← Chapters

အခန်း (၂၀၄၁-၂၀၄၂)

Vol. 205 Ch. 2041-2042

အခန်း (၂၀၄၁-၂၀၄၂)

Vol. 205 Ch. 2041-2042

အခန်း (၂၀၄၁) ယန်နတ်ဘုရား ဆိုင်ရာ အထွေထွေကျမ်းကို ဆွေးနွေးခြင်း

မူလက လုကျိုဝမ်နှင့် အခြားသူများသည် ကရုဏာတောင်အပေါ်၌ စိုးစဉ်းမျှ ယုံကြည်မှု မရှိခဲ့ကြချေ။

သို့သော် ယခုအချိန်တွင် ကျန်းတောက်ယွဲ့သည် ကမ္ဘာတည်ဆောက်ခြင်းအဆင့် သူတော်စင်တစ်ဦး ဖြစ်မှန်း သိရှိသွားခဲ့ရသည့်အပြင်၊ ထိုက်ရှီဝမ်ကျန်း၏ နှုတ်မှလည်း ကရုဏာတောင်သည် ကောင်းကင်ငါးပါး စစ်မြေပြင်၌ ကျဆုံးသူ သုညဟူသော စံချိန်မှတ်တမ်းကို ထိန်းသိမ်းထားနိုင်ကြောင်း ကြားသိလိုက်ရပြီ ဖြစ်၏။

ထို့ပြင် ဤဆရာရှုသည် တပည့်များ ကောင်းကင်ငါးပါး စစ်မြေပြင်သို့ မဝင်ရောက်ရစေရန်အတွက် သူတို့အား ရွှေဟွေးတံဆိပ်ပြားကို ထုတ်ပေး၍ ကာကွယ်ပေးမည် ဖြစ်ကြောင်းလည်း သိလိုက်ရသဖြင့် သူတို့၏ စိတ်အာရုံများသည် ချက်ချင်းပင် အတန်ငယ် ကြည်လင်ရွှင်ပြသွားကြရပြီး ယခင်ကကဲ့သို့ ပြင်းပြင်းထန်ထန် တွန်းလှန်လိုစိတ်များလည်း မရှိတော့ပေ။

"မင်းတို့က ခုမှအသစ် ရောက်ခါစဆိုတော့ စာကြည့်တိုက်ကို ကိုယ့်ဘာသာကိုယ် သွားပြီးတော့ နှစ်သက်ရာ စာအုပ်တွေကို ရှာဖွေဖတ်ရှုကြပေါ့။ ငါတို့ ကရုဏာတောင်မှာ စည်းမျဉ်းစည်းကမ်းတွေ အများကြီး မရှိသလို မင်းတို့ ဘယ်အချိန်မှာ ဒီကိုလာရမယ်ဆိုပြီးတော့လည်း သတ်မှတ်မထားဘူး။

အကယ်၍ ကိုယ့်ရဲ့ ကျင့်ကြံခြင်းဂူဗိမာန်ထဲမှာပဲ နေချင်တယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီကျောင်းတော်ထဲက ဂူဗိမာန်တွေဟာ မင်းတို့အတွက် စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ရဲ့ စွမ်းပကားကို ကြိုတင်ပြီးတော့ ခံစားသိရှိနိုင်အောင် ထောက်ပံ့ပေးနိုင်တာမို့လို့ပဲ"

ရှုဆန်းက တည်ငြိမ်အေးဆေးစွာ ဆို၏။

"ဆရာရှု…… ဒါဆိုရင် နှစ်တစ်ရာတစ်ခါ ကျရောက်တဲ့ ကောင်းကင်ငါးပါး စစ်မြေပြင်ကို ကျွန်တော်တို့ တကယ်ပဲ ဝင်ဖို့မလိုတော့ဘူးပေါ့ ဟုတ်လားခင်ဗျာ"

ချိုက်စစ်ရှို့က လောလောလောလောဖြင့် အလျင်အမြန် လှမ်းမေးလိုက်သည်။

"တိုက်ခိုက်သတ်ဖြတ်ခြင်းတွေက ဘာပြဿနာကို ဖြေရှင်းပေးနိုင်မှာမို့လို့လဲ။ ငါတို့ ကရုဏာတောင်ဟာ သူတော်ကောင်းတရား စာပေတွေကိုပဲ စိတ်ရောကိုယ်ပါ ဖတ်ရှုလေ့လာပြီး ပြင်ပလောကရဲ့ အရှုပ်အထုပ်တွေကို လုံးဝ စိတ်မဝင်စားဘူး"

ရှုဆန်းက ဆက်လက်၍ -

"မင်းတို့ အနှစ်သုံးရာတစ်ခါ ပေးဆောင်ရမယ့် ရွှေဟွေးတံဆိပ်ပြားတွေကို ငါက မင်းတို့ကိုယ်စား ထုတ်ပေးမယ်။ ပညာသင်နှစ် ကနဦးကာလအတွင်းမှာ မင်းတို့ဟာ စာအုပ်ကို သေသေချာချာ ဖတ်ရှုဖို့ပဲ လိုအပ်တယ်၊ ကောင်းကင်ငါးပါး စစ်မြေပြင်ကို မသွားရင်လည်း ရတယ်"

ချိုက်စစ်ရှို့၏ မျက်နှာထက်၌ ချက်ချင်းပင် အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည့် အရိပ်အယောင်များ ထင်ဟပ်သွားပြီး လုကျိုဝမ်သည်လည်း အတန်ငယ် စိတ်လှုပ်ရှားသွားရတော့၏။ ရွမ်ပုထုံ တစ်ဦးတည်းသာလျှင် မျက်နှာအမူအရာ အနည်းငယ် ရှုပ်ထွေးနေရှာသည်။

"ဆရာရှု…… အကယ်၍ ကောင်းကင်ငါးပါး စစ်မြေပြင်ကို တကယ်ပဲ သွားခဲ့မယ်ဆိုရင် ကရုဏာတောင်ရဲ့ စည်းမျဉ်းကို ချိုးဖောက်ရာ ရောက်ပါသလားဗျ"

ဖန့်ချန်က ရုတ်တရက် လှမ်း၍ မေးမြန်းလိုက်၏။

ကျန်းတောက်ယွဲ့နှင့် အခြားသူများသည် ဖန့်ချန်ကို ပြုံးပြုံးလေးဖြင့် လှမ်းကြည့်လိုက်ကြသည်။ သူက ဤကဲ့သို့ မေးမြန်းလာလိမ့်မည်ကို ကြိုတင်၍ ခန့်မှန်းမိနေကြသည့်အလားပင်။

"ငါပြောပြီးပြီလေ…… ကရုဏာတောင်မှာ ဘာစည်းမျဉ်းမှ မရှိဘူး။ မင်း ကောင်းကင်ငါးပါး စစ်မြေပြင်ကို သွားချင်ရင်လည်း သွားလို့ရတယ်၊ ဒါပေမဲ့ မတိုက်ခိုက်ခင်မှာ မင်းဟာ ကရုဏာတောင်က ဖြစ်တယ်ဆိုတာကို တခြားလူတွေကို ပြောပြဖို့ သတိရပါ။

