင်းစီ အသေးစိတ် ပြန်လည်ရှင်းလင်း ကြရမှာပေါ့"

ဖန့်ချန်က ဤနေရာအထိ ကြားလိုက်ရသည့်အခါ… သူက သဲလွန်စမျိုးစုံကို အကုန်လုံး ဆက်စပ်မိသွားခဲ့ချေပြီ။ လူသားမျိုးနွယ်စုနှင့် နတ်ဆိုးမျိုးနွယ်စုတို့၏ တိုက်ပွဲ၊ လူသားမျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စုတို့၏ တိုက်ပွဲ၊ ရှန်းဟုန်းနှင့် ဟော်ဆွေ့တို့၏ ရန်ငြိုးတိုက်ပွဲ၊ ဟင်းလင်းပြင် အမြင့်ဆုံး မဟာမိတ်အဖွဲ့အတွင်းရှိ တိုက်ပွဲများ……

အရာအားလုံး၊ အရာအားလုံး၏ အစပြုခြင်း အကြောင်းရင်းမှာ… ထိုအစီအစဉ် ကိစ္စရပ်များကြောင့်ပင် ဖြစ်ပေသည်။

သို့သော်လည်း သူ့အနေဖြင့် ထင်မှတ်မထားခဲ့မိသည်မှာ… အဘိုးကြီးတို့ ချမှတ်ထားသည့် ဤစစ်တုရင်ကစားကွက်က၊ ဤမျှလောက်အထိ အန္တရာယ်များလှသော လမ်းစဉ်ကို လျှောက်လှမ်းထားခဲ့ခြင်း ဖြစ်နေလိမ့်မည် ဟုပင်။

'ဟုတ်သားပဲ… ဝမ်ချင်သူတော်စင် ဘက်က အောင်မြင်သွားခဲ့လို့သာ၊ နောက်ပိုင်းမှာ နယ်မြေကိုးခုရဲ့ ကိစ္စရပ်တွေ ဆက်တိုက် ဖြစ်ပျက်လာခဲ့တာပဲ။ တကယ်လို့ ဝမ်ချင်သူတော်စင်ရဲ့ အစီအစဉ်က မအောင်မြင်ခဲ့ဘူးဆိုရင်၊ ဝိညာဉ်မျိုးနွယ်စုရဲ့ အဲဒီထိပ်တန်း ပုဂ္ဂိုလ်ကြီးနဲ့ ဆက်သွယ်မှုကို ပြန်လည်မရရှိခဲ့ဘူး ဆိုရင်…… ချင်ဝူဆန့်တစ်ယောက် နယ်မြေကိုးခုကို ဆင်းသက်လာမယ့် ကိစ္စမျိုးလည်း ပေါ်ပေါက်လာမှာ မဟုတ်ဘူး။

ကူယွဲ့လင်း ကိုလည်း… အဘိုးကြီးတို့က နတ်ဆိုးမျိုးနွယ်စုတွေ ခေါ်ဆောင်လာအောင် တမင်သက်သက် လွှတ်ထားခဲ့တာပဲ၊ အဲဒါမှလည်း ချင်ဝူဆန့်က ဘာကိုမှ သံသယမဝင်မှာ ဖြစ်လို့… ဒီလောက်အထိ လျှို့ဝှက်ဆန်းကြယ်အောင် လုပ်ဆောင်ခဲ့တာပဲ……'

"ဆရာ… ကျွန်တော်တို့အနေနဲ့ နယ်မြေကိုးခုက ကျင့်ကြံသူတွေရဲ့ ဝိညာဉ်တွေကို၊ နောက်ဆုံးမှာ ကျွန်တော်တို့ လူတွေကပဲ သံသရာလည်ပြီး လူပြန်ဝင်စားဖို့အတွက် သေချာပေါက် စီစဉ်ပေးနိုင်မှာ စိတ်ချရရဲ့လား"

ဖန့်ချန်က ယွမ်ဟယ်ကို လက်အုပ်ချီ၍ မေးမြန်းလိုက်သည်။

ယွမ်ဟယ်က ဖန့်ချန်ကို ကြည့်ကာ ပြုံးလိုက်ရင်း ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်သည်။

"တကယ်လို့ သေချာရေရာတဲ့ ယုံကြည်ချက် မရှိဘူးဆိုရင်… ငါတို့တွေ ဒီအစီအစဉ်ကို စတင်မှာ မဟုတ်ဘူး"

"ဒီအစီအစဉ်ထဲမှာ… ငါတို့တွေက မင်းအတွက် တမင်သက်သက် အစီအစဉ်တချို့ ပြင်ဆင်ပေးထားခဲ့တာ၊ ဒါပေမဲ့ အခုကြည့်ရသလောက်တော့… အဲဒီအစီအစဉ်တွေကို လောလောဆယ် ဘေးဖယ်ထားရတော့မယ့်ပုံပဲ"

ဖန့်ကျန့်ထျန်းက စောစောကတည်းက ဤနေရာရှိ အတွင်းကမ္ဘာနယ်မြေကို စူးစမ်းလေ့လာနေခဲ့ခြင်း ဖြစ်ပြီး… သူ၏ အကြည့်က နောက်ဆုံးတွင် မသေမျိုးသန့်စင်ရေ နှင့် ဝမ်ချွမ်းမြစ်ရေ တို့အပေါ်သို့ ကျရောက်သွားကာ၊ မျက်နှာထက်တွင် အပြုံးများဖြင့် စကားဆိုလာသည်။

"မင်းရဲ့ ဒီအတွင်းကမ္ဘာနယ်မြေရဲ့ အဆင့်အတန်းက မနိမ့်လှဘူးပဲ…ကမ္ဘာကြီးအဆင့် ဖြစ်ရမယ်။ ငါတို့ ရှန်းဟုန်းမျိုးနွယ်စုမှာ… ဒီလိုမျိုး အဆင့်အတန်းရှိတဲ့ အတွင်းကမ္ဘာနယ်မြေမျိုးကို စုစည်းတည်ဆောက်နိုင်တဲ့လူ မပေါ်ထွက်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ။ ဒါကြောင့်မို့လို့ မင်းက သေလို့မဖြစ်ဘူး… ကောင်းကောင်းမွန်မွန်နဲ့ပဲ ဟင်းလင်းပြင် အမြင့်ဆုံး မဟာမိတ်အဖွဲ့ ရှိရာဘက်ကို သွားရမယ်"

"ကမ္ဘာကြီးအဆင့် အတွင်းကမ္ဘာနယ်မြေ ဟုတ်လား…… ငါတို့ ရှန်းဟုန်းမျိုးနွယ်စု အင်အားကြီးမားတုန်းကတော့… ဒီလိုမျိုး အတွင်းကမ္ဘာနယ်မြေမျိုးတွေက အဆက်မပြတ် ပေါ်ထွက်ခဲ့တာပဲ၊ ကောင်းကင်နိမိတ်ဖြစ်စဉ် အဆင့်တွေ၊ အထွန်ထိပ်တာအို အဆင့်တွေတောင်မှ အများကြီး ပေါ်ထွက်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ရှန်းဟုန်းမျိုးနွယ်စုက လူစွမ်းကောင်းတွေ ရှားပါးသွားခဲ့ပြီ၊ မင်ရွှီ ကာလတုန်းကဆိုရင်… သူတော်စင်တွေနဲ့ တစ်ပိုင်းသူတော်စင်တွေရဲ့ အရေအတွက်ကတောင် လက်ချိုးရေလို့ ရတဲ့အထိ နည်းပါးခဲ့တာ၊ ကမ္ဘာကြီးအဆင့် အတွင်းကမ္ဘာနယ်မြေဆိုတာကိုတော့ စာဖွဲ့နေဖို့တောင် မလိုတော့ဘူး။

မင်းတို့အိမ်က ဒီကောင်လေးကတော့ တကယ်ပဲ သေလို့မဖြစ်ဘူး၊ သူ့ကို ဟင်းလင်းပြင် အမြင့်ဆုံး မဟာမိတ်အဖွဲ့ဆီ ပို့ဆောင်နိုင်ဖို့အတွက် အခြားနည်းလမ်းတစ်ခုကို စဉ်းစားရမယ်။

အကောင်းဆုံးကတော့… သူ့ကို ဟော်ဆွေ့မျိုးနွယ်စု မဟုတ်တဲ့ တခြားသော အထောက်အထား အဆင့်အတန်းတစ်ခု ရရှိအောင် လုပ်ပေးနိုင်ရင် အကောင်းဆုံးပဲ"

ယန်နတ်ဘုရား တစ်ဦးက သက်ပြင်းချလျက် စိတ်လှုပ်ရှားစွာ စကားဆိုလိုက်သည်။

"ချန်အာ… မင်းရဲ့ ဒီနေရာမှာ ဘယ်လိုမျိုး တန်ခိုးစွမ်းအား တွေကို ထုဆစ်ပုံဖော်ထားလဲ။ ငါ့ရဲ့ ရှစ်မျက်နှာအရပ် အထွတ်အထိပ် ဓားကျမ်း ကော ရှိရဲ့လား"

ဖန့်ကျန့်ထျန်းက မျှော်လင့်ချက်ကြီးစွာဖြင့် မေးမြန်းလိုက်သည်။

ယန်နတ်ဘုရားများ အားလုံး၏ စိတ်ထဲ၌ လှုပ်ရှားသွားခဲ့ရပြီး… သူတို့တွေ ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ ဓာတ်ကြီးငါးပါးနတ်ဘုရားတိုင် ပဲ ဖြစ်ပေသည်၊ အဓိပ္ပာယ်မှာ ဓာတ်ငါးပါးထိန်းချုပ်ခြင်းအတတ် ၏ တန်ခိုးစွမ်းအား ထုဆစ်မှုကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။

သူတို့ စိတ်ထဲ၌ အံ့ဩသွားကြသော်လည်း… လွန်လွန်ကဲကဲတော့ ထူးဆန်းမနေခဲ့ကြပါချေ။

ဘာဖြစ်လို့လဲဆိုတော့ ဓာတ်ငါးပါးထိန်းချုပ်ခြင်းအတတ်က… နယ်မြေကိုးခုက ကျင့်ကြံသူတွေ အစောဆုံး ထိတွေ့ရသည့် မန္တန်အတတ်ပညာ တစ်ခု ဖြစ်နေသောကြောင့်ပင်။

ပြီးတော့ ၎င်းအတတ်ပညာက… ထူးထူးခြားခြား အားသာချက် မရှိသလို၊ အားနည်းချက်ဟူ၍လည်း မရှိသည့် တည်ရှိမှုမျိုး ဖြစ်သည်။

ဓာတ်ငါးပါး သဘာဝက… တစ်ခုနှင့်တစ်ခု အားဖြည့်ပေးကြသလို၊ တစ်ခုနှင့်တစ်ခုလည်း ပြန်လည်ထိန်းချုပ်ကြပြီး၊ မျှတငြိမ်သက်သော အခြေအနေတစ်ခုကို တိကျစွာ ဖြစ်ပေါ်စေကာ၊ အတွင်းကမ္ဘာနယ်မြေ၏ အဓိက မဏ္ဍိုင်ကြီးနှင့် အခြေခံအုတ်မြစ် ဖြစ်လာနိုင်ပေသည်။

"ဖန့်သူတော်စင်… မင်းက မင်းရဲ့ ကိုယ့်မျိုးဆက်သစ်အကြောင်းကိုတောင် သေသေချာချာ နားမလည်သေးပါလား။ ဖန့်ငရဲမင်းကြီးရဲ့ အတွင်းကမ္ဘာနယ်မြေက… ဘယ်နေရာမှာများ ကမ္ဘာကြီးအဆင့် ဖြစ်နေလို့လဲ"

ချီယန်သူတော်စင်က ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်မိရင်း… ဖန့်ကျန့်ထျန်းကို အနည်းငယ် လှောင်ပြောင်သရော်သည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

မူလတုန်းကတော့ သူက ဖန့်ချန်၏ ထာဝရ ပိတ်ဆို့နှိမ်နင်းခြင်းကို ခံရမည်ကို ကြောက်ရွံ့နေခဲ့သဖြင့်… ရိုရိုသေသေ ငြိမ်သက်နေခဲ့ရသော်လည်း၊ ယခုအချိန်တွင် ရင်းနှီးလှသော လူဟောင်းများနှင့် ရန်သူဟောင်းကြီးများကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ… မိမိကိုယ်မိမိ သူတော်စင်တစ်ဦး ဖြစ်နေဆဲကဲ့သို့ ခံစားလိုက်ရကာ၊ ဘာကြောင့်မှန်းမသိဘဲ သတ္တိများ ပြန်လည်ဝင်ရောက်လာခဲ့တော့သည်။

ဤကောင်းကင်နိမိတ်ဖြစ်စဉ် အတွင်းကမ္ဘာနယ်မြေကြီးကို… သူကိုယ်တိုင် စုစည်းတည်ဆောက်ထားခဲ့သကဲ့သို့ပင်။

"ကမ္ဘာကြီးအဆင့် မဟုတ်ဘူး ဟုတ်လား"

ဖန့်ကျန့်ထျန်း၏ စိတ်ထဲ၌ လှုပ်ရှားသွားခဲ့ရပြီး… ဖန့်ချန်ကို တစ်ချက် လှည့်ကြည့်လိုက်ရာ၊ ဖန့်ချန်က ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်သည်ကို မြင်တွေ့လိုက်ရသဖြင့်၊ သူက ချက်ချင်းပင် သက်ပြင်းချလိုက်မိတော့သည်။

"ကမ္ဘာကြအဆင့် မဟုတ်ရင်လည်း ကိစ္စမရှိပါဘူး… အနည်းဆုံးတော့ ကမ္ဘာငယ်အထက်တန်းအဆင့် တော့ ဖြစ်ရမယ်"

"ကမ္ဘာငယ်အထက်တန်းအဆင့် ဆိုရင်လည်း… သူတော်စင်ကျမ်းစာ လမ်းစဉ်အရဆိုရင်၊ ကမ္ဘာကြီးသူတော်စင်အဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိတာပဲ။ နောင်တစ်ချိန်ကျရင် ရှန်းဟုန်းမျိုးနွယ်စုကို… မင်းပဲ ဆက်ပြီးတော့ ဦးဆောင်ရတော့မှာပဲ"