ငါတို့ ကရုဏာတောင်ဟာ ကောင်းကင်ငါးပါး စစ်မြေပြင်မှာ အနည်းငယ်တော့ မျက်နှာပန်းလှပါတယ်။ တခြားလူတွေက မင်းရဲ့ အဆင့်အတန်းကို သိရင် သေကြေပျက်စီးအောင်အထိ ပြင်းပြင်းထန်ထန် လက်ဦးမှု ယူမှာမဟုတ်ဘူး။

အကယ်၍ မတိုက်ခိုက်နိုင်တော့ရင်လည်း လက်နက်ချ အရှုံးပေးလိုက်ပေါ့၊ အနုတ်ခံရမယ့် ရွှေဟွေးတံဆိပ်ပြား မရှိရင်လည်း မင်းတို့ရဲ့ စီနီယာ အစ်ကိုတွေ အစ်မတွေက စိုက်ထုတ်ပေးလိမ့်မယ်၊ နောင်ကျမှ ပြန်ဆပ်ဖို့ သတိရရင် ရပြီ"

ရှုဆန်းက ဆက်လက်၍ -

"ဒါပေမဲ့ ငါတို့ ကရုဏာတောင်က တိုက်ခိုက်သတ်ဖြတ်ခြင်းကို အားမပေးဘူး၊ မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့် အောင်မြင်မှု ရလာတဲ့အခါကျရင် ဒီအချက်ကို တဖြည်းဖြည်းနဲ့ နားလည်သဘောပေါက်လာလိမ့်မယ်လို့ ငါယုံကြည်ပါတယ်"

ရွမ်ပုထုံသည် ဤစကားကို ကြားရသောအခါမှ သိသိသာသာပင် သက်ပြင်းချနိုင်တော့၏။

ခေတ္တမျှကြာပြီးနောက် လေးယောက်စလုံးသည် စာသင်ခန်းဆောင်မှ အတူတကွ ထွက်ခွာခဲ့ကြပြီး စာကြည့်တိုက်ဆီသို့ ဦးတည်လိုက်ကြတော့သည်။

"ကရုဏာတောင်က ငါထင်ထားတာထက် အများကြီး ပိုကောင်းတာပဲ။ စီနီယာအစ်ကိုကြီး ကျန်းလိုမျိုး ကမ္ဘာတည်ဆောက်ခြင်းအဆင့် သူတော်စင်တစ်ဦးကို မွေးထုတ်ပေးနိုင်တယ်ဆိုကတည်းက သဘာဝအတိုင်း ညံ့ဖျင်းမှာ မဟုတ်ဘူး"

လုကျိုဝမ်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် သုံးယောက်စလုံးကို ပြောလိုက်သည်။

ချိုက်စစ်ရှို့ကလည်း အလွန်ထောက်ခံသည့် အမူအရာဖြင့် -

"ကောင်းကင်ငါးပါး စစ်မြေပြင်ကို သွားရမယ့်ဘေးကနေလည်း ကင်းဝေးဦးမယ်၊ ဆရာရှုက ငါတို့အတွက် ရွှေဟွေးတံဆိပ်ပြားတွေကို ကူညီထုတ်ပေးဦးမှာဆိုတော့ ဒါက တကယ့်ကို ကောင်းကင်က ကျလာတဲ့ မုန့်ပဲ။ ငါတို့ ပညာသင်နှစ် ကနဦးကာလမှာ ကောင်းကင်ငါးပါး စစ်မြေပြင်ထဲမှာ သေဆုံးရမှာကို စိုးရိမ်ပူပန်နေဖို့ မလိုတော့ဘူး"

"ဒါပေါ့…… အဲဒီအတိုင်းပဲ"

လုကျိုဝမ်က ဝမ်းမြောက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

ရွမ်ပုထုံက ထိုနှစ်ယောက်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ဖန့်ချန်ကို ထပ်မံကြည့်ရှုကာ ရုတ်တရက် ဆိုလာ၏။

"မင်းတို့မှာ ဒီလိုအတွေးမျိုး ရှိနေကြတာပဲ၊ ဒါဆိုရင် ဘာဖြစ်လို့ ရွှေဟွေးကျောင်းတော်ကို လာခဲ့ကြသေးတာလဲ"

"ရွမ်ပုထုံ…… မင်းက ဘာသဘောနဲ့ ပြောတာလဲ"

လုကျိုဝမ်၏ မျက်နှာထား ချက်ချင်းပင် ပျက်ယွင်းသွားရတော့သည်။

ချိုက်စစ်ရှို့ကလည်း အနည်းငယ် မကျေမနပ် ဖြစ်သွား၏။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ စကားလုံးများထဲတွင် သရော်လှောင်ပြောင်ခြင်းနှင့် အထင်အမြင်သေးခြင်း အရိပ်အယောင်များ အထင်အရှား ပါဝင်နေသောကြောင့်ပင်။

"ရွှေဟွေးကျောင်းတော်ကို လာခွင့်ရတာက ငါတို့အတွက် ရခဲလှတဲ့ အခွင့်အရေးပဲ။ ဒီအထဲမှာတော့ သဘာဝအတိုင်း နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး အထက်ကို တက်လှမ်းရမှာပဲ။ စွမ်းအင်စုစည်းခြင်း၊ အသက်စွမ်းအင် ဖန်တီးခြင်း၊ ကမ္ဘာတည်ဆောက်ခြင်း ဆိုတာတွေက ငါတို့ရဲ့ ပထမဆုံး ခြေလှမ်းတွေသာ ဖြစ်တယ်။

အကယ်၍ ကောင်းကင်ငါးပါး စစ်မြေပြင်ကို မသွားဘဲ၊ အခြားကျောင်းတော်အသီးသီးက ပါရမီရှင်တွေနဲ့ လက်ရည်မစမ်းဘဲ ဘယ်လိုလုပ်ပြီး တိုးတက်လာနိုင်မှာလဲ"

ရွမ်ပုထုံက တည်ငြိမ်စွာဖြင့် -

"မင်းတို့ မမေ့နဲ့ဦး၊ စီနီယာအစ်ကို ထိုက်ရှီဝမ်ကျန်း အရင်က ပြောခဲ့တာ ရှိတယ်။ သူဟာ ကောင်းကင်ငါးပါး စစ်မြေပြင်မှာ တခြားလူတွေနဲ့ အမြဲတမ်း လက်ရည်စမ်း တိုက်ခိုက်ခဲ့လို့သာ နတ်ဘုရားစွမ်းရည်တွေကို တစ်ခုပြီးတစ်ခု နားလည်သဘောပေါက်လာခဲ့တာ။

အဲဒီလိုမျိုး လုပ်ဆောင်ခဲ့လို့လည်း ရွှေဟွေးတံဆိပ်ပြားတွေကို လုံလောက်အောင် ရှာဖွေနိုင်ခဲ့ပြီး ရွှေဟွေးကျောင်းတော်ရဲ့ ထိပ်တန်းနတ်ဘုရားစွမ်းရည်တွေကို ဆည်းပူးလေ့လာနိုင်ခဲ့တာ"

"ကရုဏာတောင်မှာလည်း ထိပ်တန်း နတ်ဘုရားစွမ်းရည် သုံးရပ် ရှိနေတာပဲကို……"