ယွမ်ဟယ်က ပြုံးလျက် စကားဆိုလိုက်သည်။

ဖန့်ချန်က နောက်ဆုံးတွင်မှ ကောင်းကင်နိမိတ်ဖြစ်စဉ် အတွင်းကမ္ဘာနယ်မြေ၏ အဆင့်အတန်းက မည်မျှလောက်အထိ မြင့်မားလှကြောင်းနှင့်… မည်မျှလောက်အထိ ဆန်းကြယ်လှကြောင်းကို နားလည်သွားခဲ့ရသည်။

မိမိအရှေ့တွင် ရှိနေသည့် စီနီယာ လူကြီးမိဘများ အားလုံးကပင်… မိမိ၏ အတွင်းကမ္ဘာနယ်မြေ၏ အဆင့်အတန်းကို အကြည့်တစ်ချက်တည်းနှင့် မခွဲခြားနိုင်ကြပါလား။

"ဆရာ… အဘိုး ကျွန်တော့်ရဲ့ ဒီအတွင်းကမ္ဘာနယ်မြေက… ကောင်းကင်နိမိတ်ဖြစ်စဉ်အဆင့် ထင်တာပဲ"

ဖန့်ချန်က စကားဆိုလိုက်သည်။

"……"

ရာနဲ့ချီသော ယန်နတ်ဘုရားများ အားလုံးမှာ တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ ကြည့်လိုက်မိကြပြီး… နတ်ဘုရားမျိုးနွယ်စုမှ ဆင်းသက်လာသည့် ယန်နတ်ဘုရားက ပြုံးလျက် လက်ကို ဝှေ့ယမ်းပြလာသည်။

"မဖြစ်နိုင်တာ… အင်အားကြီးမားလှတဲ့ ဟော်ဆွေ့မျိုးနွယ်စုမှာတောင်မှ၊ ကောင်းကင်နိမိတ်ဖြစ်စဉ် အတွင်းကမ္ဘာနယ်မြေမျိုး ပေါ်ထွက်ခဲ့တာ အနည်းငယ်ပဲ ရှိတာလေ"

သူ့စကား၏ အဓိပ္ပာယ်မှာ… ဟော်ဆွေ့မျိုးနွယ်စုနှင့် ကွာခြားချက် မိုင်ပေါင်းသောင်းခြောက်ထောင် ရှိနေသည့် ရှန်းဟုန်းမျိုးနွယ်စုထဲမှ၊ ဘယ်လိုလုပ်ပြီး ကောင်းကင်နိမိတ်ဖြစ်စဉ် အတွင်းကမ္ဘာနယ်မြေမျိုး မွေးဖွားလာနိုင်ပါမည်နည်း ဟူ၍ပင်။

တကယ်လို့သာ သူတို့ကို အချိန်အနည်းငယ် ထပ်ပေးမယ်ဆိုရင်… နောင်အနာဂတ်ကျရင်တော့ ရှန်းဟုန်းမျိုးနွယ်စုရဲ့ စွမ်းအားအားလုံးကို စုစည်းပြီး၊ ကောင်းကင်နိမိတ်ဖြစ်စဉ် အတွင်းကမ္ဘာနယ်မြေ ရှိတဲ့ တည်ရှိမှုမျိုး ဖြစ်လာအောင် အားသွန်ခွန်စိုက် ပြုစုပျိုးထောင်ပေးနိုင်ကောင်း ပေးနိုင်လိမ့်မည်။

ဒါပေမဲ့ အခုလိုမျိုး လက်ရှိအချိန်မှာတော့… လက်ရှိ ရှိနေတဲ့ အခြေခံနောက်ခံအင်အားက ဘယ်လိုမှ မလုံလောက်နိုင်ဘူးဆိုတာ သူတို့ ကောင်းကောင်းကြီး သိထားကြသည်။

"ချန်အာ့အကြောင်းကိုတော့ ငါ ကောင်းကောင်းသိတာပေါ့… သူက လျှောက်ပြီး လိမ်ပြောမယ့်ကောင် မဟုတ်ဘူး"

ဖန့်ကျန့်ထျန်းက အလွန်တရာ တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ထိုနတ်ဘုရားမျိုးနွယ်စုမှ ယန်နတ်ဘုရားကို လှည့်ကြည့်လိုက်ပြီးနောက်… ဖန့်ချန်ဘက်သို့ ပြန်လှည့်လာသည်။

"မင်း ဒီနေရာမှာ တန်ခိုးစွမ်းအား ဘယ်နှစ်မျိုးကို ထုဆစ်ပုံဖော်ထားလဲ"

နတ်ဘုရားမျိုးနွယ်စုမှ ယန်နတ်ဘုရားမှာ အတန်ကြာ မှင်တက်သွားခဲ့ရပြီး… အခြားသော ယန်နတ်ဘုရားများနှင့် တစ်ချက် အကြည့်ချင်း ဖလှယ်လိုက်မိကြကာ၊ မျက်နှာအမူအရာများက ရုတ်တရက် တည်ကြည်လေးနက်သွားခဲ့ကြတော့သည်။

ဖန့်ချန်က မိမိ၏ စကားကို သက်သေပြရန်အတွက် လက်တွေ့လုပ်ဆောင်မှုဖြင့် ပြသလိုက်တော့သည်။

တန်ခိုးစွမ်းအား အမျိုးမျိုးက တစ်ခုပြီးတစ်ခု အဆက်မပြတ် ပေါ်ထွက်လာခဲ့သည့် အခါတွင်မူ… ဤနေရာတွင် ရှိနေကြသော ယန်နတ်ဘုရားများ အားလုံး၏ မျက်နှာထက်တွင် မှင်တက်အံ့ဩသွားသည့် အရိပ်အယောင်များ အပြည့်အနှက် ပေါ်ထွက်လာခဲ့ရချေပြီ။

"ရိပ်ခြေဗုဒ္ဓအတတ် …… ဒါက ငါတို့မျိုးနွယ်စုရဲ့ ပင်ကိုယ်ပါရမီ တန်ခိုးစွမ်းအားပဲဥစ္စာ"

ယန်နတ်ဘုရားတစ်ဦးက ရေရွတ်လိုက်မိသည်။

ရိပ်ခြေဗုဒ္ဓအတတ်ကို ကိုယ်စားပြုနေသည့် ဖန့်ပုဆာမှာ… ယခုအချိန်တွင် ကမ္ဘာမြေကို အသစ်တဖန် ပုံဖော်ပေးနေသည့် ဘီလူးကြီးတစ်ကောင်ကဲ့သို့၊ အခြားသော တန်ခိုးစွမ်းအား ကိုယ်ပွားများနှင့်အတူ ဖန့်ချန်၏ နောက်ကွယ်တွင် တညီတညွတ်တည်း မတ်တတ်ရပ်နေခဲ့ကြရာ… ဤတစ်ပိုင်းသူတော်စင် အဆင့်မျှသာ ရှိသေးသည့် အတွင်းကမ္ဘာနယ်မြေကြီးအား၊ ကောင်းကင်နှင့်မြေကမ္ဘာကိုပါ လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ထူးခြားဆန်းကြယ်သော ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့တော့သည်။

ပြီးတော့ ဤမျှ များပြားလှသော တန်ခိုးစွမ်းအားများထဲတွင်… လူသားလောက ကို ကိုယ်စားပြုနေသည့် ဖန့်လူသားလောကမှာ လူအများစု၏ သတိမမူမိခြင်းကို အခံရဆုံး ဖြစ်သော်လည်း၊ ယွမ်ဟယ်တစ်ယောက်သာလျှင် သူ၏ တည်ရှိမှုကို အာရုံခံမိသွားခဲ့ရပြီး… မျက်နှာထက်တွင် ထိတ်လန့်အံ့ဩသွားသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့ရသည်။

"တွေ့လား… ငါပြောတာ မှားလို့လား၊ ဖန့်လဲ့…… မင်းရဲ့ မျိုးဆက်သစ်ထဲကနေ ကောင်းကင်နိမိတ်ဖြစ်စဉ် တစ်ယောက် ထွက်လာခဲ့ပြီ။ ဒါက နတ်ဘုရားမျိုးနွယ်စုရဲ့ အထွတ်အထိပ် ကာလတုန်းကတောင်မှ… တစ်ခါမှ မပေါ်ထွက်ဖူးခဲ့တဲ့ ပါရမီရှင် အကျော်အမော်ကြီးပဲဥစ္စာ"

ချီယန်သူတော်စင်က မျက်နှာတစ်ခုလုံး ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေခဲ့တော့သည်။

"မင်းက ဘာလို့ ဂုဏ်ယူဝင့်ကြွားနေတာလဲ"

ဖန့်ကျန့်ထျန်းက ရုတ်တရက် လှည့်၍ မေးမြန်းလိုက်သည်။

ချီယန်သူတော်စင်၏ မျက်နှာထက်ရှိ အမူအရာက တောင့်တင်းသွားခဲ့ရပြီးနောက်… ပြန်လည်ပြောဆိုလာသည်။

"ငါက ဘာပဲဖြစ်ဖြစ် ကောင်းကင်နိမိတ်ဖြစ်စဉ် အတွင်းကမ္ဘာနယ်မြေရဲ့ တိုးတက်ကြီးပွားလာမှုကို ကိုယ်တိုင် သက်သေအဖြစ် ကြုံတွေ့ခဲ့ရတာပဲလေ၊ ပြီးတော့ ဒီနေရာက ကောင်းကင်နိမိတ်ဖြစ်စဉ်က ရန်သူကို တိုက်ခိုက်ပြီး… ဝါ့ထျန်းဧကရာဇ်ကိုပါ မောင်းထုတ်ပစ်နိုင်ခဲ့တာကို ငါကိုယ်တိုင် မြင်ခဲ့ရတာ"

ဤနေရာအထိ ပြောပြီးသည့်အခါတွင်မူ… သူက သံသယစိတ်များဖြင့် မေးမြန်းလိုက်သည်။

"ဝါ့ထျန်းဧကရာဇ်က… မင်းတို့ရဲ့ လူပဲလား"

အခန်း (၂၀၂၂) ရှန်းဟုန်း၏ အရှင်သခင်

"ဝါ့ထျန်းဧကရာဇ် ဟုတ်လား……"

ရာနှင့်ချီသော ယန်နတ်ဘုရားများက တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက်… နတ်ဘုရားမျိုးနွယ်စုမှ ဆင်းသက်လာသည့် ယန်နတ်ဘုရားက တည်ငြိမ်အေးဆေးစွာဖြင့် စကားဆိုလာသည်။

"သူ့ရဲ့ နတ်ဘုရားစွန့်လွှတ်ခြင်းကျမ်း ဆိုတာ… ငါတို့အားလုံး ဝိုင်းဝန်းပြီး ပြုပြင်မွမ်းမံပေးထားခဲ့တာလေ၊ အဲဒါကြောင့် သူ့ကို ငါတို့လူလို့ သတ်မှတ်လို့ရပါတယ်"

ချီယန်သူတော်စင်က မိမိအရှေ့တွင် ရှိနေကြသော ယန်နတ်ဘုရားများ အားလုံးကို စိုက်ကြည့်နေရင်းမှ… ရုတ်တရက် တဟားဟားနှင့် ကျယ်လောင်စွာ ရယ်မောလိုက်တော့ရာ၊ ရယ်လွန်းသဖြင့် မျက်ရည်များပင် ဝဲတက်လာခဲ့ရချေပြီ

"မင်းတို့… ဟားဟား… မင်းတို့တွေကတော့ကွာ… ဟတ်ဟတ်ဟတ်…… ဟော်ဆွေ့မျိုးနွယ်စုက ချင်ဝူဆန့်လို လူမျိုးကိုတောင်မှ၊ မင်းတို့တွေက လက်ခုပ်ထဲက ရေလို ကစားထားနိုင်ကြတာပဲ… တကယ့်ကို မင်းတို့ပဲ တတ်နိုင်တယ်"

သူသည် ပို၍ပို၍ အသက်ရှူမဝတော့လောက်အောင်အထိ ဆက်တိုက် ရယ်မောနေခဲ့ပြီးနောက်… နောက်ဆုံးတွင်မှ အသက်ကို ပြင်းပြင်းထန်ထန် တစ်ချက် ရှူသွင်းလိုက်ပြီး၊ စိတ်ထဲရှိ ထိုကဲ့သို့သော မဖြစ်နိုင်သည့် အဓိပ္ပာယ်မရှိလှသော ရယ်မောချင်စိတ်များကို အတင်းအကျပ် ဖိနှိပ်လိုက်ရတော့သည်။

အဆင့်အတန်း မြင့်မားလှစွာဖြင့် ကောင်းကင်ထက်တွင် မောက်မာဝင့်ကြွားနေခဲ့သည့် ချင်ဝူဆန့်က… ယခုအချိန်တွင် သူ၏ မျက်စိထဲ၌ ပိုးမွှားကောင်ငယ်လေးများဟု သတ်မှတ်ထားသည့် လူအုပ်စုကြီး၏ လက်ခုပ်တွင်း၌ လှည့်ပတ်ကစားခြင်း ခံနေရသည်ကို တွေးမိလိုက်တိုင်း… ချီယန်သူတော်စင်၏ စိတ်ထဲ၌လည်း ဖော်ပြရခက်လှသည့် လျှို့ဝှက်ဆန်းကြယ်သော အားရကျေနပ်မှုနှင့် ခိုးကြောင်ခိုးဝှက် ပျော်ရွှင်မှု အရသာတစ်ခုက ရုတ်တရက် လှိုက်တက်လာခဲ့ရသည်။

အမှန်စင်စစ်တွင်မူ… မိမိအရှေ့တွင် ရှိနေကြသော ဤယန်နတ်ဘုရား အုပ်စုကြီးမှာ၊ အတိတ်တုန်းက မိမိနှင့်အတူ တစ်နေရာတည်းမှ အတူတူ ဆင်းသက်လာခဲ့ကြသည့် တည်ရှိမှုများ မဟုတ်ပါလား။

သူတို့က ချင်ဝူဆန့်ကို ဤကဲ့သို့ လှည့်စားကစားနိုင်ခြင်းက… ချီယန်သူတော်စင်၏ စိတ်ထဲတွင် နှစ်ပေါင်းများစွာကြာအောင် အမြစ်တွယ်နေခဲ့သည့် ဟော်ဆွေ့မျိုးနွယ်စု၏ အမြင့်ဆုံးသော ဂုဏ်ဒြပ်နှင့် အရှိန်အဝါကြီးမားမှုကို မသိမသာ လျှော့ချပစ်လိုက်သကဲ့သို့ ဖြစ်သွားစေကာ၊ ရေးရေးမျှသော သဏ္ဌာန်ဖြင့် သူ့အတွက် 'သိက္ခာ' ဟု ခေါ်ဆိုနိုင်သည့် အရာတစ်ခုကို ပြန်လည်ရှာဖွေပေးလိုက်သကဲ့သို့ ခံစားလိုက်ရစေသည်။