"မင်းတို့ကိုယ်မင်းတို့ လိမ်မနေကြစမ်းပါနဲ့။ အဲဒီ နတ်ဘုရားစွမ်းရည် သုံးရပ်ရဲ့ စွမ်းအားဟာ ရွှေဟွေးကျောင်းတော်တစ်ခုလုံးမှာ အောက်ခြေအဆင့်ပဲ ဆိုတာကို မင်းတို့ ဒီကိုမလာခင်က မင်းတို့ရဲ့ မိသားစုထဲက လူတွေက ပြောပြမထားကြဘူးလား"

ရွမ်ပုထုံက အေးစက်စွာ ဆိုလိုက်၏။

လုကျိုဝမ်နှင့် ချိုက်စစ်ရှို့တို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် ရွမ်ပုထုံ၏ စကားကို ပြန်လည်၍ မငြင်းခုံနိုင်ကြတော့ပေ။ သို့သော်လည်း ရွမ်ပုထုံ၏ အယူအဆကိုမူ အပြည့်အဝ သဘောမတူကြချေ။

"စီနီယာအစ်ကိုကြီးကျန်းက စာဖတ်ရင်းနဲ့ ကမ္ဘာတည်ဆောက်ခြင်းအဆင့် သူတော်စင်အထိ တက်လှမ်းနိုင်ခဲ့တာပဲ၊ ယင်းက သက်သေပြနေတာက ကရုဏာတောင်ရဲ့ ကျင့်ကြံခြင်း လမ်းစဉ်ကလည်း မှန်ကန်နေပြီး အတုယူစရာ အချက်တွေ ရှိနေလို့ပဲ။ မင်း ကောင်းကင်ငါးပါး စစ်မြေပြင်ကို သွားချင်ရင်လည်း မင်းဘာသာမင်း သွားပေါ့၊ တခြားလူတွေကိုတော့ နှိမ့်ချပြီး မပြောပါနဲ့"

လုကျိုဝမ်က ပြောပြီးနောက် ဖန့်ချန်ဘက်သို့ လှည့်ကာ ယဉ်ကျေးပျူငှာစွာဖြင့် မေးမြန်းလိုက်သည်။

"အစ်ကိုဖန့်…… ငါတို့ လေးယောက်ထဲမှာ အစ်ကို့ရဲ့ အစွမ်းက အထက်မြက်ဆုံးပဲ။ အစ်ကိုက စာဖတ်တဲ့လမ်းစဉ်ကို ရွေးချယ်မှာလား ဒါမှမဟုတ် တိုက်ခိုက်ရင်းနဲ့ ကျင့်ကြံခြင်းကို မြှင့်တင်မယ့် လမ်းစဉ်ကို ရွေးချယ်မှာလဲ"

ရွမ်ပုထုံက -

"အစ်ကိုဖန့်ကတော့ သဘာဝအတိုင်း တိုက်ခိုက်ရင်းနဲ့ ကျင့်ကြံခြင်းကို မြှင့်တင်မယ့် လမ်းစဉ်ကို ရွေးချယ်မှာပေါ့၊ မဟုတ်ရင် ခုနတင် ဆရာရှုကို ဘာဖြစ်လို့ မေးမြန်းနေပါ့မလဲ"

"ကျွန်တော်ကတော့…… ကောင်းကင်ငါးပါး စစ်မြေပြင်ကို သွားပြီး ဗဟုသုတ ရှာဖွေဖို့ ရည်ရွယ်ချက် ရှိပါတယ်၊ ဒါပေမဲ့ အခြေအနေကို ကြည့်ပြီးတော့ပဲ ဆုံးဖြတ်ရမှာပေါ့"

ဖန့်ချန်က အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

အကယ်၍ ကရုဏာတောင်၌ တကယ်ပဲ ဆန်းကြယ်မှုများ ရှိနေပြီး စာဖတ်ခြင်းဖြင့် ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေနိုင်ကာ ကောင်းကင်ငါးပါး စစ်မြေပြင်သို့ သွားရောက်ခြင်းထက် ပိုမို၍ အကျိုးကျေးဇူးများ ရရှိနိုင်မည်ဆိုပါက သူသည် သဘာဝအတိုင်း ရှေ့ကလမ်းစဉ်ကိုသာ ရွေးချယ်ပေလိမ့်မည်။

ဆန့်ကျင်ဘက်အနေဖြင့် ဖြစ်ခဲ့မည်ဆိုပါက နောက်ကလမ်းစဉ်ကိုသာ အဓိကထားရပေမည်။

ထိုသုံးယောက်သည် ဖန့်ချန်က မိမိ၏ လမ်းစဉ်ကို တိတိကျကျ မသတ်မှတ်ရသေးသည်ကို မြင်သောအခါ ဆက်လက်၍ စကားမဆိုကြတော့ပေ။

မကြာမီအချိန်၌ သူတို့သည် စာကြည့်တိုက်သို့ ဆိုက်ရောက်လာခဲ့ကြတော့သည်။

ဤနေရာ၌ ရှိနေသော နတ်ဘုရားစွမ်းရည်များနှင့် မသက်ဆိုင်၊ ကျင့်ကြံခြင်းများနှင့် မသက်ဆိုင်သော အထွေထွေ ဗဟုသုတ စာအုပ်များကို ကြည့်ရှုရင်း လုကျိုဝမ်တို့ သုံးယောက်မှာ ချက်ချင်းပင် ဦးနှောက် ခြောက်သွားကြရရှာသည်။

"ကျွန်တော်ကတော့ ဂူဗိမာန်ကိုပဲ အရင် ပြန်နှင့်တော့မယ်"

ရွမ်ပုထုံက တိုက်ရိုက်ပင် လက်အုပ်ချီ၍ နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။

လုကျိုဝမ်နှင့် ချိုက်စစ်ရှို့တို့သည်လည်း မိမိတို့ နှစ်သက်ရာ စာအုပ်တစ်အုပ်စီကို အသီးသီး ရွေးချယ်လိုက်ကြပြီးနောက် စာကြည့်တိုက်၏ တံခါးဝ၌ ဖန့်ချန်ကို စောင့်ဆိုင်းနေကြသည်။

ဖန့်ချန်သည် စာအုပ်စင်တန်းများကို တစ်ခုပြီးတစ်ခု ဖြတ်သန်းလျှောက်လှမ်းလာခဲ့ပြီး၊ ရုတ်တရက် သူ၏ အကြည့်သည် ရှေးဟောင်းကျမ်းစာအုပ်တစ်အုပ်အပေါ်၌ ကျရောက်သွားကာ ဆွဲဆောင်ခြင်း ခံလိုက်ရတော့သည်။

မွေးရာပါ အောက်ဆီဂျင်ဓာတ်စွမ်းအင်သည် ယန်နတ်ဘုရား ကို အခြေခံအုတ်မြစ် ပြုလုပ်သည်၊ ယန်နတ်ဘုရားဆိုင်ရာ အထွေထွေကျမ်းကို ဆွေးနွေးခြင်း။

"ယန်နတ်ဘုရား ……"

ဖန့်ချန် အနည်းငယ် အံ့အားသင့်သွားရသော်လည်း မျက်နှာပေါ်၌မူ ထူးခြားသော အရိပ်အယောင်လေး တစ်ချက်မျှပင် မပြသဘဲ ထိုစာအုပ်ကို တိတ်တဆိတ် လှန်လှောဖတ်ရှုလိုက်တော့သည်။

ဖတ်ရှုရင်း ဖတ်ရှုရင်းဖြင့် သူ၏ စိတ်နှလုံးထဲ၌ အံ့ဩတုန်လှုပ်မှုများ ပိုမို၍ ပြင်းထန်လာရတော့သည်။

ဤ ယန်နတ်ဘုရားဆိုင်ရာ အထွေထွေကျမ်းသည် အမှန်စင်စစ်အားဖြင့် ကျင့်ကြံခြင်း နည်းစနစ်တစ်ရပ် ဖြစ်ပြီး၊ လူသားတစ်ဦးအား မိမိ၏ အတွင်းကမ္ဘာနယ်မြေကို မည်သို့ စွန့်လွှတ်ရမည်ကို သင်ကြားပေးကာ ပြင်ပလောကရှိ ဝိညာဉ်စွမ်းအင်များကို စုပ်ယူ၍ ယန်နတ်ဘုရားခန္ဓာကိုယ်ကို ထုဆစ်ပုံဖော်ရမည့် နည်းစနစ် ဖြစ်ပေသည်တကား။

စာအုပ်ထဲတွင် ဖော်ပြထားချက်အရ…… အကယ်၍ ယန်နတ်ဘုရားအဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့မည်ဆိုပါက ထိုလောက၌ လုံးဝဥဿုံ ဖျက်ဆီးပစ်ရန် အခက်ခဲဆုံးသော တည်ရှိမှု ဖြစ်လာပေလိမ့်မည်။

ဝိညာဉ်မျိုးနွယ်စု၏ သံသရာစက်ဝန်းထဲသို့ ဝင်ရောက်ရန် မလိုသကဲ့သို့၊ မဟာမိတ်အဖွဲ့၏ သူတော်စင်ကျမ်းစာအတိုင်း လျှောက်လှမ်းရန်လည်း မလိုအပ်ပေ။

သို့သော် ယန်နတ်ဘုရား၏ အထက်ဆုံး ကန့်သတ်ချက်မှာ အဘယ်မျှအထိ ရှိသနည်းဟူသည်ကိုမူ စာအုပ်ထဲတွင် အသေးစိတ် ရေးသားထားခြင်း မရှိချေ။ ထိုစာအုပ်ကို ရေးသားခဲ့သော ပုဂ္ဂိုလ်ကိုယ်တိုင်ပင်လျှင် သိရှိခဲ့ခြင်း မရှိပုံရပေသည်။

'အဘိုးတို့ရဲ့ ယန်နတ်ဘုရားကျင့်စဉ်က…… ဒီ ယန်နတ်ဘုရားဆိုင်ရာ အထွေထွေကျမ်းကနေ ဆင်းသက်လာတာလား။

ဒါဆိုရင် သူတို့ထဲက တစ်ယောက်ယောက်ဟာ တစ်ချိန်က ရွှေဟွေးကျောင်းတော်၊ ကရုဏာတောင်ရဲ့ လက်အောက်မှာ တပည့်ခံခဲ့ဖူးတာလား'

ထိုတွေ့ရှိချက်ကြောင့် ဖန့်ချန်၏ စိတ်နှလုံး တုန်လှုပ်ခြောက်ခြားသွားရတော့သည်။

အကယ်၍ ယန်နတ်ဘုရားသည် တကယ်ပဲ ဤလောက၌ ဖျက်ဆီးပစ်ရန် အခက်ခဲဆုံးသော တည်ရှိမှု ဖြစ်လာခဲ့မည်ဆိုပါက အဘိုးတို့သည် ဟော်ဆွေ့မျိုးနွယ်စု၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ခြင်း မရှိနိုင်ဘဲ အခွင့်အလမ်း အလွန်များပြားလှပေသည်။

ဖန့်ချန်သည် ထိုနေရာရှိ စာအုပ်များကို အလွန်အမင်း စိတ်ဝင်စားသွားခဲ့ရပြီး ထပ်မံ၍ ရွေးချယ်မနေတော့ဘဲ တိုက်ရိုက်ပင် စာအုပ်ပေါင်း တစ်ဆယ်ကျော်ခန့်ကို ပွေ့ချီ၍ ထွက်ခွာလာခဲ့တော့၏။

စာကြည့်တိုက်၏ တံခါးဝ၌ လုကျိုဝမ်တို့ နှစ်ယောက်သည် ဖန့်ချန်က စာအုပ်ပေါင်း တစ်ဆယ်ကျော်ကို ပွေ့ချီလာသည်ကို မြင်သောအခါ မျက်နှာအမူအရာများ ချက်ချင်းပင် ထူးဆန်းသွားကြရတော့သည်။

သူတို့ စာအုပ်ဖတ်ခြင်းမှာ ကနဦး၌ ဟန်ဆောင်ရုံမျှသာ ဖြစ်ပြီး၊ သူတို့ရှေ့မှောက်ရှိ ဤပုဂ္ဂိုလ်၏ ဟန်ဆောင်မှုမှာမူ အတန်ငယ် လွန်ကဲလွန်းနေသည် မဟုတ်ပါလား။

လမ်းခရီး၌ တစ်ယောက်မျှ စကားမဆိုကြဘဲ သုံးယောက်စလုံး စာသင်ခန်းဆောင်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြ၏။ သူတို့ သုံးယောက်သည်လည်း ဘေးနား၌ စာအုပ်များကို လှန်လှောဖတ်ရှုနေကြသည်ကို မြင်သောအခါ ကျန်းတောက်ယွဲ့နှင့် အခြားသူများ၏ မျက်ဝန်းများထဲ၌ ကြည်နူးနှစ်သိမ့်မိသည့် အရိပ်အယောင်များ ထင်ဟပ်သွားကြရတော့သည်။

အချိန်ကာလသည် သတိမထားမိလိုက်ဘဲ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဖန့်ချန်သည် ကရုဏာတောင်မှ မိမိ၏ ကျင့်ကြံခြင်းဂူဗိမာန်၏ ရှေ့မှောက်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ငါးရောင်ခြည် နတ်ဘုရားနဂါးမှာမူ ကျိလင်ကို ဆက်လက်၍ ဖိနှိပ်ထားဆဲပင်။

ဖန့်ချန်၏ အငွေ့အသက်ကို အာရုံခံမိသောအခါ ကျိလင်သည် မော့ကြည့်လိုက်ပြီး ဖန့်ချန်ကို သေမတတ် မုန်းတီးသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ အော်ဟစ်လိုက်တော့၏။

"ကျေးဇူးကန်းတဲ့ ကောင်…… ငါတို့ ကျိမိသားစုကြောင့်သာ မဟုတ်ရင် မင်း ရွှေဟွေးကျောင်းတော်ကို လာခွင့်ရပါ့မလား၊ ဒါပေမဲ့ မင်းက ငါ့ရဲ့ ပညာသင်ကြားမယ့် လမ်းစဉ်ကို ဖြတ်တောက်ရက်တယ်နော်"