"ဝါ့ထျန်းဧကရာဇ်က ချင်ဝူဆန့်ကို… သူက မော်ထျန်းတီကျန့် ရဲ့ တည်ရှိရာနေရာကို ရှာဖွေတွေ့ရှိထားနိုင်ခြေ ရှိတယ်လို့ ပြောပြထားခဲ့တာပေါ့၊ ဒါကြောင့်မို့လို့ အခုအချိန်မှာ ဝါ့ထျန်းဧကရာဇ်က မင်းတို့ရဲ့ စီစဉ်ညွှန်ကြားမှုတွေအောက်မှာ… ချင်ဝူဆန့်အတွက် လမ်းပြပေးနေပြီ မဟုတ်လား။

ချင်ဝူဆန့်အနေနဲ့ မော်ထျန်းတီကျန့်ရဲ့ တာအိုသက်သေပြမှု့ကို တားဆီးနှိမ်နင်းပြီးသွားတာနဲ့… အဲဒီနောက်ပိုင်းမှာ သူက ဘာကိုမှ စိုးရိမ်ပူပန်နေတော့မှာ မဟုတ်ဘဲ၊ အလွန်တရာ မြန်ဆန်တဲ့ အရှိန်အဟုန်နဲ့ နယ်မြေကိုးခုက သက်ရှိတွေကို အစုလိုက်အပြုံလိုက် လိုက်လံသတ်ဖြတ်တော့မှာပဲ။

အဲဒီနောက်ကျရင်တော့…… မင်းတို့တွေ နိုင်သွားခဲ့ပြီပေါ့၊ ကြောင်သူတော်လို ပုံစံပြောင်းပြီး လှည့်စားကာ… ဟင်းလင်ပြင် အမြင့်ဆုံး မဟာမိတ်အဖွဲ့ ဆီကို တိုက်ရိုက် ပြန်သွားကြပြီးတော့၊ အသွင်အပြင်အသစ်တစ်ခုနဲ့ ငြိမ်သက်စွာ ပုန်းအောင်းကျင့်ကြံ နေကြတော့မှာပေါ့"

ချီယန်သူတော်စင်က တဟားဟား ရယ်မောလျက် စကားဆိုလိုက်သည်။

ဖန့်ချန်၏ မျက်လုံးများထဲတွင်မူ… ပို၍ လေးနက်တည်ကြည်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့ရချေပြီ။

ဤကဲ့သို့ ဆိုရလျှင်မူ… နယ်မြေကိုးခုက ကျင့်ကြံသူများ ဖြစ်ပါစေဦး၊ ဟော်ဆွေ့မျိုးနွယ်စု ဖြစ်ပါစေဦး၊ သို့မဟုတ် အောက်ခြေရှိ နတ်ဘုရားမျိုးနွယ်စုများပင် ဖြစ်ပါစေဦး…… အားလုံးက ဘာကိုမှ မသိရှိဘဲ အမှောင်ချခြင်း ခံထားရခြင်း ဖြစ်ပေသည်။

"ဆရာ… သံသရာလည်ပြီး လူပြန်ဝင်စားတဲ့ ကိစ္စကို ဘယ်လိုမျိုး စီစဉ်ထားလဲ "

ဖန့်ချန်က မေးမြန်းလိုက်သည်။

"သံသရာလည်ပြီး လူပြန်ဝင်စားပြီးတဲ့နောက်မှာ… လူနည်းစုလေးကပဲ သူတို့ရဲ့ မွေးရာပါ ဝိညာဉ်အပိတ်အဆို့ကို ချိုးဖျက်ပြီး အတိတ်က မှတ်ဉာဏ်တွေကို ပြန်လည်ရရှိနိုင်ကြလိမ့်မယ်။

အများစုကတော့… တကယ့်ကိုပဲ သံသရာလည်ပြီး သာမန်အတိုင်း လူပြန်ဝင်စားသွားကြမှာပါ။

သူတို့အနေနဲ့ အတိတ်က မှတ်ဉာဏ်တွေကို ပြန်လည်မနှိုးထနိုင်ကြဘူး ဆိုပေမယ့်လည်း… ငါတို့ရဲ့ အမြစ်အခြေခံက တည်ရှိနေသရွေ့တော့၊ ရှန်းဟုန်းမျိုးနွယ်စုရဲ့ သွေးမျိုးဆက်က ဘယ်တော့မှ ပြတ်တောက်သွားမှာ မဟုတ်ဘူး"

ယွမ်ဟယ်က စကားဆိုလိုက်သည်။

ဖန့်ကျန့်ထျန်းကလည်း ဘေးမှနေ၍ ဖြည့်စွက်ပြောဆိုလာသည်။

"တကယ်လို့ လူတိုင်းသာ အတိတ်က မှတ်ဉာဏ်တွေကို ပြန်လည်နှိုးထနိုင်ကြမယ်ဆိုရင်… သေချာပေါက် ဟော်ဆွေ့မျိုးနွယ်စုရဲ့ ရိပ်မိမှုကို ခံရလိမ့်မယ်၊ ပြီးတော့ ငါတို့ရဲ့ တန်ခိုးစွမ်းအားတွေနဲ့ဆိုရင်လည်း… အလွန်တရာ နည်းပါးလှတဲ့ လူအနည်းငယ်ကိုပဲ အတိတ်ဘဝက ဝိညာဉ်အသိဉာဏ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်အောင် လုပ်ဆောင်ပေးနိုင်တာ။

ကျန်တဲ့လူတွေကိုတော့… သူတို့ကို တိတ်တဆိတ်ပဲ အေးအေးဆေးဆေး ကျင့်ကြံခွင့် ပေးလိုက်ရုံပါပဲ၊ ဘဝအနည်းငယ်လောက် ကြာမြင့်သွားပြီးတဲ့နောက်မှာတော့… ဟော်ဆွေ့မျိုးနွယ်စုက တစ်မျိုးနွယ်စုလုံးရဲ့ အင်အားကို အကုန်သွန်ထုတ်ပြီး လိုက်ရှာရင်တောင်မှ၊ သူတို့ရဲ့ သဲလွန်စကို ရှာဖွေတွေ့ရှိနိုင်ဖို့ လုံးဝ မတွေးဝံ့စရာပဲ"

"အဲဒီအစီအစဉ်ထဲက တစ်နေရာရာမှာသာ အမှားအယွင်းတစ်ခုခု ပေါ်ပေါက်သွားခဲ့ရင်… မင်းတို့ရဲ့ အကွက်စိပ် စစ်တုရင်ခုံကြီးတစ်ခုလုံးက သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်"