"ဖြတ်တောက်လို့ မရပါဘူး၊ မနက်ဖြန်ကျရင် မင်း ကျိုကျီတောင်ကို သွားပြီး သတင်းပို့လိုက်ပါ။ ကျိုကျီတောင်က ဆရာဝေက မင်းကို လက်ခံလိုက်ပြီ။ မင်းနဲ့အတူ ဝူချုံ၊ ချင်ထောင်၊ မေဒေါင်းကွမ် တို့လည်း ပါဝင်တယ်"

ဖန့်ချန်က တည်ငြိမ်စွာ ပြောလိုက်၏။

ကျိလင်သည် အနည်းငယ် မယုံကြည်နိုင် ဖြစ်သွားရပြီး အတန်ကြာအောင် မှင်တက်သွားရပြီးနောက်မှသာ မသိစိတ်အတိုင်း လှမ်းမေးလိုက်မိတော့သည်။

"တကယ်လား……"

အဘယ်ကြောင့်ဆိုသော် သူသည် မိမိ၏ အဆင့်အတန်းနှင့် ပါရမီအရ ဝူချုံနှင့် ချင်ထောင်တို့ နှစ်ဦးနှင့် အလှမ်းကွာဝေးလွန်းလှကြောင်း မိမိကိုယ်မိမိ သိရှိထားသောကြောင့်ပင်။

သူသည် ထိုသူများနှင့်အတူ ဆရာတစ်ဦးတည်း၏ လက်အောက်၌ တပည့်ခံခွင့် ရရှိလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိချေ။

အခန်း (၂၀၄၂) ထောက်ပံ့ကူညီခြင်း

ဖန့်ချန်သည် ကျိလင်ကို ဂရုစိုက်မနေတော့ဘဲ မိမိ၏ ကျင့်ကြံခြင်းဂူဗိမာန်ထဲသို့ ဝင်ရောက်ကာ ကျင့်ကြံအားထုတ်နေလိုက်တော့သည်။

ဒုတိယမြောက်နေ့သို့ ရောက်ရှိသောအခါ ကျိလင်သည် မိမိခန္ဓာကိုယ်ပေါ်၌ ရစ်ပတ်ထားသော ငါးရောင်ခြည် နတ်ဘုရားနဂါးမှာ ရုတ်တရက် ကွယ်ပျောက်သွားကြောင်း ခံစားလိုက်ရသည်။

သူသည် ချက်ချင်းပင် ထရပ်လိုက်ပြီး သူ၏ အတွင်းကမ္ဘာနယ်မြေထဲသို့ ကိုယ်ယောင်ဖျောက်ကာ ပျောက်ကွယ်သွားခဲ့တော့သည်။

သူထွက်ခွာသွားပြီး မကြာမီအချိန်၌ ဖန့်ချန်သည်လည်း ဂူဗိမာန်မှ ထွက်ခွာခဲ့ကာ ကရုဏာတောင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

နောက်ထပ် ကုန်လွန်သွားသော နှစ်အနည်းငယ်အတွင်း သူသည် ကျန်းတောက်ယွဲ့နှင့် အခြားသူများနှင့်အတူ စာသင်ခန်းဆောင်၌ အမြဲတမ်း စာဖတ်လေ့လာနေခဲ့သည်။

တဖြည်းဖြည်းနှင့် စာကြည့်တိုက်ထဲရှိ စာအုပ်များမှာ ဖတ်ရှုစရာ မကျန်တော့လောက်အောင်ပင် ဖြစ်သွားတော့၏။

မူလက လုကျိုဝမ်နှင့် ချိုက်စစ်ရှို့တို့သည် ကနဦးပိုင်းတွင် ဤနေရာသို့ လာရောက်ရန် အားထုတ်ခဲ့ကြသော်လည်း ခြောက်လခန့် ကုန်လွန်ပြီးနောက်တွင်မူ သူတို့၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရတော့ချေ။

ရွမ်ပုထုံမှာမူ ပထမဦးဆုံးနေ့ ပြီးကတည်းက ကရုဏာတောင်သို့ တစ်ခါမျှ ရောက်မလာခဲ့တော့ပေ။ သူသည် ဂူဗိမာန်၏ ဆန်းကြယ်မှုကို အသုံးချကာ မိမိ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန်နှင့် ကောင်းကင်ငါးပါး စစ်မြေပြင်၌ ရလဒ်ကောင်းများ ရရှိနိုင်ရန်အတွက် ဂူဗိမာန်ထဲ၌သာ အသည်းအသန် ကျင့်ကြံနေကြောင်း ကြားသိရသည်။

"ညီလေးဖန့်…… မင်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ စာကြည့်တိုက်ထဲက စာအုပ်တွေကို ဖတ်လို့ ပြီးသလောက် ဖြစ်နေပြီ မဟုတ်လား"

ဤနေ့တွင် ဖန့်ချန်သည် မဖတ်ရသေးသော ရှေးဟောင်းကျမ်းစာတစ်အုပ်ကို ရွတ်ဖတ်ပူဇော်နေဆဲဖြစ်ပြီး ထိုစာအုပ်ထဲတွင် ရေးသားထားသည်မှာလည်း အထွေထွေ ဗဟုသုတအချို့သာ ဖြစ်၏။

ကျန်းတောက်ယွဲ့က လက်ထဲမှ စာအုပ်ကို ရုတ်တရက် ချလိုက်ပြီး လှမ်း၍ မေးမြန်းလိုက်သည်။

"စီနီယာအစ်ကိုကြီး ကျန်း…… ဟုတ်ပါတယ်၊ ဖတ်လို့ ပြီးသလောက် ရှိနေပါပြီ"

ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

"ဒီလိုလုပ်စို့၊ ငါကြည့်ရသလောက် မင်းက စိတ်အေးလက်အေးနဲ့ စာဖတ်နိုင်တဲ့ တပည့်ကောင်းတစ်ယောက်ပဲ။ ဒီရွှေဟွေးတံဆိပ်ပြား နှစ်ဆယ်ကို ယူထားလိုက်၊ ကရုဏာတောင်ရဲ့ ထိပ်တန်းနတ်ဘုရားစွမ်းရည် သုံးရပ်ထဲက တစ်ခုခုကို ရွေးချယ်ပြီး ဆည်းပူးလေ့လာကြည့်ပေါ့"

ကျန်းတောက်ယွဲ့က ရုတ်တရက် ရွှေရောင်တောက်ပနေသော ရွှေဟွေးတံဆိပ်ပြား နှစ်ဆယ်ကို ထုတ်ယူကာ ဖန့်ချန်ထံသို့ လှမ်းပစ်ပေးလိုက်သည်။

ဖန့်ချန်က လှမ်း၍ ဖမ်းယူလိုက်ရာ ချက်ချင်းပင် လေးလံထိုင်းမှိုင်းမှုကို ခံစားလိုက်ရ၏။

ရွှေဟွေးတံဆိပ်ပြား တစ်ခုချင်းစီသည် လက်သည်းခွံခန့်သာ ရှိပုံရသော်လည်း အလေးချိန်မှာ ပိဿာသောင်းချီ၍ လေးလံနေပေသည်။

"စီနီယာအစ်ကိုကြီး ကျန်း…… ဒါက ဘာသဘောလဲခင်ဗျာ"