ချီယန်သူတော်စင်က ဘေးမှနေ၍ မဲ့ပြုံးပြုံးလျက် ရွဲ့တဲ့တဲ့ စကားဆိုလိုက်သည်။

သို့သော်လည်း ယန်နတ်ဘုရား အုပ်စုကြီးကမူ… ယခုအချိန်တွင် သူ့ကို အရေးလုပ်၍ အာရုံစိုက်မနေကြပါချေ၊ သူတို့၏ အကြည့်များနှင့် အာရုံစိုက်မှု အားလုံးက… ဖန့်ချန် ထုဆစ်ပုံဖော်ထားသည့် ထိုတန်ခိုးစွမ်းအားများအပေါ်သို့သာ စုပြုံကျရောက်နေခဲ့ကြတော့သည်။

"တန်ခိုးစွမ်းအား အမျိုးအစား ဆယ်ဂဏန်းကျော်လောက်ကို ထုဆစ်ပုံဖော်ထားနိုင်တာက… ကောင်းကင်နိမိတ်ဖြစ်စဉ် အတွင်းကမ္ဘာနယ်မြေမျိုးကပဲ စွမ်းဆောင်နိုင်တာပဲ။

သာမန် အတွင်းကမ္ဘာနယ်မြေမျိုးကတော့… ဒီလောက်အထိ များပြားလှတဲ့ တန်ခိုးစွမ်းအား ထုဆစ်မှုတွေကို ဘယ်လိုမှ တောင့်ခံထားနိုင်မှာ မဟုတ်ဘူး"

ဖန့်ကျန့်ထျန်းက… ဖန့်ချန်၏ နောက်ကွယ်တွင် ရှိနေသည့် ရှစ်မျက်နှာအရပ် အထွတ်အထိပ် ဓားကျမ်း ၏ တန်ခိုးစွမ်းအား ကိုယ်ပွားကို ကြည့်ကာ၊ အလွန်တရာ စိတ်ကျေနပ်အားရနေသည့် မျက်နှာထားဖြင့် မုတ်ဆိတ်မွေးကို သပ်လျက် ပြုံးလိုက်မိတော့သည်။

ယွမ်ဟယ်၏ မျက်နှာထက်တွင်မူ… ပို၍ပင် စိတ်ကျေနပ်မှုများ ပြည့်နှက်နေခဲ့ရချေပြီ၊ ဘာဖြစ်လို့လဲဆိုတော့ ဤမျှများပြားလှသော တန်ခိုးစွမ်းအား ထုဆစ်မှုများထဲတွင်… သူ၏ တာအိုမန္တန်အတတ်ပညာများမှ မြစ်ဖျားခံ ဆင်းသက်လာသည့် အရာများစွာ ပါဝင်နေသောကြောင့်ပင်။

ထိုအထဲတွင်… ကောင်းကင်လှည့်စားခြင်းအတတ်ပညာ ပင်လျှင် အမျိုးအစား အနည်းငယ်မျှ ပါဝင်နေခဲ့သည်။

"ဒီကောင်းကင်လှည့်စားခြင်း အတတ်ပညာတွေက… အနှစ်သာရပိုင်းအရ ဆိုရင်တော့၊ ကမ္ဘာကြီးအဆင့် ကို ရောက်ရှိနေပြီလို့ ပြောလို့ရတယ်၊ ကမ္ဘာကြီးသူတော်စင် တွေရဲ့ တန်ခိုးစွမ်းအားတွေက… ဒါကို လာပြီး နှိမ်နင်းချုပ်ကိုင်လို့ မရနိုင်ဘူး၊ နောင်တစ်ချိန် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အဲဒီနယ်ပယ်ကို ရောက်ရှိသွားတဲ့အခါကျရင်… ဒီတန်ခိုးစွမ်းအားတွေရဲ့ ဆန်းကြယ်လှတဲ့ အသုံးဝင်ပုံတွေကို မင်းကိုယ်တိုင် နားလည်သဘောပေါက်လာလိမ့်မယ်"

ယွမ်ဟယ်က ပြုံးရွှင်သော မျက်နှာထားဖြင့် စကားဆိုလိုက်သည်။

"ကောင်းကင်နိမိတ်ဖြစ်စဉ် အတွင်းကမ္ဘာနယ်မြေ…… အားလုံးပဲ၊ ငါတို့တွေ ဘယ်လိုမျိုး နည်းလမ်းနဲ့ အန္တရာယ်ကင်းကင်းနဲ့ ထိထိရောက်ရောက်… သူ့ကို ဟင်းလင်ပြင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ဆီ ပို့ဆောင်ပေးကြမလဲ"

ယန်နတ်ဘုရားတစ်ဦးက လေးနက်တည်ကြည်သော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။

ဖန့်ချန်က… ထိုယန်နတ်ဘုရားမှာ စောစောကတင် ရိပ်ခြေဗုဒ္ဓအတတ်ကို လှမ်း၍ ရေရွတ်ခဲ့သည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း မှတ်မိနေခဲ့သဖြင့်

"စီနီယာ… စီနီယာက အရိပ်မျိုးနွယ်စု ကလား"

အရိပ်မျိုးနွယ်စု ဟုတ်လား……

ချီယန်သူတော်စင်၏ စိတ်ထဲ၌ လှုပ်ရှားသွားခဲ့ရသည်။

"လူသားမျိုးနွယ်စု လွင့်ပါးအခြေချရပြီး မကြာခင်မှာပဲ… အရိပ်မျိုးနွယ်စုလည်း ဖိနှိပ်ချုပ်ချယ်ခြင်း ခံခဲ့ရလို့၊ လွင့်ပါးအခြေချရတဲ့ ဘဝကို ရောက်ခဲ့ရတာပေါ့၊ ငါတို့ရဲ့ မျိုးနွယ်စုဝင် တချို့ကတော့ ကံကောင်းထောက်မစွာနဲ့… နတ်ဘုရားမျိုးနွယ်စုတွေနဲ့ လာပြီး ဆုံတွေ့ခဲ့ကြတာပဲ"

ထိုယန်နတ်ဘုရားက ခပ်ဖွဖွ ပြုံးလျက် စကားဆိုလိုက်သည်။

"ဝူသူတော်စင်ကလည်း အရိပ်မျိုးနွယ်စုကပဲ… ဒါကြောင့်မို့လို့……"

ချီယန်သူတော်စင်၏ မျက်နှာထက်ရှိ အမူအရာက ရှုပ်ထွေးသွားခဲ့ရသည်။

ဘယ်သူက ထင်မှတ်ထားခဲ့မိပါမည်နည်း…… ချင်ဝူဆန့်၏ ဘေးနားရှိ တပ်စခန်းခြောက်ခု၏ ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သည့် ဝူရှင်လင်း က… အစကတည်းက အဆုံးအထိ ရှန်းဟုန်းမျိုးနွယ်စုနှင့် တိတ်တဆိတ် ပူးပေါင်းလုပ်ဆောင်နေခဲ့သည့်လူ ဖြစ်နေလိမ့်မည် ဟုပင်။

ဒါက ပြဇာတ်အကြီးကြီးတစ်ခုပဲ ဖြစ်ပေသည်၊ ချင်ဝူဆန့်တစ်ယောက်တည်းကိုသာ ကြည့်ရှုဖို့အတွက် တမင်သက်သက် ကပြဖျော်ဖြေနေသည့် ပြဇာတ်အကြီးကြီးတစ်ခုပဲ မဟုတ်ပါလား။

"စင်ပေါ်က ကပြတဲ့ ပြဇာတ်ကသမားတွေက မရေမတွက်နိုင်အောင် များပြားလှပေမယ့်… စင်အောက်က ကြည့်ရှုသူကတော့ တစ်ယောက်တည်းပဲ ရှိတာပဲ။ အဲဒီလူကတော့ တကယ့်ကို လူအ အကြီးစားပဲ"