ဖန့်ချန် အနည်းငယ် ဝေခွဲမရ ဖြစ်သွား၏။ ဤမျှ အဖိုးတန်လှသော ရွှေဟွေးတံဆိပ်ပြားများကို တစ်ဖက်လူက မိမိအား တိုက်ရိုက်ပင် နှစ်ဆယ်အထိ ပေးအပ်လာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

"ဒါက ငါတို့ ကရုဏာတောင်ရဲ့ စည်းမျဉ်းပဲ၊ စီနီယာအစ်ကိုတွေ အစ်မတွေက ဂျူနီယာညီငယ်တွေကို ထောက်ပံ့ကူညီရစမြဲပဲ"

"စီနီယာအစ်ကိုကြီး ကျန်း ပေးတာဆိုတော့လည်း မင်းပဲ သိမ်းထားလိုက်ပါ၊ သူက ပိုင်ဆိုင်မှု ချမ်းသာကြွယ်ဝတာမို့လို့ ဒီရွှေဟွေးတံဆိပ်ပြား နှစ်ဆယ်စာလောက်က ဘာမှ မဟုတ်ပါဘူး"

"မင်းတို့ကျတော့ကော ပိုင်ဆိုင်မှု မကြွယ်ဝကြလို့လား"

ကျန်းတောက်ယွဲ့က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

ဖန့်ချန် အနည်းငယ် စတင်စိတ်ဝင်စားလာကာ -

"စီနီယာအစ်ကိုကြီးတို့ အစ်မကြီးတို့က ကောင်းကင်ငါးပါး စစ်မြေပြင်ကိုလည်း မသွားကြဘဲနဲ့ ရွှေဟွေးတံဆိပ်ပြားတွေကို ဘယ်လိုမျိုး ရှာဖွေကြတာလဲ"

"ငါတို့ ကောင်းကင်ငါးပါး စစ်မြေပြင်ကို မသွားဘူးလို့ ဘယ်သူပြောလဲ"

ကျန်းတောက်ယွဲ့က ဆို၏။

"ဆရာရှု ပြောခဲ့တာလေ…… တိုက်ခိုက်သတ်ဖြတ်တာတွေ မလုပ်နဲ့ဆိုပြီးတော့……"

ဖန့်ချန်၏ စိတ်အာရုံ အနည်းငယ် လှုပ်ရှားသွားသည်။

"ဟုတ်တယ်လေ၊ ငါတို့က တိုက်ခိုက်သတ်ဖြတ်တာကို မနှစ်သက်ဘူး၊ ငါတို့က လူတွေကို သူတော်ကောင်းတရားဘက် ရောက်အောင် လမ်းညွှန်ပေးရုံတင်ပဲ။ ကောင်းကင်ငါးပါး စစ်မြေပြင်ကိုတော့ တစ်ခါတရံမှပဲ သွားလေ့ရှိပြီး၊ မသွားချင်တဲ့ အခါကျရင် မသွားဘူး။

အဓိကကတော့ ရွှေဟွေးကျောင်းတော်မှာ ကောင်းကင်ငါးပါး စစ်မြေပြင်အပြင် ရွှေဟွေးတံဆိပ်ပြားတွေ ရှာဖွေနိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။ မင်း စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းပြီးရင် သိလာလိမ့်မယ်"

ကျန်းတောက်ယွဲ့က ပြောပြီးနောက် လက်ထဲမှ စာအုပ်ကို ပြန်လည်ကိုင်ဆောင်ကာ အလေးအနက် ရွတ်ဖတ်ပူဇော်နေပြန်တော့သည်။

မိမိရှေ့မှောက်ရှိ ဤပုဂ္ဂိုလ်သည် နတ်ဘုရားလောက နှင့် အလားသဏ္ဌာန်တူသော အတွင်းကမ္ဘာနယ်မြေကို စုစည်းတည်ဆောက်ထားသည့် ကမ္ဘာတည်ဆောက်ခြင်းအဆင့် သူတော်စင်တစ်ဦး ဖြစ်သည်ကို တွေးတောမိသောအခါ ဖန့်ချန်၏ စိတ်နှလုံးထဲ၌ အနည်းငယ်ပင် ချီးကျူးအံ့ဩခြင်းများ ဖြစ်ပေါ်လာရတော့သည်။

ဤတစ်ကြိမ် စကားပြောဆိုပြီးနောက် သူသည် ကရုဏာတောင်ရှိ စီနီယာအစ်ကိုများနှင့် အစ်မများသည် ရွှေဟွေးတံဆိပ်ပြားများ မရှားပါးကြကြောင်းကို မရေမရာ သိရှိသွားခဲ့ရသည်။

ထို့ကြောင့်လည်း သူတို့သည် ကောင်းကင်ငါးပါး စစ်မြေပြင်သို့ သွားရောက်ခြင်း အလွန်နည်းပါးကြခြင်း ဖြစ်ပေလိမ့်မည်။ ထိုနေ့က အခြားဆရာတစ်ဦး ကျောင်းတံခါးဝအထိ လာရောက်ကာ ဆရာရှုအား အပြစ်တင်စကား ဆိုခဲ့ခြင်းမှာလည်း မဆန်းတော့ချေ။

ဖန့်ချန်သည် ရွှေဟွေးတံဆိပ်ပြား နှစ်ဆယ်ကို ယူဆောင်ကာ ကရုဏာတောင်၏ နန်းဆောင်ကြီးတစ်ခု၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာကား ကရုဏာတောင်၏ နတ်ဘုရားစွမ်းရည်နန်းဆောင် ဖြစ်ပြီး ထိပ်တန်းနတ်ဘုရားစွမ်းရည် သုံးရပ်ကို ဆည်းပူးလေ့လာရာ နေရာ ဖြစ်ပေ၏။

သူသည် နန်းဆောင်ကြီး၏ တံခါးဝသို့ လျှောက်လှမ်းသွားသောအခါ နူးညံ့သိမ်မွေ့သော စွမ်းအားတစ်ရပ်က သူ၏ ရှေ့ဆက်မည့် ခရီးလမ်းကို ပိတ်ဆို့တားဆီးလိုက်သည်။

ဖန့်ချန် စိတ်ကူးရသွားပြီး ချက်ချင်းပင် ရွှေဟွေးတံဆိပ်ပြား နှစ်ဆယ်ကို ထုတ်ယူလိုက်၏။

ရွှေဟွေးတံဆိပ်ပြားများသည် ထိုစွမ်းအား၏ ဆွဲငင်ခြင်းကို ခံလိုက်ရပြီး နန်းဆောင်ကြီး၏ အတွင်းပိုင်းထဲသို့ ဖြည်းညှင်းစွာ ပျံသန်းဝင်ရောက်သွားကြတော့သည်။

စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် သူ၏ရှေ့မှ ပိတ်ဆို့ထားသော စွမ်းအားသည် တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့၏။

ထိုအခါမှသာ ဖန့်ချန်သည် နန်းဆောင်ကြီး၏ အတွင်းပိုင်းထဲသို့ လျှောက်လှမ်းဝင်ရောက်ခဲ့တော့သည်။

နန်းဆောင်ကြီး၏ ဗဟိုချက်၌ ကြည်လင်သော ကျောက်သလင်းခဲကဲ့သို့ ကျောက်စာတိုင် သုံးခု စိုက်ထူထားသည်ကို တွေ့ရ၏။