ချီယန်သူတော်စင်က မိမိကိုယ်မိမိ လှောင်ပြောင် သရော်လိုက်မိတော့သည်။

"ရှန်းဟုန်းမျိုးနွယ်စု အင်အားကြီးမားပြီး တောက်ပခဲ့တဲ့ ခေတ်ကာလတုန်းကတော့… ကောင်းကင်နိမိတ်ဖြစ်စဉ် အတွင်းကမ္ဘာနယ်မြေကို စုစည်းတည်ဆောက်နိုင်တဲ့ မျိုးဆက်သစ် ကလေးတွေကို၊ မျိုးနွယ်စုက အထူးတလည် ဂရုစိုက် စောင့်ရှောက်ပေးလေ့ရှိပြီး… သူ ကမ္ဘာကြီးသူတော်စင် အဆင့်အတန်းကို တက်လှမ်းနိုင်တဲ့အထိ လမ်းပြစောင့်ရှောက်သူ တွေကိုပါ သီးသန့် စီစဉ်ပေးထားခဲ့တာ"

"ဒါတင်မကသေးဘူး… အရင်းအမြစ် အမျိုးမျိုးကိုလည်း သူ့အပေါ်ကိုပဲ ပုံအောပြီး ပံ့ပိုးပေးထားခဲ့တာ၊ တကယ်လို့သာ သူ့ကို ကောင်းကင်နိမိတ်ဖြစ်စဉ် သူတော်စင်တစ်ဦး ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့ရင်… တစ်မျိုးနွယ်စုလုံးရဲ့ စွမ်းအားကို တိုးတက်ကြီးပွားစေနိုင်တာပဲလေ"

"ပြီးတော့ အိမ်ထောင်ရက်သားတွေပါ စီစဉ်ပေးပြီး… သွေးမျိုးဆက်တွေ အများကြီး မွေးဖွားခိုင်းရဦးမှာ"

"နှမြောစရာကောင်းတာက… အခုအချိန်မှာ ငါတို့မှာ အဲဒီလိုမျိုး စွမ်းဆောင်ရည် မရှိတော့ဘူး၊ ပြီးတော့ သူ့ရဲ့ တည်ရှိမှုကိုလည်း… ဟော်ဆွေ့မျိုးနွယ်စုတွေ လုံးဝ သိရှိသွားလို့ မဖြစ်ဘူး။ မဟုတ်ရင် အဲဒီ ဟော်ဆွေ့မျိုးနွယ်စုရဲ့ ဆရာသခင်ကြီး ကိုယ်တိုင်… ကိုယ်တိုင်ကိုယ်ကျ ထွက်ပြီး လှုပ်ရှားလာနိုင်ခြေ ရှိတယ်။ တကယ်လို့ အဲဒီအချိန်အထိ ဆိုက်ရောက်သွားခဲ့ရင်… ငါတို့မှာ ဘယ်လောက်ပဲ ဝှက်ဖဲတွေ ရှိနေပါစေဦး၊ သူ့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး"

ယန်နတ်ဘုရားများ အားလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်ခြင်းထဲသို့ ကျရောက်သွားခဲ့ရပြီး… လူတိုင်း၏ မျက်နှာထက်တွင် အတွေးပွားနေသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ရတော့သည်။

ယန်နတ်ဘုရားတစ်ဦးက စိတ်မသက်မသာဖြင့် ပြုံးလျက် စကားဆိုလာသည်။

"အစတုန်းကတော့ ကိစ္စအဝဝကို အကုန်လုံး ထည့်သွင်းစဉ်းစားပြီးပြီလို့ ထင်နေခဲ့တာ… သူက ဒီလိုမျိုး အချိန်အခါမှာ ကောင်းကင်နိမိတ်ဖြစ်စဉ် အတွင်းကမ္ဘာနယ်မြေကို စုစည်းတည်ဆောက်လိမ့်မယ်လို့ ထင်မှတ်မထားခဲ့မိဘူး။ တကယ်လို့ သူ ဟင်းလင်ပြင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ဆီ သံသရာလည်ပြီး ရောက်သွားပြီးတဲ့နောက်မှသာ… ဒါကို တည်ဆောက်ခဲ့မယ်ဆိုရင်၊ အားလုံးအတွက် ပြီးပြည့်စုံတဲ့ ဝမ်းမြောက်စရာ ကိစ္စတစ်ခု ဖြစ်နေမှာပဲ"

"အဲဒါတော့ ဟုတ်တယ်……"

ယန်နတ်ဘုရားများ အားလုံးကလည်း တစ်ယောက်ပြီးတစ်ခု စိတ်မသက်မသာဖြင့် ခပ်ဖွဖွ ပြုံးလိုက်ကြမိတော့သည်။

ယခုအချိန်တွင် ဖန့်ချန်က ကောင်းကင်နိမိတ်ဖြစ်စဉ် အတွင်းကမ္ဘာနယ်မြေကို ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်ရာ… သူ့ကို သံသရာလည်ပြီး သာမန်အတိုင်း လူပြန်ဝင်စားခိုင်းရန်အတွက်၊ ဤနေရာတွင် ရှိနေကြသော မည်သည့် ယန်နတ်ဘုရား တစ်ဦးတစ်ယောက်ကမျှ သဘောတူကြလိမ့်မည် မဟုတ်ပါချေ။

သို့သော်လည်း သူတို့၏ စိတ်ထဲ၌လည်း အလွန်တရာ ဆန်းကြယ်ထူးဆန်းနေမိသည်မှာ… ဘာဖြစ်လို့များ ထိုကဲ့သို့သော အခြေအနေမျိုး ပေါ်ပေါက်လာခဲ့ရပါသနည်း ဟုပင်။

ဖန့်ချန်က မိမိအရှေ့တွင် စိတ်ညစ်ညူးနေကြသည့် ဤလူကြီးမိဘ ယန်နတ်ဘုရား အုပ်စုကြီးကို ကြည့်နေရင်းမှ… သူတို့၏ ကောင်းကင်နိမိတ်ဖြစ်စဉ် အပေါ်တွင် ထားရှိသည့် သဘောထားများကို အာရုံခံမိလိုက်သည့် အခါတွင်မူ၊ သူ၏ စိတ်ထဲ၌ ထိုပူပြင်းတောက်ပလှသော နေမင်းပေါ်မှ နတ်သမီး အား မသိစိတ်ဖြင့် တွေးမိလိုက်တော့သည်။

မိမိအနေဖြင့် ကောင်းကင်နိမိတ်ဖြစ်စဉ် အတွင်းကမ္ဘာနယ်မြေကို ထုဆစ်ပုံဖော်နိုင်ခြင်းက… ထိုထုထည်ကြီးမားလှပြီး ဆန်းကြယ်လွန်းလှသည့် မူလစိတ်ဝိညာဉ် နှင့် ခွဲခြား၍ မရနိုင်ပါချေ။