ကျောက်စာတိုင် တစ်ခုမှာ ဖျော့တော့သော ဓားဆန္ဒ စွမ်းအင်များကို ထုတ်လွှတ်နေသည်။

ကျန်ရှိသော ကျောက်စာတိုင် နှစ်ခုမှာမူ ဖျော့တော့သော လက်သီးစွမ်းအားနှင့် ဝါးမြိုခြင်းအရှိန်အဝါများကို ထုတ်လွှတ်နေကြ၏။

ဤနတ်ဘုရားစွမ်းရည် ကျောက်စာတိုင် သုံးခုသည် နတ်ဘုရားစွမ်းရည် သုံးရပ်ကို ကိုယ်စားပြုနေခြင်း ဖြစ်ပေသည်။

"ဓားသိုင်းကတော့ ငါနဲ့ အလိုက်ဖက်ဆုံးပဲ"

ဖန့်ချန်အတွက် ချွင်းချက်မရှိဘဲ မဟာကရုဏာဓားသိုင်းကို ကိုယ်စားပြုသော နတ်ဘုရားစွမ်းရည် ကျောက်စာတိုင်၏ ရှေ့မှောက်သို့ တိုက်ရိုက်လျှောက်လှမ်းသွားကာ လက်ကိုဆန့်၍ အပေါ်သို့ ဖိနှိပ်လိုက်တော့သည်။

သူသည်လည်း ဤနတ်ဘုရားစွမ်းရည်နှင့်ရှစ်မျက်နှာအရပ် ဓားကျမ်း တို့၏ ကွာခြားချက်မှာ အဘယ်မျှ ရှိသည်ကို သိမြင်လိုလှပေသည်။

ဖန့်ချန်၏ လက်ဖဝါးသည် နတ်ဘုရားစွမ်းရည် ကျောက်စာတိုင်နှင့် ထိတွေ့လိုက်ရုံမျှဖြင့် သူ၏ တစ်ကိုယ်လုံးသည် ဆန်းကြယ်လှသော အခြားကမ္ဘာနယ်မြေတစ်ခုထဲသို့ ခေါ်ဆောင်ခြင်း ခံလိုက်ရတော့သည်။

ထိုဆန်းကြယ်လှသော ကမ္ဘာနယ်မြေထဲ၌ အဆုံးအစမရှိသော ဓားဆန္ဒ စွမ်းအင်များ ဖုံးလွှမ်းနေပုံရပြီး၊ ဤဓားဆန္ဒ စွမ်းအင်များသည် စီးဆင်းနေသော ရေလှိုင်းများကဲ့သို့ ဖန့်ချန်၏ ခန္ဓာကိုယ်ပတ်လည်၌ စီးဆင်းနေကြသည်။

'ဒီနေရာက…… ဆရာရှုဆန်းရဲ့ အတွင်းကမ္ဘာနယ်မြေတော့ မဟုတ်ပါဘူးနော်'

ဖန့်ချန်၏ စိတ်အာရုံ လှုပ်ရှားသွား၏။

ခုနတင်က နတ်ဘုရားစွမ်းရည် ကျောက်စာတိုင်သည် အတွင်းကမ္ဘာနယ်မြေသို့ ဆက်သွယ်ပေးထားသော ကြားခံနယ်မြေတစ်ခုခု ဖြစ်ပေလိမ့်မည်။

စိတ်ထဲက သံသယကို ဖိနှိပ်လိုက်ပြီး ဖန့်ချန်သည် သူ၏ စိတ်အာရုံကို ဖြည်းညှင်းစွာ နှစ်မြှုပ်လိုက်ကာ ဤနေရာရှိ ဓားဆန္ဒ စွမ်းအင်များကို နားလည်သဘောပေါက်နိုင်ရန် ကြိုးစားအားထုတ်လိုက်တော့သည်။

ပြင်ပလောက၌ -

မဟာကရုဏာဓားသိုင်းကို ကိုယ်စားပြုသော နတ်ဘုရားစွမ်းရည် ကျောက်စာတိုင်သည် ရုတ်တရက် စူးရှတောက်ပသော နတ်ဘုရားအလင်းတန်းများကို စတင်ထုတ်လွှတ်လာတော့၏။

ခေတ္တမျှကြာပြီးနောက် ရှုဆန်း၊ ကျန်းတောက်ယွဲ့နှင့် အခြားသူများအားလုံးသည် နတ်ဘုရားစွမ်းရည်နန်းဆောင်ထဲသို့ အတူတကွ ဝင်ရောက်လာခဲ့ကြသည်။

"ဆရာ……ညီလေးဖန့်မှာ ပညာဉာဏ်အလင်းပွင့်မှု ပါရမီထူး ရှိပုံရတယ်နော်၊ ပထမဦးဆုံးအကြိမ်မှာတင် မဟာကရုဏာဓားသိုင်းကို နားလည်သဘောပေါက်နိုင်နေပြီ"

ကျန်းတောက်ယွဲ့ အနည်းငယ် အံ့အားသင့်သွားရသည်။

"ငါမှတ်မိသေးတယ်၊ အရင်တုန်းက ငါဟာ ဆယ်ဂဏန်းမက ကြိုးစားပြီးမှသာ မရေမရာ တိုးတက်မှု အနည်းငယ် ရှိခဲ့တာ……"

"ကျွန်တော်ကတော့ အကြိမ်သုံးဆယ်ကျော်လောက်"

"ကျွန်တော်ကတော့ အကြိမ်တစ်ရာကျော်လောက် ထင်တယ်"

"စီနီယာအစ်ကိုကြီး ကျန်း တစ်ယောက်ပဲ၊ ကျွန်တော်မှတ်မိသလောက် ခုနစ်ကြိမ် ရှစ်ကြိမ်လောက်ပဲ မဟုတ်လား"

လူတိုင်းက တစ်ယောက်တစ်ပေါက် ပြောဆိုနေကြတော့သည်။

ရှုဆန်းကမူ နူးညံ့သိမ်မွေ့စွာဖြင့် နတ်ဘုရားစွမ်းရည် ကျောက်စာတိုင်ကို စိုက်ကြည့်နေပြီး မျက်နှာထက်၌ နက်နဲဆန်းကြယ်သော အပြုံးတစ်ခုကို ဆင်မြန်းထားဆဲဖြစ်ကာ -

"မင်းတို့အားလုံးက ကမ္ဘာကြီး အတွင်းကမ္ဘာနယ်မြေအဆင့်တွေပဲ၊ ဖန့်ချန်ကကောင်းကင်နိမိတ်ဖြစ်စဉ်အတွင်းကမ္ဘာနယ်မြေအဆင့် ဖြစ်တာကြောင့် နတ်ဘုရားစွမ်းရည်ကို နားလည်သဘောပေါက်တဲ့ နေရာမှာ မင်းတို့ထက် သာလွန်နေတာ သဘာဝကျပါတယ်"

"ကောင်းကင်နိမိတ်ဖြစ်စဉ် အတွင်းနယ်မြေအဆင့် ဟုတ်လား"

ကျန်းတောက်ယွဲ့နှင့် အခြားသူများသည် ယခုမှသာလျှင် ဤညီလေးဖန့်၏ ပါရမီအရည်အသွေးကို ပထမဦးဆုံးအကြိမ် သိရှိသွားကြရခြင်း ဖြစ်ပေသည်။

"ထူးဆန်းတာပဲ၊ အရင်တုန်းက ပါရမီအနည်းငယ် ကောင်းတဲ့ တပည့်တွေ ရှိခဲ့ရင် တခြားဆရာတွေက အလုအယက် လုယူသွားကြတာလေ။ ဒီတစ်ခါကျမှ ဘာဖြစ်လို့ ဒီလိုပါရမီမျိုး ရှိတဲ့သူက ငါတို့ ကရုဏာတောင်ကို ရောက်လာရတာလဲ"

ကျန်းတောက်ယွဲ့က ဆန်းကြယ်သော မျက်နှာထားဖြင့် ရှုဆန်းကို လှမ်းကြည့်လိုက်သည်။

"ဒီတစ်ကြိမ်ကတော့…… ကာကွယ်စောင့်ရှောက်သူ ဆရာတစ်ယောက်ယောက်က အမိန့်ပေးလိုက်တာနေမှာပါ။ ငါတို့ ကရုဏာတောင်က နှစ်ပေါင်းများစွာအတွင်း လူသားမျိုးနွယ်စု ကျောင်းတော်အတွက် ကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေ ပြုလုပ်ခဲ့ပြီး မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကို မွေးထုတ်ပေးခဲ့လို့ မျက်နှာသာပေးတာ နေပါလိမ့်မယ်"

ရှုဆန်းက ပြုံး၍ ဆိုသည်။

"ငါတို့ ကောင်းကင်ငါးပါး စစ်မြေပြင်ကို သွားပြီး တိုက်ခိုက်သတ်ဖြတ်တာ နည်းပါးလှပေမယ့်၊ လူတွေကို သူတော်ကောင်းတရားဘက် ရောက်အောင် လမ်းညွှန်ပေးတဲ့နေရာမှာတော့ မမောမပန်း ကြိုးစားအားထုတ်ခဲ့ကြတာပဲ။

ငါတို့ ကရုဏာတောင်က ထွက်သွားတဲ့သူတွေဟာ ပညာသင်နှစ် ကနဦးကာလကို မကျော်လွန်နိုင်ခဲ့ရင်တောင်မှ မဟာမိတ်အဖွဲ့ရဲ့ သဘောကျခြင်းကို ခံရပြီး နတ်ဘုရားနယ်မြေအသီးသီးမှာ တာဝန်ပေးအပ်ခြင်း ခံရစမြဲပဲ။

ဒါတွေအားလုံးက ငါတို့ရဲ့ လူတွေကို သူတော်ကောင်းတရားဘက် ရောက်အောင် လမ်းညွှန်ပေးနိုင်တဲ့ စွမ်းရည်က အလွန်ထူးချွန်လို့ပဲ ဖြစ်တယ်"

လူတိုင်းသည် ဤစကားကို ကြားသောအခါ ချက်ချင်းပင် ခေါင်းညိတ်၍ ထောက်ခံကြတော့သည်။

"ဆရာ…… မကြာသေးခင်က လူတစ်ယောက်က လမ်းမှားရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို သွားရောက်ဖျောင်းဖျပေးဖို့ ကျွန်တော့်ကို အကူအညီတောင်းထားတယ်၊ ကျွန်တော့်ကို ရွှေဟွေးတံဆိပ်ပြား ငါးဆယ်ခန့် ပေးမယ်ပြောတယ်"

ကျန်းတောက်ယွဲ့က ရုတ်တရက် ဆိုလာသည်။

"ကျွန်တော် တွက်ချက်ကြည့်ပြီးပြီ၊ သွားလိုက်ပြန်လိုက်ဆိုရင် အနှစ်နှစ်ဆယ်လောက် အချိန်ယူရင် လုံလောက်ပါပြီ"

"တစ်ဖက်လူရဲ့ ကျင့်ကြံခြင်းအဆင့်က ဘာလဲ"

"အသက်စွမ်းအင် ဖန်တီးခြင်း နောက်ဆုံးအဆင့်ပါ"

"သိပ်ပြီးတော့ စိတ်မချရဘူး၊ မင်းက ကမ္ဘာတည်ဆောက်ခြင်း နောက်ဆုံးအဆင့်ပဲ ရှိသေးတာ၊ သူ့ထက် ကျင့်ကြံခြင်းအဆင့် အကြီးစားတစ်ခုပဲ သာလွန်တာလေ။ မင်း အသက်စွမ်းအင် ဖန်တီးခြင်း နောက်ဆုံးအဆင့်ရှိတဲ့ စီနီယာမောင်နှမ နှစ်ယောက်လောက်ကိုပါ ခေါ်သွားပြီးတော့ သူ့ကို အတူတူ ဖျောင်းဖျကြပေါ့"

ရှုဆန်းက တည်ငြိမ်စွာဖြင့် -

"ဈေးနှုန်းပိုင်းကျတော့ ရွှေဟွေးတံဆိပ်ပြား တစ်ရာလို့ သတ်မှတ်လိုက်ပါ"

"ဒါဆိုရင် ကျွန်တော် အသက်စွမ်းအင် ဖန်တီးခြင်း နောက်ဆုံးအဆင့်ရှိတဲ့ ဂျူနီယာညီငယ် ညီမငယ် နှစ်ယောက်ကိုပဲ ထပ်ခေါ်သွားလိုက်ပါ့မယ်"

ကျန်းတောက်ယွဲ့က သာယာစွာ ခေါင်းညိတ်လိုက်သည်။

သူတို့သည် နတ်ဘုရားစွမ်းရည်နန်းဆောင်ထဲ၌ အချိန်အကြာကြီး မနေကြဘဲ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြတော့သည်။

ရှုဆန်းမှာမူ ထိုနေရာ၌ ခေတ္တမျှ ထပ်မံရပ်တန့်နေခဲ့ပြီးမှသာ လှည့်ထွက်သွားခဲ့တော့သည်။

ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် -

ဖန့်ချန်၏ အတွင်းကမ္ဘာနယ်မြေထဲ၌ နတ်ဘုရားစွမ်းရည်အသစ်တစ်ခုသည် ကမ္ဘာမြေပြင်အထက်၌ ဖြည်းညှင်းစွာ စတင်ထုဆစ်ပုံဖော်ခြင်း ခံနေရပြီ ဖြစ်ပေသည်။

သူတော်စင် ချီယန်သည် လက်ထဲ၌ တံမြက်စည်းကို ကိုင်ဆောင်ထားရင်း ထိုမြင်ကွင်းကို မှင်တက်စွာဖြင့် မော့ကြည့်နေမိပြီး မျက်ဝန်းများထဲ၌ မယုံကြည်နိုင်မှုများ ပြည့်နှက်နေတော့၏။

'နောက်ထပ် နတ်ဘုရားစွမ်းရည်တစ်ခုကို ထပ်ပြီးတော့ ထုဆစ်ပုံဖော်နေပြန်ပြီ ဟုတ်လား'

'သူ အခုလောလောဆယ် ဘယ်နေရာကို ရောက်နေတာလဲ……'

All Chapters