ပြီးတော့ ဤမူလစိတ်ဝိညာဉ်ကမူ… ထိုနေမင်းပေါ်မှနတ်သမီးထံမှ ရရှိခဲ့ခြင်း ဖြစ်ပေသည်။

'သူမရဲ့ အကြည့်တစ်ချက်တည်းနဲ့တင်… ငါ့ကို ဒီလောက်အထိ ထူးခြားဆန်းကြယ်တဲ့ စွမ်းအားတွေကို ပေးစွမ်းနိုင်ခဲ့တာပဲ။ ပြီးတော့ ဒီလိုမျိုး ထူးခြားဆန်းကြယ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ရလဒ်တွေက… အဘိုးကြီးတို့လို လူမျိုးတွေကိုတောင်မှ ဘာလုပ်ရမှန်းမသိဘဲ မျက်စိလည်သွားစေနိုင်တဲ့အထိ ဖြစ်နေရတယ်……

နှစ်ဖက်စလုံးက အဆင့်အတန်း တစ်ခုတည်းမှာ မရှိရုံတင်မကဘူး… ကြားထဲမှာ တောင်တန်းတွေနဲ့ ပင်လယ်တွေ ဘယ်နှစ်ထပ်လောက် တားဆီးခြားနားနေလဲဆိုတာတောင် ခန့်မှန်းလို့ မရနိုင်ဘူးပဲ'

ဤကဲ့သို့ တွေးမိလေလေ… ဖန့်ချန်၏ စိတ်ထဲ၌ ထိုနေမင်းပေါ်မှ နတ်သမီး၏ နောက်ခံအကြောင်းအရင်းကို ပိုမို၍ စူးစမ်းချင်စိတ်များ ပြင်းပြလာလေလေ ဖြစ်ရသည်။

သူမက အထွတ်အထိပ်တာအိုသူတော်စင် လား…… သို့မဟုတ် ကောင်းကင်အရှင်သူတော်စင် လား……

တကယ်လို့သာ သူမက ဤမျှလောက်အထိ အင်အားကြီးမားလှသော အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်နေခဲ့ပါက… ဘာဖြစ်လို့များ မိမိကဲ့သို့သော ပိုးမွှားကောင်ငယ်လေးတစ်ကောင်အပေါ်ကို ဤမျှလောက်အထိ အလေးအနက်ထားပြီး ကူညီစောင့်ရှောက်ပေးခဲ့ရပါသနည်း။

သို့မဟုတ်ပါက… အရာအားလုံးက မတော်တဆ အမှားအယွင်းတစ်ခုမျှသာ ဖြစ်နေပြီး၊ ထိုနေမင်းပေါ်မှ နတ်သမီး ကိုယ်တိုင်ပင်လျှင် သူမ၏ ပေါ့ပေါ့ပါးပါး အကြည့်တစ်ချက်က… ကောင်းကင်နိမိတ်ဖြစ်စဉ် အတွင်းကမ္ဘာနယ်မြေကို ပိုင်ဆိုင်ထားသည့် တည်ရှိမှုတစ်ခုကို မွေးဖွားပေးလိုက်နိုင်လိမ့်မည်ဟု သတိမမူမိခဲ့ခြင်းမျိုးများ ဖြစ်နေမလား……

"ကဲ… အားလုံးလည်း ငြင်းခုံမနေကြနဲ့တော့၊ လှေနံဓားထစ် တွေးမနေဘဲ လမ်းရောက်ရင် လမ်းအလျောက် ဖြစ်သွားလိမ့်မယ်"

ယွမ်ဟယ်က ရုတ်တရက် လက်ကို မြှောက်လိုက်ရင်း စကားဆိုလာသည်။

"ချန်အာ့ရဲ့ ကိစ္စကို… ခဏလောက် ဘေးဖယ်ထားပြီးမှ စဉ်းစားကြတာပေါ့၊ အခုလောလောဆယ်တော့ နယ်မြေကိုးခုရဲ့ ကိစ္စရပ်တွေကို အရင်ဆုံး အဆုံးသတ်ကြရအောင်။ အဲဒီနောက်ပိုင်းကျရင်တော့… ငါ့အနေနဲ့ နည်းလမ်းရှာပြီး သူ့ကို လူသားမျိုးနွယ်စုရဲ့ မဟာနတ်ဘုရားနယ်မြေ ခုနစ်ခု ဆီကို ပို့ဆောင်ပေးဖို့ ကြိုးစားရမယ်။ ဟော်ဆွေ့မျိုးနွယ်စုက အခုအချိန်မှာ အာဏာကို ချုပ်ကိုင်ထားတယ် ဆိုပေမယ့်လည်း… လူသားမျိုးနွယ်စု တစ်ခုလုံးထဲမှာ ဟော်ဆွေ့အပြင် အခြားသော အင်အားကြီးတွေ အများကြီး ရှိနေပါသေးတယ်"

"ဒီလိုပဲ လုပ်ကြတာပေါ့"

ယန်နတ်ဘုရားများ အားလုံးက ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်ကြသည်။

"ဆရာ… အဘိုး၊ အဲဒီအချိန်ကျရင်ကော ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမျိုး စီစဉ်ထားလဲ"

ဖန့်ချန်က ရုတ်တရက် မေးမြန်းလိုက်သည်။

"ငါတို့လား……"

ယွမ်ဟယ်က ခပ်ဖွဖွ ပြုံးလိုက်မိရင်း

"ငါတို့ကတော့… မင်းတို့ကို ဒီအဆင့်အထိပဲ လိုက်ပါစောင့်ရှောက် ပေးနိုင်တော့မှာပါ"

စကားဆုံးသည်နှင့်… သူက ရုတ်တရက် ဝါးစာချပ်တစ်ခု ကို ထုတ်ယူလိုက်ပြီး၊ ဖန့်ချန်၏ လက်ထဲသို့ ညင်သာစွာ ထည့်ပေးလိုက်သည်။

"ဒီဝါးစာချပ်က… ငါတို့ ရှန်းဟုန်းမျိုးနွယ်စုရဲ့ လက်ရှိအချိန်မှာ အရေးအကြီးဆုံး အရာပဲ ဖြစ်တယ်။ အခု ငါဒါကို မင်းရဲ့လက်ထဲကို လွှဲပြောင်းပေးလိုက်ပြီ၊ ပြီးတော့ မင်းကလည်း… ဒီနေ့ကစပြီး ရှန်းဟုန်းရဲ့ အရှင်သခင် အဖြစ် တရားဝင် ဖြစ်တည်သွားခဲ့ပြီ"

ချီယန်သူတော်စင်၏ မျက်နှာထက်ရှိ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ရသော်လည်း… ထိုဝါးစာချပ်ထဲတွင် မည်ကဲ့သို့သော ထူးခြားဆန်းကြယ်မှုများ ရှိနေသည်ကိုမူ လုံးဝ ခွဲခြားသိမြင်နိုင်ခြင်း မရှိပါချေ။

ယွမ်ဟယ်က ထိုစကားကို ပြောကြားပြီးသွားသည့်နောက်တွင်မူ… ဤနေရာတွင် ရှိနေကြသော ယန်နတ်ဘုရား အုပ်စုကြီးနှင့်အတူ၊ တစ်ပြိုင်နက်တည်းမှာပင် ခပ်ဖွဖွ မီးခိုးငွေ့များအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြကာ… မည်သည့် သဲလွန်စမျှ ချန်လှပ်မထားခဲ့ဘဲ လုံးဝ ပျောက်ကွယ် သွားခဲ့ကြတော့သည်။

All Chapters